မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်အခွင့်အာဏာကို တည်ကြည်စွာလက်အောက်ခံလော့

ဘုရားသခင့်အခွင့်အာဏာကို တည်ကြည်စွာလက်အောက်ခံလော့

ဘုရားသခင့်​အခွင့်အာဏာကို တည်ကြည်​စွာ​လက်အောက်ခံ​လော့

“ထာဝရ​ဘုရား​သည် ငါ​တို့၏​တရားသူကြီး​ဖြစ်​တော်​မူ​၏။ ထာဝရ​ဘုရား​သည် ငါ​တို့၏ ပညတ်တရား​ရှင်​ဖြစ်​တော်​မူ​၏။ ထာဝရ​ဘုရား​သည် ငါ​တို့၏​ရှင်ဘုရင်​ဖြစ် . . . တော်​မူ [၏။]”—ဟေရှာယ ၃၃:၂၂

၁။ လူမျိုးများ​ထဲ​တွင် ရှေး​ဣသရေလ​လူမျိုး​ကို အဘယ်​အကြောင်းရင်း​များ​က ထူးခြား​စေ​ခဲ့​သနည်း။

ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်​တွင် ဣသရေလ​လူမျိုး​ကို​ဖွဲ့စည်း​ခဲ့​သည်။ ထို​အချိန်၌ ၎င်း​တွင် မြို့တော်​မရှိ၊ မွေးရပ်မြေ​မရှိ၊ မြင်နိုင်​သော​ရှင်ဘုရင် မရှိ​သေး​ချေ။ ထို​လူမျိုး​သည် ယခင်​က ကျွန်​များ​ဖြစ်​ခဲ့​ကြသည်။ သို့သော် ထို​လူမျိုးအသစ်​တွင် နောက်ထပ် တစ်မူထူး​ခြား​ချက် ရှိနေ​ပြန်​သည်။ ယေဟောဝါ​ဘုရားသခင်​သည် ၎င်း​၏​မျက်မြင်မရ​သော တရားသူကြီး၊ ပညတ်ပေးရှင်​နှင့် ဘုရင်​ဖြစ်နေ​ခြင်း​တည်း။ (ထွက်မြောက်ရာ ၁၉:၅၊ ၆; ဟေရှာယ ၃၃:၂၂) အဘယ်​လူမျိုး​မျှ ထိုသို့​အခိုင်အမာ​မဆို​နိုင်​ခဲ့​ချေ!

၂။ ဣသရေလ​လူမျိုး ဖွဲ့စည်း​ခံရ​ပုံ​နှင့်​စပ်လျဉ်း၍ အဘယ်​မေးခွန်း​ပေါ်ပေါက်​လာ​သနည်း၊ ထို​အဖြေ​သည် ကျွန်ုပ်​တို့အတွက် အဘယ်ကြောင့်​အရေးပါ​သနည်း။

ယေဟောဝါ​သည် စည်းစနစ်ကျ​န​သည်​သာမက ငြိမ်သက်ခြင်း​၏​အရှင် ဘုရားသခင်​ဖြစ်​တော်​မူ​သောကြောင့် ကိုယ်တော်​အုပ်ချုပ်​သော အဘယ်​လူမျိုး​မဆို ကောင်းစွာ​ဖွဲ့စည်း​ခံရ​မည်​ဟု ကျွန်ုပ်​တို့​မျှော်လင့်​ရ​ပေမည်။ (၁ ကောရိန္သု ၁၄:၃၃) ဣသရေလ​လူမျိုး​၌ ထိုသို့​အမှန်​ဖြစ်​ခဲ့​သည်။ သို့သော် မြေကြီးဆိုင်ရာ၊ မျက်မြင်ရ​အဖွဲ့အစည်း​တစ်ခု​သည် မျက်မြင်မရ​ဘုရားသခင်​၏ ညွှန်ကြားမှု​ကို မည်သို့​ခံရ​မည်​နည်း။ ရှေးခေတ်​မှ ထို​လူမျိုးတော်​အား ယေဟောဝါ​အုပ်ချုပ်​ခဲ့​ပုံ​ကို ကျွန်ုပ်​တို့​သုံးသပ်ကြည့်​ခြင်း​သည် အကျိုးရှိ​ပေမည်၊ ၎င်း​ဣသရေလ​လူမျိုး​နှင့် ကိုယ်တော်​ဆက်ဆံ​ခဲ့​ပုံ​မှ ဘုရားသခင်​ရေးရာ​အခွင့်အာဏာကို တည်ကြည်​စွာ​လက်အောက်ခံခြင်း​၏ အရေးပါမှု​ကို အထူး​ဂရုပြု​ကြ​စို့။

ရှေးခေတ်​ဣသရေလ​လူမျိုး အုပ်ချုပ်​ခံ​ခဲ့​ရ​ပုံ

၃။ ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို​လမ်းညွှန်​ဖို့ အဘယ်​လက်တွေ့ကျ​အစီအစဉ်များ ပြုလုပ်​တော်​မူ​ခဲ့​သနည်း။

ယေဟောဝါ​သည် ဣသရေလ​လူမျိုး၏ မျက်မြင်မရ​ရှင်ဘုရင်​ဖြစ်သော်လည်း တည်ကြည်သော​အမျိုးသားများ​ကို မိမိ၏​မျက်မြင်ရ​ကိုယ်စားလှယ်​များ​အဖြစ် ခန့်အပ်​တော်​မူ​ခဲ့​သည်။ အတိုင်ပင်ခံ​ပုဂ္ဂိုလ်​များနှင့် တရားသူကြီး​များ​အဖြစ် လူ့​အကျိုးသယ်ပိုး​မည့် အကဲအမှူး​များ၊ ဖခင်​ကြီးစိုး​သည့် အိမ်ထောင်များ​၏​ဦးစီး​များနှင့် အသက်ကြီးသူ​များ​ရှိခဲ့​သည်။ (ထွက်မြောက်ရာ ၁၈:၂၅၊ ၂၆; တရားဟောရာ ၁:၁၅) သို့ရာတွင် ထို​တာဝန်ခံ​အမျိုးသားများသည် ကိစ္စရပ်​များ​ကို ဘုရားသခင့်​လမ်းညွှန်မှု​မပါဘဲ ပိုင်းခြား​သိမြင်​စွာ သိနားလည်မှု​ရှိ​ရှိ အပြစ်တင်​ဖွယ်​မရှိ တရား​စီရင်​နိုင်​လိမ့်​မည်​ဟု ကျွန်ုပ်​တို့​ကောက်ချက်​မချရ​ပေ။ သူတို့သည် စုံလင်​သူများ​မဟုတ်​ကြ​သဖြင့် ဝတ်ပြုသူချင်း​များ​၏​နှလုံးကို သိမြင်​နိုင်​ကြ​မည်​မဟုတ်​ချေ။ သို့​တိုင် ဘုရားသခင်​ကို​ကြောက်ရွံ့​သော တရားသူကြီး​များသည် ယေဟောဝါ​၏​ပညတ်တော်​အပေါ် အခြေပြု​သည့် အကူအညီ​ပြု ဆုံးမ​စကား​များ​ကို ဝတ်ပြုသူချင်း​များ​အား ပေး​နိုင်​ခဲ့​ကြသည်။—တရားဟောရာ ၁၉:၁၅; ဆာလံ ၁၁၉:၉၇-၁၀၀

၄။ တည်ကြည်သော ဣသရေလ​တရားသူကြီး​များသည် အဘယ်​စိတ်​သဘောထားများကို ရှောင်​လို​ကြ​သနည်း၊ အဘယ်ကြောင့်​နည်း။

သို့ရာတွင် တရားသူကြီး​တစ်ဦး​ဖြစ်​ရန် ပညတ်တရား​ကို​သိ​ရုံ​ဖြင့် မလုံလောက်​ချေ။ မစုံလင်သူ​များ​ဖြစ်​ခြင်း​ကြောင့် အသက်ကြီးသူ​များသည် တလွဲတချော်​တရား​စီရင်​စေနိုင်​သော တစ်ကိုယ်ကောင်း​ဆန်​စိတ်၊ ဘက်လိုက်​လို​စိတ်​နှင့် လောဘ​စ​သည့် ထင်ရာစိုင်း​လို​သော မည်သည့်​စိတ်ထား​ကို​မဆို သတိ​ဖြင့်​ချိုးနှိမ်​ကြ​ရ​ပေမည်။ သူတို့ကို မောရှေ​ဤသို့​ပြော​ခဲ့​သည်– “တရား​အမှုကို​စီရင်​သောအခါ အဘယ်သူ​၏​မျက်နှာကို​မ​ထောက်​ရ။ လူငယ်​စကား​ကို လူကြီး​စကား​ကဲ့သို့​မှတ်​ရမည်။ အဘယ်​လူကို​မျှ​မကြောက်​ရ။ အကြောင်း​မူ​ကား တရားသော​အမှုကို ဘုရားသခင်​ပိုင်တော်မူ​သောကြောင့်​တည်း။” မှန်ပါသည်၊ ဣသရေလ​တရားသူကြီး​များသည် ဘုရားသခင်​ကိုယ်စား တရား​စီရင်​နေကြ၏။ အံ့မခန်းဖွယ်​အခွင့်အရေး​ပါ​တကား!—တရားဟောရာ ၁:၁၆၊ ၁၇

၅။ ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို​ကြည့်ရှု​ပြုစု​ဖို့ တရားသူကြီး​များ​ကို​ခန့်အပ်​ထား​သည့်​အပြင် အခြား​အဘယ်​စီမံချက်​များ​ကို ပြင်ဆင်​ပေး​တော်​မူ​ခဲ့​သနည်း။

ယေဟောဝါ​သည် လူမျိုးတော်​၏​ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို ကြည့်ရှု​ပြုစုပေး​ဖို့ အခြား​စီမံချက်​များ​ကို ပြင်ဆင်​ပေး​တော်​မူ​ခဲ့​သည်။ ကတိထားရာပြည်​ထဲ​သို့ သူတို့​မဝင်​မီ​ပင် စစ်မှန်သော​ဝတ်ပြုရေး​၏​ဗဟို​ဖြစ်သော ဝတ်ပြုရာ​တဲ​တော်​ကို ဆောက်လုပ်​ရန် ကိုယ်တော်​မိန့်မှာ​ခဲ့​သည်။ ထို့​ပြင် ပညတ်တော်​ကို​သွန်သင်​ဖို့၊ တိရစ္ဆာန်​များ​ကို ယဇ်​ပူဇော်​ဖို့​နှင့် နံနက်​နှင့် ည​ဦး​ပိုင်း နံ့သာပေါင်း​ကို​မီးရှို့​ဖို့ ယဇ်ပုရောဟိတ်​အဖွဲ့ကို စီစဉ်​ပေး​တော်​မူ​ခဲ့​သည်။ ဘုရားသခင်​သည် မောရှေ၏​အစ်ကို​အာရုန်​ကို ဣသရေလ​လူမျိုး၏ ပထမ​ဆုံး​ယဇ်ပုရောဟိတ်မင်း​အဖြစ် တင်မြှောက်​တော်​မူ​ပြီး အာရုန်​၏​သားများ​ကို ဖခင်​အား​ကူညီ​ပေးဖို့ တာဝန်​ခန့်အပ်​ခဲ့​သည်။—ထွက်မြောက်ရာ ၂၈:၁; တောလည်ရာ ၃:၁၀; ၂ ရာဇဝင်ချုပ် ၁၃:၁၀၊ ၁၁

၆၊ ၇။ (က) ယဇ်ပုရောဟိတ်​များနှင့် ယဇ်ပုရောဟိတ်​မဟုတ်​သူ လေဝိ​သားများ​သည် မည်သို့​ဆက်စပ်​သနည်း။ (ခ) လေဝိ​သားများ​သည် တာဝန်​အမျိုးမျိုးကို ဆောင်ရွက်​ခဲ့​ကြ​ခြင်း​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရနိုင်​သနည်း။ (ကောလောသဲ ၃:၂၃)

လူ​သန်းပေါင်း​များစွာ​၏ ဝိညာဉ်​ရေး​လိုအပ်ရာ​ကို ကြည့်ရှု​ပြုစုပေး​ရခြင်း​သည် ကြီးမား​ခက်ခဲ​သော​တာဝန်​တစ်ခု​ဖြစ်​ပြီး ယဇ်ပုရောဟိတ်​အရေအတွက်​မှာလည်း အလွန်​နည်း​နေသည်။ ထို့​ကြောင့် သူတို့ကို လေဝိ​အနွယ်​ဝင်​ဖြစ်သော​အခြားသူများ​က ကူညီပေး​ရန် စီစဉ်​ခဲ့​သည်။ မောရှေ​ကို ယေဟောဝါ​ဤသို့​မိန့်ဆိုခဲ့သည်– “လေဝိ​သားတို့​ကို အာရုန်​နှင့်​သူ၏​သားတို့​၌​အပ်​ရမည်။ ဣသရေလ​အမျိုး​ထဲ​က သူတို့ကို​ရွေး​၍ ငါ့​အား​အပိုင်ပေး​ရမည်။”—တောလည်ရာ ၃:၉၊ ၃၉

လေဝိ​သားများ​ကို ကောင်းစွာ​ဖွဲ့စည်း​ခဲ့​သည်။ ဂေ​ရ​ရှု​န်​အမျိုး၊ ကော​ဟ​တ်​အမျိုး​နှင့် မေ​ရာ​ရိ​အမျိုး​ဖြစ်သော အဆွေအမျိုး​သုံးမျိုး​ကို တာဝန်​တစ်ခုစီ ခွဲဝေ​ပေး​ခဲ့​သည်။ (တောလည်ရာ ၃:၁၄-၁၇၊ ၂၃-၃၇) တာဝန်​အချို့​သည် အခြား​တာဝန်​တို့​ထက် သာ၍​အရေးကြီး​ဟန်​ရှိသော်လည်း အားလုံး​မှာ မ​လုပ်​မဖြစ်​လိုအပ်​ပါ​သည်။ ကော​ဟ​တ်​အမျိုး လေဝိ​သားတို့​၏​အလုပ်​က သူတို့ကို ပဋိညာဉ်သေတ္တာ၊ တဲ​တော်​တန်ဆာ​များနှင့် အလုပ်​များနေ​စေ​သည်။ သို့သော် ကော​ဟ​တ်​အမျိုး​ဟုတ်​သည်​ဖြစ်စေ၊ မဟုတ်​သည်​ဖြစ်စေ လေဝိ​သား​အားလုံး​သည် တကယ်​ကောင်းသော အခွင့်အရေး​များ​ရရှိ​ကြသည်။ (တောလည်ရာ ၁:၅၁၊ ၅၃) ဝမ်းနည်းစရာမှာ အချို့​တို့သည် မိမိတို့​အခွင့်အရေး​များ​ကို တန်ဖိုး​မထားခဲ့ကြ​ချေ။ ဘုရားသခင်​ရေးရာ​အခွင့်အာဏာကို တည်ကြည်​စွာ​လက်အောက်ခံ​နေ​မည့်​အစား မကျေမနပ်​ဖြစ်လာ​ကြ​ပြီး မာန်​မာနကြီး​စွာ​ဖြင့် ရည်မှန်းချက်​ကြီး​ရုံ​မ​က မနာလို​စိတ်​ရှိလာ​ကြသည်။ ထို​သူတို့တွင် ကောရ​အမည်​ရှိသူ လေဝိ​သား​တစ်ဦး​ပါဝင်​သည်။

“ယဇ်ပုရောဟိတ်​အရာ​ကိုလည်း အလိုရှိ​ကြ​သေး​သလော”

၈။ (က) ကောရ​ကား မည်သူ​နည်း။ (ခ) ကောရ​သည် ယဇ်ပုရောဟိတ်​များ​ကို လူ့​ရှုထောင့်​မှ စတင်​ရှုမြင်​ရန် အဘယ်​အကြောင်းကြောင့် ဖြစ်​နိုင်​ခဲ့​သနည်း။

ကောရ​သည် ဖခင်​ကြီးစိုး​သော လေဝိ​အမျိုးအနွယ်​၏ ခေါင်း​မဟုတ်သကဲ့သို့ ကော​ဟ​တ်​အဆွေအမျိုး​၏ ခေါင်း​လည်း​မဟုတ်ပါ။ (တောလည်ရာ ၃:၃၀၊ ၃၂) သို့သော် သူသည် ဣသရေလ​လူမျိုး​တွင် ရိုသေ​လေးစား​ခံရ​သော အကဲအမှူး​တစ်ဦး​ဖြစ်သည်။ သူ​ထမ်းရွက်​ရသော တာဝန်​များ​ကြောင့် ကောရ​သည် အာရုန်၊ သူ၏​သားတို့​နှင့် ပူးပေါင်း​လုပ်ဆောင်ခဲ့ရ​ပေမည်။ (တောလည်ရာ ၄:၁၈၊ ၁၉) ကောရ​သည် ထို​သူတို့၏​မစုံလင်မှု​များ​ကို ကိုယ်တိုင်​မြင်တွေ့ခဲ့​ရ​သဖြင့် ဤသို့​ဆင်ခြင်​ခဲ့​ပေမည်– ‘ဒီ​ယဇ်ပုရောဟိတ်​တွေ​ဟာ တကယ့်ကို​မစုံလင်​ကြ​သူတွေပါ​ပဲ၊ ငါ​က သူတို့ကို လက်အောက်ခံ​ရမှာလား! မကြာသေး​ခင်က​ပဲ အာရုန်​ဟာ ရွှေ​နွား​ရုပ်​လုပ်ခဲ့တယ်။ အဲဒီ​နွား​ရုပ်​ကိုးကွယ်​ကြ​လို့​လည်း ဒို့​လူမျိုး အရုပ်​ကိုးကွယ်​တဲ့​အပြစ်ပြု​မိ​တာ။ အခု မောရှေရဲ့​အစ်ကို​အာရုန်​က ယဇ်ပုရောဟိတ်​မင်းကြီး​ဖြစ်နေ​ပြီ! တကယ်​မျက်နှာ​လိုက်တာပဲ! အာရုန်ရဲ့​သား နာ​ဒပ်​နဲ့ အ​ဘိ​ဟု​တို့​ကျ​တော့​ကော။ သူတို့ရဲ့​လုပ်ငန်းတော်​အခွင့်အရေး​ကို ကမ်းကုန်​အောင် မထီလေးစား​ပြစ်မှား​ခဲ့​ကြ​လို့ သူတို့ကို ယေဟောဝါ သေဒဏ်​တောင်​ပေး​ခဲ့​ရတယ်!’ * (ထွက်မြောက်ရာ ၃၂:၁-၅; ဝတ်ပြုရာ ၁၀:၁၊ ၂) ကောရ​သည် မည်သို့​ပင်​ဆင်ခြင်​ခဲ့​စေ​ကာ​မူ ယဇ်ပုရောဟိတ်​အဖွဲ့ကို လူ့​ရှုထောင့်​မှ သူ​စတင်​ရှုမြင်​လာ​ကြောင်း ထင်ရှား​သည်။ ယင်းကြောင့် မောရှေ​နှင့်​အာရုန်​ကို သူပုန်​ကန်​လေ​တော့​သည်၊ နောက်ဆုံး​တွင် ယေဟောဝါ​ကို​ပါ ပုန်ကန်​ရာ​ရောက်သွား​သည်။—၁ ဓမ္မ​ရာဇဝင် ၁၅:၂၃; ယာကုပ် ၁:၁၄၊ ၁၅

၉၊ ၁၀။ ကောရ​နှင့် သူ၏​နောက်လိုက်​ပုန်ကန်​သူများ​သည် မောရှေ​ကို မည်သို့​စွပ်စွဲ​ခဲ့​ကြ​သနည်း၊ ထိုသို့​ပြု​၍​မရ​မှန်း သူတို့​အဘယ်ကြောင့်​သိထားသင့်​သနည်း။

ကောရ​သည် ဩဇာ​အာဏာ​ရှိသူ​တစ်ဦး​ဖြစ်​ရာ သူ​ကဲ့သို့​စိတ်ထား​ရှိသူ​များ​ကို စည်းရုံး​ဖို့​မခက်ခဲ​ခဲ့​ပါ။ သူနှင့်​အတူ ဒါသန်​နှင့်​အဘိရံ​တို့သည် အကဲအမှူး​များ​ဖြစ်​ကြ​သည့် ထောက်ခံသူ ၂၅၀ ကို​စည်းရုံး​ခဲ့​သည်။ သူတို့သည် မောရှေ​နှင့် အာရုန်​ထံ တစ်စု​တစ်​စည်း​ချဉ်းကပ်​ကြ​ပြီး ဤသို့​ပြော​သည်– “ပရိသတ်​ရှိသမျှ​အပေါင်းတို့သည် သန့်ရှင်း​ကြ​၏။ [“ယေဟောဝါ၊” က​ဘ] သည် သူတို့တွင်​ရှိ​တော်​မူ​၏။ သို့​ဖြစ်၍ သင်တို့သည် ထာဝရ​ဘုရား​၏​ပရိသတ်​အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကို​ကိုယ်​ချီးမြှောက်​ရသနည်း။”—တောလည်ရာ  ၁၆:၁-၃။

၁၀ ထို​ပုန်ကန်​သူများ​သည် မောရှေ၏​အခွင့်အာဏာကို အန်တု​၍​မရ​မှန်း သိထားသင့်​သည်။ မကြာသေးမီ​က​ပင် အာရုန်နှင့်မိရိအံ​တို့ ထို​အတိုင်း​ပြု​ခဲ့​ကြ​၏။ ကောရ​ကဲ့သို့​ပင် သူတို့​ကျိုးကြောင်း​ဆင်ခြင်​ခဲ့​ကြ​ဖူး​သည်! တောလည်ရာ ၁၂:၁၊ ၂ အရ သူတို့​ဤသို့​မေးခဲ့​ကြသည်– “ထာဝရ​ဘုရား​သည် မောရှေ​အားဖြင့်​သာ ဗျာဒိတ် [တင်ကြို​အသိ]ပေး​တော်​မူ​သလော။ ငါ​တို့အား​ဖြင့်​လည်း ပေး​တော်​မ​မူ​လော။” ယေဟောဝါ နားထောင်​နေ​တော်​မူ​သည်။ ထို​အခါ ကိုယ်တော်​သည် မိမိ​ရွေးကောက်​ထား​တော်​မူ​သော​ခေါင်းဆောင်​ကို ညွှန်ပြ​ရန် ပရိသတ်​စည်းဝေးရာ​တဲ​တော်​တံခါးဝ​၌ စုရုံး​ကြဖို့ မောရှေ၊ အာရုန်​နှင့် မိရိအံ​တို့ကို မိန့်မှာ​တော်​မူ​လေ​၏။ ထို့နောက် ရှင်းလင်း​ပြတ်သား​စွာ ယေဟောဝါ​ဤသို့​မိန့်ဆို​၏– “သင်တို့တွင် ပရောဖက်​ရှိလျှင် ငါ​ထာဝရ​ဘုရား​သည် ထို​သူ၌ ထူးဆန်းသော[အဆင်းအာရုံ]အားဖြင့် ကိုယ်ကို​ပြ​မည်။ သို့​မဟုတ် အိပ်မက်​အားဖြင့် ဗျာဒိတ် [တင်ကြို​အသိ]ပေး​မည်။ အိမ်တော်​တစ်အိမ်​လုံး​၌ သစ္စာစောင့်​သော​ငါ့​ကျွန်​မောရှေ​သည် ထိုသို့​မဟုတ်။” ထိုသို့​ဆိုပြီး​နောက် ယေဟောဝါ​သည် မိရိအံ​ကို အခိုက်အတန့်​မျှ နူနာ​စွဲ​စေတော်မူ​ခဲ့​၏။—တောလည်ရာ ၁၂:၄-၇၊ ၁၀

၁၁။ ကောရ​နှင့်​ပတ်သက်သော​အခြေအနေ​ကို မောရှေ​မည်သို့​ကိုင်တွယ်​ခဲ့​သနည်း။

၁၁ ထို​အဖြစ်အပျက်​ကို ကောရ​နှင့် သူ၏​ဘက်တော်သား​များ သိခဲ့​ကြ​ရ​ပေမည်။ သူတို့၏​ပုန်ကန်မှု​သည် ခွင့်​မလွှတ်​နိုင်​စ​ရာ​ဖြစ်၏။ သို့​တိုင် မောရှေ​သည် စိတ်ရှည်​စွာ သူတို့နှင့်​ကျိုးကြောင်း​ဆင်ခြင်​ဖို့ ကြိုးစား​ခဲ့​သည်။ သူတို့​ရရှိ​ထားသော အခွင့်အရေး​များ​ကို ကျေးဇူး​တင်​လေးမြတ်​တတ်​ဖို့ ဤသို့​သူ​တိုက်တွန်း​ခဲ့​သည်– “ဣသရေလ​အမျိုး​၏​ဘုရားသခင်​သည် သင်တို့ကို . . . ဣသရေလ​အမျိုး​ပရိသတ်​နှင့်​ခွဲထား​၍ . . . အနီးအပါး​သို့​ချဉ်းကပ်​စေတော်မူ​သော​အမှုသည် သာမည​အမှု​ဟု​ထင်​သ . . . လော။” ယင်းသည် “သာမည​အမှု” မဟုတ်ပါ! လေဝိ​သားတို့​သည် လို​လေ​သေး​မရှိ ကောင်းချီး​များ ရထား​နှင့်​ပြီး​ဖြစ်သည်။ အဘယ်အရာကို သူတို့​နောက်ထပ်​အလိုရှိ​သေး​သနည်း။ “ယဇ်ပုရောဟိတ်​အရာ​ကိုလည်း အလိုရှိ​ကြ​သေး​သလော” ဟု မောရှေ​ထပ်ဆင့်​ပြော​သော​စကား​များ​က သူတို့၏​နှလုံး​ဆင်ခြင်​ရာ​များ​ကို ဖော်ထုတ်​ခဲ့​သည်။ * (တောလည်ရာ ၁၂:၃; ၁၆:၉၊ ၁၀သမ္မာ) သို့ရာတွင် ဘုရားသခင်​ရေးရာ​အခွင့်အာဏာကို​ဖီဆန်​သည့် ဤ​ပုန်ကန်မှု​ကို ယေဟောဝါ​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

ဣသရေလ​တရားသူကြီး ကြားဝင်

၁၂။ ဣသရေလ​လူမျိုး​သည် ဘုရားသခင်​နှင့် ဆက်ဆံ​ရေး​ဆက်​ကောင်း​နေ​ရန် အဘယ်အရာ​ပေါ်​မူတည်​သနည်း။

၁၂ ဣသရေလ​လူမျိုး​ကို ယေဟောဝါ​ပညတ်တရား​ပေး​စဉ်​က သူတို့သည် နာခံမှု​ရှိကြ​မည်​ဆိုလျှင် “သန့်ရှင်းသော​လူမျိုး” ဖြစ်​လိမ့်​မည်၊ ယေဟောဝါ​၏​အစီအစဉ်ကို သူတို့​လက်ခံ​သမျှ​ကာလပတ်လုံး ဆက်လက်​သန့်ရှင်း​နေ​လိမ့်​မည်​ဟု ထို​လူမျိုး​ကို ကိုယ်တော်​မိန့်ဆိုခဲ့သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) ယခု ပေါ်ပေါ်ထင်ထင်​ပုန်ကန်​နေကြ​ရာ ဣသရေလ​တရားသူကြီး​နှင့် ပညတ်တရား​ပေးရှင်​သည် ကြားဝင်​ဆောင်ရွက်ရန် အချိန်​ရောက်​လေ​ပြီ! ကောရ​အား မောရှေ​ဤသို့​မေး​သည်– “အာရုန်​နှင့်​သင်​အစ​ရှိသော သင်၏​အပေါင်းအသင်း​ရှိသမျှ​တို့သည် နက်ဖြန်နေ့ ထာဝရ​ဘုရား​ရှေ့တော်၌​ရှိကြလော့။ လူ​အသီးအသီး​တို့သည် မိမိတို့​လင်ပန်း​များ​ကို​ယူ၍ လောဗန်​ကို​တင်ပြီး​မှ သင်​နှင့်​အာရုန်​သည်လည်း မိမိတို့​လင်ပန်း​ပါ​လျက် လူအပေါင်း​တို့သည် လင်ပန်း​နှစ်​ရာ​ငါးဆယ်​တို့ကို ထာဝရ​ဘုရား​ရှေ့တော်​သို့ ဆောင်​ခဲ့​ကြလော့။”—တောလည်ရာ ၁၆:၁၆၊ ၁၇

၁၃။ (က) ယေဟောဝါ​ရှေ့မှောက်​တွင် ပုန်ကန်​သူများ နံ့သာပေါင်း​ပူဇော်​ခြင်း​က အဘယ်ကြောင့်​ရောင့်တက်​ရာ​ရောက်​သနည်း။ (ခ) ထို​သူပုန်များ​ကို ယေဟောဝါ​မည်သို့ စီရင်တော်မူ​သနည်း။

၁၃ ဘုရားသခင့်​ပညတ်​အရ ယဇ်ပုရောဟိတ်​များ​သာ နံ့သာပေါင်း​ပူဇော်​နိုင်​သည်။ ယဇ်ပုရောဟိတ်​မဟုတ်သော လေဝိ​သား​တစ်ဦး​က ယေဟောဝါ​ရှေ့မှောက် နံ့သာပေါင်း​ပူဇော်​နေသည်​ဟူသော စိတ်ကူး​က​ပင် ထို​သူပုန်များ​ကို တုန်လှုပ်​စေ​သင့်​သည်။ (ထွက်မြောက်ရာ ၃၀:၇; တောလည်ရာ ၄:၁၆) သို့သော် ကောရ​နှင့် သူ့ကို​အားပေးသူ​များသည် မတုန်လှုပ်​ခဲ့​ကြ​ချေ! နောက်​နေ့တွင် ကောရ​သည် “ပရိသတ်​စည်းဝေးရာ​တဲ​တော်​တံခါးဝ​၌ ပရိသတ်အပေါင်း​တို့ကို [မောရှေ​နှင့်​အာရုန်] တစ်ဖက်၌​စုဝေး​စေ [၏။]” မှတ်တမ်းက​ဤသို့​ပြောပြ​သည်– “[“ယေဟောဝါ၊” က​ဘ] က​လည်း ‘ဤ​ပရိသတ်​တို့​နှင့်​ခွာ​၍ တခြား​စီ​နေလော့။ ငါသည် သူတို့ကို ချက်ချင်း​ဖျက်ဆီး​မည်’ ဟု​မောရှေ​နှင့်​အာရုန်​အား မိန့်တော်မူ [၏။]” သို့သော် မောရှေ​နှင့်​အာရုန်​သည် လူ​တို့​အသက်ချမ်းသာ​ရာ​ရဖို့ တောင်းပန်​ခဲ့​ကြသည်။ သူတို့၏​အသနားခံချက်​ကို ယေဟောဝါ​နားညောင်း​ခဲ့​သည်။ သို့သော် ကောရ​နှင့် သူ၏​လူအုပ်​ဖြစ်သည့် “နံ့သာပေါင်း​ကို​မီးရှို့​၍​ပူဇော်​သော​သူ နှစ်​ရာ​ငါးဆယ်​တို့ကို . . . ထာဝရ​ဘုရားထံ​တော်​က မီး​ထွက်၍​လောင်​လေ​၏။”—တောလည်ရာ ၁၆:၁၉-၂၂၊ ၃၅ *

၁၄။ ယေဟောဝါ​သည် ဣသရေလ​ပရိသတ်​ကို အဘယ်ကြောင့်​အရေးယူ​ခဲ့​သနည်း။

၁၄ အံ့ဩစရာ​မှာ ထို​ပုန်ကန်​သူများ​အား ယေဟောဝါ​မည်သို့​ပြုမူ​ဆက်ဆံ​ခဲ့​သည်ကို တွေ့မြင်​ခဲ့​ကြသော ဣသရေလလူ​တို့သည် သင်ခန်းစာ​မရ​ကြ​ခြင်း​ဖြစ်သည်။ “နက်ဖြန်နေ့​၌ ဣသရေလ​အမျိုးသား ပရိသတ်အပေါင်း​တို့​က ‘သင်တို့သည် ထာဝရ​ဘုရား​၏​လူ​တို့ကို​သတ်​ကြပြီ’ ဟု​ဆို​လျက် မောရှေ​နှင့်​အာရုန်​တို့ကို အပြစ်​တင်၍​မြည်တမ်း​ကြ​၏။” ဣသရေလလူ​တို့သည် ပူးပေါင်း​ကြံစည်​သူတို့​ဘက် ပါသွား​ကြသည်​တကား! နောက်ဆုံး သူတို့ကို ယေဟောဝါ​စိတ်မရှည်​နိုင်​တော့​ပေ။ ယခု မောရှေ သို့​မဟုတ် အာရုန်​မ​က မည်သူမျှ သူတို့​အတွက် ကြားဝင်​အသနားခံ​မပေးနိုင်​တော့​ချေ။ ထို​အခါ ယေဟောဝါ​သည် မနာခံ​သူများ​အပေါ် ကပ်ဘေး​ကျရောက်​စေ​ခဲ့​ပြီး “ကောရ​အမှု​ကြောင့် သေ​သော​သူတို့ကို​ထား​၍ ထို​ဘေးဥပဒ်​ဖြင့် သေ​သော​လူပေါင်း​ကား တစ်​သောင်း​လေး​ထောင်​ခု​နစ်​ရာ​ရှိ​သတည်း။”—တောလည်ရာ ၁၆:၄၁-၄၉

၁၅။ (က) အဘယ်​အကြောင်း​များ​ကြောင့် ဣသရေလ​လူမျိုး​သည် မောရှေ​နှင့်​အာရုန်​၏​ဦးဆောင်မှု​ကို မဆိုင်းမတွ​လက်ခံသင့်​သနည်း။ (ခ) ဤ​မှတ်တမ်းက ယေဟောဝါ​နှင့်​ပတ်သက်​၍ သင့်ကို​အဘယ်အရာ​သိစေ​သနည်း။

၁၅ ထို​သူအပေါင်း အသက်ဆုံးရှုံး​ရ​စ​ရာ​အကြောင်း​မရှိပါ။ သူတို့​သာ စဉ်းစဉ်းစားစား​ပြုမူ​ခဲ့​မည်​ဆိုလျှင် ဤသို့​ဖြစ်စရာ​မလိုပါ။ သူတို့​ကိုယ်ကို ဤသို့​မေးမြန်း​နိုင်​ခဲ့​သည်– ‘ဖာရော​ရှေ့ မည်သူ​အသက်စွန့်​ဝင်​ခဲ့​သနည်း။ ဣသရေလ​လူမျိုး​ကို​လွှတ်​ပေးဖို့ တောင်းဆို​ခဲ့​ကြ​သူတို့​ကား မည်သူ​တို့​နည်း။ ဣသရေလလူ​တို့ လွတ်မြောက်ပြီး​နောက် ဘုရားသခင့်​ကောင်းကင်တမန်​နှင့် မျက်နှာ​ချင်း​ဆိုင် စကားပြော​ဆို​ဖို့ ဟော​ရပ်​တောင်​သို့​တက်​ရန် တစ်ဦးတည်း​သော​ဖိတ်ခေါ်​ခံ​ရသူ​ကား မည်သူ​နည်း။’ မောရှေ​နှင့်​အာရုန်​တို့၏ ထူးခြားသော​မှတ်တမ်းက ယေဟောဝါ​အပေါ် သူတို့၏​တည်ကြည်မှု​နှင့် လူ​တို့ကို​ချစ်​သည့်​မေတ္တာကို အမှန်တကယ်​သက်သေထူ​ပါ​သည်။ (ထွက်မြောက်ရာ ၁၀:၂၈; ၁၉:၂၄; ၂၄:၁၂-၁၅) ထို​ပုန်ကန်​သူများကို ယေဟောဝါ သေဒဏ်​ပေး​ရန် အားရ​နှစ်သက်​တော်​မ​မူ​ချေ။ သို့သော် ထို​သူတို့သည် ဆက်​ပုန်ကန်​ကြ​မည်​ဖြစ်​ကြောင်း ထင်ရှားသော​အခါ ကိုယ်တော်​ပြတ်ပြတ်သားသား​လုပ်ဆောင်ခဲ့ရ​သည်။ (ယေဇကျေလ ၃၃:၁၁) ယင်း​တို့အားလုံး​သည် ယနေ့ ကျွန်ုပ်​တို့အတွက် အလွန်​အရေးပါ​၏။ အဘယ်ကြောင့်​နည်း။

မျက်မှောက်ခေတ် ဆက်သွယ်ရေး​လမ်းကြောင်းကို ခွဲခြား​သိမြင်ခြင်း

၁၆။ (က) ယေရှုသည် ယေဟောဝါ​၏​ကိုယ်စားလှယ်တော်​ဖြစ်​ကြောင်း အဘယ်​အထောက်အထား​က ပထမ​ရာစု​ဂျူး​များ​ကို ယုံကြည်​စိတ်ချ​စေ​သင့်​သနည်း။ (ခ) ယေဟောဝါ​သည် လေဝိ​ယဇ်ပုရောဟိတ်​အတန်းအစား​ကို အဘယ်ကြောင့်​အစားထိုး​ခဲ့​သနည်း၊ အဘယ်အရာ​ဖြင့်​နည်း။

၁၆ ယနေ့ ယေဟောဝါ​သည် “လူမျိုး” အသစ်​တစ်ခု​၏ မျက်မြင်မရ​တရားသူကြီး၊ ပညတ်တရား​ရှင်​နှင့် ရှင်ဘုရင်​ဖြစ်​တော်​မူ​သည်။ (မဿဲ ၂၁:၄၃) ထို “လူမျိုး” သည် စီ.အီး.ပထမ​ရာစု​တွင် ပေါ်ထွန်း​ခဲ့​သည်။ ထို​အချိန်တွင် မောရှေ​ခေတ်​မှ​တဲ​တော်​အစား ယေရုရှလင်​မြို့၌ အလွန်​လှပသော​ဝတ်ပြုရာ​အိမ်တော်​ရှိနေပြီး ထို​တွင် လေဝိ​သားများ အမှုထမ်း​နေဆဲ​ရှိသည်။ (လုကာ ၁:၅၊ ၈၊ ၉) သို့ရာတွင် စီ.အီး. ၂၉ ခုနှစ်​တွင် ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော် နောက်တစ်ခု ပေါ်ထွန်း​လာပြီး ၎င်း​၏​ယဇ်ပုရောဟိတ်​မင်းကြီး​မှာ ယေရှု​ခရစ်​ဖြစ်သည်။ (ဟေဗြဲ ၉:၉၊ ၁၁) ဘုရားသခင်​ရေးရာ​အခွင့်အာဏာ​ကိစ္စ ထပ်မံ​ပေါ်လာ​ပြန်​သည်။ ဤ “လူမျိုး” အသစ်​ကို​ဦးဆောင်ဖို့ ယေဟောဝါ​မည်​သူ့ကို အသုံးပြု​တော်​မူ​မည်​နည်း။ ယေရှုသည် ဘုရားသခင်​အား ခြွင်းချက်​မရှိ​တည်ကြည်​ကြောင်း သက်သေထူ​ခဲ့​သည်။ လူ​တို့ကို ကိုယ်တော်​ချစ်တော်မူ​၏။ ထို့​ပြင် အံ့ဖွယ်ရာများ​စွာ​ကိုလည်း ကိုယ်တော်​ပြုလုပ်​တော်​မူ​ခဲ့​သည်။ သို့ရာတွင် လည်ပင်း​ခိုင်မာ​သော သူတို့၏​ဘိုးဘေး​များ​ကဲ့သို့​ပင် လေဝိ​သား​အများစု​သည် ယေရှုကို​လက်မခံခဲ့​ကြ​ချေ။ (မဿဲ ၂၆:၆၃-၆၈; တမန်​တော် ၄:၅၊ ၆၊ ၁၈; ၅:၁၇) နောက်ဆုံး​တွင် ယေဟောဝါ​သည် လေဝိ​ယဇ်ပုရောဟိတ်​အတန်းအစား​ကို အလွန်​ခြားနား​သော မင်း​စည်းစိမ်​ရှိ ယဇ်ပုရောဟိတ်​အမျိုး​ဖြင့် အစားထိုး​ခဲ့​သည်။ ၎င်း​မင်း​စည်းစိမ်​ရှိ ယဇ်ပုရောဟိတ်​အမျိုး​သည် ယနေ့​ထက်​တိုင် ရှိသည်။

၁၇။ (က) ယနေ့ မင်း​စည်းစိမ်​ရှိ ယဇ်ပုရောဟိတ်​အမျိုး​တွင် အဘယ်​အုပ်စု ပါဝင်​သနည်း။ (ခ) ယေဟောဝါ​သည် မင်း​စည်းစိမ်​ရှိ ယဇ်ပုရောဟိတ်​အမျိုး​ကို မည်သို့​အသုံးပြု​တော်​မူ​သနည်း။

၁၇ ယနေ့ မင်း​စည်းစိမ်​ရှိ ဤ​ယဇ်ပုရောဟိတ်​အမျိုး​တွင် မည်သူ​တို့​ပါဝင်​သနည်း။ တမန်​တော်​ပေတရု​သည် ထို​မေးခွန်း​ကို သူ၏ မှုတ်သွင်းခံ​ပထမ​စာစောင်​၌ ဖြေကြား​ပေး​သည်။ ခရစ်တော်​၏​ကိုယ်ခန္ဓာ​၌​ပါဝင်သော ဝိညာဉ်​တော်​ဖွား​များ​ထံ ပေတရု​ဤသို့​ရေးသားခဲ့​သည်– “သင်တို့​မူ​ကား၊ မှောင်မိုက်​ထဲ​မှ အံ့ဖွယ်သော​အလင်းတော်​သို့ ခေါ်သွင်း​တော်​မူ​သော​သူ၏ ‘ဂုဏ်​ကျေးဇူးများ​ကို ဖော်ပြ​စေခြင်း​ငှာ၊ ရွေးချယ်​တော်​မူ​သော အမျိုး​ဖြစ်​ကြ​၏။ မင်း​စည်းစိမ်​ရှိသော​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်းသော​လူမျိုး၊ ပိုင်ထိုက်တော်မူ​သော အပေါင်းအသင်း​ဖြစ်​ကြ​၏။’” (၁ ပေတရု ၂:၉) ယေရှု၏​ခြေရာ​ကို​လိုက်​သော ဝိညာဉ်​တော်​ဖွား နောက်လိုက်​များသည် အုပ်စု​တစ်စု​အနေ​ဖြင့် ဤ “မင်း​စည်းစိမ်​ရှိသော​ယဇ်ပုရောဟိတ်​မျိုး” ၌​ပါဝင်​ကြောင်း အထက်ပါ​စကား​များ​က ထင်ရှားစေ​သည်၊ ထို​သူတို့ကို ပေတရု​က “သန့်ရှင်းသော​လူမျိုး” ဟူ၍လည်း ခေါ်ဆို​သည်။ ဤ​သူတို့သည် ယေဟောဝါ​အသုံးပြု​သော လမ်းကြောင်း​ဖြစ်၍ ၎င်း​အားဖြင့် ကိုယ်တော်​၏​လူမျိုး​ကို ကိုယ်တော်​သွန်သင်​၍ ဝိညာဉ်​ရေး​လမ်းညွှန်မှု​ပေး​တော်​မူ​သည်။—မဿဲ ၂၄:၄၅-၄၇

၁၈။ ခန့်အပ်​ခံ​အကြီးအကဲ​များနှင့် မင်း​စည်းစိမ်​ရှိ ယဇ်ပုရောဟိတ်​အမျိုး​သည် အဘယ်​ဆက်စပ်မှု​ရှိ​သနည်း။

၁၈ မင်း​စည်းစိမ်​ရှိ ယဇ်ပုရောဟိတ်​အမျိုး​ကို ကိုယ်စား​ပြုသူ​များ​မှာ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါ​လူမျိုးတော်​၏ အသင်းတော်များ​တွင် အမှုထမ်း​ရန်​တာဝန် ခန့်အပ်​ခံရ​သူ အကြီးအကဲ​များ​ဖြစ်သည်။ ထို​သူတို့သည် ဝိညာဉ်​တော်​ဖွား​များ ဟုတ်​သည်​ဖြစ်စေ၊ မဟုတ်​သည်​ဖြစ်စေ ကျွန်ုပ်​တို့၏​ရိုသေ​လေးစားမှု​နှင့် စိတ်အား​ထက်သန်​သော ထောက်ခံ​အားပေးမှုကို ရထိုက်​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ယေဟောဝါ​သည် ဤ​အသက်ကြီးသူ​များ​ကို သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ခန့်အပ်​ထား​တော်​မူ​ပြီ။ (ဟေဗြဲ ၁၃:၇၊ ၁၇) မည်သို့​ဖြစ်​နိုင်​မည်​နည်း။

၁၉။ အကြီးအကဲ​များသည် အဘယ်​နည်းဖြင့် သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ခန့်အပ်​ခြင်း​ခံရ​ကြ​သနည်း။

၁၉ ဤ​အသက်ကြီးသူ​များသည် ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်​ရေးသား​ထားသော သမ္မာ​ကျမ်းစာ​ပါ တောင်းဆိုချက်​များ​ကို ပြည့်မီ​ကြသည်။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉) ထို့​ကြောင့် သူတို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ခန့်အပ်​ခံရ​သည်​ဟု​ဆိုနိုင်​ပါ​သည်။ (တမန်​တော် ၂၀:၂၈) အသက်ကြီးသူ​များ သို့​မဟုတ် အကြီးအကဲ​များသည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို နှံ့နှံ့စပ်စပ်​သိရှိ​ကြ​ရမည်။ သူတို့ကို​ခန့်အပ်​တော်​မူ​သော အကြီးမြတ်ဆုံး​တရားသူကြီး​ကဲ့သို့ အကြီးအကဲ​များသည်​လည်း တရား​စီရင်​ရာ​၌ ဘက်လိုက်​ပုံ​ရှိသော​အရာ မှန်သမျှကို မုန်းတီး​ရ​ကြ​မည်။—တရားဟောရာ ၁၀:၁၇၊ ၁၈

၂၀။ အလုပ်​ကြိုးစား​သော အကြီးအကဲ​များနှင့်​ပတ်သက်​၍ သင်​အဘယ်အရာကို လေးမြတ်​သနည်း။

၂၀ အလုပ်​ကြိုးပမ်း​သော အကြီးအကဲ​များ​၏ အခွင့်အာဏာကို အန်တု​မည့်​အစား သူတို့ကို ကျွန်ုပ်​တို့​အမှန်တကယ်​ပင် ကျေးဇူး​တင်​ကြ​ပါ​သည်! ဆယ်စုနှစ်​များစွာ​တစ်လျှောက် လုပ်ငန်းတော်​ကို သူတို့​တည်ကြည်​စွာ ထမ်းဆောင်​ခဲ့​ကြ​ရာ သူတို့ကို ကျွန်ုပ်​တို့​ယုံကြည်​ကိုးစား​ကြသည်။ သူတို့သည် အသင်းတော်​အစည်းအဝေး​များ​ကို မှန်မှန်​ပြင်ဆင်​၍ ကျင်းပ​ပေး​ကြသည်၊ ‘[ဘုရားသခင့်] နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း’ ဟောပြောခြင်း​လုပ်ငန်း​တွင် ကျွန်ုပ်​တို့​နှင့်​တွဲဖက်​ပါဝင်ကြ​ပြီး ကျွန်ုပ်​တို့​လိုအပ်သော​အခါ ကျမ်းစာ​ဆိုင်ရာ​အကြံပေး​ချက်​များ​ကို​ပေး​ကြ​ပါ​သည်။ (မဿဲ ၂၄:၁၄; ဟေဗြဲ ၁၀:၂၃၊ ၂၅; ၁ ပေတရု ၅:၂) ကျွန်ုပ်​တို့​ဖျားနာ​သောအခါ သူတို့​လာရောက်​ကြည့်ရှု​ကြ​ပြီး ဝမ်းနည်းပူဆွေး​သောအခါ နှစ်သိမ့်​ပေး​ကြသည်။ ထို့​ပြင် နိုင်ငံတော်​အကျိုး​စီးပွား​ကို သူတို့​တည်ကြည်​စွာ​နှင့် ကိုယ်ကျိုး​မငဲ့ဘဲ ထောက်မ​ကူညီပေး​ကြသည်။ သူတို့​အပေါ်​၌ ယေဟောဝါ​၏​ဝိညာဉ်​တော်​ရှိသည်; ကိုယ်တော့်​မျက်နှာသာတော်​ကို သူတို့​ခံစား​ကြ​ရသည်။—ဂလာတိ ၅:၂၂၊ ၂၃

၂၁။ အကြီးအကဲ​များသည် အဘယ်အရာကို​သိရှိ​ကြ​ရမည်​နည်း၊ အဘယ်ကြောင့်​နည်း။

၂၁ အကြီးအကဲ​များ မစုံလင်​ကြသည်​မှာ​မှန်ပါသည်။ မိမိတို့၏​ကန့်သတ်ချက်​များ​ကို သိရှိ​ထား​ကြ​ရာ သူတို့သည် “ဘုရားသခင့်​ပိုင်ဆိုင်ရာ” ဖြစ်သော သိုးတော်စု​ကို အစိုးတရ​ပြု​ဖို့​မကြိုးစား​ကြ​ချေ။ ယင်းအစား မိမိတို့​ကိုယ်ကို ‘ညီအစ်ကို​များ​၏​ဝမ်းမြောက်မှု​အတွက် အတူ​လုပ်ဆောင်​သူများ’ ဟူ၍​ယူမှတ်​ကြသည်။ (၁ ပေတရု ၅:၃က​ဘ; ၂ ကောရိန္သု ၁:၂၄) စိတ်​နှိမ့်ချ၍ အလုပ်​ကြိုးပမ်း​သော အကြီးအကဲ​များသည် ယေဟောဝါ​အား​ချစ်​မြတ်နိုးကြ​သည်၊ ကိုယ်တော်​အား သူတို့​တုပ​နိုင်​လေ​လေ အသင်းတော်တွင် အကျိုး​ပို​ပြု​နိုင်​လေ​လေ​ဖြစ်​ကြောင်း သူတို့​သိ​ကြသည်။ ယင်းကို​စိတ်စွဲ​မှတ်​လျက် သူတို့သည် မေတ္တာ၊ သနား​ကြင်နာ​ခြင်း​နှင့် သည်းခံခြင်း​စ​သည့် ဘုရားသခင်​ရေးရာ​အရည်အသွေးများ​ကို ပြုစု​ပျိုးထောင်​ဖို့ မပြတ်​ကြိုးစား​ကြသည်။

၂၂။ ကောရ​အကြောင်း ပြန်လည်​သုံးသပ်ကြည့်​ခြင်း​က ယေဟောဝါ​၏​မျက်မြင်ရ​အဖွဲ့အစည်း​ကို မည်သို့​ပိုမို​ယုံကြည်​အားထား​စေပြီ​နည်း။

၂၂ ယေဟောဝါ​ကို ကျွန်ုပ်​တို့၏​မျက်မြင်မရ​အုပ်စိုးရှင်​အဖြစ်၊ ယေရှု​ခရစ်​ကို ကျွန်ုပ်​တို့၏​ယဇ်ပုရောဟိတ်​မင်းကြီး​အဖြစ်၊ မင်း​စည်းစိမ်​ရှိ ယဇ်ပုရောဟိတ်​အမျိုး​၌​ပါဝင်သော ဝိညာဉ်​တော်​ဖွား​များ​ကို ကျွန်ုပ်​တို့၏​သွန်သင်ပေး​သူများ​အဖြစ်​နှင့် တည်ကြည်သော ခရစ်ယာန်​အသက်ကြီးသူ​များ​ကို ကျွန်ုပ်​တို့၏​အကြံပေး​သူများ​အဖြစ် ရရှိ​ထား​သည့်​အတွက် ဝမ်းသာ​အားရစရာ​ကောင်း​လိုက်​လေ​ခြင်း! လူ့​အဖွဲ့အစည်း​တစ်ခု​မျှ​သည် မစုံလင်​နိုင်​သော်လည်း ဘုရားသခင်​ရေးရာ အခွင့်အာဏာ​တော်​ကို ဝမ်းမြောက်​ဝမ်းသာ လက်အောက်ခံ​နေကြ​သော တည်ကြည်​သည့် ယုံကြည်သူချင်း​များနှင့်​အတူ ဘုရားသခင်​၏​အမှုတော် ဆောင်​ခွင့်​ရ​ကြ​သည့်​အတွက် ကျွန်ုပ်​တို့အား​ရ​ကျေနပ်​နိုင်​ကြ​ပါ​သည်!

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 8 အာရုန်​၏​အခြား​သား​နှစ်ဦး​ဖြစ်သော ဧ​လာ​ဇာ​နှင့် ဣသမာ​တို့​မူ ယေဟောဝါ​၏​အမှုတော်ကို ပုံသက်သေ​ကောင်းစွာ ထမ်းဆောင်​ခဲ့​သည်။—ဝတ်ပြုရာ ၁၀:၆

^ အပိုဒ်၊ 11 ကောရ​နှင့်အတူ ပူးပေါင်း​ကြံစည်​ခဲ့​သူ ဒါသန်​နှင့်​အဘိရံ​တို့သည် ရုဗင်​အနွယ်​မှ​ဖြစ်​ကြသည်။ ထို့​ကြောင့် သူတို့​အနေ​နှင့် ယဇ်ပုရောဟိတ်​အရာ​ကို မက်မော​ပုံ​မရှိဘဲ၊ သူတို့၏​ပြဿနာ​မှာ မောရှေ၏​ဦးဆောင်မှု​နှင့် သူတို့​ရောက်​ဖို့​မျှော်မှန်း​ထား​သည့် ကတိထားရာပြည်​သို့ မ​ရောက်​နိုင်​သေး​၍ မကျေမနပ်​ဖြစ်နေ​ပုံ​ရှိသည်။—တောလည်ရာ ၁၆:၁၂-၁၄

^ အပိုဒ်၊ 13 ဖခင်​ကြီးစိုး​သည့်​ခေတ်တွင် အိမ်ထောင်ဦးစီး​တစ်ဦးစီ​သည် ဘုရားသခင်​ရှေ့တွင် မိမိ၏​ဇနီး​နှင့် သားသမီး​များ​အတွက် ကိုယ်စား​ပြု​ပေး​ရပြီး သူတို့​အတွက် ပူဇော်ရာ​ယဇ်များ​ကို​ပင် ပူဇော်​ပေး​ရသည်။ (ကမ္ဘာဦး ၈:၂၀; ၄၆:၁; ယောဘ ၁:၅) သို့ရာတွင် ပညတ်တရား​စတင်​ပေါ်လာ​သောအခါ ယေဟောဝါ​သည် အာရုန်​၏​မိသားစု​မှ အမျိုးသားများ​ကို ယဇ်ပုရောဟိတ်​များ​အဖြစ် ခန့်အပ်​ခဲ့​၍ ထို​သူတို့သည် ပူဇော်ရာ​ယဇ်များ​ကို ပူဇော်​ပေး​ကြ​ရသည်။ ပုန်ကန်​သူ ၂၅၀ တို့သည် ပြောင်းလဲ​သွားသော ဤ​အစီအစဉ်​နှင့် ပူးပေါင်း​လုပ်ဆောင်​လို​စိတ် မရှိကြောင်း​ထင်ရှား​သည်။

သင်​အဘယ်အရာ တတ်သိလာ​ခဲ့ပြီ​နည်း

• ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို ကြည့်ရှု​စောင့်ရှောက်​ဖို့ အဘယ်​မေတ္တာပါ​သော​ပြင်ဆင်​ပေး​ချက်​များ ပြုလုပ်​ခဲ့​သနည်း။

• မောရှေ​နှင့်​အာရုန်​ကို ကောရ​ပုန်ကန်ခြင်း​သည် အဘယ်ကြောင့် ခွင့်​မလွှတ်​နိုင်​စ​ရာ​ဖြစ်​ခဲ့​သနည်း။

• ထို​ပုန်ကန်​သူများကို ယေဟောဝါ​စီရင်​ခဲ့​ပုံ​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာယူ​နိုင်​သနည်း။

• ယေဟောဝါ​၏​အစီအစဉ်ကို ကျွန်ုပ်​တို့​ကျေးဇူး​တင်​လေးမြတ်​ကြောင်း ယနေ့ မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​လုပ်ငန်းတော်​၌ ရရှိ​ထားသော မည်သည့်​တာဝန်​ကို​မဆို အခွင့်ထူး​အဖြစ် သင်ယူ​မှတ်​ပါသလော

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

“သို့​ဖြစ်၍ သင်တို့သည် ထာဝရ​ဘုရား​၏​ပရိသတ်​အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကို​ကိုယ်​ချီးမြှောက်​ရသနည်း”

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ခန့်အပ်​ခံ​အကြီးအကဲ​များသည် မင်း​စည်းစိမ်​ရှိ ယဇ်ပုရောဟိတ်​အမျိုး​ကို ကိုယ်စား​ပြု