အယူသီးမှုများက သင့်ဘဝကို ထိန်းချုပ်ထားသလော
အယူသီးမှုများက သင့်ဘဝကို ထိန်းချုပ်ထားသလော
အယူသီးမှုကို ကမ္ဘာတစ်ဝန်းတွင် တွေ့ရှိရ၏။ တစ်ခါတစ်ရံ ယင်းတို့ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တန်ဖိုးထားတတ်ကြသည်။ သို့မဟုတ် ယင်းတို့ကို ဘဝတွင် ပိုအဓိပ္ပာယ်ရှိစေသည့် အသေးအဖွဲကိစ္စအဖြစ် ယူမှတ်ကြ၏။ အနောက်တိုင်းတွင် အယူသီးမှုများကို အများအားဖြင့် လေးနက်သည့်ကိစ္စအဖြစ် မယူမှတ်ကြချေ။ သို့သော် အာဖရိကကဲ့သို့သော အခြားအရပ်၌မူ အယူသီးမှုများသည် လူတို့၏ဘဝအသက်တာကို အကြီးအကျယ်ထိခိုက်နိုင်သည်ဟု ယူမှတ်ကြ၏။
အာဖရိကယဉ်ကျေးမှု အတော်များများသည် အယူသီးမှုအပေါ် အခြေခံသည်။ အာဖရိကတွင်ထုတ်ဝေသည့် ရုပ်ရှင်များ၊ ရေဒီယိုအစီအစဉ်များနှင့် စာပေတို့သည် အယူသီးမှုနှင့် မှော်အတတ်၊ ဘိုးဘေးကိုးကွယ်မှု၊ အဆောင်လက်ဖွဲ့များသုံးခြင်း ကဲ့သို့သော ထူးခြားနက်နဲသည့် အကြောင်းအရာများကို မကြာခဏ မီးမောင်းထိုးဖော်ပြပေးသည်။ အယူသီးမှုများက လူတို့ကို အဘယ်ကြောင့် အလွန်အမင်း ဩဇာလွှမ်းမိုးရသနည်း၊ အယူသီးမှုများသည် မည်သည့်နေရာမှ စဖြစ်ပေါ်လာသနည်း။
အယူသီးမှု၏နောက်ကွယ်တွင် အဘယ်အရာရှိသနည်း
အယူသီးမှုအမြောက်အမြား၏ အခြေခံမှာ လူသေတို့၏ ဝိညာဉ်များကို ကြောက်ရွံ့ခြင်း၊ သို့မဟုတ် မည်သည့်ဝိညာဉ်မျိုးကိုမဆို ကြောက်ရွံ့ခြင်းဖြစ်သည်။ ထိုဝိညာဉ်များသည် အသက်ရှင်သူများကို ခြိမ်းခြောက်ရန်၊ သတိပေးရန် သို့မဟုတ် ကောင်းချီးပေးရန် အဖြစ်အပျက်တစ်မျိုးတစ်မည်ဖြင့် ဆက်သွယ်သည်ဟု အဓိပ္ပာယ်ကောက်ကြ၏။
ထို့ပြင် အယူသီးမှုများသည် ဆေးကုသမှုနှင့် ဆေးဝါးတို့နှင့်လည်း အလွန်ဆက်စပ်သည်။ ဖွံ့ဖြိုးဆဲကမ္ဘာ့ဒေသတွင်နေထိုင်သူ လူအများစုအတွက် ခေတ်ပေါ်ဆေးဝါးသည် အလွန်ဈေးကြီးပြီး များသောအားဖြင့် ဝယ်၍ပင်မရနိုင်အောင် ဖြစ်လေ့ရှိသည်။ ထို့ကြောင့် လူအများသည် ဘိုးဘေးများ၏ထုံးစံ၊ နတ်ဝိဇ္ဇာအတတ်နှင့် အယူသီးမှုများဖြင့် ရောဂါကုသရန်၊ သို့မဟုတ် ကာကွယ်နည်းများရရှိရန် ကြိုးစားရှာကြံကြသည်။ အနောက်တိုင်းဆေးဆရာဝန်တစ်ဦးထံတွင် ရောဂါကုသခြင်းထက် မိမိတို့၏ထုံးတမ်းဓလေ့များနှင့် ဒေသန္တရဘာသာစကားကို ပြောတတ်ဆိုတတ်သော ပယောဂဆရာတစ်ဦးထံတွင် ရောဂါကုသခြင်းက ပိုအဆင်ပြေသည်ဟု သူတို့ထင်မှတ်ကြသည်။ သို့ဖြစ်၍ အယူသီးမှုများမှာ မပျောက်မပျက် ရှင်သန်နေဆဲဖြစ်သည်။
ဖျားနာခြင်း၊ မတော်တဆမှုများဖြစ်ခြင်းသည် အဆင်သင့်၍ ဖြစ်ပျက်ခြင်းမျှမဟုတ်၊ ဝိညာဉ်လောကမှ မကောင်းဆိုးဝါးများက ဖြစ်ပေါ်စေသည့် အဖြစ်အပျက်များဖြစ်သည်ဟု အယူသီးသော ရိုးရာဓလေ့ထုံးစံကဆိုသည်။ ထိုအခါ ပယောဂဆရာများက ကွယ်လွန်သွားသူ ဘိုးဘေးတစ်ဦးသည် တစ်စုံတစ်ရာနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေသည်ဟု ဆိုကြပေမည်။ သို့မဟုတ် တစ်ဦးတစ်ယောက်သည် ပြိုင်ဘက် ပယောဂဆရာတစ်ဦးအကူအညီဖြင့် ကျိန်စာတိုက်ထားရာ ထိုဖျားနာမှု၊ သို့မဟုတ် ၎င်းမတော်တဆမှုဖြစ်ရသည်ဟု နတ်ဝင်သည်များက ပြောကြပေမည်။
ကမ္ဘာတစ်ဝန်းတွင် အယူသီးမှုမြောက်မြားစွာရှိပြီး အလွန်ကွဲပြားခြားနားကြသည်၊ ၎င်းတို့ပြန့်ပွားများပြားလာခြင်းသည် ဒေသန္တရဓလေ့ထုံးတမ်း၊ ရိုးရာပုံပြင်များနှင့် အခြေအနေများအပေါ် မူတည်သည်။ သို့သော် အများလက်ခံကြသည့်အယူအဆမှာ မျက်မြင်မရ ဝိညာဉ်လောကမှ တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ရာကို စိတ်ကျေအေးစေဖို့လိုသည်ဟု ခံယူထားကြခြင်းဖြစ်၏။
အယူသီးမှုများသည် အန္တရာယ်ကင်းသလော၊ အန္တရာယ်ရှိသလော
မိသားစုအများမှာ အမြွှာပူးကလေးမွေးခြင်းကို အလွန်သဘောကျနှစ်သက်၍ ဖြစ်မြဲမဟုတ် ထူးခြားသည့်ကိစ္စတစ်ခုအဖြစ် သဘောထားသည်။ သို့သော် အယူသီးသူများအတွက်မှာမူ အမြွှာမွေးခြင်းသည် နိမိတ်တစ်ခုဟု မှတ်ယူကြပေမည်။ အနောက်အာဖရိက ဒေသအချို့တွင် အမြွှာပူးကလေးများ မွေးလာခြင်းကို နတ်ဘုရားများမွေးဖွားခြင်းအဖြစ် ရှုမြင်ကြပြီး ထိုအမြွှာပူးကလေးများကို ဝတ်ပြုကိုးကွယ်ကြ
သည်။ အမြွှာတစ်ဦး သို့မဟုတ် နှစ်ဦးစလုံး သေဆုံးသွားလျှင် အမြွှာပူးကလေးများ၏ ပုံတူရုပ်တုငယ်များကို ပြုလုပ်ကြပြီး ထိုရုပ်တုများကို မိသားစုက ခဲဖွယ်စားဖွယ်များ ပူဇော်ကြရ၏။ အခြားနေရာများတွင်မူ အမြွှာပူးကလေးများမွေးခြင်းကို ကျိန်စာအဖြစ် ရှုမြင်ကြရာ မိဘအချို့သည် အနည်းဆုံး ကလေးတစ်ဦးကို သတ်ပစ်ပေမည်။ အဘယ်ကြောင့်နည်း။ သူတို့ယုံကြည်ကြသည်မှာ အကယ်၍ အမြွှာနှစ်ဦးစလုံး အသက်ဆက်ရှင်လျှင် တစ်နေ့သောအခါ ၎င်းတို့၏မိဘများကို ပြန်သတ်လိမ့်မည်ဟူ၍ဖြစ်၏။ဤကဲ့သို့သော ပုံနမူနာများ ဖော်ပြသည်မှာ အယူသီးမှုတချို့သည် တစ်မူထူးခြားပြီး စိတ်ဝင်စားစရာပင်ကောင်းပုံရှိသော်လည်း အခြားအယူသီးမှုများမှာမူ အသက်ကိုပင်ထိခိုက်လောက်အောင် အန္တရာယ်ရှိသည်။ ကြောက်စရာမကောင်းသော ဖြစ်ရပ်တစ်ခုကို နိမိတ်မကောင်းဟု အဓိပ္ပာယ်ကောက်လိုက်လျှင် အန္တရာယ်များသောအရာ ဖြစ်သွားနိုင်သည်။
အမှန်မှာ အယူသီးခြင်းသည် ဘာသာတရားတစ်ခု၊ ခံယူချက်တစ်ခုပင်ဖြစ်၏။ အယူသီးမှုနှင့်ဆိုင်သော အန္တရာယ်ရှိဖွယ်ရာများကို ထည့်သွင်းစဉ်းစားကြရာ ဤသို့မေးမြန်းခြင်းသည် ဆီလျော်လှပေသည်– အယူသီးသော ယုံကြည်ချက်များနှင့် အစဉ်အလာလုပ်ထုံးများသည် အမှန်အားဖြင့် မည်သူ၏အမှုဆောင်နေခြင်းနည်း။
အယူသီးမှုများ၏ အရင်းအမြစ်
စာတန်ရှိသည်ကို ထောက်ပြသည့် သက်သေသာဓကများရှိလင့်ကစား ယနေ့လူအချို့သည် စာတန် သို့မဟုတ် ဝိညာဉ်ဆိုးများရှိကြောင်းကို ငြင်းပယ်လိုကြသည်။ သို့ရာတွင် စစ်တိုက်နေစဉ် မိမိကိုအန္တရာယ်ပြုနိုင်သော ရန်သူရှိကြောင်း အသိအမှတ်မပြုလျှင် အကြီးအကျယ်ဆုံးရှုံးပျက်စီးရဖို့သာရှိသည်။ လူ့ထက်အင်အားကြီးမားသော ဝိညာဉ်သတ္တဝါများနှင့် ရင်ဆိုင်တိုက်လှန်ရာတွင်လည်း ထို့အတူဖြစ်နိုင်ကြောင်း တမန်တော်ပေါလုက ဤသို့သတိပေးသည်– “ငါတို့သည် . . . နတ်ဆိုးတို့နှင့် . . . ဆိုင်ပြိုင်တိုက်လှန် [နပန်းလုံး] ရကြ၏။”—ဧဖက် ၆:၁၂။
ဝိညာဉ်သတ္တဝါဆိုးများကို ကျွန်ုပ်တို့မမြင်ရသော်လည်း ၎င်းတို့တည်ရှိကြပါသည်။ မိမိအသံကို အခြားတစ်ပါးမှ ပေါ်ထွက်လာဟန် ဖန်တီးဖျော်ဖြေပေးသူတစ်ဦးက ပြရုပ်တစ်ခုကို အသုံးပြုနိုင်သကဲ့သို့ မျက်မြင်မရသော ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးသည် မြွေတစ်ကောင်ကိုအသုံးပြုပြီး ပထမလူမိန်းမ ဧဝနှင့်ဆက်သွယ်၍ ဘုရားသခင်ကိုပုန်ကန်စေခဲ့သည်ဟု ကျမ်းစာဖော်ပြသည်။ (ကမ္ဘာဦး ၃:၁-၅) ဤဝိညာဉ်ပုဂ္ဂိုလ်သည် “တစ်လောကလုံးကို လှည့်ဖြား . . . [နေသူ] စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီး” ဖြစ်၏ဟု ကျမ်းစာကဖော်ပြသည်။ (ဗျာ. ၁၂:၉) ထိုစာတန်သည် အခြားကောင်းကင်တမန်များကိုလည်း သွေးဆောင်၍ ပုန်ကန်စေခဲ့၏။ (ယုဒ ၆) ဤကောင်းကင်တမန်ဆိုးများသည် နတ်ဆိုးများ၊ ဘုရားသခင့်ရန်သူများ ဖြစ်လာကြလေသည်။
ယေရှုသည် ကိုယ်တော်၏နောက်လိုက်များနည်းတူ လူတို့ထံမှ နတ်ဆိုးများကို နှင်ထုတ်ပေးခဲ့သည်။ (မာကု ၁:၃၄; တမန်တော် ၁၆:၁၈) သေလွန်သူများသည် “အဘယ်အရာကိုမျှမသိ” ကြသောကြောင့် ထို ဝိညာဉ်များသည် သေလွန်သွားခဲ့သော ဘိုးဘေးများမဟုတ်ကြပါ။ (ဒေ. ၉:၅) ၎င်းအစား၊ သူတို့သည် စာတန်၏လှည့်ဖြားမှုကိုခံခဲ့သည့် ပုန်ကန်သူ ကောင်းကင်တမန်များဖြစ်ကြ၏။ ၎င်းတို့နှင့်ဆက်သွယ်ခြင်း သို့မဟုတ် ၎င်းတို့၏သြဇာလွှမ်းမိုးမှုခံခြင်းကို အသေးအဖွဲကိစ္စဟု မထင်သင့်၊ အကြောင်းမှာ ၎င်းတို့၏ခေါင်းဆောင် စာတန်ကဲ့သို့ပင် ကျွန်ုပ်တို့ကို သူတို့ဝါးမျိုလိုကြသည်။ (၁ ပေတရု ၅:၈) ၎င်းတို့၏ပန်းတိုင်မှာ လူသားတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်၊ ဘုရားသခင့်နိုင်ငံတော်ကို ကျွန်ုပ်တို့အားမထားစေရန်ဖြစ်သည်။
စာတန်နှင့် သူ၏နတ်ဆိုးများ အသုံးပြုသည့် နည်းတစ်နည်းကို သမ္မာကျမ်းစာ ဤသို့ဖော်ပြသည်– “စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။” (၂ ကောရိန္သု ၁၁:၁၄) စာတန်ကိုယ်တိုင် ကျွန်ုပ်တို့ကို သာ၍ကောင်းသောဘဝပုံစံ ပေးနိုင်သည်ဟု ကျွန်ုပ်တို့အား ယုံကြည်စေလို၏။ ထို့ကြောင့် တဒင်္ဂအကျိုးပေးနိုင်သောအရာအချို့ကို ဝိညာဉ်ဆိုးများအားဖြင့် ရရှိသည့်ပုံပေါ်စေမည်။ သို့သော် တည်မြဲသောဖြေရှင်းနည်းများကို ၎င်းတို့မပေးနိုင်ပါ။ (၂ ပေတရု ၂:၄) ၎င်းတို့သည် မည်သူကိုမျှ ထာဝရအသက် မပေးနိုင်၊ မကြာမီ သူတို့ ဖျက်ဆီးခံရတော့မည်ဖြစ်၏။ (ရောမ ၁၆:၂၀) ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ထာဝရအသက်နှင့် စစ်မှန်သောပျော်ရွှင်မှုရရန် ပင်ရင်းအမြစ်တစ်ခုတည်းဖြစ်တော်မူ၍ ဝိညာဉ်ဆိုးများ၏ရန်မှ အကောင်းဆုံးကာကွယ်မှုဖြစ်တော်မူ၏။—ယာကုပ် ၄:၇။
ဘုရားသခင်သည် နတ်ဝိဇ္ဇာအတတ်ပညာ၏ အကူအညီယူခြင်းကို ပြစ်တင်ရှုတ်ချတော်မူ၏။ (တရားဟောရာ ၁၈:၁၀-၁၂; ၃ ဓမ္မရာဇဝင် ၂၁:၆) ထိုသို့ပြုခြင်းသည် ဘုရားသခင်အား သစ္စာဖောက်သူနှင့် မဟာမိတ်ဖွဲ့ပြီး ရန်သူနှင့် ပူးပေါင်းခြင်းဖြစ်သည်! ဇာတာခွင်ကြည့်ခြင်း၊ လူမျိုးစုပယောဂဆရာတစ်ဦးကို မေးမြန်းခြင်း၊ သို့မဟုတ် အယူသီးမှုတစ်မျိုးတစ်မည်ကို အပေါ်ယံလိုက်စားခြင်းသည် သင့်ဘဝအသက်တာနှင့်ဆိုင်သည့် ဆုံးဖြတ်ချက်များကို ဝိညာဉ်ဆိုးများအား ထိန်းချုပ်စေခွင့်ပြုခြင်းပင်ဖြစ်၏။ သို့ပြုခြင်းသည် ဘုရားသခင်အား ပုန်ကန်ရာရောက်သည်။
မကောင်းမှုမှကာကွယ်ခြင်း —ဖြစ်နိုင်မည်လော
နိုက်ဂျားနိုင်ငံမှ အာဒေ *သည် ယေဟောဝါသက်သေ အချိန်ပြည့်ကြေညာသူတစ်ဦးနှင့် ကျမ်းစာလေ့လာနေသည်။ အာဒေသည် သူ၏ဆိုင်တွင် အဆောင်လက်ဖွဲ့တစ်ခုထားရသည့် အကြောင်းရင်းမှာ “ရန်သူအများကြီးရှိနေလို့” ဟုရှင်းပြသည်။ အာဒေအား ကျမ်းစာသွန်သင်ပေးသူက ကာကွယ်မှု အစစ်အမှန်ရရှိဖို့ ယေဟောဝါတစ်ပါးတည်းကိုသာ မှီခိုအားထားနိုင်ကြောင်း ရှင်းပြသည်။ “ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏” ဟုဆိုသည့် ဆာလံ ၃၄:၇ ကို အာဒေအား ဖတ်ပြသည်။ ထိုအခါ အာဒေက “ကျွန်တော့်ကို ယေဟောဝါ တကယ်ကာကွယ်ပေးနိုင်မယ်ဆိုရင် ဒီအဆောင်လက်ဖွဲ့ကို ပစ်လိုက်တော့မယ်” ဟု စိတ်ဆုံးဖြတ်သည်။ နှစ်အတန်ကြာပြီးနောက်တွင် ယခုသူသည် အကြီးအကဲတစ်ဦးအဖြစ်မက အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးအဖြစ် အမှုဆောင်နေပါသည်။ သူ၏ရန်သူ တစ်ဦးတစ်ယောက်ကမျှ သူ့ကို အန္တရာယ်မပေးခဲ့ပေ။
အယူသီးသည်ဖြစ်စေ၊ အယူမသီးသည်ဖြစ်စေ ကျွန်ုပ်တို့အားလုံးအပေါ် အချိန်နှင့် ကြိုတင်မမြင်နိုင်သည့်ဖြစ်ရပ်များ ကျရောက်တတ်ကြောင်း သမ္မာကျမ်းစာဖော်ပြသည်။ (ဒေ. ၉:၁၁) သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့ကို မကောင်းသောအရာများဖြင့် ဘယ်သောအခါမျှ မစမ်းသပ်ချေ။ (ယာကုပ် ၁:၁၃) သေခြင်းနှင့် မစုံလင်မှုသည် အာဒံမှရသောအမွေ၊ အပြစ်ကြောင့်ဖြစ်၏။ (ရောမ ၅:၁၂) ယင်းကြောင့် လူတိုင်း အခါအားလျော်စွာ ဖျားနာတတ်သည့်အပြင် ဆိုးကျိုးများကျရောက်စေသည့် အမှားများ ပြုတတ်ကြသည်။ ထို့ကြောင့် ဖျားနာမှုအားလုံး၊ ဘဝပြဿနာအားလုံးတို့သည် မကောင်းဆိုးဝါးများကြောင့်ဟု ယိုးစွပ်ခြင်းက မှားပေမည်။ ဤသို့သောခံယူချက်မျိုးက ထိုဝိညာဉ်သတ္တဝါများကို တစ်နည်းနည်းဖြင့် ပူဇော်ပသရန် ကျွန်ုပ်တို့အား ဖြားယောင်းပေမည်။ * ကျွန်ုပ်တို့ဖျားနာသည့်အခါ “မုသာစကား၌ကျင်လည်သောသူ မုသာ၏အဘ’ စာတန်မှ အကြံဉာဏ်မတောင်းခံဘဲ လျောက်ပတ်သော ဆေးဝါးကုသမှုကို ခံယူသင့်ပေသည်။ (ယောဟန် ၈:၄၄) ဘိုးဘေးများမှဆင်းသက်လာသော အယူသီးမှုများ စိုးမိုးသောနိုင်ငံများတွင် နေထိုင်ကြသူတို့သည် အခြားနိုင်ငံများတွင်နေထိုင်ကြသူတို့ထက် အသက်ပိုမရှည်ကြောင်း၊ ပိုအဆင်ပြေခြင်းမရှိကြောင်း စာရင်းဇယားများက ဖော်ပြသည်။ သို့ဖြစ်၍ အယူသီးမှုများက ကျန်းမာရေးပိုကောင်းစေသည်မဟုတ်ကြောင်း ရှင်းနေပါသည်။
ဘုရားသခင်သည် မည်သည့်ဝိညာဉ်ဆိုးထက်မဆို ပို၍အစွမ်းခွန်အားကြီးမားပြီး ကျွန်ုပ်တို့၏ကောင်းကျိုးကို လိုလားတော်မူ၏။ “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။” (၁ ပေတရု ၃:၁၂) အကာအကွယ်ရဖို့နှင့် ဉာဏ်ပညာရှိဖို့အတွက် ကိုယ်တော့်ထံဆုတောင်းပါလေ။ (သု. ၁၅:၂၉; ၁၈:၁၀) ကိုယ်တော်၏ သန့်ရှင်းသောနှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာကို နားလည်ရန် ကြိုးစားအားထုတ်ပါ။ သမ္မာကျမ်းစာ၏ တိကျမှန်ကန်သောအသိပညာသည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးအကာအကွယ်ပင်ဖြစ်၏။ ယင်းက မကောင်းမှုများ အဘယ်ကြောင့်ဖြစ်ရကြောင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏မျက်နှာသာတော်ကို မည်သို့ရရှိနိုင်ကြောင်း သိနားလည်စေမည်။
ဘုရားသခင်အားသိကျွမ်းခြင်း အကျိုးကျေးဇူးများ
ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်ချက်များကို တိကျမှန်ကန်စွာသိထားခြင်းသည် အသိဉာဏ်အလွန်နည်းခြင်း၊ အယူသီးခြင်းနှင့် ဆန့်ကျင်ပြီး အမှန်တကယ်ကာကွယ်မှုရရှိခြင်း၏ သော့ချက်ဖြစ်၏။ ဘီနင်မှ ဇန်းဟူသည့် အမျိုးသားတစ်ဦး၏အဖြစ်အပျက်က ယင်းကိုဖော်ပြသည်။ ဇန်း၏မိသားစုသည် အလွန်အယူသီးသည်။ လူမျိုးစု၏အယူသီးမှု ဓလေ့ထုံးတမ်းများအရ မီးဖွားပြီးစ အမျိုးသမီးသည် အထူးဆောက်လုပ်ထားသော တဲငယ်တစ်လုံးတွင် ကိုးရက်တိုင် နေထိုင်ရ၏။ အကယ်၍ သမီးမွေးလျှင် ခုနစ်ရက် တဲတွင်နေရ၏။
၁၉၇၅ ခုနှစ်တွင် ဇန်း၏ဇနီးသည် လှပသော သားယောက်ျားလေးတစ်ဦးမွေးဖွားခဲ့ရာ သူ့ကို မာ့ခ် ဟုအမည်ပေးခဲ့ကြ၏။ ဇန်းနှင့်သူ၏ဇနီးသည်တို့သည် ကျမ်းစာအသိပညာအပေါ် အခြေပြု၍ ဝိညာဉ်ဆိုးများနှင့် မပတ်သက်လိုကြပေ။ သို့သော် သူတို့သည် ကြောက်ရွံ့ပြီး အယူသီးမှုထုံးစံရှိသည့်အတိုင်း သားဖွားမိခင်ကို တဲတွင်နေထိုင်စေမည်လော။ ထိုသို့မပြုကြဘဲ သူတို့သည် အဆိုပါလူမျိုးစုအယူသီးမှုကို ငြင်းပယ်ခဲ့ကြ၏။—ရောမ ၆:၁၆; ၂ ကောရိန္သု ၆:၁၄၊ ၁၅။
သို့ပြုသောကြောင့် ဇန်း၏မိသားစုသည် ဘေးကြုံခဲ့ပါသလော။ ယခုအခါ မာ့ခ်သည် ကြီးပြင်းလာပြီး ယေဟောဝါသက်သေများ၏ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ခရစ်ယာန်ဓမ္မအမှုထမ်းတစ်ဦးအဖြစ် အမှုထမ်းလျက်ရှိသည်။ မိသားစုတစ်စုလုံးသည် အယူသီးမှုသြဇာကိုမခံ၊ သူတို့၏ ဝိညာဉ်ရေးကို မထိခိုက်စေခဲ့ကြရာ အလွန်ပျော်ရွှင်နေကြပါသည်။—၁ ကောရိန္သု ၁၀:၂၁၊ ၂၂။
ခရစ်ယာန်စစ်များသည် အယူသီးမှု၏ ဆိုးညစ်သောအလေ့အကျင့်များနှင့် ကင်းကင်းရှင်းရှင်းနေပြီး ဖန်ဆင်းရှင်ယေဟောဝါနှင့် ကိုယ်တော့်သားတော် ယေရှုခရစ်တို့ ကမ်းလှမ်းသည့် ဝိညာဉ်ရေးအလင်းကို လက်ခံကြရမည်ဖြစ်၏။ သို့ပြုကြပါက သူတို့သည် ဘုရားသခင့်မျက်မှောက်တော်တွင် မှန်ကန်ရာကို ပြုလုပ်နေသည်ဟု သိထားကြသဖြင့် စစ်မှန်သော ငြိမ်သက်မှုရှိမည်ဖြစ်သည်။—ယောဟန် ၈:၃၂။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 20 အမည်များကို ပြောင်းထားသည်။
^ အပိုဒ်၊ 21 ၁၉၉၉၊ စက်တင်ဘာ ၁ ရက် ကင်းမျှော်စင် ပါ “ကျွန်ုပ်တို့ကို စာတန်ဖျားနာစေသလော” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ကမ္ဘာတစ်ဝန်းမှ အများသိ အယူသီးမှုအချို့
• ထမင်းပန်းကန်လုံးထဲ တူတစ်စုံကို ထောင်၍ ထားခြင်းက တစ်ဦးဦးသေမည့် နိမိတ်
• နေရောင်ခြည်တွင် ဇီးကွက်တစ်ကောင်ကို မြင်လိုက်ရခြင်းက နိမိတ်မကောင်း
• အခမ်းအနားတစ်ခု ကျင်းပနေစဉ် ဖယောင်းတိုင်မီးငြိမ်းသွားခြင်းက အနီးအနား၌ နတ်ဆိုးများ ရှိနေခြင်း၏နိမိတ်
• ထီးတစ်လက် ကြမ်းပြင်ပေါ် ပြုတ်ကျသွားခြင်းက အိမ်တွင် လူသတ်မှုဖြစ်မည့်နိမိတ်
• ခုတင်ပေါ် ဦးထုပ်တင်ထားခြင်းက နိမိတ်မကောင်း
• ခေါင်းလောင်းသံများက နတ်ဆိုးများကို မောင်းထုတ်ပေးသည့်နိမိတ်
• မွေးနေ့ကိတ်ပေါ်မှ ဖယောင်းတိုင်အားလုံးကို တစ်ကြိမ်တည်းဖြင့် မှုတ်ငြိမ်းလိုက်နိုင်ခြင်းက မွေးနေ့ ရှင်၏ဆန္ဒကို ပြည့်ဝစေ
• တံမြက်စည်းကို ခုတင်နှင့်ကပ်လျက်ထောင်ထားခြင်းက တံမြက်စည်းထဲရှိ နတ်ဆိုးများအား ခုတင်ပေါ်သို့ ဂါထာမန်းမှုတ်စေ
• ကြောင်နက်တစ်ကောင် သင့်ရှေ့မှဖြတ်သန်းသွားခြင်းက နိမိတ်မကောင်း
• ထမင်းစားခက်ရင်း လွတ်ကျသွားခြင်းက ဧည့်သည်လာမည့်နိမိတ်ဖြစ်
• ဆင်ပန်းချီကားတစ်ချပ်ကို တံခါးဘက် မျက်နှာမူထားပါက နိမိတ်ကောင်း
• တံခါးဝတွင် မြင်းခွာတစ်ခုရိုက်ထားပါက နိမိတ်ကောင်း
• အဆောက်အအုံပေါ် နံရံကပ်နွယ်ပင် ပေါက်စေခြင်းက မကောင်းဆိုးဝါးရန်မှ ကာကွယ်ပေး
• လှေကားအောက် လျှောက်သွားခြင်းက နိမိတ်မကောင်း
• မှန်ကွဲသွားခြင်းက ခုနစ်နှစ်တိုင် ကံဆိုးမည့် နိမိတ်ဖြစ်
• ငရုတ်ကောင်းမှုန့် ဖိတ်စင်သွားခြင်းက သင်၏အချစ်ဆုံးသူငယ်ချင်းနှင့် အငြင်းအခုံဖြစ်မည့်နိမိတ်ဖြစ်
• ဆားဖိတ်သွားပါက ဘယ်ဘက်ပခုံးပေါ် ဆား တစ်တို့ မပက်ဘဲနေလျှင် ကံဆိုးမည့်နိမိတ်ဖြစ်
• လှုပ်ကုလားထိုင်တစ်လုံးကို လှုပ်လျက်ထားခဲ့ခြင်းက နတ်ဆိုးများကို ဝင်ထိုင်ရန် ဖိတ်ခေါ်သည့်နိမိတ်ဖြစ်
• ဖိနပ်များကို မှောက်ထားခြင်းက ကံဆိုးမည့် နိမိတ်ဖြစ်
• တစ်စုံတစ်ယောက်သေဆုံးသွားသောအခါ ဝိညာဉ်ကို အပြင်ထွက်စေရန် ပြတင်းပေါက်များကို ဖွင့်ထားရအံ့
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
အယူသီးမှုသြဇာမှ လွတ်မြောက်ခြင်း
ယေဟောဝါသက်သေများသည် တောင်အာဖရိကနိုင်ငံရှိ ဒေသတစ်ခုတွင် ဟောပြောလျက်နေကြသည်။ တံခါးခေါက်လိုက်သည့်အခါ ဆန်ဂိုမာ (ပယောဂဆရာ) ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးထွက်လာသည်။ သက်သေခံများက ရှောင်ထွက်သွားလိုခဲ့ကြသော်လည်း ထိုအမျိုးသမီးက သတင်းတရားကို ဟောပြောဖို့ အတင်းတောင်းဆိုသည်။ သက်သေခံတစ်ဦးက နတ်ဝိဇ္ဇာအတတ်နှင့်ဆိုင်သည့် ဘုရားသခင်၏အမြင်ကို သူ့အားဖော်ပြရန် တရားဟောရာ ၁၈:၁၀-၁၂ ကို ဖတ်ပြလေသည်။ ထိုပယောဂဆရာမသည် သတင်းတရားကို လက်ခံပြီး ကျမ်းစာသင်ရန် သဘောတူလိုက်သည်။ ဆန်ဂိုမာတစ်ဦးဖြစ်ခြင်းသည် ယေဟောဝါ၏အလိုတော်နှင့် ဆန့်ကျင်ကြောင်း ကျမ်းစာလေ့လာရာမှ သူလက်ခံယုံကြည်လာခဲ့မည်ဆိုလျှင် ထိုအတတ်ကိုစွန့်လွှတ်မည်ဟု သူပြောဆိုခဲ့သည်။
သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်မှ အခန်း ၁၀ ကို ကျမ်းစာနှင့်တွဲဖက် လေ့လာပြီးနောက် စုန်းကဝေအတတ်နှင့် ဆက်နွှယ်သည့် သူ၏ပစ္စည်းပစ္စယရှိရှိသမျှတို့ကို မီးရှို့ဖျက်ဆီးပစ်လိုက်ပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးများကို စတက်ရောက်ခဲ့သည်။ ထို့ပြင် သူသည် ခင်ပွန်းသည်နှင့်ခွဲနေသည်မှာ ၁၇ နှစ်ရှိပြီဖြစ်သော်လည်း မိမိ၏အိမ်ထောင်ရေးအခြေအနေကို တရားဝင်ဖြစ်စေခဲ့သည်။ ယခုအခါ သူတို့နှစ်ဦးစလုံးသည် ယေဟောဝါ၏ ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသား သက်သေခံများ ဖြစ်နေကြလေပြီ။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
“ဆန်ဂိုမာ” တစ်ဦးသည် လူနာတစ်ဦး အဘယ်ကြောင့် ရောဂါဖြစ်ကြောင်းဟောရန် အရိုးများကို လွှင့်ပစ်နေ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင်၏ တိကျမှန်ကန်သော အသိပညာသည် စစ်မှန်သောကာကွယ်မှုနှင့် ပျော်ရွှင်မှုပေး