ကျွန်ုပ်တို့ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဖြင့် ခွန်အားရ
ဘဝအတ္ထုပ္ပတ္တိ
ကျွန်ုပ်တို့ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဖြင့် ခွန်အားရ
သောမ်ဆင် ခဲန်ဂါလီပြောပြသည်
၁၉၉၃၊ ဧပြီ ၂၄ ရက်၊ ဇမ်ဘီယာနိုင်ငံ၊ လူဆာခါမြို့မှာ အဆောက်အအုံငယ် ၁၃ ခုပါတဲ့ ဌာနခွဲရုံးအသစ် အနုမောဒနာ [အပ်နှံ]ပွဲအစီအစဉ်ကို တက်ရောက်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ ကျွန်တော် လမ်းသိပ်မလျှောက်နိုင်လို့ အဆောက်အအုံကိုလိုက်ပြပေးမယ့် ခရစ်ယာန်ညီအစ်မက “တစ်ခါတစ်ခါနားဖို့ ကုလားထိုင် တစ်လုံး ယူလာပေးမယ်နော်” ဆိုပြီး ကြင်ကြင်နာနာပြောတယ်။ ကျွန်တော်က လူမဲ၊ သူက လူဖြူဖြစ်ပေမဲ့ သူ့အတွက် အဲဒါကအရေးမကြီးခဲ့ဘူး။ သူ့ရဲ့ကြင်နာမှုကြောင့် ဌာနခွဲအဆောက်အအုံတစ်ခုလုံးကို ကျွန်တော်လည်ပတ်နိုင်ခဲ့လို့ သူ့ကို အရမ်းကျေးဇူးတင်တာပဲ။
နှစ်တွေတစ်လျှောက် တွေ့ကြုံခဲ့တဲ့ ဒီလိုအတွေ့အကြုံတွေက ကျွန်တော့်စိတ်ကို ကြည်နူးစေတယ်၊ ခရစ်တော်ရဲ့နောက်လိုက်အစစ်တွေကို ခွဲခြားသိမြင်စေမယ့် မေတ္တာကို ယေဟောဝါသက်သေခရစ်ယာန်အပေါင်းအသင်းတွေထဲမှာရှိတယ်ဆိုတာ ကျွန်တော့်ကို ပိုပြီးယုံကြည်စိတ်ချစေတယ်။ (ယောဟန် ၁၃:၃၅; ၁ ပေတရု ၂:၁၇) ယေဟောဝါသက်သေဆိုတဲ့ ကျမ်းစာအခြေပြုအမည်နဲ့ သိစေချင်ခဲ့တဲ့ဆန္ဒကို လူထုရှေ့ကြေညာခဲ့တဲ့ ၁၉၃၁ ခုနှစ်မှာ အဲဒီခရစ်ယာန်တွေနဲ့ ကျွန်တော်ဘယ်လို သိကျွမ်းလာတယ်ဆိုတာကို ပြောပြပါရစေ။—ဟေရှာယ ၄၃:၁၂။
အာဖရိကတွင် အစောပိုင်းခရစ်ယာန်ဓမ္မအမှု
၁၉၃၁၊ နိုဝင်ဘာလမှာ ကျွန်တော့်အသက် ၂၂ နှစ်ရှိပြီး မြောက်ပိုင်းရိုဒီးရှား (ယခု ဇမ်ဘီယာ) ရဲ့ကြေးနီကြောတစ်ကြောမှာတည်ရှိတဲ့ ကစ်ဝေမြို့မှာ ကျွန်တော်နေခဲ့တယ်။ ကျွန်တော်နဲ့အတူ ဘောလုံးကစားတဲ့ သူငယ်ချင်းတစ်ယောက်က သက်သေခံတွေနဲ့ ကျွန်တော့်ကိုမိတ်ဆက်ပေးခဲ့တယ်။ သူတို့ရဲ့ * စာအုပ်ကို တောင်းခဲ့တယ်။ အဲဒီစာအုပ်က အင်္ဂလိပ်လိုဖြစ်နေတယ်၊ အင်္ဂလိပ်စာလည်း ကောင်းကောင်းမတတ်တော့ ကျွန်တော်သိပ်နားမလည်ခဲ့ဘူး။
အစည်းအဝေးတချို့ကို ကျွန်တော်တက်ခဲ့တယ်၊ တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့က ဌာနခွဲရုံးကို ကျွန်တော်စာရေးပြီး ကျမ်းစာလေ့လာဖို့အထောက်အကူဖြစ်တဲ့ ဘုရားသခင့်စောင်းတော်ကျွန်တော်ကြီးပြင်းလာတဲ့ ဒေသအနီး ဘဲန်ဝီယူလူကန်အနောက်တောင်ဘက် မိုင် ၁၅၀ လောက်မှာ ကြေးနီကြောတစ်ကြောရှိတယ်၊ ကြေးနီတွင်းတွေမှာ တခြားဒေသကလူတွေ လာပြီးအလုပ်လုပ်ကြတယ်။ သက်သေခံအုပ်စုတချို့က ကျမ်းစာသင်အံမှုပြုလုပ်ဖို့ အဲဒီမှာ မှန်မှန်စုဝေးခဲ့ကြတယ်။ အတန်ကြာတော့ ကစ်ဝေမြို့အနားက နဒိုလာမြို့ကို ကျွန်တော်ပြောင်းရွှေ့သွားပြီး အဲဒီမှာ သက်သေခံအုပ်စုတစ်စုနဲ့ စပေါင်းသင်းခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်ဟာ ဝေလမင်းသားလို့ခေါ်တဲ့ ဘောလုံးအသင်းရဲ့ခေါင်းဆောင်ဖြစ်တယ်။ ဗဟိုအာဖရိကမှာ စတိုးဆိုင်တွေဖွင့်ထားတဲ့ အာဖရိကန်ကော်ပိုရေးရှင်းကုမ္ပဏီရဲ့ လူဖြူမန်နေဂျာတစ်ယောက်ဆီမှာ အိမ်စေလည်း လုပ်တယ်။
ကျွန်တော့်မှာ ကျောင်းပညာသိပ်မရှိဘူး၊ ကျွန်တော့်အလုပ်ရှင် ဥရောပသားတွေဆီကနေ အင်္ဂလိပ်စကားနည်းနည်းပါးပါး တတ်ထားတယ်။ ဒါကြောင့် လောကပညာတိုးတက်ချင်လို့ တောင်ပိုင်းရိုဒီးရှား (ယခု ဇင်ဘာဘွေ)၊ ပလမ်တရီမြို့က ကျောင်းတစ်ကျောင်းကို တက်ခဲ့တယ်။ အဲဒီအတောအတွင်း ကိပ်တောင်းဌာနခွဲရုံးကို ဒုတိယအကြိမ် ကျွန်တော်စာရေးလိုက်သေးတယ်။ ဘုရားသခင့်စောင်းတော် စာအုပ်ကိုရတဲ့အကြောင်း၊ ယေဟောဝါရဲ့အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်ချင်တဲ့အကြောင်း သူတို့ကိုအသိပေးခဲ့တယ်။
သူတို့က “ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်ချင်တဲ့ သင့်ဆန္ဒကို ကျွန်တော်တို့ လေးစားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုတောင်းဖို့ အားပေးချင်တယ်၊ အမှန်တရားကို ပိုပြီးသဘောပေါက်လာဖို့ သင့်ကို ယေဟောဝါကူညီပေးပါလိမ့်မယ်၊ ကိုယ်တော့်ရဲ့အမှုတော်ကို သင်ထမ်းဆောင်နိုင်မယ့် နေရာတစ်နေရာကို ကိုယ်တော်ရှာပေးပါလိမ့်မယ်” လို့ရေးထားတဲ့ ပြန်စာကိုရလို့ ကျွန်တော်အံ့အားသင့်ခဲ့တယ်။ အဲဒီစာကို ခဏခဏဖတ်ပြီးတဲ့နောက် ကျွန်တော်ဘာလုပ်သင့်သလဲလို့ သက်သေခံအတော်များများကို မေးခဲ့တယ်။ “ယေဟောဝါရဲ့အမှုတော်ကို တကယ်ပဲ ထမ်းဆောင်ချင်တယ်ဆိုရင် ချက်ချင်းစလုပ်ဆောင်ပါ” ဆိုပြီး သူတို့အားပေးခဲ့တယ်။
တစ်ပတ်လုံး အဲဒီအကြောင်း ဆုတောင်းပြီး နောက်ဆုံးမှာ လောကပညာမသင်တော့ဘဲ သက်သေခံတွေနဲ့ ဆက်ပြီးကျမ်းစာသင်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်နှစ် ၁၉၃၂၊ ဇန်နဝါရီလမှာ ယေဟောဝါဘုရားသခင်ထံ အပ်နှံတဲ့အထိမ်းအမှတ်အနေနဲ့ ရေမှာနှစ်ခြင်းခံခဲ့တယ်။ နဒိုလာမြို့ကနေ လူအန်ရှားမြို့ကိုပြောင်းသွားပြီးတဲ့နောက် ယုံကြည်သူချင်း ဂျဲနက်နဲ့ ကျွန်တော်တွေ့ဆုံခဲ့တယ်၊ ၁၉၃၄၊ စက်တင်ဘာလမှာ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။ ကျွန်တော်တို့လက်ထပ်တဲ့အချိန်မှာ ဂျဲနက်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ပါလာတယ်။
တဖြည်းဖြည်းနဲ့ ဝိညာဉ်ရေးဘက်မှာ ကျွန်တော်တိုးတက်လာပြီး ၁၉၃၇ ခုနှစ်မှာ အချိန်ပြည့်ဓမ္မအမှုဆောင်ဖြစ်ခဲ့တယ်။ မကြာခင်မှာပဲ အခု တိုက်နယ်ကြီးကြပ်မှူးလို့ခေါ်တဲ့ နယ်လှည့်အမှုဆောင်အဖြစ် ကျွန်တော့်ကို ခန့်အပ်ခဲ့တယ်။ နယ်လှည့်ကြီးကြပ်မှူးတွေက ဝိညာဉ်ရေးဘက်အားပေးဖို့ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တွေကို လည်ပတ်ကြရတယ်။
အစောပိုင်းနှစ်များတွင် ဟောပြောခြင်း
ယေဟောဝါသက်သေတွေကို ဖိတ်ခေါ်ခဲ့တဲ့ အာဖရိကန်သူကြီး ဆိုကိုန်တွီဆီ သွားလည်ပတ်ဖို့ ၁၉၃၈၊ ဇန်နဝါရီလမှာ ညွှန်ကြားခံခဲ့ရတယ်။ သူ့ဆီရောက်ဖို့ စက်ဘီးနဲ့ သုံးရက်သွားခဲ့ရတယ်။ ကိပ်တောင်းရုံးကို သူပို့လိုက်တဲ့စာရလို့ ကျွန်တော့်ကိုလွှတ်လိုက်တဲ့အကြောင်း သူ့ကိုပြောပြတဲ့အခါ သူအရမ်းကျေးဇူးတင်ခဲ့တယ်။
ကျွန်တော်ဟာ တစ်တဲဝင်တစ်တဲထွက်၊ ရွာသားတွေဆီသွားပြီး အင်န်ဆာခါ (ပြည်သူပိုင်တဲ) ကိုလာကြဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူတို့စုဝေးရောက်ရှိလာတဲ့အခါ သူတို့ကို ကျွန်တော်ဟောပြောခဲ့တယ်။ ဒါနဲ့ ကျမ်းစာသင်အံမှုတွေ အတော်များများ စနိုင်ခဲ့တယ်။ ရွာသူကြီးနဲ့ သူ့ရဲ့စာရေးက အဲဒီကအသင်းတော်တွေမှာ ကြီးကြပ်မှူးတွေ စဖြစ်လာခဲ့ကြတယ်။ အခုဆိုရင် ဆာမ်ဖီယာလို့ခေါ်တဲ့ အဲဒီဒေသမှာ အသင်းတော် ၅၀ ကျော်ရှိသွားပြီ။
၁၉၄၂ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အထိ ဘဲန်ဝီယူလူကန်အနားတစ်ဝိုက်ကဒေသမှာ ကျွန်တော်အမှုဆောင်ခဲ့တယ်။ အသင်းတော်တစ်ခုစီမှာ ဆယ်ရက်စီနေခဲ့တယ်။ အဲဒီအချိန်က ဝိညာဉ်ရေးရိတ်သိမ်းသူတွေ နည်းလွန်းလို့ “စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထို့ကြောင့် လုပ်ဆောင်သောသူတို့သည် စပါးရိတ်ခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကို ဆုတောင်းကြလော့” ဆိုပြီး ကျွန်တော်တို့ရဲ့သခင် ယေရှုခရစ်ပြောသလို ခံစားမိတယ်။ (မဿဲ ၉:၃၆-၃၈) အဲဒီအစောပိုင်းအချိန်က နယ်လှည့်ရတာ မလွယ်ဘူး၊ ဒါကြောင့် အသင်းတော်တွေဆီ ကျွန်တော်လည်ပတ်တဲ့အခါ ဂျဲနက်က ကလေးတွေနဲ့ လူအန်ရှားမြို့မှာ ကျန်ရစ်ခဲ့တယ်။ အဲဒီအချိန်မှာ ဂျဲနက်နဲ့ကျွန်တော်တို့ နောက်ထပ်ကလေးနှစ်ယောက်ရတယ်၊ ဒါပေမဲ့ တစ်ယောက်က ဆယ်လအရွယ်မှာ ဆုံးသွားရှာတယ်။
အဲဒီတုန်းက မော်တော်ကားတွေ သိပ်မရှိတော့ လမ်းတွေလည်း များများစားစားမရှိဘူး။ တစ်နေ့ကျတော့ မိုင် ၁၂၀ ကျော်ခရီးကို ဂျဲနက်ရဲ့စက်ဘီးစီးပြီး ထွက်လာခဲ့တယ်။ တစ်ခါတလေ မြစ်ကိုဖြတ်ကူးရတဲ့အခါ စက်ဘီးကိုပခုံးပေါ်တင်၊ လက်တစ်ဖက်နဲ့ကိုင်ထားပြီး နောက်တစ်ဖက်နဲ့ ရေကူးရတယ်။ ဒါနဲ့ပြောပြရဦးမယ်၊ လူအန်ရှားမြို့မှာ သက်သေခံအရေအတွက် အတော်လေးများလာတယ်၊ ၁၉၄၆ ခုနှစ်မှာ ခရစ်တော်သေခြင်းသတိရအောက်မေ့ပွဲကို လူပေါင်း ၁,၈၅၀ တက်ရောက်ခဲ့တယ်။
ကျွန်ုပ်တို့လုပ်ငန်း အတိုက်အခံပြုခံရခြင်း
ဒုတိယကမ္ဘာစစ်အတွင်း တစ်ချိန်မှာ ကာဝါမ်ဘွာခရိုင်ဝန်က ကျွန်တော့်ကိုဆင့်ခေါ်ပြီး “အခု ကင်းမျှော်စင်အသင်းရဲ့စာအုပ်တွေကို ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်လို့ အဲဒီစာအုပ်တွေကို အသုံးမပြုစေချင်ဘူး။ ဒါပေမဲ့ မင်းလုပ်ငန်းအတွက် တခြားစာအုပ်တွေရေးပြီး အသုံးပြုနိုင်ဖို့ ကိုးကားစာအုပ်တွေ ငါပေးမယ်” လို့ပြောခဲ့တယ်။
“ကျွန်တော်တို့မှာရှိတဲ့ စာပေတွေနဲ့ပဲ ကျွန်တော်ကျေနပ်ပါပြီ။ နောက်ထပ် ဘာမှမလိုတော့ဘူး” လို့ကျွန်တော်ပြန်ဖြေခဲ့တယ်။
“အမေရိကန်တွေအကြောင်း မင်းမသိဘူး။ မင်းကို သူတို့လှည့်စားသွားလိမ့်မယ်” ဆိုပြီး သူပြောခဲ့တယ်၊ (အဲဒီတုန်းက ကျွန်တော်တို့ရဲ့စာပေတွေကို အမေရိကန်ပြည်ထောင်စုမှာ ပုံနှိပ်ခဲ့တယ်)။
“ကျွန်တော်နဲ့ပတ်သက်တဲ့သူတွေက ကျွန်တော့်ကိုလှည့်စားမှာမဟုတ်ဘူး” လို့ကျွန်တော်ပြန်ပြောခဲ့တယ်။
အဲဒီနောက် သူက “တခြားဘာသာတရားတွေလုပ်သလို စစ်အတွက် အလှူငွေထည့်ဖို့ မင်းရဲ့အသင်းတော်တွေကို မင်းအားမပေးနိုင်ဘူးလား” လို့မေးတယ်။
“အဲဒါက အစိုးရအမှုထမ်းတွေရဲ့ အလုပ်ပဲ” ဆိုပြီး ကျွန်တော်ဖြေခဲ့တယ်။
“မင်းအိမ်ပြန်ပြီး စဉ်းစားဦး” ဆိုပြီး ကျွန်တော့်ကို သူပြောခဲ့တယ်။
“ထွက်မြောက်ရာ ၂၀:၁၃ နဲ့ ၂ တိမောသေ ၂:၂၄ မှာ လူမသတ်ရ၊ စစ်မတိုက်ရဆိုပြီး ကျမ်းစာက ကျွန်တော်တို့ကို မိန့်ဆိုထားပါတယ်” လို့ကျွန်တော်ပြန်ဖြေခဲ့တယ်။
ကျွန်တော့်ကို သွားခွင့်ပြုလိုက်ပေမဲ့ အခု မဲန်ဆာမြို့လို့ခေါ်တဲ့ ဖော့ရိုဇ်ဖရီမြို့ခရိုင်ဝန်က မကြာခင်မှာ ကျွန်တော့်ကို ဆင့်ခေါ်ခဲ့တယ်။ “မင်းတို့စာအုပ်တွေကို တားမြစ်ပိတ်ပင်လိုက်ပြီဆိုတာ မင်းသိရအောင် ဒီကိုခေါ်လိုက်တာပဲ” လို့သူပြောခဲ့တယ်။
“ဟုတ်ကဲ့၊ ကျွန်တော်သိပြီးပါပြီ” လို့ပြောလိုက်တယ်။
“ဒါဆိုရင် မင်းရဲ့အသင်းတော်အားလုံးဆီသွားပြီး အဲဒီကစာအုပ်တွေအားလုံး ဒီကိုယူလာဖို့ မင်းရဲ့ဝတ်ပြုသူချင်းတွေကို သွားပြောသင့်တယ်။ သဘောပေါက်လား။”
ကျွန်တော်က “အဲဒါ ကျွန်တော့်အလုပ်မဟုတ်ပါဘူး။ အစိုးရအမှုထမ်းတွေရဲ့တာဝန်ပဲ” လို့ ပြန်ပြောလိုက်တယ်။
အမှတ်တမဲ့တွေ့ဆုံမှုတစ်ခုမှ အကျိုးရရှိ
စစ်ပြီးတဲ့နောက် ကျွန်တော်တို့ ဆက်ဟောပြောခဲ့ကြတယ်။ ၁၉၄၇ ခုနှစ်မှာ မဝါန်ဇာရွာက အသင်းတော်တစ်ခုကို လည်ပတ်ပြီးတာနဲ့ လက်ဖက်ရည် ဘယ်မှာရနိုင်မလဲလို့ ကျွန်တော်စုံစမ်းတော့ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ မစ္စတာနကိုဒီအိမ်ကို ညွှန်ခဲ့ကြတယ်။ မစ္စတာနကိုဒီနဲ့ သူ့ဇနီးက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ ကျွန်တော် လက်ဖက်ရည်သောက်နေတုန်း “ဘုရားသခင်
သစ္စာတော်တည်စေသတည်း” စာအုပ်ထဲမှာပါတဲ့ “ငရဲ၊ မျှော်လင့်လျက် နားနေရာအရပ်” အခန်းကို ဖတ်ချင်သလားလို့ မစ္စတာနကိုဒီကို မေးလိုက်တယ်။လက်ဖက်ရည်သောက်ပြီးတာနဲ့ “ငရဲအကြောင်း ခင်ဗျားဘယ်လိုသဘောပေါက်သလဲ” လို့ သူ့ကိုကျွန်တော်မေးလိုက်တယ်။ သူဖတ်လိုက်ရတဲ့အကြောင်းကြောင့် အရမ်းစိတ်လှုပ်ရှားသွားပြီး သက်သေခံတွေနဲ့ ကျမ်းစာစလေ့လာခဲ့တယ်၊ နောက်ပိုင်းမှာ သူ့ဇနီးနဲ့အတူ နှစ်ခြင်းခံခဲ့တယ်။ သူကိုယ်တိုင် သက်သေခံမဟုတ်တော့ပေမဲ့ သူ့ဇနီးနဲ့ သားသမီးတချို့က သက်သေခံတွေဖြစ်နေကြတုန်းပဲ။ သူ့သမီးတစ်ယောက်ဖြစ်တဲ့ ပီလ်နီဆိုရင် ဇမ်ဘီယာနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာ အခုထိ အမှုဆောင်နေတုန်းပါပဲ။ ပီလ်နီရဲ့အမေဟာ အတော်လေးအသက်ကြီးနေပေမဲ့ အခုထိတည်ကြည်တဲ့သက်သေခံတစ်ယောက်ဖြစ်နေဆဲပါ။
အရှေ့အာဖရိက၏အရသာ
လူဆာခါမြို့မှာ ၁၉၄၈ နှစ်ဆန်းပိုင်းက တည်ထောင်ခဲ့တဲ့ မြောက်ပိုင်းရိုဒီးရှားဌာနခွဲရုံးက ကျွန်တော့်ကို တန်ဂန်ရီကာ (ယခု တန်ဇန်းနီးယား) နိုင်ငံကိုသွားဖို့ တာဝန်ခန့်အပ်ခဲ့တယ်။ တောင်တန်းဒေသခြေလျင်ခရီးကို ကျွန်တော်၊ ကျွန်တော့်ဇနီးနဲ့အတူ သက်သေခံနောက်တစ်ယောက်လည်း လိုက်လာတယ်။ သုံးရက်ကြာပြီး အရမ်းကိုပင်ပန်းတဲ့ခရီးပဲ။ ကျွန်တော်က စာအုပ်ထုပ်ကိုထမ်းတယ်၊ ကျွန်တော့်ဇနီးက ကျွန်တော်တို့ရဲ့အဝတ်အစားတွေသယ်တယ်၊ သက်သေခံအဖော်နောက်တစ်ယောက်က ကျွန်တော်တို့ရဲ့အိပ်ရာလိပ်တွေ သယ်တယ်။
အမ်ဘေအာမြို့ကို ၁၉၄၈၊ မတ်လမှာ ကျွန်တော်တို့ရောက်တဲ့အခါ အဲဒီကညီအစ်ကိုတွေကို ကျမ်းစာသွန်သင်ချက်နဲ့ ပိုကိုက်ညီလာရအောင် အတော်လေး ပြုပြင်ပြောင်းလဲပေးခဲ့ရတယ်။ တစ်ခုအနေနဲ့၊ အဲဒီဒေသက ကျွန်တော်တို့ကို ကင်းမျှော်စင်လူတွေလို့ လူသိများခဲ့ကြတယ်။ ညီအစ်ကိုတွေက ယေဟောဝါသက်သေအမည်ကို ခံယူခဲ့ကြပေမဲ့လည်း လူအများသိအောင် မကြေညာကြဘူး။ အဲဒီအပြင် သက်သေခံအချို့က သေလွန်သူတွေကို ဂုဏ်ပြုတဲ့ဓလေ့ထုံးစံတချို့ကို စွန့်ဖို့လည်း လိုနေသေးတယ်။ ဒါပေမဲ့ သူတို့အတွက် အခက်ဆုံးကတော့ လူအားလုံးရှေ့မှာ သူတို့ရဲ့အိမ်ထောင်မင်္ဂလာကို အသရေရှိစေဖို့ တရားဝင်မှတ်ပုံတင်ဖို့ကိစ္စပါပဲ။—ဟေဗြဲ ၁၃:၄။
နောက်ပိုင်းမှာ ယူဂန်ဒါနိုင်ငံအပါအဝင် အရှေ့အာဖရိကမှာရှိတဲ့ တခြားဒေသတွေမှာလည်း ကျွန်တော်အမှုဆောင်ခွင့်ရခဲ့တယ်။ အင်တက်ဘီမြို့နဲ့ ကမ်ပါလာမြို့မှာ ခြောက်ပတ်လောက် ကျွန်တော်နေခဲ့ရလို့ လူအတော်များများကို ကျမ်းစာအမှန်တရား သင်ပေးနိုင်ခဲ့တယ်။
နယူးယောက်မြို့သို့ ဖိတ်ခေါ်ခံရ
ယူဂန်ဒါနိုင်ငံမှာ အတော်ကြာကြာ အမှုဆောင်ရပြီးနောက် တန်ဂန်ရီကာရဲ့မြို့တော်၊ ဒါရ်အက်စ်ဆာလာအမ်ကို ၁၉၅၆ နှစ်ဆန်းပိုင်းမှာ ကျွန်တော်ရောက်တယ်။ အဲဒီမှာ ကျွန်တော့်အတွက် ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကနေ စာတစ်စောင်ရောက်နေတယ်။ အဲဒီစာထဲမှာ ၁၉၅၈၊ ဇူလိုင် ၂၇ ရက်ကနေ ဩဂုတ် ၃ ရက်နေ့အထိ နယူးယောက်မြို့မှာကျင်းပမယ့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ဖို့ ပြင်ဆင်တော့ဆိုတဲ့ ညွှန်ကြားချက်တွေပါတယ်။ ဒီအခွင့်အရေးကြောင့် ကျွန်တော်စိတ်လှုပ်ရှားသွားတယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး။
သွားရမယ့်အချိန်ရောက်လာတဲ့အခါ နယ်လှည့်ကြီးကြပ်မှူးနောက်တစ်ယောက်ဖြစ်တဲ့ လူကာ မဝါန်ဂိုနဲ့ ကျွန်တော် နဒိုလာမြို့ကနေ တောင်ပိုင်းရိုဒီးရှား၊ စဲလစ္စဘရီမြို့ (အခု ဟာရာရေ) ကတစ်ဆင့် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့ကို လေယာဉ်ပျံနဲ့သွားခဲ့ကြတယ်။ အဲဒီကနေ ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြတဲ့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို ရောက်သွားတယ်။ အင်္ဂလန်ကိုရောက်တဲ့ညမှာ အိပ်ရာဝင်တဲ့အခါ ကျွန်တော်တို့အာဖရိကန်တွေကို လူဖြူတွေ ဘယ်လိုဧည့်ဝတ်ပြုခဲ့ကြတဲ့အကြောင်း စိတ်လှုပ်ရှားစွာနဲ့ အမျှင်မပြတ်စကားပြောခဲ့ကြတယ်။ အဲဒီလိုတွေ့ကြုံပြီးနောက် ကျွန်တော်တို့ အရမ်းအားရှိသွားကြတယ်။
နောက်ဆုံး စည်းဝေးကြီးကျင်းပမယ့် နယူးယောက်မြို့ကို ကျွန်တော်တို့ရောက်လာကြတယ်။ စည်းဝေးကြီးအတွင်း တစ်နေ့မှာ
မြောက်ပိုင်းရိုဒီးရှားက ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းအကြောင်းကို ကျွန်တော်ပြောခွင့်ရခဲ့တယ်။ အဲဒီနေ့က နယူးယောက်မြို့ရဲ့ ပိုလိုကွင်းနဲ့ ရန်ကီးအားကစားကွင်းမှာ ပရိသတ်ပေါင်း ၂၀၀,၀၀၀ နီးပါးရှိတယ်။ ကျွန်တော်ရခဲ့တဲ့ အခွင့်ထူးကြီးအကြောင်း စဉ်းစားမိပြီး အဲဒီညက ကျွန်တော်အိပ်တောင်မပျော်နိုင်ဘူး။စည်းဝေးကြီး ဘယ်လိုပြီးသွားမှန်းတောင်မသိဘူး၊ ကျွန်တော်တို့ အိမ်ပြန်လာကြတယ်။ အပြန်ခရီးမှာလည်း အင်္ဂလန်နိုင်ငံက ကျွန်တော်တို့ရဲ့ညီအစ်ကို၊ ညီအစ်မတွေရဲ့ မေတ္တာပါဧည့်ဝတ်ပျူငှာမှုတွေကို ထပ်ပြီးရခဲ့ကြတယ်။ လူမျိုး၊ အဆင့်အတန်းမခွဲခြားဘဲ ယေဟောဝါလူမျိုးတော်ရဲ့စည်းလုံးမှုကို အဲဒီခရီးစဉ်အတွင်းမှာ ကျွန်တော်တို့ မေ့လို့မရနိုင်အောင် တွေ့ခဲ့ရတယ်!
လုပ်ငန်းတော်တွင် ဆက်ပါဝင်ခဲ့၊ စမ်းသပ်မှုများခံခဲ့ရ
၁၉၆၇ ခုနှစ်မှာ တိုက်နယ်တစ်ခုကနေတစ်ခုကို လှည့်လည်ရတဲ့ ခရိုင်ကြီးကြပ်မှူးတစ်ဦး ဖြစ်လာတယ်။ အဲဒီအချိန်က ဇမ်ဘီယာမှာ သက်သေခံအရေအတွက် ၃၅,၀၀၀ ကျော်အထိ တိုးတက်နေပြီ။ နောက်ပိုင်းမှာ ကျွန်တော့်ရဲ့ကျန်းမာရေးအခြေအနေကြောင့် ကြေးနီကြောတစ်ကြောမှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် တာဝန်ပြန်ရခဲ့တယ်။ နောက်ဆုံး ဂျဲနက်ရဲ့ကျန်းမာရေးဆိုးရွားလာပြီး ၁၉၈၄၊ ဒီဇင်ဘာလမှာ ယေဟောဝါကိုတည်ကြည်စွာနဲ့ သူကွယ်လွန်သွားရှာတယ်။
ဂျဲနက်ကွယ်လွန်ပြီးတဲ့နောက်မှာ သူရဲ့မယုံကြည်သူဆွေမျိုးတွေက စုန်းကဝေအတတ်ပညာနဲ့ သူ့ကိုသေအောင်လုပ်တယ်ဆိုပြီး ကျွန်တော့်ကိုစွပ်စွဲတဲ့အခါ အရမ်းကို စိတ်ထိခိုက်မိတယ်။ ဒါပေမဲ့ ဂျဲနက်ရဲ့ ရောဂါအခြေအနေအကြောင်းသိပြီး ဆရာဝန်နဲ့စကားပြောခဲ့ဖူးတဲ့သူတချို့က အဲဒီဆွေမျိုးတွေကို အမှန်အတိုင်း ရှင်းပြခဲ့ကြတယ်။ နောက်ထပ်စမ်းသပ်မှုတစ်ခု ခံရပြန်တယ်။ ဆွေမျိုးတချို့က ဦကူပြာနစ်ကာ လို့ခေါ်တဲ့ ရိုးရာထုံးစံကို လိုက်ခိုင်းတယ်။ ကျွန်တော့်ဇာတိရဲ့ထုံးစံက အိမ်ထောင်ဖက်သေသွားတဲ့အခါ ကျန်ရစ်သူက ကွယ်လွန်သူရဲ့ဆွေမျိုးရင်းချာတစ်ယောက်နဲ့ လိင်ဆက်ဆံရမှာဖြစ်တယ်။ ကျွန်တော် ငြင်းခဲ့ပါတယ်။
နောက်ဆုံးတော့ ဆွေမျိုးတွေရဲ့ဖိအားပေးမှု ရပ်သွားတယ်။ ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့ ကျွန်တော့်ကို ယေဟောဝါကူညီပေးလို့ ကျေးဇူးတင်လိုက်တာ။ ကျွန်တော့်ဇနီးကို သင်္ဂြိုဟ်ပြီး တစ်လကြာတော့ ညီအစ်ကိုတစ်ယောက်လာပြီး “ညီအစ်ကိုခဲန်ဂါလီ၊ ညီအစ်ကိုရဲ့ဇနီးသေတဲ့အချိန်မှာ ဘုရားသခင်မကြိုက်တဲ့ထုံးစံတစ်ခုကိုမှ မလုပ်ခဲ့တဲ့အတွက် ညီအစ်ကိုဟာ ကျွန်တော်တို့အတွက် တကယ့်ကိုအားပေးမှုဖြစ်ခဲ့တယ်။ ကျေးဇူးအများကြီးတင်ပါတယ်” လို့ပြောတယ်။
အံ့ဖွယ်ရိတ်သိမ်းမှု
ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ အချိန်ပြည့်အမှုဆောင်ခဲ့တာ အခုဆိုရင် ၆၅ နှစ်ရှိပါပြီ။ တစ်ချိန်က နယ်လှည့်ကြီးကြပ်မှူးအနေနဲ့ ကျွန်တော်အမှုဆောင်ခဲ့တဲ့ဒေသမှာ အသင်းတော်ရာနဲ့ချီရှိပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမ အတော်များများရှိတာကို တွေ့ရလို့ တကယ်အားရစရာပဲ! ၁၉၄၃ ခုနှစ်မှာ သက်သေခံ ၂,၈၀၀ ရှိရာကနေ အခုဆိုရင် ဇမ်ဘီယာမှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၁၂၂,၀၀၀ ကျော်ရှိနေပြီ။ လူဦးရေ ၁၁ သန်းမပြည့်တဲ့ အဲဒီနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က သတိရအောက်မေ့ပွဲကို ၅၁၄,၀၀၀ ကျော်တက်ရောက်ခဲ့တယ်လေ။
ကျွန်တော့်ကို ယေဟောဝါကောင်းကောင်း ဂရုစိုက်ကြည့်ရှုပေးတယ်။ ကျွန်တော် ဆေးကုသခံရဖို့လိုတဲ့အခါ ခရစ်ယာန်ညီအစ်ကိုတစ်ယောက်က ဆေးရုံခေါ်သွားပေးတယ်။ လူထုဟောပြောချက်ပေးဖို့ ကျွန်တော့်ကို အသင်းတော်တွေက ဖိတ်ခေါ်နေတုန်းပဲ၊ ဒါက ကျွန်တော့်အတွက် အားတက်စရာဖြစ်တယ်။ ကျွန်တော်ပေါင်းသင်းတဲ့အသင်းတော်က ခရစ်ယာန်ညီအစ်မတွေ အလှည့်ကျလာပြီး ကျွန်တော့်အိမ်မှာ သန့်ရှင်းရေးလုပ်ပေးတယ်၊ ညီအစ်ကိုတွေက ကျွန်တော့်ကို အပတ်တိုင်း အစည်းအဝေးတွေတက်နိုင်ဖို့ စီစဉ်ပေးတယ်။ ကျွန်တော်သာ ယေဟောဝါကို ဝတ်မပြုရင် ဒီလိုမေတ္တာမျိုး ခံစားရမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ အခုထိ အချိန်ပြည့်ဓမ္မအမှုမှာ ကျွန်တော့်ကိုဆက်အသုံးပြုနေပြီး တာဝန်တွေ ထမ်းဆောင်နိုင်သေးလို့ ဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်တယ်။
ကျွန်တော့်မျက်စိ မှုန်လာပြီ၊ ဘုရားသခင့်နိုင်ငံတော်ခန်းမကို လမ်းလျှောက်သွားတဲ့အခါ ခဏခဏ အနားယူရတယ်။ ကျွန်တော့်လွယ်အိတ်ဟာ ကျွန်တော့်အတွက် အရမ်းလေးနေလို့ အစည်းအဝေးမှာမလိုတဲ့ စာအုပ်တွေကို ထုတ်ထားခဲ့တယ်။ ကျွန်တော့်လယ်ကွင်းဓမ္မအမှုဟာ ကျွန်တော့်အိမ်ကိုလာပြီး ကျမ်းစာသင်တဲ့သူတွေနဲ့ပဲ ရှိတော့တယ်။ လွန်ခဲ့တဲ့နှစ်တွေကို ပြန်ကြည့်ပြီး တိုးတက်ခဲ့တာတွေကို စဉ်းစားရတာ တကယ်စိတ်ကြည်နူးစရာကောင်းတယ်! ဟေရှာယ ၆၀:၂၂ မှာမှတ်တမ်းတင်ထားတဲ့ ယေဟောဝါရဲ့စကား ထူးထူးခြားခြားပြည့်စုံခဲ့တဲ့ လယ်ကွင်းမှာ ကျွန်တော်အမှုဆောင်ခဲ့ရပါတယ်။ အဲဒီကျမ်းချက်ထဲမှာ ဒီလိုပြောထားတယ်– “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။” ဇမ်ဘီယာနိုင်ငံလောက်မှာပဲမဟုတ်ဘူး၊ ကမ္ဘာတစ်ဝန်းမှာ အဲဒီလိုဖြစ်ပျက်ခဲ့တာကို ကျွန်တော်မြင်တွေ့ခဲ့ရပါပြီ။ *
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 7 ယေဟောဝါသက်သေများက ထုတ်ဝေသော်လည်း ယခု ပုံမနှိပ်တော့ပါ။
^ အပိုဒ်၊ 50 ဝမ်းနည်းစရာမှာ ညီအစ်ကိုခဲန်ဂါလီသည် အားပြတ်သွားပြီး ဤဆောင်းပါးကို ပြင်ဆင်နေစဉ် တည်ကြည်စွာ ကွယ်လွန်သွားရှာသည်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ဇမ်ဘီယာဌာနခွဲနောက်ခံဖြင့် သောမ်ဆင်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ယနေ့ ဇမ်ဘီယာဌာနခွဲ