သင်၏သွန်သင်ခြင်းသည် ထိရောက်သလော
သင်၏သွန်သင်ခြင်းသည် ထိရောက်သလော
မိဘများ၊ အကြီးအကဲများ၊ သတင်းကောင်းကြွေးကြော်သူများ အစရှိသူအားလုံးတို့သည် ဆရာသမားများဖြစ်ကြဖို့လိုသည်။ မိဘများသည် မိမိတို့၏သားသမီးများကို၊ အကြီးအကဲများသည် ခရစ်ယာန်အသင်းသားများကို၊ သတင်းကောင်းဟောပြောသူများသည် စိတ်ဝင်စားခါစသူများကို သွန်သင်ပေးကြ၏။ (တရားဟောရာ ၆:၆၊ ၇; မဿဲ ၂၈:၁၉၊ ၂၀; ၁ တိမောသေ ၄:၁၃၊ ၁၆) သင်၏သွန်သင်ခြင်းကို သာ၍ထိရောက်မှုရှိစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် အရည်အချင်းပြည့်မီသော ဆရာသမားများ၏ ပုံသက်သေနှင့် နည်းလမ်းတို့ကို တုပနိုင်သည်။ ဧဇရသည် ထိုသို့သော ဆရာသမားတစ်ဦးဖြစ်၏။
ဧဇရထံမှ သင်ခန်းစာယူခြင်း
ဧဇရသည် လွန်ခဲ့သောနှစ်ပေါင်း ၂,၅၀၀ ခန့်က ဗာဗုလုန်နိုင်ငံတွင် နေထိုင်ခဲ့သော အာရုန်အနွယ်မှ ယဇ်ပုရောဟိတ်တစ်ဦးဖြစ်သည်။ ဘီ.စီ.အီး. ၄၆၈ ခုနှစ်တွင် ယေရုရှလင်မြို့၌ နေထိုင်ကြသော ဂျူးများအတွင်း စင်ကြယ်သောဝတ်ပြုရေးကို မြှင့်တင်ရန် ထိုမြို့သို့ သူသွားခဲ့သည်။ (ဧဇရ ၇:၁၊ ၆၊ ၁၂၊ ၁၃) ထိုသို့ပြုရန် သူသည် လူတို့ကို ဘုရားသခင့်ပညတ်တော် သွန်သင်ပေးခဲ့ရသည်။ သူ၏သွန်သင်ခြင်း ထိရောက်မှုရှိစေရန် ဧဇရ အဘယ်အရာများပြုလုပ်ခဲ့ရသနည်း။ မဖြစ်မနေ ပြုလုပ်ခဲ့ရသည့်အရာများရှိခဲ့၏။ ဧဇရ ၇:၁၀ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ဤအရာများကို သတိပြုပါ–
“ဧဇရသည် [၁] ထာဝရဘုရား၏တရားတော်ကို စစ်ဆေး [၂] စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ [၃] စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း [၄] သဘောကျသောသူဖြစ် [“သူ၏နှလုံးကို အသင့်ပြင်ဆင်ခဲ့၊” ကဘ] ၏။” အဆိုပါအဆင့်တစ်ဆင့်စီနှင့် ၎င်းတို့ထံမှ ကျွန်ုပ်တို့သင်ယူနိုင်ရာကို အကျဉ်းချုပ်ကြည့်ကြစို့။
‘ဧဇရသည် သူ၏နှလုံးကို အသင့်ပြင်ဆင်ခဲ့’
လယ်သမားသည် မျိုးစေ့မကြဲမီ ထယ်ထိုး၍ မြေဆီကို ဦးစွာအသင့်ပြင်ဆင်ရသကဲ့သို့ ဧဇရသည် ဘုရားသခင်၏စကားတော်ကို ခံယူရန် အကြိမ်ကြိမ်ဆုတောင်း၍ သူ၏နှလုံးကို အသင့်ပြင်ဆင်ခဲ့၏။ (ဧဇရ ၁၀:၁) တစ်နည်းအားဖြင့်ဆိုလျှင် သူသည် ယေဟောဝါ၏သွန်သင်ခြင်းကို “နှလုံးသွင်း” ခဲ့သည်။—သု. ၂:၂၊ ကဘ။
ထိုနည်းတူ ဘုရင်ယောရှဖတ်သည် “စစ်မှန်သောဘုရားသခင်ကို ရှာခြင်းငှာ [သူ၏] နှလုံးကို အသင့်ပြင်ဆင်” ခဲ့သည်ဟု သမ္မာကျမ်းစာကဆို၏။ (၂ ရာဇဝင်ချုပ် ၁၉:၃၊ ကဘ) ယင်းနှင့်ခြားနားစွာ “နှလုံးကိုအသင့်မပြင်ဆင်” ခဲ့ကြသော ဣသရေလလူမျိုးကို “ခေါင်းမာ၍ ပုန်ကန်တတ်သော” အမျိုးဟု ဖော်ပြသည်။ (ဆာလံ ၇၈:၈၊ ကဘ) ယေဟောဝါသည် “စိတ်နှလုံး၏အတွင်းလူ” ကိုတွေ့မြင်တော်မူ၏။ (၁ ပေတရု ၃:၄) မှန်၏၊ ကိုယ်တော်သည် “နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏။” (ဆာလံ ၂၅:၉) သို့ဖြစ်၍ မျက်မှောက်ခေတ်ဆရာသမားများသည် ဧဇရ၏ပုံသက်သေကို အတုယူကာ ပထမဦးစွာ အကြိမ်ကြိမ်ဆုတောင်း၍ မိမိတို့၏နှလုံးကို လျောက်ပတ်သောအခြေအနေသို့ ရောက်ရှိစေရန် အရေးကြီးလှသည်တကား!
“ထာဝရဘုရား၏တရားတော်ကို စစ်ဆေး” ခြင်း
ဧဇရသည် အရည်အချင်းပြည့်မီသော ဆရာသမားတစ်ဦးဖြစ်ရန် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို စစ်ဆေးလေ့လာခဲ့သည်။ သင်သည် ဆရာဝန်တစ်ဦးထံသွား၍ ရောဂါစစ်ဆေးရမည်ဆိုလျှင် သူပြောသမျှ၊ ညွှန်ကြားသမျှကို သေချာနားလည်သဘောပေါက်ရန် ဂရုတစိုက် နားထောင်မည်မဟုတ်ပေလော။ သင်ကျန်းမာဖို့ အရေးကြီးသည်အတွက် ထိုသို့ပြုမည်မှာ သေချာပါသည်။ သို့ဖြစ်လျှင် ကိုယ်တော်၏စကားတော် သမ္မာကျမ်းစာအားဖြင့်လည်းကောင်း၊ ‘သစ္စာနှင့်သတိပညာရှိကျွန်’ အားဖြင့်လည်းကောင်း ကျွန်ုပ်တို့ကို ယေဟောဝါမိန့်မှာတော်မူရာများ၊ သို့မဟုတ် ညွှန်ကြားရာများကို ပို၍ပင် အထူးဂရုစိုက် နားထောင်သင့်သည်။ ကိုယ်တော်၏ဆုံးမစကားသည် ကျွန်ုပ်တို့၏အသက်ရှင်ရေးနှင့် သက်ဆိုင်နေခြင်းကြောင့်တည်း! (မဿဲ ၄:၄; ၂၄:၄၅-၄၇) ဆရာဝန်သည် မှားနိုင်သော်လည်း “ထာဝရဘုရား၏တရားတော်သည် စုံလင်” ပေ၏။ (ဆာလံ ၁၉:၇) နောက်ထပ်တစ်ခါ စစ်ဆေးစရာလိုမည်မဟုတ်ပေ။
ဧဇရသည် စေ့စပ်သေချာစွာ လေ့လာဖတ်ရှုသူတစ်ဦးဖြစ်ကြောင်း (မူလက စာအုပ်တစ်အုပ်အဖြစ် ဧဇရရေးခဲ့သည့်) ရာဇဝင်ချုပ်ကျမ်းစာစောင်များက ဖော်ပြသည်။ အဆိုပါကျမ်းစာစောင်များကို ရေးသားရန် အကြောင်းရင်းများစွာကို သူရည်ညွှန်းခဲ့ရ၏။ * မကြာသေးမီက ဗာဗုလုန်မြို့မှ ပြန်ရောက်လာကြသော ဂျူးတို့သည် သူတို့လူမျိုး၏သမိုင်းအကျဉ်းချုပ်ကို သိရှိဖို့လိုသောကြောင့်ဖြစ်သည်။ ဘာသာရေးထုံးတမ်းဓလေ့များ၊ ဝတ်ပြုရာအိမ်တော်လုပ်ငန်းနှင့် လေဝိသားတို့၏တာဝန်များအကြောင်း သူတို့တွင် လုံလောက်သောအသိပညာ မရှိကြချေ။ ဆွေစဉ်မျိုးဆက်မှတ်တမ်းများသည် သူတို့အတွက် အလွန်အရေးကြီးသည်။ ဧဇရသည် အဆိုပါကိစ္စများကို အထူးဂရုစိုက်ခဲ့၏။ မေရှိယကြွလာသည့်အထိ ဂျူးတို့သည် လူမျိုးတစ်မျိုးအနေနှင့် ကိုယ့်တိုင်းပြည်၊ ကိုယ့်ဝတ်ပြုရာအိမ်တော်၊ ကိုယ့်ယဇ်ပုရောဟိတ်အဖွဲ့နှင့် ကိုယ့်အစိုးရ ရှိနေရပေမည်။ ဧဇရစုဆောင်းခဲ့သော အချက်အလက်ကြောင့် စည်းလုံးမှုသာမက စစ်မှန်သောဝတ်ပြုမှုကိုပါ ထိန်းသိမ်းထားနိုင်ခဲ့၏။
သင်၏လေ့လာမှုအကျင့်ဓလေ့နှင့် ဧဇရ၏လေ့လာမှုအကျင့်သည် မည်သို့ရှိသနည်း။ သမ္မာကျမ်းစာကို လုံ့လစိုက်ထုတ်၍ လေ့လာခြင်းသည် သမ္မာကျမ်းစာကို ထိရောက်စွာသွန်သင်ပေးနိုင်ရန် အထောက်အကူဖြစ်ပေလိမ့်မည်။
မိသားစုလိုက် “ထာဝရဘုရား၏တရားတော်ကို စစ်ဆေး” လော့
ကိုယ်ပိုင်လေ့လာမှုပြုလုပ်ချိန်၌သာ ယေဟောဝါ၏တရားတော်ကို စစ်ဆေးနိုင်ခြင်း မဟုတ်ပါ။ မိသားစုလေ့လာမှုပြုလုပ်ချိန်တွင်လည်း ထိုသို့စစ်ဆေးရန် အခွင့်အခါကောင်းဖြစ်၏။
နယ်သာလန်နိုင်ငံမှ ယန်းနှင့်ဂျူလီယာ ဇနီးမောင်နှံစုံသည် သူတို့၏သားနှစ်ဦးကို ဖွားမြင်သည့်နေ့မှစ၍ အသံကျယ်ကျယ်ဖြင့် စာဖတ်ပြခဲ့သည်။ ယနေ့ အီဗိုသည် ၁၅ နှစ်ရှိ၍ အေဒိုသည် ၁၄ နှစ်ရှိနေပြီ။ သူတို့၏မိသားစုလေ့လာမှုကို တစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်နေကြဆဲပင်။ “ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က အကြောင်းအရာအတော်များများကို ဆွေးနွေးပြီးသွားဖို့မဟုတ်ဘဲ ဆွေးနွေးခဲ့သလောက်ကို သားတွေ သဘောပေါက်နားလည်ဖို့ဖြစ်တယ်။ သားတွေက အတော်လေးကို ရှာဖွေလေ့လာထားကြတယ်။ သူတို့မသိတဲ့စကားလုံးတွေ၊ ကျမ်းစာမှာပါတဲ့ပုဂ္ဂိုလ်တွေ ဘယ်အချိန်က အသက်ရှင်ခဲ့တယ်၊ သူတို့က ဘယ်သူတွေဖြစ်တယ်၊ သူတို့ ဘာအလုပ်လုပ်ကြတယ် အစရှိတာတွေကို ဆန်းစစ်လေ့လာထားကြတယ်။ သူတို့ စာဖတ်တတ်ကတည်းက ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း၊ အဘိဓာန်နဲ့ စွယ်စုံကျမ်းစတဲ့ စာအုပ်တွေကို ရှာဖွေလေ့လာ စစ်ဆေးဖတ်ရှုကြတော့တာပဲ။ ဒီလိုရှာဖွေလေ့လာထားတော့ မိသားစုသင်အံမှုကို ပိုပြီးပျော်ရွှင်စရာဖြစ်စေတယ်။ သားတွေက မိသားစုသင်အံမှုအတွက် အမြဲအဆင်သင့် ရှိနေကြတယ်” ဟုယန်းက ပြောပြသည်။ ထပ်ဆင့်အကျိုးရလဒ်ကား ယခု ထိုလူငယ်နှစ်ဦးစလုံးသည် ဘာသာစကားစွမ်းရည်နှင့်ပတ်သက်လျှင် သူတို့အတန်းထဲတွင် အတော်ဆုံးဖြစ်ကြသည်။
နယ်သာလန်နိုင်ငံမှ နောက်ထပ်ဇနီးမောင်နှံစုံ ဂျွန်နှင့်တီနီတို့သည် သားဖြစ်သူ အက်စ်လီ (ယခု အသက် ၂၄ နှစ်ရှိပြီး အခြားအသင်းတော်တွင် ရှေ့ဆောင်နေသည်) နှင့် သမီးဖြစ်သူ လင်ဒါ (ယခု အသက် ၂၀ ရှိပြီး လူရည်မွန်ညီအစ်ကိုတစ်ဦးနှင့် လက်ထပ်ခဲ့သည်) တို့နှင့် သင်အံမှုပြုလုပ်ကြသည်။ ထုံးစံရှိသည့်အတိုင်း စာအုပ်တစ်အုပ်ကို အမေးအဖြေနည်းနှင့် လေ့လာကြမည့်အစား ကလေးများ၏ အသက်အရွယ်အလိုက်၊ လိုအပ်ရာများနှင့်အညီ မိသားစုသင်အံမှုကို ပြုလုပ်ခဲ့ကြသည်။ အဘယ်နည်းကို သူတို့အသုံးပြုခဲ့ကြသနည်း။
သားနှင့်သမီးတို့သည် (ကင်းမျှော်စင်မှ) “စာရှုသူများထံမှမေးခွန်းလွှာ”၊ (နိုးလော့!မှ) “သမ္မာကျမ်းစာရှုထောင့်” တို့မှ စိတ်ဝင်စားဖွယ်အကြောင်းတစ်ခုခုကို ရွေးချယ်ခဲ့ကြသည်ဟု ဂျွန်ကပြောပြသည်။ ထို့နောက် သူတို့ကြိုတင်ပြင်ဆင်ထားရာကို တင်ပြပြောဆိုကြသောကြောင့် မိသားစုဆွေးနွေးမှုများသည် အမြဲပင် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ ဤနည်းဖြင့် ထိုလူငယ်များသည် ရှာဖွေလေ့လာမှုပြုပြီး လေ့လာမှုမှသိရှိရာများကို ဆွေးနွေးတင်ပြခြင်းဖြင့် အတွေ့အကြုံရင့်ကျက်လာကြသည်။ သင့်ကလေးငယ်များနှင့်အတူ “ထာဝရဘုရား၏တရားတော်ကို စစ်ဆေး” သလော။ ၎င်းက သင်၏သွန်သင်ခြင်းစွမ်းရည်ကို တိုးမြှင့်ပေးရုံမက သင့်ကလေးများသည် ပိုမိုထိရောက်သော ဆရာသမားများဖြစ်လာပါလိမ့်မည်။
“ကျင့်ဆောင်ရန်”
ဧဇရသည် သိရှိခဲ့ရာများကို ကျင့်သုံးခဲ့၏။ ဥပမာ၊ သူသည် ဗာဗုလုန်တွင်ရှိစဉ် အတည်တကျနေထိုင်ခဲ့ပေမည်။ သို့သော် တိုင်းတစ်ပါးတွင်ရှိသော မိမိ၏လူမျိုးကို အကူအညီပေးနိုင်သည်ဟု သူသဘောပေါက်လာသောအခါ ဗာဗုလုန်စည်းစိမ်များကိုစွန့်၍ ဝေးလံသောယေရုရှလင်မြို့၌ အခက်အခဲများ၊ ပြဿနာများ၊ အန္တရာယ်များကိုရင်ဆိုင်ခဲ့၏။ ဧဇရသည် ကျမ်းစာအသိပညာကို ဆည်းပူးစုဆောင်းခဲ့ရုံမက သူသိရှိခဲ့ရာများကို ကျင့်သုံးရန် အသင့်ရှိကြောင်း ထင်ရှားသည်။—၁ တိမောသေ ၃:၁၃။
နောက်ပိုင်း၌ ယေရုရှလင်မြို့တွင် ဧဇရနေထိုင်စဉ် သူသိရှိရာများနှင့် သွန်သင်ပေးရာများကို လက်တွေ့ကျင့်သုံးကြောင်း ဣသရေလအမျိုးသားများက တစ်ပါးအမျိုးသမီးများနှင့် အိမ်ထောင်ပြုနေသည်ကို သူကြားသိချိန်တွင် ပေါ်လွင်ထင်ရှားခဲ့သည်။ ဧဇရသည် ‘အတွင်းအဝတ်၊ အပြင်အဝတ်ကိုဆုတ်၍ ဆံပင်နှင့်မုတ်ဆိတ်ကို နုတ်ပစ်လျက်၊ ညဦးယံအချိန်တိုင်အောင် မိန်းမောတွေဝေလျက် ထိုင်နေ၏’ ဟုကျမ်းစာက ကျွန်ုပ်တို့ကို ပြောပြသည်။ သူသည် ယေဟောဝါအား “မမျှော်မကြည့်ဝံ့၊ ရှက်ကြောက်၍ မျက်နှာနီ” သည့်အထိပင် ခံစားခဲ့ရသည်။—ဧဇရ ၉:၁-၆။
ဘုရားသခင်၏တရားတော်ကို လေ့လာခဲ့ခြင်းက သူ့ကို အမှန်တကယ်ပင် အကျိုးပေးခဲ့၏! ဧဇရသည် လူတို့၏မနာခံမှုကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်အကျိုးဆက်များကို ရှင်းလင်းစွာ သဘောပေါက်နားလည်ခဲ့သည်။ ပြည်တော်ပြန်ဂျူးအရေအတွက်မှာ လူနည်းစုသာဖြစ်၏။ ထိုသူတို့သည် ယုံကြည်ခြင်းမတူသူများနှင့် အိမ်ထောင်ပြုကြမည်ဆိုလျှင် နောက်ဆုံး၌ ပတ်ဝန်းကျင်ရှိ အယူမှားလူမျိုးများနှင့် သွေးရောနှောသွားကာ ကမ္ဘာပေါ်မှ စင်ကြယ်သောဝတ်ပြုရေး အလွယ်တကူ ကွယ်ပျောက်သွားနိုင်သည်!
ဝမ်းသာစရာမှာ ဧဇရ၏ လုံးဝဆည်းကပ်ကြောက်ရွံ့မှုနှင့် ဇွဲလုံ့လပုံသက်သေက ဣသရေလလူတို့အား သူတို့၏လမ်းစဉ်များကို ပြုပြင်ပြောင်းလဲရန် လှုံ့ဆော်ပေးခဲ့သည်။ သူတို့၏တိုင်းတစ်ပါးဇနီးများကို စွန့်ခဲ့ကြသည်။ သုံးလအတွင်း အစစအရာရာ တည့်မတ်မှန်ကန်သွားလေတော့သည်။ ဧဇရကိုယ်တိုင် ဘုရားသခင်၏တရားတော်အပေါ် တည်ကြည်မှုရှိခြင်းက သူ၏သွန်သင်ခြင်းကို ပို၍ထိရောက်မှုရှိစေခဲ့သည်။
ယနေ့လည်း အလားတူပင်ဖြစ်၏။ ခရစ်ယာန်ဖခင်တစ်ဦးပြောခဲ့သကဲ့သို့ပင် “ကလေးတွေဟာ သင်ပြောသလို မလုပ်ကြဘူး; သင်လုပ်သလို လုပ်ကြတာ!” ခရစ်ယာန်အသင်းတော်တွင်လည်း အလားတူပင်ဖြစ်၏။ ပုံသက်သေကောင်းတင်ပြသော အကြီးအကဲများသည် မိမိတို့၏သွန်သင်ချက်များကို အသင်းတော် လိုက်နာလိမ့်မည်ဟု မျှော်လင့်နိုင်ကြပါသည်။
“စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌သွန်သင်ခြင်း”
ဧဇရ၏သွန်သင်မှု ထိရောက်ရသည့်အကြောင်းရင်း နောက်တစ်ချက်ရှိသေးသည်။ သူသည် မိမိကိုယ်ပိုင်အယူအဆများကို မသွန်သင်ဘဲ “စီရင်ထုံးဖွဲ့တော်မူချက်တို့ကို” သွန်သင်ပေး၏။ ဆိုလိုသည်ကား ယေဟောဝါ၏ အထုံးအဖွဲ့၊ တရားတော်များဖြစ်၏။ ၎င်းသည် သူ၏ ယဇ်ပုရောဟိတ်တာဝန်ဖြစ်၏။ (မာလခိ ၂:၇) သူသည် စီရင်ချက်ကိုလည်း သွန်သင်ပေး၍ စံနှုန်းတစ်ခုအရ တရားမျှတပြီး ဘက်မလိုက်ဘဲ မှန်ကန်ရာကို စွဲစွဲမြဲမြဲလုပ်ကိုင်ခြင်းဖြင့် သွန်သင်ခြင်းပုံသက်သေတစ်ခုကို ချမှတ်ပေးခဲ့၏။ အခွင့်အာဏာရှိသူများသည် တရားမျှတသောအခါ တည်ငြိမ်အေးချမ်းသည်။ (သု. ၂၉:၄) ထိုနည်းတူစွာ၊ ဘုရားသခင်၏နှုတ်မြွက်စကားတော်ကို ကောင်းစွာတတ်ကျွမ်းသော ခရစ်ယာန်အကြီးအကဲများ၊ မိဘများနှင့် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများသည် အသင်းတော်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း၊ စိတ်ဝင်စားခါစသူများကိုလည်းကောင်း ယေဟောဝါ၏ထုံးဖွဲ့ချက်နှင့် စီရင်ချက်တို့ကို သွန်သင်ပေးသောအခါ ဝိညာဉ်ရေးကို တည်ဆောက်ပေးပါသည်။
သင်သည် တည်ကြည်သောဧဇရ၏ပုံသက်သေကို အပြည့်အဝတုပသောအခါ သင်၏သွန်သင်ခြင်းသည် ပို၍ထိရောက်မှုရှိလာလိမ့်မည်ဟု သဘောတူမည်မဟုတ်ပေလော။ သို့ဖြစ်၍ “ထာဝရဘုရား၏တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို . . . သွန်သင်ခြင်းငှာလည်းကောင်း သဘောကျ [“နှလုံးကိုအသင့်ပြင်ဆင်၊” ကဘ]” လော့။—ဧဇရ ၇:၁၀။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 11 အချက်အလက်ရင်းမြစ်အခုပေါင်း ၂၀ ကို ယေဟောဝါသက်သေများ ထုတ်ဝေထားသည့် ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း အတွဲ ၁၊ စာမျက်နှာ ၄၄၄-၅ တွင်တွေ့ရှိနိုင်သည်။
ဧဇရ၏သွန်သင်ခြင်းကို အဘယ်အရာက ထိရောက်မှုရှိစေခဲ့သနည်း
၁။ သူ၏နှလုံးကို လျောက်ပတ်သောအခြေအနေသို့ ရောက်ရှိစေခဲ့
၂။ ယေဟောဝါ၏တရားတော်ကို စစ်ဆေးခဲ့
၃။ သိရှိခဲ့ရာများကို လက်တွေ့ကျင့်သုံးခြင်းတွင် ပုံသက်သေကောင်းချမှတ်ခဲ့
၄။ ကျမ်းစာအမြင်ကို သွန်သင်ပေးဖို့ အပတ်တကုတ်လေ့လာကာ သူကိုယ်တိုင်ကျင့်သုံးခဲ့