မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူ့ပြဿနာများ မကြာမီ အဆုံးတိုင်တော့မည်!

လူ့ပြဿနာများ မကြာမီ အဆုံးတိုင်တော့မည်!

လူ့​ပြဿနာ​များ မကြာမီ အဆုံးတိုင်တော့​မည်!

“ပဋိပက္ခ​ဖြစ်စေ​သော အခြေခံ​အကြောင်းရင်း​များ​ကို ကိုင်တွယ်​ဖြေရှင်းဖို့​ရည်ရွယ်​သည့် သာ၍​ကျယ်ပြန့်​သော​နည်း​ဗျူဟာ​နှင့် အစိုးရ​၏​အားပေး​ထောက်ခံမှု တစ်စိတ်​တစ်ပိုင်း​မပါဝင်ပါ​က လူ​လူ​ချင်း​စာနာ​ထောက်ထား​သည့် အကျိုးဆောင်​လုပ်ငန်း​သည် တန်ဖိုး​အကန့်အသတ်​သာ​ရှိသည်။ အခြေခံ​အားဖြင့် နိုင်ငံရေး​ကြောင့်​ဖြစ်ပေါ်​လာသော ပြဿနာ​များ​ကို လူ​လူ​ချင်း​စာနာ​ထောက်ထား​သည့် အကျိုးဆောင်​လုပ်ငန်း​တစ်ခု​တည်း​ဖြင့် မဖြေရှင်း​နိုင်​ကြောင်း မကြာခဏ​ကြုံတွေ့​ခဲ့​ကြပြီ။”—၂၀၀၀ ပြည့်နှစ် ကမ္ဘာ့​ဒုက္ခသည်​များ​အခြေအနေ။

လူ​လူ​ချင်း​စာနာ​ထောက်ထား​သည့် အကျိုးဆောင်​လုပ်ငန်း​ကို အကြီးအကျယ်​လုပ်ဆောင်ကြ​သည့်​ကြား​မှ လူ့​ပြဿနာ​များ တား​မရအောင် တိုးများ​လာ​သည်။ နိုင်ငံရေး​အရ တည်မြဲသော​ဖြေရှင်း​နည်း ရှိ​နိုင်​ပါ​မည်​လော။ အမှန်စင်စစ် မရှိသလောက်​ပင်။ သို့သော် အဘယ်​နေရာသို့ ကျွန်ုပ်​တို့​မျှော်ကိုး​နိုင်​သနည်း။ တမန်​တော်​ပေါလု​သည် ဧဖက်​မြို့ရှိ ခရစ်ယာန်​များ​ထံ​ရေးသားခဲ့​သော သူ၏​စာ​နိဒါန်း​ပိုင်း​တွင် မှတ်သား​လောက်​သော​စာပိုဒ်​တစ်​ပိုဒ်​၌ လူ့​ပြဿနာ​အားလုံး​ကို ဘုရားသခင်​မည်သို့​အဆုံးတိုင်​စေ​မည့်​အကြောင်း ရှင်းပြ​ခဲ့​သည်။ ထိုသို့​ပြု​ရန် ဘုရားသခင်​အသုံးပြု​မည့်​အကူအညီကို​ပင် သူ​ဖော်ပြ​ခဲ့​သည်၊ ထို​အသုံးတော်ခံ​သည် ယနေ့ ကျွန်ုပ်​တို့​ကြုံတွေ့​နေရ​သော ပြဿနာ​အားလုံး​၏ ဇာစ်​မြစ်ကို ကိုင်တွယ်​ဖြေရှင်းပါ​လိမ့်​မည်။ ပေါလု​၏​စကား​ကို သုံးသပ်ကြည့်​ကြ​စို့။ ထို​စာပိုဒ်​ကို ဧဖက် ၁:၃-၁၀ တွင်​တွေ့ရှိ​ရသည်။

“ရှိရှိသမျှ​တို့ကို​ပေါင်း​၍ ခရစ်တော်​၌​ချုပ်ခြာ​စေ”

တမန်​တော်​က ဘုရားသခင့်​ရည်ရွယ်ချက်မှာ သူ​ခေါ်ဆို​သည့် ‘ကာလ​အချိန်စေ့​စုံ​ခြင်း​၏ စီမံခန့်ခွဲမှု [သို့​မဟုတ် လုပ်ငန်းများ​ကို​စီမံခန့်ခွဲမှု] တစ်ရပ်’ အတွက်​ဖြစ်သည်ဟု​ဆို​၏။ အဘယ်အရာကို သူ​ဆိုလို​သနည်း။ ဘုရားသခင်​သည် “ကောင်းကင်ပေါ်၊ မြေကြီး​ပေါ်မှာ ရှိရှိသမျှ​တို့ကို​ပေါင်း​၍ ခရစ်တော်​၌​ချုပ်ခြာ​စေ [“တစ်ဖန်​စုစည်း​စေ၊” က​ဘ]ရန် အချိန်​သတ်မှတ်​ထား​သည်​ဟူသော အဓိပ္ပာယ်​ရှိသည်။ (ဧဖက် ၁:၁၀) မှန်ပါသည်၊ ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီးပေါ်​ရှိ အရာခပ်သိမ်း​ကို ကိုယ်တော်တိုင် ကွပ်ကဲ​၍ တညီတညွတ်​တည်း​ဖြစ်လာ​စေရန် အစီအစဉ်ကို စတင်​တော်​မူ​ခဲ့ပြီ။ စိတ်ဝင်စားစရာ​မှာ ဤ​တွင် ‘တစ်ဖန်​စုစည်း​စေရန်’ ဟူသော​အသုံးအနှုန်း​နှင့်​စပ်လျဉ်း၍ ကျမ်း​ပညာရှင် ဂျေ. အိပ်ခ်ျ. သေ​ယာ​က ဤသို့​ဖော်ပြ​သည်– “ကိုယ်တော်တိုင်​အတွက် . . . အရာခပ်သိမ်း​ကို တစ်ဖန်​ပြန်​စုစည်း​၍ (အပြစ်​ကြောင့် ယခု​အချိန်အထိ စည်းလုံးမှု​မရှိ) သူတို့အား ခရစ်တော်​၌ အဖော်အဖက်​များ​အဖြစ်သို့ တ​ပေါင်း​တ​စည်း​ဖြစ်စေ​သည်။”

အစ​ကနဦး​၌ စည်းလုံးမှု​ပျောက်ဆုံး​ခဲ့​ရခြင်း​ကြောင့် ထိုသို့​ဘုရားသခင်​ပြုလုပ်​ပေးဖို့ လိုအပ်ခြင်း​ကို ဖော်ပြ​သည်။ လူ့​သမိုင်းအစပိုင်း​တွင် ကျွန်ုပ်​တို့၏​ကနဦး​မိဘများ​ဖြစ်သော အာဒံ​နှင့်​ဧဝ​တို့သည် စာတန်​နောက်လိုက်​ပြီး ဘုရားသခင်​ကို ပုန်ကန်​ခဲ့​ကြသည်။ ကောင်း​မကောင်း​ကို သူတို့​ကိုယ်တိုင်​ဆုံးဖြတ်​ပိုင်ခွင့်​ရှိစေ​သော အမှီအခို​ကင်း​သည့်​အဖြစ်ကို ရ​လို​ခဲ့​ကြသည်။ (ကမ္ဘာဦး ၃:၁-၅) ဘုရားသခင့်​တရား​မျှတမှု​နှင့်​အညီ သူတို့သည် ဘုရားသခင့်​မိသားစု​မှ နှင်ထုတ်​ခံရ​ကြ​ပြီး ကိုယ်တော်​နှင့်​မိတ်ပျက်​သွားခဲ့​ကြ​လေ​သည်။ သူတို့သည် လူသားတို့အား မစုံလင်မှု​နှင့်အတူ ယနေ့ ကျွန်ုပ်​တို့​ကြုံတွေ့​နေရ​သော ကြောက်မက်​ဖွယ်​ဆိုးကျိုး​များ​ကို ခံစား​စေ​ခဲ့​ကြသည်။—ရောမ ၅:၁၂

ဆိုးသွမ်းမှု​ကို ခေတ္တ​ခွင့်ပြု​ထားခြင်း

‘အဲဒါကို ဘုရားသခင်​ဘာကြောင့်​ခွင့်ပြု​တာလဲ။ အခု ကျွန်တော်​တို့​ခံစား​နေကြ​ရတဲ့ နာကျင်မှုနဲ့ ဆင်းရဲခြင်း​အားလုံး​မရှိစေဖို့ ကိုယ်တော်​ရဲ့ ကြီးမား​လှတဲ့​တန်ခိုးတော်​ကို​သုံးပြီး အလိုတော်အတိုင်း​ဖြစ်​ရအောင် ဘာကြောင့်​အရေးယူ မ​ဆောင်ရွက်​ခဲ့​တာလဲ’ ဟု​အချို့​က​မေး​ကြ​ပေမည်။ ထိုသို့​စဉ်းစား​တွေးတော​ဖို့ လွယ်ကူ​ပေမည်။ သို့သော် ဤသို့​သော​ကြီးမား​လှ​သည့်​တန်ခိုးတော်​ကို အသုံးပြု​ခဲ့​ခြင်း​က အမှန်​အားဖြင့် အဘယ်အရာကို တင်ပြ​မည်​နည်း။ မိမိ​၌​တန်ခိုး​ရှိသောကြောင့် သဘောထား​ဆန့်ကျင်​သည့် လက္ခဏာ​တွေ့​သည်​နှင့် ဆန့်ကျင်သူ​အားလုံး​ကို ချေမှုန်း​ဖျက်ဆီး​သူ​တစ်ဦး​ကို သင်​အထင်ကြီး​မည်၊ သို့​မဟုတ် သဘောကျ​မည်​လော။ ဝေးလေစွ။

အမှန်​မှာ ထို​သူပုန်များ​သည် ဘုရားသခင့် အတိုင်းအဆမဲ့​တန်ခိုးတော်​ကို စိန်ခေါ်​ခဲ့​သည်မဟုတ်​ပါ။ ကိုယ်တော့်​အုပ်ချုပ်ပုံ​နည်းလမ်း​၏ တော်မှန်​ဖြောင့်မတ်မှု​ကို သူတို့ အထူးသဖြင့် စိန်ခေါ်​ခဲ့​ခြင်း​ဖြစ်သည်။ ပေါ်ပေါက်​နေသော အရင်းခံ​ပြဿနာ​များ​ကို တစ်ခါတည်း​နှင့်​အပြီးအပိုင် ဖြေရှင်းဖို့ ယေဟောဝါ​သည် ကိုယ်တော်​မပါဘဲ မိမိတို့​ဘာသာ​အုပ်ချုပ်​ရန် အချိန်​အကန့်အသတ် ခွင့်ပြု​ခဲ့​ခြင်း​ဖြစ်သည်။ (ဒေ. ၃:၁; လုကာ ၂၁:၂၄) ထို​အချိန်စေ့​သောအခါ ကိုယ်တော်​ကြားဝင်​တော်​မူ​ပြီး မြေကြီးကို လုံးလုံး​အုပ်ချုပ်​ပါ​လိမ့်​မည်။ ထို​အခါ ကိုယ်တော့်​အုပ်ချုပ်ပုံ အုပ်ချုပ်နည်း​သည် မြေကြီးသား​များ​အတွက် တည်မြဲသော​ငြိမ်သက်မှု၊ ပျော်ရွှင်မှု​နှင့် ကြီးပွားမှု​ကို အာမခံ​သည့် တစ်ခု​တည်း​သော​နည်းလမ်း​ဖြစ်​ကြောင်း အထင်အရှား​ပေါ်လွင်​လာ​ပါ​လိမ့်​မည်။ ထို​အခါ ဖိနှိပ်​သူများ​အားလုံး​ကို ကမ္ဘာ​ပေါ်​မှ ထာဝရ​ဖယ်ရှားပစ်​ပါ​လိမ့်​မည်။—ဆာလံ ၇၂:၁၂-၁၄; ဒံယေလ ၂: ၄၄၊ ၄၅

“ဤ​ကမ္ဘာ​မတည်မရှိ​မီ”

ဤသို့​ပြုလုပ်​ရန် ကြာမြင့်စွာ​ကတည်းက ယေဟောဝါ​ရည်ရွယ်​တော်​မူ​ခဲ့​သည်။ ပေါလု​က “ဤ​ကမ္ဘာ​မတည်မရှိ​မီ” ဟု​ဖော်ပြ​သည်။ (ဧဖက် ၁:၄) ၎င်း​သည် မြေကြီး သို့​မဟုတ် အာဒံ​နှင့်​ဧဝ​တို့ကို မဖန်ဆင်းမီ​ကို မဆိုလို​ပါ။ ထို​ကမ္ဘာ​သည် “အလွန်​ကောင်း” ၏၊ ပုန်ကန်မှု​လည်း မဖြစ်​ပွား​ခဲ့​သေး​ချေ။ (ကမ္ဘာဦး ၁:၃၁) သို့​ဖြစ်​လျှင် အဘယ် “ကမ္ဘာ” ကို တမန်​တော်​ပေါလု​ဆိုလို​သနည်း။ အာဒံ​နှင့်​ဧဝ​တို့၏ သားသမီး​များ​ကမ္ဘာ၊ အပြစ်​ရှိ၍ မစုံလင်​သော ရွေးနုတ်​ခံရ​ရန်လို​သည့် လူသား​ကမ္ဘာ​ဖြစ်သည်။ မည်သည့်​သားသမီး​မျှ အာဒံ​မမွေးဖွား​မီ​ကတည်းက ရွေးနုတ်​ခံထိုက်သော သူ၏​သားမြေး​များ သက်သာရာ​ရစေဖို့ မည်သို့​လုပ်ဆောင်​ရမည်ကို ယေဟောဝါ​သိရှိ​ထား​နှင့်​ပြီး​ဖြစ်သည်။—ရောမ ၈:၂၀၊ ၂၁

ယင်းကြောင့် စကြဝဠာ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​သည် လူသားများ​ကဲ့သို့ ကိစ္စရပ်​များ​ကို ကိုင်တွယ်​ရမည်ဟု မဆိုလို​ပါ။ လူသား​တို့သည် အရေးပေါ်​ကိစ္စ​ပေါ်လာ​မည်​ကို သိရှိ​လျက် ကိုင်တွယ်​ဖြေရှင်း​နည်း​အမျိုးမျိုးကို အသေးစိတ်​စီစဉ်​ထား​တတ်ကြ​သည်။ အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​မူ​ကား ရည်ရွယ်တော်မူချက်​ကို ဖော်ပြ​ရုံ​ဖော်ပြ​ပြီး အထမြောက်​စေတော်မူ​၏။ သို့​တိုင် လူသား​တို့ တည်မြဲသော​သက်သာမှု​ရှိစေရန် မည်သို့​လုပ်ဆောင်​မည်​ကို ယေဟောဝါ​စီစဉ်​ထား​ကြောင်း ပေါလု​ရှင်းပြသည်။ ထို​စီမံချက်​များ​ကား အဘယ်နည်း။

မည်သူ​လွတ်မြောက်​စေမည်​နည်း

ခရစ်တော်​၏​ဝိညာဉ်​တော်​ဖွား နောက်တော်လိုက်​များသည် အာဒံ​၏​အပြစ်​ကြောင့် ဖြစ်ပေါ်​လာသော ထိခိုက်မှု​ကို ပယ်ဖျက်​ပေး​ရန် အထူး​တာဝန်ရ​ရှိ​ထား​၏။ ပေါလု​က ကောင်းကင်​နိုင်ငံတော်​တွင် ယေရှု​နှင့်အတူ​အုပ်ချုပ်​ရန် ယေဟောဝါ​သည် “ငါ​တို့ကို ခရစ်တော်​၌​ရွေးကောက်​တော်​မူ​သည်” ဟု​ဆို​၏။ ယင်းကို ထပ်ဆင့်​ရှင်းပြ​ရာ​၌ ပေါလု​က “ငါ​တို့သည် ယေရှု​ခရစ်​အားဖြင့် သား​အရာ​ကို​ရမည်​အကြောင်း” ယေဟောဝါ​သည် “ရှေး​မ​ဆွ​က ခွဲခန့်​မှတ်သား​တော်​မူ​၏’ ဟု​ဆို​သည်။ (ဧဖက် ၁:၄-၆) သူတို့​တစ်ဦးချင်း​စီ​ကို ယေဟောဝါ​ရွေးကောက်​ခြင်း၊ သို့​မဟုတ် ရှေး​မ​ဆွ​က ခွဲခန့်​မှတ်သား​ခြင်း​မပြု​သည်​မှာ အမှန်ပင်။ သို့သော် စာတန်​နှင့်အတူ အာဒံ​နှင့်​ဧဝ​တို့ လူ့​မိသားစု​အပေါ် ကျရောက်​စေ​ခဲ့​သည့် ထိခိုက်​နစ်နာမှု​ကို ခရစ်တော်​နှင့်အတူ ပယ်ဖျက်​မည့် တည်ကြည်​၍ အပ်နှံ​ထားသော​လူတန်းစား​တစ်စု​ကို ကိုယ်တော်​ကြိုတင် ခွဲခန့်​မှတ်သား​ထား​တော်​မူ​သည်။—လုကာ ၁၂:၃၂; ဟေဗြဲ ၂:၁၄-၁၈

အမှန်တကယ် အံ့ချီးဖွယ်​ရာ​ပါ​တကား! ဘုရားသခင့်​ပိုင်သ​အုပ်စိုးခွင့်​ကို ကနဦး​စိန်ခေါ်​ခဲ့​ချိန်​တွင် စာတန်​က ဘုရားသခင့်​ဖန်ဆင်း​ခံ လူသားများ​သည် အပြစ်​အနာအဆာ​ရှိ၍ သူတို့သည် နှိပ်စက်​ညှဉ်းပန်း​ခံရ သို့​မဟုတ် မက်လုံး​ပေး​ခံရ​မည်​ဆိုလျှင် ဘုရားသခင့်​အုပ်ချုပ်မှု​ကို အားလုံး​ဆန့်ကျင်​ပုန်ကန်​ကြလိမ့်မည်​ဟု သွယ်ဝိုက်​ပြောဆို​ခဲ့​သည်။ (ယောဘ ၁:၇-၁၂; ၂:၂-၅) “ကျေးဇူးတော်​၏​ဘုန်း​အသရေ” ကို သိသာ​ထင်ရှား​စွာ ဖော်ပြ​ရာ​တွင် ယေဟောဝါ​ဘုရားသခင်​သည် အချိန်တန်သော် အာဒံ​၏​အပြစ်ရှိ​သော​မိသားစု​မှ အချို့​ကို မိမိ၏ဝိညာဉ်​ရေးသား​များ​အဖြစ် မွေးစား​ခြင်း​ဖြင့် မြေကြီးဆိုင်ရာ​ဖန်ဆင်း​ခံရ​သူများ​အပေါ် ယုံကြည်​စိတ်ချမှု​ရှိကြောင်း တင်ပြ​တော်​မူ​ခဲ့​သည်။ ဤ​အုပ်စုငယ်​မှ သူများကို ကောင်းကင်​၌​အမှုထမ်း​စေရန် ခေါ်ဆောင်​သွား​မည်​ဖြစ်သည်။ အဘယ်​ရည်ရွယ်ချက်​အတွက်​နည်း။—ဧဖက် ၁:၃-၆; ယောဟန် ၁၄:၂၊ ၃; ၁ သက်သာလောနိတ် ၄:၁၅-၁၇; ၁ ပေတရု ၁:၃၊ ၄

ဘုရားသခင်​၏ ဤ​မွေးစား​ခံရ​သော​သားများ​သည် ကောင်းကင်​နိုင်ငံတော်​တွင် “ခရစ်တော်​နှင့်အတူ . . . အမွေခံ” များ​ဖြစ်လာ​ကြ​မည်​ဟု တမန်​တော်​ပေါလု​ဆို​၏။ (ရောမ ၈:၁၄-၁၇) ယခု ခံစား​နေကြ​ရသော နာကျင်မှု​နှင့် ဆင်းရဲခြင်း​မှ လူ့​မိသားစုကို​လွတ်မြောက်​စေ​ရာ​၌ သူတို့သည် ဘုရင်​များ၊ ယဇ်ပုရောဟိတ်​များ​အဖြစ် ပါဝင်​ကြလိမ့်မည်။ (ဗျာဒိတ် ၅:၁၀) မှန်ပါသည်၊ “ဤ​လောက​တစ်နိုင်ငံ​လုံး​သည် ယခု​တိုင်အောင် တညီတညွတ်​တည်း​ညည်းတွား​၍ ဆင်းရဲခြင်း​ဝေဒနာ​ကို​ခံရ​သည်​ဟု ငါ​တို့​သိ​ကြ​၏။” များ​မကြာမီ ဤ​အထူး​ရွေးချယ်ခံ​ရသော ဘုရားသခင်​၏​သားများ​သည် ယေရှု​ခရစ်​နောက်သို့​လိုက်​ကာ အရေးယူ​ဆောင်ရွက်​ကြ​ပြီး နာခံမှု​ရှိသော​လူသား​အားလုံး “ဘုရားသခင်​သားတို့​၏ ထူးမြတ်​သော​လွတ်ခြင်း​ချမ်းသာ​တည်း​ဟူသော ဖောက်ပြန်​ပျက်စီးခြင်း​အနှောင်အဖွဲ့​မှ ကယ်လွှတ်​ခြင်း​ချမ်းသာ​ကို” တစ်ဖန်​ပြန် “ဝင်စား​မည်။”—ရောမ ၈:၁၈-၂၂

“အပြစ်လွှတ်​တော်​မူ​ခြင်း​တည်း​ဟူသော ရွေးနုတ်​တော်​မူ​ခြင်း”

ရွေးနုတ်​နိုင်သော လူသား​လောက​အပေါ် ဘုရားသခင်​၏​မခံစားထိုက်သော ကြင်နာ​မှု​ကို အထူးခြားဆုံး၊ အမြင့်မြတ်ဆုံး တင်ပြခြင်း​ဖြစ်​မည့် ယေရှု​ခရစ်​၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်​အားဖြင့် အဆိုပါ​အရာအားလုံး ဖြစ်မြောက်​နိုင်​ခဲ့ပြီ။ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ငါ​တို့​၌ အတိုင်း​ထက်​အလွန်​များ​လှ​စွာ​သော ကျေးဇူးတော်​သည် ကြွယ်ဝ​ပြည့်စုံ​သည်​နှင့်​အညီ၊ ထို​သားတော်​၏​အသွေး​အားဖြင့် အပြစ်လွှတ်​တော်​မူ​ခြင်း​တည်း​ဟူသော ရွေးနုတ်​တော်​မူ​ခြင်း​ကျေးဇူး​ကို ငါ​တို့သည် ခံရ​ကြ​၏။”—ဧဖက် ၁:၈

ဘုရားသခင့်​ရည်ရွယ်တော်မူချက် အကောင်အထည်ဖော်​ရေး​တွင် ယေရှု​ခရစ်​သည် အဓိက​ပုဂ္ဂိုလ်​ဖြစ်သည်။ (ဟေဗြဲ ၂:၁၀) ကိုယ်တော်​၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်​သည် အာဒံ​၏​သားစဉ်မြေးဆက်​အချို့​ကို ယေဟောဝါ​၏​ကောင်းကင်​မိသားစုတွင် ပါဝင်​စေဖို့ မွေးစား​ရန်​နှင့် ကိုယ်တော်​၏​ပညတ်တော်​များနှင့် မူများ​ကို ယုံကြည်​စိတ်ချမှု လျော့​မသွား​စေ​ဘဲ အာဒံ့​အပြစ်​၏​အကျိုးဆက်များ​မှ လူသားကို​လွတ်မြောက်​စေရန် တရားဝင်​အခြေခံ​အကြောင်းရင်းကို​ပေး​သည်။ (မဿဲ ၂၀:၂၈; ၁ တိမောသေ ၂:၆) ယေဟောဝါ​သည် မိမိ၏​ဖြောင့်မတ်ခြင်း​ကို​အတည်ပြု​၍ ပြည့်ဝ​စုံလင်သော​တရား​မျှတမှုကို ဖြည့်ဆည်း​ပေး​သည့်​နည်းဖြင့် ကိစ္စရပ်​များ​ကို ပြုမူ​တော်​မူ​ခဲ့ပြီ။—ရောမ ၃:၂၂-၂၆

ဘုရားသခင်​၏ “နက်နဲ​သော​အရာ”

ဘုရားသခင်​သည် မြေကြီး​အတွက် မိမိ၏​ရည်ရွယ်တော်မူချက် မည်သို့​အကောင်အထည်​ပေါ်​စေမည်​ဟု နှစ်ပေါင်း​ထောင်ချီ​ပြီး အတိအကျ​မဖော်​ပြ​ခဲ့​ချေ။ စီ.အီး. ပထမ​ရာစု​တွင် “အလိုတော်​၏​နက်နဲ​သော​အရာ​ကို [ခရစ်ယာန်​များ] အား​ပြတော်မူ​၏။” (ဧဖက် ၁:၉) ပေါလု​နှင့် သူ၏​အပေါင်းအဖော်​များ​ဖြစ်သည့် ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များသည် ဘုရားသခင့်​ရည်ရွယ်တော်မူချက် အကောင်အထည်​ပေါ်​ရေး​တွင် ယေရှု​ခရစ်​၏ ကြီးကျယ်​ခမ်းနား​သော​အခန်းကဏ္ဍကို ကောင်းစွာ​နားလည်ခဲ့​ကြသည်။ ကိုယ်တော်​၏​ကောင်းကင်​နိုင်ငံတော်​တွင် ခရစ်တော်​၏​တွဲဖက်​အမွေခံများ​အဖြစ် သူတို့၏​အထူး​အခန်းကဏ္ဍကို​လည်း သူတို့​သဘောပေါက်​လာ​ကြသည်။ (ဧဖက် ၃:၅၊ ၆၊ ၈-၁၁) ကောင်းကင်​၌​သာမက မြေကြီးပေါ်​တွင် ငြိမ်သက်မှု​တည်မြဲ​စေရန် ယေရှု​ခရစ်​နှင့် ကိုယ်တော်​၏​တွဲဖက် အုပ်ချုပ်​သူများ​လက်၌​ရှိသော ဘုရားသခင့်​ကောင်းကင်​အစိုးရ​ကို ဘုရားသခင်​အသုံးပြု​တော်​မူ​လိမ့်​မည်။ (မဿဲ ၆:၉၊ ၁၀) ၎င်း​အားဖြင့် ယေဟောဝါ​သည် မြေကြီး​အတွက် မူလ​က​ရည်ရွယ်​ထား​တော်​မူ​သည့်​အခြေအနေ​ကို ဤ​ကမ္ဘာ​ပေါ် ပြန်ရောက်​ရှိစေပါ​လိမ့်​မည်။—ဟေရှာယ ၄၅:၁၈; ၆၅:၂၁-၂၃; တမန်​တော် ၃:၂၁

မြေကြီးပေါ်​မှ ဖိနှိပ်မှု​နှင့် မတရားမှု​အားလုံး​ကို ဖယ်ရှားပစ်​ဖို့ ကိုယ်တော်တိုင်​အရေးယူ​ဆောင်ရွက်ရန် သတ်မှတ်​ထားချိန်​သည် မဝေးတော့​သည့်​အနာဂတ်​တွင်​ရှိ၏။ သို့သော် အမှန်​မှာ ယေဟောဝါ​သည် စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ပြန်လည်​ထူထောင်​ရေး​အစီအစဉ်ကို စတင်​ခဲ့​သည်။ မည်သို့​အားဖြင့်​နည်း။ ထို​အချိန်၌ ကောင်းကင်​တွင်​ခရစ်တော်​နှင့်အတူ အုပ်ချုပ်​ကြ​မည့်​သူများ၊ ‘ကောင်းကင်ပေါ်​ရှိ​အရာများ’ ကို​စတင်​စုစည်း​ခဲ့​သည်။ ဤ​သူများ​တွင် ဧဖက်​မြို့မှ​ခရစ်ယာန်​များလည်း ပါဝင်​သည်။ (ဧဖက် ၂:၄-၇) များ​မကြာမီ​ကကျွန်ုပ်​တို့​ခေတ်တွင်​ပင် ယေဟောဝါ​သည် ‘မြေကြီးပေါ်​ရှိ​အရာများ’ ကို​စုစည်း​တော်​မူ​ခဲ့​၏။ (ဧဖက် ၁:၁၀) ကိုယ်တော်​သည် ယေရှု​ခရစ်​လက်၌​ရှိသော ဘုရားသခင့်​နိုင်ငံတော်​အစိုးရ​နှင့်​ဆိုင်သော သတင်းကောင်းကို ကမ္ဘာချီ​ဟောပြောခြင်း​ကင်ပိန်း​အားဖြင့် လူမျိုး​အားလုံး​အား ကြားသိ​နေ​စေတော်မူ​၏။ လက်ခံ​တုံ့ပြန်​ကြ​သူများ​သည် ယခု​အချိန်တွင်​ပင် ဝိညာဉ်​ရေး​အကာအကွယ်​နှင့် ကုသမှု​ရှိရာ​အရပ်သို့ စုသိမ်း​ခံ​နေရ​ကြသည်။ (ယောဟန် ၁၀:၁၆) များ​မကြာမီ သူတို့သည် သန့်စင်​ပြီး​သော ပရဒိသု​မြေကြီးပေါ်​တွင် မတရားမှု​နှင့် ဆင်းရဲခြင်း​ရှိသမျှ​မှ လုံးဝ​လွတ်မြောက်​ကြ​ပါ​လိမ့်​မည်။—၂ ပေတရု ၃:၁၃; ဗျာဒိတ် ၁၁:၁၈

ဖိနှိပ်ခံ​ရသော​လူသားများ​ကို​ကူညီ​ရန် လူ​လူ​ချင်း​စာနာ​သည့် အကျိုးဆောင်​လုပ်ငန်းများ ဆောင်ရွက်​ရာ​တွင် “အံ့မခန်းဖွယ်​တိုးတက်မှု အတော်များများ” ကို​ပြုလုပ်​ခဲ့​ကြပြီ။ (၂၀၀၀ ပြည့်နှစ် ကမ္ဘာ့​ကလေးငယ်​များ​၏​အခြေအနေ) သို့သော် ခရစ်တော်​ယေရှု​နှင့် ကိုယ်တော့်​တွဲဖက်​အုပ်စိုးရှင်​များ​၏ ကောင်းကင်​နိုင်ငံတော်​အစိုးရ​၏ ကြားဝင်​ဆောင်ရွက်မှု​သည် အံ့မခန်းဖွယ်​အကောင်းဆုံး တိုးတက်မှု​ဖြစ်ပါ​လိမ့်​မည်။ ၎င်း​သည် ပဋိပက္ခ​ဖြစ်စေ​သည့် ဇာစ်​မြစ်​အားလုံး​နှင့် ကျွန်ုပ်​တို့​အပေါ် ကျရောက်​သော ဆိုးသွမ်းမှု​ဟူသ၍​ကို သူတို့​လုံးလုံး​ကိုင်တွယ်​ဖြေရှင်း​ပစ်​မည်​ဖြစ်သည်။ သူတို့သည် လူ့​ပြဿနာ​အားလုံး​ကို အဆုံးတိုင်​စေပါ​လိမ့်​မည်။—ဗျာဒိတ် ၂၁:၁-၄

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

လူ​လူ​ချင်း​စာနာ​သည့် အကျိုးဆောင်​လုပ်ငန်း များသည် လူ့​ပြဿနာ​များ​ကို မဖြေရှင်း​ပေး​ခဲ့

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ခရစ်တော်​၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်​သည် လူသား​တို့ကို အာဒံ့​အပြစ်​မှ​လွတ်မြောက်​စေ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဝိညာဉ်​ရေး​ကာကွယ်​မှု​နှင့် ကုသမှု​ကို ယနေ့​ရှာတွေ့နိုင်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မကြာမီ၊ မေရှိယနိုင်ငံတော်​အားဖြင့် ပြဿနာ​များ​မှ လုံးဝ​လွတ်မြောက်​ပါ​လိမ့်​မည်