မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငရဲသည် အမှန်စင်စစ် အဘယ်နည်း

ငရဲသည် အမှန်စင်စစ် အဘယ်နည်း

ငရဲ​သည် အမှန်စင်စစ် အဘယ်နည်း

“ငရဲ” ဟူသော​စကားလုံး​ကို သင်​မည်သို့​ပင်​မြင်ယောင်​ပါစေ ငရဲ​ကို အပြစ်ဒဏ်​ခံ​ရာ​အရပ်​ဟု အများအားဖြင့် ထင်မှတ်​ကြ​၏။ အပြစ်​နှင့် အပြစ်​၏​အကျိုးဆက်​အကြောင်း သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “အပြစ်​တရားသည် တစ်ယောက်​သော​သူအား​ဖြင့် ဤ​လောက​သို့​ဝင်၍၊ အပြစ်​တရား​အားဖြင့် သေခြင်း​တရားဝင်​သည်​နှင့်​အညီ လူအပေါင်း​တို့သည် အပြစ်ရှိ​သောကြောင့် သေခြင်း​သို့ ရောက်​ရ​ကြ​၏။” (ရောမ ၅:၁၂) သမ္မာကျမ်းစာ​က ဤသို့​လည်း ဖော်ပြ​၏– “အပြစ်​တရား​၏​အ​ခ​ကား သေခြင်း​ပေ​တည်း။” (ရောမ ၆:၂၃) အပြစ်​၏​အ​ခ​ကား သေခြင်း​ဖြစ်သော​ကြောင့် ငရဲ​၏​အဓိပ္ပာယ်​အမှန်​ကို သတ်မှတ်​ပိုင်းဖြတ်​ရန် အခြေခံ​မေးခွန်း​မှာ ကျွန်ုပ်​တို့​သေဆုံးသော​အခါ အဘယ်အရာ ဖြစ်ပျက်​သနည်း​ဟူ၍ ဖြစ်သည်။

သေဆုံး​ပြီး​နောက် ဘဝ​တစ်မျိုး၊ အသွင်တစ်မျိုးဖြင့် ဆက်​တည်ရှိ​နေ​သလော။ ငရဲ​ဟူသည် အဘယ်နည်း၊ ထို​နေရာသို့ အဘယ်​လူစား​များ ရောက်​ကြ​သနည်း။ ငရဲ​တွင်​ရှိ​သူများ​အတွက် မျှော်လင့်ချက်​တစ်စုံတစ်ရာ​ရှိသလော။ သမ္မာကျမ်းစာ​က အဆိုပါ​မေးခွန်းများကို မှန်မှန်ကန်ကန်​နှင့် ကျေနပ်ဖွယ်​အဖြေ​များ ပေး​ထား​သည်။

တ​မ​လွန်​ဘဝ

ဝိညာဉ် [စိုးလ်] သို့​မဟုတ် ဝိညာဉ် [စပီးရစ်] ကဲ့သို့​သော ကိုယ်ခန္ဓာ​အတွင်းရှိ တစ်စုံတစ်ရာ​သည် လူ​ခန္ဓာ​သေ​ပြီး​နောက် ဆက်​အသက်ရှင်နေ​သလော။ ပထမ​လူသား​အာဒံ အသက်ရှင်​လာပုံ​ကို သုံးသပ်ကြည့်​ပါ။ “ထာဝရ​အရှင်​ဘုရားသခင်​သည် မြေမှုန့်​ဖြင့် လူကို​ဖန်ဆင်း​၍ သူ၏​နှာခေါင်း​ထဲ​သို့ ဇီဝ​အသက်ကို မှုတ်​တော်​မူ” ၏​ဟု ကျမ်းစာ​က ဖော်ပြ​သည်။ (ကမ္ဘာဦး ၂:၇) အသက်ရှူခြင်း​က သူ့ကို အသက်ဆက်ရှင်​စေ​သော်လည်း သူ၏​နှာခေါင်း​ထဲ “ဇီဝ​အသက်ကို​မှုတ်” သွင်း​ပေးခြင်း​မှာ​မူ သူ၏​အဆုတ်​ထဲ​သို့ လေ​ရောက်ရှိ​သွားစေရန် မှုတ်​ပေးခြင်း​မျှ​မဟုတ်ပါ။ ဘုရားသခင်​သည် အာဒံ​၏​အသက်မဲ့ ခန္ဓာကိုယ်​ထဲ အသက်​ငွေ့​ဖြစ်သော မြေကြီး​သတ္တဝါ​ခပ်သိမ်း​အား တက်ကြွ​လှုပ်ရှား​စေသည့် “အသက်စွမ်းအား” ထည့်သွင်း​ပေးခြင်း​ကို ဆိုလို​၏။ (ကမ္ဘာဦး ၆:၁၇က​ဘ; ၇:၂၂) သမ္မာကျမ်းစာ​က ဤ​သက်ဝင်​လှုပ်ရှား​စေသည့် စွမ်းအား​ကို “ဝိညာဉ် [“စပီးရစ်၊” က​ဘ]” ဟု​ရည်ညွှန်း၏။ (ယာကုပ် ၂:၂၆) ထို​ဝိညာဉ် [စပီးရစ်] ကို စက်ယန္တရား သို့​မဟုတ် ကိရိယာ​တစ်ခု​ကို လည်ပတ်​လှုပ်ရှား​စေနိုင်​သည့် လျှပ်စီး​နှင့် နှိုင်းယှဉ်​နိုင်​သည်။ ထို​လျှပ်စီး​သည် ယင်းက စွမ်းအင်​ပေး​သော​ပစ္စည်း​၏ ပုံသဏ္ဌာန်​အသွင်​ကို ဘယ်​သောအခါ​မျှ မဆောင်နိုင်​သကဲ့သို့ ထို​အသက်စွမ်းအား​သည်လည်း ယင်းက သက်ဝင်​လှုပ်ရှား​စေသော မည်သည့်​သက်ရှိ​သတ္တဝါ​၏ ပင်ကိုစရိုက်​ကို​မျှ မခံယူ​နိုင်​ချေ။ ၎င်း​တွင် ဥပဓိရုပ်​မရှိ၊ ဆင်ခြင်​တွေးခေါ်မှု​အစွမ်း​လည်း မရှိပါ။

လူတစ်ဦး​သေဆုံးသော​အခါ ဝိညာဉ် [စပီးရစ်] သည်​မည်သို့​ဖြစ်သွား​သနည်း။ ဆာလံ ၁၄၆:၄ တွင်​ဤသို့​ဆို​၏– “သူသည် အသက်​ထွက်၍ မြေ​သို့​ပြန်သွား​တတ်၏။ ထို​နေ့​ခြင်း​တွင် သူ၏​အကြံအစည်​တို့သည် ပျက်စီး​ကြ​၏။” လူတစ်ဦး သေဆုံးသော​အခါ သူ၏​ဥပဓိရုပ်​မရှိသော စပီးရစ်​သည် . . . ဝိညာဉ်​သား​တစ်ဦး​အနေ​ဖြင့် တခြား​တစ်​နေရာတွင် ဆက်​တည်ရှိ​မနေ​ပေ။ “ဝိညာဉ် [“စပီးရစ်၊” က​ဘ] သည်​အရင်​ပေး​တော်​မူ​သော ဘုရားသခင့်​ထံ​သို့ . . . ပြန်သွား” ၏။ (ဒေ. ၁၂:၇) ယင်းက ထို​သူ၏​အနာဂတ်​အသက်​ရရှိရန် မျှော်လင့်ချက်​သည် ဘုရားသခင်​အပေါ် လုံးဝ​မူတည်​ကြောင်းကို ဆိုလို​၏။

ရှေးခေတ် ဂရိ​အတွေးအခေါ်​ပညာရှင် ဆို​က​ရေး​တီး​နှင့် ပ​လေ​တို​တို့​က လူသေ​သည့်​အခါ သူ့​ကိုယ်ခန္ဓာ​အတွင်းရှိ ဝိညာဉ်​စိုးလ်​သည် မသေ​ဘဲ အသက်ရှင်​ကျန်ရစ်​ပြီး ဘယ်တော့​မျှ​သေ​မည်​မဟုတ်​ဟု ယုံကြည်ခဲ့​ကြသည်။ သမ္မာကျမ်းစာ​က စိုးလ်​နှင့်​ပတ်သက်​၍ အဘယ်အရာကို သွန်သင်ပေး​သနည်း။ ကမ္ဘာဦး ၂:၇ က အာဒံသည် “အသက်ရှင်​သော သတ္တဝါ [“စိုးလ်၊” က​ဘ] ဖြစ်​လေ​၏” ဟု​ဆို​သည်။ သူသည် စိုးလ်​ရရှိ​သည်မဟုတ်; သူသည် စိုးလ်—လူတစ်ယောက်​လုံး—ဖြစ်၏။ စိုးလ်​သည် အလုပ်လုပ်​ကြောင်း၊ စား​လို​စိတ်​ရှိကြောင်း၊ ပြန်ပေးဆွဲ​ခံရ​ကြောင်း၊ အိပ်မရ​ကြောင်း အစ​ရှိသည်​တို့ကို သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (ဝတ်ပြုရာ ၂၃:၃၀; တရားဟောရာ ၁၂:၂၀; ၂၄:၇; ဆာလံ ၁၁၉:၂၈) လူ​ကိုယ်နှိုက်​သည် စိုးလ်​ဖြစ်၏။ လူတစ်ဦး​သေ​သောအခါ ထို​စိုးလ်​လည်း သေ​၏။—ယေဇကျေလ ၁၈:၄

သို့​ဖြစ်​လျှင် သေလွန်သူ​၏​အခြေအနေ​ကား အသို့နည်း။ အာဒံ​ကို အပြစ်စီရင်​သောအခါ ယေဟောဝါ​က “သင်သည် မြေမှုန့်​ဖြစ်၍ မြေမှုန့်​သို့ ပြန်​ရမည်ဟု မိန့်တော်မူ၏။” (ကမ္ဘာဦး ၃:၁၉) ဘုရားသခင်​သည် အာဒံ​ကို မြေမှုန့်​ဖြင့်​ပြုလုပ်​၍ အသက်​မပေး​မီ သူ​အဘယ်​မှာ ရှိခဲ့​သနည်း။ သူသည် လုံးဝ​မရှိခဲ့​ပါ! အာဒံ​သေဆုံးသော​အခါ သူသည် လုံးဝ​အသက်မဲ့​အခြေအနေ​သို့ ပြန်ရောက်​သွားလေသည်။ သေလွန်သူ​၏ အခြေအနေ​အကြောင်းကို ဒေ. ၉:၅၊ ၁၀ က​ဤသို့​ရှင်းလင်းစွာ ဖော်ပြ​ထား​၏– “သေ​သော​သူ​မူ​ကား အဘယ်အရာကို​မျှ​မသိ။ . . . သင်​ယခု​သွား​၍ ရောက်​ရ​လတ္တံ့​သော​အရပ်​တည်း​ဟူသော မရ​ဏာ​နိုင်ငံ​၌ လုပ်ဆောင်ခြင်း​မရှိ။ ကြံစည်ခြင်း​မရှိ။ သိပ္ပံ​အတတ်​မရှိ။ ပညာ​မရှိပါ​တကား။” သမ္မာကျမ်းစာ​အရ သေခြင်း​သည် မတည်ရှိခြင်း​ဖြစ်၏။ လူသေ​တို့​တွင် အသိစိတ်​မရှိ၊ ခံစားချက်​မရှိ၊ စဉ်းစား​တွေးခေါ်မှု​မရှိပါ။

ထာဝရ​ညှဉ်းဆဲ​ရာ​အရပ်​လော၊ သာမန်​သင်္ချိုင်း​လော

လူသေ​၌ အသိစိတ်​မရှိသော​ကြောင့် ငရဲ​သည် လူဆိုး​သေဆုံး​ပြီး​နောက် ညှဉ်းဆဲ​ခံရ​မည့် မီးလောင်​ကျွမ်း​ရာ​အရပ် မဖြစ်​နိုင်​ချေ။ သို့​ဆိုလျှင် ငရဲ​ဟူသည် အဘယ်နည်း။ ယေရှု​ကွယ်လွန်​သောအခါ မည်သို့​ဖြစ်သွား​သည်ကို ဆန်းစစ်​ကြည့်​ရာ​တွင် ထို​မေးခွန်း​၏​အဖြေကို​ရ၏။ ကျမ်း​ရေးသူ​လုကာ​က “ထို​ခရစ်တော် . . . ကို​မရ​ဏာ​နိုင်ငံ [“ငရဲ၊” ဂျိမ်းစ်​ဘုရင်​ဘာသာပြန်​ကျမ်း] ၌​ပစ်ထား​တော်​မ​မူ။ အသား​သည်လည်း ပုပ်စပ်ခြင်း​သို့​မ​ရောက်” ဟု​ဖော်ပြ​၏။ * (တမန်​တော် ၂:၃၁) ယေရှု​ကိုယ်တော်တိုင် ရောက်​ခဲ့​သော​ငရဲ​သည် အဘယ်​နေရာ​ဖြစ်သနည်း။ တမန်​တော်​ပေါလု​က “သင်တို့အား . . . ပေးအပ်​သော အကြောင်းအရာ​ဟူ​မူ​ကား၊ ခရစ်တော်​သည် ကျမ်းစာ​လာ​သည်​အတိုင်း ငါ​တို့​အပြစ်​ကြောင့် အသေခံ​တော်​မူ​၏။ သင်္ဂြိုဟ်​ပြီး​မှ၊ ကျမ်းစာ​လာ​သည်​အတိုင်း သုံးရက်​မြောက်​သော​နေ့၌ ထမြောက်​တော်​မူ​၏” ဟု​ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၁၅:၃၊ ၄) ထို့​ကြောင့် ယေရှုသည် ငရဲ​ဖြစ်သည့် သင်္ချိုင်း​သို့​ရောက်​ခဲ့​၏၊ သို့သော်လည်း ထို​နေရာတွင် စွန့်ပစ်ခြင်း​မခံခဲ့​ရ​ချေ၊ အကြောင်း​မှာ ကိုယ်တော်​သည် ရှင်ပြန်ထမြောက်​ခဲ့​၏။

ဆင်းရဲ​ဝေဒနာ​အတော်လေး ခံစား​ခဲ့​ရသည့် ဖြောင့်မတ်​သူ​ယောဘ​၏​အဖြစ်အပျက်​ကိုလည်း သုံးသပ်ကြည့်​ပါ။ သူ၏​အခြေအနေ​ဆိုး​မှ လွတ်မြောက်​လို​၍ ဤသို့​အသနားခံ​ခဲ့​သည်– “ကိုယ်တော်​သည် အကျွန်ုပ်​ကို သင်္ချိုင်းတွင်း [“ငရဲ၊” ဒူးဝေး​ဘာသာပြန်​ကျမ်း] ၌​ဝှက်ထား​တော်​မူ​ပါစေ။ အမျက်တော်​မ​လွန်​မီ​တိုင်အောင် ကွယ်ကာ​တော်​မူ​ပါစေ။” * (ယောဘ ၁၄:၁၃) ကွယ်ကာ​မှု​ရရှိရန် မီးတောက်လောင်​နေသော​အရပ်သို့ ယောဘ​သွား​လို​ခဲ့​သည်​ဟု ထင်မှတ်​ခြင်း​သည် ယုတ္တိမရှိ​လိုက်​လေ​ခြင်း! ယောဘ​ရောက်​လို​သော “ငရဲ” သည် သူ​ခံစား​နေရ​သည့် ဆင်းရဲ​ဝေဒနာ​ပပျောက်​မည့် သင်္ချိုင်း​မျှ​သာ​ဖြစ်၏။ ထို့​ကြောင့် ကျမ်းစာ​ငရဲ​သည် လူကောင်း​ရော၊ လူဆိုး​ပါ ရောက်​ရ​လိမ့်​မည့် သာမန်​သင်္ချိုင်း​ပင်​ဖြစ်သည်။

မီးငရဲ—လုံးဝ​ဖျက်ဆီးခြင်း​လော

မီးငရဲ​သည် လုံးဝ​ပျက်စီးခြင်း​ကို ပုံဆောင်​ခြင်း ဖြစ်​နိုင်​သလော။ မီးကို ဟေးဒီးစ် သို့​မဟုတ် ငရဲ​နှင့် ကွဲပြား​ထင်ရှား​စွာ​ဖော်ပြ​ရန် ကျမ်းစာ​က ဤသို့​ဆို​သည်– “မရ​ဏာ [“သေခြင်း၊” က​ဘ] နှင့်​မရ​ဏာ​နိုင်ငံ [“ဟေးဒီးစ်၊” က​ဘ] ကို​မီး​အိုင်​ထဲ​သို့ ချပစ်​လေ​၏။” ဤ​တွင်​ဖော်ပြ​ထားသော “မီး​အိုင်” သည် ပုံဆောင်ချက်​မျှ​ဖြစ်၏၊ အကြောင်း​မှာ ၎င်း​အထဲ​သို့​ပစ်ချ​သော သေခြင်းနှင့် ငရဲ (ဟေးဒီးစ်) တို့ကို ပကတိ​စာသား​အတိုင်း မီးရှို့​၍​မရနိုင်​သောကြောင့်​ဖြစ်၏။ “ထို​သေခြင်း [မီး​အိုင်] ကား ဒုတိယ​သေခြင်း​ဖြစ်​သတည်း”၊ ထို​သေခြင်း​မှ အသက်ပြန်ရှင်​လာ​မည့် မျှော်လင့်ချက်​မရှိ​ချေ။—ဗျာ. ၂၀:၁၄

ထို​မီး​အိုင်​သည် ယေရှု​မိန့်ဆိုခဲ့​သည့် “ဂေဟင်္နာ​၌ မီးရှို့ခြင်း [“မီးငရဲ၊” သမ္မာ]” နှင့်​အဓိပ္ပာယ်​တူ​၏။ (မဿဲ ၅:၂၂; မာကု ၉:၄၇၊ ၄၈) ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​တွင် ဂေဟင်္နာ​စကားလုံး ၁၂ ကြိမ်​ပါရှိ​ပြီး ယင်းက ယေရုရှလင်​မြို့ရိုး​အပြင်ဘက်​ရှိ ဟိန္နုံ​ချိုင့်​ကို ရည်ညွှန်း၏။ ယေရှု ကမ္ဘာ​ပေါ်​ရှိ​စဉ် ဤ​ချိုင့်​ကို အမှိုက်​ကျင်း​အဖြစ် အသုံးပြု​ခဲ့​သည်၊ “၎င်း​အထဲ​သို့ ရာဇဝတ်ကောင်​တို့၏ ရုပ်ကလာပ်​များ၊ တိရစ္ဆာန်​အသေကောင်​များ​မှ​စ၍ အခြား​အညစ်အကြေး​များ​ကို စွန့်ပစ်​ကြ​၏။” (စ​မ​စ်​၏​သမ္မာကျမ်းစာ​အဘိဓာန်) အမှိုက်​ကျင်း​တွင် မီး​မပြတ်​လောင်ကျွမ်း​နေ​ရန် ကန့်​ကို ထပ်​ထည့်​ပေး​လေ့​ရှိသည်။ ထာဝရ​ဖျက်ဆီးခြင်း​ကို လျောက်ပတ်​စွာ​ပုံဆောင်​ရန် ထို​ချိုင့်​ကို ယေရှု​အသုံးပြု​ခဲ့​သည်။

ဂေဟင်္နာ​ကဲ့သို့​ပင် မီး​အိုင်​သည်လည်း ထာဝရ​ဖျက်ဆီးခြင်း​ကို ပုံဆောင်​၏။ လူတို့သည် အပြစ်​နှင့် သေဒဏ်​ခံရ​ခြင်း​မှ လွတ်မြောက်​သောအခါ သေခြင်းနှင့် ဟေးဒီးစ်​တို့သည် မီး​အိုင်​ထဲ “ချပစ်” ခံရ​မည်​ဖြစ်​ရာ ၎င်း​တို့​လုံးဝ​ပပျောက်​သွား​လိမ့်​မည်။ ခေါင်းမာ​ပြီး နောင်တ​မရ​သော အပြစ်ပြု​သူတို့​သည်လည်း ထို​မီး​အိုင်​တွင် သူတို့ “အဖို့” ကို​ရ​ကြလိမ့်မည်။ (ဗျာ. ၂၁:၈) သူတို့လည်း ထာဝရ​ဖျက်ဆီး​ခံရ​ကြလိမ့်မည်။ သာမန်​သင်္ချိုင်း​ဖြစ်သည့် ငရဲ​၌​ရှိ ဘုရားသခင်​မှတ်ထား​သူများ​အတွက်​မူ​ကား ဝမ်းသာ​အားရစရာ အနာဂတ် ရှိကြပါ​လိမ့်​မည်။

ငရဲ ဗလာကျင်း​ဖြစ်​အံ့!

ဗျာ. ၂၀:၁၃ တွင်​ဤသို့​ဖော်ပြ​သည်– “သမုဒ္ဒရာ​သည် မိမိ​၌​ရှိသော​လူသေ​တို့ကို အပ်ပေး​၏။ မရ​ဏာ​နှင့်​မရ​ဏာ​နိုင်ငံ​သည်လည်း မိမိတို့​၌​ရှိသော​လူသေ​တို့ကို အပ်ပေး​ကြ​၏။” မှန်ပါသည်၊ ကျမ်းစာ​ငရဲ​သည် ဗလာကျင်း​ဖြစ်​တော့​မည်! ယေရှု ကတိပေး​ခဲ့​သည့်​အတိုင်း “သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် [ယေရှု]၏​စကားသံ​ကို​ကြား​၍ ထွက်​ရမည့်​အချိန်ကာလ ရောက်​လတ္တံ့။” (ယောဟန် ၅:၂၈၊ ၂၉) မည်သည့်​ပုံသဏ္ဌာန်​မျိုး​ဖြင့်​မျှ ယခု​မ​ရှင်​နေကြ​သော်လည်း ယေဟောဝါ​ဘုရားသခင်​၏​မှတ်ဉာဏ်​ထဲ​တွင် မှတ်မိ​ခံရ​သူ သန်းပေါင်း​များစွာ​သည် ပြန်လည်​တည်ထောင်​လာ​မည့် မြေကြီး​ပရဒိသု​တွင် ရှင်ပြန်ထမြောက်​လာ​လိမ့်​မည်။—လုကာ ၂၃:၄၃; တမန်​တော် ၂၄:၁၅

ဘုရားသခင်​၏​ကမ္ဘာသစ်​တွင် ကိုယ်တော်​၏​ဖြောင့်မတ်​သော​ပညတ်​များ​ကို လိုက်လျှောက်​ကြသော ထမြောက်​လာ​ကြ​သူများ​သည် နောက်​တစ်ဖန် သေရ​တော့​မည်​မဟုတ်။ (ဟေရှာယ ၂၅:၈) ယေဟောဝါ​သည် “သူတို့၏​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။” (ဗျာ. ၂၁:၄) “သင်္ချိုင်း​များ” ဖြစ်သည့် ငရဲ​တွင် ရှိ​သူများ​အတွက် သိုထား​သော ကောင်းချီး​တစ်ရပ်​ပါ​တကား! ဤ​ကောင်းချီး​ကြောင့်​ပင် ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော်​၏​သားတော် ယေရှု​ခရစ်​တို့​အကြောင်း ပိုမို​သိကျွမ်းဖို့ ကြိုးစား​ရန် အကြောင်းကောင်း​ဖြစ်၏။—ယောဟန် ၁၇:၃

[အောက်ခြေ​မှတ်​များ]

^ အပိုဒ်၊ 10 ဂျိမ်းစ်​ဘုရင်​ဘာသာပြန်​ကျမ်း​၏ ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​တွင် ဂရိ​စကားလုံး ဟေးဒီးစ် ပါ​သည့် ဆယ်​ကြိမ်​စ​လုံး​တွင် ၎င်းကို “ငရဲ” ဟု​ဘာသာ​ပြန်ဆို​ထား​၏။ လုကာ ၁၆:၁၉-၃၁ ၏​ဘာသာပြန်​ဆို​ချက်​တွင် ဝေဒနာ​ခံရ​ခြင်း​အကြောင်း ဖော်ပြ​သော်လည်း ၎င်း​သည် ပုံဆောင်ချက်​ဖြစ်၏။ ယေဟောဝါသက်သေ​များ ပုံနှိပ်​ထုတ်ဝေ​ထားသော အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား စာအုပ်​၏ အခန်း ၈၈ ကို​ရှု။

^ အပိုဒ်၊ 11 ဟေဗြဲ​စကားလုံး ရှီး​အိုး​လ် သည် ဟေဗြဲ​ကျမ်း​စာစောင်​များ​တွင် ၆၅ ကြိမ်​ပါရှိ​ပြီး ဂျိမ်းစ်​ဘုရင်​ဘာသာပြန်​ကျမ်း​တွင် “ငရဲ၊” “သင်္ချိုင်း၊” နှင့် “တွင်း” ဟု​ပြန်ဆို​ထား​၏။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ငရဲ​တွင်​ဝှက်ထား​ပေး​ပါ​ရန် ယောဘ​ဆုတောင်း​ခဲ့

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

မီးတောက်လောင်​နေသော ဂေဟင်္နာ​ကား ထာဝရ​ဖျက်ဆီးခြင်း​၏ ပုံဆောင်ချက်​ဖြစ်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

‘သင်္ချိုင်း​များ​မှာ​ရှိသော သူတို့သည် ထွက်​ရမည့် အချိန်ကာလ​ရောက်​လတ္တံ့’