မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့သည် အမှန်တရား၌ ဆက်လျှောက်လှမ်းနေကြ

သူတို့သည် အမှန်တရား၌ ဆက်လျှောက်လှမ်းနေကြ

သူတို့သည် အမှန်တရား၌ ဆက်လျှောက်​လှမ်း​နေကြ

ငါ​၏​သားသမီးတို့​သည် [အမှန်] တရား၌​ကျင်လည် [“လျှောက်လှမ်း၊” က​ဘ] သည်ကို ငါ​ကြား​၍​ဝမ်းမြောက်ခြင်း​ထက် သာ၍​ဝမ်းမြောက်ခြင်း​မရှိ။”—၃ ယောဟန် ၄

၁။ “မှန်သော​ဧဝံဂေလိတရား” သည် အဘယ်အရာကို ဗဟို​ပြု​သနည်း။

ယေဟောဝါ​သည် မိမိ​အား “. . . ဝိညာဉ်​နှင့်​လည်းကောင်း၊ [အမှန်တရား] နှင့်​လည်းကောင်း” ဝတ်ပြု​ကိုးကွယ်​သူများကို​သာ နှစ်သက်​တော်​မူ​၏။ (ယောဟန် ၄:၂၄) သူတို့သည် ကျမ်းစာ​အခြေပြု ခရစ်ယာန်​သွန်သင်ချက်​ရှိရှိသမျှ​တို့ကို လက်ခံ​၍ အမှန်တရားကို ခံယူ​လိုက်နာ​ကြသည်။ ဤ “မှန်သော​ဧဝံဂေလိတရား” သည် ယေရှု​ခရစ်​နှင့် ဘုရားသခင့်​နိုင်ငံတော်​အားဖြင့် ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​အပေါ် သံသယ​ကင်းရှင်းရေး​ကိစ္စ​ကို ဗဟို​ပြု​သည်။ (ဂလာတိ ၂:၁၄) လိမ်ညာမှု​ကို နှစ်သက်သူ​များ​အား “အလှည့်​စား​ခံစေ” ရန် ဘုရားသခင်​ခွင့်ပြု​ထား​သော်လည်း ကယ်တင်ခြင်း​သည် သတင်းကောင်းကို ယုံကြည်ခြင်း၊ အမှန်တရား၌ လျှောက်လှမ်း​နေခြင်း​အပေါ် မူတည်​သည်။—၂ သက်သာလောနိတ် ၂:၉-၁၂သတင်းကောင်း; ဧဖက် ၁:၁၃၊ ၁၄

၂။ တမန်​တော်​ယောဟန်​သည် အဘယ်​အတွက် အလွန်​ဝမ်းမြောက်​ခဲ့​သနည်း၊ ဂါယု​နှင့်​သူ၏​ဆက်ဆံ​ရေး​ကား အသို့နည်း။

ဘုရားသခင့်​နိုင်ငံတော်​သတင်း ကြေညာသူ​များသည် ‘အမှန်တရား၌ လုပ်ဖော်ဆောင်ဖက်​များ’ ဖြစ်​ကြသည်။ သူတို့သည် တမန်​တော်​ယောဟန်​နှင့် သူ့​မိတ်ဆွေ​ဂါယု​တို့​ကဲ့သို့ အမှန်တရားကို​စွဲကိုင်​၍ ယင်း​၌ လျှောက်လှမ်း​ကြသည်။ ဂါယု​ကို​အောက်မေ့​သတိ​ရပြီး ယောဟန်​ဤသို့​ရေးသားခဲ့​သည်– “ငါ​၏​သားသမီးတို့​သည် [အမှန်] တရား၌​ကျင်လည် [“လျှောက်လှမ်း၊” က​ဘ] သည်ကို ငါ​ကြား​၍​ဝမ်းမြောက်ခြင်း​ထက် သာ၍​ဝမ်းမြောက်ခြင်း​မရှိ။” (၃ ယောဟန် ၃-၈) အသက်ကြီးသူ​ယောဟန်​သည် ဂါယု​အား အမှန်တရား​သွန်သင်​ပေး​ခဲ့​သူ မဟုတ်သည့်​တိုင် တမန်​တော်​၏​အသက်​ကြီးရင့်​မှု၊ ခရစ်ယာန်​ရင့်ကျက်မှု​နှင့် ဖခင်သဖွယ်​ချစ်ခင်​တတ်​မှု​တို့​ကြောင့် အသက်​ပို​ငယ်​ပုံ​ရသော ဤ​အမျိုးသားကို ယောဟန်​၏​ဝိညာဉ်​ရေးသား​တစ်ဦး​အဖြစ် ရှုမြင်ခြင်း​သည် သင့်လျော်​ပေ​သည်။

အမှန်တရား​နှင့် ခရစ်ယာန်​ဝတ်ပြု​ကိုးကွယ်​မှု

၃။ အစောပိုင်း​ခရစ်ယာန်​များ ကျင်းပ​ခဲ့​သော အစည်းအဝေး​များ​၏​ရည်ရွယ်ချက်​နှင့် အကျိုးကျေးဇူး​ကား အဘယ်နည်း။

အစောပိုင်း​ခရစ်ယာန်​များသည် အမှန်တရားကို​သင်ယူဖို့ ကိုယ်ပိုင်​နေအိမ်များ​တွင် တည်ထောင်​ထားသော အသင်းတော်များ​၌ စည်းဝေး​လေ့​ရှိသည်။ (ရောမ ၁၆:၃-၅) ထို​နည်း​အားဖြင့် သူတို့သည် အချင်းချင်း​မေတ္တာ​စိတ်​ရှိ​ရန်​နှင့် ကောင်းသော​အကျင့်ကို​ကျင့်​ရန် အားပေးမှု​နှင့် တိုက်တွန်း​နှိုးဆော်​မှု ခံစား​ခဲ့​ကြ​ရသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) နှောင်း​ခေတ်​မှ ခရစ်ယာန်​အမည်ခံ​သူများ​နှင့်​စပ်လျဉ်း၍ တာတူလျန် (စီ.အီး. ၁၅၅ ခန့်–စီ.အီး. ၂၂၀ နောက်ပိုင်း) က​ဤသို့​ရေးသားခဲ့​သည်– “ကျွန်ုပ်​တို့သည် ဘုရားသခင့်​ကျမ်းစောင်​များ​ကို​ဖတ်ရှု​ဖို့ တွေ့ဆုံ​ကြသည်။ . . . ထို​စင်ကြယ်သော​တရား​စကား​များ​ဖြင့် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို အားဖြည့်ပေး​ကြသည်၊ ကျွန်ုပ်​တို့၏​မျှော်လင့်ချက်ကို ရှင်သန်​စေ​ကြသည်၊ ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​ကို ခိုင်ခံ့​စေ​ကြသည်။”—Apology, အခန်း ၃၉။

၄။ ခရစ်ယာန်​အစည်းအဝေး​များ​တွင် ဓမ္မ​သီချင်းများ​သီဆိုခြင်း​သည် အဘယ်​အခန်းကဏ္ဍ​၌ ပါဝင်​ခဲ့ပြီ​နည်း။

အစောပိုင်း​ခရစ်ယာန်​အစည်းအဝေး​များ​၏ ကဏ္ဍ​တစ်ခု​မှာ သီချင်းဆို​ခြင်း​ဖြစ်သည်။ (ဧဖက် ၅:၁၉; ကောလောသဲ ၃:၁၆) ဒုတိယ​ရာစုမှ ဝေဖန်ရေး​သ​မား စဲလ်​စပ်​စ်​သည် ခရစ်ယာန်​အမည်ခံ​သူများ အသုံးပြု​ခဲ့​ဟန်​ရှိသော တေးသီချင်း​များသည် “အလွန်​သာယာနာပျော်​ဖွယ်​ကောင်း​လှ​ပြီး စိတ်​ကို​ထိမိ​သည့်​အတွက် သူ​အမှန်ပင်​မခံနိုင်” ကြောင်း ပါမောက္ခ ဟ​ယ်​န​ရီ ချက်ဒဝစ်ခ်​က​ရေးသားခဲ့​သည်။ ချက်ဒဝစ်ခ်​က​ဤသို့​ထပ်ဆင့်​ပြော​သည်– “အဘယ်​တေးဂီတ​မျိုးကို ခရစ်ယာန်​များ​အသုံးပြု​ဖို့ သင့်လျော်​ကြောင်း​ဆွေးနွေး​ခဲ့​သည့် အစောဆုံး​ခရစ်ယာန်​စာရေး​ဆရာ​မှာ အလက်ဇန္ဒြီးယား​မြို့မှ က​လဲ​မ​င့်​ဖြစ်သည်။ သူက ထို​တေးဂီတ​သည် လိင်စိတ်​နိုးကြွ​စေသော အ​က​တေးဂီတ​နှင့် ဆက်နွှယ်မှု​မရှိသင့်​ဟု​ဆို​၏။” (အစောပိုင်း​ချာ့ခ်ျ၊ စာမျက်နှာ ၂၇၄-၅) ကနဦး​ခရစ်ယာန်​များသည် အတူတကွ​တွေ့ဆုံ​စည်းဝေး​ကြသောအခါ ဓမ္မ​သီချင်းများ​သီဆို​ခဲ့​ကြ​ပုံ​ရှိသကဲ့သို့ ယေဟောဝါသက်သေ​များသည် ဘုရားသခင်​နှင့် ကိုယ်တော့်​နိုင်ငံတော်​ကို​ချီးမွမ်း​သည့် တန်ခိုး​ပါ​သော​ဓမ္မ​သီချင်းများ​အပါအဝင် ကျမ်းစာ​အခြေပြု​သီချင်းများ​ကို သီဆို​လေ့​ရှိကြသည်။

၅။ (က) အစောပိုင်း​ခရစ်ယာန်​အသင်းတော်များ​တွင် ဝိညာဉ်​ရေး​ညွှန်ကြားချက်​ကို မည်သို့​ပေး​ခဲ့​သနည်း။ (ခ) မဿဲ ၂၃:၈၊ ၉ ပါ​ယေရှု၏​စကား​များ​ကို ခရစ်ယာန်စစ်​များ မည်သို့​ကျင့်သုံး​ခဲ့​ကြ​သနည်း။

အစောပိုင်း​ခရစ်ယာန်​အသင်းတော်များ​တွင် ကြီးကြပ်မှူး​များသည် အမှန်တရားကို​သွန်သင်​ပေး​ခဲ့​ကြ​ပြီး ဓမ္မ​အမှုထမ်းများ​သည် ယုံကြည်သူချင်း​များ​ကို နည်း​အမျိုးမျိုးဖြင့် ကူညီပေး​ခဲ့​ကြ​၏။ (ဖိလိပ္ပိ ၁:၁) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​ကို မှီခို​အားထား​သည့် အုပ်ချုပ်ရေး​အဖွဲ့က ဝိညာဉ်​ရေး​လမ်းညွှန်မှုကို​ပေး​သည်။ (တမန်​တော် ၁၅:၆၊ ၂၃-၃၁) ယေရှု​က တပည့်တော်​များ​ကို ဤသို့​မိန့်မှာ​ခဲ့​သောကြောင့် ဘာသာရေး​ဘွဲ့​အမည်များ​ကို အသုံးမပြု​ခဲ့​ကြ​ချေ– “သင်တို့​မူ​ကား အရှင်​ဘုရား​ဟု ခေါ်ဝေါ်​ခြင်း​ကို မခံကြ​နှင့်။ ခရစ်တော်​တည်း​ဟူသော သင်တို့ . . . ဆရာ​တစ်ပါး​တည်း​ရှိ၏။ သင်တို့​အပေါင်း​သည် ညီအစ်ကို​ချင်း​ဖြစ်​ကြ​၏။ မြေကြီး​ပေါ်မှာ အဘယ်သူကိုမျှ အဘ​ဟူ၍ မ​ခေါ်ဝေါ်​ကြ​နှင့်။ ကောင်းကင်ဘုံ​၌ သင်တို့​အဘ​တစ်ပါး​တည်း​ရှိ​တော်​မူ​၏။” (မဿဲ ၂၃:၈၊ ၉) အစောပိုင်း​ခရစ်ယာန်​များနှင့် ယေဟောဝါသက်သေ​များ​စပ်ကြား တူညီချက်​များစွာ​ရှိသည်။

အမှန်တရား​ဟောပြောခြင်း​အတွက် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရ

၆၊ ၇။ ခရစ်ယာန်​များသည် ငြိမ်သက်ခြင်း​သတင်းကို ကြေညာ​ကြသော်လည်း မည်သို့​ပြုမူ​ဆက်ဆံ ခံ​ခဲ့​ကြ​ရပြီ​နည်း။

အစောပိုင်း​ခရစ်ယာန်​များသည် ဘုရားသခင်​၏ ငြိမ်သက်​သော​နိုင်ငံတော်​သတင်းကို ကြေညာ​ခဲ့​ကြသော်လည်း ယေရှု​ကဲ့သို့​ပင် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ကြ​ရသည်။ (ယောဟန် ၁၅:၂၀; ၁၇:၁၄) သမိုင်း​ဆရာ ဂျောန် အယ်​လ်. ဗွန် မို​ရှိ​မ်း​က ပထမ​ရာစု​ခရစ်ယာန်​များ​ကို “နိုင်ငံတော်​ကို ထိခိုက်​နစ်နာ​စေ​လို​စိတ်​ရှိသော အတွေးမျိုး တစ်ခါမျှ သို​မထားတတ်​သည့်၊ ရန်​မ​မူ​တတ်သော သဘော​အရိုး​ဆုံး​လူစု” ဟု​ခေါ်ဆို​ခဲ့​သည်။ “အခြား​အဘယ်​လူမျိုး​တို့၏ ဝတ်ပြု​ကိုးကွယ်​နည်း​နှင့်​မျှ​မတူ​သော ခရစ်ယာန်​များ​၏ ရိုး​စင်း​သော​ဝတ်ပြု​ကိုးကွယ်​မှု​ကြောင့် ရောမ​လူမျိုး​သည် ခရစ်ယာန်​များ​ကို မနှစ်မြို့​ကြ” ကြောင်း ဒေါက်တာ​မို​ရှိ​မ်း​ဖော်ပြ​ခဲ့​သည်။ သူ​ဤသို့​ထပ်ဆင့်​ဆို​သည်– “သူတို့၌ ယဇ်​ပူဇော်​ခြင်း၊ ဘုရားကျောင်း​များ၊ ရုပ်ပုံများ၊ နတ်​နှုတ်​များ သို့​မဟုတ် ယဇ်ပုရောဟိတ်​အတန်းအစား​မရှိ; ယင်းက ဤ​အရာများ​မရှိသော ဘာသာ​တရား​မရှိ​နိုင်​ဟု​ယူမှတ်​သည့် အသိပညာ​ကင်းမဲ့​သော​လူထု​၏ ပြစ်တင်​ရှုတ်ချမှု​ကို ခံရ​စေ​သည်။ သို့ဖြင့် သူတို့သည် ဘုရားသခင်​မဲ့​ဝါဒီများ​အဖြစ် ရှုမြင်​ခံရ​ကြသည်; ရောမ​ဥပဒေ​အရ ဘုရားသခင်​မဲ့​အယူဝါဒ​စွဲကိုင်​သူများ​အား လူ့​အဖွဲ့အစည်း​ကို ဘေးပြု​သူများ​ဟု သတ်မှတ်​ကြေညာ​သည်။”

ယဇ်ပုရောဟိတ်​များ၊ လက်မှုပညာ​သည်​များနှင့် . . . ကိုးကွယ်​မှု​ဖြင့် အသက်မွေးဝမ်းကျောင်း​ပြုသူ​များသည် . . . ကိုးကွယ်​ခြင်း​၌ မပါဝင်​ကြသော ခရစ်ယာန်​များ​ကို ဆန့်ကျင်​ရန် ပြည်သူ​လူထု​ကို လှုံ့ဆော်ပေး​ကြသည်။ (တမန်​တော် ၁၉:၂၃-၄၀; ၁ ကောရိန္သု ၁၀:၁၄) တာတူလျန်​က ဤသို့​ရေးသားခဲ့​သည်– “တိုင်းပြည်​တွင် ဘေး​ဆိုက်ရောက်​တိုင်း၊ လူတို့သည် ပြဿနာ​တစ်ခုခု​ပေါ်​တိုင်း ခရစ်ယာန်​များ​ကြောင့်​ဟု သူတို့​ယူမှတ်ခဲ့​ကြသည်။ မြို့ရိုး​အထိ တိုင်​ဘာ​မြစ်ရေ​တက်လာ​လျှင်၊ လယ်​ပြင်​များ​တွင် နိုင်းလ်မြစ်​ရေ​မ​လွှမ်း​လျှင်၊ မိုး​မ​ရွာ​လျှင်၊ သို့​မဟုတ် မြေငလျင်​လှုပ်​လျှင်၊ ငတ်မွတ်​ခေါင်းပါး​ခြင်း​ဖြစ်​လျှင်၊ ကပ်ရောဂါ​တစ်မျိုး​မျိုး​ဖြစ်​လျှင် ချက်ချင်း​ပင် ‘ခရစ်ယာန်​များ​ကို ခြင်္သေ့​စာ​ကျွေး​ပစ်!’ ဟု​အော်ဟစ်​ကြသည်။” မည်သို့​ပင်​ဖြစ်စေ စစ်မှန်သော​ခရစ်ယာန်​များသည် ‘ရုပ်ပုံကို ကြ​ဉ်​ရှောင်’ ကြသည်။—၁ ယောဟန် ၅:၂၁

အမှန်တရား​နှင့် ဘာသာရေးပွဲ​များ

၈။ အမှန်တရား၌ လျှောက်လှမ်း​နေ​သူများ​သည် ခရစ္စမတ်​ပွဲ​ကို အဘယ်ကြောင့်​မ​ကျင်းပ​ကြ​သနည်း။

‘အလင်း​သည် မှောင်မိုက်​နှင့်​မဆက်ဆံ’ သောကြောင့် အမှန်တရား၌ လျှောက်လှမ်း​နေ​သူများ​သည် ကျမ်းစာ​နှင့်​မညီညွတ်​သော​ပွဲ​များ​ကို ရှောင်ကြဉ်​ကြသည်။ (၂ ကောရိန္သု ၆:၁၄-၁၈) ဥပမာ၊ ဒီဇင်ဘာ ၂၅ ရက်​နေ့တွင်​ကျင်းပ​သည့် ခရစ္စမတ်​ကို သူတို့​မ​ကျင်းပ​ကြ​ချေ။ “ခရစ်တော်​၏​မွေးနေ့ အတိအကျ​ကို မည်သူမျှ​မသိ” ဟု ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်း​က​ဝန်ခံ​သည်။ အမေရိကားနား​စွယ်စုံ​ကျမ်း (၁၉၅၆ ခု​ထုတ်) က ဤသို့​ဆို​သည်– “ဒီဇင်ဘာ​လလယ်​ပိုင်း​၌ ကျင်းပ​သော ရောမ​ပွဲတော် ဆက်တန်နေလီယာ​သည် ခရစ္စမတ်​၏​ပျော်ပွဲရွှင်ပွဲ ဓလေ့​ထုံးစံ​များ​အတွက် စံ​ဖြစ်လာ​ခဲ့​သည်။” မက်ကလင်းတော့​နှင့် စထရောင်း​တို့၏​စွယ်စုံ​ကျမ်း​က ဤသို့​ဖော်ပြ​သည်– “ခရစ္စမတ်​ပွဲ​သည် ဘုရားသခင့်​အမိန့်အရ​မဟုတ်သကဲ့သို့ ဓမ္မသစ်​ကျမ်း​မှ အစပြု​ခဲ့​သည်လည်း​မဟုတ်ပါ။” ထို့​အပြင် ယေရှု​လက်ထက် နေ့စဉ်​ဘဝ​ဟူသော​စာအုပ်​က ဤသို့​ဆို​၏– “သိုးစု​တို့သည် . . . အမိုး​အကာ​အောက်တွင်​နေ၍ ဆောင်း​ကူး​ကြသည်; ဤ​အချက်​ကို​ကြည့်ရုံ​နှင့် ဆောင်း​အချိန်၌ ခရစ္စမတ်​ပွဲ​လုပ်သော၊ မိရိုးဖလာ​နေ့စွဲ​သည် မှန်​ပုံ​မရ၊ ခရစ်ဝင်​ကျမ်း​က သိုးထိန်း​များသည် လယ်​ပြင်​မှာ​ရှိကြသည်​ဟု ဆို​သောကြောင့်​ဖြစ်သည်။”—လုကာ ၂:၈-၁၁

၉။ ယေဟောဝါ​၏ နှောင်း​ခေတ်​နှင့် မျက်မှောက်ခေတ်​ကျေးကျွန်​များသည် အဘယ်ကြောင့်​အီစတာပွဲ မ​ကျင်းပ​ကြ​သနည်း။

အီစတာပွဲ​သည် ခရစ်တော်​၏​ရှင်ပြန်ထမြောက်ခြင်း​ကို အထိမ်းအမှတ်ပွဲ​ခံ​ခြင်း​ဖြစ်သည်ဟု​ဆို​၏၊ သို့သော် ခိုင်လုံ​သော​ရင်းမြစ်​တို့​မှာ မှား​သော​ဝတ်ပြု​ကိုးကွယ်​မှု​နှင့် ဆက်စပ်​နေ​၏။ ဝက်​ဘ်​မင်​စ​တာ​အဘိဓာန်​ကျမ်း​က အီစတာပွဲ​သည် “အ​င်္ဂ​လို-ဆက်ဆွန်​၌ အက်​စ္စ​ထ​ရီ” သို့​မဟုတ် အီအောစတာ​ဟု “သိထားကြ​သော အလင်း​နှင့် နွေဦး​၏ ထ​ယူ​တော​နစ်​ခ်​နတ်​သမီးကို ဂုဏ်ပြု​သည့် နွေဦး​ပွဲတော်​မှ မြစ်ဖျားခံ​သည်” ဟု​ဆို​၏။ မည်သို့​ပင်​ဖြစ်စေ ဗြိ​တဲ​န်​နစ်​ကာ​စွယ်စုံ​ကျမ်း (၁၁ ကြိမ်​မြောက်) က​ဤသို့​ဆို​၏– “အီစတာပွဲ​ကျင်းပ​ခြင်း​အကြောင်း ဓမ္မသစ်​ကျမ်း​၌ အရိပ်အမြွက်​ပင် မ​တွေ့ရ။” အီစတာပွဲ​သည် အစောပိုင်း​ခရစ်ယာန်​ပွဲ​မဟုတ်၊ ယေဟောဝါ​၏ မျက်မှောက်ခေတ်​လူမျိုးတော်သည် ၎င်း​ပွဲ​ကို​မ​ကျင်းပ​ကြ​ချေ။

၁၀။ အဘယ်​အထိမ်းအမှတ်ပွဲ​ကို ယေရှု​အစပြု​ကျင်းပ​ခဲ့​သနည်း၊ ၎င်း​ပွဲ​ကို မည်သူ​တို့ လျောက်ပတ်​စွာ​ကျင်းပ​ခဲ့​ကြပြီ​နည်း။

၁၀ ယေရှုသည် နောက်တော်လိုက်​များ​အား မိမိ၏​မွေးနေ့ကို​ဖြစ်စေ၊ ရှင်ပြန်ထမြောက်​သည့်​နေ့ကို​ဖြစ်စေ အထိမ်းအမှတ်ပွဲ​ခံ​ဖို့ မိန့်မှာ​တော်​မ​မူ​ခဲ့​ချေ၊ သို့သော် မိမိ၏​ယဇ်​ပူဇော်ရာ​သေခြင်း သတိရအောက်မေ့ပွဲကို​ကား ကိုယ်တော်​အစပြု​ကျင်းပ​ခဲ့​သည်။ (ရောမ ၅:၈) ဤ​ပွဲတော်​ကို​သာ နောက်တော်လိုက်​များ​အား ကျင်းပ​ရန် ကိုယ်တော်​မိန့်မှာ​ခဲ့​သည်။ (လုကာ ၂၂:၁၉၊ ၂၀) သခင့်​ညစာ​စားပွဲ​ဟု​လည်း​ခေါ်​သည့် ဤ​နှစ်ပတ်လည်​ပွဲတော်​ကို ယေဟောဝါသက်သေ​များ ကျင်းပ​နေကြ​ဆဲ​ဖြစ်သည်။—၁ ကောရိန္သု ၁၁:၂၀-၂၆

ကမ္ဘာ​တစ်ဝန်း​ကြေညာ​နေသော အမှန်တရား

၁၁၊ ၁၂။ အမှန်တရား၌ လျှောက်လှမ်း​နေ​သူများ​သည် သူတို့၏​ဟောပြောခြင်း​လုပ်ငန်း​ကို မည်သို့​အစဉ်​ထမ်းဆောင်​ခဲ့​ကြ​သနည်း။

၁၁ အမှန်တရား​သိရှိ​သူတို့သည် သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်း​အတွက် မိမိတို့၏​အချိန်၊ ခွန်အား​နှင့် အခြား​ဥစ္စာ​အင်​ခွင်​များ ပေးဆက်​ရခြင်း​ကို အခွင့်ထူး​တစ်ခု​ဟု​ယူမှတ်​ကြသည်။ (မာကု ၁၃:၁၀) အစောပိုင်း​ခရစ်ယာန်​ဟောပြောခြင်း​လုပ်ငန်း​ကို စေတနာအလျောက်​လှူဒါန်း​သော အလှူငွေများ​ဖြင့် ထမ်းဆောင်​ခဲ့​ကြသည်။ (၂ ကောရိန္သု ၈:၁၂; ၉:၇) တာတူလျန် ဤသို့​ရေးသားခဲ့​သည်– “ငွေ​သေတ္တာ​တစ်မျိုး​မျိုး​ထား​လျှင်​ပင် ၎င်း​ငွေ​သည် ဝင်​ကြေး​ကောက်​သည့်​ငွေ​မဟုတ်ပါ၊ ထိုသို့​ပြုခြင်း​သည် ဘာသာရေး​ကို စီးပွားရေး​လုပ်ငန်း​တစ်ခု​အလား ဖြစ်စေ​ပေမည်။ လူတိုင်း တစ်လ​တစ်ကြိမ်၊ သို့​မဟုတ် ဆန္ဒရှိ​သည့်​အခါ၊ အမှန်​ဆန္ဒရှိ​မှ​သာ၊ သူတတ်​နိုင်​လျှင် ငွေ​အနည်းငယ် ပါဝင်​လှူဒါန်း​ကြ​၏; မည်​သူ့ကို​မျှ အတင်းအကျပ် အလှူငွေ​ထည့်​စေ​သည်မဟုတ်; စေတနာအလျောက်​သာ လှူဒါန်း​ကြ​ခြင်း​ဖြစ်သည်။”—Apology, အခန်း ၃၉။

၁၂ ယေဟောဝါသက်သေ​များ​၏ ကမ္ဘာချီ​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကိုလည်း စေတနာအလျောက်​ထည့်ဝင်​သော အလှူငွေများ​ဖြင့် ထမ်းဆောင်​ပါ​သည်။ ယေဟောဝါသက်သေ​များ​အပြင် ကျေးဇူး​သိတတ်သော စိတ်ဝင်စားသူ​များ​က​လည်း မိမိတို့​အလှူငွေ​ဖြင့် ဤ​လုပ်ငန်း​ကို အားပေး​ကူညီ​ခွင့်​ရ​သဖြင့် ဝမ်းမြောက်​ကြသည်။ ဤ​တွင်​လည်း ကနဦး​ခရစ်ယာန်​များနှင့် ယေဟောဝါသက်သေ​များ တူညီ​ကြသည်။

အမှန်တရား​နှင့် ကိုယ်ပိုင်​အမူအကျင့်

၁၃။ ယေဟောဝါသက်သေ​များသည် အမူအကျင့်​နှင့်​ပတ်သက်​၍ ပေတရု​၏​အဘယ်​ဆုံးမ​စကား​ကို လိုက်နာ​ကြ​သနည်း။

၁၃ အမှန်တရား၌ လျှောက်လှမ်း​နေ​သူများ​အနေ​နှင့် အစောပိုင်း​ခရစ်ယာန်​များသည် တမန်​တော်​ပေတရု​၏ ဤ​ဆုံးမ​စကား​ကို​လိုက်နာ​ခဲ့​ကြသည်– “[ပြင်]ပ​လူတို့သည် သင်တို့ကို​ကဲ့ရဲ့​ပြစ်တင်​ကြသည်​အမှုမှာ၊ ဘုရားသခင်​ကြည့်ရှု​စီရင်တော်မူ​သော​နေ့ရက်​၌၊ သင်တို့၏​ကောင်းသော​အကျင့်ကို သူတို့သည်​ထောက်ရှု၍ ဘုရားသခင်​ကို​ချီးမွမ်း​မည်​အကြောင်း၊ သူတို့ရှေ့​၌ တင့်တယ်​လျောက်ပတ်​စွာ​ကျင့်​နေကြ​လော့။” (၁ ပေတရု ၂:၁၂) ဤ​စကား​များ​ကို ယေဟောဝါသက်သေ​များ နှလုံး​သွင်း​ကြသည်။

၁၄။ အကျင့်​ယိုယွင်းသော အပန်းဖြေမှု​အပေါ် ခရစ်ယာန်​ရှုမြင်ပုံ​ကား အဘယ်နည်း။

၁၄ အယူဖောက်ပြန်​ခြင်း ပေါ်လာ​ပြီး​နောက်​၌​ပင် အမည်ခံ​ခရစ်ယာန်​များသည် အကျင့်​ယိုယွင်း​သည့်​အပြု​အမူ​များ​ကို ရှောင်ကြဉ်​ခဲ့​ကြသည်။ ခရစ်ယာန်​သာ​သ​နာ့​သမိုင်း​ပါမောက္ခ ဒဗလျူ. ဒီ. ကေ​လဲ​န်​က ဤသို့​ရေးသားခဲ့​သည်– “ဒုတိယ​နှင့် တတိယ​ရာစု​များ​တွင် မြို့ကြီးပြကြီး​တိုင်း​တွင်ရှိသော ပြဇာတ်ရုံ​သည် ဆွဲဆောင်မှု​အားကောင်း​သည့်​နေရာ​ဖြစ်​ခဲ့​သည်; ဇာတ်​သမားများ​သည် အများအားဖြင့် အလွန်​အကျင့်​ယိုယွင်း​သူများ​ဖြစ်​ကြ​စေ​ကာ​မူ သူတို့၏​တင်ဆက်မှု​များသည် ထို​ခေတ်​၏​ယိုယွင်းသော​စိတ်ထား​များ​ကို အာသာပြေ​စေ​ခဲ့​သည်။ . . . ခရစ်ယာန်စစ်​အားလုံး​သည် ပြဇာတ်ရုံ​များ​ကို စက်ဆုပ်​ရွံရှာ​စ​ရာ​အဖြစ် ရှုမြင်ခဲ့​ကြသည်။ . . . ၎င်း​၏​ညစ်ညမ်းမှု​များ​မှ သူတို့​နောက်​တွန့်ဆုတ်​ခဲ့​ကြသည်; သူတို့၏​ဘာသာရေး​ခံယူ​ချက်​များ​ကြောင့် ပြဇာတ်ရုံ​တွင် နတ်​ဘုရား​များ၊ နတ်​ဘုရားမ​များ​ကို မပြတ်​အသနားခံ​ကြ​ခြင်း​သည် သူတို့ကို မခံ​ချိ​မခံ​သာ​ဖြစ်စေ​သည်။” (ရှေးခေတ်​ချာ့ခ်ျ၊ စာမျက်နှာ ၃၁၈-၁၉) ယေရှု၏​နောက်လိုက်​အစစ်အမှန်များ​သည် ညစ်ညမ်း​၍ အကျင့်​ယိုယွင်းသော အပန်းဖြေမှု​များ​ကိုလည်း ရှောင်ကြဉ်​ကြသည်။—ဧဖက် ၅:၃-၅

အမှန်တရား​နှင့် “အစိုး​ရသော​မင်း​အာဏာစက်”

၁၅၊ ၁၆။ “မင်း​အာဏာစက်” များ​ကား မည်သူ​တို့​နည်း၊ အမှန်တရား၌ လျှောက်လှမ်း​နေ​သူများ​သည် သူတို့ကို မည်သို့​သဘောထားကြ​သနည်း။

၁၅ အစောပိုင်း​ခရစ်ယာန်​များသည် အမူအကျင့်ကောင်း​ကြသော်လည်း ရောမ​ဧကရာဇ်မင်း​အများစု​သည် သူတို့ကို​အထင်လွဲ​ခဲ့​ကြသည်။ ဧကရာဇ်မင်း​များသည် သူတို့အား “ယုတ်ညံ့​သော စိတ်အား​ထက်သန်​သူများ” အဖြစ် ယူမှတ်​ကြ​ကြောင်း သမိုင်း​ဆရာ အီး၊ ဂျီ၊ ဟာ​ဒီ​က​ဆို​၏။ အုပ်ချုပ်သူ​များသည် ခရစ်ယာန်​ဘာသာ​၏ သဘော​သ​ကန်​အစစ်အမှန်​ကို အများအားဖြင့် မသိ​ခဲ့​ကြ​ကြောင်း ဘီသနီယာ​ဘုရင်ခံ ပလင်နီ​အငယ်​နှင့် ဧကရာဇ်​ထ​ရာ​ဂျင်​တို့ အပြန်အလှန်​ပေး​ပို့​သည့်​စာ​များ​က ဖော်ပြ​သည်။ နိုင်ငံတော်​အစိုးရ​ကို ခရစ်ယာန်​များ မည်သို့​ရှုမြင်ကြ​သနည်း။

၁၆ ယေရှု၏​အစောပိုင်း​နောက်လိုက်​များ​ကဲ့သို့ ယေဟောဝါသက်သေ​များသည် အစိုးရ​နှင့်​ဆိုင်သော “မင်း​အာဏာစက်” ကို​အတိုင်းအတာ​တစ်ခု​အထိ လက်အောက်ခံ​ကြသည်။ (ရောမ ၁၃:၁-၇) လူ့​တောင်းဆိုမှု​နှင့် ဘုရားသခင့်​အလိုတော် ယှဉ်ပြိုင်​လာ​ပါ​က သူတို့သည် “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို​နားထောင်” ကြ​ပါ​သည်။ (တမန်​တော် ၅:၂၉) ယေရှု​နောက်ပိုင်း—ခရစ်ယာန်​ဘာသာ​အောင်ပွဲခံ​ဟူသော​စာအုပ်​က ဤသို့​ဆို​၏– “ခရစ်ယာန်​များသည် ဧကရာဇ်​ဝတ်ပြုမှု​တွင် ပါဝင်​ခဲ့​ကြ​မည်​မဟုတ်သော်လည်း သူတို့သည် ပုန်ကန်​ရန်​လှုံ့ဆော်ပေး​သူများ​မဟုတ်​ကြ​ပါ၊ သူတို့၏​ဘာသာ​တရားသည် တစ်မူထူး​၍ တစ်ခါတစ်ရံ အယူမှား​သူတို့၏​အမြင်​မှ​ကြည့်​လျှင် မနှစ်မြို့ဖွယ်​ကောင်း​သူများ​ဖြစ်​ကြသော်လည်း အင်ပါယာ​ကို အဘယ်​အန္တရာယ်​မျှ​မပြု​ပါ။”

၁၇။ (က) အစောပိုင်း​ခရစ်ယာန်​များသည် အဘယ်​အစိုးရ​ကို ထောက်ခံ​ပြောဆို​ခဲ့​ကြ​သနည်း။ (ခ) ခရစ်တော်​၏​နောက်လိုက်​အစစ်အမှန်များ​သည် ဟေရှာယ ၂:၄ ပါ​စကား​များ​ကို မိမိတို့​ဘဝ​အသက်တာတွင် မည်သို့​ကျင့်သုံး​ကြ​သနည်း။

၁၇ ဘိုးဘေး​အာဗြဟံ၊ ဣဇာက်​နှင့် ယာကုပ်တို့​သည် ‘ဘုရားသခင်​တည်ထောင်သော’ ကတိထားရာ “မြို့” ကို​ယုံကြည်​ကြောင်း တင်ပြ​ခဲ့​ကြ​သကဲ့သို့ အစောပိုင်း​ခရစ်ယာန်​များသည် ဘုရားသခင့်​နိုင်ငံတော်​ကို ထောက်ခံ​ပြောဆို​ခဲ့​ကြသည်။ (ဟေဗြဲ ၁၁:၈-၁၀) ယေရှု၏​နောက်လိုက်​များသည် သူတို့၏​သခင်​ကဲ့သို့ “ဤ​လောက​နှင့်​မဆက်ဆံ” ခဲ့​ကြ​ချေ။ (ယောဟန် ၁၇:၁၄-၁၆) လူ့​စစ်မက်၊ ပဋိပက္ခ​တို့​နှင့်​ပတ်သက်​၍​လည်း သူတို့သည် ‘ဓား​လက်နက်များ​ကို ထွန်သွား​ဖြစ်စေ​ခြင်း’ ဖြင့် ငြိမ်သက်ခြင်း​ကို မီအောင်လိုက်​ကြသည်။ (ဟေရှာယ ၂:၄) စိတ်ဝင်စားဖွယ်​တူညီချက်​တစ်ခု​ကို သတိပြုမိ​ပြီး ချာ့ခ်ျ​သမိုင်းက​ထိ​က ဂျက်ဖရီ အက်ဖ်. နတ်​တယ်​လ်​က ဤသို့​ကောက်ချက်​ချ​ခဲ့​သည်– “ကျွန်ုပ်​တို့​လက်မခံချင်​ကြသော်လည်း စစ်​နှင့်​ပတ်သက်​၍ အစောပိုင်း​ခရစ်ယာန်​များ​၏​သဘောထား​သည် မိမိတို့​ကိုယ်ကို ယေဟောဝါသက်သေ​များ​ဟု​ခေါ်ဆို​ကြ​သူတို့၏ သဘောထား​နှင့် အလွန်​ဆင်တူ​သည်။”

၁၈။ ယေဟောဝါသက်သေ​များ​ကို အဘယ်​အစိုးရ​က​မျှ အဘယ်ကြောင့် ကြောက်စရာ​မလို​သနည်း။

၁၈ “မင်း​အာဏာစက်” များ​ကို လက်အောက်ခံ​ကြသော ကြားနေ​သူများ​အနေ​နှင့် ကနဦး​ခရစ်ယာန်​များသည် မည်သည့်​တည်ရှိ​ဆဲ နိုင်ငံတော်​အာဏာကို​မျှ အန္တရာယ်​မပြု​ခဲ့​ကြ​သကဲ့သို့ ယေဟောဝါသက်သေ​များလည်း ထို​နည်း​အတိုင်း​ပင်​ဖြစ်သည်။ မြောက်​အမေရိက​ရှိ ခေါင်းကြီးပိုင်း​ဆောင်းပါး​ရေးသူ​တစ်ဦး​က ဤသို့​ရေးသားခဲ့​သည်– “ယေဟောဝါသက်သေ​များသည် နိုင်ငံရေး​အုပ်ချုပ်မှု​နည်း​စနစ်​တစ်ခုခု​ကို တစ်နည်း​နည်းဖြင့် ခြိမ်းခြောက်​မည်​ဟု​ယုံကြည်ခြင်း​သည် တစ်ယူသန်​ဆန်​ခြင်း၊ အစွန်း​ထွက် မယုံ​သင်္ကာ​ခြင်း​သာ​ဖြစ်သည်။ သူတို့သည် ဘာသာရေး​အဖွဲ့အစည်း​တစ်ခု​အနေ​နှင့် ဖြိုဖျက်​မည်​မဟုတ်၊ အေးချမ်း​ငြိမ်သက်​စွာ နေထိုင်ကြ​သည်။” ယေဟောဝါသက်သေ​များ​အကြောင်း​သိ​သူ အာဏာပိုင်​များ​က သူတို့ကို ကြောက်စရာ​မလို​ကြောင်း သိ​ကြ​ပါ​သည်။

၁၉။ အခွန်​ပေးဆက်ခြင်း​နှင့်​ပတ်သက်​၍ အစောပိုင်း​ခရစ်ယာန်​များနှင့် ယေဟောဝါသက်သေ​များ​အကြောင်း မည်သို့​ဆိုနိုင်​သနည်း။

၁၉ “မင်း​အာဏာစက်” များ​ကို ရှေးခရစ်ယာန်​များ လေးစားမှု​တင်ပြ​ခဲ့​သော​နည်း​တစ်နည်း​မှာ အခွန်​အ​တုတ်​များ​ပေးခြင်း​ဖြင့်​ဖြစ်သည်။ ရောမ​ဧကရာဇ် အန်​တိုနီ​နပ်စ် ပိုင်းယပ်စ် (စီ.အီး. ၁၃၈-၁၆၁) ထံ​စာရေး​ရာ​တွင် ဂျပ်စ်​တင်​မာ​တာ​က ခရစ်ယာန်​များသည် သူတို့၏​အခွန်​အ​တုတ်​များ​ကို “အခြားသူ​အားလုံး​တို့​ထက် လွယ်ကူ​စွာ” ပေးဆက်​ကြသည်​ဟု ဆို​ခဲ့​သည်။ (First Apology, အခန်း ၁၇) ထို့​အပြင် တာတူလျန်​က​လည်း ခရစ်ယာန်​များသည် အခွန်​အ​တုတ်​များ​ကို အသိစိတ်​ရှိ​ရှိ​ဖြင့် ပေးဆက်​ကြသော​ကြောင့် ရောမ​အာဏာပိုင်​များ​၏ အခွန်ကောက်​သူများ​သည် “ခရစ်ယာန်​များ​ကို အလွန်​ကျေးဇူး​တင်​ရမည်​ဖြစ်​ကြောင်း” ရောမ​အာဏာပိုင်​များ​အား​ပြော​ခဲ့​သည်။ (Apology, အခန်း ၄၂) ခရစ်ယာန်​များသည် ပက်​စ်ရို​မာ​နာ သို့​မဟုတ် ရောမ​ငြိမ်းချမ်းရေး​အစီအစဉ်​နှင့် ၎င်း​၏​ဥပဒေ၊ အမိန့်​ပြဋ္ဌာန်းချက်​များ၊ ကောင်းမွန်သော​လမ်းများနှင့် အတော်အသင့်​လုံခြုံမှု​ရှိ ရေကြောင်း​ခရီးစဉ်​များ​တို့​မှ အကျိုး​ရရှိခဲ့​ကြသည်။ လူ့​ဘောင်​အဖွဲ့အစည်း​အား မိမိတို့​ပေးဆောင်​စ​ရာ​ရှိသည်​ကို အသိအမှတ်ပြု​ကာ “ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အား ဆက်​ပေး​ကြလော့” ဟူသော ယေရှု၏​စကား​ကို သူတို့​လိုက်နာ​ခဲ့​ကြသည်။ (မာကု ၁၂:၁၇) ဤ​စကား​ကို ယေဟောဝါ​၏ မျက်မှောက်ခေတ်​ကျေးကျွန်​များ လိုက်နာ​ကြ​ပြီး အခွန်​အ​တုတ်​ပေးခြင်း​ကိစ္စ​၌​ကဲ့သို့ သူတို့၏​ရိုးသား​ဖြောင့်မတ်မှု​အတွက် ချီးမွမ်း​ခံ​ခဲ့​ကြ​ရပြီ။—ဟေဗြဲ ၁၃:၁၈

အမှန်တရား—နှောင်ကြိုး

၂၀၊ ၂၁။ ငြိမ်းချမ်း​သော ညီအစ်ကို​အသင်းအပင်း​နှင့်​စပ်လျဉ်း၍ အစောပိုင်း​ခရစ်ယာန်​များနှင့် ယေဟောဝါ​၏ မျက်မှောက်ခေတ်​ကျေးကျွန်​များသည် အဘယ်အရာကို အမှန်ပင်​ဖော်ပြ​ခဲ့ပြီ​နည်း။

၂၀ အစောပိုင်း​ခရစ်ယာန်​များသည် အမှန်တရား၌ လျှောက်လှမ်း​ကြသော​ကြောင့် မျက်မှောက်ခေတ် ယေဟောဝါသက်သေ​များ​ကဲ့သို့​ပင် ငြိမ်းချမ်း​သော​ညီအစ်ကို​အသင်းအပင်း​၌ စည်းလုံး​ကြသည်။ (တမန်​တော် ၁၀:၃၄၊ ၃၅) မော်​စ​ကို​တိုင်းမ်​တွင်​ပါ​သော စာ​တစ်စောင်​က ဤသို့​ဆို​၏– “[ယေဟောဝါသက်သေ​များသည်] ခင်မင်မှု​ရှိပြီး ကြင်နာ​သော၊ ပေါင်း​ရ​သင်း​ရ​အလွန်​လွယ်ကူ​သော နူးညံ့​သိမ်မွေ့​သူများ​ဖြစ်သည်ဟု လူသိ​များ​ကြသည်၊ အခြား​သူများကို ဘယ်​သောအခါ​မျှ ဖိအား​မပေး​ဘဲ သူတစ်ပါး​နှင့်​ဆက်ဆံ​ရာ​၌​လည်း ငြိမ်သက်ခြင်း​ကို အစဉ်​ရှာကြံ​ကြသည်။ . . . သူတို့​အလယ်​၌ လာဘ်​ယူ​သူများ၊ သောက်ကြူး​သူများ သို့​မဟုတ် မူးယစ်​ဆေးစွဲ​သူများ​မရှိ​ချေ၊ ထိုသို့​ဖြစ်​ရသည့်​အကြောင်းရင်း​မှာ ရှင်း​ပါ​သည်– သူတို့​ပြု​လေ​သမျှ၊ ပြော​လေ​သမျှ ကျမ်းစာ​အခြေပြု ယုံကြည်ချက်များ​၏ လမ်းညွှန်မှုကို အတတ်နိုင်ဆုံး​ခံယူ​ကြသော​ကြောင့်​ဖြစ်သည်။ ကမ္ဘာ​သား​အားလုံး​သာ ယေဟောဝါသက်သေ​များ​ကဲ့သို့ ကျမ်းစာ​နှင့်​အညီ အသက်ရှင်ဖို့ အနည်းဆုံး​ကြိုးစား​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ရက်စက်​ကြမ်းတမ်းသော ကမ္ဘာကြီး​သည် လုံးလုံး​ပြောင်းလဲ​သွားပါ​လိမ့်​မည်။”

၂၁ အစောပိုင်း​ခရစ်ယာန်​များ​ဆိုင်ရာ စွယ်စုံ​ကျမ်း​က ဤသို့​ဖော်ပြ​သည်– “အစောပိုင်း​ချာ့ခ်ျ​သည် ယခင်​က ရန်လိုသော​လူစု​များ​ဖြစ်သည့် ဂျူး​နှင့် တစ်ပါး​အမျိုးသား​တို့​တွင် လူ့​လောက​အသစ်​တစ်ခု​အဖြစ် မိမိကိုယ်ကို​ရှုမြင်​ကာ အတူတကွ ငြိမ်းချမ်း​စွာ နေထိုင်​နိုင်​ကြသည်။” ယေဟောဝါသက်သေ​များသည် ငြိမ်းချမ်းမှု​ကို​မြတ်နိုးသော အပြည်ပြည်ဆိုင်ရာ ညီအစ်ကို​များ​အသင်းအပင်း​တစ်ခု​လည်း​ဖြစ်သည်၊ အမှန်တကယ်​ပင် ကမ္ဘာသစ်​အဖွဲ့အစည်း​တစ်ခု​ဖြစ်သည်။ (ဧဖက် ၂:၁၁-၁၈; ၁ ပေတရု ၅:၉; ၂ ပေတရု ၃:၁၃) တောင်​အာဖရိက​ရှိ ပ​ရီ​တို​ရီး​ယား​ပြပွဲ​ကွင်း​၏ လုံခြုံရေး​အကြီးအမှူး​သည် လူမျိုး​အသီးသီး​မှ​ဖြစ်သော သက်သေခံ​များ စည်းဝေးကြီး​ကို ငြိမ်သက်​စွာ လာ​တက်ရောက်​ကြ​ကြောင်း တွေ့မြင်​သောအခါ သူ​ဤသို့​ပြော​ခဲ့​သည်– “လူတိုင်း ယဉ်ကျေး​သိမ်မွေ့ ရည်​မွန်​ကြတယ်၊ တစ်ယောက်ကို​တစ်ယောက် ကောင်းမွန်​စွာ​စကားပြော ဆက်ဆံ​ကြတယ်၊ လွန်ခဲ့တဲ့​ရက်​အနည်းငယ်​မှာ တွေ့မြင်​ခဲ့​ရတဲ့ သဘောထားတွေ​က သင်တို့​အသင်းသားများ​ရဲ့ အရည်အသွေးကို​ထောက်ပြပါ​တယ်၊ အားလုံး​ဟာ ပျော်ရွှင်​တဲ့​မိသားစုကြီး​တစ်စု​လို​ပဲ။”

အမှန်တရား​သွန်သင်​ပေးခြင်း​အတွက် ကောင်းချီး​ခံစားရ

၂၂။ ခရစ်ယာန်​များသည် အမှန်တရားကို​ဖော်ပြ​နေကြ​သောကြောင့် အဘယ်အရာ​ဖြစ်ပျက်​နေပြီ​နည်း။

၂၂ ပေါလု​နှင့် အခြား​ခရစ်ယာန်​များသည် သူတို့၏​အမူအကျင့်​နှင့် ဟောပြောခြင်း​လုပ်ငန်း​အားဖြင့် “[အမှန်] တရားကို အ​တည့်​အလင်း​ဖော်ပြ” ခဲ့​ကြသည်။ (၂ ကောရိန္သု ၄:၂) ယေဟောဝါသက်သေ​များသည် ထို​အတိုင်း​ပြု​နေကြ​ပြီး လူမျိုးအပေါင်း​အား အမှန်တရား​သွန်သင်ပေး​နေကြောင်း သင်​သဘောတူ​သည်မဟုတ်​ပေ​လော။ ကမ္ဘာ​တစ်ဝန်း​ရှိ​လူတို့သည် စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​မှု​ကို ယုံကြည်​သက်ဝင်လာ​ကြ​ပြီး ‘ယေဟောဝါ​၏​အိမ်တော် တည်​သော​တောင်’ ပေါ်​သို့ တ​သီ​တ​တန်း​တက်​သွား​နေကြ​သူ များသည်ထက်​များ​လာ​နေသည်။ (ဟေရှာယ ၂:၂၊ ၃) နှစ်စဉ်​နှစ်​တိုင်း ထောင်နှင့်ချီ​သော​သူတို့သည် ဘုရားသခင်​ထံ​ဆက်ကပ်​အပ်နှံခြင်း အထိမ်းအမှတ်​အဖြစ် နှစ်ခြင်း​ယူ​ခဲ့​ကြ​ပြီး အသင်းတော်​အသစ်များ​စွာ​ကို ဖွဲ့စည်း​တည်ထောင်​ခဲ့​ရ​ကြပြီ။

၂၃။ လူမျိုးအပေါင်း​အား အမှန်တရား​သွန်သင်ပေး​နေ​သူများကို သင်​မည်သို့​ရှုမြင်​သနည်း။

၂၃ ယေဟောဝါ​၏​လူမျိုးတော်သည် နောက်ခံ​အမျိုးမျိုး​မှ​လာ​ကြသော်လည်း စစ်မှန်သော​ဝတ်ပြုရေး​၌ စည်းလုံး​နေကြ​သည်။ သူတို့​တင်ပြသော​မေတ္တာက သူတို့သည် ယေရှု၏​တပည့်​များ​ဖြစ်​ကြောင်း ခွဲခြား​သိမြင်​စေ​သည်။ (ယောဟန် ၁၃:၃၅) “ဘုရားသခင်​သည် သူတို့တွင်​အမှန်​ရှိ​တော်​မူ” ကြောင်းကို သင်​တွေ့မြင်​ပါသလော။ (၁ ကောရိန္သု ၁၄:၂၅) လူမျိုးအပေါင်း​အား အမှန်တရား​သွန်သင်ပေး​နေ​သူများ​နှင့်အတူ သင်​ရပ်တည်​နေပြီ​လော။ သို့​ဖြစ်ပါ​က အမှန်တရား​ရထား​သည့်​အတွက် အစဉ်​ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​ပြီး အမှန်တရား​လမ်းစဉ်၌ ထာဝစဉ်​လျှောက်လှမ်းခွင့်​ရ​ပါစေ။

သင်​မည်သို့​ဖြေဆို​မည်​နည် 

• ဝတ်ပြု​ကိုးကွယ်​ပုံ​နှင့်​ပတ်သက်​၍ အစောပိုင်း​ခရစ်ယာန်​များနှင့် ယေဟောဝါသက်သေ​များ​၏ တူညီချက်​များ​ကား အဘယ်နည်း။

• အမှန်တရား၌ လျှောက်လှမ်း​နေ​သူများ ကျင်းပ​သည့် တစ်ခု​တည်း​သော​ဘာသာရေးပွဲ​ကား အဘယ်နည်း။

• “အစိုး​ရသော​မင်း​အာဏာစက်” ကား မည်သူ​နည်း၊ သူတို့ကို ခရစ်ယာန်​များ မည်သို့ ရှုမြင်ကြ​သနည်း။

• အမှန်တရားသည် မည်သို့​အားဖြင့် နှောင်ကြိုး​ဖြစ်သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

အမှန်တရား​လမ်းစဉ်​အတိုင်း လျှောက်လှမ်း​နေ​သူများ​အတွက် ခရစ်ယာန်​အစည်းအဝေး​များသည် အစဉ်သဖြင့် ကောင်းချီး​တစ်ရပ်​ဖြစ်​ခဲ့ပြီ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေရှု​က မိမိ၏​ယဇ်​ပူဇော်ရာ​သေခြင်းကို သတိရအောက်မေ့ပွဲ​ကျင်းပ​ရန် နောက်လိုက်​များ​အား မိန့်မှာ​ခဲ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

အစောပိုင်း​ခရစ်ယာန်​များ​ကဲ့သို့ ယေဟောဝါသက်သေ​များသည် “အစိုး​ရသော​မင်း​အာဏာစက်” ကို ရိုသေ​လေးစား​ကြ