မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ခံနိုင်ရည်တွင် ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းကို ဖြည့်စွက်လော့

သင့်ခံနိုင်ရည်တွင် ဘုရားသခင်ဝတ်၌ မွေ့လျော်ခြင်းကို ဖြည့်စွက်လော့

သင့်​ခံနိုင်ရည်​တွင် ဘုရားသခင်​ဝတ်၌ မွေ့လျော်ခြင်း​ကို ဖြည့်စွက်​လော့

“သင် . . . တို့၏ ယုံကြည်ခြင်းကို . . . ခံနိုင်ရည်​ရှိ​ခြင်း​ဖြင့်​လည်းကောင်း၊ ခံနိုင်ရည်​ရှိ​ခြင်း​ကို ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း​ဖြင့် လည်းကောင်း၊ . . . ဖြည့်စွက် . . . ကြလော့။”—၂ ပေတရု ၁:၅၊ ၆၊ သတင်းကောင်း။

၁၊ ၂။ (က) ကလေးငယ်​တစ်ဦး​သည် မည်သို့​ကြီးထွား​လာဖို့ မျှော်လင့်​ကြ​သနည်း။ (ခ) ဝိညာဉ်​ရေး​ကြီးထွားမှု​သည် မည်မျှ​အရေးပါ​သနည်း။

ကလေးငယ်​တစ်ဦး ကြီးထွား​လာ​ခြင်း​သည် အရေးပါ​သည်​မှန်​သော်လည်း ကာယရေး​ကြီးထွားမှု​ထက်မက လိုအပ်​သည်။ စိတ်ပိုင်း​နှင့် စိတ်​လှုပ်ရှားမှု​ပိုင်း​ဆိုင်ရာ​တွင်​လည်း ကြီးထွား​ဖို့​လို​သည်။ အချိန်တန်သော် ကလေးငယ်​သည် သူ၏​ကလေး​ဆန်​သော အမူအကျင့်များ​ကို​စွန့်​၍ လူ​လား​မြောက်​သော​အမျိုးသား သို့​မဟုတ် အမျိုးသမီး​တစ်ဦး​ဖြစ်လာ​ပေမည်။ ယင်းကို​အကြောင်းပြု၍ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– “ငါသည် သူငယ်​ဖြစ်​စဉ်​အခါ၊ သူငယ်​လို​စကားပြော​၏။ သူငယ်​လို​စိတ်ထင်​၏။ သူငယ်​လို​ကြံစည်​၏။ အသက်ကြီး​သောအခါ​မူ​ကား၊ သူငယ်​၏​အရာများ​ကို ငါ​ပယ်ရှား​၏။”—၁ ကောရိန္သု ၁၃:၁၁

ပေါလု​၏​စကား​က ဝိညာဉ်​ရေး​ဘက်​တိုးတက်​ဖို့ အရေးကြီးကြောင်း ဖော်ပြ​သည်။ ခရစ်ယာန်​များသည် ဝိညာဉ်​ရေးသူ​ငယ်​အဖြစ်​မှ “ဉာဏ်​အရာ​၌ အသက်ကြီး​သော​သူ” အဖြစ်သို့ ကြီးထွား​ဖို့​လို​သည်။ (၁ ကောရိန္သု ၁၄:၂၀) သူတို့သည် “ခရစ်တော်​၏​ပြည့်စုံခြင်း​ပမာဏ​တည်း​ဟူသော ကြီးရင့်သော​လူ​၏​အဖြစ်သို့” ရောက်​ရန် အားထုတ်​ကြိုးပမ်း​သင့်​သည်။ ထို​အခါ သူတို့သည် “ခပ်သိမ်း​သော . . . လေ​တိုက်၍ ဖရိုဖရဲ​လွင့်​သွားသော​သူငယ်” များ​ဖြစ်​ကြ​မည်​မဟုတ်။—ဧဖက် ၄:၁၃၊ ၁၄

၃၊ ၄။ (က) ဝိညာဉ်ရေးတွင် အရွယ်ရောက်​သူ​ဖြစ်လာ​ဖို့ အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။ (ခ) ဘုရားသခင်​ရေးရာ အဘယ်​အရည်အသွေးများ​ကို ကျွန်ုပ်​တို့​တင်ပြ​သင့်​နည်း၊ ၎င်းတို့သည် မည်မျှ​အရေးပါ​သနည်း။

ဝိညာဉ်ရေးတွင် အရွယ်ရောက်​သူ​တစ်ဦး မည်သို့​ဖြစ်လာ​နိုင်​သနည်း။ သာမန်​အခြေအနေ​တွင် ကာယရေး​အရ အလိုအလျောက်​ကြီးထွား​တတ်​သည်​မှန်​သော်လည်း ဝိညာဉ်​ရေး​ဘက်​ကြီးထွား​လာရန် တမင်​ကြိုးစား​အားထုတ်​ရ​ပါ​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ တိကျ​မှန်ကန်သော​အသိပညာကို ဆည်းပူးခြင်း​နှင့်​စတင်​ပြီး တတ်သိလာ​သမျှ​နှင့်​အညီ ကျင့်ကြံ​ဖို့​လို​သည်။ (ဟေဗြဲ ၅:၁၄; ၂ ပေတရု ၁:၃) သို့​ပြုခြင်း​က ဘုရားသခင့်​ရေးရာ အရည်အသွေးများ​ကို တင်ပြ​နိုင်​စေ​သည်။ ကာယ​ကြီးထွားမှု​နှင့်​ဆိုင်သော ဖြစ်​စဉ်​အသီးသီး​မှာ​ကဲ့သို့ ဘုရားသခင့်​ရေးရာ​အရည်အသွေး​အသီးသီး တိုးတက်​ပွား​များ​ခြင်း​သည် တစ်ပြိုင်တည်း​ဖြစ်ပေါ်​လာလေ့​ရှိသည်။ တမန်​တော်​ပေတရု​က ဤသို့​ရေးသားခဲ့​သည်– “သင်တို့သည် မိမိတို့၏ ယုံကြည်ခြင်းကို အကျင့် . . . ဖြင့်​လည်းကောင်း၊ အကျင့် . . . ကို အသိပညာ​ဖြင့်​လည်းကောင်း၊ အသိပညာကို ကာ​မ​ဂုဏ်​ချုပ်တည်း​ခြင်း​ဖြင့်​လည်းကောင်း၊ ကာ​မ​ဂုဏ်​ချုပ်တည်း​ခြင်း​ကို ခံနိုင်ရည်​ရှိ​ခြင်း​ဖြင့်​လည်းကောင်း၊ ခံနိုင်ရည်​ရှိ​ခြင်း​ကို ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း​ဖြင့်​လည်းကောင်း၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း​ကို ညီရင်း​အစ်ကို​သဘောထား​ဖြင့်​လည်းကောင်း၊ ညီရင်း​အစ်ကို​သဘောထားကို ချစ်ခြင်း​မေတ္တာဖြင့်​လည်းကောင်း ထပ်လောင်း​ဖြည့်စွက်​ပေး​ရန် အစွမ်းကုန်​ကြိုးစား​ကြလော့။”—၂ ပေတရု ၁:၅-၇သတင်းကောင်း။

ပေတရု​စာရင်း​တင်ပြသော အရည်အသွေး​တစ်ခုစီ​သည် အရေးပါ​ပြီး တစ်ခု​ကို​မျှ ချန်လှပ်​ထား​၍​မရချေ။ သူ​ဤသို့​ထပ်ဆင့်​သည်– “ဤ [အကျင့်] များသည် သင်တို့တွင် တိုးတက်​ပွား​များနေ​ပါ​မူ ငါ​တို့​အရှင်သခင်​ယေရှု​ခရစ်​၏ တိကျ​မှန်ကန်​သည့် အသိပညာနှင့်​စပ်လျဉ်း၍ မလှုပ်မရှား၊ အသီး​မ​သီးခြင်း​မှ ကာကွယ်​ပေး​ပါ​လိမ့်​မည်။” (၂ ပေတရု ၁:၈က​ဘ) ထို့​ကြောင့် ခံနိုင်ရည်​ရှိ​ခြင်း​တွင် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း ဖြည့်စွက်​ဖို့​လို​ကြောင်းကို အာရုံစိုက်​ကြ​စို့။

ခံနိုင်ရည်​ရှိဖို့လို

၅။ ကျွန်ုပ်​တို့ အဘယ်ကြောင့် ခံနိုင်ရည်​ရှိဖို့လို​သနည်း။

ပေတရု​နှင့် ပေါလု​နှစ်ဦးစလုံး​က ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​နှင့် ခံနိုင်ရည်​ရှိ​ခြင်း​ကို ဆက်စပ်​ဖော်ပြ​ခဲ့​သည်။ (၁ တိမောသေ ၆:၁၁) ခံနိုင်ရည်​ရှိ​ခြင်း​ဟူသည် အခက်အခဲ​များ​ကို ကြံ့ကြံ့ခံ​၍ တည်မြဲ​တည်​နေခြင်း​ထက်မက​ပါ။ စမ်းသပ်မှု​များ၊ အတားအဆီး​များ၊ သွေးဆောင်မှုများ၊ သို့​မဟုတ် ညှဉ်းပန်း​နှိပ်စက်မှု​များ ခံရသော​အခါ မျှော်လင့်ချက်​ကင်းမဲ့​မသွား​ဘဲ စိတ်ရှည်ခြင်း၊ သတ္တိ​ရှိ​ခြင်း​နှင့် မြဲမြံ​ခြင်း​တို့​ရှိဖို့လို​သည်။ ကျွန်ုပ်​တို့သည် “ယေရှု​ခရစ်​၏​တရားတော်​နှင့်​အညီ၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်” နေ​သူများ​ဖြစ်​ကြသော​ကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံရ​ကြ​ပေမည်။ (၂ တိမောသေ ၃:၁၂) ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို​ချစ်​ကြောင်း သက်သေပြ​ပြီး ကယ်တင်ခြင်း​ရဖို့​အတွက် လိုအပ်သော​အရည်အသွေးများ​ကို ကြီးထွား​တိုးပွား​လိုလျှင် ခံနိုင်ရည်​ရှိ​ရ​ကြ​မည်။ (ရောမ ၅:၃-၅; ၂ တိမောသေ ၄:၇၊ ၈; ယာကုပ် ၁:၃၊ ၄၊ ၁၂) ခံနိုင်ရည်​မ​ရှိလျှင် ကျွန်ုပ်​တို့​ထာဝရ​အသက် ရနိုင်​မည်​မဟုတ်ပါ။—ရောမ ၂:၆၊ ၇; ဟေဗြဲ ၁၀:၃၆

၆။ အဆုံးတိုင်အောင် ခံနိုင်ရည်​ရှိ​ခြင်း​ဟူသည် အဘယ်အရာ​ပြုလုပ်​နေခြင်း​ကို ဆိုလို​သနည်း။

ကျွန်ုပ်​တို့၏​အစ မည်မျှ​ပင်​ကောင်း​ပါစေ နောက်ဆုံး​အရေးပါ​သည်​ကား ခံနိုင်ရည်​ရှိ​ခြင်း​ဖြစ်သည်။ ယေရှု​က “အကြင်သူသည် အဆုံးတိုင်အောင်​တည်ကြည်​၏၊ ထို​သူသည် ကယ်တင်ခြင်း​သို့​ရောက်​လိမ့်​မည်” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၁၃) မှန်ပါသည်၊ လက်ရှိ​အသက်တာ​၏​အဆုံးအထိ​ဖြစ်စေ၊ ဤ​အစီအစဉ်​စနစ်ဆိုး​၏ အဆုံးအထိ​ဖြစ်စေ ကျွန်ုပ်​တို့ အဆုံးတိုင်အောင် ခံနိုင်ရည်​ရှိကြ​ရမည်။ မည်သည့်​အဖြစ်​တွင်​မဆို ဘုရားသခင်​အား​တည်ကြည်​ရမည်။ သို့သော် ကျွန်ုပ်​တို့၏​ခံနိုင်ရည်​တွင် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း ဖြည့်စွက်​မပေး​လျှင် ယေဟောဝါ​အလိုတော်နှင့်​တွေ့​မည်​မဟုတ်​သဖြင့် ကျွန်ုပ်​တို့​ထာဝရ​အသက်​ရနိုင်​လိမ့်​မည်​မဟုတ်။ သို့သော် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ဟူသည် အဘယ်နည်း။

ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​သည် အဘယ်အရာကို​ဆိုလို

၇။ ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ဟူသည် အဘယ်နည်း၊ ယင်းက အဘယ်အရာ​ပြုလုပ်​ဖို့ ကျွန်ုပ်​တို့ကို​လှုံ့ဆော်ပေး​သနည်း။

ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ဟူသည် ယေဟောဝါ​ဘုရားသခင်​၏ စကြဝဠာ​အုပ်စိုးပိုင်ခွင့်​အပေါ် တည်ကြည်​ခြင်း​ကြောင့် ရလဒ်​အဖြစ် ကိုယ်တော်​အား ကြည်ညို​လေးစားခြင်း၊ ကိုးကွယ်​ခြင်း​နှင့် အမှုထမ်း​ခြင်း​ဖြစ်သည်။ ယေဟောဝါ​အား ရိုသေ​လေးစား​စွာ​ဖြင့် ဘုရားသခင်​ဝတ်၌​မွေ့လျော်​နေ​ရန် ကိုယ်တော်​နှင့် ကိုယ်တော်​၏​နည်းလမ်းတော်​များနှင့်​ဆိုင်သော တိကျ​မှန်ကန်​သည့်​အသိပညာ ရှိဖို့လို​သည်။ ဘုရားသခင်​ကို ပုဂ္ဂိုလ်​တစ်ပါး​အနေ​နှင့် ရင်းရင်းနှီးနှီး​သိရှိ​လို​စိတ်​ရှိ​သင့်​သည်။ ထိုသို့​ဖြစ်​လျှင် ကိုယ်တော်​အား စိတ်ရင်းမှန်​ဖြင့်​တွယ်တာ​ကြောင်း ကျွန်ုပ်​တို့၏​အပြု​အမူ​နှင့် အသက်ရှင်ပုံ​တို့​ဖြင့်​ဖော်ပြ​ရန် လှုံ့ဆော်​ခံရ​ပါ​လိမ့်​မည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့်​အတတ်နိုင်ဆုံး တူလိုစိတ် ရှိ​သင့်​သည်။ ကိုယ်တော့်​နည်းလမ်းတော်​များ​ကို အတု​ယူပြီး ကိုယ်တော်​၏​အရည်အသွေးများနှင့် ဥပဓိရုပ်​ကို ရောင်ပြန်ဟပ်​သင့်​သည်။ (ဧဖက် ၅:၁) မှန်​ပါ​၏၊ ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​သည် ကျွန်ုပ်​တို့​ပြု​လေ​သမျှ​၌ ဘုရားသခင့်​အလိုတော်နှင့်​တွေ့​ဖို့ နှိုးဆော်​ပေး​သည်။—၁ ကောရိန္သု ၁၀:၃၁

၈။ ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​နှင့် အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြုခြင်း​တို့သည် မည်သို့​ဒွန်တွဲ​နေသနည်း။

ဘုရားသခင်​ဝတ်၌ အမှန်​မွေ့လျော်​နေ​ရန် ယေဟောဝါ​တစ်ပါး​တည်း​ကို​သာ ဝတ်ပြု​ကိုးကွယ်​ရမည်၊ ကျွန်ုပ်​တို့၏​နှလုံး​တွင် ဘုရားသခင်​အစား မည်သည့်​အရာ​ကို​မျှ ထား​ခွင့်​မပြုရ​ပါ။ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​အနေ​နှင့် ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြုမှု​ကို ခံထိုက်​ပါ​သည်။ (တရားဟောရာ ၄:၂၄; ဟေရှာယ ၄၂:၈) သို့သော် ယေဟောဝါ​သည် ကိုယ်တော်​အား​ဝတ်ပြု​ရန် ကျွန်ုပ်​တို့ကို အတင်းအကျပ်​မတောင်းဆို​ပါ။ ကျွန်ုပ်​တို့၏​တလိုတလား ဆည်းကပ်​ဝတ်ပြုမှု​ကို ကိုယ်တော်​အလိုရှိ​တော်​မူ​၏။ ဘုရားသခင်​အား တိကျ​မှန်ကန်​စွာ​သိထား​သော အသိပညာ​ပေါ်​အခြေပြု​၍ ကိုယ်တော်​အား​ချစ်ခြင်း​က ကျွန်ုပ်​တို့၏​အသက်တာကို သန့်ရှင်း​စင်ကြယ်​စေပြီး ကိုယ်တော်​ထံ​အကြွင်းမဲ့​ဆက်ကပ်​အပ်နှံ​၍ ယင်း​နှင့်​အညီ​အသက်ရှင်ဖို့ လှုံ့ဆော်ပေး​ပါ​သည်။

ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး​ကို တည်ဆောက်​ပါ

၉၊ ၁၀။ ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို မည်သို့​ပြုစု​ပျိုးထောင်​ပြီး ဆက်​ထိန်းသိမ်း​နိုင်​မည်​နည်း။

ရေ​တွင်​နှစ်ခြင်း​ခံ​ခြင်း​ဖြင့် ဘုရားသခင်​ထံ​ဆက်ကပ်​အပ်နှံ​ပြီး​နောက်​တွင်​ပင် ကိုယ်တော်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို တည်ဆောက်​ပေးဖို့​လိုအပ်​ဆဲ​ရှိသည်။ ထိုသို့​ပြုပြီး ယေဟောဝါ​ကို​တည်ကြည်​စွာ အမှုထမ်း​လို​သည့်​ဆန္ဒ​က ကိုယ်တော်​၏​နှုတ်ထွက်​စကားတော်​ကို ဆက်​လေ့လာ​၍ စဉ်းစား​ဆင်ခြင်​ဖို့ ကျွန်ုပ်​တို့ကို​လှုံ့ဆော်ပေး​သည်။ ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို တိုက်တွန်း​ဖို့ ဘုရားသခင့်​ဝိညာဉ်​တော်​အား​ခွင့်ပြု​လျှင် ယေဟောဝါ​ကို​ချစ်​သည့်​မေတ္တာ တိုးပွား​လာ​ပါ​လိမ့်​မည်။ ကိုယ်တော်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​သည် ကျွန်ုပ်​တို့၏​ဘဝ​အသက်တာတွင် အရေးအပါဆုံး ဖြစ်မြဲ​ဖြစ်နေ​ပေ​လိမ့်​မည်။ ယေဟောဝါ​အား ကျွန်ုပ်​တို့၏​အကောင်းဆုံး​မိတ်ဆွေ​အဖြစ်​ယူမှတ်​ပြီး အချိန်မရွေး ကိုယ်တော်​၏​စိတ်တော်နှင့်​တွေ့​လို​နေကြ​မည်။ (၁ ယောဟန် ၅:၃) ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး ကောင်း​နေခြင်း​ကို ကျွန်ုပ်​တို့​ပိုမို​နှစ်သက်​သဘောကျ​လာပြီး ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို လိုအပ်​သလို မေတ္တာပြည့်​ဝ​စွာ သွန်သင်၊ ဆုံးမ​ပေးခြင်း​ကို ကျေးဇူး​တင်​လေးမြတ်​ကြသည်။—တရားဟောရာ ၈:၅

၁၀ ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏ အဖိုး​မ​ဖြတ်​နိုင်သော​ဆက်ဆံ​ရေး​ကို ခိုင်မြဲ​စေဖို့ ဆက်​မကြိုးစား​ပါ​က တဖြည်းဖြည်း ဆက်ဆံ​ရေး​ပြတ်တောက်​သွား​နိုင်​သည်။ ထိုသို့​ဖြစ်​ခဲ့​လျှင် ဘုရားသခင်​ကြောင့်​မဟုတ်ပေ၊ အကြောင်း​မှာ ကိုယ်တော်​သည် “ငါ​တို့​တွင် အဘယ်​သူနှင့်​မျှ​ဝေး​တော်​မူ​သည်မဟုတ်” သောကြောင့်​တည်း။ (တမန်​တော် ၁၇:၂၇) ယေဟောဝါ​သည် ကိုယ်တော်​ထံ​ချဉ်းကပ်​ရလွယ်​ကူ​စေသည့်​အတွက် ကျွန်ုပ်​တို့​အမှန်တကယ် ဝမ်းသာ​နိုင်​ကြသည်! (၁ ယောဟန် ၅:၁၄၊ ၁၅) သို့သော်၊ ယေဟောဝါ​နှင့်​ရင်းနှီးသော နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ကို ထိန်းသိမ်း​ထား​ဖို့ ကျွန်ုပ်​တို့​ကြိုးစား​ကြ​ရမည်။ သို့ရာတွင် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ကို ကျွန်ုပ်​တို့​ပြုစု​ပျိုးထောင်​၍ ဆက်​ထိန်းသိမ်း​ထား​နိုင်​ရန် ကိုယ်တော်​သည် လိုအပ်သော​ပြင်ဆင်​ပေး​ချက်​များ​ကို ပေးခြင်း​အားဖြင့် အထံတော်​သို့​ချဉ်းကပ်​စေ​သည်။ (ယာကုပ် ၄:၈) မေတ္တာပါ​သော ဤ​ပြင်ဆင်​ပေး​ချက်​များ​ကို ကျွန်ုပ်​တို့ မည်သို့​အပြည့်အဝ အသုံးချ​နိုင်​မည်​နည်း။

ဝိညာဉ်​ရေး​ဘက် ဆက်လက်​သန်စွမ်း​နေပါ

၁၁။ ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ကို တင်ပြချက်​အချို့​ကား အဘယ်နည်း။

၁၁ ကျွန်ုပ်​တို့​တွင်​စွဲမြဲ​နေသော ဘုရားသခင်​အား​ချစ်သော​စိတ်​က ဘုရားသခင်​ဝတ်၌ မည်မျှ​မွေ့လျော်​ကြောင်း ဖော်ပြ​ရန် လှုံ့ဆော်ပေး​ပါလိမ့်​မည်၊ သို့​ပြုခြင်း​သည် ပေါလု​၏ ဤ​ဆုံးမ​စကား​နှင့်​အညီ​ဖြစ်သည်– “သင်​မူ​ကား၊ ဝန်ခံ​တော်​မူ​သော​သူ၊ ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိဘဲ၊ [အမှန်]တရားကို မှန်ကန်​စွာ​ပိုင်းခြား​တတ်သော ဆရာသမား​ဖြစ်​လျက်၊ ဘုရားသခင့်​ရှေ့၌ ကိုယ်ကို​ကိုယ်​ဆက်သခြင်း​ငှာ ကြိုးစား​အားထုတ်​လော့။” (၂ တိမောသေ ၂:၁၅) ထိုသို့​ပြု​ရန် ကျမ်းစာ​မှန်မှန်​လေ့လာခြင်း၊ အစည်းအဝေး​မှန်မှန်​တက်​ခြင်း​နှင့် လယ်ကွင်း​ဓမ္မ​အမှု၌​မှန်မှန်​ပါဝင်ခြင်း အစီအစဉ်​ကောင်း​ကို ဆက်လက်​ထိန်းသိမ်း​ထား​ဖို့​လို​သည်။ ‘မခြားမလပ်​ဆုတောင်း​နေ’ ခြင်း​အားဖြင့်လည်း ယေဟောဝါ​နှင့်​နီးကပ်​နေနိုင်​ပါ​သည်။ (၁ သက်သာလောနိတ် ၅:၁၇) ဤနည်းဖြင့် ဘုရားသခင်​ဝတ်၌​မွေ့လျော်​ကြောင်း အဓိပ္ပာယ်ရှိရှိ​တင်ပြ​ရာ​ရောက်​သည်။ ၎င်း​တို့​မှ တစ်ခုခု​ကို လျစ်လျူရှု​လိုက်​လျှင် ဝိညာဉ်​ရေး​ဖျားနာ​လာ​ကာ စာတန်​၏​ပရိယာယ်​များ​ကို ခုခံ​ကာကွယ်​နိုင်စွမ်း​မရှိတော့​ပါ။—၁ ပေတရု ၅:၈

၁၂။ ကျွန်ုပ်​တို့သည် စုံစမ်း​နှောင့်ယှက်ခြင်း​များ​ကို မည်သို့​အောင်မြင်စွာ ကျော်လွှား​နိုင်​မည်​နည်း။

၁၂ ဝိညာဉ်ရေးတွင် သန်စွမ်း၊ တက်ကြွ​နေခြင်း​ဖြင့်​လည်း စုံစမ်း​နှောင့်ယှက်မှု​များစွာ​တို့ကို ရင်ဆိုင်​နိုင်​စေ​သည်။ စုံစမ်း​နှောင့်ယှက်မှု​များသည် ကျွန်ုပ်​တို့ကို မခံ​ချိ​မခံ​သာ​ဖြစ်စေ​သော ရင်းမြစ်​အမျိုးမျိုး​မှ ပေါ်လာ​နိုင်​သည်။ မိသားစု​အရင်း​အ​ချာ၊ ဆွေမျိုး သို့​မဟုတ် အိမ်နီးချင်း​တို့​ထံ​မှ ဥပေက္ခာ​ပြုခြင်း၊ အတိုက်အခံပြု​ခြင်း​နှင့် နှိပ်စက်​ညှဉ်းပန်း​ခြင်း​တို့ အစပြု​လာသော​အခါ ခံရပ်​နိုင်​ဖို့​ခက်ခဲ​စေ​သည်။ ကျွန်ုပ်​တို့၏​အလုပ်ခွင်​တွင်​ဖြစ်စေ၊ ကျောင်းတွင်​ဖြစ်စေ ကျွန်ုပ်​တို့၏​ခရစ်ယာန်မူ​များ​ကို အလျော့ပေးလိုက်လျော​ဖို့ မသိမသာ ဖိအား​ပေး​ခံရ​နိုင်​သည်။ စိတ်ဓာတ်ကျ​ခြင်း၊ ဖျားနာခြင်း​နှင့် စိတ်ပျက်​အားလျော့ခြင်း​တို့​က ကာယရေး​အားနည်း​သွား​စေနိုင်​ပြီး ယုံကြည်ခြင်း​စမ်းသပ်မှု​များ​ကို ရင်ဆိုင်​ကျော်လွှား​နိုင်​ဖို့ သာ၍​အခက်တွေ့​စေနိုင်​သည်။ သို့ရာတွင် ကျွန်ုပ်​တို့သည် “ဘုရားသခင်​၏​နေ့​ရောက်​လိမ့်​မည်​ဟု . . . မျှော်လင့်​တောင့်တ​လျက်၊ သန့်ရှင်းသော​အကျင့်ကို​ကျင့်​ခြင်း၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း” တို့​၌ စွဲမြဲ​နေကြ​မည်​ဆိုလျှင် စုံစမ်း​နှောင့်ယှက်မှု​အားလုံး​ကို အောင်မြင်စွာ ကျော်လွှား​နိုင်​ကြ​ပါ​လိမ့်​မည်။ (၂ ပေတရု ၃:၁၁၊ ၁၂) ထို့​ပြင် ဘုရားသခင့်​ကောင်းချီး​ကို ခံစားရ​မည်​ဟု ယုံကြည်​စိတ်ချ​လျက် ထိုသို့​ပြုခြင်း၌ ပျော်မွေ့​နေနိုင်​ကြ​မည်။—သု. ၁၀:၂၂

၁၃။ ဘုရားသခင်​ဝတ်၌ မွေ့လျော်​နေကြ​ဖို့​ဆိုလျှင် ကျွန်ုပ်​တို့​အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

၁၃ စာတန်​သည် ဘုရားသခင်​ဝတ်၌​မွေ့လျော်​နေသူတို့​ကို ပစ်မှတ်​ထား​သော်လည်း ကျွန်ုပ်​တို့​ကြောက်စရာ​မလိုပါ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ “ဘုရား[သခင်]ဝတ်၌​မွေ့လျော်​သော​သူတို့ကို စုံစမ်း​နှောင့်ယှက်ခြင်း​အထဲ​က ကယ်နုတ်ခြင်း​ငှာ . . . [“ယေဟောဝါ၊” က​ဘ] တတ်နိုင်​တော်​မူ​၏။” (၂ ပေတရု ၂:၉၊ ၁၀) စုံစမ်း​နှောင့်ယှက်မှု​များ​ကို​ခံရပ်​ပြီး ကယ်လွှတ်​ခံရ​ဖို့ ကျွန်ုပ်​တို့သည် “ဘုရားမဲ့​တရား​မဲ့​နေခြင်း၊ လော[က]တပ်မက်​ခြင်း​ကို​ပယ်ရှား​လျက် . . . ယခု​ဘဝ​၌ ဣန္ဒြေ​စောင့်​ခြင်း၊ တရား​သဖြင့်​ကျင့်​ခြင်း၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း​တို့ကို ပြု​နေ” ရ​ကြ​မည်။ (တိတု ၂:၁၂၊ ၁၃) ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် လောက​ဆန္ဒ​များ၊ အပြု​အမူ​များနှင့်​ပတ်သက်သော အားနည်းမှု​တစ်မျိုး​တစ်​မည်​က ဘုရားသခင်​ဝတ်၌ ကျွန်ုပ်​တို့​မွေ့လျော်ခြင်း​ကို ထိခိုက်​၍​ပျက်စီး​မသွား​စေရန် သတိထား​ရမည်။ အန္တရာယ်​ရှိသည့်​အရာအချို့​ကို ယခု​သုံးသပ်ကြည့်​ကြပါစို့။

ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​အား အန္တရာယ်​ပေး​မည့်​အရာများ​ကို သတိထား​လော့

၁၄။ ပစ္စည်းဥစ္စာ​ကို​အဓိက​ထားခြင်း ထောင်ချောက်​က သွေးဆောင်​လျှင် ကျွန်ုပ်​တို့​အဘယ်အရာကို သတိရ​သင့်​သနည်း။

၁၄ ပစ္စည်းဥစ္စာ​ကို​အဓိက​ထားခြင်း​သည်  လူအများ​အတွက် ထောင်ချောက်​တစ်ခု​ဖြစ်၏။ “ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း​သည် အကျိုး​စီးပွား​ဖြစ်သည်ဟု . . . စိတ်ထင်” ခြင်း​ဖြင့် ကိုယ်ကို​ပင် လှည့်စား​နိုင်၏။ သို့ဖြင့် ကျွန်ုပ်​တို့သည် ယုံကြည်သူချင်း​များ​၏ ယုံကြည်​အားထား​မှု​ကို အခွင့်အရေး​ယူ​ဝံ့​သူများ ဖြစ်လာ​နိုင်​ပေ​သည်။ (၁ တိမောသေ ၆:၅) ထို​အခါ ကျွန်ုပ်​တို့​ပြန်မဆပ်​နိုင်​ဘဲ​နှင့် ကြွယ်ဝ​ချမ်းသာ​သော ခရစ်ယာန်​တစ်ဦးထံ​မှ မရ​မ​က​ငွေချေး​ခြင်း​သည် မမှား​ပါ​ဟူ၍ပင် မှားယွင်းစွာ ကောက်ချက်​ချ​ပေမည်။ (ဆာလံ ၃၇:၂၁) အမှန်​မှာ “ယခု​ဘဝ၊ နောင်​ဘဝ​နှင့်​စပ်ဆိုင်​သော ကတိတော်​ကို​ရ” စေ​သည်​မှာ စည်းစိမ်ဥစ္စာ​ရှိ​ခြင်း​မဟုတ်ဘဲ ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ဖြစ်သည်။ (၁ တိမောသေ ၄:၈) ‘ကျွန်ုပ်​တို့သည် ဤ​လောက​ထဲ​သို့ အဘယ်အရာမျှ​မပါဘဲ​လာ​သည်​ဖြစ်၍၊ ထွက်သွား​လျှင်​လည်း၊ အဘယ်အရာကို​မျှ​ယူ၍​မသွား​နိုင်’ သောကြောင့် ‘ရောင့်ရဲသော​စိတ်​နှင့်အတူ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း’ ကို​သာ၍​အာရုံ​စူးစိုက်​လိုက်စား​ပြီး “စား​ရန်၊ ဝတ်​ရန်​ရှိသမျှ​နှင့် ရောင့်ရဲ” နေတတ်​ကြပါစို့။—၁ တိမောသေ ၆:၆-၁၁

၁၅။ အပျော်အပါး​လိုက်စားခြင်း​သည် ဘုရားသခင်​ဝတ်၌ မွေ့လျော်ခြင်း​ကို ဖယ်ထုတ်​နေရာယူ​မည့်​ဟန်​ပြင်​လာ​ပါ​က ကျွန်ုပ်​တို့​အဘယ်အရာ​ပြု​နိုင်​သနည်း။

၁၅ အပျော်အပါး​လိုက်စားခြင်း​သည် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​အတွက် နေရာ​မပေးနိုင်​ဘဲ​ဖြစ်စေ​နိုင်​သည်။ ဤကိစ္စနှင့်​ပတ်သက်​၍ ချက်ချင်း​ပြုပြင်​ပြောင်းလဲစရာ​များ လို​နေပါသလော။ ကာယ​လေ့ကျင့်မှု​နှင့် အပန်းဖြေ​ခြင်း​တို့​မှ အကျိုးကျေးဇူး​အချို့​ရှိသည်​မှာ မှန်ပါသည်။ သို့​တိုင် ထာဝရ​အသက်​နှင့်​နှိုင်းယှဉ်လျှင် ၎င်း​အကျိုးကျေးဇူးများ​သည် အသေးအမွှား​သာ​ဖြစ်သည်။ (၁ ယောဟန် ၂:၂၅) ယနေ့ လူအများသည် “ဘုရားသခင်​ကို​နှစ်သက်​သည်ထက် ကာ​မ​ဂုဏ်​ခံစားခြင်း​ကို သာ၍​နှစ်သက်သော​သူ၊ ဘုရားဝတ်​၌​မွေ့လျော်ယောင်ဆောင်​၍ မွေ့လျော်ခြင်း​တန်ခိုး​ကို ငြင်းပယ်​သော​သူ​ဖြစ်​ကြ” ရာ သူတို့ကို ကျွန်ုပ်​တို့​ရှောင်ကြဉ်​ရမည်။ (၂ တိမောသေ ၃:၄၊ ၅) ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ကို အလေးထား​သူများ​သည် “မှန်သော​အသက်ကို​ဝင်စား​လို​သော​ငှာ၊ နောင်​ဘဝ​၌ ကောင်းသော​ဘဏ္ဍာ​ကို မိမိတို့​အဖို့ ဆည်းပူး” နေကြ​သည်။—၁ တိမောသေ ၆:၁၉

၁၆။ အဘယ်​အပြစ်ရှိ​သော​ဆန္ဒ​များသည် အချို့​သူတို့ကို ဘုရားသခင့်​ဖြောင့်မတ်​သော တောင်းဆိုချက်​များနှင့်​အညီ အသက်မရှင်​စေ​သနည်း၊ ယင်း​ဆန္ဒ​များ​ကို ကျွန်ုပ်​တို့ မည်သို့​ချိုးနှိမ်​နိုင်​သနည်း။

၁၆ အရက်​နှင့် မူးယစ်​ဆေး​အလွဲသုံး​မှု၊ အကျင့်​ယိုယွင်းမှု​နှင့် အပြစ်ပြု​လို​သည့်​ဆန္ဒ​များသည် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ကို ပျက်စီး​စေနိုင်​သည်။ ၎င်းတို့ကို​ပြုလုပ်ခြင်း​က ဘုရားသခင့်​ဖြောင့်မတ်​သော တောင်းဆိုချက်​များနှင့် အညီ​အသက်မရှင်​စေပါ။ (၁ ကောရိန္သု ၆:၉၊ ၁၀; ၂ ကောရိန္သု ၇:၁) ပေါလု​ပင်​လျှင် အပြစ်ပြု​လို​သော​အသွေးအသား​နှင့် အဆက်မပြတ် ဆိုင်ပြိုင်​တိုက်လှန်​ခဲ့​ရသည်။ (ရောမ ၇:၂၁-၂၅) မကောင်းသော​ဆန္ဒ​များ​ကို ဖယ်ရှားပစ်​ဖို့ ပြတ်ပြတ်သားသား​လုပ်ဆောင်ဖို့​လို​သည်။ တစ်ခု​အနေ​နှင့် ကိုယ်ကျင့်တရား​သန့်ရှင်း​နေ​ရန် ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​ထား​ရမည်။ ပေါလု​က ကျွန်ုပ်​တို့ကို​ဤသို့​မှာကြား​သည်– “မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ ညစ်ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ​ပူပန်ခြင်း၊ ဆိုးညစ်သော​တပ်မက်​ခြင်း၊ . . . လောဘ​လွန်ကြူး​ခြင်း​တည်း​ဟူသော၊ မြေကြီး​ပေါ်မှာ​ရှိသော သင်တို့၏​ကိုယ်​အင်္ဂါ​တို့ကို သေစေ​ကြလော့။” (ကောလောသဲ ၃:၅) ဤသို့​သော​အပြစ်​များ​ကို​မပြုမိ​ရန် မိမိ၏​ကိုယ်​အင်္ဂါ​တို့ကို သေစေ​ရမည်ဟု​ဆို​ရာ​တွင် ၎င်းတို့ကို ဖယ်ရှားပစ်​ရန် စိတ်ပိုင်းဖြတ်​ချက်​ရှိဖို့လို​သည်။ ဤ​အစီအစဉ်​စနစ်ဆိုး​တွင် မှားယွင်းသော​ဆန္ဒ​များ​ကို​စွန့်ပယ်​၍ ဖြောင့်မတ်ခြင်း​နှင့် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ကို မီအောင်လိုက်​နိုင်​ကြ​ရန် ဘုရားသခင့်​အကူအညီ​ရဖို့ ထက်သန်​စွာ​ဆုတောင်း​ရ​ပါ​လိမ့်​မည်။

၁၇။ ဆုံးမ​ပဲ့ပြင်​မှု​ကို ကျွန်ုပ်​တို့​မည်သို့​ရှုမြင်​သင့်​သနည်း။

၁၇ စိတ်ဓာတ်ကျ​ခြင်း​သည် ကျွန်ုပ်​တို့၏​ခံနိုင်ရည်​ကို အားလျော့​စေနိုင်​ပြီး ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ကို ထိခိုက်​ပျက်ပြား​စေ​သည်။ ယေဟောဝါ​၏​ကျေးကျွန်​မြောက်မြားစွာ​သည် စိတ်ဓာတ်ကျ​ဖူး​ခဲ့​ကြပြီ။ (တောလည်ရာ ၁၁:၁၁-၁၅; ဧဇရ ၄:၄; ယောန ၄:၃) အထူးသဖြင့်၊ ကျွန်ုပ်​တို့သည် ဥပေက္ခာပြု​ခံရ သို့​မဟုတ် ပြင်းပြင်းထန်ထန် ဆုံးမ​ပဲ့ပြင်​ခံရ​သည်​ဟု ယူမှတ်​ပြီး စိတ်​နာကြည်း​နေလျှင် စိတ်ဓာတ်ကျ​ခြင်း​သည် ဆိုးကျိုး​ဖြစ်ပွား​စေနိုင်​သည်။ အမှန်​မှာ ပြစ်တင်​ဆုံးမခြင်း​နှင့် ပဲ့ပြင်​ခြင်း​တို့သည် ဘုရားသခင့်​စိတ်ဝင်စားမှု​နှင့် ဂရုစိုက်​မှု​ခံရ​ခြင်း​၏ အထောက်အထား​များ​ဖြစ်သည်။ (ဟေဗြဲ ၁၂:၅-၇၊ ၁၀၊ ၁၁) ဆုံးမ​ပဲ့ပြင်​ခြင်း​ကို ဒဏ်ပေး​ခြင်း​သက်​သက်​ဟု​မယူမှတ်​ဘဲ ဖြောင့်မတ်​သည့်​လမ်းစဉ်တွင် ကျွန်ုပ်​တို့ကို​ဆက်သွား​နိုင်​ရန် လေ့ကျင့်မှု​တစ်ရပ်​အဖြစ် ယူမှတ်​သင့်​သည်။ ကျွန်ုပ်​တို့သည် နှိမ့်ချမှု​ရှိကြ​မည်​ဆိုလျှင် “အပြစ်ကို​ပြ​တတ်သော[ဆုံးမ]စကား​သည် အသက်​လမ်း​ဖြစ်” ကြောင်း​အသိအမှတ်​ပြုပြီး ဆုံးမ​စကား​ကို တန်ဖိုး​ထား​လေးစား​စွာ လက်ခံ​ယူပါ​လိမ့်​မည်။ (သု. ၆:၂၃) သို့​ပြု​မည်​ဆိုလျှင် ဘုရားသခင်​ဝတ်၌ ဆက်​မွေ့လျော်​သွား​ရန် ဝိညာဉ်ရေးတွင် ကောင်းစွာ​တိုးတက်​နိုင်​ဖို့ ထောက်ကူ​ပေး​ပါ​လိမ့်​မည်။

၁၈။ အချင်းချင်း စိတ်ထိခိုက်​စ​ရာ​ပြု​မိ​ခြင်း​နှင့် ပတ်သက်သော​အခါ ကျွန်ုပ်​တို့​အဘယ်​တာဝန်​ရှိ​သနည်း။

၁၈ အထင်လွဲ​မှား​ခြင်း​နှင့် အချင်းချင်း​ထိပါး​မိ​ခြင်း​တို့သည် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ကို စိန်ခေါ်ချက်​တစ်ခု​ဖြစ်စေ​နိုင်​သည်။ ၎င်းတို့သည် စိုးရိမ်​ပူပန်​စေနိုင်​သည်၊ သို့​မဟုတ် အချို့​သူတို့ကို ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​များ​ထံ​မှ တစ်သီးပုဂ္ဂလ​နေ​စေ​ပေမည်။ (သု. ၁၈:၁) သို့သော် သူတစ်ပါး​အပေါ် အငြိုး​ထားခြင်း၊ သို့​မဟုတ် အာဃာတ​ထားခြင်း​တို့သည် ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ထိခိုက်​နိုင်​ကြောင်း သတိရ​သင့်​သည်။ (ဝတ်ပြုရာ ၁၉:၁၈) အမှန်​မှာ “မြင်ရသော​ညီအစ်ကို​ကို​မချစ်​လျှင် မမြင်​ရသော​ဘုရားသခင်​ကို​မချစ်​နိုင်။” (၁ ယောဟန် ၄:၂၀သမ္မာ) ယေရှုသည် မိမိ၏​တောင်ပေါ်​တရားတော်​တွင် ပုဂ္ဂိုလ်ရေး​စိတ်ဝမ်းကွဲ​မှုများ​ကို ချက်ချင်း​ဖြေရှင်းဖို့​လို​ကြောင်း အလေးပေး​ဖော်ပြ​ခဲ့​သည်။ ကိုယ်တော်​၏​တရား​နာ​သူများကို ကိုယ်တော်​က ဤသို့​မိန့်တော်မူ၏– “သင်သည် ပူဇော်[ရာ​ယဇ်]ကို ယဇ်​ပလ္လင်​သို့​ဆောင်ယူ​ခဲ့​လျက် သင်၏​ညီအစ်ကို​သည် သင်၌​အပြစ်တင်​ခွင့်​တစ်စုံတစ်ခု​ရှိသည်​ဟု အောက်မေ့​သတိရ​လျှင်၊ ယဇ်​ပလ္လင်​ရှေ့မှာ ပူဇော်[ရာ​ယဇ်]ကို​ထား​၍​သွားလော့။ ညီအစ်ကို​နှင့်​သင့်တင့်​ပြီး​မှ ပြန်၍​ပူဇော်[ရာ​ယဇ်]ကို​တင်​လော့။” (မဿဲ ၅:၂၃၊ ၂၄) အကြင်နာမဲ့​သော​စကား၊ သို့​မဟုတ် အပြု​အမူ​များ​ကြောင့် စိတ်ဒဏ်ရာ​ရ​လျှင် ဝန်ချ​တောင်းပန်​ခြင်း​က ကုစား​ပေး​နိုင်​ပေမည်။ ကျွန်ုပ်​တို့သည် ခွင့်လွှတ်​မှု​တောင်းဆို​မည်၊ ကိစ္စရပ်​တစ်ခု​ကို ကိုင်တွယ်​မိ​ပုံ​မှား​ကြောင်း ဝန်ခံ​မည်​ဆိုလျှင် ဆက်ဆံ​ရေး​ပြန်ကောင်း​လာပြီး ပြန်လည်​သင့်တင့်​နိုင်​ပါ​လိမ့်​မည်။ ယေရှုသည် အခက်အခဲ​များ​ကို ကိုင်တွယ်​ဖြေရှင်းခြင်း​နှင့်​ပတ်သက်​၍ အခြား​အကြံပေး​ချက်​များ​ကိုလည်း ပေး​ခဲ့​ပါ​သည်။ (မဿဲ ၁၈:၁၅-၁၇) ပြဿနာ​များ​ဖြေရှင်းဖို့ ကြိုးစား​ရာ​တွင် အောင်မြင်​သည့်​အခါ အမှန်​ပျော်ရွှင်စရာ​ပင်!—ရောမ ၁၂:၁၈; ဧဖက် ၄:၂၆၊ ၂၇

ယေရှု၏​ပုံသက်သေ​ကို အတုယူ​လော့

၁၉။ ယေရှု၏​ပုံသက်သေ​ကို​အတု​ယူဖို့ အဘယ်ကြောင့် အလွန်​အရေးကြီး​သနည်း။

၁၉ ကျွန်ုပ်​တို့သည် စုံစမ်း​နှောင့်ယှက်မှု​အမျိုးမျိုးကို အမှန်​ခံရ​ကြ​မည်၊ သို့သော် ၎င်း​တို့​ကြောင့် ထာဝရ​အသက်ဆု​ရစေ​သည့်​ပြေးပွဲ​မှ လမ်းလွဲ​မသွား​သင့်​ပါ။ ယေဟောဝါ​သည် စုံစမ်း​နှောင့်ယှက်ခြင်း​မှ ကျွန်ုပ်​တို့ကို ကယ်လွှတ်​နိုင်​ကြောင်း​သတိရပါ။ ကျွန်ုပ်​တို့သည် “ခပ်သိမ်း​သော​ဝန်​တို့ကို . . . ပယ်ရှား” ၍ “ငါ​တို့​မျက်မှောက်​၌​ထားသော ပန်း​တုံး​တိုင်​သို့​ရောက်​ခြင်း​ငှာ၊ အား​မ​လျော့​ဘဲ [“ခံနိုင်ရည်​ဖြင့်၊” က​ဘ] ပြေးကြ” သည့်​အခါ “ယုံကြည်ခြင်းကို​အစအဦး​စီရင်၍ စုံလင်​စေတော်မူ​သော သခင်​ယေရှုကို စေ့စေ့​ထောက်ရှု​ကြ” ပါ​စို့။ (ဟေဗြဲ ၁၂:၁-၃) ယေရှု၏​ပုံသက်သေ​ကို စေ့စေ့စပ်စပ် စစ်ဆေး​ကြည့်​ပြီး အပြု​အမူ၊ အပြောအဆို​တွင် ကိုယ်တော်​အား ကြိုးစား​တုပခြင်း​ဖြင့် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ကို ပြုစု​ပျိုးထောင်​နိုင်​ပြီး ၎င်းကို​အပြည့်အဝ​တင်ပြ​နိုင်​ရန် အထောက်အကူ​ရ​ပါ​လိမ့်​မည်။

၂၀။ ခံနိုင်ရည်​ရှိ​ရှိ ဘုရားသခင်​ဝတ်၌​မွေ့လျော်​နေခြင်း​ဖြင့် အဘယ်​အကျိုးကျေးဇူးများ ရနိုင်​သနည်း။

၂၀ ကျွန်ုပ်​တို့၏​ကယ်တင်ခြင်း​ကို သေချာ​စေရန် ခံနိုင်ရည်​နှင့် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​တို့​က ဒွန်တွဲ​လျက်​ကူညီပေး​သည်။ ဤ​အဖိုးတန်​အရည်အသွေးများ​ကို တင်ပြခြင်း​အားဖြင့် ဘုရားသခင်​၏​မြင့်မြတ်​သော​လုပ်ငန်းတော်​ကို ကျွန်ုပ်​တို့​တည်ကြည်​စွာ ဆောင်ရွက်​နိုင်​ကြ​ပါ​မည်။ ကျွန်ုပ်​တို့သည် ခံနိုင်ရည်​ရှိခဲ့​ပြီး ဘုရားသခင်​ဝတ်၌ မွေ့လျော်​နေကြ​သောကြောင့် ယေဟောဝါ​၏​သနားစုံမက်​ခြင်း​နှင့် ကောင်းချီး ခံစားရ​ကြ​စဉ် စုံစမ်း​နှောင့်ယှက်မှု​များ ကြုံတွေ့​ရသည့်​ကြား ပျော်ရွှင်​နိုင်​ကြ​မည်။ (ယာကုပ် ၅:၁၁) ထို့​အပြင် ယေရှု​ကိုယ်တော်တိုင် ဤသို့​အာမခံ​တော်​မူ​၏– “သင်တို့သည် [“ခံနိုင်ရည်၊” က​ဘ] အားဖြင့် သင်တို့၏​အသက်​ဝိညာဉ်​များ​ကို ရ​ကြလိမ့်မည်။”—လုကာ ၂၁:၁၉သမ္မာ။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ခံနိုင်ရည်​ရှိ​ခြင်း​သည် အဘယ်ကြောင့်​အရေးကြီး​သနည်း။

• ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ဟူသည် အဘယ်နည်း၊ ယင်းကို မည်သို့​တင်ပြ​သနည်း။

• ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​ရန် မည်သို့​ပြုလုပ်​ပြီး ထိန်းသိမ်း​ထား​နိုင်​မည်​နည်း။

• ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ကို အန္တရာယ်​ပြု​မည့်​အရာအချို့​ကား အဘယ်နည်း၊ ၎င်းတို့ကို ကျွန်ုပ်​တို့ မည်သို့​ရှောင်ကြဉ်​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၂၊ ၁၃ ပါ ရုပ်ပုံ]

ဘုရားသခင်​ဝတ်၌ မွေ့လျော်ခြင်း​ကို နည်း​များစွာ​ဖြင့်​တင်ပြ​ကြ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

သင်၏​ဘုရားသခင်​ဝတ်၌ မွေ့လျော်​နေခြင်း​အား အန္တရာယ်​ပြု​ရာ​များ​ကို သတိပြု​လော့