မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ဘုန်းတော်သည် ကိုယ်တော်၏လူမျိုးတော်အပေါ်ထွန်းလင်း

ယေဟောဝါ၏ဘုန်းတော်သည် ကိုယ်တော်၏လူမျိုးတော်အပေါ်ထွန်းလင်း

ယေဟောဝါ​၏​ဘုန်းတော်သည် ကိုယ်တော်​၏​လူမျိုးတော်အပေါ်​ထွန်းလင်း

“[“ယေဟောဝါ၊” က​ဘ] သည် သင်၌ ထာဝရ​အလင်း​ဖြစ်​တော်​မူ . . . ပြီ။”—ဟေရှာယ ၆၀:၂၀

၁။ ယေဟောဝါ​သည် တည်ကြည်သော​လူမျိုးတော်ကို မည်သို့​ကောင်းချီး​ပေး​တော်​မူ​သနည်း။

“ထာဝရ​ဘုရား​သည် မိမိလူ​စု​ကို​နှစ်သက်​တော်​မူ​၏။ စိတ်​နှိမ့်ချသော​သူတို့ကို ကယ်တင်ခြင်း​အားဖြင့် အသရေ​တင့်တယ်​စေတော်မူ​၏။” (ဆာလံ ၁၄၉:၄) ထိုသို့ ရှေးခေတ်​ဆာလံဆရာ​ပြောဆို​ခဲ့​ပြီး သူ၏​စကား​မှန်ကန်ကြောင်း သမိုင်းက​ထောက်ခံ​ခဲ့ပြီ။ ယေဟောဝါ​၏​လူမျိုးတော် တည်ကြည်သော​အခါ ကိုယ်တော်​သည် သူတို့ကို​ကြည့်ရှု​ပြုစု​တော်​မူ​၏၊ သူတို့ကို သီးပွင့်​စေပြီး ကာကွယ်​ပေး​တော်​မူ​၏။ ရှေး​အချိန်​က ကိုယ်တော်​သည် သူတို့၏​ရန်သူများ​ကို အောင်နိုင်​စေ​ခဲ့​သည်။ ယနေ့ သူတို့ကို ဝိညာဉ်​ရေး​ခိုင်ခံ့​စေပြီး ယေရှု၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်ကို​အခြေခံ​၍ ကယ်တင်ခြင်း​ရဖို့ အာမခံ​တော်​မူ​၏။ (ရောမ ၅:၉) ကိုယ်တော်​ဤသို့​ပြု​ရခြင်း​အကြောင်း​မှာ သူတို့သည် ကိုယ်တော့်​မျက်မှောက်တော်၌ တင့်တယ်​ကြသော​ကြောင့်​ဖြစ်သည်။

၂။ ဘုရားသခင့်​လူမျိုးတော်သည် အတိုက်အခံ​ကြုံတွေ့​နေကြ​ရ​သော်လည်း အဘယ်အရာကို ယုံကြည်​စိတ်ချ​ကြ​သနည်း။

မှောင်​အတိ​ကျနေ​သော ဤ​လောကတွင် “ဘုရား[သခင်]ဝတ်၌​မွေ့လျော်​၍​နေ” သော​သူတို့သည် အတိုက်အခံ​ကြုံ​ကြ​ရမည်။ (၂ တိမောသေ ၃:၁၂) သို့သော် အတိုက်အခံပြု​သူများကို ယေဟောဝါ​သတိပြု​တော်​မူ​ပြီး သူတို့ကို​ဤသို့​သတိပေး​တော်​မူ​၏– “အ​ကြင်​ပြည်​နှင့် အ​ကြင်​နိုင်ငံ​သည် သင်၏​အမှုကို​မ​ဆောင်၊ ထို​ပြည်​နှင့်​ထို​နိုင်ငံ​သည် ပျက်စီး​ရ​လိမ့်​မည်။ ထိုသို့​သော​တိုင်းနိုင်ငံ​တို့သည် သုတ်သင်​ပယ်ရှင်း​ခြင်း​ကို အမှန်​ခံရ​ကြလိမ့်မည်။” (ဟေရှာယ ၆၀:၁၂) ယနေ့ နည်း​အမျိုးမျိုးဖြင့် သူတို့​အတိုက်အခံပြု​နေကြ၏။ အချို့​နိုင်ငံ​များ​တွင် အတိုက်အခံပြု​သူများ​သည် စစ်မှန်သော​ခရစ်ယာန်​များ ယေဟောဝါ​အားပေး​ဆက်​ကြ​သည့် ဝတ်ပြုရေးကို ကန့်သတ်​ရန်၊ ပိတ်ပင်​ရန် ကြိုးစား​ကြသည်။ အခြား​နိုင်ငံ​များ​တွင်​မူ တစ်ယူသန်​သမားများ​သည် ယေဟောဝါ​အား​ဝတ်ပြုသူ​များ​ကို ရိုက်နှက်​ကြ​ပြီး သူတို့​ပိုင်ဆိုင်ရာ​များ​ကို မီးရှို့​ပစ်​ကြသည်။ သို့သော် ယေဟောဝါ​၏​အလိုတော်​ပြည့်စုံခြင်း​ကို ဆန့်ကျင်မှု​မှန်သမျှ​၏​အကျိုးဆက်ကို ကိုယ်တော်​ချမှတ်​စီရင်​ပြီးပြီ​ဖြစ်​ကြောင်း သတိရပါ။ အတိုက်အခံပြု​သူများ​သည် ရှုံးနိမ့်​ကြ​ပါ​လိမ့်​မည်။ မြေကြီးပေါ်​တွင် ဇိအုန်​၏​သားသမီး​များ ကိုယ်စား​ပြုသော ဇိအုန်​ကို​တိုက်ခိုက်​ကြ​သူများ​သည် အောင်မြင်​လိမ့်​မည်​မဟုတ်။ ယင်း​ကား ကျွန်ုပ်​တို့၏​ကြီးမြတ်သော​ဘုရားသခင် ယေဟောဝါ​ထံ​တော်​မှ အားတက်ဖွယ်​အာမခံချက် မဟုတ်ပေ​လော။

မျှော်လင့်​ထား​သည်ထက် ကောင်းချီး​ခံစား​ခဲ့​ရ

၃။ ယေဟောဝါ​အား ဝတ်ပြုသူ​များ​၏ တင့်တယ်မှု​နှင့် သီးပွင့်​မှု​ကို မည်သို့​ပုံဖော်​ပြ​ထား​သနည်း။

အမှန်​မှာ ဤ​အစီအစဉ်​စနစ်​၏ နောက်ဆုံး​နေ့ရက်​များ​အတွင်း ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို သူတို့​မျှော်လင့်​ထား​သည်ထက် များစွာ​ကောင်းချီး​ပေး​တော်​မူ​ခဲ့ပြီ။ အထူးသဖြင့် ကိုယ်တော်​အား​ဝတ်ပြု​သည့်​နေရာ​နှင့် ၎င်း​ရှိ ကိုယ်တော်​၏​နာမတော်​ခံယူ​ထား​သူများကို တဖြည်းဖြည်း ပို​တင့်တယ်​စေ​ခဲ့ပြီ။ ဟေရှာယ​၏​ပရောဖက်ပြုချက်​အရ ဇိအုန်​ကို ကိုယ်တော်​ဤသို့​ဆို​၏– “ငါ​၏​သန့်ရှင်း​ရာ​ဌာန​ကို တင့်တယ်​စေခြင်း​ငှာ လေဗနုန်​ဘုန်း​နှင့်​တကွ ထင်းရှူး​ပင်၊ တ​ဒေ​ရ​ပင်၊ တာရှု​ရ​ပင်​တို့သည် သင့်ထံ​သို့ တညီတညွတ်​တည်း ရောက်လာ​ကြလိမ့်မည်။ ငါသည် ငါ​၏​ခြေတင်ရာ​အရပ်​ကို ဘုန်းပွင့်​စေမည်။” (ဟေရှာယ ၆၀:၁၃) စိမ်းလန်း​စိုပြေ​သော​သစ်တော​ဖုံးလွှမ်း​သည့် တောင်တန်း​များသည် မျက်စိပသာဒ​ဖြစ်စရာ​ပင်။ ထို့​ကြောင့် ထူထပ်​သော​သစ်ပင်​များသည် ယေဟောဝါ​အား ဝတ်ပြုသူ​များ​၏ တင့်တယ်မှု​နှင့် သီးပွင့်​တိုးပွားမှု​တို့ကို သင့်လျော်​စွာ​ပုံဆောင်​သည်။—ဟေရှာယ ၄၁:၁၉; ၅၅:၁၃

၄။ “သန့်ရှင်း​ရာ​ဌာန” နှင့် “[ယေဟောဝါ​၏] ခြေတင်ရာ​အရပ်” တို့​ကား အဘယ်နည်း၊ ၎င်းတို့သည် မည်သို့​တင့်တယ်​လာ​ခဲ့ပြီ​နည်း။

ဟေရှာယ ၆၀:၁၃ တွင်​ဖော်ပြ​ထားသော “သန့်ရှင်း​ရာ​ဌာန” နှင့် “[ယေဟောဝါ​၏] ခြေတင်ရာ​အရပ်” တို့​ကား အဘယ်နည်း။ ဤ​စကားရပ်​များသည် ယေရှု​ခရစ်​မှ​တစ်ဆင့် ယေဟောဝါ​အား​ဝတ်ပြု​ရန် ကိုယ်တော့်​ထံ​ချဉ်းကပ်​နိုင်သော အစီအစဉ်​ဖြစ်သည့် ကိုယ်တော်​၏​မဟာ​ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်​၏ ရင်ပြင်​တို့ကို ရည်ညွှန်းပါ​သည်။ (ဟေဗြဲ ၈:၁-၅; ၉:၂-၁၀၊ ၂၃) ယေဟောဝါ​သည် ထို​ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်တွင် လူမျိုးအပေါင်း​မှ လူ​တို့ကို​စုသိမ်း​ပြီး ဝတ်ပြု​ကိုးကွယ်​စေခြင်း​ဖြင့် ဘုန်းတော်​ထင်ရှား​စေရန် ရည်ရွယ်ချက်ကို ဖော်ပြ​ခဲ့ပြီ​ဖြစ်သည်။ (ဟဂ္ဂဲ ၂:၇) လူမျိုးအပေါင်း​မှ လူအုပ်ကြီးသည် ယေဟောဝါ​၏ ဝတ်ပြုရာ​တောင်တော်​ပေါ်​သို့ စီ​တန်း​တက်​သွား​နေကြ​သည်ကို ဟေရှာယ​ကိုယ်တိုင် အစောပိုင်းက တွေ့​မြင်ခဲ့​ပြီး​ဖြစ်သည်။ (ဟေရှာယ ၂:၁-၄) နောက်​အနှစ်​တစ်​ရာ​လွန်​သော် အဆင်းအာရုံ​တစ်ခု​၌ တမန်​တော်​ယောဟန်​သည် “အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ​ထွက်၍၊ အဘယ်သူမျှ​မရေတွက်​နိုင်သော လူများ​အပေါင်း [“လူအုပ်ကြီး၊” က​ဘ]” ကို မြင်တွေ့ခဲ့​သည်။ ဤ​သူတို့သည် “ဘုရားသခင်​၏​ပလ္လင်တော်​ရှေ့” ၌​ရပ်နေ​ကြ​ပြီး “[ဝတ်ပြုရာ​အိမ်] တော်​၌ ဘုရားဝတ်​ကို နေ့​ည​မပြတ်​ပြု” လျက်​ရှိ၏။ (ဗျာဒိတ် ၇:၉၊ ၁၅) ဤ​ပရောဖက်ပြုချက်​များသည် ကျွန်ုပ်​တို့​ခေတ်​၌ ပြည့်စုံ​ခဲ့ပြီ​ဖြစ်​ရာ ယေဟောဝါ​၏​အိမ်တော်​သည် ကျွန်ုပ်​တို့​ရှေ့တွင် တင့်တယ်​လာ​ခဲ့ပြီ။

၅။ ဇိအုန်​၏​သားသမီး​များသည် အဘယ်​ပြောင်းလဲမှု​ကြီး​ကို ကြုံတွေ့​ခဲ့​ကြ​ရသနည်း။

ဤ​အရာအားလုံး​တို့သည် ဇိအုန်​အတွက် မဟာ​ပြောင်းလဲမှု​ကြီး​ပါ​တကား! ယေဟောဝါ​ဤသို့​ဆို​၏– “သင့်ကို အဘယ်သူမျှ လျှောက်​၍​မသွား​ရမည်​အကြောင်း သူတစ်ပါး​တို့သည် သင့်ကို​စွန့်ပစ်​ရွံရှာ​ကြသည်​အတွက် ငါသည် သင့်ကို ထာဝရ​အထွတ်အမြတ် [“ဂုဏ်ယူဖွယ်​ရာ၊” က​ဘ] ဖြစ်စေ​မည်။ လူမျိုး​အစဉ်အဆက် ဝမ်းမြောက်စရာ​အကြောင်းလည်း​ဖြစ်စေ​မည်။” (ဟေရှာယ ၆၀:၁၅) ပထမ​ကမ္ဘာ​စစ်​အပြီး​တွင် “ဘုရားသခင်​၏​ဣသရေလ” သည် ပျက်စီးခြင်း​ကာလ​တစ်ခု​ကို အမှန်​ကြုံတွေ့​ခဲ့​ရသည်။ (ဂလာတိ ၆:၁၆) ဘုရားသခင့်​ဣသရေလ​၏ မြေကြီးဆိုင်ရာ​သားသမီး​များသည် မိမိတို့​အတွက် ဘုရားသခင်​၏​အလိုတော်ကို ကွဲကွဲပြားပြား​မသိ​ခဲ့​ကြသော​ကြောင့် “စွန့်ပစ်” ခံရ​သည်​ဟု ခံစား​နေကြ​ရသည်။ ထို့နောက် ၁၉၁၉ ခုနှစ်​တွင် ယေဟောဝါ​သည် မိမိ၏​ဝိညာဉ်​တော်​ဖွား​ကျေးကျွန်​များ​ကို ပြန်​အသက်ဝင်​စေ​၍ အံ့ဖွယ်​ဝိညာဉ်​ရေး​တိုးတက်မှု​ဖြင့် သူတို့ကို​ကောင်းချီး​ပေး​တော်​မူ​ခဲ့​သည်။ ထို့​အပြင် ဤ​အခန်းငယ်​၌​ပါ​သော ကတိတော်​သည် အားရှိစရာကောင်း​သည်မဟုတ်​ပေ​လော။ ယေဟောဝါ​သည် ဇိအုန်​ကို ‘ဂုဏ်ယူဖွယ်​ရာ’ အဖြစ် ယူမှတ်ပါ​လိမ့်​မည်။ မှန်ပါသည်၊ ဇိအုန်​၏​သားသမီး​များနှင့် ယေဟောဝါ​ကိုယ်တော်တိုင်​သည် ဇိအုန်​ကို​ဂုဏ်ယူ​ကြ​ပါ​လိမ့်​မည်။ သူသည် “ဝမ်းမြောက်စရာ”၊ အတိုင်းမသိ​ရွှင်လန်းစရာ​အကြောင်း ဖြစ်ပါ​လိမ့်​မည်။ ၎င်း​သည် ခေတ္တ​ခဏမျှ​သာ​ဖြစ်​မည်​မဟုတ်ပါ။ ဇိအုန်​၏​မြေကြီးပေါ်​ရှိ​သားသမီး​များ ကိုယ်စား​ပြုသော မျက်နှာသာ​ရ​အခြေအနေ​သည် “လူမျိုး​အစဉ်အဆက်” တည်​လိမ့်​မည်။ အဆုံး​ရှိ​မည်​မဟုတ်ပါ။

၆။ တိုင်းနိုင်ငံ​များ​မှ ဥစ္စာ​အင်ခွင်များကို ခရစ်ယာန်စစ်​များ မည်သို့​အသုံးပြု​ကြ​သနည်း။

ဘုရားသခင်​၏​အမိန့်တော် နောက်တစ်ခု​ကို ယခု​နားဆင်​ပါ။ ဇိအုန်​ကို ယေဟောဝါ​ဤသို့​မိန့်ဆို​၏– “သင်သည် တစ်ပါး​အမျိုးသား​တို့၏​နို့​ကို စို့​ရ​လိမ့်​မည်။ ရှင်ဘုရင်​တို့၏​သားမြတ်​ကိုလည်း စို့​ရ​လိမ့်​မည်။ ငါ​ထာဝရ​ဘုရား​သည် သင့်ကို​ကယ်တင်​သော​သူ၊ ယာကုပ်​အမျိုး​၌ တန်ခိုး​ကြီးသော​ဘုရား​သည် သင့်ကို​ရွေးနုတ်သော​သူ​ဖြစ်​ကြောင်းကို သင်သည်​သိရ​လိမ့်​မည်။” (ဟေရှာယ ၆၀:၁၆) ဇိအုန်​သည် အဘယ်​နည်းဖြင့် “တစ်ပါး​အမျိုးသား​တို့၏​နို့​ကို​စို့” ပြီး “ရှင်ဘုရင်များ​၏​သားမြတ်​ကို” စို့​ခဲ့​သနည်း။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် သူတို့၏​အပေါင်းပါ “အခြားသိုး” တို့သည် စင်ကြယ်သော​ဝတ်ပြုရေးကို​မြှင့်တင်​ပေးဖို့ တိုင်းနိုင်ငံ​များ​၏ အဖိုးတန်​ဥစ္စာ​အင်ခွင်များကို အသုံးပြု​ကြ​ခြင်း​ဖြင့်​ဖြစ်သည်။ (ယောဟန် ၁၀:၁၆) စေတနာအလျောက် ရက်ရက်ရောရော​လှူဒါန်း​သည့်​ငွေ​ဖြင့် အပြည်ပြည်ဆိုင်ရာ​ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​ကို အကြီးအကျယ်​ဆောင်ရွက်​နိုင်​စေ​သည်။ မျက်မှောက်ခေတ်​နည်း​ပညာ​ကို ပညာရှိရှိ​အသုံးပြုခြင်း​ဖြင့် ဘာသာ​စကား​ရာ​နှင့်​ချီ​၍ သမ္မာကျမ်းစာ​နှင့် ကျမ်းစာ​စာပေ​များ​ကို ထုတ်ဝေ​နိုင်​စေ​သည်။ ယနေ့ သမိုင်း​တွင် တစ်ချိန်​တစ်ခါ​နှင့်​မျှ​မတူ​အောင် ကျမ်းစာ​အမှန်တရားကို လူများစွာ​ကြားသိ​နေကြ​ရပြီ။ နိုင်ငံ​မြောက်မြားစွာ​မှ လူတို့သည် မိမိ၏​ဝိညာဉ်​တော်​ဖွား​ကျေးကျွန်​များ​ကို ဝိညာဉ်​ရေး​သုံ့ပန်း​ဘဝ​မှ ပြန်​ဝယ်ယူ​ခဲ့​သော ယေဟောဝါ​သည် အမှန်ပင်​ကယ်တင်ရှင်​ဖြစ်​ကြောင်း သိရှိ​လာကြပြီ​ဖြစ်သည်။

အဖွဲ့အစည်း​လိုက်​တိုးတက်မှု

၇။ ဇိအုန်​၏​သားသမီး​များသည် အဘယ်​ထင်ရှားသော​တိုးတက်မှု​များ​ကို တွေ့ကြုံ​ခံစား​ခဲ့​ရပြီ​နည်း။

ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို အခြား​နည်း​တစ်နည်း​ဖြင့် တင့်တယ်​စေ​ခဲ့ပြီ။ ကိုယ်တော်​သည် သူတို့ကို အဖွဲ့အစည်း​လိုက်​တိုးတက်​စေခြင်း​ဖြင့် ကောင်းချီး​ပေး​တော်​မူ​ခဲ့ပြီ။ ဟေရှာယ ၆၀:၁၇ တွင် ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “ကြေးဝါ​အရာ​၌ ရွှေ​ကိုလည်း​ကောင်း၊ သံ​အရာ​၌ ငွေ​ကိုလည်း​ကောင်း၊ သစ်သား​အရာ​၌ ကြေးဝါ​ကိုလည်း​ကောင်း၊ ကျောက်​အရာ​၌ သံ​ကိုလည်း​ကောင်း ငါ​ဆောင်​ခဲ့​မည်။ သင်၏​အရာရှိ​တို့ကို ငြိမ်သက်​သော​သဘော၊ အခွန်ခံတို့​ကို ဖြောင့်မတ်​သော​သဘော​နှင့် ပြည့်စုံ​စေမည်။” ကြေးဝါ​အရာ​၌ ရွှေ​ကို​အစားထိုး​ခြင်း​သည် တိုးတက်မှု​တစ်ခု​ဖြစ်သည်၊ ဖော်ပြ​ထားသော​အခြား​ပစ္စည်း​များလည်း ထပ်တူ​ပင်​ဖြစ်သည်။ ၎င်းနှင့်​အညီ ဘုရားသခင်​၏​ဣသရေလ​သည် ဤ​နောက်ဆုံး​ကာလ​အတွင်း အဖွဲ့အစည်း​လိုက် တိုးတက်မှု​အမျိုးမျိုး တွေ့ကြုံ​ခံစား​နေရ​ပြီ။ သာဓက​အချို့​ကို သုံးသပ်ကြည့်​ပါ။

၈-၁၀။ ၁၉၁၉ ခုနှစ်​မှ​အစပြု​ခဲ့​သော အဖွဲ့အစည်း​လိုက်​တိုးတက်မှု​အချို့​ကို ဖော်ပြ​ပါ။

၁၉၁၉ ခုနှစ်​မတိုင်မီ​က ဘုရားသခင့်​လူမျိုးတော်​၏ အသင်းတော်များ​ကို အသင်းတော်​အကြီးအကဲ​များနှင့် သင်းထောက်​များ​က စီမံခန့်ခွဲ​ခဲ့​ကြသည်၊ သူတို့ကို အသင်းသားများ​က ဒီ​မို​က​ရေ​စီ​နည်း​စနစ်​ဖြင့် မဲပေး​ရွေးကောက်​တင်မြှောက်​ခဲ့​ကြ​၏။ ထို​နှစ်​မှ​စ၍ လယ်ကွင်း​လုပ်ငန်း​လှုပ်ရှားမှုများ​ကို ကြီးကြပ်​ဖို့ အသင်းတော်​တစ်ခုစီ​တွင် လုပ်ငန်းတော်​ဒါရိုက်တာ​တစ်ဦး​ကို ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ က ခန့်အပ်​ခဲ့​သည်။ (မဿဲ ၂၄:၄၅-၄၇) သို့သော် အသင်းတော်များ​စွာ​တွင် ထို​အစီအစဉ် မအောင်မြင်​ခဲ့​ချေ၊ အကြောင်း​မှာ ရွေးကောက်​ခံရ​သော​အကြီးအကဲ​အချို့​သည် ဧဝံဂေလိ​လုပ်ငန်း​တွင် အပြည့်အဝ​မပါဝင်​ခဲ့​သောကြောင့်​ဖြစ်သည်။ ထို့​ကြောင့် ၁၉၃၂ ခုနှစ်​တွင် အသင်းတော်များ​သည် အကြီးအကဲ​များနှင့် သင်းထောက်​များ​ကို မဲ​စနစ်​ဖြင့်​ရွေးကောက်​ခြင်း မပြု​တော့​ရန် ညွှန်ကြားခံ​ခဲ့​ရသည်။ ယင်းအစား လုပ်ငန်းတော်​ဒါရိုက်တာ​နှင့်အတူ တွဲဖက်​အမှုထမ်း​ကြ​မည့် အမျိုးသားများ​ကို ရွေး​ကောက်ကြ​ပြီး လုပ်ငန်းတော်​ကော်မတီ​ဖွဲ့​ရမည်​ဖြစ်သည်။ ၎င်း​သည် “သစ်သား” အရာ​၌ “ကြေးဝါ” ကို​အစားထိုး​ခြင်း​နှင့်​တူ​ပြီး ကြီးမားသော​တိုးတက်မှု​တစ်ခု​ပင်​တည်း!

၁၉၃၈ ခုနှစ်​တွင် ကမ္ဘာ​တစ်ဝန်း​ရှိ​အသင်းတော်များ​သည် မွမ်းမံ​အစီအစဉ်​တစ်ခု​ကို လက်ခံရန် ဆုံးဖြတ်​ခဲ့​ကြသည်၊ ၎င်း​သည် ကျမ်းစာ​အစဉ်အလာ​နှင့် သာ၍​ကိုက်ညီ​ပေ​သည်။ အသင်းတော်​စီမံခန့်ခွဲမှု​တာဝန်​ကို လုပ်ဖော်ကိုင်ဖက်​စု​အမှုထမ်း​နှင့် အခြား​အမှုထမ်းများ​အား အပ်နှင်း​ခဲ့​သည်၊ ထို​သူအား​လုံး​တို့​မှာ သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်​၏ ကြီးကြပ်မှု​အောက် ခန့်အပ်​ခံရ​သူများ​ဖြစ်​ကြသည်။ မဲ​စနစ်​ဖြင့် ရွေးကောက်​ခြင်း​မရှိတော့​ချေ! သို့ဖြင့် သီအိုကရက်တစ်​နည်းလမ်း​အတိုင်း အသင်းတော်​ခန့်အပ်​မှုများ​ကို ပြုလုပ်​ခဲ့​ကြ​လေ​သည်။ ၎င်း​သည် “ကျောက်” အရာ​၌ “သံ၊” “ကြေးဝါ” အရာ​၌ “ရွှေ” ကို​အစားထိုး​ခြင်း​နှင့်​တူ​သည်။

၁၀ ထို​အချိန်​မှ​စ၍ ဆက်လက်​တိုးတက်​နေသည်။ ဥပမာ၊ ၁၉၇၂ ခုနှစ်​တွင်၊ အကြီးအကဲ​တစ်ဦးတည်း​က ကျန်​သူများ​အပေါ် အခွင့်အာဏာ​သုံး​ခြင်း​မရှိဘဲ သီအိုကရက်တစ်​နည်း​အတိုင်း ခန့်အပ်​ခံရ​ပြီး ပူးပေါင်း​လုပ်ဆောင်​သော အကြီးအကဲအဖွဲ့​တစ်ဖွဲ့ ကြီးကြပ်​သော​အသင်းတော်များ​ရှိ​ခြင်း​သည် ပထမ​ရာစု ခရစ်ယာန်​အသင်းတော်များ​ကို စီမံခန့်ခွဲ​ခဲ့​သော​နည်းလမ်း​နှင့် ပို​၍​ကိုက်ညီ​ကြောင်း တွေ့ရှိ​ခဲ့​ကြ​ရသည်။ ထို့​အပြင် လွန်ခဲ့သော​နှစ်နှစ်​ခန့်​တွင် နောက်ထပ်​တိုးတက်မှု​တစ်ခု​ရှိခဲ့​သေး​သည်။ တရားဝင်​ကော်ပိုရေးရှင်း​အချို့​၏ ဦးစီး​ကွပ်ကဲမှု​ကို ပြုပြင်​ခဲ့​ရာ အုပ်ချုပ်ရေး​အဖွဲ့​သည် တရားရေး​ရာ​ကိစ္စ​များနှင့် နေ့စဉ်​အာရုံ​ထွေပြား​နေ​မည့်​အစား ဘုရားသခင့်​လူမျိုးတော်​၏ ဝိညာဉ်​ရေး​အကျိုး​စီးပွား​ကို ပို​၍​အပြည့်အဝ​အာရုံစိုက်​နိုင်​ခဲ့​ပေ​ပြီ။

၁၁။ ယေဟောဝါ​၏​လူမျိုးတော်​အလယ်တွင် အဖွဲ့အစည်း​လိုက် ပြောင်းလဲ​မှုများ​နောက်ကွယ်​၌ မည်သူ​ရှိ​သနည်း၊ ဤ​ပြောင်းလဲမှု​များသည် အဘယ်​အကျိုးကျေးဇူး​ဖြစ်ထွန်း​စေ​ခဲ့ပြီ​နည်း။

၁၁ ဤ​အဆင့်ဆင့် တိုးတက်​ပြောင်းလဲမှု​များ နောက်ကွယ်​၌ မည်သူ​ရှိ​သနည်း။ ယေဟောဝါ​ဘုရားသခင်​မှတစ်ပါး မည်သူမျှ​မရှိပေ။ ကိုယ်တော်​သာ “ရွှေ​ကို . . . ငါ​ဆောင်​ခဲ့​မည်” ဟု​ဆို​၏။ ဆက်လက်​၍​လည်း ကိုယ်တော်​က “သင်၏​အရာရှိ​တို့ကို ငြိမ်သက်​သော​သဘော၊ အခွန်ခံတို့​ကို ဖြောင့်မတ်​သော​သဘော​နှင့် ပြည့်စုံ​စေမည်” ဟု​မိန့်တော်မူ၏။ မှန်ပါသည်၊ ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို​ကြီးကြပ်​ရန် တာဝန်ခံ​ယူ​ထား​သည်။ တင်ကူး​ဟော​ကြား​ထားသော အဖွဲ့အစည်း​လိုက်​တိုးတက်မှု​ဖြင့် မိမိ၏​လူမျိုးတော်ကို တင့်တယ်​စေတော်မူ​ပြီ။ ယင်းကြောင့် ယေဟောဝါသက်သေ​များသည် နည်း​များစွာ​ဖြင့် ကောင်းချီး​ခံစား​နေကြ​ရသည်။ ဟေရှာယ ၆၀:၁၈ တွင် ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “သင်၏​ပြည်​၌ အနိုင်အထက်ပြု​ခြင်း​အသံကို နောက်​တစ်ဖန်​မကြား​ရ။ သင်၏​နယ်​အတွင်း​တွင် လုယူ​ဖျက်ဆီးခြင်း​မရှိ​ရ။ သင်၏​မြို့ရိုး​ကို ကယ်တင်ခြင်း​ဟူ၍လည်း​ကောင်း၊ မြို့တံခါး​တို့ကို ချီးမွမ်း​ခြင်း​ဟူ၍လည်း​ကောင်း သမုတ်​ရ​လိမ့်​မည်။” ထိုစကား​များသည် တင့်တယ်လှ​သည်​တကား! သို့သော် ဤ​စကား​များ မည်သို့​ပြည့်စုံ​လာ​ခဲ့ပြီ​နည်း။

၁၂။ ခရစ်ယာန်စစ်​များ​အလယ်​၌ ငြိမ်သက်ခြင်း မည်သို့​ကြီးစိုး​လာ​သနည်း။

၁၂ စစ်မှန်သော​ခရစ်ယာန်​များသည် ယေဟောဝါ​ထံ​တော်​မှ သွန်သင်မှု​နှင့် လမ်းညွှန်မှု​ရရှိရန် မျှော်လင့်​ကြ​ရာ အကျိုးဆက်​မှာ ဟေရှာယ​တင်ကူး​ပြော​ထား​သည့်​အတိုင်း ဤသို့​ဖြစ်​လေ​ပြီ– “သင်၏​သားသမီး​အပေါင်းတို့သည် ထာဝရ​ဘုရား​ဆုံးမ​သွန်သင်​တော်​မူ​သော​သူ​ဖြစ်၍ များစွာသော​စည်းစိမ်​ချမ်းသာ​နှင့် ပြည့်စုံ​ကြလိမ့်မည်။” (ဟေရှာယ ၅၄:၁၃) ထို့​ပြင် ယေဟောဝါ​၏​လူမျိုးတော်အပေါ်​၌ ကိုယ်တော်​၏​ဝိညာဉ်​တော် လုပ်ဆောင်နေ​တော်​မူ​ရာ ထို​ဝိညာဉ်​တော်​၏​အသီး​တွင် ငြိမ်သက်ခြင်း​ပါဝင်​သည်။ (ဂလာတိ ၅:၂၂၊ ၂၃) အကြမ်းဖက်​လောကတွင် ယေဟောဝါ​လူမျိုးတော်​၏​ငြိမ်သက်မှု​သည် အားရှိစေ​သော အို​အေ​စစ်​တစ်ခု​ဖြစ်သည်။ ခရစ်ယာန်စစ်​များ​အချင်းချင်း တစ်ဦး​အပေါ်​တစ်ဦး​ထား​ရှိသော ချစ်ခြင်း​မေတ္တာ​ပေါ်​အခြေပြု​သည့် သူတို့၏​ငြိမ်သက်​သော​အခြေအနေ​သည် ကမ္ဘာသစ်​အသက်တာ​၏ နမူနာ​တစ်ခု​ဖြစ်သည်။ (ယောဟန် ၁၅:၁၇; ကောလောသဲ ၃:၁၄) ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ထို​ငြိမ်သက်မှု​ကို မွေ့လျော်​ခံ​စား၍ တိုးပွား​စေနိုင်​၏၊ ၎င်း​ငြိမ်သက်မှု​သည် ဘုရားသခင်​ကို ဂုဏ်တင်​ချီးမွမ်း​ပြီး ကျွန်ုပ်​တို့​ဝိညာဉ်​ရေး​ပရဒိသု​၏ အဓိက​အစိတ်အပိုင်း​တစ်ခု​ဖြစ်သည်!—ဟေရှာယ ၁၁:၉

ယေဟောဝါ​၏​အလင်း ဆက်​ထွန်းလင်း​မည်

၁၃။ လူမျိုးတော်အပေါ် ယေဟောဝါ​၏​အလင်း မပြတ်​ထွန်းလင်း​မည်​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​စိတ်ချ​နိုင်​သနည်း။

၁၃ ယေဟောဝါ​၏​အလင်း​သည် ကိုယ်တော်​၏​လူမျိုးတော်အပေါ် ဆက်​ထွန်းလင်း​လိမ့်​မည်​လော။ ထွန်းလင်း​ပါ​လိမ့်​မည်! ဟေရှာယ ၆၀:၁၉၊ ၂၀ တွင်​ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “နောက်​တစ်ဖန် နေ့​အချိန်၌ သင်၏​အလင်း​သည် နေ​ပေး​သော​အလင်း​မဟုတ်၊ ည​အချိန်၌​လည်း လ​အရောင်​သည် သင့်ကို​မ​လင်း​စေ​ရ။ အကြောင်း​မူ​ကား ထာဝရ​ဘုရား​သည် သင်၌ ထာဝရ​အလင်း၊ သင်၏​ဘုရားသခင်​သည် သင်၏​ဘုန်း​အသရေ ဖြစ်​တော်​မူ​လိမ့်​မည်။ နောက်​တစ်ဖန် သင်၏​နေသည် မဝင်​ရ။ သင်၏​လ​သည်လည်း မဆုတ်​ရ။ ထာဝရ​ဘုရား​သည် သင်၌ ထာဝရ​အလင်း​ဖြစ်​တော်​မူ​၍ စိတ်​မ​သာ​ညည်းတွား​ရာ​ကာလ ကုန်​လေ​ပြီ။” ၁၉၁၉ ခုနှစ်​တွင် ဝိညာဉ်​ရေး​ပြည်နှင်ခံရခြင်း​ကြောင့် “စိတ်​မ​သာ​ညည်းတွား” ခြင်း​ရပ်စဲ​သွား​သည်​နှင့် ယေဟောဝါ​၏​အလင်း​သည် သူတို့​အပေါ် စတင်​ထွန်းလင်း​လေ​သည်။ အနှစ် ၈၀ ကျော်​ကုန်လွန်​ပြီး​နောက်​လည်း ယေဟောဝါ​၏​အလင်း ဆက်​ထွန်းလင်း​နေရာ ယေဟောဝါ​၏​မျက်နှာသာတော်​ကို သူတို့​ဆက်ခံစား​နေကြ​ရ​ဆဲ​ရှိ၍ ရပ်တန့်​သွား​လိမ့်​မည်​မဟုတ်ပါ။ ကိုယ်တော်​အား ဝတ်ပြု​ကိုးကွယ်​သူများ​နှင့်​စပ်လျဉ်း၍ ကျွန်ုပ်​တို့၏​ဘုရားသခင်​သည် နေကဲ့သို့ “ဝင်” ပြီး လ​ကဲ့သို့ “ဆုတ်” မည်​မဟုတ်ပါ။ ယင်းအစား သူတို့​အပေါ် ထာဝစဉ်​အလင်းဖြာ​ပေ​လိမ့်​မည်။ ဤ​မှောင်မိုက်​လောက​၏ နောက်ဆုံး​ကာလ​အတွင်း​၌ အသက်ရှင်နေ​ကြသော ကျွန်ုပ်​တို့အတွက် အမှန်တကယ်​အားရစရာ အာမခံချက်​ပါ​တကား!

၁၄၊ ၁၅။ (က) ဘုရားသခင့်​လူမျိုးတော်​အားလုံး​သည် အဘယ်​နည်းဖြင့် “ဖြောင့်မတ်” ကြ​သနည်း။ (ခ) အခြားသိုး​များသည် ဟေရှာယ ၆၀:၂၁ နှင့်​စပ်လျဉ်း၍ အဘယ်​အရေးပါသော ပြည့်စုံချက်​ကို စောင့်မျှော်​ကြ​သနည်း။

၁၄ ဘုရားသခင့်​ဣသရေလ၊ ဇိအုန်​၏​မြေကြီး​ကိုယ်စားလှယ်​များနှင့်​စပ်လျဉ်း၍ ယေဟောဝါ​မိန့်မြွက်​သောက​တိ​တော် နောက်တစ်ခု​ကို ယခု​နားဆင်​ပါ။ ဟေရှာယ ၆၀:၂၁ က​ဤသို့​ဆို​၏– “သင်၏​လူအပေါင်း​တို့သည် ဖြောင့်မတ်​၍ ပြည်တော်​ကို အစဉ်အမြဲ​အမွေခံ​သဖြင့် ငါ​၏​ဘုန်းပွင့်​စေခြင်း​ငှာ ငါ​ကိုယ်တိုင်​စိုက်​၍ ပြုစု​သော​ပျိုးပင်​ဖြစ်​ရ​ကြလိမ့်မည်။” ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ လုပ်ငန်းတော်​ကို ပြန်​ဆောင်ရွက်​ကြ​သည့် ၁၉၁၉ ခုနှစ်​တွင် သူတို့သည် ထူးခြားသော​လူစု​တစ်စု​ဖြစ်​ခဲ့​သည်။ သူတို့သည် အမှန်တကယ်​အပြစ်ကြီး​သော​လောကတွင် ခရစ်တော်​ယေရှု၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်ကို အခိုင်အမာ​ယုံကြည်ခြင်း​ကြောင့် “ဖြောင့်မတ်​ရာ​သို့​ရောက်​ရ” ကြသည်။ (ရောမ ၃:၂၄; ၅:၁) ထို့နောက် ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ လွတ်မြောက်​လာသော ဣသရေလ​လူမျိုး​ကဲ့သို့ သူတို့သည် “ပြည်တော်”၊ ဝိညာဉ်​ရေး​နယ်မြေ၊ သို့​မဟုတ် လှုပ်ရှား​ဆောင်ရွက်မှု​နယ်ပယ်​ကို သိမ်းပိုက်​ခဲ့​ကြ​ပြီး ထို​တွင် ဝိညာဉ်​ရေး​ပရဒိသု​ကို မွေ့လျော်​ခံစား​ကြ​ရမည်​ဖြစ်သည်။ (ဟေရှာယ ၆၆:၈) ရှေးခေတ်​ဣသရေလ​လူမျိုး​နှင့်​မတူဘဲ ဘုရားသခင့်​ဣသရေလ​သည် လူမျိုးတစ်မျိုး​အနေ​နှင့် ဖောက်ပြန်​မည်​မဟုတ်သောကြောင့် ထို​ပြည်တော်​၏ ပရဒိသု​ဆိုင်ရာ အလှ​ကျက်သရေ​သည် ဘယ်​သောအခါ​မျှ ညှိုးနွမ်း​မှေးမှိန်​သွား​မည်​မဟုတ်ပါ။ သူတို့၏​ယုံကြည်ခြင်း၊ သူတို့၏​ခံနိုင်ရည်​နှင့် သူတို့၏​ဇွဲ​သည် ဘုရားသခင့်​နာမတော်​အား အစဉ်​ဂုဏ်တင်​ပါ​လိမ့်​မည်။

၁၅ ထို​ဝိညာဉ်​ရေး​ပြည်တော်​သားများ​အားလုံး​သည် ပဋိညာဉ်​သစ်​တွင် ပါဝင်​လာကြပြီ။ သူတို့​အားလုံး​၏​နှလုံး​ပေါ်​တွင် ယေဟောဝါ​၏​ပညတ်တော် ရေးသား​ထားပြီး​ဖြစ်၍ ယေရှု၏​ရွေးဖိုး​ပူဇော်ရာ​ယဇ်​ကြောင့် ယေဟောဝါ​သည် သူတို့၏​အပြစ်​များ​ကို ခွင့်လွှတ်​တော်​မူ​ခဲ့ပြီ။ (ယေရမိ ၃၁:၃၁-၃၄) ကိုယ်တော်​၏ “သား” များ​အဖြစ် သူတို့ကို ဖြောင့်မတ်​ရာ​သို့​ရောက်​စေပြီး စုံလင်​သူများ​ပ​မာ သူတို့နှင့်​ဆက်ဆံ​တော်​မူ​၏။ (ရောမ ၈:၁၅၊ ၁၆၊ ၂၉၊ ၃၀) သူတို့၏​အပေါင်းပါ အခြားသိုး​များသည်​လည်း ယေရှု၏​ပူဇော်ရာ​ယဇ်ကို​အခြေခံ​၍ အပြစ်​များ​ခွင့်လွှတ်​ခံရ​ပြီး​နောက် အာဗြဟံ​ကဲ့သို့ ဘုရားသခင့်​မိတ်ဆွေများ​အဖြစ် ယုံကြည်ခြင်း​အားဖြင့် ဖြောင့်မတ်​ရာ​သို့​ရောက်​ကြပြီ။ “မိမိတို့​ဝတ်လုံကို သိုးသငယ်​၏​အသွေး​၌​လျှော်​၍ ဖြူ​စေသော​သူ​ဖြစ်​ကြ​သတည်း။” ဤ​အခြားသိုး​အပေါင်းပါများ​သည် ထူးခြား​ထင်ရှားသော ကောင်းချီး​နောက်တစ်ခု​ကို စောင့်မျှော်​နေကြ​သည်။ ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ကို​ကပ်ကျော်​ပြီး​နောက်၊ သို့​မဟုတ် ရှင်ပြန်ထမြောက်​ပြီး​နောက် မြေတစ်ပြင်လုံး​သည် ပရဒိသု​ဖြစ်လာ​သောအခါ ဟေရှာယ ၆၀:၂၁ ပါ​စကား​များ စာသား​အတိုင်း​ပြည့်စုံ​လာ​သည်ကို သူတို့​မြင်တွေ့ရ​ကြလိမ့်မည်။ (ဗျာဒိတ် ၇:၁၄; ရောမ ၄:၁-၃) ထို​အခါ “စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။ ဖြောင့်မတ်​သော​သူတို့သည် ပြည်တော်​ကို​အမွေခံ​၍ အစဉ်အမြဲ​နေရ​ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁၊ ၂၉

ဆက်လက်​တိုးတက်​နေ

၁၆။ အဘယ်​ထူးခြားသော​ကတိတော်​ကို ယေဟောဝါ​ပြု​တော်​မူ​ခဲ့​သနည်း၊ ၎င်း​သည် မည်သို့​ပြည့်စုံ​ခဲ့ပြီ​နည်း။

၁၆ ဟေရှာယ​အခန်းကြီး ၆၀ ၏​နောက်ဆုံး​အခန်းငယ်​တွင် ထို​အခန်းကြီး​ပါ ယေဟောဝါ​၏​နောက်ဆုံး​ကတိပြု​ချက်​ကို ကျွန်ုပ်​တို့​ဖတ်ရှု​ရသည်။ ဇိအုန်​ကို ကိုယ်တော်​ဤသို့​ဆို​၏– “သူငယ်​တစ်ယောက်​သည် လူ​တစ်ထောင်​ဖြစ်​ရ​လိမ့်​မည်။ အားနည်း​သော​သူ​တစ်ယောက်​သည် အား​ကြီးသော​လူမျိုး​ဖြစ်​ရ​လိမ့်​မည်။ ငါ​ထာဝရ​ဘုရား​သည် အချိန်​ရောက်​လျှင် ထို​အမှုကို​နှိုးဆော်​မည်။” (ဟေရှာယ ၆၀:၂၂) ကျွန်ုပ်​တို့​ခေတ်တွင် ယေဟောဝါ​သည် နှုတ်မြွက်​စကားတော်​ကို တည်စေ​တော်​မူ​၏။ ၁၉၁၉ ခုနှစ်​တွင် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် လုပ်ငန်းတော် ပြန်​လုပ်ဆောင်​ချိန်​၌ အရေအတွက်​အားဖြင့် အနည်းငယ်​သာ​ရှိခဲ့​ရာ “သူငယ်​တစ်ယောက်” သာ​ဖြစ်​ခဲ့​သည်။ သို့သော် ဝိညာဉ်​ရေး​ဣသရေလ​သားများ နောက်ထပ်​ခေါ်ဆောင်​ခံရ​သည်​နှင့် သူတို့၏​အရေအတွက် တိုးများ​လာ​၏။ ၎င်းနောက် အရေအတွက်​တိုး၍​တိုး၍​များ​လာသော အခြားသိုး​သည် သူတို့နှင့် စတင်​စုရုံး​လာ​ကြသည်။ ဘုရားသခင့်​လူမျိုးတော်​၏ ငြိမ်သက်​သော​အခြေအနေ၊ သူတို့၏ “ပြည်တော်” ၌​ရှိသော ဝိညာဉ်​ရေး​ပရဒိသု​သည် နှလုံး​ရိုး​ဖြောင့်​သူများစွာ​ကို​ဆွဲဆောင်​ခဲ့​ရာ “အားနည်း​သော​သူ​တစ်ယောက်” သည် အမှန်တကယ်​ပင် “အား​ကြီးသော​လူမျိုး” ဖြစ်လာ​ခဲ့ပြီ။ ယခု​ဤ “လူမျိုး”—ဘုရားသခင့်​ဣသရေလ​နှင့် ဆက်ကပ်​အပ်နှံ​ထားသော “တိုင်းတစ်ပါးသား” ခြောက်​သန်း​ကျော်​တို့—သည် ကမ္ဘာ့​အချုပ်အခြာ​နိုင်ငံ​များစွာ​တို့​ရှိ လူဦးရေ​ထက် ပို​များနေ​ပါ​ပြီ။ (ဟေရှာယ ၆၀:၁၀) ၎င်း​နိုင်ငံသား​များသည် ယေဟောဝါ​၏​အလင်းတော်​ကို လင်း​စေခြင်း​၌​ပါဝင်​ကြ​ပြီး ထိုသို့​ပြုခြင်း​က သူတို့​အားလုံး​ကို ကိုယ်တော်​၏​ရှေ့မှောက်တော်​တွင် လှပ​တင့်တယ်​စေပါ​သည်။

၁၇။ ဟေရှာယ​အခန်းကြီး ၆၀ ကို​ဤသို့​ဆွေးနွေးခြင်း​က သင့်အတွက် အဘယ်​အကျိုး​သက်ရောက်​ခဲ့ပြီ​နည်း။

၁၇ ဟေရှာယ​အခန်းကြီး ၆၀ ၏​ပေါ်လွင်​ချက်​များ​ကို သုံးသပ်​ရခြင်း​သည် ယုံကြည်ခြင်းကို အမှန်ပင်​ခိုင်ခံ့​စေ​သည်။ ယေဟောဝါ​၏​လူမျိုးတော်သည် ဝိညာဉ်​ရေး​ပြည်နှင်ခြင်း​ခံရ​ပြီး​နောက် ပြန်လည်​ထူထောင်​လာ​မည်​ကို ကိုယ်တော်​ကြိုသိ​တော်​မူ​ကြောင်း သိရှိ​ရခြင်း​သည် အားရှိစရာ​ဖြစ်သည်။ ကျွန်ုပ်​တို့​ခေတ်တွင် စစ်မှန်သော​ဝတ်ပြုသူ​များ​၏​အရေအတွက် အကြီးအကျယ်​တိုးများ​လာ​မည်​ကို ယေဟောဝါ ဤမျှ​တိုင် ကြိုတင်​သိရှိ​ထားခြင်း​သည် ကျွန်ုပ်​တို့အတွက် အံ့အားသင့်​စ​ရာ​ဖြစ်သည်။ ထို့​အပြင် ကျွန်ုပ်​တို့ကို ယေဟောဝါ​စွန့်ပစ်​တော်​မူ​မည်​မဟုတ်​ကြောင်း ပြန်​အမှတ်ရခြင်း​သည် အမှန်တကယ်​နှစ်သိမ့်မှု​ပေး​သည်​တကား! “ထာဝရ​အသက်ကို​တလိုတလား​ရှိသူ” တို့ကို လက်ခံ​ကြိုဆို​ရန် “မြို့” တံခါးများ အစဉ်​ပွင့်​နေ​မည်​ဟူသော အာမခံချက်​သည် နှစ်သက်​စွဲလမ်း​စ​ရာ​ကောင်း​လိုက်​လေ​ခြင်း! (တမန်​တော် ၁၃:၄၈က​ဘ) ယေဟောဝါ​သည် လူမျိုးတော်အပေါ် ဆက်လက်​၍ ထွန်းလင်း​ပါ​လိမ့်​မည်။ ဇိအုန်​၏​သားသမီး​များသည် မိမိတို့​အလင်း​ကို လင်း​သည်ထက်​လင်း​စေသော​အခါ ဂုဏ်ယူဖွယ်​ရာ​အကြောင်း ဆက်​ဖြစ်နေ​ပါ​လိမ့်​မည်။ (မဿဲ ၅:၁၆) ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​ဣသရေလ​နှင့် နီးကပ်​စွာ​နေ​ရန်၊ ယေဟောဝါ​၏​အလင်းတော် ထွန်းလင်း​စေခြင်း​အခွင့်ထူး​ကို တန်ဖိုး​ထား​လေးမြတ်​ရန် ယခင်​က​ထက်​ပင်​ပို​၍ စိတ်ပိုင်းဖြတ်​ထား​ကြသည်​မှာ​အမှန်!

သင်​ရှင်းပြ​နိုင်​သလော

• အတိုက်အခံပြု​မှု​နှင့်​ပတ်သက်​၍ အဘယ်အရာကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​သနည်း။

• ဇိအုန်​၏​သားသမီး​များသည် ‘တစ်ပါး​အမျိုးသား​တို့၏​နို့​ကို’ အဘယ်​နည်းဖြင့်​စို့​သနည်း။

• ယေဟောဝါ​သည် အဘယ်​နည်းများဖြင့် “သစ်သား​အရာ​၌ ကြေးဝါ​ကို​ဆောင်​ခဲ့’ ပြီ​နည်း။

ဟေရှာယ ၆၀:၁၇၊ ၂၁ တွင် အဘယ်​အရည်အချင်း​နှစ်ခု​ကို အလေးပေး​ဖော်ပြ​ထား​သနည်း။

• “အားနည်း​သော​သူ​တစ်ယောက်” သည် မည်သို့ “အား​ကြီးသော​လူမျိုး” ဖြစ်လာ​ခဲ့ပြီ​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ဟေရှာယ​ပရောဖက်ပြုချက် —လူ​ခပ်သိမ်း​အတွက်​အလင်း

ဤ​ဆောင်းပါး​များ​ပါ အကြောင်းအရာကို ၂၀၀၁/၀၂ ၌ ကျင်းပ​ခဲ့​သည့် “ဘုရားသခင့်​စကားတော်​ကို သွန်သင်​သူများ” ခရိုင်​စည်းဝေးကြီး​တွင် တင်ဆက်​ခဲ့​သည်။ ဟောပြောချက်​အပြီး​တွင် ဟောပြောသူက ဟေရှာယ​ပရောဖက်ပြုချက်—လူ​ခပ်သိမ်း​အတွက်​အလင်း၊ အတွဲ​နှစ်​အမည်​ရှိ စာအုပ်​အသစ်​ကို ထုတ်ဝေ​ခဲ့​သည်။ ထို​အချိန်​မတိုင်မီ​တစ်နှစ်​က ဟေရှာယ​ပရောဖက်ပြုချက်—လူ​ခပ်သိမ်း​အတွက်​အလင်း၊ အတွဲ​တစ်​ကို ထုတ်ဝေ​ခဲ့​ပြီး​ဖြစ်သည်။ ဤ​စာအုပ်​အသစ်​ကို ထုတ်ဝေ​လိုက်​ရာ ဟေရှာယကျမ်း​၏ အခန်းငယ်​အားလုံးနီးပါး​ကို ဆွေးနွေး​တင်ပြ​ထား​ချက်​တစ်ခု ယခု​ရရှိ​ပေ​ပြီ။ ဤ​စာအုပ်​တွဲ​များသည် ယုံကြည်ခြင်း​တိုးပွား​စေသော ပရောဖက်ပြုချက်​ဆိုင်ရာ ဟေရှာယကျမ်း​ကို တိုး​သိ​နားလည်၊ လေးမြတ်​လာစေဖို့ များစွာ​အထောက်အကူ​ပြု​ခဲ့ပြီ။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အပြင်းအထန်​အတိုက်အခံပြု​မှု​ကြား ‘ယေဟောဝါ​သည် လူမျိုးတော်ကို ကယ်တင်ခြင်း​ဖြင့် အသရေ​တင့်တယ်​စေ’

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဘုရားသခင့်​လူမျိုးတော်သည် စစ်မှန်သော​ဝတ်ပြုရေး တိုးတက်စေ​ရန် တိုင်းနိုင်ငံ​များ​မှ အဖိုးတန်​ဥစ္စာ​အင်ခွင်များကို အသုံးပြု​ကြ

[စာမျက်နှာ ၁၇ ပါ​ပုံစာ]

ယေဟောဝါ​သည် လူမျိုးတော်ကို အဖွဲ့အစည်း​ဆိုင်ရာ​တိုးတက်မှု​နှင့် ငြိမ်သက်မှု​ဖြင့် ကောင်းချီး​ပေး​ခဲ့ပြီ