မီးငရဲ မည်သို့ဖြစ်သွား ခဲ့ပြီနည်း
မီးငရဲ မည်သို့ဖြစ်သွား ခဲ့ပြီနည်း
သင့်စိတ်ထဲတွင် “ငရဲ” ဟူသောစကားလုံးက အဘယ်အရာကို ရုပ်လုံးပေါ်စေသနည်း။ ငရဲကို ပကတိကန့်မီးလောင်ရာ၊ ထာဝရညှဉ်းဆဲရာအရပ်အဖြစ် သင်မြင်ယောင်ပါသလော။ သို့မဟုတ် ငရဲဟူသည် အခြေအနေတစ်ခုကို ပုံဆောင်ဖော်ပြခြင်းလော။
ခရစ်ယာန်ဘောင် ဘာသာရေးခေါင်းဆောင်များက မချိမဆံ့ညှဉ်းဆဲရာ မီးငရဲကို အပြစ်ပြုသူများ၏ ကြမ္မာအဖြစ် ရာစုနှစ်ချီ၍ မြင်ယောင်စေခဲ့ပြီ။ ဤအယူအဆသည် အခြားဘာသာရေးအဖွဲ့များတွင်လည်း ရေပန်းစားလျက်ရှိသည်။ “ခရစ်ယာန်ဘာသာတရားက ငရဲကို နေ့စဉ်သုံးစကားလုံးတစ်လုံး ဖြစ်စေခဲ့သော်လည်း ဤအယူဝါဒသည် ခရစ်ယာန်ဘာသာတရားတစ်ခုတည်း၏ မူပိုင်အယူဝါဒမဟုတ်ပေ။ တမလွန်ဘဝတွင် နာကျင်စွာအပြစ်ဒဏ်ခံရမည်ဟူသော ခြိမ်းခြောက်မှုသည် အဓိကကမ္ဘာ့ဘာသာကြီးတိုင်းလိုလိုတွင်မက ဘာသာတရားငယ်များတွင်လည်း ရှိသည်” ဟု ယူ.အက်စ်. သတင်းနှင့် ကမ္ဘာ့မှတ်တမ်းကဆို၏။ ဟိန္ဒူ၊ . . . ၊ မွတ်ဆလင်၊ ဂျိန်းနှင့် တာအိုဘာသာဝင်များသည် ငရဲကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ယုံကြည်ကြသည်။
သို့သော် ငရဲသည် ခေတ်သစ်ယူဆချက်တွင် အသွင်နောက်တစ်မျိုးဖြစ်သည်။ “ထုံးတမ်းစဉ်လာအရ ငရဲကို မီးတောက်လောင်နေသောအသွင်ဖြင့် ယုံကြည်သူများစွာ ရှိကြသေးသော်လည်း ခေတ်သစ်အမြင်အရ အထူးသဖြင့် မနှစ်မြို့ဖွယ်အခန်းကျဉ်းထဲတွင် တိုက်ပိတ်ခံရသည်အလား ထာဝရအပြစ်ဒဏ်ပေးခြင်းအဖြစ် ရှုမြင်လာကြရာ ငရဲသည် အလွန်ပူပြင်းသည့် နေရာမဟုတ်တော့ချေ” ဟုအထက်ဖော်ပြပါ မဂ္ဂဇင်းကဆို၏။
ဂျက်စူအစ်ဂျာနယ် လာစီဗီလ်တာ ကာတိုလီကာ ကဤသို့ဆိုသည်– “ယင်းက ဘုရားသခင်သည် မီးကဲ့သို့ပူပြင်းသောနေရာတွင် နတ်ဆိုးများအားဖြင့် ကြောက်မက်ဖွယ်ညှဉ်းဆဲ၍ အပြစ်ဒဏ်ပေးသည်ဟု . . . တလွဲထင်မြင်စေသည်။” ထိုဂျာနယ်က ဤသို့ထပ်ဆင့်ဆို၏– “ငရဲသည် နေရာတစ်ခုအဖြစ်မဟုတ်ဘဲ အခြေအနေတစ်ခုအဖြစ် တည်ရှိသည်၊ ဘုရားသခင်နှင့်ဝေးကွာနေသော စိတ်ဆင်းရဲနေရသူ၏ အနေအထားဖြစ်သည်။” ဒုတိယမြောက်ပုပ်ရဟန်းမင်းဂျွန်ပေါလ်က ၁၉၉၉ ခုနှစ်တွင် ဤသို့ဆိုသည်– “ငရဲသည် နေရာတစ်ခုမဟုတ်ဘဲ အသက်နှင့်ပျော်ရွှင်မှုရှိသမျှ၏ ရင်းမြစ်ဖြစ်တော်မူသော ဘုရားသခင်ထံမှ စိတ်လိုကိုယ်လျောက် ဝေးကွာနေကြသူများ၏ အနေအထားကို ဖော်ညွှန်းသည်။” မီးတောက်လောင်သည့်နေရာအဖြစ် ငရဲကို ပုံဖော်ခဲ့ခြင်းနှင့်ပတ်သက်၍ သူက ဤသို့ဆိုသည်– “ဘုရားသခင်မပါဘဲ လုံးဝအဓိပ္ပာယ်မဲ့သည့် အသက်တာမျိုးကို ဖော်ညွှန်းနေခြင်းသာဖြစ်သည်။” ထိုပုပ်ရဟန်းမင်းကသာ ငရဲကို “ခက်ရင်းခွကိုင်ထားသည့် မီးတောက်မီးလျှံများကြား အနီရောင်ဝတ်ဆင်ထားသော နတ်ဆိုး” ပုံစံမျိုးဖြင့် ဖော်ပြခဲ့လျှင် “လူတို့သည် ငရဲကို အလေးအနက်သဘောထားကြတော့မည်မဟုတ်” ဟု ချာ့ခ်ျသမိုင်းပညာရှင် မာတင် မာတီက ပြောခဲ့သည်။
အခြားဘာသာရေးဂိုဏ်းဂဏများတွင်လည်း အလားတူပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေလျက်ရှိ၏။ အင်္ဂလန်ချာ့ခ်ျ၏ အယူဝါဒဆိုင်ရာအဖွဲ့မှ ပြန်တမ်းတစ်ခုက ဤသို့ဆိုသည်– “ငရဲဟူသည် ထာဝရညှဉ်းဆဲရာမဟုတ်ချေ၊ ဘုရားသခင်ကို လုံးဝငြင်းပယ်သည့် ဘဝလမ်းစဉ်ကို အစဉ်ရွေးချယ်ခြင်းဖြင့် အဆုံး၌ လုံးဝမတည်ရှိတော့ခြင်းဖြစ်သည်။”
အမေရိကန်ပြည်ထောင်စု အီပီစ်ကိုပယ်လ်ချာ့ခ်ျ၏ အမေးအဖြေကျမ်းက ငရဲကို “ဘုရားသခင်အား ငြင်းပယ်သောကြောင့် ထာဝရသေခြင်း” အဖြစ် ဖော်ပြ၏။ “ဆိုးသွမ်းသူ၏နိဂုံးမှာ ထာဝရညှဉ်းဆဲခြင်းမဟုတ်ဘဲ ဖျက်ဆီးခြင်းဖြစ်သည်” ဟူသော ယူဆချက်ကို ထောက်ခံလာသူအရေအတွက် တိုးများလာနေ၏။ “. . . အဆုံးအထိ
ဘုရားသခင်ကို ငြင်းပယ်သူများသည် ‘မီးတောက်လောင်နေသောမီး’ ငရဲတွင် လုံးဝပျောက်သွားမည်ဟု [သူတို့] အခိုင်အမာဆိုကြသည်” ဟု ယူ.အက်စ်. သတင်းနှင့် ကမ္ဘာ့မှတ်တမ်းက ဆိုသည်။မျက်မှောက်ခေတ်အမြင်တွင် ကန့်မီးလောင်ကျွမ်းသည့်အရပ်အဖြစ် အမြင်မျိုးမရှိကြသော်လည်း လူအများမှာမူ ငရဲသည် ပကတိထာဝရညှဉ်းဆဲရာအရပ်ဖြစ်သည်ဟု ဆက်လက်ယုံကြည်နေကြဆဲပင်ရှိ၏။ ယူ.အက်စ်.အေ. ကင်တပ်ကီးပြည်နယ်၊ လူးအစ်ဗီလ်မြို့ တောင်ပိုင်းနှစ်ခြင်းဘာသာရေးကျောင်းမှ အဲလ်ဘတ် မိုလာက “ငရဲသည် မီးဖြင့်ညှဉ်းဆဲရာ ပကတိအရပ်ဖြစ်၏ဟု ကျမ်းစာက ရှင်းရှင်းလင်းလင်းဖော်ပြထားသည်” ဟုဆို၏။ ထို့ပြင် ဧဝံဂေလိမဟာမိတ်အဖွဲ့ ပြင်ဆင်ခဲ့သော ငရဲအခြေအနေ မှတ်တမ်းက “ငရဲဟူသည် အပယ်ဘဝဖြင့် ညှဉ်းဆဲခံရခြင်းအသိဖြစ်သည်” ဟုဖော်ပြ၏။ ၎င်းမှတ်တမ်းက ဤသို့ထပ်ဆင့်သည်– “ငရဲတွင် အပြစ်ဒဏ်ခံရခြင်းအတိုင်းအတာသည် မြေကြီးပေါ်တွင် ကြီးလေးသောအပြစ်ကျူးလွန်မှုနှင့် ဆက်စပ်၏။”
ငရဲဟူသည် ထာဝရညှဉ်းဆဲခြင်း သို့မဟုတ် လုံးဝဖျက်ဆီးခြင်းခံရရာ မီးလောင်နေသည့် အရပ်လော။ သို့မဟုတ် ဘုရားသခင်ထံမှဝေးကွာနေခြင်း အခြေအနေမျှလော။ ငရဲသည် အမှန်စင်စစ် အဘယ်နည်း။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]]
မီးငရဲ ရာဇဝင်အကျဉ်းချုပ်
ခရစ်ယာန်အမည်ခံများသည် မီးငရဲယုံကြည်ချက်ကို မည်သည့်အချိန်တွင် ခံယူခဲ့ကြသနည်း။ ယေရှုခရစ်နှင့် ကိုယ်တော်၏တမန်တော်များခေတ်ကုန်၍ အတော်အတန်ကြာပြီးနောက်မှဖြစ်သည်။ “ပေတရုဗျာဒိတ်အဆင်းအာရုံကျမ်း (စီ.အီး. ဒုတိယရာစု) သည် ငရဲတွင် အပြစ်ရှိသူများ အပြစ်စီရင်ညှဉ်းဆဲခံရသည့်အကြောင်းကို ဖော်ပြထားသော ပထမဦးဆုံး [အတုအယောင်] ခရစ်ယာန်ကျမ်းဖြစ်သည်” ဟုပြင်သစ် ယူနီဗာဆယ် စွယ်စုံကျမ်းက ဖော်ပြသည်။
သို့သော် အစောပိုင်းချာ့ခ်ျဘုန်းကြီးများသည် ငရဲနှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြ၏။ ဂျတ်စင်မာတာ၊ အလက်ဇန္ဒြီးယားမြို့မှ ကလီးမင့်၊ တာတူလျန်နှင့် ဆီပရီယန်တို့က ငရဲသည် မီးတောက်လောင်ရာအရပ်ဖြစ်၏ဟု ယုံကြည်ခဲ့ကြသည်။ ဩရီဂျင်နှင့် ဓမ္မပညာရှင် နစ်စာ ဂရယ်ဂရီတို့ကမူ၊ ငရဲကို ဘုရားသခင်ထံမှ ဝေးကွာနေ၍ ဝိညာဉ်ရေးဘက် ဆင်းရဲခြင်းခံစားရာအရပ်အဖြစ် ယူဆခဲ့ကြသည်။ အခြားတစ်ဖက်တွင်မူ၊ ငရဲတွင် ဝေဒနာခံစားရခြင်းသည် ဝိညာဉ်ရေးရော၊ စိတ်ပိုင်းဆိုင်ရာပါဖြစ်သည်ဟု ဟစ်ပိုမြို့မှ ဩဂတ်စ္စတင်းက ယုံကြည်ခဲ့သည်၊ ထိုယုံကြည်ချက်ကို လူအများ လက်ခံလာခဲ့ကြ၏။ “ပဉ္စမရာစုနှစ်တိုင်လေသော် အပြစ်သားများသည် နောင်ဘဝ၌ ဒုတိယအကြိမ်အခွင့်အရေးရရှိမည်မဟုတ်၊ သူတို့ကို ဝါးမျိုဖျက်ဆီးမည့် မီးတောက်မီးလျှံမှာလည်း ဘယ်တော့မှ ငြိမ်းသွားမည်မဟုတ်ဟူသော ပြင်းထန်သောအယူဝါဒသည် နေရာတိုင်း၌ လွှမ်းမိုးပျံ့နှံ့နေလေသည်” ဟု ပါမောက္ခ ဂျေ.အဲန်.ဒီ. ကေလီက ရေးသားခဲ့သည်။
၁၆ ရာစုနှစ်တွင် မာတင် လူသာနှင့် ဂျွန်ကယ်ဗင်တို့ကဲ့သို့သော ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးသမားများက ညှဉ်းဆဲရာမီးငရဲသည် ဘုရားသခင်ထံမှ ထာဝရဝေးကွာနေခြင်းကို ပုံဆောင်သည်ဟု နားလည်သဘောပေါက်လာခဲ့ကြသည်။ သို့သော် ငရဲသည် ညှဉ်းဆဲရာအရပ်ဖြစ်သည်ဟူသော အယူအဆသည် နောက်ပိုင်းရာစု နှစ်ခုအတွင်း ပြန်ပေါ်လာသည်။ ပရိုတက်စတင့် တရားဟောဆရာ ဂျော်နသန် အက်ဒွပ်သည် ငရဲကို ပီပြင်စွာသရုပ်ဖော်ခြင်းဖြင့် ၁၈ ရာစုမှ ကိုလိုနီအမေရိကန်များ၏နှလုံးထဲ ကြောက်စိတ်ပေါ်စေခဲ့၏။
သို့သော် မကြာမီမှာပင် ငရဲမီးတောက်မီးလျှံသည် မှေးမိန်စပြုလာလေသည်။ “၂၀ ရာစုတွင် ငရဲအယူဝါဒပျောက်ဆုံးလုနီးပါးဖြစ်ခဲ့သည်” ဟု ယူ.အက်စ်. သတင်းနှင့် ကမ္ဘာ့မှတ်တမ်းက ဖော်ပြ၏။
[ရုပ်ပုံ]
ငရဲဟူသည် မီးတောက်လောင်ရာအရပ် ဖြစ်သည်ဟု ဂျတ်စတင်မာတာယုံကြည်ခဲ့
ငရဲတွင် ဝေဒနာခံစားရခြင်းသည် ဝိညာဉ်ရေးရော၊ စိတ်ပိုင်းဆိုင်ရာပါဖြစ်သည်ဟု ဟစ်ပိုမြို့မှ ဩဂတ်စ္စတင်း သွန်သင်ပေးခဲ့