ဇွဲရှိရှိ ကြိုးစားအားထုတ်မှု ၎င်းကို အဘယ်အချိန်တွင် ယေဟောဝါကောင်းချီးပေးသနည်း
ဇွဲရှိရှိ ကြိုးစားအားထုတ်မှု ၎င်းကို အဘယ်အချိန်တွင် ယေဟောဝါကောင်းချီးပေးသနည်း
“ငါ့ကို လွှတ်ပါ၊ မိုးလင်းဆဲရှိပြီ။”
“ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းချီးမပေးလျှင် မသွားရ။”
“သင်၏အမည်ကား အဘယ်သို့နည်း။”
“ယာကုပ်ဖြစ်ပါသည်။”
“နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ။ ဣသရေလဟူ၍ ခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း မင်းကဲ့သို့ပြိုင်၍ နိုင်လေပြီ။”—ကမ္ဘာဦး ၃၂:၂၆-၂၈။
အသက် ၉၇ နှစ်အရွယ်၌ပင် ယာကုပ်သည် သန်မာဖျတ်လတ်ဆဲရှိကြောင်း ထူးထူးခြားခြားပြနိုင်ခဲ့၍သာ စိတ်ဝင်စားစရာ ဤအပြန်အလှန်စကားပြောခန်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သမ္မာကျမ်းစာက သူ့ကို အားကစားသမားတစ်ဦးအဖြစ် မဖော်ပြသော်လည်း သူသည် ကောင်းကင်တမန်နှင့် တစ်ညလုံး နပန်းလုံးခဲ့သည်။ အဘယ်ကြောင့်နည်း။ ယာကုပ်သည် မိမိ၏ဘိုးဘေးကိုပေးခဲ့သည့် ယေဟောဝါ၏ကတိတော်ဖြစ်သော မိမိ၏အမွေအနှစ်ကို အလွန်စိတ်စွဲလမ်းခဲ့၏။
အစောပိုင်းနှစ်များစွာက ယာကုပ်၏အစ်ကို ဧသောသည် ပဲဟင်းတစ်ခွက်နှင့် သားဦးအရာကို သူထံတွင် လဲလှယ်ခဲ့သည်။ ယခု ဧသောသည် လူ ၄၀၀ နှင့်ချဉ်းကပ်လာနေကြောင်း ယာကုပ် ကြားသိရ၏။ ထိုကြောင့် မိမိနှင့် မိမိ၏မိသားစုသည် ယော်ဒန်မြစ်တစ်ဖက်ရှိ တိုင်းပြည်တွင် ကောင်းစားမည်ဟူသော ယေဟောဝါ၏ကတိတော် တည်ရေးကို စိုးရိမ်တကြီးဖြင့် အားထုတ်လုပ်ဆောင်ခြင်းမှာ လုပ်ဆောင်ထိုက်ပေသည်။ ဆုတောင်းချက်များနှင့်အညီ အတိအကျ ယာကုပ် လုပ်ဆောင်လေသည်။ နီးကပ်လာနေသော ဧသောထံ လက်ဆောင်များစွာ ပေးပို့ခဲ့သည်။ ထို့ပြင် ယာကုပ်သည် ကာကွယ်မှုအတွက် မိမိ၏စခန်းကို နှစ်စုခွဲပြီး ဇနီး၊ သားသမီးများကို ခေါ်ဆောင်ကာ ယဗ္ဗုတ်ချောင်း ရေတိမ်ရာအရပ်သို့ ကူးခဲ့သည်။ ထို့နောက် ကောင်းကင်တမန်နှင့် တစ်ညလုံး ကြိုးစားပမ်းစားနပန်းလုံးပြီး ငိုကြွေးလျက် “အသနားခံ” လေ၏။—ဟောရှေ ၁၂:၄၊ သမ; ကမ္ဘာဦး ၃၂:၁-၃၂။
အစောပိုင်း သာဓကတစ်ခုဖြစ်သော ယာကုပ်၏ဒုတိယဇနီး၊ အချစ်ဦး ရာခေလကို သုံးသပ်ကြည့်ပါ။ ယာကုပ်ကို ကောင်းချီးပေးမည်ဟု ယေဟောဝါ၏ကတိတော်ကို ရာခေလ ကောင်းစွာသိထားသည်။ ရာခေလ မြုံနေစဉ် ယာကုပ်၏ပထမဇနီးဖြစ်သူ အစ်မလေအာမှာမူ သားလေးယောက်ရှိ၏။ (ကမ္ဘာဦး ၂၉:၃၁-၃၅) သူသည် မိမိကိုယ်ကိုသနားနေမည့်အစား ယေဟောဝါထံ အဆက်မပြတ် တိုးလျှိုးအသနားခံ ဆုတောင်း၍ ၎င်းနှင့်အညီ အတိအကျလုပ်ဆောင်လေသည်။ ရာခေလသည် မိမိ၏ဘေးမ စာရာက ဟာဂရအား ပြုမူခဲ့သကဲ့သို့ မိမိ၏ကျွန်မ ဗိလဟာကို မယားတစ်ဦးအဖြစ် ယာကုပ်ထံသွင်း၍ “သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်” ဟုပြောသည်။ * ဗိလဟာသည် ယာကုပ်အတွက် ဒန်နှင့်နဿလိ သားနှစ်ဦးကို မွေးဖွားပေး၏။ နဿလိကို မွေးဖွားချိန်၌ ရာခေလသည် အကြီးအကျယ်စိတ်လှုပ်ရှားစွာဖြင့် “ငါသည် ငါ့အစ်မနှင့် ကျပ်ကျပ်လုံးထွေး၍ နိုင်ခဲ့ပြီ” ဟုကြေညာလေသည်။ ထို့နောက် ရာခေလသည် သူ၏သားရင်းနှစ်ဦးဖြစ်သူ ယောသပ်နှင့် ဗင်ယာမိန်တို့ကိုလည်း ရခဲ့၏။—ကမ္ဘာဦး ၃၀:၁-၈; ၃၅:၂၄။
ယေဟောဝါသည် ယာကုပ်နှင့် ရာခေလတို့၏ ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှုများကို အဘယ်ကြောင့် ကောင်းချီးပေးခဲ့ရသနည်း။ သူတို့သည် ယေဟောဝါ၏အလိုတော်ကို မျက်ခြည်မပြတ်စေဘဲ သူတို့၏အမွေအနှစ်ကို စိတ်စွဲလမ်းခဲ့ကြသည်။ သူတို့၏ဘဝတစ်လျှောက် ကောင်းချီးများခံစားရရန် စိတ်အားထက်သန်စွာ ဆုတောင်းခဲ့ကြပြီး ဘုရားသခင်၏အလိုတော်နှင့် သူတို့၏တိုးလျှိုးအသနားခံချက်များအတိုင်း အပြုသဘောပါပါ လုပ်ဆောင်ခဲ့ကြ၏။
ယာကုပ်နှင့် ရာခေလတို့နည်းတူ ယေဟောဝါ၏ကောင်းချီးများ ခံစားရရန် ဇွဲရှိရှိကြိုးစားအားထုတ်မှုလိုကြောင်း ယနေ့ လူအများ ထောက်ခံပြောဆိုကြမည်။ သူတို့သည် မျက်ရည်ကျ၍ စိတ်ပျက်အားလျော့ကာ စိတ်အလိုမကျဘဲ ကြိုးစားအားထုတ်ခဲ့ကြရမည်။ ခရစ်ယာန်မိခင်တစ်ဦးဖြစ်သူ အဲလစ်ဇဘက်သည် ခရစ်ယာန်အစည်းအဝေးများကို အတော်အတန်မတက်ဘဲ နေခဲ့ပြီးနောက်မှ ပြန်လည်တက်ရောက်ရန် ဇွဲရှိရှိကြိုးစားအားထုတ်ခဲ့ရကြောင်း ပြောပြသည်။ သားငယ်ငါးယောက်နှင့် မယုံကြည်သူခင်ပွန်းရှိသည့်အပြင် အနီးဆုံးဘုရားသခင့်နိုင်ငံတော်ခန်းမမှာ မိုင် ၂၀ ဝေးသည့်အတွက် စည်းဝေးတက်ရန် ကားမောင်းသွားရခြင်းသည် စိန်ခေါ်ချက်ပင်ဖြစ်သည်။ “စည်းဝေးတွေ မှန်မှန်တက်ဖို့ ကိုယ့်ကိုယ်ကို အတော်လေးကြပ်မတ်ခဲ့ရတယ်၊ အဲ့ဒီလိုကြပ်မတ်ခဲ့လို့ ကျွန်မနဲ့ ကျွန်မသားတွေအတွက် အကျိုးရှိခဲ့တယ်ဆိုတာ သိခဲ့ရတယ်။ ဒီလိုလုပ်တာဟာ လိုက်လျှောက်ထိုက်တဲ့ လမ်းစဉ်တစ်ခုပဲဆိုတာကို သားတွေ သိလာခဲ့တယ်။” သူ၏ကြိုးစားအားထုတ်မှုများကို ယေဟောဝါကောင်းချီးပေးခဲ့၏။ ခရစ်ယာန်အသင်းတော်တွင် တက်တက်ကြွကြွရှိသည့် သားသုံးဦးအနက် နှစ်ဦးသည် အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်လျက်ရှိကြသည်။ သူတို့၏ဝိညာဉ်ရေးတိုးတက်မှုကို အားရကျေနပ်စွာဖြင့် အဲလစ်ဇဘက်က “ဝိညာဉ်ရေးဘက်မှာ ကျွန်မထက် သူတို့ပိုတိုးတက်တယ်” ဟုပြောပြသည်။ သူ၏ဇွဲရှိရှိကြိုးစားအားထုတ်မှုအတွက် ကောင်းချီးတစ်ရပ်ပါတကား!
ယေဟောဝါကောင်းချီးပေးသည့် ဇွဲရှိရှိကြိုးစားအားထုတ်မှု
ဇွဲရှိရှိကြိုးစားအားထုတ်ပြီး အလုပ်ကြိုးစားလုပ်ခြင်းမှ ဆုကျေးဇူးများ အမှန်တကယ်ရရှိကြသည်။ စီမံကိန်းတစ်ခု၊ သို့မဟုတ် တာဝန်တစ်ခုကို ပို၍ကြိုးစားအားထုတ်လုပ်ဆောင်လေ၊ ကျေနပ်မှု ပို၍ခံစားရလေဖြစ်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကို ဤအတိုင်း ပြုလုပ်ထားတော်မူ၏။ “လူတိုင်း စားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏” ဟုရှင်ဘုရင်ရှောလမုန်က ရေးသားခဲ့သည်။ (ဒေ. ၃:၁၃; ၅:၁၈၊ ၁၉) သို့သော် ဘုရားသခင်ထံတော်မှ ကောင်းချီးများခံစားလိုလျှင် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများသည် နည်းမှန်လမ်းကျဖြစ်ဖို့ လိုသည်။ ဥပမာ၊ ဝိညာဉ်ရေးရာများကို ဒုတိယနေရာတွင်ထားသည့် ဘဝပုံစံမျိုးအပေါ် ယေဟောဝါကောင်းချီးပေးမည်ဟု မျှော်လင့်နိုင်ပါမည်လော။ ဆက်ကပ်အပ်နှံပြီးသော ခရစ်ယာန်တစ်ဦးသည် ခရစ်ယာန်အစည်းအဝေးများ၌ ယုံကြည်ခြင်းတည်ဆောက်မှုဖြစ်စေသည့် ပေါင်းသင်းမှုနှင့် သွန်သင်မှုကို အမြဲပေးသော ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ရန် ပျက်ကွက်စေမည့် အလုပ် သို့မဟုတ် အဆင့်မြင့်ရာထူးကို လက်ခံလိုက်မည်ဆိုလျှင် ယေဟောဝါ၏မျက်နှာသာရရှိရန် မျှော်လင့်နိုင်ပါမည်လော။—ဟေဗြဲ ၁၀:၂၃-၂၅။
ဝိညာဉ်ရေးရာများ လုံးလုံးမပါဘဲ လောကအလုပ်တစ်ခုကို သို့မဟုတ် စည်းစိမ်ဥစ္စာရှာခြင်းကို တစ်သက်လုံး ကြိုးစားအားထုတ်လုပ်မည်ဆိုလျှင် “ပျော်မွေ့” ပြီဟု ဆိုနိုင်မည်မဟုတ်ချေ။ ယေရှုသည် မျိုးစေ့ကြဲသူပုံဥပမာတွင် အချည်းနှီးကြိုးစားအားထုတ်ခြင်း၏ အကျိုးဆက်များကို ဖော်ပြတော်မူ၏။ “ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်း” အကြောင်းနှင့်ပတ်သက်၍ ယေရှုက “တရားစကားကိုကြား၍ လော[က]အမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၃:၂၂) ပေါလုကလည်း အလားတူထောင်ချောက်အကြောင်းကို သတိပေးပြီး စည်းစိမ်ဥစ္စာနောက် တကောက်ကောက်လိုက်သူများသည် “အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီး တတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသူတို့အားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏” ဟုဖြည့်စွက်ပြောဆိုခဲ့သည်။ ဝိညာဉ်ရေးအရ ဤမျှပျက်စီးယိုယွင်းသော ဘဝလမ်းစဉ်ကို မည်သို့ပြုပြင်တည့်မတ်ပေးနိုင်မည်နည်း။ ပေါလု ဤသို့ဆက်ဆိုသည်– “ထိုအပြစ်များကို ကြဉ်ရှောင်လော့။ . . . မမြဲသောစည်းစိမ်ကို မကိုးစားဘဲ ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကို ကြွယ်ဝစွာ ပေးသနားတော်မူသော အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်။”—၁ တိမောသေ ၆:၉၊ ၁၁၊ ၁၇။
ကျွန်ုပ်တို့၏အသက်အရွယ် သို့မဟုတ် ယေဟောဝါကို ကိုးကွယ်ခဲ့သည့် နှစ်ပေါင်း မည်မျှပင်ရှိပါစေ၊ ကျွန်ုပ်တို့အားလုံးသည် ယာကုပ်နှင့် ရာခေလတို့ ပြသခဲ့သော ဇွဲရှိရှိကြိုးစားအားထုတ်မှုကို တုပခြင်းမှ အကျိုးခံစားနိုင်ကြပါသည်။ ဘုရားသခင်၏မျက်နှာသာကိုရဖို့ သူတို့ကြိုးစားကြရာတွင် သူတို့၏အခြေအနေသည် မည်မျှပင်စိုးရိမ်စရာ သို့မဟုတ် စိတ်ပျက်စရာကောင်းပါစေ၊ သူတို့၏အမွေအနှစ်ကို တစ်ခါမျှ မျက်ခြည်မပြတ်ခဲ့ကြချေ။ ယနေ့ ကျွန်ုပ်တို့ရင်ဆိုင်နေကြရသော ဖိစီးမှုဒဏ်များနှင့် အခက်အခဲများသည် စိုးရိမ်စရာ၊ စိတ်ပျက်စရာ၊ သို့မဟုတ် စိတ်ဓာတ်ကျစရာ ဖြစ်ကောင်းဖြစ်ပေမည်။ ထိုကြောင့် အရှုံးပေးလိုစိတ်ဖြစ်ပေါ်လာပြီး စာတန့်တိုက်ခိုက်မှု၏ သားကောင်ဖြစ်လာပေမည်။ သူ၏အကြံ အောင်မြင်စေရန် အသုံးပြုနိုင်သည့် နည်းအချို့တွင် ဖျော်ဖြေမှု၊ အပန်းဖြေမှု၊ အားကစား၊ ဝါသနာများ၊ အလုပ်အကိုင်၊ စည်းစိမ်ဥစ္စာတို့ပါဝင်သည်။ လိုချင်စဖွယ်အကျိုးဆက်များကို ကမ်းလှမ်းထားသော်လည်း ရခဲလှသည်။ ဤကဲ့သို့သောအရာများကို လိုက်စားရန် လှည့်စားခံသူများသည် နောက်ဆုံး၌ အကြီးအကျယ်စိတ်ပျက်ရကြလေ့ရှိ၏။ ရှေးခေတ်က ယာကုပ်နှင့် ရာခေလနည်းတူ ဇွဲရှိရှိဆိုင်ပြိုင်တိုက်လှန်သူ၏ စိတ်ဓာတ်ကို ပြုစုပျိုးထောင်၍ စာတန်၏လျှို့ဝှက်ကြံစည်မှုများကို အောင်မြင်ကျော်လွှားကြပါစို့။
‘မျှော်လင့်ချက်လုံးဝမရှိ။ ဘာမှမတတ်နိုင်တော့။ ကြိုးစားနေလည်း အပိုပဲ’ ဟုလက်မြှောက် အရှုံးပေးလိုက်ခြင်းကို စာတန်အမြင်ချင်ဆုံးဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ‘ငါ့ကို ဘယ်သူမှ မချစ်ဘူး’၊ ‘ယေဟောဝါလည်း ငါ့ကိုမေ့သွားပြီ’ ဟုယူမှတ်ပြီး လက်မြှောက်အရှုံးပေးလိုစိတ် မဝင်မိစေရန် ဂရုစိုက်ဖို့ အလွန်အရေးကြီး၏။ ဤသို့သောအတွေးများကို ဝင်လာခွင့်ပြုလျှင် ကိုယ့်ကိုယ်ကိုဖျက်ဆီးရာကျသည်။ ကျွန်ုပ်တို့သည် ကောင်းချီးမရမချင်း မပြိုင်ဆိုင်မတိုက်လှန်တော့ဘဲ လက်မြှောက်အရှုံးပေးပြီဟု ဖော်ပြနေပါသလော။ ယေဟောဝါသည် ကျွန်ုပ်တို့၏ ဇွဲရှိရှိကြိုးစားအားထုတ်မှုကို ကောင်းချီးပေးကြောင်း သတိရပါ။
ယေဟောဝါ၏ကောင်းချီးရရှိရန် ဆက်၍ဆိုင်ပြိုင်တိုက်လှန်နေခြင်း
ကျွန်ုပ်တို့၏ဝိညာဉ်ရေးအခြေအနေ ကောင်းမွန်ခြင်းသည် ယေဟောဝါ၏ကျေးကျွန်အဖြစ် ကျွန်ုပ်တို့၏ဘဝနှင့်ပတ်သက်၍ အခြေခံအမှန်တရားနှစ်ခုကို သဘောပေါက်ခြင်းအပေါ် များစွာမူတည်၏။ (၁) ဘဝပြဿနာများ၊ ဖျားနာမှုများ၊ ခက်ခဲသောအခြေအနေများကို မည်သူမျှ လုံးလုံးလျားလျား မချုပ်ကိုင်နိုင်ချေ၊ (၂) ယေဟောဝါသည် အကူအညီနှင့် ကောင်းချီးများရလိုသူတို့၏ တိုးလျှိုးအသနားခံချက်များကို နားညောင်းတော်မူ၏။—ထွက်မြောက်ရာ ၃:၇-၁၀; ယာကုပ် ၄:၈၊ ၁၀; ၁ ပေတရု ၅:၈၊ ၉။
သင်၏အခြေအနေသည် မည်မျှပင်ခက်ခဲပါစေ၊ မည်မျှပင်ကန့်သတ်နေသည်ဟု ခံစားရပါစေ ယုံကြည်ခြင်းကင်းမဲ့မှုဖြစ်သည့် “နှောင့်ယှက်တတ်သော[အပြစ်]” ကိုအရှုံးမပေးလိုက်ပါနှင့်။ (ဟေဗြဲ ၁၂:၁) သင်သည် ကောင်းချီးမရမချင်း ဆက်၍ပြိုင်ဆိုင်တိုက်လှန်ပါ။ ကောင်းချီးရရှိရန် တစ်ညလုံး နပန်းလုံးခဲ့သော သက်ကြီးအိုရွယ်ယာကုပ်ကို သတိရပြီး စိတ်ရှည်သည်းခံပါ။ မိုးဦးရာသီတွင် မျိုးစေ့ကြဲ၍ ရိတ်သိမ်းရန် စောင့်မျှော်နေသော လယ်သမားကဲ့သို့ သင်၏ဝိညာဉ်ရေးလုပ်ငန်းအပေါ် ယေဟောဝါ၏ကောင်းချီးပေးမည့်အချိန်အတွက် စိတ်ရှည်စွာ စောင့်မျှော်နေပါလေ၊ သင်၏လုပ်ဆောင်နိုင်မှုကို မည်မျှပင်ကန့်သတ်ထားသည်ဟု ခံစားရပါစေ စိတ်ရှည်ပါ။ (ယာကုပ် ၅:၇၊ ၈) ထို့ပြင် “မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်” ဟူသော ဆာလံဆရာ၏ စကားများကိုလည်း အမြဲသတိရပါ။ (ဆာလံ ၁၂၆:၅; ဂလာတိ ၆:၉) ခိုင်ခံ့မြဲမြံစွာရပ်တည်ပြီး ပြိုင်ဆိုင်တိုက်လှန်သူများ စာရင်းဝင်သူတစ်ဦး အစဉ်ဖြစ်နေပါ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 မယားအများယူစနစ်သည် ပညတ်ပဋိညာဉ်မတိုင်မီကတည်းက တည်ရှိနှင့်ပြီးဖြစ်ကာ ယင်းကို အသိအမှတ်ပြုလျက် ပညတ်တရားအားဖြင့် ကြပ်မတ်ညွှန်ကြားခဲ့၏။ ဧဒင်ဥယျာဉ်တွင် ပြဋ္ဌာန်းခဲ့သည့် တစ်လင်တစ်မယား မူလစံနှုန်းကို ယေရှုခရစ်မပေါ်ထွန်းမီ ပြန်လည်အကောင်အထည်ဖော်ရန် အချိန်မတန်သေးဟု ဘုရားသခင်ယူမှတ်သော်လည်း မယားမြှောင်ကို ဥပဒေအရ ကာကွယ်ပေးတော်မူခဲ့သည်။ ဣသရေလလူဦးရေ အလျင်အမြန်တိုးပွားစေရန် မယားအများယူစနစ် ကျင့်သုံးခြင်းသည် သဘာဝကျပေသည်။