မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငှက်ကျားထံမှ သင်ခန်းစာတစ်ရပ်

ငှက်ကျားထံမှ သင်ခန်းစာတစ်ရပ်

ငှက်ကျား​ထံ​မှ သင်ခန်းစာ​တစ်ရပ်

“မိုးကောင်းကင်​၌ ကျင်လည်​သော တော​ငန်း [“ငှက်ကျား၊” က​ဘ] သော်လည်း မိမိ​အချိန်ကို သိတတ်၏။ . . . ငါ​၏​လူ​မူ​ကား ထာဝရ​ဘုရား​စီရင်တော်မူ​ခြင်း​ကို နားမလည်​တတ်။” (ယေရမိ ၈:၇) အဆိုပါ​စကား​များ​အားဖြင့် မိမိတို့၏​ဘုရားသခင် ယေဟောဝါ​ကို စွန့်ခွာ​၍ တိုင်းတစ်ပါး​နတ်​ဘုရား​များ​ကို ကိုးကွယ်​နေကြ​သည့် ဖောက်ပြန်သော ယုဒ​လူ​တို့ကို ယေဟောဝါ​၏​တရား​စီရင်ခြင်း​အကြောင်း ပရောဖက်​ယေရမိ ကြေညာ​ခဲ့​၏။ (ယေရမိ ၇:၁၈၊ ၃၁) ယေရမိ​သည် တည်ကြည်မှု​မရှိသော​ဂျူး​များ​အတွက် လက်တွေ့ကျ​သင်ခန်းစာပေး​ရန် ငှက်ကျား​ကို အဘယ်ကြောင့်​ရွေးချယ်​ခဲ့​သနည်း။

ငှက်ကျား အထူးသဖြင့် ငှက်ကျား​ဖြူ​သည် ကျမ်းစာ​နယ်မြေ​များ​တစ်လျှောက် ရာသီအလိုက် သွားလာ​နေသော​ကြောင့် ထို​ငှက်​ကို ဣသရေလလူ​တို့ တွေ့ ဖူး​နေကျ​ဖြစ်၏။ အရွယ်​ကြီး​ပြီး ခြေတံ​ရှည်​သော ရေ​စပ်​နေ​ဤ​ငှက်​၏ ဟေဗြဲ​အမည်​မှာ မ,သဘာဝ​ရှိပြီး “တည်ကြည်သူ; ချစ်ခင်​ကြင်နာ​သူ” ဟု​အဓိပ္ပာယ်​ရသည်။ အခြား​ငှက်​များနှင့်​မတူဘဲ ဤ​ငှက်ကျား​ဖြူ​မောင်နှံ​သည် သေ​သည့်​အထိ တ​ပူး​တ​တွဲ​နေကြ​သောကြောင့် ၎င်း​အမည်​သည် အလွန်​သင့်လျော်​ပေ​၏။ ဆောင်း​ရာသီ​တွင် ပူနွေး​သော​ဒေသ​များ​၌ နေထိုင်ပြီး​နောက် ငှက်ကျား​အများစု​သည် နှစ်စဉ်​နှစ်​တိုင်း ယခင်​က သူတို့​အသုံးပြု​ခဲ့​သော​အသိုက်​သို့ ပြန်လာ​တတ်ကြ​သည်။

ငှက်ကျား​၏ ပင်ကို​သဘာဝ​က ထူးဆန်း​ဖွယ်​တခြား​နည်းဖြင့် တည်ကြည်သော​အရည်အသွေးကို ဖော်ထုတ်​၏။ သား​ဝပ်​ရာ​တွင်​လည်းကောင်း၊ ကလေး​များ​ကို အစာ​ကျွေး​ရာ​တွင်​လည်းကောင်း အထီး​နှင့်​အမ နှစ်ကောင်စလုံး​က ပူးတွဲ​လုပ်ဆောင်ကြ​သည်။ ကျွန်ုပ်​တို့၏ အံ့ဖွယ်ကောင်း​သော တောရိုင်း​တိရစ္ဆာန် စာအုပ်​က ဤသို့ ရှင်းပြသည်– “ငှက်ကျား​မိဘများသည် တစ်ကောင်​အပေါ်​တစ်ကောင် တည်ကြည်​ကြသည်​မှာ ထူးဆန်း​၏။ ဂျာမနီ​နိုင်ငံ​မှ ငှက်ကျား​အထီး​တစ်ကောင်​သည် လျှပ်စစ်​ဝါ​ယာ​ကြိုး​များနှင့် ထိမိ​၍ ဓာတ်​လိုက်​သေဆုံး​သွား​သည်။ သူ၏​မိတ်ဖက်​သည် ၃ ရက်​အထိ တစ်ကောင်​တည်း ဆက်၍​သား​ဝပ်​ခဲ့​ပြီး ထို​အချိန်အတွင်း အစာ​ရှာ​ရန် တစ်ကြိမ် တစ်ခဏ​တည်း​သာ အသိုက်​မှ ထွက်ခွာ​သွားခဲ့သည်။ . . . အခြား​အဖြစ်အပျက်​တစ်ခု​တွင် ငှက်ကျား​မ ပစ်ခတ်​ခံရသော​အခါ ဖခင်​ငှက်ကျား​သည် ကလေး​များ​ကို ကျွေးမွေး​ပြုစု​ခဲ့​၏။”

ငှက်ကျား​သည် ရာသက်ပန်​အဖော်​ကို ပင်ကို​အသိ​ဖြင့် တည်ကြည်မှု​ပြ​၍ ကလေး​များ​ကို ကျေပွန်​စွာ ကြည့်ရှု​စောင့်ရှောက်ခြင်း​အားဖြင့် “တည်ကြည်သူ” ဟူသော ၎င်း​အမည်​၏ အဓိပ္ပာယ်​နှင့်​အညီ ပြုမူ​သည်။ ထို့​ကြောင့် ငှက်ကျား​များသည် တည်ကြည်မှု​မရှိ၊ ခေါင်းမာ​သော ဣသရေလ​လူမျိုး​အတွက် ထိရောက်​သော သင်ခန်းစာ​ဖြစ်​ပေ​သည်။

မျက်မှောက်ခေတ် လူအများစု​အတွက် တည်ကြည်မှု​သည် ချီးမွမ်းဖွယ်​ကောင်းသော အရည်အချင်း​ဖြစ်သော်လည်း လက်တွေ့​မကျ၊ ရှေး​ဆန်​သည်​ဟု သဘောထားကြ​၏။ ကွာရှင်း​ခြင်း၊ စွန့်ပစ်ခြင်း၊ ငွေ​အလွဲသုံးစား​ပြုလုပ်ခြင်း​နှင့် တခြား​ကောက်ကျစ်​စဉ်းလဲ​သော​နည်း​များ တိုးများ​လာ​နေခြင်း​က တည်ကြည်မှု​ကို တန်ဖိုး​မထား​တော့​ကြောင်း ဖော်ပြ​နေသည်။ ယင်း​နှင့် ဆန့်ကျင်​လျက်၊ သမ္မာကျမ်းစာ​က မေတ္တာ​နှင့် ကြင်နာ​မှု လှုံ့ဆော်ပေး​၍ ဖြစ်ပေါ်​သည့် တည်ကြည်မှု​ကို အလွန်​တန်ဖိုး​ထား​ပါ​သည်။ ၎င်း​က ခရစ်ယာန်​များ​ကို “မှန်သော​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း . . . အားဖြင့် ဘုရားသခင်​နှင့်အတူ​အမျှ ဖန်ဆင်း​သော​လူသစ် [“ဥပဓိရုပ်​သစ်၊” က​ဘ] ကို ယူတင်​ဝတ်ဆောင်” ကြ​ရန် တိုက်တွန်း​နှိုးဆော်​သည်။ (ဧဖက် ၄:၂၄) မှန်ပါသည်၊ ဥပဓိရုပ်​သစ်​က ကျွန်ုပ်​တို့ကို တည်ကြည်မှု​ရှိ​ရန် ကူညီပေး​၏၊ သို့သော်လည်း ငှက်ကျား​ထံ​မှ တည်ကြည်မှု​အကြောင်း သင်ခန်းစာယူ​နိုင်​ပါ​သည်။