မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အယူသီးသူ၏ ဘဝအခြေအနေ

အယူသီးသူ၏ ဘဝအခြေအနေ

အယူသီး​သူ၏ ဘဝ​အခြေအနေ

သင်သည် အိမ်​မှ​ထွက်ချိန်​တွင် တစ်စုံ​တစ်ယောက်​နှင့် ဝင်​တိုး​မိ​သည်။ ကျောက်တုံး​တစ်တုံး​ကို ခလုတ်​တိုက်မိ​သည်။ ည​အခါ ငှက်​တစ်မျိုး​သည် ထူးထူးခြားခြား အသံပြု​၏။ အိပ်မက်​တစ်ခု​ကို သင်​ထပ်ခါတလဲ​မြင်မက်​နေသည်။ ၎င်းတို့မှာ လူများစွာ​တို့အတွက် သာမန်​အဖြစ်အပျက်​များ၊ ဘေးမ​ရှိသော အခြင်းအရာ​များ​သာ ဖြစ်​ပေမည်။ သို့သော် အနောက်​အာဖရိက​ရှိ လူတချို့​အတွက်​မူ ယင်း​တို့သည် ဝိညာဉ်ဘုံ​မှ​လာသော လက္ခဏာများ၊ အတိတ်​နိမိတ်​များ၊ သတင်း​များ​ဖြစ်နေ​နိုင်​သည်။ အဆိုပါ​လက္ခဏာ​နှင့် ၎င်း​၏​အဓိပ္ပာယ်​ဖွင့်ဆိုချက်​အပေါ် မူတည်​လျက် ကြီးပွားမှု​ဖြစ်စေ၊ ကပ်ဘေး​ဖြစ်စေ တစ်ခုခု​ကျရောက်​တော့​မည်​ဟု ယူဆကြ​သည်။

အာဖရိက​ပြင်ပ​တွင်​လည်း အယူသီးမှု​များစွာ​ရှိ၏။ ဘုရားသခင်​မဲ့​ဝါဒ​ကို တရားဝင်​လက်ခံ​ထား​သည့် ပတ်ဝန်းကျင်​တွင် နှစ်ပေါင်း​များစွာ နေထိုင်ခဲ့​ကြသော်လည်း တရုတ်​ပြည်​နှင့် ယခင်​ဆိုဗီယက်​ပြည်ထောင်စု​တို့​တွင်​ရှိ လူများစွာ​သည် အယူသီး​နေကြ​ဆဲ​ပင်။ အနောက်​တိုင်း​၌ လူများစွာ​သည် ဇာတာခွင်​ကြည့်ရှု​ကြ​၏၊ သောကြာ​နေ့ ၁၃ ရက်ကို ကြောက်လန့်​ကြ​၏၊ ကြောင်​နက်​များ​ကို ရှောင်​ကြ​၏။ ကမ္ဘာ့​မြောက်ဘက်​အစွန်း​ပိုင်း​တွင်​နေထိုင်သူ လူ​အချို့​မှာ​မူ မြောက်​ဝင်ရိုး​စွန်း​မှ အလင်းတန်း​များ​ကို စစ်​နှင့် ကပ်ဘေး​ဆိုက်​မည့် အတိတ်​နိမိတ်​တစ်ခု​အဖြစ် ရှုမြင်​ကြသည်။ အိန္ဒိယ​နိုင်ငံ​တွင် ပူပြင်း​သော​နေ့ရက်​များ​၌ ကိုယ်ခန္ဓာ​အေးမြ​စေရန် လိင်ဆက်ဆံ​ဖို့​လို​သည်​ဟု ယုံကြည်​ကြ​သည့် ထရပ်ကား​ယာဉ်မောင်း​များ​ကြောင့် အေ့ဒ်စ်​ရောဂါ ပျံ့နှံ့​လျက်​ရှိသည်။ ဂျပန်​နိုင်ငံ​တွင်​မူ ဥမင်​လိုဏ်ခေါင်း​တူး​နေစဉ် အမျိုးသမီး​တစ်ဦး ဝင်​သွားခြင်း​သည် မကောင်းသော​အတိတ်​နိမိတ်​ဖြစ်၏​ဟု အလုပ်သမား​များ​က ယုံကြည်​ကြ​၏။ အဆင့်မြင့်​ကြေးစား အားကစားပွဲ​တွင်​လည်း အယူသီးမှု​ရှိ၏။ ဘော်လီဘော​ကစားသမား​တစ်ဦး​သည် ခြေအိတ်​အဖြူ​အစား ခြေအိတ်​အနက်​စွပ်​ထားခြင်း​က အနိုင်​ရစေသည်​ဟု​ယူဆ​၏။ တန်းစီ​ရေးချ​ပြ​ရမည်​ဆိုလျှင် ဆုံး​လိမ့်​မည်​မထင်။

အသင်​ကော။ သင်၌ လျှို့ဝှက်​ထား​သည့် ရှင်း​မပြ​နိုင်သော ကြောက်ရွံ့​မှု​တစ်မျိုး​တစ်​မည်​ရှိသလော။ “ယုံကြည်ချက်​တစ်ခု၊ မယုံ​တ​ယုံ​ဖြစ်နေ​သည့် ယုံကြည်ချက်​တစ်ခု၊ သို့​မဟုတ် ကျိုးကြောင်း​ဆီလျော်​စွာ ဖြေရှင်း​နိုင်​ပုံ​မရှိသည့် အကျင့်​တစ်ခု” သည် သင့်ကို ကူးစက်​နေပါသလော။ သင့်​အဖြေ​က သင့်​အတွင်းစိတ်​ကို ဖော်ထုတ်ပြ​နိုင်​သည်၊ အကြောင်း​မှာ “အယူသီးခြင်း” ကို ထိုသို့​ပင်​ဖွင့်ဆို​ထား​၏။

အယူသီးခြင်း​က လူတစ်ဦး​၏​ဆုံးဖြတ်ချက်​များနှင့် နေ့စဉ်​လုပ်ငန်းဆောင်တာ​များ​ကို ထိခိုက်​နေ​မည်​ဆိုလျှင် မိမိ​အမှန်တကယ်​နားမလည်​သည့်​အရာ​ကို မိမိ​အား လွှမ်းမိုး​စေရန် ခွင့်ပြု​နေခြင်း​ဖြစ်သည်။ ယင်းက ပညာရှိရာ​ရောက်​ပါသလော။ ဝိုး​တိုး​ဝါး​တား​ဖြစ်၍ ဥပါဒါန်​အစွဲ​ပင်​ဖြစ်​နိုင်​သည့်​သြဇာ​ကို ကျွန်ုပ်​တို့​ခံ​သင့်​သလော။ အယူသီးမှု​သည် ထိခိုက်​နစ်နာမှု​မရှိ၊ မပြော​ပ​လောက်​သည့် ချို့တဲ့မှု​တစ်ခု​မျှ​လော၊ သို့​တည်း​မဟုတ် လာဘ်​တိတ်​မည့်​နိမိတ်​တစ်ခု​လော။