မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖြောင့်မတ်ခြင်းကိုကြဲ၍ ဘုရားသခင်၏ချစ်ခင်ကြင်နာခြင်းကို ရိတ်သိမ်းလော့

ဖြောင့်မတ်ခြင်းကိုကြဲ၍ ဘုရားသခင်၏ချစ်ခင်ကြင်နာခြင်းကို ရိတ်သိမ်းလော့

ဖြောင့်မတ်ခြင်း​ကို​ကြဲ​၍ ဘုရားသခင်​၏​ချစ်ခင်​ကြင်နာ​ခြင်း​ကို ရိတ်သိမ်း​လော့

“အကျွမ်း​မဝင်​သော​သူ၏ အမှု၌ အာမခံ​သော​သူသည် အလွန်​နာ​လိမ့်​မည်။ လက်ဝါး​ချင်း​ရိုက်​သော​အမှုကို မုန်း​သော​သူ​မူ​ကား စိုးရိမ်​စ​ရာ​မရှိ။” (သု. ၁၁:၁၅) တိုတုတ်​ပြီး အဓိပ္ပာယ်​ပါ​သော ဤ​ဆိုရိုး​စကား​သည် တာဝန်​သိ​သိ​လုပ်ဆောင်ခြင်း​ကို အားပေးနေ​သည်​မှာ အထင်အရှား​ပင်! စိတ်မချ​ရသော ငွေချေး​သူ​အတွက် ပူးတွဲ​လက်မှတ်ထိုး​ပေးခြင်း​သည် ပြဿနာ​ကို လက်​ယပ်​ခေါ်​ရာ​ကျ​၏။ ရှေး​ဣသရေလ​နိုင်ငံ​တွင် သဘောတူညီ​မှု အမှတ်အသား​ဖြစ်သည့် လက်ဝါး​ချင်း​ရိုက်ခြင်း​အမှုကို ရှောင်​လျှင် ငွေကြေး​ထောင်ချောက်​မှ လွတ်ကင်း​လိမ့်​မည်။

ဤ​တွင်​အသုံးပြု​ထားသော​မူ​မှာ “လူသည် မျိုးစေ့ကြဲ​သည်​အတိုင်း အသီးအနှံ​ကို ရိတ်​ရ​လိမ့်​မည်” ဖြစ်​ကြောင်း ထင်ရှား​ပါ​သည်။ (ဂလာတိ ၆:၇) ပရောဖက်​ဟောရှေ​က “ကိုယ်​အဖို့ ဖြောင့်မတ်ခြင်း​မျိုးစေ့ကို​ကြဲ​၍ [“ချစ်ခင်​ကြင်နာ​ခြင်း၊” က​ဘ] အသီးအနှံ​ကို ရိတ်​ကြလော့” ဟု​ဖော်ပြ​ခဲ့​၏။ (ဟောရှေ ၁၀:၁၂) မှန်ပါသည်၊ ဘုရားသခင့်​နည်းလမ်းတော်​အတိုင်း အရာရာကို​ပြု​၍ ဖြောင့်မတ်ခြင်း​ကို စိုက်​ပျိုး​လျှင် ကိုယ်တော်​၏​ချစ်ခင်​ကြင်နာ​ခြင်း​ကို ရိတ်သိမ်း​ရ​လိမ့်​မည်။ ဣသရေလ​ရှင်ဘုရင် ရှောလမုန်က ဤ​မူကို ထပ်ခါတလဲ​လဲ​အသုံးပြု၍ ဖြောင့်မတ်​သော​အပြု​အမူ၊ ရိုးသား​သော​အပြောအဆို​နှင့် လျောက်ပတ်​သော စိတ်ထား​ရှိကြ​ရန် အားပေး​တိုက်တွန်း​ခဲ့​သည်။ ထို​မင်းကြီး​၏​ဉာဏ်ပညာ​စကားတော်​ကို အသေအချာ​ဆန်းစစ်ခြင်း​သည် ဖြောင့်မတ်ခြင်း​မျိုးစေ့ကြဲ​ရန် အမှန်ပင်​အားပေးမှု​ဖြစ်သည်။—သု. ၁၁:၁၅-၃၁

“နှစ်သက်ဖွယ်” ကို​ကြဲ​၍ “ဂုဏ်​အသရေ” ကို​ရိတ်သိမ်း

ပညာရှိ​ဘုရင်​က “နှစ်သက်ဖွယ်သော​မိန်းမသည် ဂုဏ်​အသရေ​ကိုလည်း​ကောင်း၊ ခွန်အား​ကြီးသော​ယောက်ျား​သည် စည်းစိမ်​ကိုလည်း​ကောင်း ရ​တတ်၏” ဟု​ဆို​သည်။ (သု. ၁၁:၁၆) ဤ​အခန်းငယ်​က နှစ်သက်ဖွယ်​မိန်းမ၊ ‘သိမ်မွေ့​သူ’ ရ​တတ်​သည့် တာရှည်ခံ​ဂုဏ်​အသရေ​နှင့် ခွန်အား​ကြီးသော နိုင်ထက်စီးနင်း​ပြုသူ ရ​တတ်​သည့် ယာယီ​စည်းစိမ်​တို့ကို ခွဲခြား​ဖော်ပြ​သည်။

ဂုဏ်​အသရေ​ရှိစေ​သည့် နှစ်လိုဖွယ်​အရည်အသွေးကို မည်သို့​ရနိုင်​မည်​နည်း။ ရှောလမုန်က ဤသို့​ဆုံးမ​သည်– “ပညာ​ရတနာ [“လက်တွေ့ကျ​ဉာဏ်ပညာ၊” က​ဘ] နှင့် [ကောင်းသော]သတိ [“စဉ်းစား​ဆင်ခြင်​နိုင်စွမ်း၊” က​ဘ] ကို . . . အစဉ်​စောင့်ရှောက်​လော့။ သို့ပြုလျှင် ထို​ရတနာ​တို့သည် . . . သင်၏​လည်ပင်း​၌ ဂုဏ်​အသရေ​ဖြစ်​လိမ့်​မည်။” (သု. ၃:၂၁၊ ၂၂) ‘ရှင်ဘုရင်​၏​နှုတ်​တော်​သည် ကျေးဇူး [“နှစ်သက်ဖွယ်၊” က​ဘ] နှင့်​ပြည့်စုံ​ပါ​၏’ ဟု​လည်း ဆာလံဆရာ​က ဆို​သည်။ (ဆာလံ ၄၅:၁၊ ၂) မှန်​ပါ​၏၊ လက်တွေ့ကျ​ဉာဏ်ပညာ၊ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​နှင့် လျှာ​ကို​လျောက်ပတ်​စွာ အသုံးပြုခြင်း​တို့သည် လူတစ်ဦး​၏​တန်ဖိုး​နှင့် နှစ်သက်ဖွယ်​အရည်အသွေးကို တိုးမြှင့်​ပေး​သည်။ ပညာသတိ​ရှိသော​အမျိုးသမီး​၌ ထို​အရည်အချင်းများ အမှန်ပင်​ရှိ၏။ မိုက်မဲ​သော​နာဗလ​၏​ဇနီး အဘိဂဲလ​သည် ထို​ကဲ့သို့​သော​အမျိုးသမီး​တစ်ဦး​ဖြစ်၏။ သူသည် “ဉာဏ်​ကောင်း​၍ အဆင်း​လည်း​လှ” ၏၊ ဘုရင်​ဒါဝိဒ်က သူ၏ ‘ပိုင်းခြား​သိမြင်​သော​ဉာဏ်’ ကို​ချီးမွမ်း​ခဲ့​သည်။—၁ ဓမ္မ​ရာဇဝင် ၂၅:၃၊ ၃၃သမ္မာ။

နှစ်သက်ဖွယ်​အရည်အသွေး​စစ်​ရှိသော ဘုရားတရား​ကြည်ညို​သည့် အမျိုးသမီး​သည် ဂုဏ်​အသရေ​ရှိ​မည်​မှာ သေချာ​သည်။ သူသည် နာမည်​ကောင်း​ရ​လိမ့်​မည်။ သူသည် အိမ်ထောင်​ရှိလျှင် သူ၏​ခင်ပွန်း​က သူ့ကို ဂုဏ်တင်​လိမ့်​မည်။ သူ့​ကြောင့် မိသားစု​တစ်စုလုံး​ပင် ဂုဏ်​အသရေ​ရှိ​လိမ့်​မည်။ သူ၏​ဂုဏ်​အသရေ​သည် တဒင်္ဂ​အတွက်သာ​မဟုတ်​ချေ။ “ကောင်းသော​အသရေ​ကို များစွာသော​ဥစ္စာ​ထက် သာ၍​ရွေး​စ​ရာ​ကောင်း​၏။ သူတစ်ပါး​စုံမက်ခြင်း​ကျေးဇူး​သည် ရွှေငွေ​ထက် သာ၍​ကောင်း​၏။” (သု. ၂၂:၁) ဘုရားသခင်​ရှေ့မှောက်​တွင် ရရှိ​ထားသော နာမည်​ကောင်း​သည် ထာဝစဉ်​တန်ဖိုး​ရှိ၏။

နိုင်ထက်စီးနင်း​ပြုသူ ‘ရက်စက်​ကြမ်းကြုတ်​သော​ယောက်ျား’ ၏​အခြေအနေ​မှာ​မူ ထိုသို့​မဟုတ်ပေ။ (သု. ၁၁:၁၆အပြည်ပြည်ဆိုင်ရာ​ဘာသာပြန်​ကျမ်း​အသစ်) နိုင်ထက်စီးနင်း​ပြုသူ​ကို ဆိုးသွမ်းသူ၊ ယေဟောဝါ​အား​ဝတ်ပြုသူ​များ​ကို ဆန့်ကျင်သူ​တို့​နှင့် တစ်တန်း​တစ်စားတည်း​ထား​သည်။ (ယောဘ ၆:၂၃; ၂၇:၁၃) ဤသို့​သော​သူသည် “ဘုရားသခင်​၏​မျက်နှာတော်​ကို မ​ထောက်” ပါ။ (ဆာလံ ၅၄:၃) ကိုယ်ကျိုး​အတွက် ရိုးသား​သူကို​ဖိနှိပ်​၍ အခွင့်အရေး​ယူ​သူသည် “ငွေ​ကို မြေမှုန့်​ကဲ့သို့​ပုံ” ပေ​လိမ့်​မည်။ (ယောဘ ၂၇:၁၆) သို့သော် တစ်ချိန်ချိန်​တွင် သူ​လှဲ​ကျ​၍ ပြန်ထ​နိုင်​တော့​မည်​မဟုတ်၊ သူ၏​မျက်စိ မ​ဖွင့်​နိုင်​တော့​သည့်​နေ့​သည် သူ၏​သေ​နေ့​ဖြစ်​မည်။ (ယောဘ ၂၇:၁၉) ထို​အခါ သူ၏​ပစ္စည်းဥစ္စာ​ရှိသမျှ​နှင့် ပြီးမြောက်​အောင်မြင်မှု​တို့သည် အချည်းနှီး​ဖြစ်သွား​လိမ့်​မည်။—လုကာ ၁၂:၁၆-၂၁

နယပုံပြင် ၁၁:၁၆ က အမှန်တကယ်​အရေးပါ​လှ​သည့် သင်ခန်းစာပေး​သည်​တကား! ဣသရေလ​ရှင်ဘုရင်​သည် နှစ်သက်ဖွယ်ရာ​နှင့် နိုင်ထက်စီးနင်း​ပြုခြင်း အသီးသီး​တို့​က အဘယ်အရာ​ရိတ်သိမ်း​ရမည်ကို အတိုချုပ်​ဖော်ပြ​ပေးခြင်း​ဖြင့် ဖြောင့်မတ်ခြင်း​မျိုးစေ့ကြဲ​ရန် တိုက်တွန်း​ပါ​သည်။

“သနားတတ်” ခြင်း​သည် အကျိုးကျေးဇူးများ​ကို ဖြစ်ပေါ်​စေ

ရှောလမုန်က “သနား [“ချစ်ခင်​ကြင်နာ၊” က​ဘ] တတ်သော​သူသည် မိမိ​ကိုယ်​၌ ကျေးဇူးပြု​တတ်၏။ ကြမ်းကြုတ်​သော​သူ​မူ​ကား မိမိကိုယ်ကို​ပင် နှောင့်ယှက်​တတ်၏” ဟု​ပြောဆို​ကာ လူ​တို့​နှင့်​ဆက်ဆံ​ရေး​တွင် နောက်ထပ်​သင်ခန်းစာ​တစ်ခု​ကို သင်ပေး​သည်။ (သု. ၁၁:၁၇) “နယပုံပြင်​ကျမ်း​၏ လို​ရင်း​အချက်​မှာ သူတစ်ပါး​အပေါ် ပြုမူ​ဆက်ဆံ​ရေး ကောင်း​သည်​ဖြစ်စေ၊ ဆိုး​သည်​ဖြစ်စေ မရည်ရွယ်​သော သို့​မဟုတ် မမျှော်လင့်​သော အကျိုးဆက်များ​ရရှိစေ​သည်” ဟု ပညာရှင်​တစ်ဦး​က ဆို​၏။ လီဆာ​အမည်​ရှိ အမျိုးသမီးငယ်​တစ်ဦး​ကို သုံးသပ်ကြည့်​ပါ။ * သူသည် စိတ်ရင်းကောင်း​သူ​ဖြစ်သော်လည်း ချိန်းဆိုမှု​များ​တွင် အစဉ်​နောက်ကျ​လေ့​ရှိသည်။ ဟောပြောခြင်း​လုပ်ငန်း​အတွက် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​နှင့် တွေ့ဆုံ​ဖို့ စီစဉ်​ထား​လျှင် မိနစ် ၃၀ သို့​မဟုတ် ထို​ထက်မက နောက်ကျ​လေ့​ရှိသည်။ ဤသို့​နောက်ကျ​ခြင်း​သည် လီဆာ​အတွက် အကျိုးမရှိ​ပါ။ အခြားသူများ​က သူတို့၏​တန်ဖိုး​ရှိ​အချိန် အချည်းနှီး​ကုန်​သွား​သည်ကို သည်းမခံ​နိုင်​တော့​၍ သူနှင့်​နောက်ထပ် ချိန်းချက်​ခြင်း မပြု​လုပ်​တော့​လျှင် သူတို့ကို အပြစ်​ဆိုနိုင်​မည်​လော။

အမှား​မခံ​သူ၊ မြင့်မား​လွန်း​သော စံနှုန်း​များ​ချမှတ်​တတ်​သူသည်​လည်း မိမိကိုယ်ကို ရက်စက်​ရာ​ကျ​သည်။ လက်လှမ်းမမီ​နိုင်သော ပန်းတိုင်​များ​ထားပြီး မရ​မ​က​ကြိုးစား​နေခြင်း​ဖြင့် သူသည် စိတ်ပျက်​မောပန်း​ရုံ​သာ​ရှိ​ပေမည်။ အခြား​တစ်ဖက်​တွင်​မူ၊ လက်တွေ့ကျ​ပြီး အကျိုးသင့်အကြောင်းသင့်​ရှိသော ပန်းတိုင်​များ​ကို ချမှတ်​မည်​ဆိုလျှင် ကျွန်ုပ်​တို့အတွက် အကျိုးရှိ​နိုင်​သည်။ ကျွန်ုပ်​တို့သည် အခြားသူများ​လောက် ဉာဏ်​ထက်မြက်​မည်​မဟုတ်ပေ။ သို့​မဟုတ် ဖျားနာခြင်း၊ အသက်အရွယ်​ကြီးရင့်​ခြင်း​ကြောင့် အဟန့်အတား​များ​ရှိ​ပေမည်။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​တိုးတက်မှု​ကို အားမရ​ဖြစ်နေ​မည့်​အစား မိမိ၏​အကန့်အသတ်​ရှိ​မှုများ​ကို အသိအမှတ်​ပြုပြီး အကျိုးသင့်အကြောင်းသင့်​သဘော​နှင့် အမြဲ​ပြုမူ​ဆောင်ရွက်​ကြပါစို့။ ကျွန်ုပ်​တို့​အတတ်နိုင်ဆုံး “ကြိုးစား​အားထုတ်” သောအခါ ပျော်ရွှင်မှု​ရရှိကြ​၏။—၂ တိမောသေ ၂:၁၅; ဖိလိပ္ပိ ၄:၅

ပညာရှိ​ဘုရင်​က “မတရားသော​သူ ပြုသော​အမှုသည် အမြဲ​မတည်​တတ်။ ဖြောင့်မတ်ခြင်း​တရား​မျိုးစေ့ကို ကြဲ​သော​သူ​မူ​ကား မြဲမြံ​သော​အကျိုးကို ခံရ​လိမ့်​မည်။ ဖြောင့်မတ်ခြင်း​တရားသည် အသက်ရှင်ခြင်း​နှင့်​ဆိုင်​သကဲ့သို့ [မကောင်းမှု]ကို လိုက်ရှာ​သော​သူသည်​လည်း မိမိ​သေခြင်း​တိုင်အောင် လိုက်ရှာ​တတ်၏။ သဘော​ကောက်​သော​သူတို့ကို ထာဝရ​ဘုရား​သည် စက်ဆုပ်​ရွံရှာ​တော်​မူ​၏။ ဖြောင့်သော​လမ်း​သို့ လိုက်​သော​သူတို့ကို​ကား နှစ်သက်​တော်​မူ​၏။ လူဆိုး​တို့သည် အသင်း​ဖွဲ့​သော်လည်း အပြစ်ဒဏ်​နှင့်​မလွတ်​ရ​ကြ။ ဖြောင့်မတ်​သော​သူတို့၏ အမျိုးအနွယ်​မူ​ကား လွတ်​ရ၏” ဟု​ဆိုပြီး ဖြောင့်မတ်​သူသည် အကျိုးကျေးဇူး​ရ​ရှိ၍ ကြမ်းကြုတ်သူ​မူ​ကား အကျိုးယုတ်​စေ​ကြောင်း ထပ်၍​အသေးစိတ် ဆွေးနွေး​ဖော်ပြ​သည်။သု. ၁၁:၁၈-၂၁

အဆိုပါ​အခန်းငယ်​များသည် ဖြောင့်မတ်ခြင်း​မျိုးစေ့ကြဲ​၍ ၎င်း​၏​အကျိုးကျေးဇူး​ကို ရိတ်သိမ်း​ပါ​ဟူသော အခြေခံ​အချက်​ကို နည်း​အမျိုးမျိုးဖြင့် အလေးအနက်​ဖော်ပြ​၏။ မတရားသော​သူသည် အ​ချော​င်​ရ​ရန် လှည့်စား​မည် သို့​မဟုတ် လောင်းကစား​မည်​ဖြစ်သည်။ ဤ​ငွေ​များသည် မတရား​သည့်​နည်းဖြင့် ရရှိ​ထားသော​ကြောင့် သူသည် စိတ်ပျက်​ရ​ပေမည်။ ရိုးသား​စွာ တစ်​နေ​ကုန်​အလုပ်လုပ်သူ​သည် တရားသော​နည်းဖြင့် အ​ခ​ငွေ​ရရှိသော​ကြောင့် စိတ်​ချမ်းမြေ့​၏။ ဘုရားသခင်​၏​မျက်နှာသာ​ရရှိသော အပြစ်မဲ့​သူသည် အသက်​ရ​ရန် မျှော်လင့်​နိုင်​သည်။ သို့သော် မတရားသော​သူသည် မည်သို့​ဖြစ်​မည်​နည်း။ မတရားသော​သူသည် ဖောက်ပြန်​ရန် “အသင်း​ဖွဲ့​သော်လည်း” အပြစ်ဒဏ်​မှ လွတ်မြောက်​မည်​မဟုတ်​ချေ။ (သု. ၂:၂၁၊ ၂၂) ဖြောင့်မတ်ခြင်း​မျိုးစေ့ကြဲ​ရန် တိုက်တွန်းချက်​ကောင်း​တစ်ခု​ပါ​တကား!

ကောင်းသော​သတိ​ရှိသူ​အတွက် အလှ​စစ်​အလှ​မှန်

“[ကောင်းသော]သတိ​မရှိ၊ အဆင်းလှ​သော​မိန်းမသည် ဝက်​မ​နှာခေါင်း​ဖျား​၌ တပ်​သော ရွှေ​တန်ဆာ​နှင့်​တူ​၏” ဟု​ရှောလမုန်​ဆက်​ပြော​သည်။ (သု. ၁၁:၂၂) ကျမ်းစာ​ခေတ်တွင် နှာ​ဆွဲ​များသည် လူကြိုက်များ​သော အလှ​တန်ဆာ​ဖြစ်၏။ နှာခေါင်း​ဘေး​မှ သို့​မဟုတ် နှာခေါင်း​ပေါက်​အလယ်​မှ တပ်ထား​သော ရွှေ​နှာ​ဆွဲ​သည် အမျိုးသမီး​ကိုယ်​ပေါ်​တွင် အလွယ်တကူ​တွေ့မြင်​နိုင်သော အလှ​တန်ဆာ​တစ်ခု​ဖြစ်၏။ ဤမျှ​အလွန်​လှပသော အဆင်တန်ဆာ​ကို ဝက်​မ​နှာခေါင်း​ဖျား​၌ တပ်ထား​ခြင်း​သည် လုံးဝ​မအပ်စပ်​လိုက်​လေ​ခြင်း! “[ကောင်းသော]သတိ​မရှိ” သော​အပြင်ပန်း​လှပ​သူ​တစ်ဦး​လည်း အတူတူ​ပင်​ဖြစ်၏။ အဆင်တန်ဆာ​သည် ထို​ကဲ့သို့​သော အမျိုးသမီးနှင့်​ဖြစ်စေ၊ အမျိုးသား​နှင့်​ဖြစ်စေ မသင့်​တော်​ပေ။ မအပ်စပ်​သည့်​အပြင် နှစ်သက်ဖွယ်​မကောင်း​ပေ။

အခြားသူများ​က ကျွန်ုပ်​တို့ကို မည်သို့​ကြည့်မြင်​ပုံ​အပေါ် စိုးရိမ်​ပူပန်ခြင်း​ကား သဘာဝ​ပင်​ဖြစ်၏။ သို့ရာတွင် ကျွန်ုပ်​တို့၏​မျက်နှာ သို့​မဟုတ် ကိုယ်လုံးကိုယ်ပေါက်​အတွက် အဘယ်ကြောင့် စိုးရိမ်​လွန်​ရမည်​နည်း၊ အဘယ်ကြောင့် မကျေမနပ်​ဖြစ်​ကြ​ရမည်​နည်း။ ကျွန်ုပ်​တို့၏​ရုပ်အသွင်အပြင်​အများ​ကို ထိန်းချုပ်​ပြုပြင်၍​မရပါ။ ရုပ်​ရူပ​ကာ​သည် အဓိက​မကျ​ပေ။ ကျွန်ုပ်​တို့ နှစ်သက်​သဘောကျ​သူ အများစု​သည် သာမန်​ရုပ်ရည်​သာ ရှိ​သူများ​မဟုတ်ပေ​လော။ ပျော်ရွှင်မှု​အတွက် ကိုယ်ကာယ​လှပမှု​သည် အဓိက​မဟုတ်​ချေ။ အမှန်တကယ်​တန်ဖိုး​ရှိသည်​မှာ တာရှည်ခံ​ဘုရားသခင့်​အရည်အသွေးများ​ဖြစ်သည့် အတွင်း​အလှ​ဖြစ်၏။ သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် ကောင်းသော​သတိ​ရှိပြီး ထိုသို့​သော​အရည်အသွေးများ​ကို မွေးမြူ​ကြပါစို့​လေ။

“စွန့်ကြဲ​တတ်သော​သူသည် ကြွယ်ဝ​လိမ့်​မည်”

ရှောလမုန်​ဘုရင်​က “ဖြောင့်မတ်​သော​သူသည် မြတ်သော​အရာ​ကို​သာ တောင့်တ​တတ်၏။ မတရားသော​သူ မျှော်လင့်​သော​အရာ​မူ​ကား ဒေါသ​အမျက်​နှင့်​ဆိုင်​သတည်း” ဟု​ဆို​သည်။ ထိုသို့ မည်သို့​ဖြစ်​နိုင်​ကြောင်း ဥပမာ​ပေး​၍ ဤသို့​ထပ်ဆင့်​ဆို​၏– “စွန့်ကြဲ​သော်လည်း ဥစ္စာ​တိုးပွား​တတ်သော​သူ​ရှိ၏။ အထောက်​မတန်​စုသိမ်း​၍ ဆင်းရဲခြင်း​သို့ ရောက်​တတ်သော​သူလည်း​ရှိ၏။”—သု. ၁၁:၂၃၊ ၂၄

ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​အသိပညာကို လုံ့လ​စိုက်ထုတ်​၍ ဖြန့်ဝေ​ပေးကမ်း​မည်​ဆိုလျှင် ကျမ်းစာ​၏ “အနံ၊ အလျား၊ အနက်၊ အမြင့်​တို့ကို” ပိုမို​ပိုင်းခြား​သိမြင်​လာ​မည်​မှာ သေချာ​ပါ​သည်။ (ဧဖက် ၃:၁၈) တစ်ဖက်​တွင်​မူ၊ ရရှိ​ထား​အသိပညာကို အသုံးမပြု​သူသည် ထို​အသိပညာ ဆုံးရှုံး​သွား​နိုင်​ဖွယ်​ရှိ၏။ မှန်ပါသည်၊ “အနည်းငယ်​သော​မျိုးစေ့ကို ကြဲ​သော​သူသည် စပါး​အနည်းငယ်​သာ ရိတ်​ရမည်။ များစွာ​ကြဲ​သော​သူသည် များစွာ​ရိတ်​ရမည်။”—၂ ကောရိန္သု ၉:၆

ရှင်ဘုရင်​က ဤသို့​ဆက်​မိန့်ဆို​သည်– “စွန့်ကြဲ​တတ်သော​သူသည် ကြွယ်ဝ​လိမ့်​မည်။ သူတစ်ပါးကို ရေလောင်း​သော​သူသည် ကိုယ်တိုင်​ရေလောင်းခြင်း​အကျိုးကို ခံရ​လိမ့်​မည်။” (သု. ၁၁:၂၅) စစ်မှန်သော​ဝတ်ပြုရေး တိုးတက်စေ​ရန် ကျွန်ုပ်​တို့၏ အချိန်​နှင့်​ပစ္စည်းဥစ္စာ​ကို ရက်ရက်ရောရော​အသုံးပြုခြင်း​ကို ယေဟောဝါ​အားရ​နှစ်သက်​တော်​မူ​၏။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) ကိုယ်တော်​သည် “မိုးကောင်းကင်​ပြတင်းပေါက်​တို့ကို ဖွင့်​၍ ကောင်းချီး​မင်္ဂလာ​ကို အကုန်အစင်​သွန်းလောင်း​မည်” ဖြစ်သည်။ (မာလခိ ၃:၁၀) ကိုယ်တော်​၏ မျက်မှောက်ခေတ်​ကျေးကျွန်​များ ခံစားရ​သည့် ဝိညာဉ်​ရေး​ကြွယ်ဝမှု​ကို ပြန်​ကြည့်​လိုက်ပါ!

“စပါး​ကို သိုထား​သော​သူသည် လူများ​ကျိန်ဆဲ​ခြင်း​ကို ခံရ​လိမ့်​မည်။ ရောင်းချ​သော​သူ၏​ခေါင်း​၌​မူ​ကား ကောင်းချီး​မင်္ဂလာ​ရှိ​လိမ့်​မည်” ဟု​ရှောလမုန်​မိန့်ဆိုခဲ့​ခြင်း​က ဖြောင့်မတ်​သော​သူနှင့် မတရားသော​သူတို့၏​ဆန္ဒ​များ ကွာခြား​ကြောင်းကို​ဖော်ပြ​သည့် နောက်ထပ်​ပုံ​ဥပမာတစ်ခု​ဖြစ်သည်။ (သု. ၁၁:၂၆) ကုန်ပစ္စည်း​တန်ဖိုး​ကျ​ချိန်​တွင် ဝယ်ယူ​သိမ်းထား​၍ ရှားပါး​ပြီး တန်ဖိုး​တက်ချိန်​မှ ရောင်းချခြင်း​သည် အမြတ်အစွန်း​ရရှိ​စေနိုင်​သည်။ တော်ရုံ​အသုံးပြုပြီး သိမ်းထား​ခြင်း​သည် အကျိုးအမြတ်​ရရှိ​မည်​ဖြစ်သော်လည်း ကိုယ်ကျိုး​အတွက် ထိုသို့​ပြုလုပ်​သူကို လူအများ​က အထင်သေး​ရွံရှာ​ကြ​၏။ အခြား​တစ်ဖက်​တွင်​မူ၊ အရေးပေါ်​အခြေအနေ​ကို အခွင့်ကောင်း​ယူ၍ ကြီးစွာ​သော​အမြတ်​မ​ထုတ်​သူကို လူ​တို့​နှစ်သက်​သဘောကျ​ကြ​၏။

ဣသရေလ​ရှင်ဘုရင်​က “ကောင်းသော​အရာ​ကို ကြိုး​စား၍ ရှာ​သော​သူသည် ကျေးဇူး​ကို ခံရ​လိမ့်​မည်။ သူ့​အကျိုးကို​ဖျက်​ခြင်း​ငှာ ရှာကြံ​သော​သူ​မူ​ကား ကိုယ်​အကျိုး​ပျက်​ခြင်း​ရှိ​လိမ့်​မည်။ မိမိ​စည်းစိမ်​ကို ကိုးစား​သော​သူသည် ရှုံး​လိမ့်​မည်။ ဖြောင့်မတ်​သော​သူ​မူ​ကား သစ်​ခက်​ကဲ့သို့ စိမ်းလန်း​လိမ့်​မည်” ဟု​ဆို​၍ ကောင်းမှု သို့​မဟုတ် ဖြောင့်မတ်မှု​ကို ပြုလုပ်​လို​စိတ်​ဆက်​ရှိနေ​ရန် ကျွန်ုပ်​တို့ကို အားပေး​သည်။သု. ၁၁:၂၇၊ ၂၈

ဖြောင့်မတ်​သော​သူသည် စိတ်​ဝိညာဉ်​ကို​ရ

မိုက်မဲ​သော​လုပ်ရပ်​မှ ဆိုးကျိုး​များ ဖြစ်ပေါ်​လာ​ကြောင်းကို ဖော်ပြ​ရန် ရှောလမုန်က ဤသို့​ဆို​သည်– “မိမိ​အိမ်ကို နှောင့်ယှက်​သော​သူသည် လေကို အမွေခံ​ရ​လိမ့်​မည်။” (သု. ၁၁:၂၉က) အာခန်​၏​လုပ်ရပ်​အမှား​က ‘သူ့ကိုယ်သူ ပယ်ရှား​ခံရ​စေ’ ၍ သူနှင့်​သူ၏​မိသားစု​ပါ ခဲ​နှင့်​ပေါက်သတ်​ခံ​ခဲ့​ကြ​ရ၏။ (ယောရှု အခန်းကြီး ၇) ယနေ့ ခရစ်ယာန်​အိမ်ထောင်ဦးစီး​နှင့် သူ၏​အိမ်သား​များသည် မှားယွင်းမှု​တစ်ခု​တွင် ပါဝင်​ကြ​ရာ ခရစ်ယာန်​အသင်းတော်​မှ နှင်ထုတ်​ခံရ​ပေမည်။ အိမ်ထောင်ဦးစီး​သည် ဘုရားသခင်​၏​ပညတ်​များ​ကို ကိုယ်တိုင်​မလိုက်လျှောက်​ခြင်း၊ မိသားစု​၏ ကြီး​လေး​သော​အပြစ်ကို ခွင့်ပြု​ထားခြင်း​ကြောင့် သူ၏​အိမ်ထောင်သည် ပယ်ရှားခြင်း​ခံ​ခဲ့​ရ၏။ သူနှင့် သူ၏​မိသားစု​မှ အခြား​သူများ​သည် နောင်တ​မရ​သော အပြစ်ပြု​သူများ​အဖြစ် ခရစ်ယာန်​အသင်းတော်​မှ နှင်ထုတ်​ခံရ​မည်။ (၁ ကောရိန္သု ၅:၁၁-၁၃) သူသည် အဘယ်အရာကို အမွေ​ရမည်​နည်း။ မည်မည်ရရ​မဖော်​ပြ​နိုင်သော လေကို​သာ ရရှိ​ပေမည်။

ဤ​အခန်းငယ်​က ဤသို့​ဆက်ဆို​သည်– “မိုက်​သော​သူသည်​လည်း ပညာရှိ​သော​သူ​ထံ​၌ ကျွန်ခံ​ရ​လိမ့်​မည်။” (သု. ၁၁:၂၉ခသ​မ) မိုက်​သော​သူသည် လက်တွေ့ကျ​ဉာဏ်ပညာ​မရှိသော​ကြောင့် သူ့​အား တာဝန်​များများ​လွှဲအပ်​၍​မရချေ။ ထို့​ပြင် သူ၏​ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​ကို ကောင်းစွာ​မစီမံ​မ​ခန့်ခွဲ​တတ်​သဖြင့် သူတစ်ပါး​၏​ကျေးဇူး​အောက် ရောက်ရှိ​သွားပေ​မည်။ ဤသို့​သော​ပညာ​မဲ့​သူသည် “ပညာရှိ​သော​သူ​ထံ​၌ ကျွန်ခံ” ရ​ပေမည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့​ပြုမူ​သမျှ​တွင် ကောင်းစွာ​ချင့်ချိန်​နိုင်စွမ်း​နှင့် လက်တွေ့ကျ​ဉာဏ်ပညာ​ကို အသုံးပြုရန် အရေးကြီးကြောင်း ထင်ရှား​ပါ​သည်။

“ဖြောင့်မတ်​သော​သူ​သီး​သော အသီး​သည် အသက်​ပင်​အသီး​ဖြစ်၏။ သူတစ်ပါး​တို့၏ စိတ်​ဝိညာဉ်​ကို​ရသော​သူသည်​လည်း ပညာရှိ​ဖြစ်၏” ဟု​ပညာရှိ​ဘုရင်​က အာမခံ​သည်။ (သု. ၁၁:၃၀) မည်သို့​ဖြစ်​နိုင်​မည်​နည်း။ ဖြောင့်မတ်​သူသည် သူ၏​အပြောအဆို၊ အပြုအမူအားဖြင့် အခြား​သူများကို ဝိညာဉ်​ရေး​အာဟာရ​ရရှိစေ​၏။ ယေဟောဝါ​အား​ဝတ်ပြု​ရန် သူတို့​တိုက်တွန်း​ခံ​ကြ​ရ​ရာ နောက်ဆုံး​တွင် ဘုရားသခင်​ပေးသနား​မည့် အသက်တာကို ရရှိ​ပေ​လိမ့်​မည်။

အပြစ်​ထင်ရှားသော​သူသည် သာ၍​ပင် အပြစ်ဒဏ်​ကို​ခံရ’

အထက်ပါ​ဆိုရိုး​စကား​သည် ဖြောင့်မတ်ခြင်း​မျိုးစေ့ကြဲ​ရန် ကျွန်ုပ်​တို့ကို အားပေး​တိုက်တွန်း​ထား​ပါ​သည်! “လူသည် မျိုးစေ့ကြဲ​သည်​အတိုင်း အသီးအနှံ​ကို​ရိတ်​ရ​လိမ့်​မည်” ဟူသော​မူကို ဤနည်းဖြင့် ရှောလမုန်​မိန့်ဆို​ထား​၏– “ဖြောင့်မတ်​သော​သူ​သော်လည်း မြေကြီး​ပေါ်မှာ အပြစ်ဒဏ်​ကို​ခံရ​၏။ မတရားသော​သူနှင့် အပြစ်​ထင်ရှားသော​သူ​မူ​ကား အဘယ်​ဆို​ဖွယ်​ရာ​ရှိ​သနည်း။”—သု. ၁၁:၃၁

ဖြောင့်မတ်​သော​သူသည် မှန်ကန်​ရာ​ကို ကြိုးစား​အားထုတ်​သော်လည်း တစ်ခါတစ်ရံ အပြစ်ပြု​မိ​တတ်၏။ (ဒေ. ၇:၂၀) သူ၏​အမှား​များ​အတွက် ဆုံးမ​ပဲ့ပြင်​ခြင်း “ဒဏ်​ကို​ခံ” ရ​လိမ့်​မည်။ မှား​သော​လမ်းစဉ်​ကို တမင်တကာ​ရွေးချယ်​ပြီး ဖြောင့်မတ်ခြင်း​လမ်းစဉ်​သို့ ပြန်လှည့်​လာရန် မကြိုးစား​သည့် မတရားသော​သူ​ကော အသို့နည်း။ ထို​သူသည် “အပြစ်ဒဏ်” ပြင်းပြင်းထန်ထန် သာ၍​ပင် ခံထိုက်​ပေ​သည်မဟုတ်​လော။ “ဖြောင့်မတ်​သော​သူသည် ကယ်တင်ခြင်း​သို့ ရောက်​နိုင်​ခဲ​သည်​မှန်​လျှင် ဘုရားသခင်​ကို မကိုးကွယ်​သော​သူ၊ အပြစ်​ထင်ရှားသော​သူသည် အဘယ်​မှာ​ပေါ်​လိမ့်​မည်​နည်း” ဟု​တမန်​တော်​ပေတရု​ရေးသားခဲ့​သည်။ (၁ ပေတရု ၄:၁၈) ထို့​ကြောင့် ကျွန်ုပ်​တို့​အကျိုးအတွက် ဖြောင့်မတ်ခြင်း​မျိုးစေ့ကြဲ​ရန် သန္နိ​ဋ္ဌာန်​ချ​ကြ​စို့​လေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ဤ​တွင် အစားထိုး​အမည် အသုံးပြု​ထား​သည်။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

“နှစ်သက်ဖွယ်” အရည်အသွေး​က အဘိဂဲလ​ကို “ဂုဏ်​အသရေ” ရှိစေခဲ့

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

‘မတရားသော​သူ​ပြုသော အမှုသည် အမြဲ​မတည်​တတ်၊ ဖြောင့်မတ်​သူသည် မြဲမြံ​သော​အကျိုးကို​ခံရ’

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

‘များစွာ​ကြဲ​၍ များစွာ​ရိတ်​လော့’