ရောမသမိုင်းမှ သင်ခန်းစာတစ်ရပ်
ရောမသမိုင်းမှ သင်ခန်းစာတစ်ရပ်
‘ဧဖက်မြို့၌ လူ့သဘောအတိုင်း ငါသည် သားရဲများနှင့်တိုက်ခဲ့ရလျှင်’ ဟူသော ၁ ကောရိန္သု ၁၅:၃၂ တွင်မှတ်တမ်းတင်ထားသည့် အဆိုပါစကားများက တမန်တော်ပေါလုသည် ရောမအရီနာကွင်းတွင် တိုက်ခိုက်ရန် စီရင်ချက်ချခံရခြင်းကိုဆိုလိုသည်ဟု အချို့ကယူဆကြ၏။ ထိုသို့သူပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ သူ၏ခေတ်တွင် အရီနာကွင်းများ၌ သေသည်အထိ တိုက်ခိုက်ပွဲများ ပြုလုပ်ခဲ့ခြင်းသည် အဆန်းမဟုတ်ပေ။ အရီနာကွင်းနှင့် ၎င်းတွင် ကျင်းပခဲ့သောပွဲစဉ်တို့နှင့်ပတ်သက်၍ သမိုင်းက အဘယ်အရာဖော်ပြသနည်း။
ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏တွေးခေါ်ပုံနှင့်အညီ ကျွန်ုပ်တို့၏သိစိတ်ကို ပုံသွင်းလိုကြသည်၊ ယင်းက ခေတ်သစ်ဖျော်ဖြေမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချရန် ထောက်ကူပေးနိုင်၏။ ဥပမာ၊ “ကြမ်းကြုတ်သူကိုမငြူစူဘဲ သူ့အကျင့်တစ်စုံတစ်ရာကိုလည်း မရွေးမလိုက်နှင့်” ဟူသောစကားတွင် ထင်ဟပ်နေသော အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ ဘုရားသခင်၏တွေးခေါ်ပုံကို စဉ်းစားသုံးသပ်ကြည့်ပါ။ (သု. ၃:၃၁၊ သမ) အစောပိုင်းခရစ်ယာန်များသည် သူတို့ဝန်းကျင်ရှိ လူအများက ရောမဂလက်ဒီယေတာ သတ်ပုတ်ပြိုင်ပွဲများအတွက် စိတ်အားတက်ကြွနေကြချိန်တွင် သူတို့ကို လမ်းညွှန်ပေးစရာ ထိုဆုံးမစကား ရရှိထားကြ သည်။ ဤပွဲစဉ်များတွင် ဖြစ်ပျက်ခဲ့ရာကို စဉ်းစားသုံးသပ်သောအခါ မျက်မှောက်ခေတ် ခရစ်ယာန်များအတွက် အဘယ်သင်ခန်းစာရရှိသည်ကို ကြည့်ကြစို့။
ရောမအရီနာကွင်းတစ်ကွင်းတွင် လက်နက်ကိုင် ဂလက်ဒီယေတာသတ်ပုတ်သူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးရင်ဆိုင်ကြသည်။ ဒိုင်းလွှားကို ဓားထိလိုက်သည်နှင့်တစ်ပြိုင်နက် အုတ်အုတ်သောင်းသောင်းဖြစ်နေသော လူအုပ်သည် သူတို့အနှစ်သက်ဆုံးလူကို အားပေးကြ၏။ အသည်းအသန်ထိုးသတ်ပွဲဖြစ်သည်။ မကြာမီ ဒဏ်ရာရ၍ ဆက်မတိုက်နိုင်သူသည် လက်နက်များကိုပစ်ချကာ ဒူးထောက်၍ အရှုံးပေးကြောင်းဖော်ပြပြီး အသက်ချမ်းသာပေးဖို့ အသနားခံလေ၏။ တဖြည်းဖြည်းနှင့် ကျွက်ကျွက်ဆူညံလာလေတော့သည်။ လူအုပ်ထဲမှအချို့က သနားညှာတာရန်၊ အခြားသူများက သတ်ပစ်ရန် အော်ဟစ်ကြ၏။ အားလုံး၏အကြည့်သည် ဧကရာဇ်မင်းထံ ရောက်ရှိသွား၏။ လူထု၏ဆန္ဒကိုလိုက်လျော၍ ဧကရာဇ်မင်းသည် ရှုံးနိမ့်သည့်စစ်သူရဲကို လွှတ်ပေးနိုင်သည် သို့မဟုတ် အမူအရာဖြင့် သတ်မိန့်ပေးနိုင်သည်။
ရောမသားတို့သည် သတ်ပုတ်ဖျော်ဖြေပွဲများကို အလွန်နှစ်သက်ကြ၏။ ဤသို့သောတိုက်ခိုက်ပွဲများကို အစပိုင်း၌ အထင်ကရပုဂ္ဂိုလ်များ၏ အသုဘအခမ်းအနားများတွင် ကျင်းပလေ့ရှိသည်ဟု သင်သိရလျှင် အံ့သြသွားမည်။ ထိုသတ်ပွဲများသည် ယခု အီတလီအလယ်ပိုင်းမှ အော့စကဲန် သို့မဟုတ် ဆဲမ်နိုက်လူတို့၏ လူယဇ်ပူဇော်ခြင်းမှ မြစ်ဖျားခံသည်ဟု ယူဆကြသည်။ ထိုယဇ်များသည် သေလွန်သူတို့၏ဝိညာဉ်ကို စိတ်ကျေနပ်စေရန်ဖြစ်သည်။ ဤပြိုင်ပွဲကို မူနပ်စ် သို့မဟုတ် “လက်ဆောင်” (ဗဟုဝုစ်ကိန်း၊ မူနေရာ) ဟုခေါ်ကြသည်။ ရောမမြို့တွင် ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်ထားသော အားကစားပွဲများကို နွားဈေးပွဲတွင် သတ်ပုတ်သူသုံးတွဲ ထိုးသတ်ခဲ့ချိန် ဘီ.စီ.အီး. ၂၆၄ ခုနှစ်၌ ကျင်းပခဲ့၏။ မားကပ်စ် အေမီလီယပ်စ် လီပီဒက်စ်၏ အသုဘအခမ်းအနားတွင် စီးချင်းထိုးပွဲပေါင်း ၂၂ ပွဲရှိခဲ့သည်။ ပါဘလီယက်စ် လီစီနီယက်စ်၏ အသုဘအခမ်းအနားတွင် အတွဲပေါင်း ၆၀ တိုက်ခဲ့ကြသည်။ ဘီ.စီ.အီး. ၆၅ ခုနှစ်တွင် ဂျူးလီယက်ဆီဇာသည် အရီနာကွင်းထဲသို့ အတွဲပေါင်း ၃၂၀ စေလွှတ်ခဲ့၏။
“အထက်တန်းလွှာ အသုဘအခမ်းအနားများသည် နိုင်ငံရေးပွဲများဖြစ်ခဲ့ကြပြီး အသုဘအားကစားပွဲများသည် နိုင်ငံရေးနှင့်ဆက်နွှယ်၏။ . . . အကြောင်းမှာ မဲထည့်သူပြည်သူလူထု ကြိုက်နှစ်သက်သောကြောင့်ဖြစ်၏။ အမှန်ဆိုရလျှင် ဂလက်ဒီယေတာပွဲများ တဖြည်းဖြည်းပိုမိုခမ်းနားကြီးကျယ်လာရခြင်းမှာ အဓိကအားဖြင့် ရည်မှန်းချက်ကြီးသော အထက်တန်းစားများ၏ နိုင်ငံရေးပြိုင်ဆိုင်မှုကြောင့်ဖြစ်သည်” ဟုသမိုင်းပညာရှင် ကိသ် ဟော့ပ်ကင်စ်က ဆို၏။ ဩဂတ်စ်တပ်စ်အုပ်စိုးချိန် (ဘီ.စီ.အီး. ၂၇ မှ စီ.အီး. ၁၄) တိုင်လေသော် မူနေရာသည် လူကုံထံအစိုးရအရာရှိများက သူတို့ရာထူးသက်တမ်းတိုးဖို့—လူထု၏ဖျော်ဖြေမှု—အတွက် အလျှံပယ်ပေးကမ်းသော လက်ဆောင်များဖြစ်လာလေသည်။
ပါဝင်ယှဉ်ပြိုင်သူများနှင့် လေ့ကျင့်ရေးသင်တန်း
‘ကလက်ဒီယေတာသတ်ပုတ်သူများကား မည်သူတို့နည်း’ ဟုသင်မေးပေမည်။ သူတို့ကား ကျေးကျွန်များ၊ သေမိန့်ချခံရသော ရာဇဝတ်ကောင်များ၊ စစ်သုံ့ပန်းများ သို့မဟုတ် သည်းထိတ်ရင်ဖိုလိုသော၊ ကျော်ကြားပြီး ချမ်းသာလိုသော လူလွတ်များဖြစ်ကြပေမည်။ သူတို့အားလုံးသည် အကျဉ်းထောင်နှင့်တူသော ကျောင်းများတွင် လေ့ကျင့်ပေးခံရကြ၏။ ဂလက်ဒီယေတာများဖြစ်ရန် လေ့ကျင့်မှု ခံယူနေသူများကို “စောင့်ကြပ်သူများက အမြဲပင် စောင့်ကြည့်နေတတ်ပြီး တင်းကျပ်သော စည်းကမ်း၊ စည်းမျဉ်းများထုတ်၍ အထူးသဖြင့် ရက်စက်ကြမ်းတမ်းစွာ အပြစ်ဒဏ်များ ပေးခဲ့ကြ၏။ . . . ဤသို့ဆက်ဆံခံရသည့်အတွက် သေကြောင်းကြံခြင်း၊ တော်လှန်ပုန်ကန်ခြင်းတို့ ဖြစ်လေ့ရှိ၏” ဟုဂျိုခီ အီ စပက်တေကိုလီ (အားကစားပွဲတော်များ) စာအုပ်က ဖော်ပြသည်။ ရောမနိုင်ငံ၏ အကြီးဆုံးဂလက်ဒီယေတာ သင်တန်းကျောင်းတွင် အနည်းဆုံး အကျဉ်းသားတစ်ထောင်အတွက် အခန်းများရှိသည်။ သူတို့အားလုံးမှာ အထူးကျွမ်းကျင်မှု တစ်မျိုးစီရှိကြ၏။ အချို့သည် သံချပ်ဝတ်စုံ၊ ဒိုင်းလွှား၊ ဓားတို့နှင့် တခြားသူများမှာ ပိုက်ကွန်၊ အသွားသုံးချောင်းပါမှိန်းတို့ဖြင့် ထိုးသတ်ကြ၏။ လူကြိုက်များသော တောလိုက်ပုံစံမျိုးဖြင့် တောရိုင်းတိရစ္ဆာန်များနှင့် ရင်ဆိုင်ရသော ထိုးသတ်ပွဲအတွက် အခြားသူများကိုလည်း လေ့ကျင့်ပေးကြ၏။ ဤသို့သောပွဲစဉ်မျိုးကို ပေါလုရည်ညွှန်းခဲ့ခြင်းဖြစ်မည်လော။
ဤထိုးသတ်ပွဲများကို စီစဉ်သူတို့သည် သတ်ပုတ်သူများဖြစ်လာရန် ၁၇ နှစ်၊ ၁၈ နှစ်အရွယ် လူငယ်များကို စုဆောင်းလေ့ကျင့်ပေးသည့် လုပ်ငန်းရှင်များမှ အကူအညီရယူနိုင်ကြသည်။ ထိုအချိန်က သက်ရှိများကို ကူးသန်းရောင်းဝယ်ခြင်းသည် ဝင်ငွေကောင်းသော လုပ်ငန်း
ကြီးတစ်ခုဖြစ်သည်။ စစ်အောင်ပွဲခံရန် ထရာဂျင်စီစဉ်သည့် အထူးပွဲစဉ်တစ်ခုတွင် သတ်ပုတ်သူ ၁၀,၀၀၀ နှင့်တိရစ္ဆာန် ၁၁,၀၀၀ ကိုကွင်းဆင်းထိုးသတ်စေခဲ့သည်။အရီနာကွင်း၌ တစ်နေ့တာအဖြစ်အပျက်
အရီနာကွင်းနံနက်ခင်းများတွင် တောလိုက်ကြ၏။ တောရိုင်းတိရစ္ဆာန်အမျိုးမျိုးကို အရီနာကွင်းထဲ မောင်းလွှတ်ကြသည်။ ပရိသတ်က နွားသိုးနှင့် ဝက်ဝံကိုတွဲလွှတ်လျှင် အထူးသဘောကျ၏။ တစ်ခါတစ်ရံ ထိုတိရစ္ဆာန်နှစ်ကောင်ကို ပူးချည်ထားလေ့ရှိရာ တစ်ကောင်မသေမချင်း ကိုက်ကြ၏၊ ထို့နောက် မသေဘဲကျန်သည့်အကောင်ကို မုဆိုးကပစ်သတ်လိုက်၏။ လူကြိုက်များသော တခြားပွဲစဉ်များမှာ ခြင်္သေ့နှင့်ကျား၊ ဆင်နှင့်ဝက်ဝံတို့၏ သတ်ပွဲများဖြစ်သည်။ မည်မျှပင်ကုန်ကျပါစေ အင်ပါယာတစ်လျှောက်ရှိ နိုင်ငံအသီးသီးမှ တိရစ္ဆာန်များဖြစ်သည့် ကျားသစ်များ၊ ကြံ့များ၊ ရေမြင်းများ၊ သစ်ကုလားအုတ်များ၊ ဟိုင်အီးနားများ၊ ကုလားအုတ်များ၊ ဝံပုလွေများ၊ တောဝက်များနှင့် တောဆိတ်များကို ယူဆောင်လာပြီး မုဆိုးများက အစွမ်းပြထိုးသတ်ကြရ၏။
ဤတောလိုက်ပွဲစဉ်များ၏ သဘာဝရှုခင်းပုံစံ ခံစားမှုရသများက ၎င်းတို့ကို မေ့မရနိုင်အောင်ဖြစ်စေခဲ့သည်။ ကျောက်တုံးကျောက်ဆောင်များ၊ ရေကန်များ၊ သစ်ပင်များအစရှိသည်တို့ဖြင့် သစ်တောပုံစံဖန်တီးထား၏။ အရီနာကွင်းအချို့တွင် တောရိုင်းတိရစ္ဆာန်များသည် မြေအောက်ဓာတ်လှေကားမှလည်းကောင်း၊ အံဝှက်တံခါးမှလည်းကောင်း မျက်လှည့်ပမာ ရုတ်တရက်ပေါ်ထွက်လာကြသည်။ ကြိုတင်ခန့်မှန်း၍မရနိုင်သော တိရစ္ဆာန်အမူအကျင့်ကလည်း စိတ်ဝင်စားစရာကောင်းသည်၊ သို့သော် ဤတောလိုက်ပွဲစဉ်များကို အထူးသဖြင့် စိတ်ဝင်စားစရာဖြစ်စေသည်ကား ရက်စက်ကြမ်းကြုတ်မှုဖြစ်သည်။
၎င်းပွဲစဉ်များပြီးနောက် လူသတ်ပွဲများကို စီစဉ်ထား၏။ ယင်းတို့ကို အသစ်အဆန်းတီထွင်ပြီး တင်ဆက်ပြကြ၏။ ဒဏ္ဍာရီပုံပြင်များကို ပြဇာတ်အနေနှင့် တင်ဆက်ခဲ့ကြပြီး ဇာတ်ဆောင်များသည် တကယ်ပင်သေဆုံးသွားကြရ၏။
နေ့လယ်ပိုင်းတွင် ထူးခြားစွာ လက်နက်ကိုင်ဆောင်ထားပြီး နည်းပညာအမျိုးမျိုးတတ်ကျွမ်းသော သတ်ပုတ်အုပ်စုအသီးသီးသည် တစ်စုကိုတစ်စု ထိုးသတ်ကြ၏။ လူသေကောင်များကို တရွတ်တိုက်ဆွဲယူသွားသူအချို့သည် သေမင်းတမန်ပမာ ဝတ်ဆင်ထားကြ၏။
ပွဲကြည့်ပရိသတ်အပေါ် သက်ရောက်မှု
ထိုးသတ်ခြင်းနှင့်ပတ်သက်၍ လူအုပ်များ၏ဆန္ဒ အတောမသတ်နိုင်သောကြောင့် စိတ်မပါ့တပါ ထိုးသတ်နေသူများကို ကြာပွတ်ဖြင့်ရိုက်နှက်၍၊ သံပူကပ်၍ သွေးထိုးပေးကြသည်။ လူအုပ်က “ဓားကိုများ ဒီလောက်တောင် ကြောက်နေရသလား။ ရဲရဲထိုးလိုက်ပါလား။ သေလိုက်စမ်းပါလား။ ကြာပွတ်နဲ့နာနာ ရိုက်စမ်းပါ! ဓားထုတ်ပြီး ပြန်ချပါလား!” ဟုအော်ဟစ်ကြိမ်းမောင်းကြသည်။ အားလပ်ချိန်တစ်ချိန်တွင် ဤသို့ကြေညာခဲ့ကြောင်း ရောမခေါင်းဆောင် စီနီကာက ရေးသားဖော်ပြခဲ့သည်– “ဆက်လက်ရှုစားစရာကတော့ လည်ပင်းဖြတ်ပါတော့မယ်။”
အိမ်ပြန်ရောက်ချိန်တွင် မိမိသည် “ပိုမိုရက်စက်ကြမ်းတမ်း” လာ၏ဟု စီနီကာဝန်ခံခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ။ ထိုပွဲကြည့်သူ၏ ရိုးသားပွင့်လင်းသောဝန်ခံချက်ကို ကျွန်ုပ်တို့အလေးအနက်ထား စဉ်းစားသင့်သည်။ မျက်မှောက်ခေတ် အားကစားပွဲစဉ်အချို့ကို ကြည့်ရှုသူများလည်း ထပ်တူပင် “ပိုမိုရက်စက်ကြမ်းတမ်း” လာနိုင်မည်လော။
အချို့က အိမ်ပြန်ရောက်လာနိုင်သည့်အတွက် ကျေးဇူးတင်ကြမည်။ ပွဲကြည့်ပရိသတ်တစ်ဦးသည် ဧကရာဇ်မင်းဒိုမီရှန်ကို ထိပါးပြောဆိုမိသဖြင့် ထိုဧကရာဇ်က သူ့ကို ထိုင်ခုံမှဆွဲချပြီး ခွေးများကို ပစ်ကျွေးစေခဲ့သည်။ ကာလီဂူလာသည် ကွပ်မျက်ရန် ရာဇဝတ်ကောင်
များ အလုံအလောက်မရှိသဖြင့် လူအုပ်တစ်ပိုင်းကို ဖမ်းဆီး၍ တောရိုင်းတိရစ္ဆာန်များကို ပစ်ကျွေးစေခဲ့သည်။ ဇာတ်စင်၏စက်ကိရိယာကို ကလောဒီယပ်စ် စိတ်တိုင်းမကျသည့်အတွက် ဇာတ်တာဝန်ခံများကို အရီနာကွင်းထဲဆင်းပြီး ထိုးသတ်စေခဲ့၏။အရူးအမူးဖြစ်နေကြသော ပွဲကြည့်ပရိသတ်ကြောင့်လည်း အကြီးအကျယ်ပြဿနာတက်ပြီး ဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့သည်။ ရောမမြို့မြောက်ဘက်ရှိ အမိုးဖွင့်ပွဲကြည့်စင်ဝိုင်းတစ်ခု ပြိုကျသွားခဲ့ရာ ထောင်နှင့်ချီ၍သေဆုံးခဲ့သည်ဟုဆို၏။ စီ.အီး. ၅၉ ခုနှစ်၊ ပွန်ပေမြို့၌ကျင်းပသောပွဲစဉ်တစ်ခုတွင် အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ အိမ်ရှင်လူအုပ်နှင့် အနီးအနားမြို့တစ်မြို့မှ ပြိုင်ဘက်များသည် အပြန်အလှန်စကားများကြပြီး ခဲများနှင့်ပေါက်ကြ၍ အဆုံးတွင် ဓားချင်းခုတ်ကြသည်ဟု တက်စီတပ်စ်ကဆိုသည်။ အတော်များများ ကိုယ်လက်အင်္ဂါများပြတ်၍ ဒဏ်ရာရခဲ့ကြ၏၊ သတ်ဖြတ်ခံခဲ့ရသူများလည်း မနည်းချေ။
ရှင်းလင်းပြတ်သားသော သင်ခန်းစာတစ်ရပ်
ရောမမြို့ရှိ ကော်လောစီယမ်ခေါ် အမိုးဖွင့်ပွဲကြည့်စင်ကြီးတွင် မကြာသေးမီကခင်းကျင်းခဲ့သော ပြပွဲတစ်ခု (ဆန်ဂရူး အီ အရီနာ၊ “သွေးမြေ”) သည် မူနေရာနှင့်ဆင်သော မျက်မှောက်ခေတ်ဆင်တူချက်များကို အမှတ်ရစေသည်။ ထူးခြားသည်မှာ လူနှင့်နွားရိုင်းသတ်ပွဲ၊ ကြေးစားလက်ဝှေ့ပွဲ၊ ကား၊ မော်တော်ဆိုင်ကယ် ပြိုင်ပွဲများတွင် ကြောက်မက်ဖွယ် ထိခိုက်မှုများ၊ ပွဲစဉ်များအတွင်း အားကစားသမားများ၏ ပရမ်းပတာတိုက်ခိုက်မှုများနှင့် ပွဲကြည့်ပရိသတ်၏ဆူပူသောင်းကျန်းမှုများ အစရှိသည်တို့၏ ဗီဒီယိုပြကွက်များကိုဖော်ပြခဲ့သည်။ ၎င်းပြပွဲ၏အဆုံးတွင် ကောင်းကင်မှရိုက်ထားသော ကော်လောစီယမ်၏ဓာတ်ပုံကို ဖော်ပြထား၏။ ပြပွဲလာသူများ မည်သို့ကောက်ချက်ချကြမည်ကို သင်ထင်သနည်း။ မည်မျှသောသူတို့ သင်ခန်းစာရကြမည်နည်း။
ယနေ့ နိုင်ငံအချို့တွင် ခွေးတိုက်ပွဲ၊ ကြက်တိုက်ပွဲ၊ လူနှင့်နွားရိုင်းသတ်ပွဲနှင့် တုန်လှုပ်ချောက်ချားဖွယ် အားကစားပွဲများသည် အဆန်းမဟုတ်တော့ချေ။ ကားပြိုင်ပွဲများတွင် လူအုပ်ကို သည်းထိတ်ရင်ဖိုဖြစ်စေရန် အသက်စွန့် ပြိုင်ပွဲဝင်ကြ၏။ နေ့စဉ် ရုပ်မြင်သံကြားဇာတ်လမ်းများကိုလည်း သုံးသပ်ကြည့်ပါ။ အနောက်တိုင်း နိုင်ငံတစ်နိုင်ငံတွင် သုံးသပ်ချက်များအရ ရုပ်မြင်သံကြားကြည့်ရှုသူ သာမန်ကလေးတစ်ဦးသည် အသက်ဆယ်နှစ်ရောက်ချိန်တွင် လူသတ်မှု ၁၀,၀၀၀ နှင့်ခိုက်ရန်ဒေါသဖြစ်မှု ၁၀၀,၀၀၀ ကိုမြင်တွေ့နှင့်ခဲ့ပြီဟု ဖော်ပြခဲ့၏။
၎င်းမြင်ကွင်းများကို ကျေနပ်အားရခြင်းသည် “စစ်မှန်သောဘာသာ၊ စစ်မှန်သောဘုရားသခင်ကို အမှန်တကယ်နာခံမှုရှိခြင်းတို့နှင့် မအပ်စပ်” ဟု တတိယရာစု စာရေးဆရာ တာတူလျန်ကဆိုသည်။ ၎င်းတို့ကို သွားရောက်ကြည့်ရှုသူများသည် သတ်ဖြတ်သူများနှင့် ကြံရာပါဖြစ်သည်ဟု သူက ဆင်ခြင်သုံးသပ်ခဲ့၏။ ယနေ့ကော အသို့နည်း။ မိမိကိုယ်ကိုမေးသင့်သည်မှာ ‘ရုပ်မြင်သံကြား၊ ဒါမှမဟုတ် အင်တာနက်ပေါ် ငါကြည့်ရှုနေတဲ့ သွေးထွက်သံယိုမှု၊ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုတို့နဲ့ ငါဖျော်ဖြေနေသလား’ ဟုဖြစ်သည်။ ဆာလံ ၁၁:၅ [သမ္မာ] က “ထာဝရဘုရား[သခင်]သည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၍ ဆိုးသောသူနှင့် ကြမ်းကြုတ်ခြင်း နှစ်သက်သောသူကို မုန်းတော်မူ၏” ဟုဖော်ပြထားကြောင်း သတိရသင့်သည်။
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်]
“သေလွန်သူများ ကျေနပ်စေ” ရန်ထိုးသတ်ပွဲများ
ဂလက်ဒီယေတာပြိုင်ပွဲ၏ မူလအစနှင့်ပတ်သက်၍ တတိယရာစု စာရေးဆရာ တာတူလျန်က ဤသို့ဆိုသည်– “ရှေးခေတ်လူတို့သည် ပိုမိုယဉ်ကျေးသည့်အသွင်ဆောင်သော ရက်စက်မှုဖြင့် အစွန်းမရောက်စေပြီးနောက် ယင်းသို့သောပွဲသဘင်မျိုးဖြင့် သေလွန်သူများကို အမှုဆောင်သည်ဟု သူတို့ယူဆခဲ့ကြသည်။ ရှေးအခါက သေလွန်သူများ၏ဝိညာဉ်တို့ကို လူ့အသွေးနှင့် ပူဇော်ပသကြရသည့်အယူဖြင့် အသုဘအခမ်းအနားများတွင် သုံ့ပန်းများ သို့မဟုတ် သူတို့ဝယ်ထားသည့် သိမ်ဖျင်းသော ကျွန်သပေါက်များကို ပူဇော်လေ့ရှိကြ၏။ ထို့နောက် သူတို့၏ဘုရားတရားကင်းမဲ့မှုကို မထင်ရှားစေရန် အပျော်အပါးအဖြစ် ထိုသို့ပြုလုပ်ကြလေသည်။ ထို့ကြောင့် စုဆောင်းထားသူများအား ၎င်းအချိန်တွင်ရှိသော လက်နက်များကို ကျွမ်းကျင်စွာအသုံးပြုတတ်ရန်၊ အသတ်ခံတတ်ရန် လေ့ကျင့်ပေးပြီးနောက် သတ်မှတ်ထားသော အသုဘအခမ်းအနားတွင် သင်္ချိုင်းမြေ၌ သူတို့ကို အချင်းချင်းသတ်ဖြတ်စေခဲ့သည်။။ ထိုသို့ဖြင့် လူသတ်မှုမှ သူတို့နှစ်သိမ့်မှုရရှိကြ၏။ ယင်းသည် မူနပ်စ် ၏မူလအစဖြစ်သည်။ သို့သော် တဖြည်းဖြည်းနှင့် သူတို့၏ရက်စက်ကြမ်းကြုတ်မှုသည် ပိုမိုဆိုးရွားလာရာ တောရိုင်းတိရစ္ဆာန်များ လူ့ကိုယ်ခန္ဓာကို တစ်စစီဆုတ်ဖြတ်ပစ်ခြင်းမပါလျှင် သူတို့အပြည့်အဝ မပျော်ရွှင်နိုင်တော့ချေ။ သေလွန်သူများ ကျေနပ်စေရန် ပူဇော်ပသခြင်းသည် အသုဘအခမ်းအနားတစ်ခုဖြစ်လာလေ၏။”
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ရှေးခေတ် ဂလက်ဒီယေတာခမောက်နှင့် ညို့သကျည်းအကာ
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ရှေးခေတ်ခရစ်ယာန်များသည် အကြမ်းဖက်ဖျော်ဖြေမှုကို လက်မခံနိုင်ကြချေ။ အသင်ကော
[Credit Lines]
Boxing: Dave Kingdon/Index Stock Photography; car crash: AP Photo/Martin Seppala
[Picture Credit Line on page 26]
Phoenix Art Museum, Arizona/Bridgeman Art Library