မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှည့်ဖြား မခံပါနှင့်

အလှည့်ဖြား မခံပါနှင့်

အ​လှည့်ဖြား မခံ​ပါ​နှင့်

ကမ္ဘာ​ပေါ် လူ​တည်ရှိ​ပြီး​မကြာမီ လှည့်ဖြားခြင်း​ရှိခဲ့​သည်။ ပထမဦးဆုံး​သမိုင်းဝင်​အဖြစ်အပျက်​တစ်ခု​မှာ လှည့်ဖြားမှု​ဖြစ်သည်။ ဧဒင်ဥယျာဉ်​၌ ဧဝ​ကို စာတန်​လှည့်ဖြား​ခဲ့​ချိန်​က​ဖြစ်သည်။—ကမ္ဘာဦး ၃:၁၃; ၁ တိမောသေ ၂:၁၄

ထို​အချိန်​မှ​စ၍ မြေကြီးပေါ်​တွင် ယခု​အချိန်​လောက် တစ်ခါမျှ​လှည့်ဖြားခြင်း​ပျံ့နှံ့​ခဲ့​သည့်​အချိန် မရှိခဲ့​ဖူး​ချေ။ သမ္မာကျမ်းစာ​က မျက်မှောက်ခေတ်​ကို ကြိုမြင်​၍ ဤသို့​သတိပေး​ခဲ့​သည်– “ဆိုးညစ်သော​သူ၊ လှည့်ဖြား​သော​သူတို့မူကား သူတစ်ပါးကို​လည်းကောင်း၊ ကိုယ်ကို​လည်းကောင်း​လှည့်ဖြား​၍ ဆိုးညစ်ခြင်း​၌ တရွေ့ရွေ့​တိုးပွား​ကြလိမ့်မည်။”—၂ တိမောသေ ၃:၁၃

နည်း​အမျိုးမျိုးဖြင့် ယနေ့ လူ​တို့ကို​လှည့်ဖြား​နေကြ​သည်။ တစ်ပတ်ရိုက်​သူများ​နှင့် အယုံသွင်း​လိမ်လည်​သူများ​သည် အ​လိမ်​ခံရ​သူများ​၏​ငွေ​ကို လှည့်ဖြား​ယူ​ကြသည်။ နိုင်ငံရေးသမား​အချို့​သည် မည်သည့်​နည်းဖြင့်​မဆို အာဏာ​လက်ရှိ​ဖြစ်​ဖို့ မဲ​ဆန္ဒ​ရှင်​များ​ကို လှည့်ဖြား​ကြသည်။ မိမိတို့​ကိုယ်ကို​ပင် လူ​တို့​လှည့်စား​တတ်ကြ​သည်။ အမှန်တရားကို နှစ်သက်​လက်ခံ​မည့်​အစား ဆေးလိပ်​သောက်​ခြင်း၊ မူးယစ်​ဆေး​အလွဲသုံးခြင်း သို့​မဟုတ် လိင်​အကျင့်​ယိုယွင်းခြင်း​စ​သည့် ဘေးသင့်​သော​အမူအကျင့်များ​၌ အန္တရာယ်​မရှိပါ​ဟု သူတို့​ဆို​ကြသည်။

ထို့​ပြင် ဘာသာရေး​ကိစ္စ​များ​တွင်​လည်း လှည့်ဖြားခြင်း​ရှိသည်။ ယေရှု​ခေတ်​မှ ဘာသာရေး​ခေါင်းဆောင်​များသည် လူ​တို့ကို​လှည့်ဖြား​ခဲ့​ကြသည်။ ထို​လှည့်ဖြားသူ​များနှင့်​စပ်လျဉ်း၍ ယေရှု​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “လူ​ကန်း​တို့အား​လမ်းပြ​သော လူ​ကန်း​ဖြစ်​ကြ​၏။ လူ​ကန်း​ချင်း တစ်ဦး​ကိုတစ်​ဦး​လမ်းပြ​လျှင်၊ နှစ်ဦး​တို့သည် တွင်း​ထဲ​ကျ​ကြလိမ့်မည်။” (မဿဲ ၁၅:၁၄) ထို့​ပြင် ဘာသာရေး​ကိစ္စ​များ​တွင် မိမိတို့​ကိုယ်ကို လူ​တို့​လှည့်စား​ကြသည်။ နယပုံပြင် ၁၄:၁၂ က​ဤသို့​ဆို​၏– “လူ​ထင်​သည်​အတိုင်း မှန်သော​လက္ခဏာ​ရှိသော်လည်း အဆုံး​၌ သေခြင်း​သို့​ပို့​သော လမ်း​တစ်မျိုး​ရှိ၏။”

ယေရှု​ခေတ်​က​ကဲ့သို့ ယနေ့ လူအများသည် ဘာသာရေး​ကိစ္စ​၌ လှည့်ဖြား​ခံ​နေရ​ကြသည်၊ ယင်းသည် အံ့အားသင့်​စ​ရာ​မဟုတ်ပေ! အကြောင်း​မူ​ကား စာတန်​သည် “ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​တည်း​ဟူသော ခရစ်တော်​၏​ဘုန်း​အသရေ​နှင့် ပြည့်စုံသော ဧဝံဂေလိတရား​၏​အရောင် . . . အလင်း​ကို​မပေး​စေခြင်း​ငှာ . . . သူတို့၏​ဉာဏ်​မျက်စိ​ကို ကွယ်​စေ​၏” ဟု​တမန်​တော်​ပေါလု​ဆို​ခဲ့​သည်။—၂ ကောရိန္သု ၄:၄

လူလိမ်​တစ်ဦး၏​လှည့်ဖြားခြင်း​ကို ကျွန်ုပ်​တို့​ခံရ​လျှင် ငွေ​ဆုံးရှုံး​သည်။ နိုင်ငံရေးသမား​တစ်ဦး၏ လှည့်ဖြားမှု​ခံရ​လျှင် ကျွန်ုပ်​တို့၏​လွတ်လပ်မှု အချို့​ကို ဆုံးရှုံး​သွား​နိုင်​သည်။ သို့သော် ယေရှု​ခရစ်​အကြောင်း အမှန်တရားကို​ငြင်းပယ်​သည်​အထိ စာတန်​၏​လှည့်ဖြားခြင်း​ကို ကျွန်ုပ်​တို့​ခံရ​ပါ​က ထာဝရ​အသက် ဆုံးရှုံး​ပေမည်! ထို့​ကြောင့် အ​လှည့်ဖြား​မခံ​ပါ​နှင့်။ စောဒက​မ​တက်​နိုင်သော ဘာသာ​တရား​ဆိုင်ရာ အမှန်တရား​တစ်ခု​တည်း​ဖြစ်သည့် သမ္မာကျမ်းစာ​ကို သဘောထားကြီး​ကြီး​ဖြင့် ဆင်ခြင်​သုံးသပ်ကြည့်​ပါ။ ထိုသို့​မပြု​ပါ​က ကြီးမားသော​အကျိုးကျေးဇူး​ကို သင်​လက်လွတ်​ဆုံးရှုံး​သွား​ရ​ပေ​လိမ့်​မည်။—ယောဟန် ၁၇:၃