မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ

ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ

ခရစ်ယာန်​များသည် ဝိညာဉ်​နှင့် အမှန်တရားဖြင့် ဝတ်ပြု​ကိုးကွယ်​ကြ

“ဘုရားသခင်​သည် . . . ဝိညာဉ်​ဖြစ်​တော်​မူ​၏။ ဘုရားသခင်​ကို ကိုးကွယ်​သော​သူတို့သည်၊ . . . ဝိညာဉ်​နှင့်​လည်းကောင်း၊ [“အမှန်တရား၊” က​ဘ] နှင့်​လည်းကောင်း ကိုးကွယ်​ရမည်။”—ယောဟန် ၄:၂၄

၁။ ဘုရားသခင်​သည် အဘယ်​ဝတ်ပြု​ကိုးကွယ်​မှု​မျိုးကို နှစ်သက်​တော်​မူ​သနည်း။

ယေဟောဝါ​၏ တစ်ပါး​တည်း​သော​သားတော် ယေရှု​ခရစ်​သည် မိမိ၏​ကောင်းကင်​ခမည်းတော်​နှစ်သက်​သည့် ဝတ်ပြု​ကိုးကွယ်​မှု​အကြောင်း အထင်အရှား​ဖော်ပြ​ခဲ့​သည်။ ရှုခါ​မြို့အနီး​ရှိ​ရေတွင်း၌ ရှမာရိ​အမျိုးသမီး​တစ်ဦး​ကို လှိုက်လှဲ​စွာ​သက်သေခံ​နေစဉ် ယေရှု​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်တို့သည် ကိုယ်​မသိသော​အရာ​ကို ကိုးကွယ်​ကြ​၏။ ငါ​တို့သည် ကိုယ်​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ အကြောင်း​မူ​ကား၊ ယုဒ​လူ​တို့​၌ ကယ်တင်ခြင်း​အကြောင်း​ရှိ၏။ ကိုးကွယ်​သော​သူ​မှန်သမျှ​တို့သည် ခမည်းတော်​ကို . . . ဝိညာဉ်​နှင့်​လည်းကောင်း၊ [အမှန်] တရား​နှင့်​လည်းကောင်း ကိုးကွယ်​ရမည့်​အချိန်ကာလ​သည်​ရောက်​လာ၍ ယခု​ပင်​ရောက်​လျက်​ရှိ၏။ အကြောင်း​မူ​ကား၊ ထိုသို့​ကိုးကွယ်​သော​သူတို့ကို ခမည်းတော်​သည် အလိုရှိ​တော်​မူ​၏။ ဘုရားသခင်​သည် . . . ဝိညာဉ်​ဖြစ်​တော်​မူ​၏။ ဘုရားသခင်​ကို ကိုးကွယ်​သော​သူတို့သည်၊ . . . ဝိညာဉ်​နှင့်​လည်းကောင်း၊ [အမှန်တရား] နှင့်​လည်းကောင်း ကိုးကွယ်​ရမည်။” (ယောဟန် ၄:၂၂-၂၄) ထိုစကား​များ​ကို မည်သို့​နားလည်​ရမည်​နည်း။

၂။ ရှမာရိ​လူမျိုး​သည် သူတို့၏​ဝတ်ပြု​ကိုးကွယ်​မှု​ကို အဘယ်အရာ​အပေါ် အခြေပြု​ခဲ့​ကြ​သနည်း။

ရှမာရိ​လူမျိုး၏ ဘာသာရေး​ရှုမြင်ပုံသည် မှား​နေ​၏။ သူတို့သည် သမ္မာကျမ်းစာ​၏ ပထမ​ကျမ်း​ငါး​ကျမ်း​ကို​သာ မှုတ်သွင်းခံကျမ်း​များ​အဖြစ် လက်ခံ​ကြ​ပြီး ၎င်း​ကျမ်း​များသည် သူတို့​တည်းဖြတ်​ထား​သည့် ရှမာရိ​ပဲ​န်​တ​ကျွတ်​ဟု​ခေါ်​သော ကျမ်း​အတိုင်း​ဖြစ်သည်။ ရှမာရိ​လူမျိုး​သည် ဘုရားသခင်​ကို အမှန်တကယ်​မသိကြ​ချေ၊ ဂျူး​လူမျိုး​မူ​ကား ကျမ်းစာ​အသိပညာ ပေးအပ်​ခံ​ခဲ့​ရသည်။ (ရောမ ၃:၁၊ ၂) တည်ကြည်သော​ဂျူး​များနှင့် အခြားသူ​တို့သည် ယေဟောဝါ​၏​စိတ်တော်နှင့် တွေ့​နိုင်​ကြ​၏။ ထိုသို့​စိတ်တော်​တွေ့​နိုင်​ဖို့ သူတို့​အဘယ်အရာ​ပြု​ဖို့​လို​မည်​နည်း။

၃။ ဘုရားသခင်​အား ‘ဝိညာဉ်​နှင့် အမှန်တရားဖြင့်’ ဝတ်ပြု​ကိုးကွယ်​ရန် အဘယ်အရာ​လို​သနည်း။

ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့​ဖို့ ဂျူး​များ၊ ရှမာရိ​များနှင့် အတိတ်​မှ အခြားသူ​တို့သည် အဘယ်အရာ​ပြုလုပ်​ခဲ့​ကြ​သနည်း။ သူတို့သည် ကိုယ်တော်​အား ‘ဝိညာဉ်​နှင့် အမှန်တရားဖြင့်’ ကိုးကွယ်​ခဲ့​ကြ​ရ၏။ ကျွန်ုပ်​တို့​လည်း ထိုသို့​ပြု​ကြ​ရမည်။ ဘုရားသခင်​၏​အမှုတော်ကို အား​ကြီးသော​မေတ္တာ၊ ယုံကြည်ခြင်း​အပြည့်​ရှိသော​နှလုံး​၏ လှုံ့ဆော်ပေး​မှု​ဖြင့် စိတ်အား​ထက်သန်​စွာ ထမ်းဆောင်​ကြ​ရမည်​ဖြစ်သော်လည်း ဘုရားသခင်​အား ဝိညာဉ်​ဖြင့်​ကိုးကွယ်​ရာ​တွင် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို​ရရှိ​ပြီး ၎င်း​၏​လမ်းညွှန်မှုကို​ခံယူ​ဖို့ အထူး​လိုအပ်​သည်။ သမ္မာကျမ်းစာ​ကို ဖတ်ရှု​လေ့လာ ကျင့်သုံး​ခြင်း​အားဖြင့် ကျွန်ုပ်​တို့၏​ဝိညာဉ် သို့​မဟုတ် စိတ်​နေ​စိတ်ထား​သည် ကိုယ်တော်​၏​ဝိညာဉ်​တော်​နှင့်​အညီ ဖြစ်​ရ​ပေမည်။ (၁ ကောရိန္သု ၂:၈-၁၂) ထို့​အပြင် ကျွန်ုပ်​တို့၏​ဝတ်ပြု​ကိုးကွယ်​မှု​ကို ယေဟောဝါ​လက်ခံနိုင်ဖို့ အမှန်တရားအတိုင်း​ဖြစ်​ရမည်။ ကိုယ်တော့်​အကြောင်း​နှင့် ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များ​အကြောင်း ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ ဖော်ပြ​ထား​သည့်​အတိုင်း ဖြစ်​ရမည်။

အမှန်တရားကို တွေ့ရှိ​နိုင်

၄။ အမှန်တရားကို အချို့​မည်သို့​ရှုမြင်ကြ​သနည်း။

ဒဿနိက​ဗေဒ လေ့လာသူ​အချို့​က အကြွင်းမဲ့​အမှန်တရားကို လူ​တို့​လက်လှမ်းမမီ​နိုင်​ဟု သဘော​ပိုက်​ထား​ကြသည်။ ဆွီဒင်​စာရေး​ဆရာ အာ့ဖ်အားလ်ဘာဂ်​က ဤသို့​ရေးသားခဲ့​သည်– “ဒဿနိက​ပညာရပ်​ဆိုင်ရာ မေးခွန်းများ​အတွက် အဖြေ​အတိအကျ​မရှိ​နိုင်။” အချို့​က အခြေအနေ​အလိုက် နှိုင်း​ရ​အမှန်တရား​သာ​ရှိသည်​ဟု ဆို​ကြသော်လည်း တကယ်​မှန်​ပါသလော။ ယေရှု​ခရစ်​၏​စကား​အရ ထိုသို့​မဟုတ်ပါ။

၅။ ယေရှုသည် ဤ​လောက​သို့ အဘယ်ကြောင့်​ကြွလာ​ခဲ့​သနည်း။

အောက်ပါ​မြင်ကွင်း​ကို မြင်ယောင်​ကြည့်​ကြပါစို့– စီ.အီး. ၃၃ ခုနှစ်​အစောပိုင်း​ဖြစ်သည်၊ ယေရှုသည် ရောမမြို့​ဝန်​ပုန္တိပိလတ်​ရှေ့ ရပ်နေ​၏။ ပိလတ်​ကို ယေရှု​ဤသို့​မိန့်ဆို​လေ​သည်– “[အမှန်] တရား​ဘက်၌​သက်သေခံခြင်း​ငှာ ငါသည် မွေးဖွားခြင်း​ကို​ခံ​၍ ဤ​လောက​သို့​ကြွလာ​ပြီ။” ပိလတ်​က “[အမှန်] တရား​ကား​အဘယ်နည်း” ဟု​မေး​၏။ သို့သော် ယေရှု၏​ဖြေရှင်းချက်​ကို သူ​မ​စောင့်​ခဲ့​ချေ။—ယောဟန် ၁၈:၃၆-၃၈

၆။ (က) ‘အမှန်တရား’ ကို မည်သို့​အဓိပ္ပာယ်​ဖွင့်ဆို​ခဲ့ပြီ​နည်း။ (ခ) ယေရှုသည် နောက်တော်လိုက်​များ​ကို အဘယ်​တာဝန်​ပေး​ခဲ့​သနည်း။

‘အမှန်တရား’ ကို “တကယ့်​အရာ၊ ဖြစ်ရပ်မှန်​နှင့် အချက်အလက် အလုံးအရင်း” ဟု​အဓိပ္ပာယ်​ဖွင့်​ထား​သည်။ (ဝက်​ဘ်​စ​တား​၏ နဝမ​အကြိမ်မြောက် အဘိဓာန်​သစ်) သို့သော် ယေရှုသည် အမှန်တရားကို အကြမ်းဖျင်း​သာ သက်သေခံ​ခဲ့​ပါသလော။ မဟုတ်ပါ။ ကိုယ်တော်​သည် အမှန်တရားကို သတ်သတ်မှတ်မှတ်​တင်ပြ​ခဲ့​သည်။ ဤ​အမှန်တရားကို ကြေညာ​ရန် နောက်တော်လိုက်​များ​အား ကိုယ်တော်​တာဝန်​ပေး​ခဲ့​သည်၊ အကြောင်း​မူ​ကား သူတို့ကို ကိုယ်တော် ဤသို့​မိန့်မှာ​ခဲ့​သောကြောင့်​ဖြစ်သည်– “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ [နှစ်ခြင်း] ပေး​ကြလော့။ ငါသည် သင်တို့အား​ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ . . . ပေး​ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ဤ​စနစ်​ဆုံးခန်း မတိုင်မီ ယေရှု၏​နောက်တော်လိုက် အစစ်အမှန်များ​သည် “မှန်သော​ဧဝံဂေလိတရား [“သတင်းကောင်း”၊ က​ဘ]” ကို​ကမ္ဘာ​တစ်ဝန်း ကြေညာ​ကြ​ပါ​လိမ့်​မည်။ (ဂလာတိ ၂:၁၄) ယေရှု၏​ဤ​စကား​များ ပြည့်စုံ​သည့်​အနေ​နှင့် ထိုသို့​ပြုလုပ်​ကြလိမ့်မည်– “လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို လော[က]နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ​အဆုံး​သည်​ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) ထို့​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ဟောပြောခြင်း​အားဖြင့် လူမျိုးအပေါင်း​အား အမှန်တရား သွန်သင်ပေး​နေသူတို့​အား ခွဲခြား​သိမြင်ဖို့ အရေးကြီး​သည်။

အမှန်တရားကို သင်ယူ​နိုင်​ပုံ

၇။ ယေဟောဝါ​သည် အမှန်တရား​၏​ရင်းမြစ်​ဖြစ်​ကြောင်း သင်​မည်သို့​သက်သေထူ​မည်​နည်း။

ယေဟောဝါ​သည် ဝိညာဉ်​ရေး​အမှန်တရား​၏ ရင်းမြစ်​ဖြစ်​တော်​မူ​၏။ ဆာလံဆရာ​က ယေဟောဝါ​အား “[အမှန်] တရား​၏​ဘုရားသခင်” ဟု​ခေါ်ဆို​ခဲ့​သည်။ (ဆာလံ ၃၁:၅က​ဘ; ၄၃:၃) ခမည်းတော်​၏​နှုတ်မြွက်​စကားတော်​သည် အမှန်တရား​ဖြစ်​ကြောင်း ယေရှု​အသိအမှတ်ပြု​ခဲ့​ပြီး ဤသို့​လည်း​ကြေညာ​သည်– “အနာဂတ္တိ​ကျမ်းစာ​၌​လာ​သည်​ကား၊ ‘ထို​သူအပေါင်း​တို့သည် ဘုရားသခင်​ဆုံးမ​သွန်သင်​တော်​မူ​သော​သူ ဖြစ်​ကြလိမ့်မည်’ ဟု လာ​သည်​နှင့်​အညီ၊ ခမည်းတော်​ထံ​၌​နားထောင်​၍ နည်းခံ​သော​သူ​မှန်သမျှ​တို့သည် ငါ့​ထံ​သို့​လာ​ကြ​၏။” (ယောဟန် ၆:၄၅; ၁၇:၁၇; ဟေရှာယ ၅၄:၁၃) သို့​ဖြစ်၍ အမှန်တရား​ရှာဖွေ​နေသူတို့​သည် မဟာသွန်သင်ရှင်၊ ယေဟောဝါ​၏​သွန်သင်ခြင်း ခံရ​မည်​မှာ ထင်ရှား​၏။ (ဟေရှာယ ၃၀:၂၀၊ ၂၁) အမှန်တရား​ရှာဖွေသူ​များသည် “ဘုရားသခင်​ကို​သိ​သော​ဉာဏ်” ရှိဖို့လို​သည်။ (သု. ၂:၅) ယေဟောဝါ​က​လည်း အမှန်တရားကို နည်း​မျိုးစုံ​ဖြင့် မေတ္တာ​ရှိ​ရှိ သွန်သင် သို့​မဟုတ် ကြားသိ​စေတော်မူ​ပြီ။

၈။ ဘုရားသခင်​သည် အမှန်တရားကို အဘယ်​နည်းများဖြင့် သွန်သင်ပေး​၍ ကြားသိ​စေ​ခဲ့​သနည်း။

ဥပမာ၊ ဘုရားသခင်​သည် ကောင်းကင်တမန်​များ​အားဖြင့် ဣသရေလ​လူမျိုး​ကို ပညတ်တရား​ပေး​ခဲ့​သည်။ (ဂလာတိ ၃:၁၉) အိပ်မက်များ​အားဖြင့် ဘိုးဘေး​အာဗြဟံ​နှင့် ယာကုပ်တို့​ကို ကောင်းချီး​များ​ပေး​မည်​ဟု ကိုယ်တော်​ကတိပြု​ခဲ့​သည်။ (ကမ္ဘာဦး ၁၅:၁၂-၁၆; ၂၈:၁၀-၁၉) ကောင်းကင်​မှ​ပင် ဘုရားသခင်​မိန့်မြွက်​တော်​မူ​ခဲ့​၏၊ ယေရှုနှစ်ခြင်း​ခံ​စဉ်​တွင် “ဤ​သူ​ကား ငါ​နှစ်သက်​မြတ်နိုးရာ၊ ငါ​၏​ချစ်​သား​ပေ​တည်း” ဟု​စိတ်​လှုပ်ရှား​ဖွယ်​စကား​များ​ကို မြေကြီးပေါ်​၌​ကြား​ခဲ့​ရသည်။ (မဿဲ ၃:၁၇) ဘုရားသခင်​သည် ကျမ်း​ရေးသူ​များ​ကို ဝိညာဉ်​တော်​မှုတ်သွင်းခြင်း​အားဖြင့် အမှန်တရားကို သိရှိ​စေ​ခဲ့​သည့်​အတွက်​လည်း ကျွန်ုပ်​တို့​ကျေးဇူး​တင်စရာ​ပင်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကျွန်ုပ်​တို့​သင်ယူခြင်း​အားဖြင့် “[အမှန်]တရားကို​ယုံကြည်” နိုင်​ကြသည်။—၂ သက်သာလောနိတ် ၂:၁၃

အမှန်တရား​နှင့် ဘုရားသခင့်​သားတော်

၉။ ဘုရားသခင်​သည် အမှန်တရားကို​လှစ်ဟ​ဖော်ပြ​ရန် မိမိ၏​သားတော်ကို မည်သို့​အသုံးပြု​ခဲ့​သနည်း။

ဘုရားသခင်​သည် လူသားတို့အား အမှန်တရား​ဖော်ပြ​ရန် သားတော်​ယေရှု​ခရစ်​ကို အထူးသဖြင့်​အသုံးပြု​ခဲ့ပြီ။ (ဟေဗြဲ ၁:၁-၃) စင်စစ်​အားဖြင့် ယေရှုသည် အဘယ်​လူသား​တစ်ဦးမျှ မ​ဟောခဲ့​ဖူး​သည့်​နည်းဖြင့် အမှန်တရားကို​ဟောပြောခဲ့​သည်။ (ယောဟန် ၇:၄၆) ကောင်းကင်​သို့ ကိုယ်တော်​တက်ကြွ​ပြီး​နောက်​၌​ပင် ခမည်းတော်​ထံ​မှ အမှန်တရားကို ကိုယ်တော်​ဖော်ပြ​ခဲ့​သည်။ သာဓက​အနေ​နှင့် “ကာလ​မကြာမမြင့်မီ ဖြစ်​ရမည့်​အမှုအရာ​များ​ကို ယေရှု​ခရစ်​သည် မိမိ​အစေခံကျွန်​တို့အား ပြ​စေခြင်း​ငှာ၊ ဘုရားသခင်​အပ်ပေး​တော်​မူ​သော . . . [အဆင်းအာရုံ]” ကို တမန်​တော်​ယောဟန်​ရရှိခဲ့သည်။—ဗျာဒိတ် ၁:၁-၃

၁၀၊ ၁၁။ (က) ယေရှု​သက်သေခံ​ခဲ့​သော အမှန်တရားသည် အဘယ်အရာ​နှင့် ဆက်နွှယ်​သနည်း။ (ခ) ယေရှုသည် အမှန်တရားကို မည်သို့​အစစ်အမှန်​ဖြစ်လာ​စေ​ခဲ့​သနည်း။

၁၀ ယေရှု​က မိမိသည် အမှန်တရားကို​သက်သေခံဖို့ မြေကြီးပေါ်​သို့​ကြွလာ​ကြောင်း ပုန္တိပိလတ်​အား​ပြော​ခဲ့​သည်။ ယေရှု ဓမ္မ​အမှုဆောင်ချိန်​အတွင်း ကိုယ်တော်​က ၎င်း​အမှန်တရားသည် ဘုရင်​အဖြစ် ခရစ်တော်​အုပ်စိုး​သော ဘုရားသခင့်​နိုင်ငံတော်​အားဖြင့် ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​အပေါ် သံသယ​ကင်းရှင်း​စေခြင်း​နှင့် ဆက်နွှယ်​ကြောင်း ဖော်ပြ​ခဲ့​သည်။ သို့သော် အမှန်တရားကို​သက်သေခံဖို့ ဟောပြော​သွန်သင်ခြင်း​ထက်မက ယေရှု​ပြု​ခဲ့​ရသည်။ ယေရှုသည် ထို​အမှန်တရားကို​ပြည့်စုံစေခြင်း​အားဖြင့် ယင်းကို အစစ်အမှန်​ဖြစ်စေ​ခဲ့​သည်။ ယင်းကြောင့် တမန်​တော်​ပေါလု​ဤသို့​ရေးသားခဲ့​၏– “စားသောက်ခြင်း​အမှု၊  ပွဲနေ့၊  လဆန်းနေ့၊  ဥပုသ်​နေ့​တို့ကို​စောင့်​ခြင်း​အမှု​တွင် သင်တို့ကို အဘယ်သူမျှ​မစစ်ကြော​မစီရင်​စေ​နှင့်။ ထို​အရာ​တို့သည် နောက်​ဖြစ်လတ္တံ့​သော​အရာ​တို့၏ အရိပ်​ဖြစ်​ကြ​၏။ ကိုယ်​မူ​ကား ခရစ်တော်​၏​ကိုယ်​ဖြစ်၏။”—ကောလောသဲ ၂:၁၆၊ ၁၇

၁၁ အမှန်တရားသည် အစစ်အမှန်​ဖြစ်လာ​သော​နည်း​တစ်နည်း​မှာ ဗက်လင်မြို့​၌ ယေရှု​မွေးဖွား​ခဲ့​ခြင်း​ဖြင့်​ဖြစ်သည်။ (မိက္ခာ ၅:၂; လုကာ ၂:၄-၁၁) ၆၉ ‘သီတင်းနှစ်’ အကုန်ပိုင်း​တွင် မေရှိယ​ပေါ်လာ​မည်​ဟူသော ဒံယေလ​၏​ပရောဖက်ပြု​စကား​များ ပြည့်စုံ​လာ၍​လည်း အမှန်တရားသည် အစစ်အမှန်​ဖြစ်လာ​ခဲ့​သည်။ ကြို​ဟောထား​သည့်​အတိုင်း စီ.အီး. ၂၉ ခု​တွင် ယေရှုသည် ဘုရားသခင်​ထံ မိမိကိုယ်ကို​ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​၍ သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ခန့်အပ်​ခံရသော​အခါ ၎င်း​ပရောဖက်ပြုချက် ပြည့်စုံ​ခဲ့​သည်။ (ဒံယေလ ၉:၂၅; လုကာ ၃:၁၊ ၂၁၊ ၂၂) ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ​တစ်ဦး​အဖြစ် အလင်း​ပေး​သော ယေရှု၏​ဓမ္မ​အမှုဆောင်ခြင်း​အားဖြင့်လည်း အမှန်တရားသည် အစစ်အမှန်​ဖြစ်လာ​ပြန်​သည်။ (ဟေရှာယ ၉:၁၊ ၂၊ ၆၊ ၇; ၆၁:၁၊ ၂; မဿဲ ၄:၁၃-၁၇; လုကာ ၄:၁၈-၂၁) ကိုယ်တော်​၏​သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း​အားဖြင့်လည်း အစစ်အမှန်​ဖြစ်လာ​ခဲ့​သည်။—ဆာလံ ၁၆:၈-၁၁; ဟေရှာယ ၅၃:၅၊ ၈၊ ၁၁၊ ၁၂; မဿဲ ၂၀:၂၈; ယောဟန် ၁:၂၉; တမန်​တော် ၂:၂၅-၃၁

၁၂။ ယေရှု​က ‘ငါသည် အမှန်တရား​ဖြစ်၏’ ဟု​အဘယ်ကြောင့်​ဆိုနိုင်​ခဲ့​သနည်း။

၁၂ အမှန်တရားသည် ယေရှု​ခရစ်​၌ ဗဟို​ပြုသော​ကြောင့် “ငါသည်​လမ်းခရီး​ဖြစ်၏။ [အမှန်] တရား​လည်း​ဖြစ်၏။ အသက်လည်း​ဖြစ်၏။ ငါ့ကို​အ​မှီ​မပြုလျှင် အဘယ်သူမျှ​ခမည်းတော်​ထံ​သို့​မရောက်ရ” ဟု​ကိုယ်တော်​မိန့်ဆို​နိုင်​ခဲ့​သည်။ (ယောဟန် ၁၄:၆) ဘုရားသခင့်​ရည်ရွယ်ချက်တွင် ယေရှု၏​အခန်းကဏ္ဍကို လူ​တို့​အသိအမှတ်​ပြုခြင်း​အားဖြင့် မိမိတို့​ကိုယ်ကို “[အမှန်] တရား​နှင့်​စပ်ဆိုင်” စေသော​အခါ သူတို့သည် ဝိညာဉ်​ရေး​အရ လွှတ်​ခြင်း​ခံရ​ကြသည်။ (ယောဟန် ၈:၃၂-၃၆; ၁၈:၃၇) သိုး​ကဲ့သို့​သော​သူများ​သည် အမှန်တရားကို​လက်ခံ​၍ ယုံကြည်ခြင်းဖြင့် ခရစ်တော်​နောက်လိုက်​ကြသော​ကြောင့် ထာဝရ​အသက်​ရ​ကြလိမ့်မည်။—ယောဟန် ၁၀:၂၄-၂၈

၁၃။ ကျမ်းစာ​ဆိုင်ရာ အမှန်တရား​နှင့်​စပ်လျဉ်း၍ အဘယ်​ကဏ္ဍ​သုံးရပ်​ကို ကျွန်ုပ်​တို့​ဆန်းစစ်​ကြည့်​ကြ​မည်​နည်း။

၁၃ ယေရှု​နှင့် ကိုယ်တော်​၏​ထက်သန်​သော​နောက်တော်လိုက်​များ ဟောပြော​တင်ပြ​ခဲ့​သည့် အမှန်တရား​အစုအဝေး​သည် ခရစ်ယာန်​ယုံကြည်ခြင်း​အစစ်အမှန်​ဖြစ်သည်။ သို့ဖြင့် “ယုံကြည်ခြင်း​တရားတော်​ကို လိုက်နာ​ကြ” သူတို့သည် ‘အမှန်တရား၌​လျှောက်လှမ်း’ ကြ​၏။ (တမန်​တော် ၆:၇ သမ္မာ; ၃ ယောဟန် ၃၊ ၄) သို့​ဖြစ်၍ ယနေ့ မည်သူ​တို့သည် အမှန်တရားအတိုင်း လျှောက်လှမ်း​ကြ​သနည်း။ လူမျိုးအပေါင်း​အား အမှန်တရားကို မည်သူ​တို့​အမှန်တကယ် သွန်သင်ပေး​နေကြ​သနည်း။ ဤ​မေးခွန်းများကို​ဖြေဆို​ရာ​တွင် အစောပိုင်း​ခရစ်ယာန်​များ​ကို အာရုံစိုက်​၍ (၁) ယုံကြည်ချက်များ၊ (၂) ဝတ်ပြု​ကိုးကွယ်​ပုံ (၃) ကိုယ်ပိုင်​အမူအကျင့်​တို့​နှင့် ပတ်သက်ပြီး ကျမ်းစာ​က​အမှန်အတိုင်း​မည်သို့​ဖော်ပြ​ကြောင်း ကျွန်ုပ်​တို့​ဆန်းစစ်​ကြည့်​ကြ​မည်။

အမှန်တရား​နှင့် ယုံကြည်ချက်များ

၁၄၊ ၁၅။ သမ္မာကျမ်းစာ​နှင့်​ပတ်သက်သော အစောပိုင်း​ခရစ်ယာန်​များနှင့် ယေဟောဝါသက်သေ​များ​၏​သဘောထားကို သင်​အဘယ်​သို့​ဆို​မည်​နည်း။

၁၄ အစောပိုင်း​ခရစ်ယာန်​များသည် ယေဟောဝါ​၏​မှတ်တမ်း​တင်ထားသော နှုတ်မြွက်​စကားတော်​ကို အထူး​ကြည်ညို​လေးစား​ခဲ့​ကြသည်။ (ယောဟန် ၁၇:၁၇) သူတို့၏​ယုံကြည်ချက်များ၊ အမူအကျင့်များ​နှင့်​ပတ်သက်​၍ ၎င်းကို သူတို့​စံ​ထားခဲ့​ကြသည်။ ဒုတိယ​နှင့် တတိယ​ရာစုနှစ်များ​တွင် အလက်ဇန္ဒြီးယား​မြို့သား​ဖြစ်သူ က​လဲ​မ​င့်​က​ဤသို့​ဆို​ခဲ့​သည်– “အမှန်တရားကို စူးစမ်း​ရှာဖွေ​ရာ​တွင် အထူး​မြတ်​ဆုံး၊ အကောင်းဆုံး​ကို​ရရှိရန် ကြိုးစား​အားထုတ်​သူများ​သည် သူတို့၏​ယုံကြည်ချက်များ​အတွက် ကျမ်းစာ​အထောက်အထား​မရ​မချင်း ကျေနပ်​မည်​မဟုတ်​ချေ။”

၁၅ ယေဟောဝါသက်သေ​များသည်​လည်း အစောပိုင်း​ခရစ်ယာန်​များ​ကဲ့သို့ သမ္မာကျမ်းစာ​ကို အလွန်​ကြည်ညို​လေးမြတ်​ကြသည်။ “ကျမ်းစာ​ရှိသမျှသည် ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်၍ . . . သွန်သင်ခြင်း​ကျေးဇူးများ​ကို ပြု​တတ်” ကြောင်း သူတို့​ယုံကြည်​ကြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) သို့​ဖြစ်၍ သမ္မာကျမ်းစာ​ကို အဓိက​ပြဋ္ဌာန်း​စာအုပ်​အဖြစ် အသုံးပြု​ကြသော​ကြောင့် ယေဟောဝါ​၏ မျက်မှောက်ခေတ်​ကျေးကျွန်​များ သိရှိ​လာ​ကြ​သည့် အစောပိုင်း​ခရစ်ယာန်​များ​၏ ယုံကြည်ချက်​အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

စိုးလ်​နှင့်​ပတ်သက်သော​အမှန်တရား

၁၆။ စိုးလ်​နှင့်​ပတ်သက်သော​အမှန်တရား​ကား အဘယ်နည်း။

၁၆ ကနဦး​ခရစ်ယာန်​များသည် ကျမ်းစာ​မိန့်ဆို​ရာ​ကို ယုံကြည်​ကြသော​ကြောင့် စိုးလ်​နှင့်​ပတ်သက်သော​အမှန်တရားကို သွန်သင်​ပေး​ခဲ့​ကြ​၏။ ဘုရားသခင်​သည် လူကို​ဖန်ဆင်း​သောအခါ “လူသည် အသက်ရှင်​သော​သတ္တဝါ [“စိုးလ်၊” က​ဘ] ဖြစ်” လာ​ကြောင်း သူတို့​သိ​ကြသည်။ (ကမ္ဘာဦး ၂:၇) ထို့​အပြင် လူ့​စိုးလ် သေ​သည်ကို သူတို့ အသိအမှတ်ပြု​ခဲ့​ကြသည်။ (ယေဇကျေလ ၁၈:၄; ယာကုပ် ၅:၂၀) “သေ​သော​သူ​မူ​ကား အဘယ်အရာကို​မျှ​မသိ” ကြောင်းကို​လည်း သူတို့​သိခဲ့​ကြသည်။—ဒေ. ၉:၅၊ ၁၀

၁၇။ သေလွန်သူ​အတွက် မျှော်လင့်ချက်ကို သင်​မည်သို့​ရှင်းပြ​မည်​နည်း။

၁၇ ယေရှု၏ အစောပိုင်း​နောက်တော်လိုက်​များ​က ဘုရားသခင့်​မှတ်ဉာဏ်​၌​ရှိသော သေလွန်သူ​များသည် ရှင်ပြန်ထမြောက်​လာ​ကြ​မည်၊ သို့​မဟုတ် အသက်ပြန်ရှင်​လာ​ကြ​မည်​ဟု ယုံကြည်​မျှော်လင့်​ကြသည်။ ထို​ယုံကြည်ချက်ကို ပေါလု​ဤသို့​အထင်အရှား​ဖော်ပြ​ခဲ့​သည်– “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်​ဟူ၍၊ သူတို့​မျှော်လင့်​သည်​နည်းတူ၊ အကျွန်ုပ်​လည်း ဘုရားသခင်​ကို​အမှီပြု၍ မျှော်လင့်​ပါ​၏။” (တမန်​တော် ၂၄:၁၅) နောက်ပိုင်း​တွင် ခရစ်ယာန်​အမည်ခံ မီ​နူး​ကီးယပ်စ်ဖီး​လ​စ္စ​က ဤသို့​ရေးသားခဲ့​သည်– “အစအဦး​၌ ဘုရားသခင်​ပုံစံ​ပြု ဖန်ဆင်း​ခဲ့​သော လူကို အသစ်တစ်ဖန် ပြန်၍​မပြု​လုပ်နိုင်​ဟု အသိဉာဏ်​ကင်းမဲ့​စွာ မည်သူ​အခိုင်အမာ​ပြော​ဝံ့​သနည်း။” ကနဦး​ခရစ်ယာန်​များ​နည်းတူ ယေဟောဝါသက်သေ​များသည် လူ့​စိုးလ်၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း​တို့​နှင့်​ပတ်သက်​၍ ကျမ်းစာ​အမှန်တရားကို အခိုင်အမာ​စွဲကိုင်​ထား​ကြသည်။ ဘုရားသခင်​နှင့် ခရစ်တော် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ယခု​သုံးသပ်ကြည့်​ကြ​စို့။

အမှန်တရား​နှင့် သုံးပါး​ပေါင်း​တစ်ဆူ

၁၈၊ ၁၉။ သုံးပါး​ပေါင်း​တစ်ဆူ​သည် ကျမ်းစာ​သွန်သင်ချက်​မဟုတ်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၁၈ ကနဦး​ခရစ်ယာန်​များသည် ဘုရားသခင်၊ ခရစ်တော်​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​တို့ကို သုံးပါး​ပေါင်း​တစ်ဆူ​အဖြစ် မယူမှတ်​ခဲ့​ကြ​ချေ။ ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း​က ဤသို့​ဆို​သည်– “သုံးပါး​ပေါင်း​တစ်ဆူ​ဟူသော စကားလုံး​ကို​ဖြစ်စေ၊ တိကျ​ပြတ်သား​သော ထို​အယူဝါဒ​ကို​ဖြစ်စေ ဓမ္မသစ်​ကျမ်း​တွင် မ​တွေ့ရ​ပါ၊ ယေရှု​နှင့် နောက်တော်လိုက်​များသည်​လည်း ‘အို​ဣသရေလ​အမျိုး၊ နားထောင်​လော့။ ငါ​တို့၏​ဘုရားသခင် ထာဝရ​ဘုရား​သည် တစ်ဆူတည်း​သော​ထာဝရ​ဘုရား​ဖြစ်​တော်​မူ​၏’ (တရား. ၆:၄) ဟူသော ဓမ္မဟောင်း​ကျမ်း​ပါ ရှီ​မာ [ဟေဗြဲ​ဆုတောင်းချက်] ကို​ဖီဆန်​ဖို့ မကြံရွယ်​ကြ​ပါ။” ခရစ်ယာန်​များသည် ရောမတို့​၏ သုံးပါး​ပေါင်း​တစ်ဆူ​ဘုရား​ကို​ဖြစ်စေ၊ အခြား​ဘုရား​များ​ကို​ဖြစ်စေ မကိုးကွယ်​ခဲ့​ကြ​ချေ။ ယေဟောဝါ​တစ်ပါး​တည်း​ကို​သာ ဝတ်ပြု​ကိုးကွယ်​ရမည်​ဟူသော ယေရှု၏​မိန့်ဆိုချက်​ကို သူတို့​လက်ခံခဲ့​ကြသည်။ (မဿဲ ၄:၁၀) ထို့​ပြင် “ငါ့​ခမည်းတော်​သည် ငါ့​ထက်​သာ၍​ကြီးမြတ်တော်​မူ​၏” ဟူသော ခရစ်တော်​၏​စကား​ကို သူတို့​ယုံကြည်​ကြသည်။ (ယောဟန် ၁၄:၂၈) ယေဟောဝါသက်သေ​များသည် ယနေ့ ထို​အတိုင်း​ရှုမြင်​ကြသည်။

၁၉ ဘုရားသခင်၊ ခရစ်တော်​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​တို့သည် ကွဲပြား​ခြားနား​ကြောင်း ယေရှု၏​အစောပိုင်း​နောက်တော်လိုက်​များ သိမြင်ခဲ့​ကြသည်။ သူတို့သည် ယေရှု၏​နောက်တော်လိုက်​များ​ကို သုံးပါး​ပေါင်း​တစ်ဆူ​၏​နာမ၌​မဟုတ်ဘဲ (၁) ခမည်းတော်​၏​နာမ၊ (၂) သားတော်​၏​နာမ​နှင့် (၃) သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ နှစ်ခြင်း​ပေး​ခဲ့​ကြသည်။ ထို​နည်းတူ ယေဟောဝါသက်သေ​များသည် ကျမ်းစာ​မှ​အမှန်တရားကို သွန်သင်ပေး​ကြ​ရာ ဘုရားသခင်၊ ကိုယ်တော်​၏​သားတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​တို့ကို ခွဲခြား​သိမြင်​စေ​ကြသည်။—မဿဲ ၂၈:၁၉

အမှန်တရား​နှင့် နှစ်ခြင်း

၂၀။ နှစ်ခြင်း​ခံ​လို​သူများ​သည် အဘယ်​အသိပညာ​ရှိဖို့လို​သနည်း။

၂၀ အမှန်တရား​သင်ကြား​ပေးခြင်း​ဖြင့် လူ​တို့အား တပည့်​ဖြစ်စေ​ဖို့​တာဝန်​ကို မိမိ၏​နောက်လိုက်​များ​အား ယေရှု​ပေး​ခဲ့​သည်။ နှစ်ခြင်း​ခံ​ဖို့ အရည်အချင်း​ပြည့်မီ​ရန် သူတို့သည် ကျမ်းစာ​အခြေခံ​အသိပညာ​ရှိဖို့လို​သည်။ ဥပမာ၊ သူတို့သည် ခမည်းတော်​နှင့် သားတော်​ယေရှု​ခရစ်​တို့၏ ရာထူး၊ သူတို့၏​အခွင့်အာဏာကို အသိအမှတ်ပြု​ကြ​ရမည်။ (ယောဟန် ၃:၁၆) သန့်ရှင်းသော​ဝိညာဉ်တော်သည် ပုဂ္ဂိုလ်​တစ်ပါး​မဟုတ်ဘဲ ဘုရားသခင်​၏​တက်ကြွ​လှုပ်ရှား​သော စွမ်းအား​ဖြစ်​ကြောင်းကို​လည်း နှစ်ခြင်း​ခံ​လို​သူများ သိရှိနားလည်​ကြ​ရမည်။—ကမ္ဘာဦး ၁:၂က​ဘ၊ အောက်ခြေမှတ်ချက်။

၂၁၊ ၂၂။ နှစ်ခြင်း​သည် ယုံကြည်သူများ​အတွက်​ဖြစ်သည်ဟု အဘယ်ကြောင့်​သင်​ဆို​ရသနည်း။

၂၁ အစောပိုင်း​ခရစ်ယာန်​များသည် ဘုရားသခင့်​အလိုတော်​ဆောင်ရန် အကြွင်းမဲ့​ဆက်ကပ်​အပ်နှံ​ထား​ကြသော အသိအမြင်​များ​၍ နောင်တ​ရသူများကို​သာ နှစ်ခြင်း​ပေး​ခဲ့​ကြသည်။ စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ယေရုရှလင်​မြို့၌​စုရုံး​ခဲ့​ကြသော ဂျူး​များနှင့် ဘာသာ​ပြောင်း​လာ​သူတို့သည် ဟေဗြဲ​ကျမ်း​စာစောင်​များ​ကို သိရှိနားလည်​ထား​နှင့်​သူများ​ဖြစ်​ကြ​၏။ မေရှိယ​သခင် ယေရှု​အကြောင်း တမန်​တော်​ပေတရု​၏​ဟောပြောချက်ကို ကြားနာ​ပြီး​နောက် “အသင့်​နှလုံး​သွင်း​မိ​သော​သူ” ၃,၀၀၀ ခန့်​သည် ‘နှစ်ခြင်း​ခံ​ခဲ့​ကြ’ သည်။—တမန်​တော် ၂:၄၁; ၃:၁၉–၄:၄; ၁၀:၃၄-၃၈

၂၂ ခရစ်ယာန်​နှစ်ခြင်း​သည် ယုံကြည်သူများ​အတွက်​ဖြစ်သည်။ ရှမာရိ​မြို့ရှိ​လူတို့သည် အမှန်တရားကို​လက်ခံခဲ့​ကြ​ပြီး​နောက် “ဖိလိပ္ပုသည် ဘုရားသခင်​၏​နိုင်ငံတော်​နှင့်​လည်းကောင်း၊ ယေရှု​ခရစ်​၏​နာမတော်​နှင့်​လည်းကောင်း စပ်ဆိုင်​သော​ဧဝံဂေလိတရား​ကို​ဟောပြော​၍ ထို​သူတို့သည်​ယုံကြည်​သောအခါ၊ ယောက်ျား​မိန်းမ​တို့သည် [နှစ်ခြင်း]ခံ​ကြ​၏။” (တမန်​တော် ၈:၁၂) ယေဟောဝါ​အား​သိကျွမ်း​သော ကြည်ညို​သည့် ဘာသာ​ပြောင်း​ဝင်လာ​သူ အဲသယောပိ​အမတ်​သည် မေရှိယ​ဆိုင်ရာ​ပရောဖက်ပြုချက် ပြည့်စုံ​ခဲ့ပြီ​ဖြစ်​ကြောင်း ဖိလိပ္ပု​ဖော်ပြ​သည်ကို လက်ခံ​ပြီး​နောက် နှစ်ခြင်း​ခံယူ​ခဲ့​သည်။ (တမန်​တော် ၈:၃၄-၃၆) ထို့နောက် ပေတရု​က “ဘုရားသခင်​ကို​ကြောက်ရွံ့​၍ တရား​သဖြင့်​ကျင့်ဆောင်​သော​သူသည် အထံတော်​၌​မျက်နှာ​ရ” ၍ ယေရှု​ခရစ်​ကို ယုံကြည်သူ​ရှိသမျှ​တို့သည် အပြစ်လွှတ်ခြင်း​ခံရ​မည်​ဖြစ်​ကြောင်း ကော်နေလိ​နှင့် အခြား​တစ်ပါး​အမျိုးသားများ​ကို ပြော​ခဲ့​သည်။ (တမန်​တော် ၁၀:၃၅၊ ၄၃; ၁၁:၁၈) ၎င်း​တို့အားလုံး​သည် ‘တပည့်​ဖြစ်စေ​လျက်၊ ကိုယ်တော်​ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ သွန်သင်ပေး’ ခြင်း​နှင့်​ပတ်သက်သော ယေရှု၏​မိန့်မှာချက်​နှင့်​ကိုက်ညီ​သည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်​တော် ၁:၈) ယေဟောဝါသက်သေ​များသည်​လည်း ထို​စံ​အတိုင်း​လိုက်​သည်၊ ကျမ်းစာ​ဆိုင်ရာ​အခြေခံ​အသိပညာ​ရှိပြီး ဘုရားသခင်​အား မိမိကိုယ်ကို​ဆက်ကပ်​အပ်နှံထားသူ​များ​ကို​သာ နှစ်ခြင်း​ပေး​ကြ​ပါ​သည်။

၂၃၊ ၂၄။ နည်း​မှန်​လမ်း​ကျ ခရစ်ယာန်​နှစ်ခြင်း​ကား အဘယ်နည်း။

၂၃ ရေ​တွင်​စုံးစုံးနှစ်မြှုပ်​ခြင်း​သည် ယုံကြည်သူများ​အတွက် သင့်လျော်​သော​နှစ်ခြင်း​ခံ​နည်း​ဖြစ်၏။ ယေရှုသည် ယော်ဒန်​မြစ်​တွင်​နှစ်ခြင်း​ခံ​ပြီး​နောက် ကိုယ်တော်​သည် “ရေ​မှ​ပေါ်​ထ” ခဲ့​သည်။ (မာကု ၁:၁၀) အဲသယောပိ​အမတ်​သည် “ရေ [“အစုအဝေး၊” က​ဘ] ရှိရာ” ၌​နှစ်ခြင်း​ခံ​ခဲ့​သည်။ သူနှင့် ဖိလိပ္ပုသည် “ရေ​ထဲ​သို့​ဆင်း” ပြီး​နောက် ရေ​ထဲ​က ‘တက်လာ​ကြ’ ၏။ (တမန်​တော် ၈:၃၆-၄၀) နှစ်ခြင်း​ကို ပုံဆောင်​သင်္ဂြိုဟ်ခြင်း​နှင့် ဆက်စပ်​တင်ပြ​သည့် ကျမ်းစာ​ဖော်ပြချက်​က​လည်း ရေ​တွင် စုံးစုံးနှစ်မြှုပ်​ခြင်း​ကို ထောက်ပြ​သည်။—ရောမ ၆:၄-၆; ကောလောသဲ ၂:၁၂

၂၄ သည်​အောက်​စ​ဖို့​ဒ် သမ္မာကျမ်းစာ အဖော်မွန် စာအုပ်​က​ဤသို့​ဆို​၏– “ဓမ္မသစ်​ကျမ်း​ပါ နှစ်ခြင်း​ဆိုင်ရာ​ဖော်ပြချက်များ​က ရေ​အောက်​သို့ လူတစ်ဦး​အား​နှစ်မြှုပ်​လိုက်ခြင်း​ကို ဖော်ပြ​သည်။” နာမည်​ကျော်​ပြင်သစ်​စာစောင် ၂၀ ရာစု​လို​ရု​စ် စီ​အဲ​ကယ်​လ် (ပဲရစ်၊ ၁၉၂၈) အရ “ကနဦး​ခရစ်ယာန်​များသည် ရေ​ရှိရာ အဘယ်​နေရာတွင်​မဆို ရေ​ထဲ​နှစ်မြှုပ်​ခံ​ခြင်း​ဖြင့် နှစ်ခြင်း​ယူ​ခဲ့​ကြသည်။” ယေရှု​နောက်ပိုင်း—ခရစ်ယာန်​ဘာသာ​အောင်ပွဲခံ​ဟူသော စာအုပ်​က​ဤသို့​ဖော်ပြ​သည်– “နှစ်ခြင်း​ခံ​လို​သူသည် ယုံကြည်​သက်ဝင်​ကြောင်း​ဝန်ခံ​ပြီး​နောက် ယေရှု၏နာမ၌ ရေ​တွင် စုံးစုံးနှစ်မြှုပ်​ခံ​ခြင်း​သည် နှစ်ခြင်း​၏ အခြေခံ​အ​ကျဆုံး​နည်း​စနစ်​ဖြစ်သည်။”

၂၅။ နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း ဆွေးနွေး​မည်​နည်း။

၂၅ ကနဦး​ခရစ်ယာန်​များ​၏ အထက်​ဖော်ပြ​ပါ ကျမ်းစာ​အခြေပြု ယုံကြည်ချက်များ​နှင့် အမူအကျင့်များ​သည် နမူနာ​မျှ​သာ​ဖြစ်သည်။ သူတို့၏​ယုံကြည်ချက်များ​နှင့် ယေဟောဝါသက်သေ​များ​၏ ယုံကြည်ချက်များ တူညီမှု​များ​ကို တင်ပြ​နိုင်​ပါ​သေး​သည်။ နောက်​ဆောင်းပါး​တွင် လူ​တို့ကို အမှန်တရား​သွန်သင်ပေး​နေ​သူများ​အား ခွဲခြား​သိမြင်​နိုင်​သည့် ထပ်ဆင့်​နည်း​များ​ကို ဆွေးနွေး​တင်ပြ​ပါ​မည်။

သင်​မည်သို့​တုံ့ပြန်​မည်​နည်း

• ဘုရားသခင်​သည် အဘယ်​ဝတ်ပြုမှု​မျိုးကို တောင်းဆို​သနည်း။

• အမှန်တရားသည် ယေရှု​ခရစ်​အားဖြင့် မည်သို့​အစစ်အမှန်​ဖြစ်လာ​သနည်း။

• စိုးလ်၊ သေခြင်းနှင့်​ပတ်သက်​၍ အမှန်တရား​ကား အဘယ်နည်း။

• ခရစ်ယာန်​နှစ်ခြင်း​ကို မည်သို့​လုပ်ဆောင်ကြ​သနည်း၊ နှစ်ခြင်း​ခံ​လို​သူများ​ထံ​မှ အဘယ်အရာ​တောင်းဆို​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

‘အမှန်တရား​ဘက်၌ သက်သေခံခြင်း​ငှာ ငါ​ကြွလာ​ပြီ’ ဟု ပိလတ်​ကို ယေရှု​မိန့်ဆိုခဲ့

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေရှု​က ‘ငါသည် အမှန်တရား​ဖြစ်၏’ ဟု အဘယ်ကြောင့်​ဆို​ခဲ့​ကြောင်း သင်​ရှင်းပြ​နိုင်​သလော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခရစ်ယာန်​နှစ်ခြင်း​နှင့်​ဆိုင်သော အမှန်တရား​ကား အဘယ်နည်း