မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ဘုရားသခင်​၏ မျက်နှာသာ​ရရှိရန် တိရစ္ဆာန်​ယဇ်​လို​ကြောင်း အာဗေလ သိခဲ့​သလော။

ကာဣန​နှင့် အာဗေလ​တို့ ယဇ်​ပူဇော်​ခြင်း​အကြောင်းကို သမ္မာကျမ်းစာ​က အကျဉ်းချုပ်​သာ​ဖော်ပြ​ထား​သည်။ ကမ္ဘာဦး ၄:၃-၅ တွင် ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– “အချိန်စေ့​သောအခါ ကာဣန​သည် ထာဝရ​ဘုရားထံ ပူဇော် . . . ဖို့ မြေ​အသီးကို ဆောင်​ခဲ့​၏။ အာဗေလ​သည်လည်း မိမိ​သိုးစု​တွင် အ​ဦး​ဖွား​သော သား​အချို့​နှင့် သိုး​ဆီ​ဥ​ကို ဆောင်​ခဲ့​၏။ ထာဝရ​ဘုရား​သည် အာဗေလ​နှင့် သူ၏​ပူဇော်[ရာ​ယဇ်]ကို ပမာဏ​ပြု​တော်​မူ​၏။ ကာဣန​နှင့် သူ၏​ပူဇော်[ရာ​ယဇ်]ကို ပမာဏ​ပြု​တော်​မ​မူ။ ထို​ကြောင့် ကာဣန​သည် အလွန်​စိတ်ဆိုး​၍ မျက်နှာ​ပျက်​လေ​၏။”

ဤ​အဖြစ်အပျက်​မတိုင်မီ ယေဟောဝါ​သည် ယဇ်​ပူဇော်​ခြင်း​အကြောင်း၊ သို့​မဟုတ် ကိုယ်တော်​လက်ခံ​နိုင်​မည့် ယဇ်​အမျိုးအစား​အကြောင်း အသေးစိတ်​ဖော်ပြ​ထား​သည့် အချက်အလက်​များ ကျမ်းစာ​တွင် မဖော်​ပြ​ထား​ချေ။ သို့​ဖြစ်၍ ကာဣန​နှင့် အာဗေလ​တို့သည် သူတို့​စိတ်ကြိုက် ယဇ်​ပူဇော်​ခဲ့​ကြ​ခြင်း​ဖြစ်သည်​မှာ ထင်ရှား​ပါ​သည်။ သူတို့သည် မိဘများ​၏ ကနဦး​ပရဒိသု​စံအိမ်​ထဲ​သို့ ဝင်ခွင့်​မရတော့​ချေ; အပြစ်​၏​အကျိုးဆက်များ​ကို ခံစား​နေကြ​ရသည်; ဘုရားသခင်​နှင့် စိမ်းကား​သွားခဲ့သည်။ သူတို့သည် အပြစ်​ရှိပြီး ကြေကွဲဖွယ်​အခြေအနေ​၌​ရှိကြ​ရာ ဘုရားသခင်​၏​အကူအညီ တကယ်​လိုအပ်​သည်ကို သိရှိ​လာ​ကြ​ပေမည်။ ဘုရားသခင်​အား ပူဇော်​သော​ယဇ်​သည် ဘုရားသခင်​၏​မျက်နှာသာ​ရရှိရန်​အတွက် သူတို့​စေတနာအလျောက် ပူဇော်​ခဲ့​ဖွယ်​ရှိ၏။

ရလဒ်​မှာ အာဗေလ​၏​ယဇ်ကို ဘုရားသခင် လက်ခံ​သော်လည်း ကာဣန​၏​ယဇ်ကို​ကား လက်မခံခဲ့​ချေ။ အဘယ်ကြောင့်​နည်း။ အာဗေလ ပူဇော်​ခဲ့​သော​ယဇ်​သည် တော်​တည့်​မှန်ကန်​၍ ကာဣန​၏​ယဇ်​မူ​ကား မတော်​မှန်​၍​လော။ မည်သည့်​ယဇ်ကို လက်ခံ​မည်၊ မည်သည့်​ယဇ်ကို လက်မခံ​ဟု သူတို့အား မ​မှာကြား​ထားသော​ကြောင့် ယဇ်​အမျိုးအစား​အပေါ် မူတည်​သည်​ဟူ၍ တပ်အပ်​မပြော​နိုင်​ပေ။ သို့သော် တစ်ခု​မဟုတ်​တစ်ခု​ကို လက်ခံနိုင်ဖွယ်​ရှိ၏။ နောက်ပိုင်း​တွင် ဣသရေလ​လူမျိုး​ကို ယေဟောဝါ​ပေး​ခဲ့​သည့် ပညတ်တော်​၌ ကိုယ်တော်​လက်ခံ​နိုင်သော ယဇ်များ​သည် တိရစ္ဆာန်​များ သို့​မဟုတ် တိရစ္ဆာန်​၏​အင်္ဂါ​အစိတ်အပိုင်း​များ​သာမက ပေါက်ပေါက်၊ ဘာ​လီ၊ မုန့် ည​က်၊ ဖုတ်​ထားသော​အစာများ​နှင့် စပျစ်​ရည်​လည်း ပါဝင်​၏။ (ဝတ်ပြုရာ ၆:၁၉-၂၃; ၇:၁၁-၁၃; ၂၃:၁၀-၁၃) ဘုရားသခင်​သည် ကာဣန​၏​ယဇ်ကို​ပယ်​ပြီး အာဗေလ​၏​ယဇ်ကို လက်ခံခဲ့​ခြင်း​သည် သူတို့ ပူဇော်​ခဲ့​ကြသော ပစ္စည်း​ကြောင့်​သာ မဟုတ်​သည်​မှာ ထင်ရှား​ပါ​သည်။—ဟေရှာယ ၁:၁၁; အာမုတ် ၅:၂၂ နှိုင်းယှဉ်။

ရာစုနှစ်များစွာ နောက်ပိုင်း​တွင် တမန်​တော်​ပေါလု​က ဤသို့​ဖော်ပြ​ခဲ့​သည်– “အာဗေလ​သည် ကာဣန​ပူဇော်​သော​ယဇ်​ထက် သာ၍​မြတ်သော​ယဇ်ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​အား ပူဇော်​၏။ ထိုသို့​သော​ယဇ်ကို ပူဇော်​၍ မိမိ​ဖြောင့်မတ်​သည်​ဟု သက်သေခံ​တော်​မူ​ခြင်း​ကို ရလေ​၏။ အဘယ်​သို့ နည်း​ဟူ​မူ​ကား၊ သူ​လှူ​သော​အလှူ​ကို ဘုရားသခင်​သည် လက်ခံ​တော်​မူ​၏။” (ဟေဗြဲ ၁၁:၄) သို့​ဖြစ်၍ အာဗေလ​ကို ဖြောင့်မတ်​သူ​အဖြစ် ဘုရားသခင်​အသိအမှတ်ပြု​ခဲ့​ရခြင်း​မှာ သူ၏​ယုံကြည်ခြင်း​ကြောင့်​ဖြစ်သည်။ သို့သော် မည်သည့်​အရာ​ကို သူ​ယုံကြည်ခဲ့​သနည်း။ ‘မြွေ​၏​ဦးခေါင်း​ကို​ကြိတ်’ ပြီး​လျှင် တစ်ချိန်က လူသား​တို့​ခံစား​ခဲ့​ရသည့် ငြိမ်သက်ခြင်း​နှင့် စုံလင်ခြင်း​တို့ကို ဆောင်ကြဉ်း​ပေး​မည့် မျိုးနွယ်တော် ဖြစ်ပေါ်​စေမည်​ဟူသော ယေဟောဝါ​၏​ကတိတော်​ကို ယုံကြည်ခြင်း​ဖြစ်သည်။ မျိုးနွယ်တော်​၏ ‘ဖနောင့်​သည် အကြိတ်​ခံ’ ရ​လိမ့်​မည်​ဟူသော ဖော်ပြချက်​မှ အသွေး​သွန်း​စ​ရာ​လို​သော​ယဇ်မျိုး​ကို ပူဇော်​ရမည်​ဖြစ်​ကြောင်း အာဗေလ ကျိုးကြောင်း​ဆင်ခြင်​တွေးတော​ခဲ့​ပေမည်။ (ကမ္ဘာဦး ၃:၁၅) မည်သို့​ပင်​ဖြစ်ပါစေ၊ အာဗေလ​၏​ယဇ်​သည် “ကာဣန​ပူဇော်​သော​ယဇ်​ထက် သာ၍​မြတ်သော​ယဇ်” ဖြစ်​ရခြင်း​မှာ သူ၏​ယုံကြည်ခြင်း​ဖော်ပြချက်​ကြောင့်​ဖြစ်၏။

ထို​နည်းတူ၊ ကာဣန​၏​ယဇ်ကို ငြင်းပယ်​ရခြင်း​မှာ မမှန်ကန်​သော​ယဇ်ကို ပူဇော်​သောကြောင့်​မဟုတ်ဘဲ သူ၏​လုပ်ရပ်က ဖော်ပြ​သည့်​အတိုင်း ယုံကြည်ခြင်း​ကင်းမဲ့​သောကြောင့်​ဖြစ်သည်။ ယေဟောဝါ​က ကာဣန​ကို “သင်သည် ကောင်းမွန်​စွာ​ပြု​လျှင် အခွင့်​မရ​လော” ဟု အတိအလင်း​မိန့်ဆိုခဲ့​ပေ​ပြီ။ (ကမ္ဘာဦး ၄:၇) ဘုရားသခင်​သည် ကာဣန​၏​ယဇ်ကို မနှစ်သက်​သောကြောင့် သူ့ကို ငြင်းပယ်​ခဲ့​ခြင်း​မဟုတ်​ချေ။ ထိုသို့ ဖြစ်​မည့်​အစား ကာဣန​ကို ဘုရားသခင်​ငြင်းပယ်​ခဲ့​ရခြင်း​မှာ ‘သူ၏​အကျင့်​သည် ဆိုးယုတ်’ ၍​မနာလို​ခြင်း၊ မုန်းတီးခြင်း​နှင့် နောက်ဆုံး​တွင် လူသတ်​သည်​အထိ ဖြစ်​ခဲ့​သောကြောင့်​ဖြစ်၏။—၁ ယောဟန် ၃:၁၂