မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် မိမိလူမျိုးကို အလင်းဖြင့် တင့်တယ်စေ

ယေဟောဝါသည် မိမိလူမျိုးကို အလင်းဖြင့် တင့်တယ်စေ

ယေဟောဝါ​သည် မိမိ​လူမျိုး​ကို အလင်းဖြင့် တင့်တယ်​စေ

“သင်​ထ​လော့။ လင်း​လော့။ သင်၏​အလင်း​ရောက်လာ​ပြီ။ ထာဝရ​ဘုရား​၏​ဘုန်းတော်သည် သင်၏​အပေါ်မှာ ပေါ်ထွန်း​လျက်​ရှိ၏။”—ဟေရှာယ ၆၀:၁

၁၊ ၂။ (က) လူသား​တို့၏​အခြေအနေ မည်သို့​ရှိ​သနည်း။ (ခ) လူသား​တို့၏​အမှောင်ထု​နောက်ကွယ်​၌ မည်သူ​ရှိ​သနည်း။

“အို၊ ဟေရှာယ​လို၊ စိန့်​ပေါလ်​လို လူတစ်ယောက်​ရှိရင် ကောင်း​မှာပဲ!” ဤ​ကား ၁၉၄၀ ပြည့်လွန်​နှစ်များ​က ယူ.အက်စ်. သမ္မတ ဟယ်ရီ​ထ​ရူး​မင်း​၏ ညည်းတွား​မြည်တမ်း​ချက်​ဖြစ်သည်။ ထိုစကား​များ​ကို သူ​အဘယ်ကြောင့်​မြွက်ဆို​ခဲ့​သနည်း။ သူ့​ခေတ်တွင် ကျင့်ဝတ်​အလွန်​ကောင်းသော ခေါင်းဆောင်​များ​လိုအပ်​သည်​ဟု သူ​ယူမှတ်ခဲ့​သောကြောင့်​တည်း။ လူသား​တို့သည် ၂၀ ရာစု​၏ အ​မှောင်မိုက်​ဆုံး​ကာလ၊ ဒုတိယ​ကမ္ဘာ​စစ်​ကြီး​ကို ကျော်ဖြတ်​ပြီး​ခါ​စ​ဖြစ်သည်။ စစ်​ကြီး​ပြီးဆုံး​ခဲ့​သော်လည်း ကမ္ဘာကြီး​မှာ မအေး​ချမ်း​သေး​ပေ။ အမှောင်ထု​ကျန်ရှိ​ဆဲ​ဖြစ်သည်။ အမှန်​အားဖြင့် ထို​စစ်​ကြီး​ပြီးဆုံး​သည်​မှာ ၅၇ နှစ်​ရှိပြီး​နောက်​၌​ပင် ကမ္ဘာကြီး​သည် မှောင်မိုက်​ထဲ​တွင် ရှိနေဆဲ​ဖြစ်သည်။ သမ္မတ​ထ​ရူး​မင်း​သာ ယနေ့​ထိ​တိုင် အသက်ရှင်​ဆဲ​ဖြစ်​လျှင် ဟေရှာယ သို့​မဟုတ် တမန်​တော်​ပေါလု​ကဲ့သို့ ကျင့်ဝတ်​ထူးချွန်​သည့်​ခေါင်းဆောင်​များ လိုအပ်​နေဆဲ​ဖြစ်​ကြောင်း သိမြင်​မည်​မှာ သေချာ​၏။

ယင်းကို သမ္မတ​ထ​ရူး​မင်း​သိ​သည်​ဖြစ်စေ၊ မသိ​သည်​ဖြစ်စေ လူသား​တို့​အပေါ် အမှောင်ထု​ကျရောက်​နေကြောင်း တမန်​တော်​ပေါလု​သိရှိပြီး သူ၏​ရေးသားချက်​များ​တွင် သတိပေး​ခဲ့​သည်။ ဥပမာ၊ ယုံကြည်သူချင်း​များ​ကို သူ​ဤသို့​သတိပေး​ခဲ့​သည်– “ငါ​တို့သည် အသွေးအသား​ရှိသော​ရန်သူ​တို့​နှင့် ဆိုင်ပြိုင်​တိုက်လှန်​ရ​ကြသည်​မဟုတ်။ အထွတ်အမြတ်​တို့​နှင့်​လည်းကောင်း၊ အာဏာစက်​တို့​နှင့်​လည်းကောင်း၊ လော[က]မှောင်မိုက်​၌​အစိုးတရ​ပြုလုပ်​သော မင်းတို့​နှင့်​လည်းကောင်း၊ မိုးကောင်းကင်​၌​နေသော နတ်ဆိုး​တို့​နှင့်​လည်းကောင်း ဆိုင်ပြိုင်​တိုက်လှန်​ရ​ကြ​၏။” (ဧဖက် ၆:၁၂) ဤ​စကား​များ​အားဖြင့် ပေါလု​သည် လောကကို​ဖုံးအုပ်​နေသော ဝိညာဉ်​ရေး​အမှောင်ထု​ကို သိရှိ​ရုံ​မ​က ယင်း​၏​ဇာစ်​မြစ်​အမှန်​ဖြစ်သည့် ‘လောက​မင်း​များ’ အဖြစ်​ဖော်ပြ​ထားသော တန်ခိုး​ကြီး​သည့် နတ်ဆိုး​အင်အားစု​များ​ကို​ပါ မိမိ​သိ​ရှိကြောင်း ဖော်ပြ​ခဲ့​သည်။ လောက​အမှောင်ထု​၏​နောက်ကွယ်​တွင် တန်ခိုး​ကြီး​ဝိညာဉ်​များ​ရှိသည်​ဖြစ်​ရာ လူသား​မျှ​သာ​ဖြစ်သူ​များ​က ၎င်း​အမှောင်ထု​ကို အဘယ်​သို့​ပျောက်လွင့်​စေနိုင်​မည်​နည်း။

၃။ လူသား​တို့၏ မှောင်မိုက်​သော​အခြေအနေ​ကြား​မှ တည်ကြည်သူ​များ​အတွက် အဘယ်​မျှော်လင့်ချက်​ရှိသည်​ဟု ဟေရှာယ​ကြို​ဟောခဲ့​သနည်း။

အလားတူ ဟေရှာယ​က​လည်း လူသား​တို့​အပေါ်​ကျရောက်​လျက်​ရှိသော အမှောင်ထု​အကြောင်းကို ဖော်ပြ​ခဲ့​သည်။ (ဟေရှာယ ၈:၂၂; ၅၉:၉) ကျွန်ုပ်​တို့​ခေတ်​ကို သူ​ကြိုတင်​မြင်​၍ မှုတ်သွင်းခံ​ရ​လျက် ဤ​မှောင်မိုက်​ကာလ​၌​ပင် အလင်း​ကို​ချစ်​မြတ်နိုးသူ​များ​၏​အမြင်ကို ယေဟောဝါ​လင်း​စေမည်​ဟု ဟောခဲ့​သည်။ ပေါလု​နှင့် ဟေရှာယ​တို့​ကိုယ်တိုင် ကျွန်ုပ်​တို့​နှင့်အတူ​မရှိကြ​သော်လည်း ကျွန်ုပ်​တို့ကို​လမ်းပြ​ဖို့ သူတို့၏​မှုတ်သွင်းခံ​စာစောင်​များ​ကို ကျွန်ုပ်​တို့​ရရှိ​ထား​သည်။ ယင်းသည် ယေဟောဝါ​ကို​ချစ်​မြတ်နိုးသူ​များ​အတွက် ကောင်းချီး​တစ်ရပ်​ဖြစ်​ကြောင်း သိရှိ​ရန် ဟေရှာယ​အခန်းကြီး ၆၀ ၌​ပါ​သော ပရောဖက်ပြု​စကား​များ​ကို သုံးသပ်ကြည့်​ကြပါစို့။

ပရောဖက်ပြုချက်​ဆိုင်ရာ​အမျိုးသမီး​တစ်ဦး အလင်းထွန်းလင်း

၄၊ ၅။ (က) ယေဟောဝါ​သည် အမျိုးသမီး​တစ်ဦး​ကို အဘယ်အရာ​ပြုလုပ်​ဖို့ အမိန့်ပေး​ခဲ့​သနည်း၊ အဘယ်​ကတိ ပေး​တော်​မူ​သနည်း။ (ခ) ဟေရှာယ​အခန်းကြီး ၆၀ တွင် အဘယ်​စိတ်​လှုပ်ရှား​ဖွယ်​သတင်း ပါရှိ​သနည်း။

ဟေရှာယ​အခန်းကြီး ၆၀ ၏​အဖွင့်​စကား​က အမှောင်​ထဲ​တွင် မြေပြင်​ပေါ်​လဲကျ​နေသော အလွန်​ဝမ်းနည်းစရာ​ကောင်း​သည့် အခြေအနေ​တွင်ရှိသော အမျိုးသမီး​တစ်ဦး​အကြောင်း ဖော်ပြ​ထား​သည်။ အလင်း​သည် မှောင်မိုက်​ကို​ရုတ်တရက်​ခွင်း​ပြီး ယေဟောဝါ​ဤသို့​ကြွေးကြော်​တော်​မူ​၏– “သင်​ထ​လော့။ လင်း​လော့။ သင်၏​အလင်း​ရောက်လာ​ပြီ။ ထာဝရ​ဘုရား​၏​ဘုန်းတော်သည် သင်၏​အပေါ်မှာ ပေါ်ထွန်း​လျက်​ရှိ၏။” (ဟေရှာယ ၆၀:၁) ၎င်း​အမျိုးသမီး​သည် မတ်တတ်ရပ်​ကာ ဘုရားသခင့်​အလင်းတော်၊ ကိုယ်တော်​၏​ဘုန်းတော်​ကို ထင်ရှား​ထွန်းလင်း​ရမည့်​အချိန် တိုင်​လေ​ပြီ။ အဘယ်ကြောင့်​နည်း။ အဖြေကို နောက်​အခန်းငယ်​၌ တွေ့ရ​သည်– “ကြည့်ရှု​လော့။ မှောင်မိုက်​သည် မြေကြီးကို​ဖုံးလွှမ်း​လိမ့်​မည်။ ထူထပ်​သော​မှောင်မိုက်​သည် လူမျိုး​ကို​ဖုံးလွှမ်း​လိမ့်​မည်။ သို့သော်လည်း သင်၏​အပေါ်မှာ ထာဝရ​ဘုရား​သည် ပေါ်ထွန်း​တော်​မူ​၍ ဘုန်းတော်သည် သင်၏​အပေါ်မှာ ထင်ရှား​လျက်​ရှိ​လိမ့်​မည်။” (ဟေရှာယ ၆၀:၂) ယေဟောဝါ​၏​အမိန့်တော်ကို ထို​အမျိုးသမီး​နာခံ​သောအခါ အံ့ဖွယ်ကောင်း​သော​အကျိုး​ရလဒ် ရဖို့​သေချာသည်။ ယေဟောဝါ​ဤသို့​ဆို​၏– “တစ်ပါး​အမျိုးသား [“လူမျိုးခြား၊” သမ္မာ] တို့သည် သင်၏​အလင်း​သို့​လည်းကောင်း၊ ရှင်ဘုရင်​တို့သည် သင်၌​ပေါ်ထွန်းခြင်း​အရောင်​သို့​လည်းကောင်း လာ​ကြလိမ့်မည်။”—ဟေရှာယ ၆၀:၃

ဤ​အခန်းငယ်​သုံးခု​တွင်​ပါ​သော စိတ်​လှုပ်ရှား​ဖွယ်​စကား​များသည် ဟေရှာယ​အခန်းကြီး ၆၀ ၏​နိဒါန်း​ဖြစ်​ပြီး ထို​အခန်းကြီး​၏ အကျဉ်းချုပ်​လည်း​ဖြစ်သည်။ ၎င်း​က ပရောဖက်ပြုချက်​ဆိုင်ရာ​အမျိုးသမီး​၏ အတွေ့အကြုံ​များ​ကို ကြို​ဖော်ပြ​ပြီး လူသား​တို့​အပေါ် အမှောင်ထု​ကျရောက်​နေ​သော်လည်း ယေဟောဝါ​၏​အလင်းတော်​၌ ကျွန်ုပ်​တို့ မည်သို့​နေထိုင်​နိုင်​ကြောင်း ရှင်းပြသည်။ သို့သော် နိဒါန်း​ပျိုး​ထားသော ဤ​အခန်းငယ်​သုံးခု​တွင်​ပါ​သည့် ပုံဆောင်ချက်​များသည် အဘယ်အရာကို​ဆိုလို​သနည်း။

၆။ ဟေရှာယ​အခန်းကြီး ၆၀ ပါ​အမျိုးသမီး​သည် မည်သူ​ဖြစ်​ပြီး မြေကြီးပေါ်​တွင် သူ့ကို​မည်သူ​ကိုယ်စား​ပြု​သနည်း။

ဟေရှာယ ၆၀:၁-၃ တွင်​ပါ​သော​အမျိုးသမီး​သည် ဇိအုန်​ဖြစ်၍ ယေဟောဝါ​၏ ဝိညာဉ်​သတ္တဝါများ​နှင့်​ဖွဲ့စည်းထား​သော ကောင်းကင်​ဆိုင်ရာ​အဖွဲ့အစည်း​ဖြစ်သည်။ ယနေ့ ဇိအုန်​မှာ ကောင်းကင်​တွင် ခရစ်တော်​နှင့်အတူ​အုပ်စိုး​ဖို့ မျှော်လင့်ချက်​ရှိသူ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​၏ အပြည်ပြည်ဆိုင်ရာ​အသင်းတော်၊ “ဘုရားသခင်​၏​ဣသရေလ” မှ မြေကြီးပေါ်​ရှိ​အကြွင်းအကျန်​များ​ကို ကိုယ်စား​ပြု​သည်။ (ဂလာတိ ၆:၁၆) ဤ​ဝိညာဉ်​ရေး​လူမျိုးတော်​တွင် အဖွဲ့ဝင်​စုစုပေါင်း ၁၄၄,၀၀၀ ရှိပြီး ဟေရှာယ​အခန်းကြီး ၆၀ ၏​မျက်မှောက်ခေတ်​ပြည့်စုံချက်​သည် ‘နောက်ဆုံး​ကာလ’ အတွင်း မြေကြီးပေါ်​အသက်ရှင်​သူများ​နှင့်​သက်ဆိုင်​သည်။ (၂ တိမောသေ ၃:၁; ဗျာဒိတ် ၁၄:၁) ထို​ပရောဖက်ပြုချက်​က ၎င်း​ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​၏ အပေါင်းပါများ​ဖြစ်သည့် “အခြားသိုး” မှ “လူအုပ်ကြီး” အကြောင်းကိုလည်း များစွာ​ဖော်ပြ​သည်။—ဗျာဒိတ် ၇:၉; ယောဟန် ၁၀:၁၆

၇။ ၁၉၁၈ ခုနှစ်​တွင် ဇိအုန်​၏​အခြေအနေ​က အဘယ်နည်း၊ ယင်းကို မည်သို့​ပရောဖက်ပြု​ခဲ့ပြီ​နည်း။

အဆိုပါ​ပရောဖက်ပြုချက်​ဆိုင်ရာ​အမျိုးသမီး အရိပ်အယောင်​ပြ​ခဲ့​သကဲ့သို့ “ဘုရားသခင်​၏​ဣသရေလ​လူမျိုး” သည် မှောင်မိုက်​ထဲ​လဲနေ​သော​အချိန်​ရှိခဲ့​ပါသလော။ ရှိခဲ့​ပါ​သည်၊ လွန်ခဲ့သော​အနှစ် ၈၀ ကျော်​က​ဖြစ်သည်။ ပထမ​ကမ္ဘာ​စစ်​အတွင်း ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များသည် သက်သေခံခြင်း​လုပ်ငန်း​ကို ဆက်လုပ်​ကိုင်​နိုင်​ရန် ခက်ခက်ခဲခဲ​ကြိုးစား​ရုန်းကန်​ခဲ့​ကြ​ရသည်။ သို့သော် ၁၉၁၈ ခုနှစ်၊ စစ်​၏​နောက်ဆုံး​နှစ်​တွင် စည်းစနစ်တကျ​ဟောပြောခြင်း​လုပ်ငန်း​သည် ရပ်တန့်​လု​နီးပါး​ဖြစ်​ခဲ့​သည်။ ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​ကို ဦးစီး​ကြီးကြပ်သူ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်​နှင့် ထင်ရှားသော​အခြား​ခရစ်ယာန်​များသည် လုပ်ကြံ​ဖန်တီး​ထားသော​စွဲချက်​များ​ကြောင့် နှစ်​ရှည်​ထောင်ဒဏ်​သင့်​ခဲ့​သည်။ ထို​အချိန်​က မြေကြီးပေါ်​ရှိ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ကို ဗျာဒိတ်ကျမ်း​က “သောဒုံ​ဟူ၍လည်း​ကောင်း၊ အဲဂုတ္တု​ဟူ၍လည်း​ကောင်း အတွင်း​အနက်​အားဖြင့်​ခေါ်ဝေါ်​သော​မြို့ကြီး​၏​လမ်း၌” လဲနေ​သော အလောင်း​ကောင်​များ​အဖြစ် ပရောဖက်ပြု​ဖော်ပြ​ထား​သည်။ (ဗျာဒိတ် ၁၁:၈) ၎င်း​အချိန်​သည် မြေကြီးပေါ်​ရှိ ဝိညာဉ်​တော်​ဖွား​သားသမီး​များ ကိုယ်စား​ပြုသော ဇိအုန်​အတွက် အမှန်​မှောင်မိုက်​သော​ကာလ​တစ်ခု​ပင်!

၈။ ၁၉၁၉ ခုနှစ်​တွင် အဘယ်​ကြီးမားသော​ပြောင်းလဲမှု ဖြစ်ပျက်​ခဲ့​သနည်း၊ အဘယ်​အကျိုး​ရလဒ် ပေါ်ထွန်း​ခဲ့​သနည်း။

သို့ရာတွင် ၁၉၁၉ ခုနှစ်​တွင် ကြီးမားသော​ပြောင်းလဲမှု​တစ်ရပ်ကို တွေ့မြင်​ခဲ့​ရသည်။ ဇိအုန်​အပေါ် ယေဟောဝါ​အလင်းထွန်းလင်း​ခဲ့​သည်! ဘုရားသခင့်​ဣသရေလ​၏ လွတ်မြောက်​လာ​သူများ​သည် ဘုရားသခင့်​အလင်း​ကို ထင်ရှား​စေရန် မတ်တတ်ရပ်​ခဲ့​ကြ​ပြီး သတင်းကောင်း​ကြွေးကြော်​ခြင်း​လုပ်ငန်း​ကို အကြောက်​အ​ရွံ့​မရှိ ပြန်​လုပ်ဆောင်ခဲ့​ကြသည်။ (မဿဲ ၅:၁၄-၁၆) ဤ​ခရစ်ယာန်​များ​၏ ပြန်လည်​ရှင်သန်​လာသော​ဇွဲ​ကြောင့် အခြား​သူများ​သည် ယေဟောဝါ​၏​အလင်းတော်​သို့ ဆွဲဆောင်​ခံရ​ကြသည်။ ဦးဆုံး​အနေ​ဖြင့် လူသစ်များ​ကို ဘုရားသခင့်​ဣသရေလ​၏ အဖွဲ့ဝင်​သစ်​များ​အဖြစ် ခန့်အပ်​ခဲ့​သည်။ သူတို့သည် ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​၌ ခရစ်တော်​နှင့် တွဲဖက်​အမွေခံများ​ဖြစ်​ကြ​မည်​ဖြစ်​ရာ ဟေရှာယ ၆၀:၃ တွင် သူတို့ကို ရှင်ဘုရင်များ​ဟု​ခေါ်ဆို​ထား​သည်။ (ဗျာဒိတ် ၂၀:၆) နောက်ပိုင်း​တွင် အခြားသိုး​တွင်​ပါဝင်သူ လူအုပ်ကြီးသည် ယေဟောဝါ​၏​အလင်းတော်​သို့ စတင်​ဆွဲဆောင်​ခံရ​ကြသည်။ ဤ​သူတို့သည် ပရောဖက်ပြုချက်​၌​ပါ​သော ‘လူမျိုးခြား​များ’ ဖြစ်သည်။

အမျိုးသမီး​၏​သားသမီး​များ အိမ်ပြန်လာ​ကြ!

၉၊ ၁၀။ (က) အဆိုပါ​အမျိုးသမီး​သည် အဘယ်​ထူးခြားသော​မြင်ကွင်း​ကို မြင်တွေ့ခဲ့​ပြီး ယင်းက အဘယ်အရာကို တင်ကူး​ဖော်ပြ​သနည်း။ (ခ) ဇိအုန်​၌ အဘယ်​ရွှင်လန်းစရာ​အကြောင်းရင်း​ရှိ​သနည်း။

ယခု ယေဟောဝါ​သည် ဟေရှာယ ၆၀:၁-၃ တွင်​ဖော်ပြ​ထားသော​သတင်းကို အသေးစိတ် စတင်​ဖော်ပြ​တော်​မူ​၏။ ထို​အမျိုးသမီးကို နောက်ထပ်​အမိန့်​တစ်ခု ထုတ်ဆင့်​တော်​မူ​၏။ ကိုယ်တော်​မိန့်ဆို​ရာ​ကို နားဆင်​ပါ​လေ– “အရပ်ရပ်​သို့ မျှော်ကြည့်​လော့။” ထို​အမျိုးသမီး​က​လည်း လိုက်နာ​ခဲ့​ရာ ကြည်နူး​စ​ရာ​မြင်ကွင်း​ကို တွေ့မြင်​လေ​သည်! သူ၏​သားသမီး​များ အိမ်သို့ပြန်​လာ​နေကြ​သည်။ ကျမ်းစာ​က ဤသို့​ဆက်​ပြော​သည်– “ခပ်သိမ်း​သော​သူတို့သည် စုဝေး​၍ သင့်ထံ​သို့​လာ​ကြ​၏။ သင်၏​သားသမီးတို့​သည် အဝေးက​လာ၍ သင်၏​အနားမှာ မွေးစား​ခြင်း​ကို​ခံ​ကြလိမ့်မည်။” (ဟေရှာယ ၆၀:၄) ၁၉၁၉ ခုနှစ်​တွင်​အစပြု​သော ကမ္ဘာချီ​နိုင်ငံတော်​ကြွေးကြော်​ခြင်း​လုပ်ငန်း​သည် ယေဟောဝါ​၏​လုပ်ငန်းတော်​သို့ ထောင်နှင့်ချီ​သော​လူသစ်များ​ကို ဆွဲဆောင်​ခဲ့​၏။ ဤသူတို့​သည်လည်း ဘုရားသခင့်​ဣသရေလ​၏ ဝိညာဉ်​တော်​ဖွား​အဖွဲ့ဝင်​များ​ဖြစ်သော ဇိအုန်​၏ “သားသမီး” များ​ဖြစ်လာ​ကြသည်။ သို့ဖြင့် ယေဟောဝါ​သည် ၁၄၄,၀၀၀ ၏ နောက်ဆုံး​သူများကို အလင်းတော်​သို့ ခေါ်ဆောင်​လာ​ခြင်း​ဖြင့် ဇိအုန်​ကို​တင့်တယ်​စေပြီ။

၁၀ သားသမီး​များ မိမိ​နှင့်အတူ​ရှိနေ​သည့်​အတွက် ဇိအုန်​၏​ရွှင်လန်းမှု​ကို သင်​မြင်ယောင်​ကြည့်​နိုင်​ပါသလော။ သို့​တိုင် ယေဟောဝါ​သည် ဇိအုန်​အား ရွှင်လန်းစရာ အခြား​အကြောင်းရင်း​များ​ရှိစေသည်။ ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ထို​အခါ သင်သည် ကြောက်ရွံ့​ခြင်း​နှင့် ရွှင်လန်းခြင်း​ရှိ​လိမ့်​မည်။ နှလုံး​တုန်လှုပ်​၍ ဝမ်းမြောက်​လိမ့်​မည်။ အကြောင်း​မူ​ကား သမုဒ္ဒရာ​၏​ကြွယ်ဝခြင်း​သည် သင့်​ဘက်​သို့​ပြောင်းလဲ​၍ တစ်ပါး​အမျိုးသား​တို့၏​စည်းစိမ်​သည် သင့်​လက်​သို့​ရောက်​လိမ့်​မည်။” (ဟေရှာယ ၆၀:၅) ထို​ပရောဖက်ပြု​စကား​များနှင့်​အညီ ၁၉၃၀ ပြည့်လွန်​နှစ်များ​မှ​စ၍ မြေကြီးပေါ်​ထာဝစဉ်​အသက်ရှင်ဖို့ မျှော်လင့်​သော ခရစ်ယာန်​လူထု​ကြီး​သည် ဇိအုန်​သို့ အုပ်​လိုက်​ဝင်လာ​ကြသည်။ သူတို့သည် ဘုရားသခင်​နှင့်​စိမ်းကား​နေသော လူသား “ပင်လယ်” ထဲ​မှ​ထွက်​လာကြပြီး တစ်ပါး​အမျိုးသား​တို့၏​စည်းစိမ်ဥစ္စာ​ကို ကိုယ်စား​ပြု​သည်။ သူတို့သည် ‘လူမျိုးအပေါင်း​မှ နှစ်သက်ဖွယ်ရာ​များ’ ဖြစ်​ကြသည်။ (ဟဂ္ဂဲ ၂:၇; ဟေရှာယ ၅၇:၂၀) ဤ ‘နှစ်သက်ဖွယ်ရာ​များ’ သည် ယေဟောဝါ​အား​ဝတ်ပြုဖို့ တစ်ယောက်​တစ်လမ်းစီ သွား​နေကြ​ခြင်း​မဟုတ်​ကြောင်းကို​လည်း သတိပြုပါ။ သူတို့၏​ဝိညာဉ်​တော်​ဖွား ညီအစ်ကို​များနှင့်​အတူ ဝတ်ပြု​ကိုးကွယ်​ဖို့ စုရုံး​လာကြပြီး “သိုးထိန်း​တစ်ပါး” အောက်တွင် “သိုးအုပ်​တစ်အုပ်” ဖြစ်လာ​ကြ​ခြင်း​ဖြင့် ဇိအုန်​၏​အလှ​ကို ထပ်ဆင့်​တင့်တယ်​စေ​သည်။—ယောဟန် ၁၀:၁၆

ကုန်သည်​များ၊ သိုးထိန်း​များနှင့် ရောင်းဝယ်​ဖောက်​ကား​သူများ ဇိအုန်​သို့ ရောက်လာ​ကြ

၁၁၊ ၁၂။ ဇိအုန်​သို့​ရွေ့လျား​လာ​နေကြ​သော အုပ်စု​များ​ကို​ဖော်ပြ​ပါ။

၁၁ တင်ကူး​ဟောထား​သော  ဤ​စုရုံး​လာ​ခြင်း​၏​ရလဒ်​မှာ ယေဟောဝါ​အား​ချီးမွမ်းသူ​အရေအတွက် ထူးထူးခြားခြား​တိုးများ​လာ​ခြင်း​ဖြစ်သည်။ ယင်းကို ဤ​ပရောဖက်ပြုချက်​၏ နောက်ဆက်တွဲ​စကား​များ​တွင် တင်ကူး​ဟောထား​သည်။ သင်သည် ဇိအုန်​တောင်ပေါ်​တွင် ပရောဖက်ပြုချက်​ဆိုင်ရာ အမျိုးသမီးနှင့်​အတူ ရပ်နေ​သည်​ဆိုပါစို့။ အရှေ့ဘက်​သို့​ကြည့်​လိုက်​ရာ အဘယ်အရာကို သင်​တွေ့မြင်​သနည်း။ “ကုလားအုတ်​များနှင့် မိဒျန်​ပြည်၊ ဧဖာ​ပြည်​မှ​ဖြစ်သော ကုလားအုတ်​မျိုး​တို့သည် သင့်ကို​နှံ့ပြား [“ဖုံးအုပ်၊” က​ဘ] ကြလိမ့်မည်။ ရှေဘ​ပြည်သား​အပေါင်းတို့သည် လာ​ကြလိမ့်မည်။ ရွှေ​နှင့် လောဗန်​ကို​ဆောင်​ခဲ့​၍ ထာဝရ​ဘုရား​၏​ဂုဏ်​ကျေးဇူးတော်​တို့ကို ဝမ်းမြောက်​စွာ​ချီးမွမ်း​ကြလိမ့်မည်။” (ဟေရှာယ ၆၀:၆) ယေရုရှလင်​မြို့​သို့​သွား​သည့် လမ်းများ​ပေါ်​တွင် ကုန်သည်​များသည် သူတို့၏​ကုလားအုတ်​ယာဉ်​တန်း​ကြီး​များ​ကို ခရီးနှင်​လျက်​ရှိသည်။ ထို​ကုလားအုတ်​များသည် မြေတစ်ပြင်လုံး​ကို လွှမ်းမိုး​နေ​သကဲ့သို့ပင်! ရောင်းဝယ်​ဖောက်​ကား​သူများ​သည် “ရွှေ​နှင့် လောဗန်” အဖိုးတန်​လက်ဆောင်​များ​ကို သယ်ယူ​လာ​ကြသည်။ ဤ​ကုန်သည်​များသည် ‘ယေဟောဝါ​၏​ဂုဏ်တော်​ကို ချီးမွမ်း​ရန်’ ကိုယ်တော်​အား လူအများရှေ့ ချီးကျူး​ရန် ဘုရားသခင့်​အလင်းတော်​သို့ လာ​ကြသည်။

၁၂ ကုန်သည်​များ​သာ သွားလာ​လှုပ်ရှား​နေကြ​သည် မဟုတ်ပါ။ သိုးထိန်း​များလည်း ဇိအုန်​သို့ အုပ်​လိုက်​လာ​နေကြ​သည်။ ပရောဖက်ပြုချက်​က ဤသို့​ဆက်​ပြော​သည်– “ကေ​ဒါ​ပြည်​၏​သိုးစု​အပေါင်းတို့သည် သင့်ထံ​မှာ​စုဝေး​ကြလိမ့်မည်။ န​ဗာ​ယု​တ်​ပြည်​၏​ဆိတ်​တို့သည် သင်၏​အမှုကို​ဆောင်ရွက် . . . ကြလိမ့်မည်။” (ဟေရှာယ ၆၀:၇က) သိုးထိန်း​မျိုးနွယ်စု​တို့သည် မိမိတို့​သိုးအုပ်​များ​မှ အကောင်းဆုံး​အကောင်​ကို ယေဟောဝါ​အား​ပူဇော်​ဖို့ သန့်ရှင်းသော​မြို့တော်သို့ လာ​နေကြ​သည်။ သူတို့သည် ဇိအုန်​အတွက်​အမှုဆောင်ရန် မိမိတို့​ကိုယ်ကို​ပင် ပေးဆက်​ကြသည်! ဤ​လူမျိုးခြား​တို့ကို ယေဟောဝါ​မည်သို့​လက်ခံ​တော်​မူ​သနည်း။ ဘုရားသခင်​ကိုယ်တော်တိုင် ဤသို့​အဖြေပေး​သည်– “နှစ်သက်ဖွယ်သော​လက္ခဏာ​နှင့် ငါ​၏​ယဇ်​ပလ္လင်​ပေါ်​သို့ တက်​ကြလိမ့်မည်။ ငါ့​ဘုန်းထင်ရှား​ရာ​ဗိမာန်ကို ငါသည် သာ၍​ဘုန်းပွင့်​စေမည်။” (ဟေရှာယ ၆၀:၇ခ) ယေဟောဝါ​သည် ဤ​လူမျိုးခြား​တို့၏ ပူဇော်ရာ​ယဇ်များ​နှင့် အမှုတော်ကို ကြင်နာ​စွာ​လက်ခံ​တော်​မူ​၏။ သူတို့​ရှိနေခြင်းက ကိုယ်တော်​၏​ဝတ်ပြုရာ​အိမ်တော်ကို အလှဆင်​ပေး​သည်။

၁၃၊ ၁၄။ အနောက်ဘက်​မှ အဘယ်အရာ​လာ​နေသည်​ကို မြင်ရ​သနည်း။

၁၃ ယခု အနောက်ဘက်​မိုးကုပ်​စက်​ဝိုင်း​သို့ လှည့်ကြည့်​လိုက်ပါ။ အဘယ်အရာကို သင်​မြင်​သနည်း။ ပင်လယ်ရေ​ပြင်​ကို ဖုံးလွှမ်း​ထား​သည့် မိုးတိမ်​ဖြူ​နှင့်​တူသော​အရာတစ်ခု​ကို ခပ်​လှမ်း​လှမ်း​တွင်​တွေ့ရ​သည်။ သင့်​စိတ်ထဲ​ရှိ ဤ​မေးခွန်း​ကို ယေဟောဝါ​မေး​တော်​မူ​၏– “မိုးတိမ်​ကဲ့သို့​လည်းကောင်း၊ မိမိတို့​အိမ်​သို့​ပျံ​သော ချိုး​များ​ကဲ့သို့​လည်းကောင်း ပျံ​လာသော ဤသူတို့​ကား အဘယ်သူ​ဖြစ်​ကြလိမ့်မည်​နည်း။” (ဟေရှာယ ၆၀:၈) ယေဟောဝါ​ကိုယ်တော်တိုင် ဤသို့​ဖြေကြား​တော်​မူ​၏– “အကယ်စင်စစ် သင်၏​ဘုရားသခင် ထာဝရ​ဘုရား​၏​နာမတော်​ကြောင့်​လည်းကောင်း၊ သင်၏​ဘုန်း​ကို​ပွင့်​စေသော ဣသရေလ​အမျိုး​၏ သန့်ရှင်းသော​ဘုရား[သခင်]ကြောင့်​လည်းကောင်း သင်၏​သားတို့​နှင့်​တကွ သူတို့​ရွှေ ငွေ​များ​ကို အဝေး​မှ​ဆောင်​ခဲ့​ခြင်း​ငှာ တစ်ကျွန်း​တစ်နိုင်ငံ​သားတို့​သည် ငါ့ကို​စောင့်​နေ၍ တာရှု​သင်္ဘော​တို့သည် အ​ဦး​ပြု​ကြလိမ့်မည်။”—ဟေရှာယ ၆၀:၉

၁၄ ထို​မြင်ကွင်း​ကို သင့်​စိတ်ထဲ မြင်ယောင်​ကြည့်​နိုင်​သလော။ ထို​မိုးတိမ်​ဖြူ​နီးကပ်​လာ​ရာ ယင်းသည် အနောက်ဘက်​မှ အစက်အပြောက်​ကလေး​များနှင့် တူ​နေသည်။ ရေ​မျက်နှာပြင်​ပေါ် လျှပ်​တိုက်​ပြေး​နေကြ​သော ငှက်​အုပ်​နှင့်​လည်း​တူ​သည်။ သို့သော် သာ၍​နီးလာသည်နှင့်​အမျှ ၎င်းတို့သည် ရွက်​ဖွင့်​ထားသော သင်္ဘော​များ​ဖြစ်သည်​ကို သင်​မြင်ရ​သည်။ ယေရုရှလင်​မြို့​သို့ ရွက်လွှင့်​လာသော​သင်္ဘော များ​လွန်း​သဖြင့် ချိုးအုပ်​နှင့်​ပင်​တူ​နေသည်။ ထို​သင်္ဘော​စု​သည် ဝေးလံ​သော​ဆိပ်ကမ်း​များ​မှ ယေဟောဝါ​အား​ဝတ်ပြု​ရန် ယုံကြည်သူများ​ကို ယေရုရှလင်​မြို့​သို့ အလျင်အမြန်​သယ်ဆောင်​လာ​နေသည်။

ယေဟောဝါ​၏​အဖွဲ့အစည်း​တိုးချဲ့

၁၅။ (က) ဟေရှာယ ၆၀:၄-၉ က​အဘယ်​တိုးပွားမှု​အကြောင်း တင်ကူး​ပြော​သနည်း။ (ခ) ခရစ်ယာန်စစ်​များသည် အဘယ်​စိတ်​သဘောထားကို တင်ပြ​ကြ​သနည်း။

၁၅ အခန်းငယ် ၄ မှ ၉ သည် ၁၉၁၉ ခုနှစ်​ကတည်းက​ဖြစ်ပျက်​နေသော ကမ္ဘာချီ​တိုးချဲ့မှု​ကို ကွက်ကွက်ကွင်းကွင်း ပရောဖက်ပြု​ဖော်ပြ​သည်​တကား! ယေဟောဝါ​သည် ဇိအုန်​ကို ဤမျှ​တိုးပွားမှု​ဖြင့် အဘယ်ကြောင့် ကောင်းချီး​ပေး​ရသနည်း။ အကြောင်း​မူ​ကား ၁၉၁၉ ခုနှစ်​မှ​စ၍၊ ဘုရားသခင့်​ဣသရေလ​သည် ယေဟောဝါ​၏​အလင်းတော်​ကို နာခံမှု​ရှိ​ရှိ အစဉ်မပြတ်​ထွန်းလင်း​ခဲ့​သောကြောင့်​ဖြစ်သည်။ သို့သော် အခန်းငယ် ၇ အရ ရောက်လာ​ခါ​စ​လူသစ်​များသည် “[ဘုရားသခင့်] ယဇ်​ပလ္လင်​ပေါ်​သို့ တက်​ကြ” သည်ကို သတိပြုမိ​ပါသလော။ ယဇ်​ပလ္လင်​ဟူသည် ယဇ်​ပူဇော်​သည့်​နေရာ​ဖြစ်​ပြီး ပရောဖက်ပြုချက်​၏ ဤ​အပိုင်း​က ယေဟောဝါ​၏​အမှုတော်​ဆောင်​ရာ​တွင် ပေးဆက်ခြင်း​ပါဝင်​ကြောင်း ကျွန်ုပ်​တို့ကို​သတိပေး​သည်။ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “အသက်ရှင်ခြင်း​လက္ခဏာ၊ သန့်ရှင်းခြင်း​လက္ခဏာ၊ ဘုရားသခင်​နှစ်သက်​တော်​မူ​ဖွယ်​သော​လက္ခဏာ​နှင့် ပြည့်စုံသော​ယဇ်ကို သင်တို့သည်​ပူဇော်​၍၊ မိမိ​ကိုယ်ခန္ဓာ​ကို ဘုရားသခင်​အားဆက်​ကပ် . . . မည်​အကြောင်း . . . သင်တို့ကို ငါ​တိုက်တွန်း​နှိုးဆော်​ပေ​၏။” (ရောမ ၁၂:၁) ပေါလု​၏​စကား​များနှင့်​အညီ စစ်မှန်သော​ခရစ်ယာန်​များသည် ဘာသာရေး​ဝတ်ပြုပွဲ​များ​ကို တစ်ပတ်​တစ်ခါ​တက်​ရုံ​မျှ​ဖြင့် ကျေနပ်​မနေကြ​ပါ။ စင်ကြယ်သော​ဝတ်ပြုရေး တိုးပွား​ပျံ့နှံ့​စေဖို့ သူတို့​အချိန်၊ ခွန်အား​နှင့် ဥစ္စာ​တို့ကို​ပေးဆက်​ကြသည်။ ဤမျှ​သစ္စာရှိ​ရှိ​ကိုးကွယ်​သူများ ရှိနေခြင်းက ယေဟောဝါ​၏​အိမ်တော်ကို တင့်တယ်​စေ​သည်မဟုတ်​လော။ တင့်တယ်​စေ​ပေမည်​ဟု ဟေရှာယ​ပရောဖက်ပြုချက်​က​ဆို​၏။ ဤမျှ​ဇွဲရှိ​သော​ဝတ်ပြုသူ​များသည်​လည်း ယေဟောဝါ​၏​ရှေ့မှောက်တော်​တွင် တင့်တယ်​လိမ့်​မည်​ဟု ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ကြ​ပါ​သည်။

၁၆။ ရှေးခေတ်​ဆောက်လုပ်ရေး​လုပ်ငန်း​တွင် မည်သူ​တို့​ကူညီပေး​ခဲ့​ကြ​ပြီး မျက်မှောက်ခေတ်တွင် ထိုသို့​မည်သူ​တို့​ပြုလုပ်​နေကြ​သနည်း။

၁၆ ရောက်လာ​ခါ​စ​လူသစ်​များသည် အလုပ်လုပ်​ကိုင်​လို​ကြသည်။ ပရောဖက်ပြုချက်​က ဤသို့​ဆက်​ပြော​သည်– “တစ်ပါး​အမျိုး​တို့သည် သင်၏​မြို့ရိုး​ကို​တည်​ကြလိမ့်မည်။ ရှင်ဘုရင်​တို့သည်​လည်း သင့်ကို​ပြုစု​ကြလိမ့်မည်။” (ဟေရှာယ ၆၀:၁၀) ဤ​စကား​များ ပထမ​အကြိမ်​ပြည့်စုံ​ခဲ့​သော၊ ဗာဗုလုန်​တွင်​ပြည်နှင်​ခံရ​ပြီး ပြန်ရောက်​လာချိန်​တွင် ရှင်ဘုရင်များ​နှင့် အခြား​နိုင်ငံ​များ​မှ​သူတို့သည် ဝတ်ပြုရာ​အိမ်တော်​နှင့် ယေရုရှလင်​မြို့ကို ပြန်လည်​တည်ဆောက်​ရာ​၌ ကူညီပေး​ခဲ့​ကြသည်။ (ဧဇရ ၃:၇; နေဟမိ ၃:၂၆) မျက်မှောက်ခေတ်​ပြည့်စုံချက်​တွင် ဝိညာဉ်​တော်​ဖွား​အကြွင်းအကျန်​များ စစ်မှန်သော​ဝတ်ပြုရေးကို ပြန်လည်​တည်ဆောက်​ရာ​၌ လူအုပ်ကြီး​က ထောက်မ​ကူညီပေး​ကြပြီ။ ခရစ်ယာန်​အသင်းတော်များ တည်ဆောက်​ရန် သူတို့​ကူညီပေး​ခဲ့​ကြ​ရာ မြို့​နှင့်​တူသော ယေဟောဝါ​အဖွဲ့အစည်း​၏ ‘မြို့ရိုး​များ’ ကို​ခိုင်ခံ့​စေ​ခဲ့​ကြပြီ။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ၊ အစည်းအဝေး​ခန်းမ​များနှင့် ဗေသလ​အဆောက်အဦ​များ ဆောက်လုပ်​သည့် ပကတိ​ဆောက်လုပ်ရေး​လုပ်ငန်း​၌​လည်း သူတို့​ပါဝင်​ကြသည်။ ဤ​နည်းများဖြင့် ယေဟောဝါ​၏​တိုးချဲ့​နေသော အဖွဲ့အစည်း​၏ လိုအပ်ရာ​များ​ကို ဖြည့်စွက်​ပေး​ရာ​၌ ဝိညာဉ်​တော်​ဖွား​ညီအစ်ကို​များ​ကို သူတို့​ထောက်ပံ့​ကူညီပေး​နေကြ​သည်!

၁၇။ ယေဟောဝါ​သည် လူမျိုးတော်ကို​တင့်တယ်​စေသည့် နည်း​တစ်နည်း​ကား အဘယ်နည်း။

၁၇ ဟေရှာယ ၆၀:၁၀ ၏​နောက်ဆုံး​စကား​များသည် အားရှိစရာ​ပင်! ယေဟောဝါ​ဤသို့​ဆို​၏– “ငါသည်​အမျက်​ထွက်၍ သင့်ကို​ဒဏ်ခတ်​သော်လည်း စေတနာ​စိတ်​နှင့် သနား​ဦး​မည်။” မှန်ပါသည်၊ လွန်ခဲ့သော ၁၉၁၈/၁၉ ခုနှစ်​များ​တွင် ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို ဆုံးမ​ပဲ့ပြင်​တော်​မူ​ခဲ့​သည်။ သို့သော် ယင်းသည် အတိတ်​က​ဖြစ်သည်။ ယခု​အချိန်​သည် ဝိညာဉ်​တော်​ဖွား​ကျေးကျွန်​များနှင့် သူတို့၏​အပေါင်းပါ​အခြားသိုး​တို့ကို ယေဟောဝါ​သနား​ကြင်နာ​မှု တင်ပြ​ရန်​အချိန်​ဖြစ်သည်။ အံ့မခန်းဖွယ်​တိုးပွားမှု​ဖြင့် သူတို့ကို ကိုယ်တော်​ကောင်းချီး​ပေး​ခဲ့​ခြင်း၊ တစ်နည်း​အားဖြင့် ‘သူတို့ကို​တင့်တယ်​စေ’ ခြင်း​က ကိုယ်တော်​ထိုသို့​ပြု​ခဲ့​ကြောင်း​ထင်ရှား​သည်။

၁၈၊ ၁၉။ (က) ယေဟောဝါ​၏​အဖွဲ့အစည်း​ထဲ လူသစ်များ​ဝင်လာ​ခြင်း​နှင့်​ပတ်သက်​၍ ကိုယ်တော်​အဘယ်က​တိ​တော်​ပြု​သနည်း။ (ခ) ဟေရှာယ​အခန်းကြီး ၆၀ ၏​ကျန်​အခန်းငယ်​များ​က အဘယ်​အကြောင်း​ပြောပြ​သနည်း။

၁၈ နှစ်စဉ် ထောင်ပေါင်း​များစွာသော “တိုင်းတစ်ပါးသား” လူသစ်​များသည် ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့် ပူးပေါင်း​လာကြပြီး နောက်ထပ်​လူများစွာ လိုက်ပါ​လာရန် လမ်းပွင့်​နေဆဲ​ရှိသည်။ ဇိအုန်​ကို ယေဟောဝါ​ဤသို့​မိန့်ဆို​သည်– “တစ်ပါး​အမျိုးသား​တို့၏​စည်းစိမ်​ကို သင့်ထံ​သို့​ဆောင်​ခဲ့​၍ သူတို့၏​ရှင်ဘုရင်​တို့ကို​လည်း ပို့​သ​မည်​အကြောင်း သင်၏​တံခါး​တို့ကို နေ့​ည​မ​ပိတ်​ဘဲ အစဉ်​ဖွင့်​ထား​ရ​လိမ့်​မည်။” (ဟေရှာယ ၆၀:၁၁) ဆန့်ကျင်သူ​အချို့​က ထို “တံခါး​တို့” ကို​ပိတ်​ဖို့​ကြိုးစား​ကြသော်လည်း သူတို့​အောင်မြင်​လိမ့်​မည်​မဟုတ်​ကြောင်း ကျွန်ုပ်​တို့​သိထားကြသည်။ တံခါးများ​သည် တစ်နည်း​မဟုတ် တစ်နည်း​ဖြင့် အစဉ်​ပွင့်​နေရ​မည်​ဟု ယေဟောဝါ​ကိုယ်တော်တိုင် မိန့်ဆိုခဲ့သည်။ ဆက်လက်​တိုးပွား​ပါ​လိမ့်​မည်။

၁၉ ဤ​နောက်ဆုံး​ကာလ​တွင် ယေဟောဝါ​သည် လူမျိုးတော်ကို​ကောင်းချီး​ပေး​၍ သူတို့ကို​တင့်တယ်​စေသော အခြား​နည်းလမ်းများ​လည်း ရှိပါ​သေး​သည်။ ထို​နည်းလမ်းများ​အကြောင်းကို ဟေရှာယ​အခန်းကြီး ၆၀ မှ​ကျန်​သော​အခန်းငယ်​များ​က ပရောဖက်ပြု​ဖော်ပြ​သည်။

သင်​ရှင်းပြ​နိုင်​သလော

• ဘုရားသခင့် ‘အမျိုးသမီး’ ကား​မည်သူ​နည်း၊ မြေကြီးပေါ်​တွင် သူ့ကို​မည်သူ​ကိုယ်စား​ပြု​သနည်း။

• ဇိအုန်​၏​သားသမီး​များသည် အဘယ်​အချိန်တွင် လဲနေ​ခဲ့​ကြ​သနည်း၊ အဘယ်​အချိန်တွင်၊ အဘယ်​နည်းဖြင့် သူတို့ “ထ” လာ​ကြ​သနည်း။

• ယေဟောဝါ​သည် ပုံဖော်ချက်​အမျိုးမျိုးဖြင့် မျက်မှောက်ခေတ်တွင် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောသူများ တိုးများ​လာ​ခြင်း​ကို မည်သို့​တင်ကူး​ဟောခဲ့​သနည်း။

• ယေဟောဝါ​သည် လူမျိုးတော်အပေါ် အဘယ်​နည်းများဖြင့် အလင်းထွန်းလင်း​စေ​ခဲ့​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေဟောဝါ​၏ ‘အမျိုးသမီး’ ကို မတ်တတ်ရပ်​ရန် မိန့်မှာ​ခဲ့

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

သင်္ဘော​စု​သည် မိုးကုပ်​စက်​ဝိုင်း​ပေါ်​မှ ချိုးငှက်​များနှင့်​တူ