မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမည်မသိနတ်ဘုရား အတွက်ယဇ်ပလ္လင်

အမည်မသိနတ်ဘုရား အတွက်ယဇ်ပလ္လင်

အမည်​မသိ​နတ်​ဘုရား အတွက်​ယဇ်​ပလ္လင်

တမန်​တော်​ပေါလု​သည် စီ.အီး. ၅၀ ပြည့်နှစ်​ခန့်​တွင် ဂရိ​နိုင်ငံ၊ အေ​သင်​မြို့​သို့ လည်ပတ်​ခဲ့​သည်။ ထို​တွင် အမည်​မသိ​နတ်​ဘုရား​အတွက် ယဇ်​ပလ္လင်​တစ်ခု​ကို သူ​တွေ့ ခဲ့​ရာ နောက်ပိုင်း​တွင် ယေဟောဝါ​အကြောင်း ကောင်းကောင်း​သက်သေခံ​စဉ် ၎င်း​ယဇ်ပလ္လင်ကို ရည်ညွှန်းခဲ့​၏။

မား​စ်​တောင်ကုန်း သို့​မဟုတ် အာရေ​တောင်ပေါ်​တွင် ပေါလု​သည် ဤသို့​နိဒါန်း​ပျိုး​ပြီး ဟောပြောခဲ့​သည်– “အချင်း​အာသင်​လူ​တို့၊ သင်တို့သည် ခပ်သိမ်း​သော​အရာ​တို့ ၌ နတ်​ဘုရား​တို့ကို အလွန်​ရိုသေ​တတ်ကြ​သည်ကို ငါ​မြင်​ပါ​၏။ လမ်း၌​သွား​၍ သင်တို့၏​ဘုရား​များ​ကို ကြည့်ရှု​သည်​တွင် ငါ​တို့​မသိသော​ဘုရားသခင်​အဖို့​ဟူ၍ အက္ခရာ​တင်သော ယဇ်​ပလ္လင်​တစ်ခု​ကို တွေ့​ပါ​၏။ သင်တို့သည် မသိဘဲ​လျက် ကိုးကွယ်​သော​ဘုရားသခင်​၏​အကြောင်းကို ငါ​ဟောပြော​၏။”—တမန်​တော် ၁၇:၂၂-၃၁

အေ​သင်​မြို့မှ ထို​ယဇ်ပလ္လင်ကို ပြန်​မ​တွေ့​သော်လည်း ဂရိ​နိုင်ငံ​၏​အခြား​ဒေသ​များ​တွင် အလားတူ​ယဇ်​ပလ္လင်​များ​ကို တွေ့ ရှိခဲ့​သည်။ ဥပမာ၊ ဒုတိယ​ရာစု​မှ ဂရိ​ပထဝီ​ပညာရှင် ပေါ်စေးနီးယပ်စ်​က အေ​သင်​မြို့​နှင့် မ​ဝေး​လှ​သော ဖာလီရွန်မြို့​တွင် “အမည်​မသိသော​နတ်​ဘုရား​များ” အတွက် ယဇ်​ပလ္လင်​များ​ရှိကြောင်း ဖော်ပြ​ခဲ့​သည်။ (ဂရိ​နိုင်ငံ​၏​စာ​ပန်းချီ၊ အ​တီ​ကာ ၁၊ ၄) ၎င်း​စာစောင်​က အို​လင်​ပီ​ယာ​ဒေသ​တွင် “လူသိ​နည်းသော​နတ်​ဘုရား​များ​၏ ယဇ်​ပလ္လင်​တစ်ခု” ရှိသည်​ဟု ဖော်ပြ​၏။—အီလီအာ ၁၊ ၁၄၊ ၈။

ဂရိ​စာရေး​ဆရာ ဖာ​လာ​စ်​တာ​ရ်​တာ​စ် (စီ.အီး. ၁၇၀ ခန့်-၂၄၅ ခန့်) သည် မိမိ၏​စာအုပ် တစ်​အာနာ​၏​အာပေါလောနိ​ယပ်စ်​အသက်တာ (၆၊ ၃) တွင် အေ​သင်​မြို့၌ “လူသိ​နည်းသော​နတ်​ဘုရား​များ​ကို​ပင် ဂုဏ်ပြု​သည့်​အနေ​ဖြင့် ယဇ်​ပလ္လင်​များ​ဆောက်လုပ်​ထား​၏” ဟု​ဆို​သည်။ အတွေးအခေါ်​ပညာရှင်​များ​၏​အသက်တာ (၁၊ ၁၁၀) စာအုပ်​တွင် ဒို​င်​အော်​ဂျီ​နီ လေအာ​ရှ်​ဟပ်​စ် (စီ.အီး. ၂၀၀ ခန့်-၂၅၀) က “အမည်​မသိ​ယဇ်​ပလ္လင်​များ​ကို” အေ​သင်​မြို့​တစ်လျှောက် တွေ့ မြင်နိုင်​သည်​ဟု ရေးသားခဲ့​၏။

ရောမတို့​သည်လည်း အမည်​မသိ​နတ်​ဘုရား​များ​အတွက် ယဇ်​ပလ္လင်​များ တည်ဆောက်​လေ့​ရှိ၏။ အီတလီ​နိုင်ငံ၊ ရောမမြို့ ပါ​လက်​တိုင်း​ပြတိုက်​တွင် ထိန်းသိမ်း​ပြသထား​သည့် ဘီ.စီ.အီး. ပထမ​ရာစု​နှင့် ဒုတိယ​ရာစု​မှ ယဇ်​ပလ္လင်​တစ်ခု​ကို ဤ​တွင်​ဖော်ပြ​ထား​သည်။ အဆိုပါ​ယဇ်ပလ္လင်ကို “နတ်​ဘုရား သို့​မဟုတ် နတ်​ဘုရားမ” အားဆက်​ကပ်​ထား​သည်​ဟု ၎င်း​၏​လက်တင်​ကမ္ပည်း​စာ​က ဖော်ပြ​သည်၊ နတ်​ဘုရား သို့​မဟုတ် နတ်​ဘုရားမ​ဟူသော စကားစု​ကို “ကမ္ပည်း​စာ​များနှင့် ကျမ်းဂန်​စာပေ​တို့​တွင်​ပါ​သည့် ဆုတောင်းချက်​များ သို့​မဟုတ် ဆက်သ​စကား​များ​တွင် တစ်ခါတစ်ရံ​တွေ့ရ​တတ်​သည်။”

“လောကဓာတ်​မှ​စ၍ လောကဓာတ်​၌ ရှိ​လေ​သမျှ​သော​အရာ​တို့ကို ဖန်ဆင်း​တော်​မူ​သော ဘုရားသခင်” အား ယခု​အထိ​ပင် မသိ​သူများစွာ​ရှိသေး​သည်။ သို့သော် ဤ​ဘုရားသခင် ယေဟောဝါ​သည် “အဘယ်​သူနှင့်​မျှ ဝေး​တော်​မူ​သည်မဟုတ်” ကြောင်း အေ​သင်​မြို့သား​များ​ကို ပေါလု​ပြော​သကဲ့သို့ပင်​ဖြစ်၏။—တမန်​တော် ၁၇:၂၄၊ ၂၇

[Picture Credit Line on page 32]

Altar: Soprintendenza Archeologica di Roma