မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူ့ပြဿနာများ အဆုံးတိုင်ပါဦးမည်လော

လူ့ပြဿနာများ အဆုံးတိုင်ပါဦးမည်လော

လူ့​ပြဿနာ​များ အဆုံးတိုင်​ပါ​ဦး​မည်​လော

“ကမ္ဘာ့​လူဦးရေ လေး​ပုံ​တစ်​ပုံ​သည် ဆင်းရဲ​ချို့ငဲ့​နေကြ​သည်၊ လူဦးရေ ၁.၃ ဘီလီယံ​မှာ တစ်ရက်​လျှင် ယူ.အက်စ်. တစ်​ဒေါ်လာ​ပင်မ​ရှိသည့်​ငွေ​ဖြင့် အသက်ဆက်​နေကြ​ရသည်၊ ၁ ဘီလီယံ​မှာ စာ​မဖတ်​တတ်​ချေ၊ ၁.၃ ဘီလီယံ​မှာ ရေ​သန့်​မ​သောက်​ရ​ကြ၊ ၁ ဘီလီယံ​မှာ နေ့စဉ်​ငတ်ပြတ်​လျက်​ရှိသည်။” ကမ္ဘာ့​အခြေအနေ​နှင့်​ပတ်သက်​၍ အိုင်ယာလန်​မှ သတင်း​တစ်ပုဒ်​က ထိုသို့​ဖော်ပြ​သည်။

ကမ္ဘာ့​ပြဿနာ​များ​အတွက် ဖြေရှင်းချက်​များ လူ​တို့​ရှာမတွေ့​နိုင်​ခြင်း​သည် ဝမ်းနည်းဖွယ် အဖြစ်ဆိုး​ပါ​တကား! အဆိုပါ​သတင်း​တွင် ဖော်ပြ​ခံရ​သူ​အများစုမှာ ခိုကိုးရာ​မဲ့ အမျိုးသမီးများနှင့် ကလေးငယ်​များ​ဖြစ်​ကြောင်း သိရ​သည့်​အခါ ထို​ပြဿနာ​များသည် ပို​၍​ပင်​ဝမ်းနည်းဖွယ်​ကောင်း​သည်။ ဤ ၂၁ ရာစု၊ ယခု​အချိန်၌​ပင် သူတို့၏ လူ့​အခွင့်အရေး​များသည် “နေ့စဉ် မရေမတွက်​နိုင်အောင် ချိုးဖောက်​ခံ​နေရ​ဆဲ​ရှိ” ခြင်း​မှာ ထိတ်လန့်​တုန်လှုပ်​စ​ရာ မကောင်း​ပေ​လော။—၂၀၀၀ ပြည့်နှစ် ကမ္ဘာ့​ကလေး​များ​အခြေအနေ။

“လူမျိုးတစ်ဆက်​အတွင်း ကမ္ဘာသစ်”

ကုလသမဂ္ဂ​ကလေး​များ​ရန်ပုံငွေ​အဖွဲ့က “ကမ္ဘာ​တစ်​လွှား လူတို့၏​အသက်တာ​များ​ကို လွှမ်းမိုး​ထား​သည့် . . . ဤ​မတော်မတရား​ပြုခြင်း​ကို ဖယ်ရှား​နိုင်​မည်” ဟု​ယုံကြည်​ကြောင်း ဖော်ပြ​ခဲ့​သည်။ ၎င်း​အဖွဲ့အစည်း​က ဤ​အကြောင်း​မလှ​သူ သန်းပေါင်း​များစွာ​တို့ ခံစား​နေရ​သော ကြောက်မက်​ဖွယ်​အခြေအနေ​များသည် “မလွှဲ​မရှောင်​သာ​ဖြစ်​သကဲ့သို့ မပြောင်းလဲ​နိုင်​ပေ” ဟု​ဆို​၏။ အမှန်​အားဖြင့် ယင်းသည် “လူမျိုးတစ်ဆက်​အတွင်း ကမ္ဘာသစ်​တစ်ခု အကောင်အထည်​ပေါ်လာ​ရန် လူအားလုံး အသိအမှတ်ပြု​ရန်” လိုအပ်​သည်​ဟု​ဆို​ခဲ့ပြီ။ ၎င်း​ကား လူသား​အားလုံး​ကို “ဆင်းရဲ​နွမ်းပါး​ခြင်း​နှင့် ခွဲခြား​ဆက်ဆံခြင်း​တို့​မှ လွတ်မြောက်​စေပြီး၊ အကြမ်းဖက်မှု​နှင့် အနာ​ရောဂါ​တို့​မရှိ” စေ​မည့်​ကမ္ဘာ​တစ်ခု​ဖြစ်​ရမည်ဟု ထို​အဖွဲ့က​မျှော်လင့်​သည်။

ယခု​အချိန်၌​ပင် စာနာ​တတ်​သူတို့သည် “အဆုံးမရှိ​ပုံ​ပေါ်​သည့် ပဋိပက္ခ​များနှင့် အကျပ်အတည်း​များ” ကြောင့်​ဖြစ်ပေါ်​လာ​သည့် ဝမ်းနည်းဖွယ်​ရာ​များ​ကို လျော့နည်းစေ​ရန် များစွာ​ကြိုးပမ်း​လုပ်ဆောင်နေ​ကြသည်​ကို​ထောက်၍ အဆိုပါ​ထင်မြင်​ယူဆချက်များ အကောင်အထည်​ပေါ်လာ​ခြင်း​ဖြစ်သည်။ ဥပမာ၊ လွန်ခဲ့သော ၁၅ နှစ်​ကျော်​အတွင်း ချာနိုဘိုင်းလ် ကလေးငယ်​များ​၏​စီမံကိန်း​သည် “နျူကလီးယား​ပေါက်ကွဲ​မှု​မှ ထွက်ပေါ်​လာသော ရေဒီယို​သတ္တိ​ကြွ အမှုန်​များ​ကြောင့် ကင်ဆာ​ရောဂါ​များ ရရှိကြ​သည့်​ကလေးငယ် ရာ​ပေါင်း​များစွာ​၏​ဝေဒနာ​ကို လျော့ပါး​စေ​ခဲ့ပြီ။” (သည် အိုင်း​ရ​စ်ရှ် အက်​ဇဲန်​မင်​နာ၊ ဧပြီ ၄၊ ၂၀၀၀) ကယ်ဆယ်​ရေး​အဖွဲ့ ကြီးငယ်မဟူ​တို့သည် စစ်​နှင့် သဘာဝဘေးဒဏ်​ကြောင့် ဆင်းရဲခြင်း​ဝေဒနာ ခံရ​သူတို့၏​အသက်တာကို များစွာ​ထောက်ကူ​နေကြ​သည်​မှာ မှန်ပါသည်။

သို့သော် လူ​လူ​ချင်း​စာနာ​ထောက်ထား​သည့် ဤ​လုပ်ဆောင်မှုများ​ကို ပြုလုပ်​ဆောင်ရွက်​သူများ​သည် အရှိ​ကို​အရှိအတိုင်း ရှုမြင်ကြ​သူများ​ဖြစ်​ကြ​၏။ ယင်း​ပြဿနာ​များသည် “လွန်ခဲ့သော​ဆယ်စုနှစ်​က​ထက်​ပင် ပို​၍​ကျယ်ပြန့်​လာပြီး အမြစ်စွဲ​နေကြောင်း” သူတို့​သိ​ကြသည်။ မိုဇမ်ဘစ်​နိုင်ငံ​တွင် ရုတ်တရက် ရေလွှမ်းမိုး​ဘေး​ကြီး​ဆိုက်ရောက်​ခဲ့​သောအခါ “အမှုထမ်းများ၊ ထောက်ပံ့​သူများ​နှင့် အလှူရှင်​များ​တို့သည် ရက်ရက်ရောရော​တုံ့ပြန် ထည့်ဝင်​ခဲ့​ကြ” သည်​ဟု အိုင်း​ရ​စ်ရှ်​လှူဒါန်း​ထောက်ပံ့ရေး အာရုံစိုက်​ရာ​အဖွဲ့​၏ အမှုဆောင်​လူကြီး ဒေးဗစ် ဘက်က​ဆို​၏။ “သို့သော် ဤမျှ​များပြား​လှ​သော ဘေးဒဏ်​များ​ကို ကျွန်ုပ်​တို့​ဒိုင်ခံ​မဖြေရှင်း​နိုင်​ပါ” ဟု​သူ​ထပ်ဆင့်​ပြော​သည်။ အာဖရိကတွင် ကယ်ဆယ်​ရေး​ဆောင်ရွက်မှု​များနှင့်​စပ်လျဉ်း၍ ဤသို့​ပွင့်ပွင့်လင်းလင်း သူ​ဝန်ခံ​သည်– “ရှိ​ထားသော မျှော်လင့်​စ​ရာ​အကြောင်း​အချို့​သည် မှိတ်​တုတ်​မှိတ်​တုတ်​သာ​ရှိသော ဖယောင်းတိုင်​များနှင့်​တူ​သည်။” သူ၏​ကောက်ချက်​သည် ကမ္ဘာ့​အခြေအနေ​ကို​ပါ အမှန်ပင် အကျဉ်း​ရုံး​ဖော်ပြ​သည်​ဟု လူအများ​ယူမှတ်​ကြ​ပေမည်။

မျှော်လင့်​ထား​ကြ​သည့် “လူမျိုးတစ်ဆက်​အတွင်း ကမ္ဘာသစ်​တစ်ခု” ကို ကျွန်ုပ်​တို့ အမှန်​တွေ့မြင်​နိုင်​ပါ​မည်​လော။ လက်ရှိ​ပြုလုပ်​နေကြ​သော လူ​လူ​ချင်း​စာနာ​သည့် အကျိုးဆောင်​လုပ်ငန်းများ​သည် အမှန်ပင်​ချီးမွမ်းစရာ​ကောင်း​သော်လည်း တရား​မျှတ​၍ ငြိမ်းချမ်း​သည့်​ကမ္ဘာသစ်​တစ်ခု ရှိလာနိုင်​ဖို့ နောက်​မျှော်လင့်ချက်​တစ်ခု​ကို သုံးသပ်ခြင်း​သည် အမှန်ပင်​ကျိုးကြောင်း​ညီညွတ်​ပေ​သည်။ နောက်​ဆောင်းပါး​တွင် သုံးသပ်​မည့် ထို​မျှော်လင့်ချက်ကို သမ္မာကျမ်းစာ​က ညွှန်ပြ​ပါ​သည်။

[Picture Credit Line on page 2]

Page 3, children: UN/DPI Photo by James Bu