မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့” ဖြင့် လှုံ့ဆော်ခံရ

“ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့” ဖြင့် လှုံ့ဆော်ခံရ

“ဘုရားသခင်​၏​အံ့ဖွယ်သော​အမှုတို့” ဖြင့် လှုံ့ဆော်​ခံရ

“ဤ​သူများ​သည် ဘုရားသခင်​၏​အံ့ဖွယ်သော​အမှုတို့​ကို ငါ​တို့​အမျိုး​ဘာသာ​စကား​ဖြင့် ဟောပြောကြ​သည်ကို ကြား​ရ​ပါ​သည်​တကား။”—တမန်​တော် ၂:၁၁

၁၊ ၂။ စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် အဘယ်​အံ့ဖွယ်ရာ ဖြစ်ပျက်​ခဲ့​သနည်း။

စီ.အီး. ၃၃ ခုနှစ်၊ နွေဦး​ရာသီ​အကုန်ပိုင်း နံနက်ခင်း​တစ်ခု​တွင် ယေရုရှလင်​မြို့ရှိ လူနေအိမ်​တစ်လုံး​၌ စုဝေး​နေကြ​သော ယေရှု​ခရစ်​၏​တပည့်ဖြစ်​သော အမျိုးသား၊ အမျိုးသမီးများ အုပ်စု​တစ်စု​တွင် ထူးဆန်း​အံ့ဩ​ဖွယ်​ရာ​တစ်ခု ဖြစ်ပျက်​ခဲ့​သည်။ “လေပြင်း​မုန်တိုင်း​ကဲ့သို့​သော​အသံသည် တစ်ခဏ​ခြင်း​တွင် ကောင်းကင်​မှ​လာ၍၊ ထို​သူတို့​နေထိုင်​သော​အိမ်ကို​ဖြည့်​လေ​၏။ ထို​ခဏ​ခြင်း​တွင် ကွဲပြား​သော​လျှာ​တို့သည် မီး​လျှာ​ကဲ့သို့​ထင်ရှား​၍၊ . . . ထို​သူအပေါင်း​တို့သည်​လည်း သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့်​ပြည့်​၍၊ . . . အမျိုးမျိုးသော​ဘာသာ​စကား​အားဖြင့် ဟောပြောကြ​၏။”—တမန်​တော် ၂:၂-၄၊ ၁၅

ထို​အိမ်ရှေ့​တွင်  လူများ စုဝေး​လာ​ကြ​ရာ  သူတို့တွင် ပင်တေကုတ္တေ ပွဲ​ကျင်းပ​ဖို့ ယေရုရှလင်​မြို့​သို့​ရောက်လာ​ကြသော “ဘုရား[သခင်]ကို​ရိုသေ” သူ၊ တိုင်းတစ်ပါး​တွင်​မွေးဖွား​သည့် ဂျူး​များ​ပါဝင်​သည်။ “ဘုရားသခင်​၏​အံ့ဖွယ်သော​အမှုတို့” ကို မိမိတို့၏ မိခင်​ဘာသာ​စကား​ဖြင့် တပည့်​များ​ပြောဆို​နေကြ​သည်ကို ကြား​ရ​ကြ​၍ သူတို့​အံ့သြ​မိန်းမော​နေကြ​သည်။ ထိုသို့​ပြောဆို​နေကြ​သူအား​လုံး​သည် ဂါလိလဲ​လူများ​ဖြစ်​ကြ​ရာ မည်သို့​ဖြစ်​နိုင်​မည်​နည်း။—တမန်​တော် ၂:၅-၈၊ ၁၁

၃။ ပင်တေကုတ္တေ​ပွဲနေ့​တွင် တမန်​တော်​ပေတရု​သည် လူအုပ်​အား အဘယ်​သတင်းကို​ပေး​ခဲ့​သနည်း။

ထို​ဂါလိလဲ​လူတစ်ဦး​မှာ တမန်​တော်​ပေတရု​ဖြစ်၏။ လွန်ခဲ့သော​အပတ်​အနည်းငယ်​က ယေရှု​ခရစ်​သည် မဖြောင့်မတ်​သူတို့၏​လက်ချက်​ဖြင့် အသတ်ခံခဲ့ရ​ကြောင်း သူ​ရှင်းပြသည်။ သို့ရာတွင် ဘုရားသခင်​သည် မိမိ၏​သားတော်ကို သေခြင်း​မှ​ထမြောက်​စေတော်မူ​ခဲ့ပြီ။ ထို့နောက် ယေရှုသည် ပေတရု​နှင့် ယခု​ရောက်ရှိ​နေ​သူများစွာ​အပါအဝင် တပည့်​အများ​ရှေ့ ကိုယ်​ထင်ရှားပြ​တော်​မူ​ခဲ့ပြီ။ လွန်ခဲ့သော​ဆယ်ရက်​ခန့်​က​ပင် ယေရှုသည် ကောင်းကင်​သို့​တက်ကြွ​သွားခဲ့ပြီ။ တပည့်​များ​အပေါ် သန့်ရှင်းသော​ဝိညာဉ်​တော်​သွန်းလောင်း​တော်​မူ​သော​သူ​ကား ကိုယ်တော်တိုင်​ပင်​ဖြစ်သည်။ ဤ​အကြောင်းအရာ​သည် ပင်တေကုတ္တေပွဲ​ကျင်းပ​နေသူတို့​အတွက် အဓိပ္ပာယ်​တစ်စုံတစ်ရာ​ရှိပါ​သလော။ အမှန်ပင် ရှိပါ​သည်။ ယေရှု၏​သေခြင်း​သည် သူတို့၏ အပြစ်​များ ဖြေလွှတ်​ခွင့်​ရဖို့​နှင့် ကိုယ်တော်​အား ယုံကြည်ပါ​က “သန့်ရှင်းသော​ဝိညာဉ်​တော်​တည်း​ဟူသော ဆုကျေးဇူး​တော်​ကို” ခံစား​ရဖို့ အခြေခံ​အုတ်မြစ်​ဖြစ်​ကြောင်း သူတို့​သိရှိ​ခဲ့​ကြ​ရသည်။ (တမန်​တော် ၂:၂၂-၂၄၊ ၃၂၊ ၃၃၊ ၃၈) ထို​အခါ ၎င်းကို​တွေ့မြင်​ကြားသိ​သူများ​သည် “ဘုရားသခင်​၏​အံ့ဖွယ်သော​အမှုတို့” ကို မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ ဤ​အကြောင်းအရာ​သည် ယေဟောဝါ​ထံ ကျွန်ုပ်​တို့​ကိုယ်တိုင်​၏​အမှုဆောင်ခြင်းကို အကဲဖြတ်​ရန် မည်သို့​ထောက်ကူ​ပေး​နိုင်​သနည်း။

လုပ်ဆောင်ရန် လှုံ့ဆော်​ခံ​ခဲ့​ရ

၄။ စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ယောလ​၏ အဘယ်​ပရောဖက်ပြုချက် ပြည့်စုံ​ခဲ့​သနည်း။

ယေရုရှလင်​မြို့ရှိ​တပည့်​များသည် သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်း​ခံ​ကြ​ရပြီ​ဖြစ်​ရာ အချိန်ဆွဲ​မနေ​ဘဲ ၎င်း​နံနက်ခင်း​တွင် စုရုံး​ခဲ့​ကြသော​လူစု​နှင့် စ​တင်၍ ကယ်တင်ခြင်း​သတင်းကို အခြားသူများ​အား ဟောပြောကြ​လေ​တော့​သည်။ သူတို့၏​ဟောပြောခြင်း​လုပ်ငန်း​သည် လွန်ခဲ့သော​ရှစ်ရာစု​က ပေ​သွေ​လ​၏​သား ယောလ​မှတ်တမ်းတင်​ခဲ့​သော မှတ်သားလောက်ဖွယ် ပရောဖက်ပြုချက်​ကို ပြည့်စုံ​စေ​ခဲ့​သည်– “လူအပေါင်း​တို့​အပေါ်​သို့ ငါ​၏​ဝိညာဉ်​တော်​ကို ငါ​သွန်းလောင်း​၍ သင်တို့၏​သားသမီး​များသည် ပရောဖက်ပြု​လျက် အသက်ကြီးသူတို့​သည် အိပ်မက်များ​ကို​မြင်မက်​လျက် အသက်ငယ်​သော​သူတို့​သည်လည်း [အဆင်း​အာ]ရုံ​များ​ကို မြင်​လျက်​နေရ​ကြလိမ့်မည်။ ထို​နေ့ရက်​ကာလ​၌ ကျွန်​ယောက်ျား၊ ကျွန်​မိန်းမ​တို့​အပေါ်​သို့​ပင် ငါ​၏​ဝိညာဉ်​တော်​ကို ငါ​သွန်းလောင်း​မည်။ ထာဝရ​ဘုရား​၏​ကြောက်မက်​ဖွယ်​သော​နေ့ကြီး​မတိုင်မီ . . . ဖြစ်​လိမ့်​မည်။”—ယောလ ၁:၁; ၂:၂၈၊ ၂၉၊ ၃၁သမ္မာ; တမန်​တော် ၂:၁၇၊ ၁၈၊ ၂၀

၅။ ပထမ​ရာစု​ခရစ်ယာန်​များသည် အဘယ်​သဘော​မျိုး​ဖြင့် ပရောဖက်ပြု​ခဲ့​ကြ​သနည်း။ (အောက်ခြေမှတ်ချက်ကို​ရှု။)

ယင်းကြောင့် ဘုရားသခင်​သည် ဒါဝိဒ်၊ ယောလ​နှင့် ဒေဗောရ​တို့​ကဲ့သို့​သော ပရောဖက်​အမျိုးသား၊ အမျိုးသမီးများ​ကို​ပေါ်လာ​စေပြီး အနာဂတ်​ဖြစ်ရပ်​များ​ကို သူတို့အား​ဟောပြော​စေမည်​ဟု ဆိုလို​ပါသလော။ မဟုတ်ပါ။ ယေဟောဝါ​ပြု​တော်​မူ​ခဲ့​ပြီး၊ ပြုလုပ်​လု​ဆဲ​ရှိ “အံ့ဖွယ်သော​အမှုတို့” ကို​ကြေညာ​ရန် ယေဟောဝါ​၏​ဝိညာဉ်​တော်​က လှုံ့ဆော်ပေး​သဖြင့် ခရစ်ယာန် ‘သားသမီး​များ၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်းမ​များ’ သည် ပရောဖက်ပြု​ကြ​မည်​ဟု​ဆိုလို​သည်။ သို့ဖြင့် သူတို့သည် အမြင့်မြတ်ဆုံး​အရှင်​၏ ပြောရေးဆိုခွင့်​ရှိ​သူများ​အဖြစ် အမှုထမ်း​ကြ​ပေမည်။ * သို့သော် လူအုပ်သည် မည်သို့​တုံ့ပြန်​ခဲ့​သနည်း။—ဟေဗြဲ ၁:၁၊ ၂

၆။ ပေတရု​၏​ဟောပြောချက်ကို ကြား​သောအခါ လူအများသည် အဘယ်အရာ​ပြုလုပ်​ဖို့ လှုံ့ဆော်​ခံ​ခဲ့​ကြ​ရသနည်း။

ပေတရု​၏​ရှင်းပြချက်ကို လူအုပ်​ကြားနာ​ခဲ့​ရပြီး​နောက် များစွာသော​သူတို့သည် လုပ်ဆောင်ရန် လှုံ့ဆော်​ခံ​ခဲ့​ကြ​ရသည်။ သူတို့သည် ကိုယ်တော်​၏ “စကား​ကို အသင့်​နှလုံး​သွင်း” ကြ​ပြီး “[နှစ်ခြင်း] ခံ​၍၊ ထို​နေ့၌ အရေအတွက်​အားဖြင့် သုံး​ထောင်​မျှ​လောက်​သော​သူတို့သည် ဝင်​ကြ​၏။” (တမန်​တော် ၂:၄၁) သူတို့သည် ဇာတိ​ဂျူး​များနှင့် ဂျူး​ဘာသာဝင်​များ​ဖြစ်​ကြ​ရာ အခြေခံ​ကျမ်းစာ​အသိပညာ ရှိ​ထား​နှင့်​ကြ​ပြီး​ဖြစ်သည်။ ထို​အသိပညာနှင့် ပေတရု​ထံ​မှ​ကြားသိ​လိုက်​သော​စကား​ကို ယုံကြည်​ကြ​ခြင်း​ကြောင့် “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌” နှစ်ခြင်း​ခံနိုင်​ကြ​လေ​သည်။ (မဿဲ ၂၈:၁၉) သူတို့​နှစ်ခြင်း​ယူပြီး​နောက် “တမန်​တော်​တို့၏​ဆုံးမ [သွန်သင်] ခြင်း . . . တို့ကို အမြဲ​ဆောင်ရွက်၍​နေကြ၏။” တစ်ချိန်တည်း​တွင် သူတို့၏​တွေ့ရှိ​ထား​ခါ​စ ယုံကြည်ခြင်း​တရားကို အခြားသူများ​အား စတင်​ဝေမျှ​ပြော​ဟောခဲ့​ကြ​လေ​သည်။ “ထို​သူတို့သည် . . . ဗိမာန်တော်၌ နေ့တိုင်း​အစဉ် တညီတညွတ်​တည်း​နေ၍၊ . . . ဘုရားသခင်​ကိုလည်း​ချီးမွမ်း​၍ လူအပေါင်း​တို့​ရှေ့မှာ မျက်နှာ​ပွင့်လန်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။” ဤ​ဟောပြောခြင်း​လုပ်ငန်း​ကြောင့် “ကယ်တင်ခြင်း​သို့​ရောက်​သော​သူတို့ကိုလည်း နေ့စဉ်​မပြတ် [ယေဟောဝါ] သည် သင်း​ဝင်​စေတော်မူ​၏။” (တမန်​တော် ၂:၄၂၊ ၄၆၊ ၄၇) ဤ​ယုံကြည်သူ လူသစ်များ​နေထိုင်ကြ​သော နယ်မြေ​များစွာ​၌ ခရစ်ယာန်​အသင်းတော်များ ဖွဲ့စည်း​တည်ထောင်​လာ​လေ​သည်။ ဤသို့​တိုးပွား​ခဲ့​ခြင်း​သည် အနည်းဆုံး​တစ်စိတ်​တစ်ပိုင်း​အနေ​ဖြင့် သူတို့​အိမ်ပြန်ရောက်​သွား​ကြသောအခါ ‘သတင်းကောင်း’ ကို​ဇွဲရှိ​ရှိ​ဟောပြောခဲ့​ကြသော​ကြောင့်​ဖြစ်သည်​မှာ သေချာ​သည်။—ကောလောသဲ ၁:၂၃

သမ္မာကျမ်းစာ​သည် တန်ခိုး​နှင့်​ပြုပြင်​တတ်

၇။ (က) ယနေ့ ယေဟောဝါ​၏​အဖွဲ့အစည်း​သို့ လူမျိုးအပေါင်း​ကို အဘယ်အရာက​ဆွဲဆောင်​သနည်း။ (ခ) ကမ္ဘာချီ​လယ်ကွင်း​နှင့် ဒေသခံ​တွင် ဆက်​တိုးတက်စရာ အဘယ်​အလားအလာ​များ သင်​မြင်​သနည်း။ (အောက်ခြေမှတ်ချက်​ရှု။)

ယနေ့ ဘုရားသခင့်​ကျေးကျွန်​များ ဖြစ်​လို​သူများ​ကော၊ မည်သို့​နည်း။ သူတို့​သည်လည်း သမ္မာကျမ်းစာ​ကို အသေအချာ​လေ့လာ​ဖို့​လို​သည်။ ထိုသို့​လေ့လာ​ကြသောအခါ ယေဟောဝါ​သည် “ချစ်​သနားခြင်း​မေတ္တာ . . . နှင့်​ပြည့်စုံ​၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ [“ချစ်ခင်​ကြင်နာ​ခြင်း၊” က​ဘ] နှင့် ကြွယ်ဝ​တော်​မူ” သော​ဘုရားသခင်​ဖြစ်​ကြောင်း သူတို့​သိလာ​ကြ​မည်။ (ထွက်မြောက်ရာ ၃၄:၆; တမန်​တော် ၁၃:၄၈) ယေရှု​ခရစ်​မှ​တစ်ဆင့် ယေဟောဝါ ကြင်နာ​စွာ​ပြင်ဆင်​ပေး​သည့် ရွေးနုတ်ဖိုး​အကြောင်း သူတို့​သိလာ​ကြ​၏၊ ကိုယ်တော်​၏​အသွေး​သည် အပြစ်ရှိ​သမျှ​ကို ဆေးကြော​ပေး​နိုင်​သည်။ (၁ ယောဟန် ၁:၇) “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်” ရမည့် ဘုရားသခင့်​ရည်ရွယ်ချက်ကိုလည်း သူတို့​သိရှိ​လာ​ကြသည်။ (တမန်​တော် ၂၄:၁၅) ဤ “အံ့ဖွယ်သော​အမှုတို့” ကို ပြု​တော်​မူ​သော​အရှင်​အား ချစ်​မြတ်နိုး​စိတ်​ပြည့်လျှံ​လာ​ရာ ဤ​အဖိုးတန်​အမှန်တရားကို ဟောပြောဖို့ လှုံ့ဆော်​ခံရ​ကြသည်။ ထို့နောက် သူတို့သည် ဘုရားသခင်​၏ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံ​ကျေးကျွန်​များ​ဖြစ်လာ​ကြ​ပြီး “ဘုရားသခင်​ကို​သိ​သော​ဉာဏ်​တိုးပွား” လျက်​နေကြ​သည်။ *ကောလောသဲ ၁:၁၁; ၂ ကောရိန္သု ၅:၁၄

၈-၁၀။ (က) သမ္မာကျမ်းစာ​သည် “တန်ခိုး​နှင့်​ပြုပြင်” နိုင်​ကြောင်း ခရစ်ယာန်​အမျိုးသမီး​တစ်ဦး၏ တွေ့ကြုံမှု​က မည်သို့​သက်သေထူ​သနည်း။ (ခ) ဤ​တွေ့ကြုံမှု​က ယေဟောဝါ​အကြောင်း၊ ကျေးကျွန်​များနှင့် ကိုယ်တော်​ဆက်ဆံပုံ​အကြောင်း သင့်ကို​အဘယ်အရာ​သိရှိ​စေ​သနည်း။ (ထွက်မြောက်ရာ ၄:၁၂)

ကျမ်းစာ​လေ့လာခြင်း​မှ ဘုရားသခင့်​ကျေးကျွန်​များ ရရှိသော​အသိပညာ​သည် အပေါ်ယံ​မျှ​သာ​မဟုတ်ပါ။ ၎င်း​အသိပညာ​သည် သူတို့၏​နှလုံးကို​လှုံ့ဆော်ပေး​၍ သူတို့၏​တွေးခေါ်ပုံ​ကို ပြုပြင်​ပြောင်းလဲ​စေပြီး သူတို့၌ တစ်စိတ်​တစ်ပိုင်း​ဖြစ်လာ​လေ​သည်။ (ဟေဗြဲ ၄:၁၂) သာဓက​အနေ​နှင့် ကယ်​မီလ်​အမည်​ရှိသူ အမျိုးသမီး​တစ်ဦး​သည် သက်ကြီးရွယ်အို​များ​ကို ကြည့်ရှု​ပြုစု​ရ၏။ သူ​ကြည့်ရှု​ပြုစုပေး​ရသူ​တစ်ဦး​မှာ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သူ မာသ​ဖြစ်သည်။ မာသ​သည် အကြီးအကျယ်​မှတ်ဉာဏ်​ချို့တဲ့​နေသည်​ဖြစ်​ရာ သူ့ကို​မပြတ်​ကြည့်ရှု​ပေးဖို့​လို​သည်။ အစာ​စားဖို့​သာမက အစာကို​မျိုချ​ဖို့​ပင် သတိပေး​ရသည့်​အထိ​ဖြစ်သည်။ သို့ရာတွင် ကျွန်ုပ်​တို့​တွေ့​ကြ​ရမည်​ဖြစ်သည့်​အတိုင်း မာသ​စိတ်ထဲ​စွဲမြဲ​နေသည့်​အရာတစ်ခု​ရှိသည်။

တစ်နေ့​သောအခါ ကယ်​မီလ်​သည် ကိုယ်ရေးကိုယ်တာ​ပြဿနာ​တစ်ခု​ကြောင့် စိတ်​ဆင်းရဲ​ပြီး ငိုကြွေး​နေသည်​ကို မာသ​တွေ့ရှိ​ခဲ့​သည်။ ထို​အခါ မာသ​သည် ကယ်​မီလ်​ကို​ပိုက်​ဖက်ပြီး မိမိ​နှင့်အတူ ကျမ်းစာ​လေ့လာ​ဖို့ ဖိတ်ခေါ်​ခဲ့​သည်။ သို့သော် မာသ​၏​အခြေအနေ​မျိုး​၌ ရှိသူ​တစ်ဦး​သည် ကျမ်းစာ​သင်အံမှု ကျင်းပ​နိုင်​ပါ​မည်​လော။ သူ​ကျင်းပ​နိုင်​ခဲ့​ပါ​သည်! မာသ​ခမျာ မှတ်ဉာဏ်​အတော်ပင်​ချို့ယွင်း​နေ​သော်လည်း သူ၏​ကြီးမြတ်သော​ဘုရားသခင်​အား မမေ့လျော့​ပါ၊ သမ္မာကျမ်းစာ​မှ သူသိ​ရှိခဲ့​သော အဖိုးတန်​အမှန်တရားကိုလည်း မမေ့​ပါ။ သင်အံမှု​ပြု​စဉ် မာသ​သည် ကယ်​မီလ်​အား အပိုဒ်​တိုင်း​ကို​ဖတ်​စေ​သည်၊ ကိုးကား​ထားသော​ကျမ်းချက်​များ​ကို ဖွင့်ဖတ်​စေပြီး စာမျက်နှာ​အောက်ခြေ​ပိုင်း​ရှိ မေးခွန်း​ကို​ဖတ်​ပြီး​နောက် အဖြေပေး​စေ​ခဲ့​သည်။ မာသ​၏​မှတ်မိ​နိုင်စွမ်း ချို့ယွင်း​နေ​သော်လည်း ဤသို့​အတန်ကြာ ဆက်​ပြုလုပ်​ခဲ့​ရာ ကယ်​မီလ်​သည် ကျမ်းစာ​အသိပညာ​တိုးများ​လာ​ခဲ့​သည်။ ကယ်​မီလ်​သည် ဘုရားသခင်​အား ဝတ်ပြု​သော အခြား​သူများ​နှင့် ပေါင်းသင်း​ဖို့​လို​ကြောင်း မာသ​သိမြင်​ထား​ရာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၌ ပထမ​ဆုံး​အစည်းအဝေး​ကို ကယ်​မီလ်​သွား​တက်​သည့်​အခါ သင့်တော်​လျောက်ပတ်​စွာ ဝတ်ဆင်​နိုင်​ဖို့ သူ့ကို ဂါ​ဝန်​တစ်ထည်​နှင့် ဖိနပ်​တစ်​ရန်​ပေး​လေ​သည်။

၁၀ မာသ​၏​မေတ္တာပါ​သော​စိတ်ဝင်စားမှု၊ ပုံသက်သေ​နှင့် ခံယူ​ချက်​ပြင်းပြ​မှု​တို့​က ကယ်​မီလ်​ကို အတော်အတန်​အကျိုးပြု​သည်။ မာသ​သည် မိမိ​အား ကျမ်းစာ​မှ အလွန်​အရေးပါသော​အရာ​ကို သွန်သင်ပေး​နေကြောင်း ကယ်​မီလ်​သဘောပေါက်​သည်၊ အကြောင်း​မှာ မာသ​သည် အားလုံးနီးပါး​ကို မေ့လျော့​သွား​သော်လည်း ကျမ်းစာ​မှ သူတတ်​သိထား​ရာ​ကို​ကား မမေ့​ပါ။ နောက်ပိုင်း​တွင် ကယ်​မီလ်​သည် အခြား​အဆောင်​တစ်ခု​သို့ ပြောင်းရွှေ့​ရသောအခါ မိမိ​ကိုယ်တိုင် ဆုံးဖြတ်​ပြုလုပ်​ဖို့ အချိန်တန်​ကြောင်း သိမြင်ခဲ့​သည်။ ထို​အခါ အခွင့်အရေး​ရသည်​နှင့် သူ့ကို​မာသ​ပေး​ခဲ့​သော ဂါ​ဝန်​နှင့်​ဖိနပ်​ကို ဝတ်ဆင်​ပြီး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့​သွား​၍ ကျမ်းစာ​သင်ပေး​ရန် တောင်းဆို​ခဲ့​သည်။ ကယ်​မီလ်​သည် အတော်အတန်​တိုးတက်လာ​ပြီး နောက်ဆုံး​နှစ်ခြင်း​ခံ​လိုက်​လေ​သည်။

ယေဟောဝါ​၏​စံနှုန်း​များနှင့်​အညီ ပြုမူ​ရန် လှုံ့ဆော်​ခံရ

၁၁။ ဟောပြောခြင်း​လုပ်ငန်း​၌ ဇွဲရှိ​ခြင်း​အပြင် ဘုရားသခင့်​နိုင်ငံတော်​သတင်းက ကျွန်ုပ်​တို့ကို လှုံ့ဆော်​တိုက်တွန်း​ကြောင်း မည်သို့​တင်ပြ​နိုင်​သေး​သနည်း။

၁၁ ယနေ့၊ မာသ​နှင့် ယခု​ကယ်​မီလ်​တို့​ကဲ့သို့ ကမ္ဘာ​တစ်ဝန်း​တွင် ‘ဘုရားသခင့်​နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း’ ကို ဟောပြောနေကြ​သူ ယေဟောဝါသက်သေ ခြောက်​သန်း​ကျော်​ရှိသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဤ​သူတို့သည် ပထမ​ရာစု​ခရစ်ယာန်​များ​ကဲ့သို့ “ဘုရားသခင်​၏ အံ့ဖွယ်သော​အမှုတို့” ကြောင့် အကြီးအကျယ်​လှုံ့ဆော်မှု​ခံ​ခဲ့​ကြ​ရသည်။ သူတို့သည် ယေဟောဝါ​၏​နာမတော်​ကို ခံယူ​ခွင့်​ရပြီး ကိုယ်တော်​၏​ဝိညာဉ်​တော် သွန်းလောင်းခြင်း​ကို​ခံ​ထား​ရ​ကြောင်း သဘောပေါက်​ကြသည်။ သို့​ဖြစ်၍ သူတို့၏​ဘဝ​ကဏ္ဍအသီးသီး​တွင် ကိုယ်တော်​၏​စံ​များ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​ဖြင့် “သခင်​ဘုရား​နှင့်​ထိုက်လျောက်စွာ​ကျင့်​၍ အရာရာ၌​နှစ်သက်​တော်​မူ​စေခြင်း​ငှာ” အစွမ်းကုန်​ကြိုးစား​ကြသည်။ သူတို့​ကျင့်သုံး​ကြသော ဘုရားသခင့်​စံနှုန်း​များ​တွင် ဝတ်စား​ဆင်ယင်​မှု​လည်း ပါဝင်​သည်။—ကောလောသဲ ၁:၁၁; တိတု ၂:၁၀

၁၂။ ဝတ်စား​ဆင်ယင်​မှု​နှင့်​ပတ်သက်​၍ အဘယ်​သတ်သတ်မှတ်မှတ်​အကြံပေး​ချက်​ကို ၁ တိမောသေ ၂:၉၊ ၁၀ ၌​တွေ့ရ​သနည်း။

၁၂ မှန်​ပါ​၏၊ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အသွင်အပြင်​နှင့်​ပတ်သက်​၍​လည်း စံနှုန်း​များ ချမှတ်​ပေး​သည်။ ဘုရားသခင်​၏​တောင်းဆိုချက်​အချို့​ကို တမန်​တော်​ပေါလု ဖော်ပြ​ခဲ့​သည်။ “မိန်းမ​တို့သည် ကျစ်​သော​ဆံပင်၊ ရွှေ​တန်ဆာ၊ ကျောက်​ပုလဲ အဖိုးထိုက်​သော​အဝတ်​နှင့် ကိုယ်ကို​မဆင်​ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေ​စောင့်​ခြင်း​အားဖြင့်၊ လျောက်ပတ်​သော​အဝတ်​နှင့်​လည်းကောင်း၊ ဘုရားသခင်​အား ရိုသေ​လေးမြတ်ခြင်းကို ဝန်ခံ​ပြုစု​သော​မိန်းမ ဆင်​သင့်​သည်​အတိုင်း ကောင်းသော​အကျင့်​နှင့်​လည်းကောင်း၊ ကိုယ်ကို​တန်ဆာဆင်​စေခြင်း​ငှာ ငါ​အလိုရှိ၏။” * ဤ​စကား​များ​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သိရှိ​ရသနည်း။—၁ တိမောသေ ၂:၉၊ ၁၀

၁၃။ (က) “လျောက်ပတ်​သော​အဝတ်” က အဘယ်အရာကို​ဆိုလို​သနည်း။ (ခ) ယေဟောဝါ​၏​စံနှုန်း​များ​ကို​လိုက်​ဖို့​မ​ခဲယဉ်း​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၁၃ ခရစ်ယာန်​များသည် “လျောက်ပတ်​သော​အဝတ်​နှင့် . . . ကိုယ်ကို​တန်ဆာဆင်” သင့်​ကြောင်း ပေါလု​၏​စကား​က​ဖော်ပြ​သည်။ သူတို့၏​ပုံစံ​သည် ဖိုသီဖတ်သီ​မဖြစ်​သင့်​ပါ။ မည်သူ​မဆို၊ ချို့တဲ့​သူများ​ပင် သပ်ရပ်၊ သန့်ရှင်း၍ ကြည့်​ပျော်​ရှုပျော်​ဖြစ်သော ဝတ်စား​ဆင်ယင်​မှု​ဖြင့် တော်​သင့်​သော ဤ​စံနှုန်း​များ​ကို​မီနိုင်​ပါ​သည်။ သာဓက​အနေ​နှင့် တောင်​အမေရိက​နိုင်ငံ​တစ်ခု​မှ သက်သေခံ​များသည် နှစ်စဉ်​ပင် ခရိုင်​စည်းဝေးကြီး​ကို တက်ရောက်​ဖို့ နာရီ​ပေါင်း​များစွာ ကုန်း​တစ်တန်၊ လှေ​တစ်တန် ခရီးနှင်​လာ​ခဲ့​ကြ​ရသည်။ ဤသို့​ခရီးနှင်စ​ဉ် မြစ်​ထဲ​လိမ့်​ကျ​သူ၊ ချုံပင်​နှင့်​ငြိ​၍ အဝတ်အစား​စုတ်ပြဲ​သူ​ရှိ​ခြင်း​သည် မ​ဆန်း​ပါ။ ထို့​ကြောင့် စည်းဝေးကြီး​ကျင်းပ​ရာ​အရပ်သို့ ရောက်လာ​ခါ​စ​တွင် သူတို့​ပုံစံ​သည် အတော်ပင်​ဖိုသီဖတ်သီ​ဖြစ်​ပေ​လိမ့်​မည်။ ထို့​ကြောင့် စည်းဝေးကြီး​၌ သူတို့​ဝတ်​မည့်​အဝတ်အစား​များ​ကို အချိန်​ယူပြီး လျော်​ဖွပ်၊ မီး​ပူ​တိုက်၊ ကြယ်သီး​တပ်​တန်​တပ်၊ ဇ​စ်​များ​ကို​ပြုပြင်​တန်​ပြုပြင်​ကြ​ပါ​သည်။ ယေဟောဝါ​၏​စားပွဲတော်​၌ မှီဝဲ​စားသုံး​ရန် ဖိတ်ခေါ်ချက်​ကို သူတို့​အလွန်​တန်ဖိုး​ထား​ကြ​ပြီး သင့်တော်​လျောက်ပတ်​စွာ ဝတ်ဆင်​လို​ကြ​ပါ​သည်။

၁၄။ (က) “ရှက်ကြောက်ခြင်း၊ ဣန္ဒြေ​စောင့်​ခြင်း” ဖြင့်​ဝတ်ဆင်ခြင်း​ဟူသည် အဘယ်နည်း။ (ခ) ‘ဘုရားသခင်​အား​ရိုသေ​လေးမြတ်သူ​များ’ အဖြစ် ဝတ်ဆင်ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

၁၄ ထို့​ပြင် ကျွန်ုပ်​တို့သည် “ရှက်ကြောက်ခြင်း၊ ဣန္ဒြေ​စောင့်​ခြင်း” ဖြင့်​ဝတ်ဆင်​သင့်​သည်​ဟူ၍လည်း ပေါလု​ဆို​သည်။ သို့​ဖြစ်သော​ကြောင့် ကျွန်ုပ်​တို့သည် ဝ​င့်​ဝါ​ဖို့၊ ဆန်းပြား​ဖို့၊ စိတ်​ဆွပေး​ဖို့၊ မလုံမလဲ​နှင့် ခေတ်​ဆန်​ဆန်​ဖြစ်​ဖို့ ဝတ်စား​သည့်​ပုံစံ​မျိုး မဖြစ်​သင့်​ပါ။ ၎င်း​ပြင် “ဘုရားသခင်​အား​ရိုသေ​လေးမြတ်” သည့်​ပုံစံ​ဖြင့် ကျွန်ုပ်​တို့​ဝတ်ဆင်​သင့်​သည်။ ယင်းက ကျွန်ုပ်​တို့အတွက် စဉ်းစားစရာ​ဖြစ်စေ​သည် မဟုတ်ပေ​လော။ အသင်းတော်​အစည်းအဝေး​များ​ကို တက်ရောက်​သည့်​အခါ သင့်တော်​လျောက်ပတ်​စွာ​ဝတ်ဆင်​ပြီး အခြား​အချိန်​အခါ​များ​တွင်​မူ ဖြစ်ကတတ်ဆန်း​ဝတ်ဆင်​နိုင်​သည်​ဟု မဆိုလို​ပါ။ ကျွန်ုပ်​တို့သည် ခရစ်ယာန်​များ​ဖြစ်​ရုံ​မ​က တစ်နေ့​လျှင် ၂၄ နာရီ ဓမ္မ​အမှုဆောင်​များ​ဖြစ်​ကြသော​ကြောင့် ကျွန်ုပ်​တို့၏​အသွင်အပြင်​သည် ရိုသေ​လေးစားစရာ​ကောင်း​၍ အမြဲ​ကျက်သရေ​ရှိ​သင့်​သည်။ ကျွန်ုပ်​တို့ အလုပ်လုပ်​ချိန်၊ ကျောင်းတက်​ချိန်​တို့​တွင်​ဝတ်​သော အဝတ်အစား​များသည် လုပ်ကိုင်​မည့်​အလုပ်​နှင့် သင့်လျော်​ရမည်​မှာ သိသာ​ထင်ရှား​ပါ​သည်။ သို့ဖြင့် ဣန္ဒြေရှိရှိ၊ သိက္ခာ​ရှိ​ရှိ ဝတ်ဆင်​သင့်​သည်။ ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို​ယုံကြည်သူ​တစ်ဦး​ဖြစ်​ကြောင်း ကျွန်ုပ်​တို့၏​အဝတ်အစား​က ဖော်ပြ​မည်​ဆိုလျှင် မိမိ​အသွင်အပြင်​ကြောင့် အလွတ်သဘော​သက်သေ​ခံရန် တွန့်ဆုတ်​ဖို့​အကြောင်း ဘယ်​သောအခါ​မျှ ရှိ​မည်​မဟုတ်ပေ။—၁ ပေတရု ၃:၁၅

‘ဤ​လောကကို​မချစ်​ကြ​နှင့်’

၁၅၊ ၁၆။ (က) ဝတ်စား​ဆင်ယင်​မှု​တွင် လောကကို​အတု​မယူဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။ (၁ ယောဟန် ၅:၁၉) (ခ) အဘယ်​လက်တွေ့ကျ​အကြောင်းရင်း​ကြောင့် ပေါ်ပင်​ဝတ်စား​ဆင်ယင်​မှု​ကို ကျွန်ုပ်​တို့​ရှောင်သင့်​သနည်း။

၁၅ ၁ ယောဟန် ၂:၁၅၊ ၁၆ ပါ​အကြံပေး​ချက်​က​လည်း ဝတ်စား​ဆင်ယင်​မှု​ကို ကျွန်ုပ်​တို့​ရွေးချယ်​ဖို့ လမ်းညွှန်​ဖြစ်သည်။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “လောကကို​လည်းကောင်း၊ လောက​၌​ရှိသော​အရာ​တို့ကို​လည်းကောင်း မချစ်​ကြ​နှင့်။ လောကကို​ချစ်သော​သူ​မည်​သည်​ကား ခမည်းတော်​ကို​ချစ်ခြင်း​မေတ္တာ​မရှိ။ လောက​၌​ရှိသမျှ​သော​အရာ​တည်း​ဟူသော ကိုယ်ကာယ​တပ်မက်​ခြင်း၊ မျက်စိ​တပ်မက်​ခြင်း၊ လော[က]စည်းစိမ်​၌​ဝါကြွားခြင်း​တို့သည် ခမည်းတော်​နှင့်​မစပ်ဆိုင်၊ လောက​နှင့်​သာ​စပ်ဆိုင်​ကြ​၏။”

၁၆ အခန့်သင့်​အကြံပေး​ချက်​ပါ​တကား! တစ်ကြိမ်​နှင့်​မျှ​မတူ​အောင် ရွယ်တူချင်း​ဖိအားပေး​မှု ပြင်းထန်​နေသည့် ဤ​ခေတ်တွင် ကျွန်ုပ်​တို့၏​အဝတ်အစား​ကို ဤ​လောက​ပုံသွင်း​ပေး​သည်ကို မခံ​သင့်​ပါ။ မကြာသေးမီ​နှစ်များ​အတွင်း ဝတ်စားဆင်ယင်ပုံ​များသည် ညံ့ဖျင်း​လာ​ခဲ့ပြီ။ စီးပွားရေး​နှင့် အတတ်ပညာ​ရှင်​များ​၏ အဝတ်အစား ကျင့်ဝတ်​စည်းကမ်း​ပင်​လျှင် ခရစ်ယာန်​များနှင့်​သင့်လျော်​သော လိုက်နာ​အပ်​သည့်​စံ​ထား​စ​ရာ အမြဲ​မဟုတ်ပါ။ ကျွန်ုပ်​တို့သည် ဘုရားသခင့်​စံနှုန်း​များ​အတိုင်း​အသက်ရှင်ပြီး “ငါ​တို့ကို​ကယ်တင်​တော်​မူ​သော အရှင်​ဘုရားသခင်​၏ [ဆုံးမ​စကား] ကို အရာရာ၌​တန်ဆာဆင်” လိုလျှင် ယင်းသည် “လော[က]ပုံသဏ္ဌာန်​ကို​မ​ဆောင်” ဖို့​လို​ကြောင်း ကျွန်ုပ်​တို့​အစဉ်​သတိရှိ​သင့်​သည့် နောက်​အကြောင်းရင်း​တစ်ခု​ဖြစ်သည်။—ရောမ  ၁၂:၂;  တိတု  ၂:၉။

၁၇။ (က) အဝတ်အစား​ဝယ်​သောအခါ သို့​မဟုတ် ပုံစံ​ရွေးချယ်သော​အခါ အဘယ်​မေးခွန်းများကို မေး​နိုင်​သနည်း။ (ခ) အိမ်ထောင်ဦးစီး​များသည် မိသားစု​၏​အသွင်အပြင်​ကို အဘယ်ကြောင့်​စိတ်ဝင်စား​သင့်​သနည်း။

၁၇ ထို့​ကြောင့် အဝတ်​အထည်​တစ်ခု​ကို မဝယ်​မီ ‘ဒီ​ပုံစံ​ကို ငါ​ဘာလို့​ကြိုက်​တာလဲ။ ဒီ​ပုံစံ​ကို ငါ​သဘောကျတဲ့​သူ၊ နာမည်ကြီး ဖျော်ဖြေ​သူ​ဝတ်​လို့လား။ လူရမ်းကားအုပ်​စု​တစ်ခု၊ ထင်ရာစိုင်း၊ ပုန်ကန်​လို​စိတ်​ရှိသူတွေ ဝတ်စားတဲ့​ပုံစံ​မျိုး​လား’ ဟု​မိမိကိုယ်ကို​မေး​ခြင်း​သည် ပညာရှိရာ​ရောက်​၏။ ထို​အဝတ်​အထည်​ကိုလည်း အသေအချာ​စစ်ဆေး​ကြည့်​သင့်​သည်။ ဂါ​ဝန် သို့​မဟုတ် စကတ်​ဖြစ်​လျှင် အရှည်​အလျား​က အသို့နည်း။ ချုပ်​ထား​သည့်​ပုံ​ကော။ ဣန္ဒြေရ​ပြီး သင့်လျော်​ရုံ​မ​က ကျက်သရေ​ရှိသော အဝတ်အစား​လော၊ သို့​မဟုတ် ကျပ်​နေ၍ စိတ်​ဆွပေး​မည့် ဖြစ်ကတတ်ဆန်း​ပုံစံ​ရှိသလော။ ‘ဒီ​အဝတ်အစားမျိုး​ကို ကျွန်ုပ်​ဝတ်​သည့်​အတွက် ထိမိ​၍​လဲစရာ​အကြောင်း​ဖြစ်​မလား’ ဟု​သင့်ကိုယ်​သင်​မေးကြည့်ပါ။ (၂ ကောရိန္သု ၆:၃၊ ၄) ယင်းကို ကျွန်ုပ်​တို့​အဘယ်ကြောင့် အလေးထား​သင့်​သနည်း။ အကြောင်း​မှာ “ခရစ်တော်​သည် ကိုယ်​အလို​သို့​မလိုက်” ဟု သမ္မာကျမ်းစာ​က​ဆို​ထား​၏။ (ရောမ ၁၅:၃) ခရစ်ယာန်​အိမ်ထောင်ဦးစီး​များသည် မိသားစု​၏ အသွင်အပြင်​ကို ဂရုစိုက်​ကြ​ရမည်။ သူတို့​ဝတ်ပြု​ကိုးကွယ်​သည့် ဘုန်း​တန်ခိုး​ကြီးမားသော​ဘုရားသခင်​ကို ရိုသေ​လေးစား​သည့်​အနေ​ဖြင့် အိမ်ထောင်ဦးစီး​များသည် လိုအပ်သော​အခါ မေတ္တာပါ​သော​အကြံဉာဏ်​ကို အခိုင်အမာ​ပေးဖို့ မတွန့်​ဆုတ်​သင့်​ပါ။—ယာကုပ် ၃:၁၃

၁၈။ သင်၏​ဝတ်စားဆင်ယင်ပုံ​ကို အထူး​ဂရုပြု​ဖို့ အဘယ်အရာက​လှုံ့ဆော်ပေး​သနည်း။

၁၈ ကျွန်ုပ်​တို့၏​သတင်းတရားသည် ဂုဏ်​သိက္ခာ​နှင့် သန့်ရှင်း​စင်ကြယ်မှု​၏​ပြယုဂ် ယေဟောဝါ​ထံ​တော်​မှ​ဖြစ်သည်။ (ဟေရှာယ ၆:၃) ကိုယ်တော်​၏ “ချစ်​သား” များ​အနေ​နှင့် ကိုယ်တော်​အား​တုပ​ကြ​ရန် သမ္မာကျမ်းစာ​က တိုက်တွန်း​ထား​သည်။ (ဧဖက် ၅:၁) ကျွန်ုပ်​တို့၏​ဝတ်စားဆင်ယင်ပုံ​သည် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​အပေါ် အကောင်း သို့​မဟုတ် အဆိုး ဖြစ်စေ​နိုင်​သည်။ ကိုယ်တော်​၏​နှလုံးကို ကျွန်ုပ်​တို့​အမှန်​ရွှင်ပြုံး​စေ​လို​ကြ​ပါ​သည်!—သု. ၂၇:၁၁

၁၉။ အခြားသူများ​အား “ဘုရားသခင်​၏ အံ့ဖွယ်သော​အမှုတို့” ကို​သိစေ​ခြင်း​မှ အဘယ်​အကျိုးကျေးဇူး​ရသနည်း။

၁၉ သင်​သိရှိ​လာသော “ဘုရားသခင်​၏ အံ့ဖွယ်သော​အမှုတို့” ကို သင်​မည်သို့​သဘော​ရသနည်း။ အမှန်​မှာ ကျွန်ုပ်​တို့သည် အမှန်တရားကို​သိရှိ​လာ​ရခြင်း​ကြောင့် တကယ်​အခွင့်ထူး​လှ​သည်​တကား! ယေရှု​ခရစ် သွန်း​တော်​မူ​ခဲ့​သော​အသွေးကို ယုံကြည်​ကြောင်း တင်ပြ​ခဲ့​သောကြောင့် ကျွန်ုပ်​တို့သည် အပြစ်လွှတ်​ခံရ​ကြသည်။ (တမန်​တော် ၂:၃၈) ယင်းကြောင့် ဘုရားသခင်​ရှေ့ လွတ်လပ်​စွာ​ပြောဆို​ခွင့် ကျွန်ုပ်​တို့​တွင်​ရှိသည်။ မျှော်လင့်ချက်​ကင်းမဲ့​သူများ​ကဲ့သို့ သေခြင်းကို ကျွန်ုပ်​တို့​မကြောက်​ကြ​ပါ။ ယင်းအစား တစ်နေ့​သောအခါ “သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် သားတော်​၏​စကားသံ​ကို​ကြား​၍ ထွက်” လာ​ကြ​ရမည်​ဟူသော ယေရှု၏​အာမခံချက်ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြသည်။ (ယောဟန် ၅:၂၈၊ ၂၉) ယေဟောဝါ​သည် ဤ​အရာအားလုံးကို စိတ်​စေတနာ​အပြည့်​ဖြင့် ကျွန်ုပ်​တို့ကို​သိစေ​တော်​မူ​ခဲ့ပြီ။ ထို့​အပြင် ကျွန်ုပ်​တို့​အပေါ် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သွန်းလောင်း​ပေး​တော်​မူ​ပြီ။ ထို့​ကြောင့် ဤ​ကောင်းမွန်သော​ဆုကျေးဇူး​အားလုံး​တို့ကို ကျေးဇူး​တင်​သည့်​စိတ်​က ကိုယ်တော်​၏​မြင့်မြတ်​သော​စံနှုန်း​များ​ကို ရိုသေ​လေးမြတ်​ရန်၊ ကိုယ်တော်​ကို​ဇွဲ​နှင့်​ချီးမွမ်း​၍ ဤ “အံ့ဖွယ်သော​အမှုတို့” ကို သူတစ်ပါး​အား​ကြေညာ​ရန် ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​သင့်ပါသည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 5 ယေဟောဝါ​သည် ကိုယ်တော်​၏​လူမျိုးတော်​အတွက် ဖာရော​ရှေ့​ဝင်၍ စကားပြော​ဖို့ မောရှေ​နှင့်​အာရုန်​ကို ခန့်အပ်​ခဲ့​ချိန်​တွင် မောရှေ​ကို​ဤသို့​မိန့်ဆိုခဲ့သည်– “သင့်ကို​ဖာရော​ဘုရင်​၏ ဘုရား​အရာ​၌ ငါ​ခန့်​ထား​၏။ သင်၏​အစ်ကို​အာရုန်​သည် သင်၏​ပရောဖက်​ဖြစ်​ရ​လိမ့်​မည်။” (ထွက်မြောက်ရာ ၇:၁) အာရုန်​သည် အနာဂတ်​ဖြစ်ရပ်​များ​ကို ကြို​ဟောခြင်း​ဖြင့်​မဟုတ်ဘဲ မောရှေ၏​ပြောရေးဆိုခွင့်​ရှိသူ​ဖြစ်လာ​ခြင်း​အားဖြင့် ပရောဖက်​တစ်ပါး​ဖြစ်​ခဲ့​သည်။

^ အပိုဒ်၊ 7 ၂၀၀၂၊ မတ်​လ ၂၈ ရက်​နေ့တွင်​ကျင်းပ​ခဲ့​သော နှစ်ပတ်လည်​သခင့်​ညစာ​စားပွဲ​ကို တက်ရောက်​ခဲ့​ကြ​သူ လူ​အမြောက်အမြား​မှ သန်းပေါင်း​များစွာ​သည် ယေဟောဝါ​အား တက်ကြွ​စွာ​အမှုထမ်း​နေ​သူများ မဟုတ်​ကြ​သေး​ပါ။ ဤ​စိတ်ဝင်စားသူ​များစွာ​သည် များ​မကြာမီ သတင်းကောင်း​ကြေညာ​သူများ​ဖြစ်​ရခြင်း အခွင့်ထူး​ကို လက်လှမ်း​ယူ​ကြ​ရန် စေ့ဆော်​ခံရ​လိမ့်​မည်​ဟု ကျွန်ုပ်​တို့​ဆုတောင်း​ပါ​သည်။

^ အပိုဒ်၊ 12 ပေါလု​၏​စကား​များသည် ခရစ်ယာန်​အမျိုးသမီးများနှင့်​ဆိုင်​သော်လည်း ခရစ်ယာန်​အမျိုးသားများ၊ လူငယ်များနှင့်​လည်း ထပ်တူ​သက်ဆိုင်​ပါ​သည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် အဘယ် “အံ့ဖွယ်သော​အမှုတို့” ကို လူ​တို့ ကြား​ခဲ့​ကြ​ရသနည်း၊ သူတို့​မည်သို့​တုံ့ ပြန်​ခဲ့​ကြ​သနည်း။

• ယေရှု​ခရစ်​၏​တပည့်​တစ်ဦး မည်သို့ ဖြစ်လာ​နိုင်​သနည်း၊ တပည့်ဖြစ်​ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

• ကျွန်ုပ်​တို့၏​ဝတ်စားဆင်ယင်ပုံ​ကို ဂရုစိုက်​ဖို့ အဘယ်ကြောင့် အရေးကြီး​သနည်း။

• အဝတ်အစား သို့​မဟုတ် ပုံစံ​တစ်ခု​သည် သင့်​မသင့်​ဆုံးဖြတ်​ရာ​တွင် အဘယ်​အချက်များ​ကို ထည့်​စဉ်းစား​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ပေတရု​က ယေရှုသည် သေခြင်း​မှ​ရှင်ပြန်ထမြောက်​ပြီ​ဟု ကြေညာ​ခဲ့

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သင့်​အသွင်အပြင်​က သင်​ဝတ်ပြု​ကိုးကွယ်​သော ဘုရားသခင်​ကို ဂုဏ်တင်​သလော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ခရစ်ယာန်​မိဘများသည် မိသားစု​၏ အသွင်အပြင်​ကို စိတ်ဝင်စား​ကြ​ရမည်