မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ခပ်သိမ်းသောသူတို့အား ကောင်းမှုပြုကြကုန်အံ့’

‘ခပ်သိမ်းသောသူတို့အား ကောင်းမှုပြုကြကုန်အံ့’

“ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည် လန်းဆန်း​စေမည်”

‘ခပ်သိမ်း​သော​သူတို့အား ကောင်းမှု​ပြု​ကြ​ကုန်​အံ့’

ယေရှု၏​အဓိက​လုပ်ငန်း​ကား ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​ဖြစ်၏။ (မာကု ၁:၁၄; လုကာ ၈:၁) ခရစ်တော်​နောက်လိုက်​များသည် ကိုယ်တော့်​ကို တုပ​လို​သောကြောင့် ဘုရားသခင့်​နိုင်ငံတော်​နှင့်​ပတ်သက်​၍ ကျမ်းစာ​သတင်းတရား သွန်သင်ခြင်း​လုပ်ငန်း​ကို သူတို့​ဘဝ၏ အဓိက​လုပ်ငန်း​အဖြစ် သဘောထားကြ​သည်။ (လုကာ ၆:၄၀) ယေရှု ကမ္ဘာ​ပေါ်​ရှိ​စဉ်​က ကဲ့သို့​ပင် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို လက်ခံသူ​များသည် အစဉ်​လန်းဆန်း​ကြသည်​ကို တွေ့ မြင်ရသော​အခါ ယေဟောဝါသက်သေ​များ အမှန်ပင်​ပျော်ရွှင်​ကြ​၏။—မဿဲ ၁၁:၂၈-၃၀

ဘုရားသခင့်​စကားတော်​ကို ယေရှု​သွန်သင်​သည့်​အပြင် လူနာများ​ကို ကုသ​ပေးခြင်း​နှင့် ဆာမွတ်​သူများကို ကျွေးမွေးခြင်း​စ​သော တခြား​ကောင်းမှု​များ​ကိုလည်း လုပ်ဆောင်ခဲ့​သည်။ (မဿဲ ၁၄:၁၄-၂၁) အလားတူ​စွာ၊ ယေဟောဝါသက်သေ​များသည် ကျမ်းစာ​သွန်သင်ခြင်း​လုပ်ငန်း​အပြင် ဆင်းရဲ​ချို့တဲ့​သူများကို ကူညီပေး​ကြ​၏။ အမှန်​မှာ၊ သမ္မာကျမ်းစာ​က ခရစ်ယာန်​များ​ကို “ကောင်းသော​အမှု​အမျိုးမျိုး​တို့ကို” ပြု​စေရန် အသင့်ရှိ​စေပြီး “ခပ်သိမ်း​သော​သူတို့အား ကျေးဇူး [“ကောင်းမှု၊” က​ဘ] ပြု​ကြ” ရန်​တိုက်တွန်း​ထား​သည်။—၂ တိမောသေ ၃:၁၆၊ ၁၇; ဂလာတိ ၆:၁၀

“ကျွန်မ​တို့​ရဲ့​ညီအစ်ကို​တွေ အဲဒီမှာ​ရှိနေကြတယ်”

၁၉၉၉၊ စက်တင်ဘာ​လ​တွင် မြေငလျင်​အကြီးအကျယ်​လှုပ်​သောကြောင့် ထိုင်ဝမ်​နိုင်ငံ လှုပ်ခါ​သွားခဲ့​၏။ လအနည်းငယ်​အကြာတွင် မိုး​သည်းထန်​စွာ​ရွာသွန်း​ပြီး ဆီးနှင်း​ပြိုကျခြင်း​ကြောင့် ဗင်နီဇွဲလား​နိုင်ငံ​၏​သမိုင်း​တွင် အဆိုးရွားဆုံး​သဘာဝဘေးဒဏ်​တစ်ခု​ဖြစ်ပျက်​ခဲ့​၏။ များ​မကြာမီ​က မိုဇမ်ဘစ်​နိုင်ငံ​တွင် အကြီးအကျယ်​ရေလွှမ်းမိုး​ခဲ့​သောကြောင့် များစွာ​ပျက်စီး​ဆုံးရှုံး​ခဲ့​ရ၏။ ဤ​အဖြစ်အပျက်​သုံးခု​စ​လုံး​တွင် ယေဟောဝါသက်သေ​များသည် ကပ်​သင့်​နေ​သူများ​အတွက် အစာရေစာ၊ ဆေးဝါး၊ အဝတ်​အထည်၊ ယာယီ​တဲ​များနှင့် မီးဖိုဆောင်​အသုံးအဆောင်​များ ထောက်ပံ့​ပေး​ရန် လျင်မြန်​စွာ​ရောက်ရှိ​လာ​ခဲ့​ကြသည်။ ဆေး​ကျွမ်းကျင်​သူ စေတနာ့​ဝန်ထမ်း​များသည် ထိခိုက်​ဒဏ်ရာ​ရသူများကို ကုသ​ပေး​ရန် ယာယီ​သူနာပြု​စခန်း​များ စီစဉ်​လိုက်ကြပြီး အိုးမဲ့အိမ်မဲ့​ဖြစ်နေ​သူများ​အတွက် ဆောက်လုပ်ရေး​စေတနာ့​ဝန်ထမ်း​များ​က အိမ်အသစ်​များ​ဆောက်လုပ်​ပေး​ခဲ့​ကြသည်။

ဘေးသင့်​သူများ​သည် သူတို့​ရရှိခဲ့​သည့် အချိန်မီ​အကူအညီ​ကြောင့် စိတ်အားတက်​ကြွ​ခဲ့​ကြ​၏။ ဗင်နီဇွဲလား​နိုင်ငံ​တွင် ဆီးနှင်း​ပြိုကျခြင်း​ကြောင့် အိမ်ပျက်​စီး​သွားခဲ့​ရသော မာ​လ်​ယို​ရီ​က “ကျွန်မ​တို့ အကြီးအကျယ်​စိတ်ဓာတ်​ကျနေ​တဲ့အချိန်​မှာ ကျွန်မ​တို့​ရဲ့​ညီအစ်ကို​တွေ အဲဒီမှာ​ရှိနေကြတယ်” ဟု​ပြောပြ​သည်။ စေတနာ့​ဝန်ထမ်း​များ​က မာ​လ်​ယို​ရီ​၏​မိသားစု​အတွက် အိမ်အသစ်​တစ်လုံး ဆောက်လုပ်​ပေး​ပြီး​နောက် သူက “ကျွန်မတို့​အတွက် ယေဟောဝါ​ပြု​လုပ်ပေးသမျှကို ကျေးဇူး​တင်​လို့​မဆုံး​နိုင်ဘူး!” ဟူ၍​ပြော​၏။ မိုဇမ်ဘစ်​နိုင်ငံ​မှ ရေလွှမ်းမိုး​ဘေး​ကပ်​သင့်​ခဲ့​သူများ​သည် ဆောက်လုပ်​ပြီး​ခါ​စ အိမ်အသစ်​၏​သော့​များ​ကို ရရှိကြ​သောအခါ အုပ်စု​တစ်စုလုံး​က “ယေဟောဝါ​သည် ငါ​တို့​ခိုလှုံရာ​ဖြစ်၏” * ဟူသော ဘုရားသခင့်​နိုင်ငံတော်​သီချင်းကို ရုတ်တရက်​သီဆို​ကြ​လေ​တော့​သည်။

ဆင်းရဲ​ချို့တဲ့​သူများကို ကူညီ​ပေးခြင်း​သည် စေတနာ့​ဝန်ထမ်း​များ​ကိုလည်း လန်းဆန်း​စေ​၏။ မိုဇမ်ဘစ်​နိုင်ငံ​မှ ခိုလှုံရေး​စခန်း​တစ်ခု​တွင် သူနာပြု​လုပ်ခဲ့​သော မာ​ရ်​စီ​လို​က “အရမ်း​ဆင်းရဲ​နေကြ​တဲ့ ဒီ​ညီအစ်ကို​တွေ​ကို ကူညီပေး​ခွင့်​ရလို့ ကျွန်တော်​တကယ်​ပျော်​တယ်” ဟု​ပြောပြ​သည်။ ထိုင်ဝမ်​နိုင်ငံ​မှ စေတနာ့​ဝန်ထမ်း​ဖြစ်သူ ဝှန်​က “အကူအညီ​လို​နေတဲ့ ညီအစ်ကို​တွေ​အတွက် အစားအသောက်​တွေဝေ​မျှ​ရတာ၊ တဲရှင်​တွေ​ထိုး​ပေး​ရတာ အရမ်းပျော်​စ​ရာ​ကောင်းတယ်။ ယုံကြည်ခြင်းကိုလည်း ပို​ခိုင်ခံ့​စေတယ်” ဟု​ထုတ်ဖော်​ပြော​ခဲ့​သည်။

အကျိုး​ဖြစ်ထွန်း​သည့် စေတနာ့​ဝန်ထမ်း​အစီအစဉ်​တစ်ခု

စေတနာ့​ဝန်ထမ်း​လုပ်ငန်း​သည် ကမ္ဘာ​တစ်ဝန်း​ရှိ ထောင်နှင့်ချီ​သော အကျဉ်းသား​များ​အတွက်​လည်း ဝိညာဉ်​ရေး​လန်းဆန်းမှု ရရှိစေ​ခဲ့ပြီ။ မည်သို့​အားဖြင့်​နည်း။ မကြာသေးမီ​နှစ်များ​က ယေဟောဝါသက်သေ​များသည် အမေရိကန်​ပြည်ထောင်စု​တစ်နိုင်ငံ​တည်း​မှ အကျဉ်းထောင် ၄,၀၀၀ ခန့်​က အကျဉ်းသား ၃၀,၀၀၀ ကျော်​ကို ကျမ်းစာ,စာပေ​များ ဝေငှ​ပေး​ခဲ့​သည်။ ထို့​ပြင် သက်သေခံ​များသည် ဖြစ်​နိုင်​သည့်​အခါတိုင်း အကျဉ်းသား​များနှင့် ကျမ်းစာ​သင်အံမှု​ပြုလုပ်​ရန်၊ ခရစ်ယာန်​အစည်းအဝေး​များ​ကျင်းပ​ပေး​ရန် အကျဉ်းထောင်​များ​သို့ ကိုယ်တိုင်​လည်ပတ်​ကြသည်။ အကျဉ်းသား​များ​အတွက် အကျိုးရှိ​သလော။ ကျမ်းစာ​လေ့လာ​နေကြ​သော အကျဉ်းသား​အချို့​သည် အကျဉ်းသား​ချင်း​များ​အား လန်းဆန်း​စေသော ကျမ်းစာ​သွန်သင်ချက်​များ စတင်​ဟောပြောနေကြ​ပြီ။ ယင်းကြောင့် ကမ္ဘာ​တစ်ဝန်း​ရှိ အကျဉ်းထောင်​များစွာ​တွင် ယခု ယေဟောဝါ​အား အတူတကွ​ဝတ်ပြု​ကိုးကွယ်​ကြ​သူ အကျဉ်းသား​အုပ်စု​များစွာ​ရှိနေပြီ။ ၂၀၀၁ ခုနှစ်​တွင် ယူ.အက်စ်.အေ.၊ အော်​ရီ​ဂွန်​ထောင်​ရှိ အကျဉ်းသား​တစ်ဦး​က “ကျွန်တော်​တို့​အုပ်စု​က တိုးတက်​နေတယ်။ ကျွန်တော်​တို့​ဆီ​မှာ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၇ ယောက်​ရှိပြီး ကျမ်းစာ​သင်အံမှု ၃၈ ခု​ရှိတယ်။ လူထု​ဟောပြောချက်​နဲ့ ကင်းမျှော်စင် သင်တန်းကို ၂၅ ယောက်​ကျော်​တက်ပြီး [ခရစ်တော်​သေခြင်း] သတိရအောက်မေ့ပွဲကို ၃၉ ယောက်​တက်​ခဲ့တယ်။ မကြာခင် နောက်ထပ်​သုံးယောက် နှစ်ခြင်း​ခံ​လိမ့်မယ်” ဟု​ပြောပြ​၏။

အကျိုးကျေးဇူးများ​နှင့် ပျော်ရွှင်မှု​များ

ဤ​စေတနာ့​ဝန်ထမ်း​အစီအစဉ်သည် အကျိုး​ရှိကြောင်း အကျဉ်းထောင်​အရာရှိများ​က သတိပြု​ခဲ့​ကြသည်။ ဤ​အရာရှိများ​ကို စိတ်​စွဲမှတ်စရာ​ဖြစ်စေ​သည်​မှာ ဤ​စေတနာ့​ဝန်ထမ်း​အစီအစဉ်​၏ ကြာရှည်ခံ​အကျိုးကျေးဇူး​ဖြစ်သည်။ သတင်း​တစ်ပုဒ်​က ဤသို့​ဆို​သည်– “ဤ​အစီအစဉ်​စတင်​ခဲ့​သည့် ဆယ်နှစ်​အတွင်း ယေဟောဝါသက်သေ​တစ်ဦး​အနေ​နှင့် ထောင်​ထဲ​တွင် နှစ်ခြင်း​ခံ​ခဲ့​သော ထောင်​ထွက်​တစ်ဦး​တစ်ယောက်မျှ ထောင်​ပြန်​မကျ​တော့​ချေ၊ တခြား​အုပ်စု​များ​မှ အကျဉ်းသား​များ​မူ​ကား ၅၀ မှ ၆၀ ရာခိုင်နှုန်း​အထိ ထောင်​ပြန်​ကျ​ကြ​၏။” စေတနာ့​ဝန်ထမ်း​သက်သေခံ​များ ဆောင်ရွက်​ခဲ့​သော​အကျိုးကျေးဇူးများ​ကို​တွေ့ မြင်ပြီး အို​က်​ဒါ​ဟို​ပြည်နယ်​မှ အကျဉ်းထောင်​ဓမ္မ​ဆရာ​တစ်ဦး​က ယေဟောဝါသက်သေ​များ​၏ ကမ္ဘာ့​ဌာနချုပ်​သို့ ဤ​စာ​တစ်စောင်​ကို ပေး​ပို့​ခဲ့​သည်– “ခင်ဗျား​တို့​ရဲ့​သွန်သင်ချက်​တွေ​ကို ကျွန်တော်​လက်မခံနိုင်​ပေမဲ့ ခင်ဗျား​တို့​အဖွဲ့အစည်း​ကို​တော့ အရမ်း​သဘောကျ​ပါ​တယ်။”

အကျဉ်းသား​များ​ကို ကူညီပေး​ရခြင်း​သည် စေတနာ့​ဝန်ထမ်း​များ​အတွက်​လည်း အကျိုး​ရှိသည်။ ပထမ​ဆုံး​အကြိမ် ဘုရားသခင့်​နိုင်ငံတော်​သီချင်း​တစ်ပုဒ် သီဆို​ကြသော အကျဉ်းသား​အုပ်စု​တစ်စု​နှင့် အစည်းအဝေး​ကျင်းပ​ပြီး​နောက် စေတနာ့​ဝန်ထမ်း​တစ်ဦး​က ဤသို့​စာရေး​အကြောင်းကြား​ခဲ့​၏– “ယေဟောဝါ​ကို​ချီးမွမ်း​တဲ့ သီချင်း​တစ်ပုဒ်​ကို အမျိုးသား ၂၈ ယောက် ပူးပေါင်း​သီဆို​ကြ​တာ​ကို တွေ့ရ​တာ အားရှိစရာကောင်း​တယ်။ အားရပါးရ​သီဆို​ကြတယ်! ဒီလို​အချိန်​အခါမျိုးမှာ ရောက်ရှိ​နေတာ တကယ်​အခွင့်ထူး​တစ်ခု​ပါ​ပဲ!” အ​ရီ​ဇိုး​နား​အကျဉ်းထောင်​များ​သို့ လည်ပတ်​အားပေးခဲ့​သော စေတနာ့​ဝန်ထမ်း​တစ်ဦး​က ဤသို့​ပြောပြ​သည်– “ဒီ​အထူး​လုပ်ငန်းမှာ ပါဝင်ခွင့်​ရတာ ကောင်းချီး​တစ်ခု​ပါ!”

ကမ္ဘာ​တစ်ဝန်း​ရှိ စေတနာ့​ဝန်ထမ်း​သက်သေခံ​များသည် “အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အရာ​ထက် စွန့်ကြဲ​ခြင်း​အရာ​သည် သာ၍​မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] သည်” ဟု​မိန့်ဆိုခဲ့​သော ယေရှု​နှင့် ထပ်တူ​ထပ်​မျှ​သဘောတူ​ကြ​၏။ (တမန်​တော် ၂၀:၃၅) ခပ်သိမ်း​သော​သူတို့အား ကောင်းမှု​ပြု​ရန် ကျမ်းစာ​၏​ဆုံးမ​စကား​ကို လိုက်နာခြင်း​သည် အမှန်တကယ်​ပင် လန်းဆန်း​စေ​သည်​ဟူ၍လည်း သူတို့​ထောက်ခံ​ပြောဆို​ကြ​၏။—သု. ၁၁:၂၅

[အောက်ခြေ​မှတ်]

^ အပိုဒ်၊ 7 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သော ယေဟောဝါ​အား ချီးမွမ်း​ကျူးဧခြင်း စာအုပ်​မှ သီချင်း​နံပါတ် ၈၅ ကို​ရှု။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဗင်နီဇွဲလား

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ထိုင်ဝမ်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

မိုဇမ်ဘစ်