မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏လမ်းတော်တို့တွင် လျှောက်လှမ်းခြင်းက ဆုကျေးဇူးများစွာရရှိစေ

ယေဟောဝါ၏လမ်းတော်တို့တွင် လျှောက်လှမ်းခြင်းက ဆုကျေးဇူးများစွာရရှိစေ

ယေဟောဝါ​၏​လမ်းတော်​တို့​တွင် လျှောက်လှမ်းခြင်းက ဆုကျေးဇူး​များစွာ​ရရှိစေ

သင်သည် တောင်တန်း​များ​ပေါ်​တွင် ခြေလျင်​ခရီးထွက်​ဖူး​ပါသလော။ ထွက်​ဖူး​မည်​ဆိုပါ​က သင်သည် ကမ္ဘာ့​ထိပ်ဖျား​ပေါ်​တွင်​ရှိနေ​ဘိ​သကဲ့သို့ ခံစား​ခဲ့​ရ​ကောင်း ခံစား​ခဲ့​ရ​ပေမည်။ လေ​ကောင်း​လေ​သန့် ရှူရှိုက်​ရခြင်း၊ အဝေး​မြင်ကွင်း​ကို မြင်ရ​ခြင်း၊ သဘာဝ​အလှ​ကို ရှုစား​ရခြင်း​တို့သည် တကယ်​စိတ်​ကြည်နူး​စ​ရာ​ပင်! မြေပြင်​ပေါ်​ရှိ ပူ​ပင်​သောက​များသည် ဘာမျှ​မဟုတ်သကဲ့သို့ ဖြစ်သွား​ပုံ​ရ​ပေမည်။

လူအများစု​သည် ဤသို့​သော​အပျော်ခရီး ထွက်​ခဲ​ကြသော်လည်း သင်သည် ဆက်ကပ်​အပ်နှံ​ခရစ်ယာန်​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် ဝိညာဉ်​ရေး​သဘော​အရ တောင်ကုန်း​ပေါ်​တွင် အတန်ကြာ လျှောက်လှမ်း​ခဲ့​ပေ​ပြီ။ ရှေး​အချိန်​က ဆာလံဆရာ​နည်းတူ သင်သည် ဤသို့​ဆုတောင်း​ဖူး​မည်​မှာ သေချာ​သည်– “အို​ထာဝရ​ဘုရား၊ ကိုယ်တော်​၏​လမ်း​တို့ကို အကျွန်ုပ်​အား​ပြညွှန်​၍ ခရီးတော်​တို့ကို သွန်သင်​တော်​မူ​ပါ။” (ဆာလံ ၂၅:၄) ယေဟောဝါ​၏​အိမ်တော်​တည်ရှိရာ တောင်ပေါ်​သို့ ပထမဦးဆုံး​အကြိမ် သင်​တက်​သွားပြီး တောင်ကုန်း​များ​ပေါ် စတင်​လျှောက်လှမ်း​ခဲ့​စဉ်​က သင်၏​ခံစားချက်​များ​ကို မှတ်မိ​သေး​သလော။ (မိက္ခာ ၄:၂; ဟဗက္ကုတ် ၃:၁၉) စင်ကြယ်သော​ဝတ်ပြုရေး​၏ အဆိုပါ​မြင့်မြတ်​သော​လမ်းတော်​တို့​တွင် သင်​လျှောက်လှမ်းခြင်း​ဖြင့် ကာကွယ်​မှု​နှင့် ပျော်ရွှင်မှု​ကို​ရရှိကြောင်း သိရှိ​လာ​ခဲ့​မည်​မှာ သေချာ​သည်။ ထို့နောက် သင်သည် ဆာလံဆရာ​၏ ဤ​ခံစားချက်​အတိုင်း ခံစား​လာ​လေ​သည်– “အို​ထာဝရ​ဘုရား၊ နှိုးဆော်​တော်​မူ​ခြင်း​အသံကို နားလည်​သော​လူမျိုး​သည် မင်္ဂလာ​ရှိပါ၏။ သူတို့သည် မျက်နှာတော်​အလင်း​၌ သွားလာ​ရ​ကြ​ပါ​၏။”—ဆာလံ ၈၉:၁၅၊ ၁၆

သို့သော် တောင်တန်း​ဒေသ​များ​တွင် ခြေလျင်​ခရီးထွက်​ကြ​သူများ​သည် တစ်ခါတစ်ရံ မတ်စောက်​သော​ကုန်း​များ​ကို ခက်ခက်ခဲခဲ​ကြိုးစား​တက်​ခဲ့​ကြ​ရ၏။ ထို​တောင်တက်​သူတို့၏​ခြေထောက်​များ ကိုက်ခဲ​လာပြီး မောပန်း​လာ​တတ်ကြ​၏။ ကျွန်ုပ်​တို့​လည်း ဘုရားသခင်​ရေးရာ​လုပ်ငန်းတော်တွင် အခက်အခဲ​များ ကြုံတွေ့​နိုင်​သည်။ မကြာမီ​က ကျွန်ုပ်​တို့၏​ခြေလှမ်း​များ နှေးကွေး​လာ​ခဲ့​ပေမည်။ ထိုသို့​ဖြစ်သည့်​အခါ ကျွန်ုပ်​တို့၏​အားမာန်​နှင့် ရွှင်လန်းမှု​ကို မည်သို့​ပြန်​ရရှိနိုင်​မည်​နည်း။ ပထမ​အဆင့်​အနေ​နှင့် ယေဟောဝါ​လမ်းစဉ်​တော်​များ​၏ မြင့်မြတ်မှု​ကို အသိအမှတ်​ပြုခြင်း​ဖြင့်​ဖြစ်၏။

ယေဟောဝါ​၏ မြင့်မြတ်​သော​ပညတ်တော်​များ

ယေဟောဝါ​၏​အကျင့်​သည် ‘လူတို့၏​အကျင့်​ထက် သာ၍​မြင့်’ ပြီး ကိုယ်တော်​၏​ဝတ်ပြုမှု​ကို ‘တောင်ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်​တွင် ချီး​မြှောက်၍​တည်’ စေ​ခဲ့ပြီ။ (ဟေရှာယ ၅၅:၉; မိက္ခာ ၄:၁) ယေဟောဝါ​၏​ပညာ​သည် “အထက်​မှ​သက်ရောက်​သော​ပညာ” ဖြစ်၏။ (ယာကုပ် ၃:၁၇) ကိုယ်တော်​၏​ပညတ်တော်​များသည် အခြား​ပညတ်​ရှိရှိသမျှ​ထက် သာလွန်​ထူးမြတ်​သည်။ ဥပမာ၊ ခါ​နာ​န်​လူမျိုးများ​က ရက်စက်​စွာ ကလေး​များ​ကို ယဇ်​ပူဇော်​နေကြ​ချိန်​တွင် ယေဟောဝါ​သည် ကိုယ်ကျင့်တရား​ဆိုင်ရာ မြင့်မြတ်​ပြီး သနား​ကြင်နာ​မှု​ရှိသော ပညတ်​များ​ကို ဣသရေလ​လူမျိုး​အား ပေးအပ်​ခဲ့​သည်။ ကိုယ်တော်​က “ဆင်းရဲသော​သူ​ဘက်၌ မငဲ့ကွက်၊ ကြီးသော​သူ၏​မျက်နှာကို မ​ထောက်​ဘဲ . . . ဧည့်သည်​ကို ကိုယ်​အမျိုးသားချင်း​ကဲ့သို့​မှတ်​ရမည်။ ကိုယ်​နှင့်​အမျှ​ချစ်​ရမည်” ဟု​သူတို့ကို မိန့်ဆိုခဲ့​၏။—ဝတ်ပြုရာ ၁၉:၁၅၊ ၃၄

တစ်ဆယ့်​ငါး​ရာစု​ကုန်လွန်​ပြီး​နောက် ယေဟောဝါ​၏ “ဂုဏ်​အသရေ​နှင့်​ပြည့်စုံ” တော်​မူ​သော​ပညတ်​အကြောင်း နောက်ထပ်​သာဓက​များ​ကို ယေရှု​ပေး​ခဲ့​သည်။ (ဟေရှာယ ၄၂:၂၁) တောင်ပေါ်​တရားတော်တွင် ကိုယ်တော်​က “သင်တို့သည် ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘ​၏​သား​ဖြစ်​လို​သော​ငှာ သင်တို့၏​ရန်သူ​တို့ကို ချစ်​ကြလော့။ သင်တို့ကို​ကျိန်ဆို​သော​သူတို့အား မေတ္တာ​ပို့​ကြလော့” ဟု​နောက်တော်လိုက်​များ​ကို မိန့်ဆိုခဲ့သည်။ (မဿဲ ၅:၄၄၊ ၄၅) ကိုယ်တော်​က ထပ်ဆင့်၍ ဤသို့​မိန့်မှာ​ခဲ့​သည်– “သင်တို့သည် ကိုယ်​၌​သူတစ်ပါး​ပြု​စေ​လိုသမျှ​အတိုင်း သူတစ်ပါး​၌​ပြု​ကြလော့။ ဤ​ပညတ်​ကား ပညတ္တိကျမ်း​နှင့် အနာဂတ္တိ​ကျမ်း​တို့၏ အချုပ်အခြာ​ပင်​ဖြစ်​သတည်း။”—မဿဲ ၇:၁၂

အဆိုပါ​မြင့်မြတ်​သော​ပညတ်တော်​များသည် လက်သင့်ခံ​တုံ့ပြန်​သူများ​၏​နှလုံးကို အကျိုး​သက်ရောက်​သဖြင့် သူတို့​ဝတ်ပြု​သော​ဘုရားသခင်​အား တုပ​ရန် လှုံ့ဆော်​တိုက်တွန်း​ခံရ​ကြသည်။ (ဧဖက် ၅:၁; ၁ သက်သာလောနိတ် ၂:၁၃) ပေါလု​ကိစ္စ​တွင် ဖြစ်ပျက်​ခဲ့​သည့် ပြောင်းလဲမှု​ကို စဉ်းစား​ကြည့်​ပါ။ သူ၏​အကြောင်းကို ကျွန်ုပ်​တို့​ဦးဆုံး​ကြားသိ​ရသည့်​အချိန်တွင် သတေဖန်​အား “ကွပ်မျက်​သော​အမှုကို . . . ဝန်ခံ​လျက် အသင်းတော်ကို ဖျက်ဆီး” ခဲ့​သည်။ နောက်​နှစ်​အနည်းငယ်​ခန့်​တွင် “နို့​ထိန်း​သည် မိမိ​သူငယ်​ကို ကျွေးမွေး​ပြုစု” သကဲ့သို့ သက်သာလောနိတ်​မြို့ရှိ ခရစ်ယာန်​များ​ကို နူးညံ့​သိမ်မွေ့စွာ ပေါလု​ဆက်ဆံ​ခဲ့​၏။ ဘုရားသခင်​ရေးရာ​သွန်သင်မှု​သည် ပေါလု​ကို နှိပ်စက်​ညှဉ်းပန်း​သူ​တစ်ဦး​အဖြစ်​မှ ကိုယ်ချင်းစာ​နာ​တတ်သော​ခရစ်ယာန်​တစ်ဦး​အဖြစ်သို့ ပြောင်းလဲ​ပေး​ခဲ့​သည်။ (တမန်​တော် ၇:၆၀; ၈:၁၊ ၃; ၁ သက်သာလောနိတ် ၂:၇) ခရစ်တော်​၏​သွန်သင်မှု​က သူ၏​ဥပဓိရုပ်​ကို ပုံသွင်း​ပေး​ခဲ့​သည့်​အတွက် ပေါလု အမှန်ပင်​ကျေးဇူး​တင်​ခဲ့​ပေမည်။ (၁ တိမောသေ ၁:၁၂၊ ၁၃) ထပ်တူ​ကျေးဇူး​တင်​လေးမြတ်​သော​သဘော​က ဘုရားသခင်​၏​မြင့်မြတ်​သော​လမ်းစဉ်​ပေါ် ရှေ့ဆက်​လျှောက်လှမ်း​နေ​ရန် ကျွန်ုပ်​တို့ကို မည်သို့​ကူညီပေး​နိုင်​သနည်း။

ကျေးဇူး​တင်​လေးမြတ်​စွာ လျှောက်လှမ်းခြင်း

ခြေလျင်​ခရီးသည်​များသည် တောင်ကုန်း​ပေါ်​မှ​မြင်ရသော အပေါ်​စီး​မြင်ကွင်း​ကို သဘောကျ​တတ်ကြ​၏။ လူ​သွား​လမ်းဘေး​ရှိ သေးသေးမွှားမွှား​အရာများ​ဖြစ်သည့် ထူးဆန်းသော​ကျောက်​ကလေး​တစ်လုံး၊ လှပသော​ပန်း​လေး​တစ်ပွင့်၊ ရိပ်​ခ​နဲ​ပေါ်လာ​သော တောရိုင်း​တိရစ္ဆာန်​တစ်ကောင် အစ​ရှိသည်​တို့ကို မြင်​လိုက်ရ​သည့် အရသာ​ကိုလည်း​ခံစား​ရပြီး ကြည်နူး​တတ်ကြ​သည်။ ဝိညာဉ်​ရေး​အရ​လည်း ထို​နည်းတူ​ပင်၊ ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​သွားခြင်း​မှ​ရရှိ​သည့် ဆုကျေးဇူး​ကြီးကြီးငယ်ငယ်​ကို သတိပြုမိ​ရန်လို​သည်။ ဤသို့​သတိပြုမိ​ခြင်း​ဖြင့် မောပန်း​နွမ်းလျ​မှု ပျောက်ကွယ်​သွားပြီး စိတ်အားတက်​ကြွလာ​နိုင်၏။ ထို​အခါ ဒါဝိဒ်​၏​ဤ​စကား​များ​ကို ကျွန်ုပ်​တို့​သံယောင်လိုက်​နိုင်​ကြသည်– “[သနား​ကြင်နာ​သော]စကားသံ​ကို အလျင်အမြန် ကြားစေ​တော်​မူ​ပါ။ ကိုယ်တော်၌ ကိုးစား​ပါ​၏။ ကိုယ်​သွား​ရမည်​လမ်းကို သိစေ​တော်​မူ​ပါ။”—ဆာလံ ၁၄၃:၈

ယေဟောဝါ​၏​လမ်းတော်​တွင် နှစ်​နှင့်​ချီ​၍​လျှောက်လှမ်း​ခဲ့​သော မေရီ​က ဤသို့​ဆို​၏– “ယေဟောဝါ​ရဲ့​ဖန်ဆင်း​ရာတွေကို ကျွန်မ​ကြည့်​တဲ့​အခါ အနုစိတ်​ဒီဇိုင်း​လောက်​ပဲ​မဟုတ်ဘူး၊ ဘုရားသခင်​ရဲ့​မေတ္တာပြည့်​ဝ​တဲ့ သဘောထားကို​ပါ တွေ့မြင်​ရတယ်။ တိရစ္ဆာန်​တစ်ကောင်​ပဲ​ဖြစ်ဖြစ်၊ ငှက်​တစ်ကောင်​ပဲ​ဖြစ်ဖြစ်၊ အင်းဆက်​တစ်ကောင်​ပဲ​ဖြစ်ဖြစ် တစ်ကောင်​ချင်း​စီ​ဟာ တကယ်ပဲ​စိတ်ဝင်စားစရာ​ကောင်းတယ်။ ဒီလိုပဲ နှစ်တွေ​တစ်လျှောက် တဖြည်းဖြည်း​ရှင်းလင်း​ပြတ်သား​လာတဲ့ ဝိညာဉ်​ရေး​အမှန်တရား​ကနေ ကျွန်မ ပျော်ရွှင်မှု​အများကြီး​ရတယ်။”

ကျွန်ုပ်​တို့၏​တန်ဖိုး​ထား​လေးမြတ်မှု​ကို မည်သို့​တိုးပွား​လာ​စေနိုင်​မည်​နည်း။ တစ်နည်း​အားဖြင့် ကျွန်ုပ်​တို့အတွက် ယေဟောဝါ​ပြုလုပ်​ပေး​ထား​ရာ​များ​ကို မထီမဲ့မြင် မပြုခြင်း​အားဖြင့်​ဖြစ်သည်။ “မခြားမလပ်​ဆုတောင်း . . . ကြလော့။ အရာရာ၌ ကျေးဇူးတော်​ကို ချီးမွမ်း​ကြလော့” ဟူ၍ ပေါလု​ရေးသား​မှာကြား​ခဲ့​၏။—၁ သက်သာလောနိတ် ၅:၁၇၊ ၁၈; ဆာလံ ၁၁၉:၆၂

ကိုယ်ပိုင်​လေ့လာမှု​သည် ကျေးဇူး​သိတတ်သော​စိတ်​ကို ဖြစ်ပေါ်​စေ​၏။ ကောလောသဲ​မြို့ရှိ ခရစ်ယာန်​များ​ကို ပေါလု​ဤသို့​တိုက်တွန်း​ခဲ့​သည်– “ကျေးဇူးတော်​ကို ချီးမွမ်း​ခြင်း​နှင့်​တကွ ယုံကြည်ခြင်း​တိုးပွား​ပြည့်စုံ​လျက် [ခရစ်တော်​ယေရှု] ၌​ကျင်လည် [“လျှောက်လှမ်း​နေ၊” က​ဘ] ကြလော့။” (ကောလောသဲ ၂:၆၊ ၇) သမ္မာကျမ်းစာ​ကို ဖတ်ရှု​ပြီး ဆင်ခြင်​တွေးတောခြင်း​သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေပြီး ကျမ်းစာ​အာဘော်ရှင်​နှင့် ပို​၍​ရင်းနှီး​လာ​စေ​သည်။ ကျမ်းစာ​တစ်အုပ်လုံး​တွင် ကျွန်ုပ်​တို့အား ‘ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၌​ပြည့်စုံ’ စေနိုင်​သည့် ဘဏ္ဍာတိုက်​များ​ပါရှိ​သည်။

ကျွန်ုပ်​တို့၏​ညီအစ်ကို​များနှင့်​အတူ ယေဟောဝါ​အား ဝတ်ပြုခြင်း​သည်လည်း သာ၍​လွယ်ကူ​စွာ​လျှောက်လှမ်း​စေ​၏။ ဆာလံဆရာ​က သူ့​အကြောင်း​သူ ဤသို့​ဆို​သည်– “ကိုယ်တော်​ကို ကြောက်ရွံ့​သော​သူ . . . ရှိသမျှ​တို့​နှင့် အကျွန်ုပ်​ပေါင်းဖော်​တတ်​ပါ​၏။” (ဆာလံ ၁၁၉:၆၃) ကျွန်ုပ်​တို့၏​အပျော်ရွှင်ဆုံး​အချိန်​အချို့​မှာ ခရစ်ယာန်​စည်းဝေးပွဲ​များ​တွင်၊ သို့​မဟုတ် ကျွန်ုပ်​တို့၏​ညီအစ်ကို​များနှင့် ပေါင်းသင်း​ချိန်​များ​တွင်​ဖြစ်သည်။ ကျွန်ုပ်​တို့၏​အဖိုးတန် ကမ္ဘာချီ​ခရစ်ယာန်​မိသားစု​သည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​မြင့်မြတ်​သောလမ်းစဉ်​များ​ကြောင့် တည်ရှိ​လာ​သည်ကို ကျွန်ုပ်​တို့​အသိအမှတ်ပြု​ကြသည်။—ဆာလံ ၁၄၄:၁၅ခ

ကျေးဇူး​တင်​လေးမြတ်မှု​အပြင် တာဝန်​သိတတ်သော​စိတ်​ရှိ​ခြင်း​သည် ယေဟောဝါ​၏​မြင့်မြတ်​သော​လမ်းတော်​အတိုင်း ရှေ့ဆက်​လျှောက်လှမ်း​စေရန် ကျွန်ုပ်​တို့ကို တွန်းအား​ပေး​ပါ​လိမ့်​မည်။

တာဝန်​သိ​သိ လျှောက်လှမ်းခြင်း

တာဝန်​သိတတ်သော ခြေလျင်​ခရီးသည်​များသည် လမ်းမ​ပျောက်စေ​ရန်၊ မတ်စောက်​သော​နေရာများ​နှင့် နီးနီးကပ်ကပ်​မလျှောက်​မိ​စေရန် ဂရုစိုက်​ဖို့​လို​သည်ကို အသိအမှတ်ပြု​ကြ​၏။ လွတ်လပ်​စွာ​လုပ်ပိုင်ခွင့်​ရှိ​သူများ​အနေ​နှင့် ကျွန်ုပ်​တို့သည် အတော်အသင့်​လွတ်လပ်မှု​ဖြင့် ကိုယ်တိုင်​အစပြု​လုပ်ကိုင်​နိုင်​ခွင့်​ကို ယေဟောဝါ​ပေး​ထား​၏။ သို့သော် ကျွန်ုပ်​တို့၏​ခရစ်ယာန်​တာဝန်​များ​ကို ကျေပွန်​စွာ​ထမ်းဆောင်​ကြ​စဉ် ထိုသို့​သော​လွတ်လပ်မှုကို တာဝန်​သိ​တတ်​စွာ အသုံးပြုရန်​လို​သည်။

ဥပမာ၊ ယေဟောဝါ​သည် ကိုယ်တော်​၏​ကျေးကျွန်​များ တာဝန်​သိ​သိ အမှုထမ်းဆောင်​ကြ​မည်​ဟု ယုံကြည်​စိတ်ချ​သည်။ ခရစ်ယာန်​လုပ်ငန်းများ​တွင် ခွန်အား​မည်မျှ၊ အချိန်​မည်မျှ အသုံးပြု​ရမည်၊ သို့​မဟုတ် ငွေ​သော်လည်း​ကောင်း၊ အခြား​အရာများ​သော်လည်း​ကောင်း မည်မျှ​လှူဒါန်း​ရမည်ကို ကိုယ်တော်​မဖော်​ပြ​ထား​ချေ။ ကောရိန္သု​မြို့သား​များ​ထံ ပေါလု​ရေးခဲ့​သည့် ဤ​စကား​များသည် ကျွန်ုပ်​တို့အားလုံး​နှင့်​သက်ဆိုင်​သည်– “လူတိုင်း ကိုယ်​အလိုအလျောက်​လှူ​ရ၏။”—၂ ကောရိန္သု ၉:၇; ဟေဗြဲ ၁၃:၁၅၊ ၁၆

တာဝန်​သိတတ်သော​ခရစ်ယာန် ပေး​ဆပ်​သော​အရာ​ထဲ​တွင် သူတစ်ပါးကို သတင်းကောင်း​ဟောပြောခြင်း​ပါဝင်​၏။ ထို့​ပြင် ကျွန်ုပ်​တို့သည် ကမ္ဘာချီ​ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို ကူညီ​ပံ့ပိုး​ခြင်း​အားဖြင့်လည်း တာဝန်​သိ​တတ်​သူများ​ဖြစ်​ကြောင်း ဖော်ပြ​သည်။ အကြီးအကဲ​တစ်ဦး​ဖြစ်သူ ဂါ​ဟာ​တ်​သည် အရှေ့​ဥရောပ​တွင်​ကျင်းပ​သော စည်းဝေးပွဲ​တစ်ခု​ကို တက်ရောက်​ပြီး​နောက် သူနှင့် သူ၏​ဇနီးသည် ယခင်​က​ထက် အလှူငွေ​ပို​ထည့်​ခဲ့​ကြသည်​ဟု ပြောပြ​သည်။ “အဲဒီ​က​ညီအစ်ကို​တွေ​ဟာ အတော်လေး​ဆင်းရဲ​ကြ​ပေမဲ့ ကျမ်းစာ,စာပေ​တွေ​ကို သူတို့​တကယ် တန်ဖိုး​ထား​လေးမြတ်​ကြတယ်၊ ဒါ​ကြောင့် တခြား​နိုင်ငံ​မှာ​ရှိတဲ့ ဆင်းရဲ​တဲ့​ညီအစ်ကို​တွေ​ကို ကျွန်တော်​တို့​အတတ်နိုင်ဆုံး ထောက်ပံ့​ကူညီပေး​မယ်​လို့ စိတ်​ဆုံးဖြတ်​လိုက်တာ။”

ကျွန်ုပ်​တို့၏​ခံနိုင်ရည် တိုးများ​လာ​စေခြင်း

တောင်ကုန်း​များ​ပေါ် လမ်းလျှောက်​နိုင်​ဖို့ သက်လုံ​ကောင်း​ရန်လို​၏။ ခြေလျင်​ခရီးသည်​များသည် ဖြစ်​နိုင်​သည့်​အချိန်တိုင်း လေ့ကျင့်ခန်း​ပြု​လုပ်ကြ​ပြီး လူအများမှာ တာ​ဝေး​ခြေလျင်​ခရီး​အတွက် မကြာခဏ​လမ်းလျှောက်ထွက်​ခြင်း​ဖြင့် ကြိုတင်​ပြင်ဆင်​ထား​ကြသည်။ ထို​နည်းတူ​စွာ ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​အရ ကျန်းမာ​နေ​ရန် သီအိုကရက်တစ်​လုပ်ငန်းဆောင်တာ​များနှင့် အလုပ်များ​နေကြ​ဖို့ ပေါလု​အကြံပြု​ခဲ့​သည်။ ‘ယေဟောဝါ​နှင့်​ထိုက်တန်​စွာ လျှောက်လှမ်း’ ပြီး “ခွန်အား​နှင့်​ပြည့်စုံ” လို​သူများ​သည် “ကောင်းသော​အကျင့်​အမျိုးမျိုး​တည်း​ဟူသော အသီးကို​သီး” သင့်​သည်​ဟု ပေါလု​ပြော​ခဲ့​သည်။—ကောလောသဲ ၁:၁၀၊ ၁၁

လှုံ့ဆော်မှု​သည် ခြေလျင်​ခရီးသည်​ကို ခံနိုင်ရည်​ရှိစေသည်။ မည်သို့​အားဖြင့်​နည်း။ ဝေးလံ​သော​တောင်တန်း​တစ်ခု​အစ​ရှိသော အထင်အရှား​တွေ့မြင်​ရသည့်​အရာတစ်ခု​ကို အစဉ်​အာရုံစိုက်​ခြင်း​ဖြင့် လှုံ့ဆော်မှု​ရရှိ​သည်။ ခြေလျင်​ခရီးသည်,သည် ကြားစခန်း​များ​သို့​ရောက်​သောအခါ သူ​ရောက်​လို​ရာ နောက်ဆုံး​ပန်းတိုင်​သို့ မည်မျှ​အထိ​ရောက်နေ​သည်ကို တိုင်းတာ​နိုင်​သည်။ သွားခဲ့​ပြီး​သော​ခရီး​ကို ပြန်​ကြည့်​သောအခါ သူ​စိတ်​ကျေနပ်မှု​ရ​ပေ​လိမ့်​မည်။

ထို​နည်းတူ ထာဝရ​အသက်​ရဖို့ ကျွန်ုပ်​တို့၏​မျှော်လင့်ချက်​သည် ကျွန်ုပ်​တို့ကို အားတက်စေ​ပြီး လှုံ့ဆော်ပေး​သည်။ (ရောမ ၁၂:၁၂) ဤ​အတောအတွင်း၊ ယေဟောဝါ​၏​လမ်းစဉ်၌ ကျွန်ုပ်​တို့​လျှောက်လှမ်း​စဉ် ခရစ်ယာန်​ပန်းတိုင်​များ​ချမှတ်​ပြီး အပတ်တကုတ်​ကြိုးစား​ရာ​တွင် အောင်မြင်မှု​ရရှိ​ကြသည်။ ထို့နောက် တည်ကြည်​စွာ​အမှုတော်ထမ်း​ဆောင်​ခဲ့​သည့် နှစ်များ​စွာ​ကို ပြန်​ကြည့်​သည့်​အခါ၊ ကျွန်ုပ်​တို့၏​ဥပဓိရုပ် ပြုပြင်​ပြောင်းလဲ​လာ​ခဲ့​သည်ကို သတိပြုမိ​ပြီး အလွန်​အားရ​ရွှင်လန်း​ကြသည်​တကား!—ဆာလံ ၁၆:၁၁

လမ်းလျှောက်​သူများ​သည် ခရီး​ဝေး​လျှောက်​သော်လည်း အားအင်မကုန်ခန်း​သွားစေရန် ဖြည်းဖြည်း​နှင့်​မှန်မှန်​လျှောက်​ကြ​၏။ ထို​နည်းတူ အစည်းအဝေး​များ​ကို​မှန်မှန်​တက်ပြီး လယ်ကွင်း​လုပ်ငန်း​တွင် မှန်မှန်​ပါဝင်​သည့် ပုံမှန်​အစီအစဉ်​ရှိ​ခြင်း​သည် ပန်းတိုင်​ရောက်​ရန် အထောက်အကူ​ဖြစ်​ပေ​လိမ့်​မည်။ ထို့​ကြောင့် ပေါလု​က “တစ်နည်း​တည်း​လိုက်လျှောက်​ကြ​ကုန်​အံ့” ဟု ခရစ်ယာန်​ချင်း​များ​ကို အားပေးခဲ့​ခြင်း​ဖြစ်သည်။—ဖိလိပ္ပိ ၃:၁၆က​ဘ။

အမှန်​ဆို​ရ​လျှင် ယေဟောဝါ​၏​လမ်းတော်​များ​တွင် ကျွန်ုပ်​တို့​တစ်ဦးတည်း လျှောက်လှမ်း​နေခြင်း​မဟုတ်​ချေ။ “မေတ္တာ​စိတ်​ရှိစေ​ခြင်း​ငှာ​လည်းကောင်း၊ ကောင်းသော​အကျင့်ကို ကျင့်​စေခြင်း​ငှာ​လည်းကောင်း တိုက်တွန်း​နှိုးဆော်​ရသော​အခွင့်​ကို​ရှာ၍ အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် ထောက်စာ​ကြည့်ရှု​ကြ​ကုန်​အံ့” ဟု ပေါလု​ရေး​သည်။ (ဟေဗြဲ ၁၀:၂၄) ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​အပေါင်းအသင်းကောင်း​များ​ဖြစ်သော ယုံကြည်သူချင်း​များနှင့် တွဲ၍​လျှောက်လှမ်း​ကြသောအခါ ပုံမှန်​လျှောက်​နိုင်​ရန် သာ၍​လွယ်ကူ​စေ​လိမ့်​မည်။—သု. ၁၃:၂၀

နောက်ဆုံး​အနေ​နှင့် ယေဟောဝါ​ပေးသနား​တော်​မူ​သော ခွန်အား​ကို ကျွန်ုပ်​တို့ ဘယ်​သောအခါ​မျှ မမေ့​ဖို့​အရေးကြီး​သည်။ ယေဟောဝါ​ထံ​မှ ခွန်အား​ရရှိကြ​သူများ​သည် “အား​တိုးတက်၍ ခရီး​သွား” ကြလိမ့်မည်။ (ဆာလံ ၈၄:၅၊ ၇) ကျွန်ုပ်​တို့သည် ရံဖန်ရံခါ ခက်ခဲ​ကြမ်းတမ်းသော​နယ်မြေ​ကို ဖြတ်သန်း​သွားလာ​ကြ​ရမည်​ဖြစ်သော်လည်း ယေဟောဝါ​၏​အကူအညီ​ဖြင့် ကျွန်ုပ်​တို့ ဆက်သွား​နိုင်​ကြ​ပါ​မည်။