မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တော်ဝင်စံနမူနာကို လိုက်လျှောက်လော့

တော်ဝင်စံနမူနာကို လိုက်လျှောက်လော့

တော်ဝင်​စံနမူနာ​ကို လိုက်လျှောက်​လော့

“ထို​မင်း​သည် . . . ဤ​ပညတ္တိကျမ်း​စာ​ကို ရေး​ကူး​ပြီး​လျှင်၊ တစ်သက်ပတ်လုံး ကြည့်ရှု​ဖတ်ရွတ်​ရမည်။”—တရားဟောရာ ၁၇:၁၈-၂၀၊ သမ္မာ။

၁။ ခရစ်ယာန်​တစ်ဦး​သည် မည်သူ​တို့​နှင့်​တူ​လို​ပေမည်​နည်း။

သင့်ကိုယ်​သင် ဘုရင်​တစ်ပါး၊ မိဖုရား​တစ်ပါး​အဖြစ် ယူမှတ်​လိမ့်​မည်​မဟုတ်ပေ။ မင်းကောင်း​ဒါဝိဒ်၊ ယောရှိ၊ ဟေဇကိ၊ ယောရှဖတ်​တို့​ကဲ့သို့ တော်ဝင်​အခွင့်အာဏာဖြင့် ပြုမူ​နေသည်​ဟု အဘယ်​တည်ကြည်သော​ခရစ်ယာန်​ဖြစ်သည့် ကျမ်းစာ​ကျောင်းသား​တစ်ဦး​က မိမိကိုယ်ကို ထင်မှတ်​ပါ​မည်​နည်း။ သို့​တိုင်၊ သင်သည် အနည်းဆုံး အထူး​နည်း​တစ်နည်း​ဖြင့် သူတို့​နည်းတူ ပြုမူ​နိုင်​သည်​ဖြစ်၍ ပြုမူ​သင့်ပါသည်။ ယင်း​ကား အဘယ်နည်း။ ၎င်းနှင့်​စပ်လျဉ်း၍ သင်သည် အဘယ်ကြောင့် သူတို့နှင့်​တူညီ​လို​ရမည်​နည်း။

၂၊ ၃။ လူသား​ရှင်ဘုရင်​တစ်ပါး​နှင့်​စပ်လျဉ်း၍ ယေဟောဝါ အဘယ်အရာကို ကြိုတင်​သိမြင်​တော်​မူ​ခဲ့​သနည်း၊ ထို​ရှင်ဘုရင်​သည် အဘယ်အရာကို ပြုလုပ်​ရမည်​နည်း။

ဘုရားသခင်​သည် ဣသရေလ​လူမျိုး​ကို လူသား​ဘုရင်​တစ်ပါး အုပ်စိုး​ရန် ခွင့်​မပြု​မီ ထို​လူမျိုး​က ရှင်ဘုရင်​တစ်ပါး​တောင်းဆို​မည်​ကို မောရှေ​လက်ထက်​ကတည်းက တင်ကြို​သိမြင်​တော်​မူ​၏။ ထို့​ကြောင့် ပညတ်ပဋိညာဉ်​တွင် သက်ဆိုင်ရာ​သွန်သင်ချက်​များ​ကို ထည့်သွင်း​ရေးသား​ရန် မောရှေ​အား မှုတ်သွင်း​ပေး​တော်​မူ​ခဲ့​သည်။ ၎င်းတို့မှာ တော်ဝင်​သွန်သင်ချက်​များ​ဖြစ်သည်။

ဘုရားသခင်​က “သင်၏ ဘုရားသခင်​ထာဝရ​ဘုရား ပေး​တော်​မူ​သော​ပြည်​ကို သင်သည်​ဝင်၍ အပိုင်ရ​လျက်​နေသော​အခါ သင်က ‘ငါ့​ပတ်လည်​ရှိ လူမျိုးအပေါင်း​တို့​နည်းတူ၊ ငါသည် ကိုယ့်​အပေါ်​၌​မင်းမြှောက်​မည်’ ဟု​ဆိုလျှင်၊ သင်၏​ဘုရားသခင် ထာဝရ​ဘုရား ရွေးချယ်​တော်​မူ​သော​သူ . . . သာ ကိုယ့်​အပေါ်​၌​မြှောက်​ရမည်။ . . . ထို​မင်း​သည် . . . သူ၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို ကြောက်ရွံ့​၍၊ ဤ​ပညတ်ချက်​ရှိသမျှ​နှင့် ဤ​ထုံးဖွဲ့ချက်များ​ကို သတိ​နှင့်​ကျင့်​စောင့်​ခြင်း​ငှာ သင်ကြား​မည်​အကြောင်း . . . ရာဇ​ပလ္လင်​ပေါ်မှာ​ထိုင်​သောအခါ . . . ဤ​ပညတ္တိကျမ်း​စာ​ကို ရေး​ကူး​ပြီး​လျှင်၊ တစ်သက်ပတ်လုံး ကြည့်ရှု​ဖတ်ရွတ်​ရမည်” ဟု​မိန့်ဆိုခဲ့​၏။—တရားဟောရာ ၁၇:၁၄-၂၀သမ္မာ။

၄။ ရှင်ဘုရင်များ​အတွက် ဘုရားသခင့်​ညွှန်ကြားချက်​များ​တွင် အဘယ်အရာ​ပါဝင်​သနည်း။

မှန်ပါသည်၊ ကိုယ်တော်​အား​ဝတ်ပြုသူ​များ​အတွက် ယေဟောဝါ​ရွေးချယ်​တော်​မူ​မည့် ရှင်ဘုရင်​သည် သင့်​သမ္မာကျမ်းစာ​တွင် တွေ့ရှိ​နိုင်​သည့် အရေးအသား​များ​ကို ကိုယ်တိုင်​ကူးရေး​ရမည်​ဖြစ်၏။ ထို့နောက် ထို​ရှင်ဘုရင်​သည် ကူးယူ​ထားသော​ကျမ်းစောင်​ကို နေ့စဉ် ထပ်တလဲလဲ ဖတ်ရွတ်​ရမည်​ဖြစ်သည်။ ၎င်း​ကား မှတ်ဉာဏ်​တိုးတက်​ရန် လေ့ကျင့်​ပေးခြင်း​မဟုတ်ပေ။ အကျိုး​ဖြစ်ထွန်း​သော ရည်ရွယ်ချက်​ဖြင့် လေ့လာခြင်း​ဖြစ်၏။ ယေဟောဝါ​၏​မျက်နှာသာတော်​ရလိုသည့် ရှင်ဘုရင်​သည် စိတ်နှလုံး​ထား​မှန်​ကို ပြုစု​ပျိုးထောင်​ပြီး ထိန်းသိမ်း​ထား​နိုင်​ရန် ထိုသို့​လေ့လာ​ဖို့ လို​ပေ​သည်။ ထို့​အပြင် သူသည် အောင်မြင်​၍ ထိုးထွင်း​သိမြင်​တတ်သော ရှင်ဘုရင်​တစ်ပါး​ဖြစ်​ရန် အဆိုပါ​မှုတ်သွင်းခံကျမ်း​စာစောင်​များ​ကို လေ့လာ​ဖို့​လို​သည်။—၃ ဓမ္မ​ရာဇဝင် ၂၂:၈-၁၂; သု. ၁:၁-၄

ရှင်ဘုရင်​နည်းတူ သင်ယူ​လော့

၅။ ဘုရင်​ဒါဝိဒ်​သည် သမ္မာကျမ်းစာ​၏ အဘယ်​အပိုင်း​များ​ကို ကူးယူ​ဖတ်ရှု​နိုင်​ခဲ့​သနည်း၊ ယင်းကို သူ​မည်သို့​သဘောထား​ခဲ့​သနည်း။

ဒါဝိဒ်​သည် ဣသရေလ​ရှင်ဘုရင်​ဖြစ်လာ​သောအခါ သူသည် အဘယ်အရာကို​ပြုလုပ်​ဖို့​လို​မည်​ဟု သင်​ထင်​သနည်း။ သူသည် ပင်​တ​ကျွတ် (ကမ္ဘာဦး၊ ထွက်မြောက်ရာ၊ ဝတ်ပြုရာ၊ တောလည်ရာ၊ တရားဟောရာ) ကျမ်းစောင်​များ​ကို ကူးယူ​ခဲ့​ရ​ပေမည်။ ဒါဝိဒ်​သည် ပညတ်တော်​ကို ကူးယူ​ရေးသား​ဖို့ မိမိ​မျက်လုံး​နှင့်​လက်​တို့ကို အသုံးပြုရာတွင် သူ၏​စိတ်နှလုံး​ထဲ မည်မျှ​စွဲမှတ်​သွား​မည်​ကို စဉ်းစား​ကြည့်​ပါ​လေ။ မောရှေ​သည် ယောဘဝတ္ထု​အပြင် ဆာလံ ၉၀ နှင့် ၉၁ တို့ကို​ပါ ရေးသားခဲ့​သည်။ ၎င်းတို့ကို​လည်း ဒါဝိဒ် ကူးယူ​ခဲ့​မည်​လော။ ကူးယူ​ခဲ့​ပေမည်။ ထို့​အပြင် ယောရှုမှတ်စာ၊ တရားသူကြီး​နှင့် ရုသဝတ္ထု​တို့ကိုလည်း သူ​ရရှိ​ထား​ပေမည်။ ထို့​ကြောင့် ဘုရင်​ဒါဝိဒ် ဖတ်ရှု​လေ့လာ​စ​ရာ သမ္မာကျမ်းစာ​စောင် အတော်များများ​ရှိခဲ့​သည်ကို သင်​တွေ့​ပါ​မည်။ ထိုသို့​ပင် သူ​ပြုလုပ်​ခဲ့​ကြောင်း ယူမှတ်​စ​ရာ​အကြောင်း​ရှိ၏၊ အကြောင်း​မှာ ယခု ဆာလံ ၁၉:၇-၁၁ တွင် တွေ့ရှိ​ရသော ဘုရားသခင့်​ပညတ်တော်​နှင့်​ပတ်သက်​၍ သူ၏​ယူဆချက်များ​ကို သတိပြုပါ။

၆။ ယေရှုသည် ကိုယ်တော်​၏​ဘိုးဘေး ဒါဝိဒ်​နည်းတူ သမ္မာကျမ်းစာ​ကို စိတ်ဝင်စား​ကြောင်း မည်သို့​သေချာ​နိုင်​သနည်း။

သာ၍​ကြီးမြတ်​တော်​မူ​သော ဒါဝိဒ်​ဖြစ်သူ ဒါဝိဒ်​၏​သားတော်​ယေရှုသည် ထပ်တူ​ပုံစံ​ကို လိုက်ခဲ့​၏။ ယေရှုသည် အပတ်စဉ် ဒေသန္တရ​တရား​ဇရပ်​သို့​သွား​သည့် ထုံးစံ​ရှိ၏။ ထို​တွင် ကျမ်း​စာဖတ်​ရှု​၍ ရှင်းပြသည်​ကို ကိုယ်တော်​ကြားနာ​လေ့​ရှိသည်။ ထို့​ပြင် တစ်ခါတစ်ရံ ယေရှု​ကိုယ်တော်တိုင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အများ​ရှေ့ အသံ​ကျယ်ကျယ်​ဖတ်ရွတ်​ပြတော်မူ​ပြီး ၎င်း​၏​သက်ဆိုင်ပုံ​ကို ရှင်းပြ​တော်​မူ​ခဲ့​သည်။ (လုကာ ၄:၁၆-၂၁) ကိုယ်တော်​သည် ကျမ်းစာ​ကို ပိုင်ပိုင်နိုင်နိုင်​တတ်မြောက်​ထား​ကြောင်း အလွယ်တကူ သိမြင်​နိုင်၏။ ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​ကို​သာ ဖတ်ရှု​ရုံ​ဖြင့် “ကျမ်းစာ​လာ​သည်​ကား” ဟု ယေရှု အကြိမ်ပေါင်း​မည်မျှ မိန့်ဆိုခဲ့သည်၊ သို့​မဟုတ် ကျမ်းစာ​ပိုဒ်​များ​ကို အခြား​နည်းများဖြင့် မည်မျှ​ရည်ညွှန်းခဲ့​သည်ကို သတိပြုမိ​မည်။ ဥပမာ၊ မဿဲ​မှတ်တမ်း​တင်ထား​သည့် တောင်ပေါ်​တရားတော်​တွင် ယေရှုသည် ဟေဗြဲ​ကျမ်း​စာစောင်​များ​မှ ၂၁ ကြိမ် ကိုးကား​ခဲ့​သည်။—မဿဲ ၄:၄-၁၀; ၇:၂၉; ၁၁:၁၀; ၂၁:၁၃; ၂၆:၂၄၊ ၃၁; ယောဟန် ၆:၃၁၊ ၄၅; ၈:၁၇

၇။ ယေရှုသည် ခရစ်ယာန်​ဘာသာရေး​ခေါင်းဆောင်​များနှင့် မည်သို့​ကွာခြား​သနည်း။

ယေရှုသည် ဆာလံ ၁:၁-၃ ပါ​ဤ​အကြံပေး​ချက်​ကို လိုက်နာ​ခဲ့​သည်– “မတရားသော​သူတို့၏ တိုက်တွန်းခြင်း​သို့​မလိုက်၊ . . . ထာဝရ​ဘုရား​၏​တရားတော်​၌ မွေ့လျော်​၍၊ တရားတော်​ကို နေ့​ည​ဉ့်​မပြတ် ဆင်ခြင်​အောက်မေ့​သော​သူသည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ၏။ . . . ပြု​လေ​သမျှ​တို့​၌ အောင်​လိမ့်​သတည်း။” ဤသို့​ပြုခြင်း​သည် “မောရှေ​ထိုင်​ရာ​ပလ္လင်​ပေါ်မှာ ထိုင်​ကြ” သော်လည်း ယေဟောဝါ​၏​ပညတ်တော်​ကို လျစ်လျူရှု​ခဲ့​ကြ​သည့် ကိုယ်တော့်​အချိန်​က ဘာသာရေး​ခေါင်းဆောင်​များနှင့် ကွာခြား​လိုက်​လေ​ခြင်း!—မဿဲ ၂၃:၂-၄

၈။ ဂျူး​ဘာသာရေး​ခေါင်းဆောင်​များသည် သမ္မာကျမ်းစာ​ကို ဖတ်ရှု​လေ့လာ​သော်လည်း အဘယ်ကြောင့် အကျိုး​မရရှိ​ခဲ့​ကြ​သနည်း။

သို့ရာတွင်၊ သမ္မာကျမ်းစာ​လေ့လာခြင်း​ကို ယေရှု​အားမပေး​သည့်​အလား အနက်​အဓိပ္ပာယ်​ဖွင့်​နိုင်​သည့် ကျမ်းပိုဒ်​တစ်​ပိုဒ်​ကို တချို့​ဝေခွဲမရ​ဖြစ်​ကြ​ပေမည်။ ယေရှုသည် မိမိ၏​ခေတ်​သား​အချို့​အား မိန့်တော်မူ​ခဲ့​ရာ​ကို ယောဟန် ၅:၃၉၊ ၄၀ တွင် ဤသို့​ဖတ်​ရသည်– “ကျမ်းစာ​အားဖြင့် ထာဝရ​အသက်ကို​ရမည်ဟု​စိတ်ထင်​နှင့် သင်တို့သည် ကျမ်းစာ​ကို​စေ့စေ့​ကြည့်ရှု​ကြ​၏။ ထို​ကျမ်းစာ​ပင် ငါ​၏​သက်သေ​ဖြစ်၏။ သင်တို့သည် အသက်ကို​ရအောင် ငါ့​ထံ​သို့​လာ​ခြင်း​ငှာ​အလို​မရှိကြ။” ထိုသို့​ဆို​ခြင်း​အားဖြင့် ယေရှုသည် မိမိ၏​တရား​စကား​ကို နားထောင်​နေကြ​သူ ဂျူး​များ​အား ကျမ်းစာ​မ​လေ့လာ​ရန် တားဆီး​နေခြင်း​မဟုတ်ပါ။ သို့​ပြု​မည့်​အစား၊ သူတို့၏​မရိုးသားမှု၊ သူတို့၏​ရှေ့နောက်​မညီညွတ်​မှု​ကို ကိုယ်တော်​ဖော်ထုတ်​လိုက်ခြင်း​ဖြစ်သည်။ ကျမ်းစာ​က သူတို့ကို ထာဝရ​အသက်​သို့​ပို့ဆောင်​နိုင်​သည်​ဟု သူတို့​အသိအမှတ်ပြု​ကြ​ပါ​သည်၊ သို့သော် သူတို့​ရှာဖွေ​လေ့လာ​နေသည့် ကျမ်းစာ​သည် သူတို့ကို မေရှိယ​ဖြစ်သူ ယေရှု​ထံ​သို့​လည်း ပို့ဆောင်​သင့်​ပေ​သည်။ သို့သော် သူတို့သည် ကိုယ်တော့်​ကို​လက်မခံ၊ ငြင်းပယ်​ကြ​၏။ သို့​ဖြစ်၍ ကျမ်းစာ​လေ့လာခြင်း​က သူတို့​အတွက် အကျိုးမရှိ​ချေ၊ အကြောင်း​မှာ သူတို့သည် စိတ်ရင်း​မမှန်၊ သွန်သင်မှု​မခံလို​သူများ ဖြစ်​ကြသည်။—တရားဟောရာ ၁၈:၁၅; လုကာ ၁၁:၅၂; ယောဟန် ၇:၄၇၊ ၄၈

၉။ တမန်​တော်​များနှင့် အစောပိုင်း​ပရောဖက်​များသည် အဘယ်​ပုံသက်သေ​ကောင်း​ကို ချမှတ်​ခဲ့​ကြ​သနည်း။

တမန်​တော်​များ​အပါအဝင် ယေရှု၏​နောက်တော်လိုက်​များနှင့်​ပတ်သက်​၍​မူ အခြေအနေ​ချင်း အလွန်​ကွာခြား​လိုက်​လေ​ခြင်း! သူတို့သည် “ကယ်တင်ခြင်း​အလို​ငှာ ပညာ​ကို​ပေး​နိုင်သော သမ္မာကျမ်းစာ​ကို” လေ့လာ​ဆည်းပူး​ခဲ့​ကြသည်။ (၂ တိမောသေ ၃:၁၅သမ္မာ) ဤသို့​သော​အားဖြင့် သူတို့သည် “စေ့စေ့​စစ်ကြော​မေးမြန်း​ရှာဖွေ” ခဲ့​ကြသော အစောပိုင်း​ပရောဖက်​များနှင့်​တူ​ကြသည်။ ထို​ပရောဖက်​များသည် ကျမ်းစာ​လေ့လာမှု​ကို လအနည်းငယ် သို့​မဟုတ် တစ်နှစ်​တာ​ကာလ​အတွင်း ဇွဲရှိ​ရှိ​ပြု​ရသည့်​အမှု​အဖြစ် မယူမှတ်​ခဲ့​ကြ​ချေ။ အထူးသဖြင့် ခရစ်တော်​အကြောင်း​နှင့် လူသား​တို့ကို ကိုယ်တော်​ကယ်တင်ခြင်း​ကဏ္ဍ​နှင့်​ပတ်သက်​သည့် ဘုန်း​ကျက်သရေ​တို့ကို “[သူတို့သည် ဆက်၍] မေးမြန်း​ရှာဖွေ[ခဲ့]ကြ” ကြောင်း တမန်​တော်​ပေတရု​ပြောပြ​သည်။ ပေတရု​သည် သူ၏​ပထမ​စာစောင်​တွင် ကျမ်းစာ​စောင်​ဆယ်​စောင်​မှ ၃၄ ကြိမ် ကိုးကား​ခဲ့​သည်။—၁ ပေတရု ၁:၁၀၊ ၁၁

၁၀။ ကျွန်ုပ်​တို့​တစ်ဦးစီ​သည် သမ္မာကျမ်းစာ​လေ့လာခြင်း​ကို အဘယ်ကြောင့်​စိတ်ဝင်စား​သင့်​သနည်း။

၁၀ သို့​ဖြစ်၍၊ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဂရုတစိုက်​လေ့လာခြင်း​က ရှေး​ဣသရေလ​နိုင်ငံ​၏ ရှင်ဘုရင်များ​အတွက် တော်ဝင်​တာဝန်​တစ်ခု​ဖြစ်သည်​မှာ ရှင်းနေပါသည်။ ဤ​ပုံစံ​ကို ယေရှု​လိုက်လျှောက်​တော်​မူ​ခဲ့​၏။ ထို့​ပြင် ကျမ်းစာ​လေ့လာခြင်း​သည် ကောင်းကင်​တွင် ယေရှု​နှင့်အတူ ဘုရင်​များ​အဖြစ် စိုးစံ​ကြ​မည့်​သူတို့​အတွက်​လည်း တာဝန်​တစ်ရပ်​ဖြစ်သည်။ (လုကာ ၂၂:၂၈-၃၀; ရောမ ၈:၁၇; ၂ တိမောသေ ၂:၁၂; ဗျာဒိတ် ၅:၁၀; ၂၀:၆) ဤ​တော်ဝင်​ပုံစံ​ကို လိုက်လျှောက်ခြင်း​သည် ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​အောက် မြေကြီးပေါ်​တွင် ကောင်းချီး​များ​ခံစားရ​ရန် ယနေ့​မျှော်လင့်​နေကြ​သူအား​လုံး​အတွက်​လည်း လိုအပ်​နေဆဲ​ပင်။—မဿဲ ၂၅:၃၄၊ ၄၆

ရှင်ဘုရင်များ​နှင့် သင့်အတွက် တာဝန်​တစ်ရပ်

၁၁။ (က) လေ့လာမှု​နှင့်​စပ်လျဉ်း၍ ခရစ်ယာန်​များ​၌ အဘယ်​အန္တရာယ်​ရှိ​သနည်း။ (ခ) မိမိကိုယ်ကို အဘယ်​မေးခွန်းများ မေးသင့်​သနည်း။

၁၁ စစ်မှန်သော​ခရစ်ယာန်​တစ်ဦးစီ​သည် သမ္မာကျမ်းစာ​ကို ကိုယ်တိုင်​စေ့စေ့​ကြည့်ရှု​သင့်​ကြောင်း လေးလေးနက်နက် မှန်မှန်ကန်ကန် ပြောဆို​နိုင်​ပေ​သည်။ ယေဟောဝါသက်သေ​များနှင့် သမ္မာကျမ်းစာ စလေ့လာ​သည့်​အချိန်တွင်​သာ ထိုသို့​ပြု​ဖို့​လို​သည်မဟုတ်။ ကျွန်ုပ်​တို့​တစ်ဦးစီ​သည် တမန်​တော်​ပေါလု​ခေတ်​က ကိုယ်ပိုင်​လေ့လာမှု​ကို တဖြည်းဖြည်း လျှော့​ပြုလုပ်​ခဲ့​သူတချို့​နှင့် မတူ​ဖို့ သန္နိ​ဋ္ဌာန်​ချထား​သင့်​သည်။ သူတို့သည် “ခရစ်တော်​၏​ဘာသာ​၌ အစအဦး​ဖြစ်သော အကြောင်းအရာ” ကဲ့သို့​သော “ဘုရားသခင်​၏​ဗျာဒိတ်တော်​၌ ရှေးဦး​စွာ​သင်​ရသော​တရား​နု​တို့ကို” သင်ယူ​ခဲ့​ကြ​၏။ သို့​တိုင်၊ သူတို့သည် ဆက်​မ​လေ့လာ​ကြသော​ကြောင့် “စုံလင်သော​အဖြစ်သို့” မ​ရောက်​ခဲ့​ကြ​ချေ။ (ဟေဗြဲ ၅:၁၂–၆:၃) သို့​ဖြစ်၍ ကိုယ့်​ကိုယ်ကို ဤသို့​မေးမြန်း​နိုင်​သည်– ‘ခရစ်ယာန်​အသင်းတော်​နှင့် တစ်ခဏမျှ​ဖြစ်စေ၊ နှစ်ပေါင်း​များစွာ​ဖြစ်စေ ပေါင်းသင်း​ခဲ့​ရာ ဘုရားသခင့်​နှုတ်မြွက်​စကားတော် ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်ခြင်း​ကို ကျွန်ုပ်​မည်သို့​သဘောထား​သနည်း။ မိမိ​ခေတ်​မှ​ခရစ်ယာန်​များသည် “ဘုရားသခင်​ကို​သိ​သော​ဉာဏ် [“ဘုရားသခင်​နှင့်​စပ်​လျ​ဉ်း​သည့် တိကျ​မှန်ကန်သော​အသိပညာ၊” က​ဘ] တိုးပွား” မည်​အကြောင်း ပေါလု​ဆုတောင်းပေး​ခဲ့​၏။ ကျွန်ုပ်​တွင်​လည်း ထပ်တူ​ဆန္ဒ​မျိုး​ရှိကြောင်း တင်ပြ​ပါသလော။’—ကောလောသဲ ၁:၉-၁၁

၁၂။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အဆက်မပြတ် နှစ်သက်​မြတ်နိုး​ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

၁၂ လေ့လာမှု​အကျင့်ကောင်း​များ သင်၌​ရှိ​ရန် သော့ချက်​မှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို နှစ်သက်​မြတ်နိုးမှု တိုးပွား​စေရန်​ဖြစ်၏။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင် သင်​ပျော်မွေ့​ရန် နည်း​တစ်နည်း​မှာ ယင်းကို ပုံမှန် ရည်ရွယ်ချက်​ရှိ​ရှိ စဉ်းစား​ဆင်ခြင်ခြင်း​ဖြစ်သည်ဟု ဆာလံ ၁၁၉:၁၄-၁၆ က ပြညွှန်​သည်။ သင်သည် ခရစ်ယာန်​တစ်ဦး​ဖြစ်နေ​သည်​မှာ မည်မျှ​ပင်​ကြာ​ပါစေ ထို​အတိုင်း​ဖြစ်၏။ ယင်းကို​အလေးပေး​ဖော်ပြ​ရန် တိမောသေ​၏​ပုံ​နမူနာကို ပြန်သတိရ​ပါ။ ဤ​ခရစ်ယာန်​အကြီးအကဲ​သည် “ယေရှု​ခရစ်​ထံ​၌ ကောင်းသော​စစ်သူရဲ” ကဲ့သို့ အမှုထမ်းဆောင်​နေ​နှင့်​ပြီ​ဖြစ်သော်လည်း “[အမှန်] တရားကို မှန်ကန်​စွာ​ပိုင်းခြား” ရာ​တွင် အစွမ်းကုန်​ကြိုးစား​ဖို့ ပေါလု​တိုက်တွန်း​ခဲ့​သည်။ (၂ တိမောသေ ၂:၃၊ ၁၅; ၁ တိမောသေ ၄:၁၅) ရှင်း​နေသည်​မှာ “အစွမ်းကုန်” ကြိုးစား​ခြင်း​တွင် လေ့လာမှု​အကျင့်ကောင်း​များ​ရှိ​ခြင်း​ဖြစ်သည်။

၁၃။ (က) သမ္မာကျမ်းစာ​လေ့လာ​ရန်​အချိန် မည်သို့​ပို​ရနိုင်​မည်​နည်း။ (ခ) လေ့လာမှု​ပြု​ဖို့​အချိန်​ရ​ရန် အဘယ်​ပြုပြင်​ပြောင်းလဲမှု​များ ပြုလုပ်​နိုင်​သနည်း။

၁၃ လေ့လာမှု​အကျင့်ကောင်း​များနှင့်​ပတ်သက်​၍ ခြေလှမ်း​တစ်​လှမ်း​မှာ သမ္မာကျမ်းစာ​လေ့လာ​ရန် ပုံမှန်​အချိန်ဖယ်​ထားခြင်း​ဖြစ်သည်။ ယင်း​နှင့်​စပ်လျဉ်း၍ သင်​မည်သို့​ရှိ​သနည်း။ ရိုးရိုးသားသား သင်​မည်သို့​ပင်​ဖြေဆိုပါ​စေ ကိုယ်ပိုင်​လေ့လာမှု​ပို​လုပ်​လျှင် အကျိုး​ခံစားရ​မည်​ဟု သင်​ထင်​ပါသလော။ ‘ထိုသို့​ပြု​ရန် အချိန်​ရဖို့ ကျွန်ုပ်​မည်သို့​စီစဉ်​နိုင်​မည်​နည်း’ ဟု​သင်​စဉ်းစား​နေ​မည်။ တချို့က နံနက်​ချိန်​တွင် စောစော​အိပ်ရာထ​ခြင်း​အားဖြင့် ထိရောက်​သော​သမ္မာကျမ်းစာ​လေ့လာမှု​ပြု​ချိန်​ကို တိုးများ​စေ​ခဲ့​ကြပြီ။ သူတို့သည် ၁၅ မိနစ်​ခန့် ကျမ်းစာ​ဖတ်ရှု​ကြ​ပေမည်၊ သို့​မဟုတ် ကိုယ်ပိုင်​လေ့လာမှု အစီအစဉ်​တစ်ခု​ကို​ပြုလုပ်​ကြ​ပေမည်။ နောက်​ဖြစ်​နိုင်​ခြေ​တစ်ခု​မှာ သင်၏​ပတ်စဉ်​အချိန်ဇယား​ကို အနည်းငယ်​ပြုပြင်​ပြောင်းလဲ​လိုက်​လျှင်​ကော။ ဥပမာ​အနေ​နှင့် သင်သည်​ရက်​အတော်များများ သတင်းစာ​ဖတ်ရှု​သည့်​အကျင့် သို့​မဟုတ် ရုပ်မြင်သံကြား​ညနေ​သတင်း​များ ကြည့်ရှု​သည့်​အကျင့်​ရှိ​မည်​ဆိုလျှင် တစ်ပတ်​လျှင်​တစ်ရက်​မျှ​သာ​မကြည့်​လျှင် ဖြစ်​နိုင်​ပါ​မည်​လော။ ထို​နေ့ရက်​တွင် သမ္မာကျမ်းစာ​ကို​တိုး၍​လေ့လာ​နိုင်​ပေမည်။ သင်သည် သတင်း​ကြည့်ရှု​မည့်​အစား ထို​တစ်ရက်​တွင် မိနစ် ၃၀ သို့​မဟုတ် ထို​ထက်မက ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်​မည်​ဆိုလျှင် တစ်နှစ်​လျှင် ၂၅ နာရီ​ကျော် ကိုယ်ပိုင်​လေ့လာမှု​ပြု​ချိန် ရရှိ​ပေမည်။ သမ္မာကျမ်းစာ​ဖတ်ရှုခြင်း သို့​မဟုတ် လေ့လာမှု​ပြုခြင်း​နှင့်​ပတ်သက်​၍ ၂၅ နာရီ ထပ်​တိုး​လိုက်ခြင်း​မှ အကျိုးကျေးဇူး​မည်မျှ​ရမည်ကို စဉ်းစား​ကြည့်​ပါ​လေ! ဤ​တွင် နောက်ထပ်​အကြံပေး​ချက်​တစ်ခု​ရှိသည်– လာ​မည့်​အပတ်​အတွင်း တစ်နေ့တာ​၏​အဆုံး​တွင် သင့်​လုပ်ဆောင်မှုများ​ကို လေ့လာ​ဆန်းစစ်​ကြည့်​ပါ။ သမ္မာကျမ်းစာ​ဖတ်ရှုခြင်း သို့​မဟုတ် လေ့လာခြင်း​အတွက်​အချိန်ပို​ရ​ရန် ချန်လှပ်​ထား​နိုင်​သည့် သို့​မဟုတ် အချိန်​လျှော့​နိုင်​သည့်​အလုပ်​တစ်ခုခု​ရှိမရှိ ဆန်းစစ်​ကြည့်​ပါ။—ဧဖက် ၅:၁၅၊ ၁၆

၁၄၊ ၁၅။ (က) ကိုယ်ပိုင်​လေ့လာမှု​နှင့်​စပ်လျဉ်း၍ ပန်းတိုင်​များ​ရှိ​ခြင်း​သည် အဘယ်ကြောင့်​အရေးကြီး​သနည်း။ (ခ) ကျမ်းစာ​ဖတ်ရှုခြင်း​နှင့်​စပ်လျဉ်း၍ ဖြစ်​နိုင်​ခြေ​ရှိသော ပန်းတိုင်​များ​ကား အဘယ်နည်း။

၁၄ လေ့လာမှု​ပြုလုပ်​ရန် အဘယ်အရာက ပိုမို​လွယ်ကူ​စေ​၍ ပိုမို​နှစ်သက်စရာ​ဖြစ်​မည်​နည်း။ ပန်းတိုင်​များ​ထားခြင်း​ဖြစ်သည်။ အဘယ်​လက်တွေ့ကျ​သော လေ့လာမှု​ပြု​ရန်​ပန်းတိုင်​များ​ကို သင်​ချမှတ်​နိုင်​သနည်း။ လူအများ​အတွက် အထူး​ကောင်းမွန်သော ဦးဆုံး​ပန်းတိုင်တစ်ခု​မှာ သမ္မာကျမ်းစာ​တစ်အုပ်လုံး​ကို ဖတ်ရှုခြင်း​ဖြစ်သည်။ သင်သည် ယနေ့​အထိ ကျမ်းစာ​အပိုင်းပိုင်း​ကို တစ်ခါတစ်ရံ ဖတ်ရှု​လေ့လာ​ခဲ့​၍ ၎င်း​မှ​အကျိုး​ခံစား​ခဲ့​ရ​ဖူး​မည်။ ယခု ကျမ်းစာ​တစ်အုပ်လုံး​ကို ဖတ်ရှု​ရန် သင်​ဆုံးဖြတ်ချက်​ချ​နိုင်​မည်​လော။ ထိုသို့​ပြု​ရန် ဦးဆုံး​အနေ​နှင့် သင်၏​ပန်းတိုင်​မှာ ခရစ်ဝင်​ကျမ်း​လေး​ကျမ်း​ကို​ဖတ်ရှု​ပြီး​နောက် ဒုတိယ​ပန်းတိုင်​အဖြစ် ကျန်​ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​ကို ဖတ်ရှုခြင်း​ဖြစ်​နိုင်​ပေ​သည်။ သင်သည် စိတ်​ကျေနပ်မှု​နှင့် အကျိုးကျေးဇူးများ​ကို ခံစား​ရပြီး​နောက် နောက်ထပ်​ပန်းတိုင်​တစ်ခု​မှာ မောရှေ၏​ကျမ်း​များနှင့် ဧသတာဝတ္ထု​အထိ ရာဇဝင်​သမိုင်း​ကျမ်းစောင်​များ​ကို တစ်အုပ်​ပြီး​တစ်အုပ် ဖတ်ရှု​သွားခြင်း​ဖြစ်​နိုင်​ပေ​သည်။ ၎င်းကို ပြုလုပ်​ပြီးမြောက်​ခြင်း​က ကျန်ကြွင်း​သော​ကျမ်း​စာစောင်​များ​ကို အပြီး​ဖတ်​ရန် လက်တွေ့ကျ​သည်ကို သင်​တွေ့ရှိ​ပေမည်။ ခရစ်ယာန်​ဖြစ်လာ​ချိန်​တွင် အသက် ၆၅ နှစ်​ခန့်​ရှိသော အမျိုးသမီး​တစ်ဦး​သည် သူ၏​သမ္မာကျမ်းစာ​အုပ်​ထဲ​တွင် ကျမ်းစာ​စ​ဖတ်​သည့်​နေ့စွဲ​နှင့် ဖတ်​ပြီး​သည့်​နေ့စွဲ​ကို ရေးမှတ်​ထား​၏။ ယခု သူသည် ကျမ်းစာ​ကို ငါး​ကြိမ်​တိုင် ဖတ်ရှု​ပြီးပြီ​ဖြစ်သည်! (တရားဟောရာ ၃၂:၄၅-၄၇) သူသည် ကျမ်းစာ​ကို ကွန်ပျူတာ​ဖန်သားပြင် သို့​မဟုတ် ယင်း​မှ​ထုတ်​ထားသော​စာရွက်​မှ ဖတ်ရှု​မည့်​အစား ကိုယ်ပိုင်​ကျမ်းစာ​အုပ်​ကို ကိုင်​၍​ဖတ်ရှု​ပါ​သည်။

၁၅ ကျမ်းစာ​တစ်အုပ်လုံး​ကို​ဖတ်ရှု​ရန် ပန်းတိုင်​မီ​ခဲ့​သူတချို့​သည် သူတို့၏​ကိုယ်ပိုင်​လေ့လာမှု​ကို အကျိုး​ပို​ရှိစေရန် အခြား​နည်းလမ်းများ​ကို ရှာကြံ​ပြုလုပ်​ကြသည်။ တစ်နည်း​မှာ ကျမ်းစာ​စောင် တစ်စောင်​စီ​ကို မဖတ်​ရှု​မီ ၎င်းနှင့်​ဆိုင်​သည့် လေ့လာ​ရန်​အကြောင်းကို ကြိုတင်​ဖတ်ရှု​ထားခြင်း​ဖြစ်သည်။ “ကျမ်းစာ​တစ်ကျမ်း​လုံး ဘုရား[သခင်]မှုတ်သွင်း​ရာ​ဖြစ်​ပြီး အကျိုး​လည်း​ပြု” စာအုပ်​နှင့် ကျမ်း​စာစောင်​များ​အပေါ် ထိုးထွင်း​သိမြင်ခြင်း စာအုပ်​တို့​တွင် ကျမ်းစာ​စောင် တစ်စောင်​စီ​၏ သမိုင်း​နောက်ခံ၊ ရေး​ပုံ​ရေးနည်း​နှင့် ရရှိနိုင်​သည့်​အကျိုးများ​ဆိုင်ရာ အလွန်​ကောင်းသော သတင်း​အချက်အလက်​များ ပါရှိ​သည်။ *

၁၆။ ကျမ်းစာ​လေ့လာခြင်း​နှင့်​စပ်လျဉ်း၍ အဘယ်​ပုံ​နမူနာကို ကျွန်ုပ်​တို့ ရှောင်ကြဉ်​သင့်​သနည်း။

၁၆ သင်သည် လေ့လာမှု​ပြု​စဉ် ကျမ်း​ပညာရှင်​အမည်ခံ​သူများ ပြုလုပ်​တတ်​သည့်​ပုံစံ​ကို ရှောင်ကြဉ်ပါ။ ထို​ကျမ်း​ပညာရှင်​များသည် သမ္မာကျမ်းစာ​ကို လူသားများ​၏​စာအုပ်​အဖြစ်​ယူမှတ်​ပြီး ကျမ်းပိုဒ်​များ​ကို အလွန်အကျွံ​အာရုံပြု ဆန်းစစ်​ကြည့်​ကြသည်။ တချို့က ကျမ်း​တစ်ကျမ်း​စီ​သည် မည်သူ​မည်ဝါ​အတွက်​ဖြစ်သည်​ကို သတ်မှတ်​ပေးဖို့​ကြိုးစား​ကြ​၏ သို့​မဟုတ် ကျမ်း​တစ်ကျမ်း​စီ​ကို​ရေးသား​သည့် လူသားက​လောင်​ရှင်တို့​၏​စိတ်ထဲ​တွင် အဘယ်​ရည်ရွယ်ချက်​ရှိ​မည်၊ သူ၏​ရှုမြင်ပုံ​မှာ​မည်သို့​ဖြစ်​မည်​ကို တွေးတော​ဆင်ခြင်​ကြ​၏။ ဤသို့​သော လူ့​ကျိုးကြောင်း​ဆင်ခြင်မှု​၏ အကျိုး​သက်ရောက်မှု​မှာ သမ္မာကျမ်း​စာစောင်​များ​ကို သမိုင်း​စာအုပ်​အဖြစ်​ယူမှတ်​စေ​သည်၊ သို့​မဟုတ် ဘာသာ​တရားကို ရုပ်လုံးပေါ်​စေသော အဆင့်ဆင့်​တွေးတော​ရှုမြင်ခြင်း​အဖြစ်​ယူမှတ်​စေ​သည်။ အခြား​ပညာရှင်​များ​မှာ​မူ ကျမ်းစာ​စာပေ​၏​ဝေါဟာရ​ဗေဒ​ကဲ့သို့​သော စကားလုံး​များ​ကို လေ့လာခြင်း​တွင် အချိန်ကုန်​ခံ​ကြသည်။ ဤ​သူတို့သည် ဘုရားသခင်​ကြားသိ​စေ​လို​သော​သတင်းတရား​ထက် စကားလုံး​များ​၏​ရင်းမြစ်ကို လေ့လာခြင်း​၌​အာရုံပြု​ကြ​ပြီး ဟေဗြဲ​နှင့်​ဂရိ​အဓိပ္ပာယ်​များ​ကို ကိုးကား​ရည်ညွှန်း​ပြ​ကြသည်။ ထို​ကဲ့သို့​သော​စဉ်းစား​ဆင်ခြင်မှု​များသည် ယုံကြည်ခြင်း​တိုးပွား​စေပြီး လှုံ့ဆော်မှု​ပေး​မည်​ဟု​ထင်​သလော။—၁ သက်သာလောနိတ် ၂:၁၃

၁၇။ သမ္မာကျမ်းစာ​၏​သတင်းတရားသည် လူအားလုံး​အတွက်​ဖြစ်သည်ဟု အဘယ်ကြောင့် ရှုမြင်​သင့်​သနည်း။

၁၇ ပညာရှင်​များ​၏ ကောက်ချက်​သည် ခြေမြစ်​ခိုင်လုံ​ပါသလော။ သမ္မာကျမ်းစာ​၏ ကျမ်း​တစ်ကျမ်း​စီ​တွင် အဓိကကျ​သော​အချက် တစ်ချက်​သာ​ရှိသည်၊ သို့​မဟုတ် ၎င်း​သည် တစ်စုံတစ်ရာ​သော​ပရိသတ်​အတွက်သာ ရည်စူး​ရေးသား​ထား​သည်​ဆို​သည်​မှာ မှန်ကန်​ပါသလော။ (၁ ကောရိန္သု ၁:၁၉-၂၁) အမှန်​မှာ သမ္မာကျမ်းစာ​သည် အသက်အရွယ်​မရွေး၊ နောက်ခံ​အားလုံး​မှ လူ​တို့အတွက် အစဉ်အမြဲ​တန်ဖိုး​ရှိသည်။ ကျမ်း​တစ်ကျမ်း​သည် အစပိုင်း​တွင် တိမောသေ၊ သို့​မဟုတ် တိတု​အစ​ရှိသည့် လူတစ်ဦးကို​ဖြစ်စေ၊ ဂလာတိ​ပြည်သား​များ သို့​မဟုတ် ဖိလိပ္ပိ​မြို့သား​များ​အစ​ရှိသည့် အုပ်စု​တစ်စု​ကို​ဖြစ်စေ ရည်ညွှန်း​၍​ရေးသားခြင်း​ဖြစ်သည့်​တိုင် ထို​ကျမ်းစောင်​များ​ကို ကျွန်ုပ်​တို့အားလုံး လေ့လာ​သင့်​ပြီး လေ့လာ​နိုင်​ကြ​ပါ​သည်။ ၎င်းတို့သည် ကျွန်ုပ်​တို့​တစ်ဦးစီ​အတွက် အရေးပါ​သည်၊ မည်သည့်​ကျမ်း​ပင်မ​ဆို ၎င်း​သည် အဓိက​အကြောင်း​များစွာကို ဆွေးနွေး​ဖော်ပြ​ပြီး စာရှုသူ​များစွာ​တို့ကို အကျိုးပြု​ပေ​သည်။ မှန်ပါသည်၊ သမ္မာ​ကျမ်းစာ​ပါ သတင်းတရားသည် တစ်လောက​လုံး​နှင့်​သက်ဆိုင်​သည်၊ ယင်းကြောင့်​လည်း ကမ္ဘာ​တစ်ဝန်း​ရှိ လူတို့၏​ဘာသာ​စကား​များ​သို့ ဘာသာ​ပြန်ဆို​ထား​ရခြင်း​ဖြစ်သည်။—ရောမ ၁၅:၄

သင်​နှင့်​အခြားသူများ​အတွက် အကျိုးကျေးဇူး

၁၈။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို သင်​ဖတ်ရှု​သောအခါ အဘယ်အရာကို သင်​ဆင်ခြင်​သုံးသပ်​နေ​သင့်​သနည်း။

၁၈ သမ္မာကျမ်းစာ​ကို သင်​ဖတ်ရှု​လေ့လာ​သည့်​အခါ ကျမ်းစာ​ကို​နားလည်​ဖို့​ကြိုးစား​သည်​သာမက ၎င်းတို့၏ ဆက်နွှယ်မှု​များ​ကို အသေးစိတ်​သဘောပေါက်​ဖို့​ကြိုးစား​ခြင်း​က အလွန်​အကျိုးရှိ​ပေ​လိမ့်​မည်။ (သု. ၂:၃-၅; ၄:၇) သမ္မာကျမ်းစာ​တွင်​ပါ​သော ယေဟောဝါ​၏​ဖော်ပြချက်များ​သည် ကိုယ်တော့်​ရည်ရွယ်တော်မူချက်​နှင့် အလွန်​ဆက်စပ်​နေ​၏။ ထို့​ကြောင့် ကျမ်းစာ​ကို​သင်​ဖတ်ရှု​သည့်​အခါ သိရှိ​လာသော အချက်အလက်​များနှင့် သွန်သင်ချက်​တို့ကို ဘုရားသခင့်​ရည်ရွယ်တော်မူချက်​နှင့် ဆက်စပ်​ပေး​ပါ​လေ။ အဖြစ်အပျက်​တစ်ခု၊ အယူအဆ​တစ်ခု သို့​မဟုတ် ပရောဖက်ပြုချက်​တစ်ခု​သည် ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​နှင့် မည်သို့​ဆက်နွှယ်​သနည်း​ဟု သင်​စေ့စေ့​ဆင်ခြင်​သုံးသပ်​နိုင်​ပေ​သည်။ မိမိကိုယ်ကို ဤသို့​မေးမြန်းပါ– ‘ဤ​အချက်​က ယေဟောဝါ​နှင့်​ပတ်သက်​၍ အဘယ်အရာ​ပြောဆို​သနည်း။ ကိုယ်တော့်​နိုင်ငံတော်​အားဖြင့် ဘုရားသခင့်​ရည်ရွယ်တော်မူချက် ပြည့်စုံ​လာ​ခြင်း​နှင့် ယင်းက မည်သို့​ဆက်နွှယ်​သနည်း။’ ထို့​အပြင် ဤသို့​လည်း​ဆင်ခြင်​သုံးသပ်​နိုင်​ပေ​သည်– ‘ဤ​သတင်း​အချက်အလက်​ကို ကျွန်ုပ်​မည်သို့​အသုံးပြုနိုင်​မည်​နည်း။ ကျမ်းစာ​ကို အခြေပြု​၍ အခြား​သူများကို သွန်သင်ရာ​တွင်၊ သို့​မဟုတ် အကြံပေး​ရာ​တွင် ယင်းကို​အသုံးချ​နိုင်​ပါ​မည်​လော။’—ယောရှု ၁:၈

၁၉။ သင်​တတ်သိလာ​သည့်​အကြောင်းအရာများ​ကို အခြားသူများ​အား ပြန်​ပြောပြ​သည့်​အခါ မည်သူ​အကျိုး​ခံစားရ​မည်​နည်း။ ရှင်းပြပါ။

၁၉ အခြားသူများ​အတွက် ထည့်​စဉ်းစား​ပေးခြင်း​သည်လည်း တစ်နည်း​အားဖြင့် အကျိုး​ဖြစ်ထွန်း​၏။ သင်သည် ကျမ်းစာ​ဖတ်ရှု​လေ့လာ​ရာ​တွင် အကြောင်းအရာ​အသစ်များ သိရှိ​လာ​မည်​ဖြစ်​ပြီး ထိုးထွင်း​သိမြင်မှု​အသစ်များ ရရှိ​လာပေမည်။ သင်၏​မိသားစု၊ သို့​မဟုတ် အခြား​သူများ​နှင့် စကားစမြည်​ပြောဆို​ရာ​တွင် တည်ဆောက်မှု​ဖြစ်စေ​ရန် ထို​အချက်အလက်​များ​ကို ထည့်သွင်း​ပြောဆို​ပါ။ သင်သည် ထိုသို့​သာ သင့်လျော်​သော​အချိန်တွင် တော်ရုံ​သင့်​ရုံ တင်ပြ​ပြောဆို​ပါ​က သင်၏​စကားဝိုင်း​သည် အမှန်တကယ်​ပင် အကျိုး​ဖြစ်ထွန်း​ပေ​လိမ့်​မည်။ သင်​တတ်သိလာ​သော​အရာ သို့​မဟုတ် သင့်အတွက် စိတ်ဝင်စားစရာ​ဖြစ်သည့် ရှုထောင့်​များ​အကြောင်းကို သဘောထား​ဖြူစင်​စွာ​ဖြင့် စိတ်​ထက်ထက်သန်သန် ပြန်​ပြောပြ​ခြင်း​က ထို​အချက်အလက်​များ​ကို အခြားသူများ​ပါ ပို​၍​စိတ်​စွဲမှတ်စရာ​ဖြစ်လာ​စေ​ပေမည်။ ထို​ထက်မက သင်​ကိုယ်တိုင် အကျိုး​ခံစားရ​မည်​ဖြစ်သည်။ အဘယ်​နည်းဖြင့်​နည်း။ မိမိ​စိတ်ထဲ ပူပူနွေးနွေး​ရှိနေစဉ် သိရှိ​လာသော​အရာ​ကို ချက်ချင်း​အသုံးပြု​မည်၊ သို့​မဟုတ် အခြားသူများ​အား ပြန်​ပြောပြ​ခြင်း​ကဲ့သို့ ထပ်​ပြော​မည်​ဆိုလျှင် ကြာရှည်​မှတ်မိ​မည်​ဟု ကျွမ်းကျင်​သူများ​က​ဆို​သည်။ *

၂၀။ သမ္မာကျမ်းစာ​ကို ထပ်ခါတလဲ​လဲ​ဖတ်ရှုခြင်း​သည် အဘယ်ကြောင့် အကျိုးရှိ​သနည်း။

၂၀ ကျမ်းစာ​စောင်​တစ်စောင်​ကို သင်​ဖတ်ရှု​တိုင်း သတင်း​အချက်အလက်​သစ်​များ​ကို သင်​သိရှိ​လာ​မည်​မှာ သေချာ​သည်။ ယခင်​က သင့်အတွက် စိတ်​စွဲမှတ်စရာ​မဖြစ်​သည့် ကျမ်းပိုဒ်​များသည် ယခု စိတ်စွဲ​ငြိ​စ​ရာ​ဖြစ်လာ​ပေမည်။ ထို​ကျမ်းပိုဒ်​များသည် သင့်အတွက် ပို​အဓိပ္ပာယ်​ရှိနေ​ပေမည်။ ယင်းက ကျမ်း​စာစောင်​များသည် လူ့​စာပေ​မျှ​ဖြစ်​မည့်​အစား သင်​ထပ်ခါတလဲ​လဲ လေ့လာ​ပြီး အကျိုး​ရယူ​နေဖို့​အတွက် အဖိုးတန်အရာ​များ​ဖြစ်​ကြောင်း အလေးပေး​ဖော်ပြ​၏။ ဒါဝိဒ်​ကဲ့သို့​သော ရှင်ဘုရင်​တစ်ပါး​သည် ၎င်းကို “တစ်သက်လုံး စောင့်ရှောက် ကြည့်ရှု​ဖတ်ရွတ်” ခဲ့​ရ​ကြောင်း သတိရပါ။

၂၁။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အချိန်ပို​ပေး​၍​လေ့လာခြင်း​မှ အဘယ်​အကျိုးကျေးဇူး​ခံစား​နိုင်​မည်​နည်း။

၂၁ မှန်ပါသည်၊ သမ္မာကျမ်းစာ​ကို အဓိပ္ပာယ်ရှိရှိ​လေ့လာ​ရန် အချိန်​ယူ​ကြ​သူများ​သည် အတိုင်း​ထက်​အလွန် အကျိုး​ခံစား​ကြ​ရ၏။ သူတို့သည် ဝိညာဉ်​ရေး​ကျောက်​မျက်​ရတနာများ​နှင့် ထိုးထွင်း​သိမြင်မှု​ကို ရရှိ​လာ​ကြသည်။ ဘုရားသခင်​နှင့် သူတို့၏​ဆက်ဆံ​ရေး​သည် ပို​၍​ခိုင်ခံ့​လာပြီး ပို​၍​တရင်းတနှီး​ရှိလာ​သည်။ ထို့​အပြင် ဤ​သူတို့သည် မိသားစု​အတွက်၊ ခရစ်ယာန်​အသင်းတော်​ရှိ ညီအစ်ကို​ညီအစ်မ​များ​အတွက်၊ ယေဟောဝါ​ကို​ဝတ်ပြုသူ​များ ဖြစ်လာ​ကြ​မည့်​သူများ​အတွက် အဖိုးတန်အရာ​များ ပို​၍​ပို​၍​ဖြစ်လာ​ကြ​ပေ​လိမ့်​မည်။—ရောမ ၁၀:၉-၁၄; ၁ တိမောသေ ၄:၁၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 15 ဤ​လေ့လာမှု​အထောက်အကူ​ပြု​စာအုပ်​များ​ကို ယေဟောဝါသက်သေ​များ ထုတ်ဝေ​ထားပြီး ဘာသာ​စကား​များစွာ​ဖြင့် ရရှိနိုင်​ပါ​သည်။

^ အပိုဒ်၊ 19 ၁၉၉၃၊ ဩဂုတ် ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၁၃-၁၄ ကို​ရှု။

သင်​မှတ်မိ​သလော

• ဣသရေလ​နိုင်ငံ​၏ ရှင်​ဘုရင်​များသည် အဘယ်အရာကို ပြုလုပ်​ခဲ့​ကြ​ရသနည်း။

• သမ္မာကျမ်းစာ​ကို လေ့လာခြင်း​နှင့်​စပ်လျဉ်း၍ ယေရှု​နှင့်​တမန်​တော်​များသည် အဘယ်​ပုံ​နမူနာ ချမှတ်​ပေး​ခဲ့​သနည်း။

• ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်​ရန် သင်၏​အချိန်​တိုးမြှင့်​ဖို့ အဘယ်​ပြုပြင်​ပြောင်းလဲမှု​များ သင်​ပြုလုပ်​နိုင်​သနည်း။

• အဘယ်​စိတ်​သဘောထားမျိုး​ဖြင့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို သင်​လေ့လာ​ဆင်ခြင်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]

“ကျွန်ုပ်​တို့​လက်ဝယ်တွင်”

“သမ္မာကျမ်းစာ ကျမ်းပြိုင်​တစ်ခု​ရ​လို​ပါ​က အင်တာနက်​ထက်​ပို​ကောင်းသော ကိရိယာ​မရှိပါ။ သို့သော် သမ္မာကျမ်းစာ​ကို ဖတ်ရှု​လို​မည်၊ လေ့လာ​လို​မည်၊ တွေးတော​စဉ်းစား​လို​မည်၊ ပြန်ပြောင်း​သုံးသပ်​လို​မည်​ဆိုလျှင် ကျမ်းစာ​ကို လက်ထဲ​ကိုင်ထား​သင့်​သည်၊ အကြောင်း​မှာ ၎င်းကို ကျွန်ုပ်​တို့၏​စိတ်နှလုံး​ထဲ စွဲမှတ်​ထား​နိုင်​သည့်​နည်း တစ်နည်း​တည်း​ဖြစ်သည်။”—ဂါ​ထ​ရူဒ် ဟ​င်မ်​မဲ​လ်ဖာ့ဘ်၊ အထင်ကရ ဂုဏ်​ထူး​ဆောင်​ပါမောက္ခ၊ စီးတီး​တက္ကသိုလ်၊ နယူးယောက်​မြို့။