မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂၀၀၃ ခုနှစ်တွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး

၂၀၀၃ ခုနှစ်တွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး

၂၀၀၃ ခုနှစ်​တွင်​ကျင်းပ​မည့် အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး

၂၀၀၁ ခုနှစ် အောက်တိုဘာ ၆ ရက် စနေနေ့​တွင် ပဲ​င်​စီ​လ်​ဘေး​နီး​ယား ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း အဖွဲ့ဝင်​များ​၏ နှစ်ပတ်လည်​အစည်းအဝေး​ကို ယူ.အက်စ်.အေ န​ယူး​ဂျာ​စီ​ပြည်နယ် ဂျာ​စီ​စီးတီး​တွင် ကျင်းပ​ခဲ့​ကြသည်။ ထို​အစည်းအဝေး​ပြီး​နောက် အဖွဲ့ဝင်​များနှင့် ဧည့်သည်​များသည် အထူး​အစီအစဉ်​တစ်ခု​ကြောင့် အံ့သြ​ဝမ်းမြောက်​ခဲ့​ကြ​၏။ နောက်​တစ်နေ့​တွင် ကနေဒါ​နှင့် ယူနိုက်တက်​စ​တိတ်​ရှိ မြို့ကြီး​လေး​မြို့တွင် ကျင်းပ​ခဲ့​သော နောက်ဆက်တွဲ​အစည်းအဝေး​များ​၌ ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​များသည် နိဂုံး​ချုပ်​ဟောပြောချက်​ပြီး​နောက် အောက်ပါ​ကြေညာ​ချက်​ကို ထုတ်ပြန်ခဲ့​ကြသည်–

“အနာဂတ်​ကို​စောင့်မျှော်​စဉ် ဘုရားသခင့်​လူမျိုးတော်​အားလုံး​သည် အတူတကွ​စုဝေးခြင်း​အမှုကို မရှောင်​လွှဲ​ကြဖို့ အလွန်​အရေးကြီး​သည်။ ယေဟောဝါ​၏ ကြောက်မက်​ဖွယ်​ရာ​နေ့ကြီး ရောက်လု​နီး​သည်ကို သိမြင်​သဖြင့် အချင်းချင်း​တို့ကို တိုက်တွန်း​နှိုးဆော်ခြင်း​နှင့် စည်းဝေး​ခြင်း​အမှုကို သာ၍​ကြိုးစား​ပြုလုပ်​ရမည်ဟု တမန်​တော်​ပေါလု တိုက်တွန်း​ခဲ့​သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဤ​ကျမ်းစာ​အမိန့်​နှင့်​အညီ လာ​မည့်​နှစ် [၂၀၀၂] တွင် ကမ္ဘာ့​ဒေသ​အားလုံး​၌ ခရိုင်​စည်းဝေးကြီး​များ ကျင်းပ​ရန် ကျွန်ုပ်​တို့​မျှော်လင့်​သည်။ ထို့နောက် ၂၀၀၃ ခုနှစ်​တွင် ယေဟောဝါ​အလိုရှိ​မည်​ဆိုပါ​က ကမ္ဘာ့​ဒေသ​အချို့​တွင် အထူး​အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​များ ကျင်းပ​နိုင်​ပေမည်။ ကမ္ဘာ့​အခြေအနေ​များ မည်သို့​ဖြစ်ပျက်​လာ​မည်​ကို ပိုင်းခြား​သိမြင်​ကာ နိုးနိုးကြားကြား​နှင့် စောင့်​နေကြ​ရမည့်​အချိန်​ကား ယခု​အချိန်​ပင်​ဖြစ်၏။”

လက်ရှိ​အစီအစဉ်​စနစ်​၏​အဆုံး နီးလာသည်နှင့်​အမျှ မရေရာ​မသေချာမှု​များနှင့် တင်းမာမှု​များ တိုးပွား​များပြားနေ​လင့်​ကစား ဘုရားသခင့်​လူမျိုးတော်​၏ လှုပ်ရှား​ဆောင်ရွက်မှု​မှာ ရှေ့သို့​တိုးတက်​ရမည်​ဖြစ်သည်။ ‘ဘုရားသခင်​၏ တရား​စီရင်​ရာ​အချိန်​သည် နီး​သည်ထက်​နီးကပ်​လာပြီ​ဖြစ်သော​ကြောင့် ကိုယ်တော်​ကို​ကြောက်ရွံ့​ပြီး ချီးမွမ်း’ ကြ​ရန် သမ္မာကျမ်းစာ​၏ သတိပေး​ချက် သတင်းတရား​အပါအဝင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို လူမျိုး​အသီးသီး၊ ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော လူအပေါင်း​တို့အား ကြေညာ​ရမည်​ဖြစ်သည်။ (ဗျာဒိတ် ၁၄:၆၊ ၇က​ဘ) ထို့​ကြောင့် ကျွန်ုပ်​တို့၏ ကောင်းကင်​ခမည်းတော်​၏​အလိုတော်နှင့် နှစ်လိုဖွယ်​အရ ၂၀၀၃ ခုနှစ်​၌ အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​များ​ကို ကမ္ဘာ့​ဒေသ​အသီးသီး​တွင် ကျင်းပ​ရန် စီစဉ်​နေသည်။

ဦးဆုံး​အနေ​နှင့် မြောက်​အမေရိက​ရှိ မြို့ကြီး​အချို့​တွင် ကျင်းပ​ပြီး​နောက် ဥရောပ​တွင် ဆက်​ကျင်းပ​ရန် စီစဉ်​ထား​၏။ ၂၀၀၃ ခုနှစ်​နှောင်းပိုင်းတွင် စည်းဝေးကြီး​ကိုယ်စားလှယ်​များသည် အာရှရှိမြို့​အချို့​သို့ အုပ်စု​လိုက်သွား​နိုင်​ရန် စီစဉ်​နေသည်; ထို​နှစ်​၏​အဆုံးပိုင်း​တွင် နောက်ထပ်​အုပ်စု​များ​က အာဖရိက၊ တောင်​အမေရိက​နှင့် ပစိဖိတ်​ဒေသ​များ​သို့ သွား​ကြ​မည်။ ဌာနခွဲ​အချို့​သည် သတ်မှတ်​ထားသော စည်းဝေးကြီး​ကျင်းပ​ရာ​နေရာများ​သို့ ကိုယ်စားလှယ်​အရေအတွက် အကန့်အသတ် စေလွှတ်​နိုင်​ပေ​လိမ့်​မည်၊ ယင်းကြောင့် လူတိုင်း​တက်​နိုင်​လိမ့်​မည်​မဟုတ်။ သို့​ဖြစ်စေ​ကာ​မူ နေရာ​တစ်​နေရာ​စီ​တွင် နိုင်ငံ​အသီးသီး​မှ ကိုယ်စားလှယ်​အုပ်စု အကန့်အသတ်​ရှိ​ခြင်း​သည် အားရှိစရာ​ဖြစ်ပါ​လိမ့်​မည်။

ယေဟောဝါသက်သေ​များ​၏ အသင်းတော်များ​သည် ဤ​စည်းဝေးကြီး​များ​အကြောင်း မကြာမီ သတင်းရ​ပါ​လိမ့်​မည်။ ဖိတ်ခေါ်​ခံရ​သူ ကိုယ်စားလှယ်​များ တက်ရောက်​နိုင်​မည့် မြို့​အမည်များ​နှင့် ရက်စွဲ​အတိအကျ​ကို သက်ဆိုင်ရာ​ဌာနခွဲ​များ​က ကြေညာ​ပေး​ပါ​လိမ့်​မည်။ သို့​ဖြစ်၍ ဤ​အချိန်တွင် ယင်း​နှင့်​ပတ်သက်​၍ စာရေး​မေးမြန်း​စုံစမ်းခြင်း မပြု​ကြ​ရန် မေတ္တာ​ရပ်ခံပါ​သည်။

ရွေးချယ်ခံ​ရမည့် ကိုယ်စားလှယ်​များသည် ပုံသက်သေ​ကောင်းပြီး ဒေသခံ​ညီအစ်ကို​များ​ကို ညီအစ်ကို​ချင်း​မေတ္တာပြ​ကြ​မည့် ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ပြီး​သူများ​ဖြစ်​မည်။ ဒေသခံ​ညီအစ်ကို​များ​ဘက်​မှ​လည်း ဧည့်သည်​များ​ကို နွေးထွေး​စွာ​ကြိုဆို​ကြ​ပြီး ဧည့်ဝတ်ပြု​ခွင့် ရရှိကြ​ပါ​လိမ့်​မည်။ (ဟေဗြဲ ၁၃:၁၊ ၂) ဤသို့​အားဖြင့် “အချင်းချင်း​အားရ​သက်သာ” စေနိုင်​ပါ​လိမ့်​မည်။ (ရောမ ၁:၁၁၊ ၁၂) နိုင်ငံ​တစ်နိုင်ငံ သို့​မဟုတ် နိုင်ငံ​များစွာ​သို့ ကိုယ်စားလှယ်​များ​စေလွှတ်​ရန် ဖိတ်ခေါ်​ခံရ​သည့် ဌာနခွဲ​များသည် ဤ​အစီအစဉ်များ​နှင့်​စပ်လျဉ်း၍ အသေးစိတ်​အချက်အလက်​များ​ကို ထပ်ဆင့်​ကြေညာ​ပေး​ပါ​လိမ့်​မည်။

၂၀၀၃ ခုနှစ်​အတွက် သုံးရက်ကြာ ခရိုင်​စည်းဝေးကြီး​များ​ကို ယခင်​အတိုင်း နိုင်ငံ​အများစု​တွင် ကျင်းပ​ရန် စီစဉ်​သွားပါ​မည်။ အားလုံး အတူတကွ​စုဝေး​ကြ​ခြင်း​အားဖြင့် ‘ကြား​၍ သင်ယူပြီး အားပေး​တိုက်တွန်း​ခံရ’ ကြလိမ့်မည်။ (တရားဟောရာ ၃၁:၁၂; ၁ ကောရိန္သု ၁၄:၃၁) ဤသို့​အားဖြင့် ဘုရားသခင့်​လူမျိုးတော်​အားလုံး “[ယေဟောဝါ] သည် ကောင်းမြတ်​တော်​မူ​သည်​အကြောင်းကို မြည်းစမ်း​၍​သိ” မြင်ခွင့်​ရရှိကြလိမ့်မည်။ (ဆာလံ ၃၄:၈) အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး​များနှင့် ခရိုင်​စည်းဝေးကြီး အတော်များများ​တွင် သာသနာပြု​များ ရောက်ရှိ​နေကြ​မည်​ဖြစ်​ပြီး တချို့​မှာ​မူ အစီအစဉ်​တွင် ပါဝင်​ကြ​ပေ​လိမ့်​မည်။

ဤ​ပြက္ခဒိန်​နှစ်​အတွင်း ပို​၍​ကျယ်ကျယ်ပြန့်ပြန့် သက်သေ​ခံရန် လှုံ့ဆော်ပေး​မည့် “စိတ်​ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများ” ခရိုင်​စည်းဝေးကြီး​များ​ကို ကျွန်ုပ်​တို့​တက်ရောက်​ကြ​ပေမည်။ ဤသို့​ပြု​ကြ​ရာ​တွင် လာ​မည့်​နှစ်​အတွက် ယေဟောဝါ​ပြင်ဆင်​ပေး​ထား​သည့်​အစီအစဉ်ကို ကျွန်ုပ်​တို့​ပို​စောင့်မျှော်​နေကြပါ​လိမ့်​မည်။ သို့​ပြုခြင်း​ဖြင့် ဤ​ခဲယဉ်း​၍ အရေးကြီးသော​အချိန်​ကြောင့် ကျွန်ုပ်​တို့သည် ‘ဆက်၍​စောင့်နေ​ကာ နိုးကြား​နေ​ရုံ​မ​က အသင့်ပြင်​ဆင်​လျက်​နေ” ရန် အကူအညီ​ရ​ပေ​လိမ့်​မည်။—မဿဲ ၂၄:၄၂-၄၄