မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​သည် မည်သည့်​အခြေအနေ​များ​တွင် ဝိညာဉ်​ရေး​အကြောင်းရင်း​များ​ကြောင့် ခေါင်းအုပ်​ထား​သင့်​သနည်း။

“မိန်းမ​မည်​သည်​ကား၊ မိမိ​ခေါင်း​ကို​မဖုံး​ဘဲ ဆုတောင်း​သော်လည်း​ကောင်း၊ ပရောဖက်ပြု​သော်လည်း​ကောင်း မိမိ​ခေါင်း​အသရေ​ကို​ရှုတ်ချ​၏” ဟု တမန်​တော်​ပေါလု​ရေးသားခဲ့​သည်။ အဘယ်ကြောင့်​နည်း။ “မိန်းမ​၏​ခေါင်း​ကား ယောက်ျား​ဖြစ်သည်” ဟူသော ကျမ်းစာ​၏​ဦးစီးမှု​ဆိုင်ရာ​မူ​ကြောင့်​ဖြစ်၏။ ခရစ်ယာန်​အသင်းတော်တွင် ဆုတောင်းခြင်း၊ ဟောပြောခြင်းသည် အများအားဖြင့် အမျိုးသား​တစ်ဦး၏​တာဝန်ဖြစ်​သည်။ ထို့​ကြောင့် ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​သည် သာမန်​အားဖြင့် သူ၏​ခင်ပွန်း သို့​မဟုတ် နှစ်ခြင်း​ခံ​ပြီး​သော အမျိုးသား​တစ်ဦး လုပ်ဆောင်​ရမည့် ဝတ်ပြုရေး​ကိစ္စရပ်​များ​ကို ထမ်းဆောင်​ရသောအခါ ခေါင်းအုပ်​ထား​သင့်​၏။—၁ ကောရိန္သု ၁၁:၃-၁၀

ခရစ်ယာန်​အမျိုးသမီး​တစ်ဦး ခေါင်းအုပ်​ထား​သင့်​သည့် အခြေအနေ​များသည် သူ၏​အိမ်ထောင်တွင်​လည်း ဖြစ်ပေါ်​လာနိုင်​၏။ ဥပမာ၊ ကျမ်းစာ​လေ့လာ​ရန် သို့​မဟုတ် အစာစား​ရန် မိသားစု​လိုက်​စုဝေး​ကြသောအခါ မိသားစုကို သွန်သင်​ပေးဖို့၊ မိသားစု​ကိုယ်စား ဘုရားသခင်​ထံ​ဆုတောင်း​ပေးဖို့ ပုံမှန်​အားဖြင့် ခင်ပွန်း​၏​တာဝန်ဖြစ်​သည်။ သို့သော် ခင်ပွန်း​သည် ယုံကြည်သူ​မဟုတ်လျှင် ဤ​တာဝန်​ကို ဇနီး​က ယူရ​ပေမည်။ ထို့​ကြောင့် ခရစ်ယာန်​ညီအစ်မ​တစ်ဦး​သည် မိမိ​နှင့်​အခြားသူများ​အတွက် အသံ​ကျယ်ကျယ်​ဖြင့် ဆုတောင်းပေး​ရသည့်​အခါ​၌​ဖြစ်စေ၊ ခင်ပွန်း​ရှေ့တွင် ကလေး​များနှင့် ကျမ်းစာ​သင်အံမှု​ပြုလုပ်​ရသည့်​အခါ​၌​ဖြစ်စေ ခေါင်းအုပ်​ထားခြင်း​သည် လျောက်ပတ်​ပေ​သည်။ ခင်ပွန်း​မ​ရှိလျှင် ဇနီးသည် သားသမီး​များ​ကို သွန်သင်ပေး​ရန် ဘုရားသခင်​ပေး​အခွင့်အာဏာ​ရရှိ​ထားသော​ကြောင့် ခေါင်းအုပ်​စ​ရာ​မလို​ပေ။—သု. ၁:၈; ၆:၂၀

သို့သော် မိသားစု​မှ သားငယ်​တစ်ဦး​သည် ယေဟောဝါ​ဘုရားသခင်​၏ ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ပြီး​သော ကျေးကျွန်​တစ်ဦး​ဖြစ်​နေလျှင်​ကော အသို့နည်း။ ထို​သားငယ်​သည် ခရစ်ယာန်​အသင်းသား​တစ်ဦး​ဖြစ်​ရာ သူသည် အမျိုးသား​အသင်းသားများ​ထံ​မှ သွန်သင်ချက် ခံယူ​သင့်​သည်။ (၁ တိမောသေ ၂:၁၂) သူ၏​ဖခင်​သည် ယုံကြည်သူ​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် ထို​သားကို ဖခင်​က သွန်သင်ပေး​သင့်​၏။ သို့သော် ဖခင်​မ​ရှိလျှင် မိခင်​သည် နှစ်ခြင်း​ခံ​ပြီး​သော​သားငယ်​အပြင် အခြား​ကလေး​များနှင့်​အတူ ကျမ်းစာ​သင်အံမှု​ပြုလုပ်​ပါ​က ခေါင်းအုပ်​သင့်​သည်။ ဤသို့​သင်အံမှု​ပြုလုပ်​ချိန်​၌​ဖြစ်စေ၊ အစာ​စားချိန်​၌​ဖြစ်စေ နှစ်ခြင်း​ခံ​ပြီး​သော​သားငယ်ကို ဆုတောင်း​ပေးဖို့ မိခင်​က​တောင်းဆိုခြင်း၊ မတောင်းဆို​ခြင်း​သည် ကိုယ်ပိုင်​ဆုံးဖြတ်ချက်​ဖြစ်သည်။ သားငယ်​သည် အရည်အချင်း​မပြည့်မီ​သေး​ဟု မိခင် ယူမှတ်​ပေမည်၊ ထို​အခါ မိခင်​ကိုယ်တိုင် ဆုတောင်း​ဖို့ ဆုံးဖြတ်​ပေမည်။ ဤသို့​သော​အခြေအနေ​မျိုး​တွင် မိခင်​ဖြစ်သူ ဆုတောင်း​ပါ​က ခေါင်းအုပ်​သင့်​သည်။

ခရစ်ယာန်​အမျိုးသမီးများ​သည် အသင်းတော်​လုပ်ငန်း​တချို့​တွင် ပါဝင်​ကြ​စဉ် ခေါင်းအုပ်​ဖို့ လို​ကောင်း​လို​ပေမည်။ ဥပမာ၊ လယ်ကွင်း​လုပ်ငန်း​အတွက် ရက်သတ္တပတ်​အလယ် အစည်းအဝေး​တစ်ခု​တွင် နှစ်ခြင်း​ခံ​ပြီး​သော အမျိုးသားများ​မရှိဘဲ ခရစ်ယာန်​ညီအစ်မ​များ​သာ ရှိကြ​ပေမည်။ အသင်းတော်​အစည်းအဝေး​တစ်ခု​၌ နှစ်ခြင်း​ခံ​ပြီး​သော​အမျိုးသားများ​မရှိသည့် အခြား​အချိန်​အခါ​များလည်း ရှိ​နိုင်​ပေ​သည်။ အသင်းတော်​အစီအစဉ်​အရ အစည်းအဝေး​ကျင်းပ​သည့်​အခါ၊ သို့​မဟုတ် လယ်ကွင်း​လုပ်ငန်း​အတွက် စုဝေး​သည့်​အခါ ညီအစ်ကို​တစ်ဦး​လုပ်ဆောင်နေ​ကျ တာဝန်​များ​ကို ညီအစ်မ​တစ်ဦး ထမ်းဆောင်​ရမည်​ဆိုလျှင် ခေါင်းအုပ်​သင့်​၏။

ခရစ်ယာန်​အမျိုးသမီးများ​သည် ကျမ်းစာ​ဟောပြောချက်​များ​ကို နှုတ်​တိုက် သို့​မဟုတ် လက်ဟန်ပြ​ဘာသာ​စကား​ဖြင့် ဘာသာပြန်​ပေး​ရသည့်​အခါ​၌​ဖြစ်စေ၊ အသင်းတော်​အစည်းအဝေး​တစ်ခု​တွင် အသုံးပြုသည့် ကျမ်းစာ​လေ့လာမှု​အထောက်အကူ​ပြု​စာအုပ်​တစ်အုပ်​မှ စာပိုဒ်​များ​ကို လူအများရှေ့ ဖတ်​ပေး​ရသည့်​အခါ​၌​ဖြစ်စေ ခေါင်းအုပ်​ရမည်​လော။ ခေါင်းအုပ်​စ​ရာ​မလိုပါ။ အဆိုပါ​တာဝန်​များ​ကို ဆောင်ရွက်​ရသော ညီအစ်မ​များသည် ဦးစီး​နေခြင်း သို့​မဟုတ် သွန်သင်ပေး​နေခြင်း မဟုတ်ပါ။ ထို​နည်းတူ သရုပ်​ပြခန်း​များ​တွင်​ပါဝင်​ရသော၊ တွေ့ ကြုံ​မှုများ​ပြောပြ​ရသော၊ သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်းတွင် ကျောင်းသား​ဟောပြောချက်​များ​ပေး​ရသော ညီအစ်မ​များသည် ခေါင်းအုပ်​စ​ရာ​မလို​ပေ။

အသင်းတော်​အတွင်း သွန်သင်ခြင်း​သည် နှစ်ခြင်း​ခံ​ပြီး​သော​အမျိုးသားများ​၏ တာဝန်ဖြစ်​သော်လည်း အမျိုးသားများ​နှင့် အမျိုးသမီးများ​ပါ အသင်းတော်​ပြင်ပ​တွင် ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​တာဝန်ရ​ရှိ​ထား​ကြသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ထို့​ကြောင့် ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​သည် ယေဟောဝါသက်သေ​အမျိုးသား​တစ်ဦး​ရှေ့တွင် ပြင်ပ​လူများ​ကို သမ္မာကျမ်းစာ​အကြောင်း ပြောဆို​သောအခါ ခေါင်းအုပ်​ဖို့​လို​မည်​မဟုတ်​ချေ။

သို့ရာတွင် အိမ်​တစ်အိမ်​၌​ပုံမှန်​အစီအစဉ်​ရှိသော ကျမ်းစာ​သင်အံမှု​ပြုလုပ်​ကာ ဆက်ကပ်​အပ်နှံ​နှစ်ခြင်း​ခံ​ပြီး​သော အမျိုးသား​တစ်ဦး​ရှိ​နေလျှင် အခြေအနေ​မတူ​တော့​ချေ။ ဤ​အစီအစဉ်သည် သင်အံမှု​ကျင်းပ​နေ​သူ အမှန်ပင် ဦးစီး​ရသည့် ကြိုတင်​စီစဉ်​ထားသော သွန်သင်ခြင်း​အစီအစဉ်​တစ်ခု​ဖြစ်၏။ အဆိုပါ​အခြေအနေ​မျိုး​တွင် သင်အံမှု​ပြုလုပ်ခြင်း​သည် အသင်းတော်​၏​တိုးချဲ့​အစီအစဉ်​တစ်ခု​ဖြစ်သည်။ နှစ်ခြင်း​ခံ​ပြီး​သော သက်သေခံ​အမျိုးသမီး​တစ်ဦး​သည် နှစ်ခြင်း​ခံ​ပြီး​သော သက်သေခံ​အမျိုးသား​တစ်ဦး​ရှေ့ ဤသို့​သင်အံမှု​ကျင်းပ​လျှင် ခေါင်းအုပ်​ထားခြင်း​သည် လျောက်ပတ်​ပေ​၏။ သို့သော် ဆက်ကပ်​အပ်နှံ​ထားသော​ညီအစ်ကို​က ဆုတောင်းပေး​သင့်​သည်။ ဆက်ကပ်​အပ်နှံ​ထားသော​ညီအစ်ကို​သည် စကား​အ,နေခြင်း​စ​သော အကြောင်း​တစ်ခုခု​မှ​လွဲ​၍ ညီအစ်ကို​တစ်ဦး​ရှေ့ ညီအစ်မ​တစ်ဦး ဆုတောင်း​မည်​မဟုတ်​ချေ။

တစ်ခါတစ်ရံ နှစ်ခြင်း​မခံရ​သေး​သော ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ အမျိုးသား​တစ်ဦး​သည် ခရစ်ယာန်​ညီအစ်မ​တစ်ဦး​နှင့်အတူ ကျမ်းစာ​သင်အံမှု​လိုက်သွား​ပေမည်။ ညီအစ်မ​က ဆန္ဒရှိ​မည်​ဆိုလျှင် သင်အံမှု​ကို သူ့​အား​ဦးစီး​စေနိုင်​သည်။ သို့သော် နှစ်ခြင်း​မခံရ​သေး​သူသည် နှစ်ခြင်း​ခံ​ပြီး​သော​ညီအစ်မ​ကိုယ်စား လျောက်ပတ်​စွာ ယေဟောဝါ​ထံ ဆုတောင်း​မပေးနိုင်​သောကြောင့် ထို​သင်အံမှု​တွင် ညီအစ်မ​က ဆု​တောင်းလျှင် သင့်လျော်​ပေမည်။ ညီအစ်မ​ဖြစ်သူက သင်အံမှု​ကို​ကျင်းပ​သည်၊ သို့​မဟုတ် ဆုတောင်း​သည်​ဆိုလျှင် ခေါင်းအုပ်​ဖို့​လို​ပေမည်။ အကြောင်း​မှာ ကြေညာသူ​အမျိုးသား​သည် နှစ်ခြင်း​မခံရ​သေး​သော်လည်း သူ၏​ဟောပြောခြင်း​လုပ်ငန်း​ကြောင့် အပြင်လူ​တို့သည် သူ့​အား အသင်းသား​တစ်ဦး​အဖြစ် သဘောထားကြ​၏။

“ကောင်းကင်တမန်​များ​ကို​ထောက်၍ မိန်းမသည် မိမိ​ခေါင်း​ကို​ဖုံး​ရမည်” ဟု​တမန်​တော်​ပေါလု​ရေးသားခဲ့​သည်။ ယေဟောဝါ​အား တည်ကြည်​စွာ အစဉ်​လက်အောက်ခံ​နေကြ​သော သန်းနှင့်ချီ​ကောင်းကင်တမန်​များ​ရှေ့တွင် ခရစ်ယာန်​ညီအစ်မ​များသည် ပုံသက်သေ​ကောင်း​ပြ​ခွင့်​ရရှိ​ကြသည်။ အခြေအနေ​က လိုအပ်​စေသည့်​အခါ ဘုရားတရား​ကြည်ညို​သော အမျိုးသမီးများ​သည် ခေါင်းအုပ်​လျှင် အမှန်တကယ်​ပင် သင့်တော်​လျောက်ပတ်​လှ​ပေ​သည်!

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ခေါင်းအုပ်​ခြင်း​သည် ဦးစီးမှု​ကို ရိုသေ​သည့် အမှတ်အသား​တစ်ခု​ဖြစ်