အိုမင်းကြီးရင့်ကာ ကျေနပ်ဖွယ်နှစ်ကာလဖြင့်
ဘဝအတ္ထုပ္ပတ္တိ
အိုမင်းကြီးရင့်ကာ ကျေနပ်ဖွယ်နှစ်ကာလဖြင့်
မြူရီရဲလ် စမစ်ပြောပြသည်
ခပ်ကြမ်းကြမ်း တံခါးခေါက်သံ ကြားလိုက်တယ်။ မနက်ပိုင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ပြီး နေ့လယ်စာ စားဖို့ အိမ်ပြန်ရောက်ခါစပဲ ရှိသေးတယ်။ ကျွန်မရဲ့ထုံးစံအတိုင်း လက်ဖက်ရည်သောက်ဖို့ ရေနွေးတည်ထားပြီး နာရီဝက် အနားယူဖို့ ပြင်ဆင်နေတာ။ အဆက်မပြတ် တံခါးခေါက်သံကြောင့် ဒီအချိန်မှာ ဘယ်သူလာပါလိမ့်ဆိုပြီး တံခါးနားသွားခဲ့တယ်။ တွေ့ပါပြီ။ ဖိနပ်ချွတ်နားမှာ လူနှစ်ယောက်က သူတို့ကိုသူတို့ ရဲအရာရှိတွေပါလို့ မိတ်ဆက်နေတယ်။ ပိတ်ပင်ခံထားရတဲ့အဖွဲ့အစည်း၊ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ စာပေတွေကို ကျွန်မအိမ်ထဲမှာ ရှာမလို့တဲ့။
ဩစတြေးလျနိုင်ငံမှာ ယေဟောဝါသက်သေတွေကို ဘာဖြစ်လို့ ပိတ်ပင်ထားတာလဲ၊ ကျွန်မဟာ ယေဟောဝါသက်သေ တစ်ယောက် ဘယ်လိုဖြစ်လာတာလဲ။ ကျွန်မအသက် ဆယ်နှစ်ရှိတဲ့ ၁၉၁၀ ပြည့်နှစ်မှာ အမေပေးခဲ့တဲ့ လက်ဆောင်တစ်ခုကနေ စခဲ့တယ်။
ဆစ်ဒနီမြောက်ပိုင်း ခရိုစ္စနက်စ်တ်မြို့ ဆင်ခြေဖုံးရပ်ကွက်က သစ်သားအိမ်ကလေးမှာ ကျွန်မတို့မိသားစု နေထိုင်ခဲ့ကြတယ်။ တစ်နေ့ ကျောင်းကအပြန်မှာ လူတစ်ယောက်နဲ့ အိမ်ရှေ့တံခါးဝမှာ အမေစကားပြောနေတာ တွေ့လိုက်ရတယ်။ ဝတ်စုံအပြည့်ဝတ်ထားပြီး စာအုပ်အပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ ဒီသူစိမ်းက ဘယ်သူလဲဆိုတာ ကျွန်မ သိပ်သိချင်တယ်။ မရဲတရဲခွင့်ပန်ပြီး အိမ်ထဲဝင်သွားခဲ့တယ်။ ဒါပေမဲ့ ခဏလေးကြာတော့ အမေ ကျွန်မကို ခေါ်လိုက်တယ်။ “သူ့ဆီမှာ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တွေပါတယ်၊ စာအုပ်အားလုံးက ကျမ်းစာနဲ့ပတ်သက်တယ်။ သမီးမွေးနေ့ရောက်တော့မယ်ဆိုတော့ ဂါဝန်အသစ်ယူမလား၊
ဒါမှမဟုတ် ဒီစာအုပ်တွေယူမလား။ သမီးကြိုက်တာရွေး” ဆိုပြီး အမေပြောခဲ့တယ်။“စာအုပ်လိုချင်တယ်အမေ” ဆိုပြီး ကျွန်မပြန်ဖြေခဲ့တယ်။
ဒါနဲ့ ကျွန်မဆယ်နှစ်အရွယ်မှာ ချားလ်စ် တေ့ဇ် ရပ်စယ်လ်ရေးတဲ့ ကျမ်းစာစောင်များမှ လေ့လာစရာများ ပထမသုံးအုပ်တွဲကို ရခဲ့တယ်။ တံခါးဝက အဲ့ဒီလူက ဒီစာအုပ်တွေကို ကျွန်မနားလည်ဖို့ အမေကူညီပေးရလိမ့်မယ်လို့ ပြောခဲ့တယ်။ ကူညီပေးမယ်ဆိုပြီး ဝမ်းမြောက်ဝမ်းသာ အမေပြန်ဖြေခဲ့တယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက အဲ့ဒီလိုဖြစ်ပြီး မကြာခင် အမေဆုံးသွားရှာတယ်။ မောင်လေး၊ ညီမလေးနဲ့ ကျွန်မကို အဖေက ကြိုးစားကြည့်ရှုစောင့်ရှောက်ခဲ့တယ်၊ ကျွန်မမှာလည်း တာဝန်တွေပိုများလာလို့ ဝန်ပိနေသလိုပဲ။ မကြာခင်မှာ နောက်ထပ်ဝမ်းနည်းကြေကွဲစရာ ကြုံရတော့မှာ။
၁၉၁၄ ခုနှစ်မှာ ပထမကမ္ဘာစစ်ဖြစ်ပွားခဲ့ပြီး နောက်တစ်နှစ်မှာပဲ ကျွန်မတို့ချစ်ရတဲ့အဖေ အသတ်ခံခဲ့ရတယ်။ အခု မိဘမဲ့ကလေးတွေဖြစ်တဲ့ ကျွန်မမောင်လေးနဲ့ ညီမလေးကို ဆွေမျိုးတွေဆီ ပို့လိုက်ပြီး ကျွန်မကိုကျတော့ ကက်သလစ်ဘော်ဒါကောလိပ်ကို ပို့လိုက်ကြတယ်။ တစ်ခါတလေ စိတ်အားငယ်လိုက်တာ။ ဒါပေမဲ့လည်း ကျွန်မအရမ်းဝါသနာပါတဲ့ တေးဂီတ၊ အထူးသဖြင့် စန္ဒရား သင်ခွင့်ရလို့ တကယ်ဝမ်းသာမိတယ်။ နှစ်တွေကုန်လာတာနဲ့အမျှ နောက်ဆုံး ဘော်ဒါကောလိပ်ကနေ ကျွန်မကျောင်းဆင်းခဲ့တယ်။ ၁၉၁၉ ခုနှစ်မှာ တူရိယာရောင်းတဲ့ ရွိုင် စမစ်နဲ့ လက်ထပ်ခဲ့တယ်။ ၁၉၂၀ ပြည့်နှစ်မှာ ကလေးရပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ အချိန်ကုန်ပြန်ရော။ ဒါပေမဲ့ ဟိုစာအုပ်တွေကကော။
အိမ်နီးချင်းတစ်ဦးက ဝိညာဉ်ရေးအမှန်တရား ဝေမျှ
အဲ့ဒီနှစ်တွေတစ်လျှောက် ကျွန်မဘယ်သွားသွား “ကျမ်းစာ,စာအုပ်တွေ” ကိုယူသွားတယ်။ အဲ့ဒီစာအုပ်တွေကို တစ်ခါမှအသေအချာမဖတ်ပေမဲ့ ဒီစာအုပ်တွေထဲမှာပါတဲ့ သတင်းတရားဟာ အရေးကြီးတယ်ဆိုတာကို သိထားတယ်။ ၁၉၂၀ ပြည့်လွန်နှစ်တွေကုန်ခါနီးမှာ အိမ်နီးချင်း လီလ် ဘင်မ်စန် အိမ်ကိုလာလည်တယ်။ ကျွန်မတို့ ဧည့်ခန်းထဲမှာထိုင်ပြီး လက်ဖက်ရည်သောက်ကြတယ်။
“အဲ့ဒီစာအုပ်တွေ ရှင့်ဆီမှာရှိတယ်!” ဆိုပြီး သူ ရုတ်တရက် ပြောလိုက်တယ်။
“ဘာစာအုပ်တွေလဲ” လို့ ကျွန်မအံ့သြတကြီး မေးလိုက်တယ်။
စာအုပ်ဗီရိုထဲမှာရှိတဲ့ ကျမ်းစာစောင်များမှ လေ့လာစရာများ စာအုပ်တွေကို သူထိုးပြခဲ့တယ်။ လီလ်ဟာ အဲ့ဒီနေ့မှာပဲ စာအုပ်တွေကို ငှားသွားပြီး အငမ်းမရဖတ်တော့တာပဲ။ သူဖတ်လို့သိလာတဲ့အကြောင်းတွေဟာ သူ့စိတ်ကို တကယ်လှုပ်ရှားစေမှန်း မကြာခင် ထင်ရှားလာတော့တယ်။ အဲ့ဒီတုန်းက ကျမ်းစာကျောင်းသားတွေလို့ လူသိများခဲ့တဲ့ ယေဟောဝါသက်သေတွေဆီကနေ စာအုပ်တွေအများကြီး လီလ်ရခဲ့တယ်။ အဲ့ဒီအပြင် သူသိလာတာတွေကို ကျွန်မတို့ကို မပြောပြဘဲ မနေနိုင်ခဲ့ဘူး။ သူရထားတဲ့ စာအုပ်တွေထဲက ဘုရားသခင့်စောင်းတော် စာအုပ်ဟာ နောက်ဆုံး ကျွန်မတို့အိမ် ရောက်လာတယ်။ ကျမ်းစာအခြေပြု ဒီစာအုပ်ကို ကျွန်မ အချိန်ယူဖတ်တဲ့ အချိန်ကစပြီး ယေဟောဝါရဲ့လုပ်ငန်းတော်မှာ စတင်ပါဝင်တော့တာပဲ။ ချာ့ခ်ျက မဖြေနိုင်တဲ့ အခြေခံမေးခွန်းတွေရဲ့ အဖြေတွေကို အခုမှ ကျွန်မရတော့တယ်။
ဝမ်းသာစရာက ရွိုင်လည်း ကျမ်းစာသတင်းတရားကို စိတ်ဝင်တစားလက်ခံလာလို့ ကျွန်မတို့နှစ်ယောက်စလုံး စိတ်အားထက်သန်တဲ့ ကျမ်းစာကျောင်းသားတွေ ဖြစ်လာကြတယ်။ အရင်တုန်းက ရွိုင်က ဖရီးမေစင်အသင်းသားတစ်ယောက်ဖြစ်ခဲ့တယ်။ အခုဆိုရင် ကျွန်မတို့မိသားစုဟာ စစ်မှန်တဲ့ဝတ်ပြုရေးမှာ စည်းလုံးနေကြပြီး ညီအစ်ကိုတစ်ယောက်နဲ့ မိသားစုလိုက် တစ်ပတ်မှာနှစ်ကြိမ် ကျမ်းစာသင်တယ်။ ကျမ်းစာကျောင်းသားတွေ ကျင်းပတဲ့ အစည်းအဝေးတွေကို ကျွန်မတို့ စတက်တဲ့အခါ ပိုပြီးအားရှိလာကြတယ်။ ဆစ်ဒနီမှာ အစည်းအဝေးကျင်းပတဲ့နေရာက နယူးတောင်းဆင်ခြေဖုံးရပ်ကွက်မှာ ငှားထားတဲ့ ခန်းမလေးတစ်ခုဖြစ်တယ်။ အဲ့ဒီတုန်းက တစ်နိုင်ငံလုံးမှာ သက်သေခံ ၄၀၀ တောင်မရှိ
ဘူး၊ ဒါကြောင့် အစည်းအဝေးတွေတက်ဖို့ ညီအစ်ကိုအများစုဟာ အတော်လေးဝေးတဲ့ နေရာတွေကနေ လာကြရတယ်။ကျွန်မတို့မိသားစု စည်းဝေးတက်နိုင်ဖို့ ဆစ်ဒနီဆိပ်ကမ်းကို အမြဲတမ်းဖြတ်ကူးခဲ့ရတယ်။ ၁၉၃၂ ခုနှစ်မှာ ဆစ်ဒနီဗောတံတားကို မဆောက်ခင်က ကူးတို့လှေနဲ့ ဖြတ်ကူးခဲ့ကြရတယ်။ ဒီခရီးက အချိန်ကုန်၊ ငွေကုန်ကြေးကျများပေမဲ့ ယေဟောဝါပြင်ဆင်ပေးထားတဲ့ ဝိညာဉ်အစာတွေ လက်မလွတ်သွားရအောင် ကျွန်မတို့ ကြိုးစားတက်ခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ဖို့ အစပျိုးနေပြီး မကြာခင် ကြားနေမှုကိစ္စကို ကျွန်မတို့မိသားစု ရင်ဆိုင်ရတော့မှာမို့ အမှန်တရားမှာ ခိုင်မြဲအောင် ကြိုးစားခဲ့တာဟာ တကယ်အကျိုးရှိတယ်။
စမ်းသပ်မှုများခံရပြီး ကောင်းချီးများရ
၁၉၃၀ ပြည့်လွန်နှစ်အစောပိုင်းတွေဟာ ကျွန်မနဲ့ ကျွန်မတို့မိသားစုအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ပဲ။ ၁၉၃၀ ပြည့်နှစ်မှာ ကျွန်မနှစ်ခြင်းခံခဲ့တယ်၊ ၁၉၃၁ ခုနှစ်မှာ ကျွန်မတို့အားလုံး မတ်တတ်ရပ်ပြီး ယေဟောဝါသက်သေဆိုတဲ့ အမည်ကို ခံယူဖို့ သဘောတူခဲ့တဲ့ အမှတ်ရစရာစည်းဝေးကြီးမှာ ကျွန်မ ရောက်ရှိနေတယ်။ အဖွဲ့အစည်းက အားပေးတဲ့ ဟောပြောနည်းနဲ့ ကင်ပိန်းအားလုံးမှာ ရွိုင်နဲ့ကျွန်မ ကြိုးစားပါဝင်ပြီး အဲ့ဒီနာမည်နဲ့အညီ နေထိုင်ခဲ့ကြတယ်။ ဥပမာပြောရရင် ၁၉၃၂ ခုနှစ်မှာ ဆစ်ဒနီဗောတံတားဖွင့်ပွဲကို လာရောက်ကြည့်ရှုသူတွေကို အထူးစာအုပ်ငယ်တစ်အုပ် ဝေပေးတဲ့ ကင်ပိန်းမှာ ကျွန်မတို့ပါဝင်ခဲ့ကြတယ်။ အထူးအမှတ်တရဖြစ်ခဲ့တာက အသံချဲ့စက်တပ်ထားတဲ့ ကားတွေ အသုံးပြုရတာပဲ၊ ကျွန်မတို့မိသားစုကားပေါ်မှာ အသံချဲ့စက် တပ်ခွင့်ရခဲ့တယ်။ အဲ့ဒီနည်းစနစ်ကို အသုံးပြုပြီး ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ အသံသွင်းထားတဲ့ ဟောပြောချက်ကို ဆစ်ဒနီလမ်းတွေမှာ ဖွင့်ပြပေးခဲ့တယ်။
ဒါပေမဲ့ အခြေအနေတွေ တစ်ခါပြောင်းလဲပြန်ရော၊ တဖြည်းဖြည်းနဲ့ ကျပ်တည်းခက်ခဲလာတယ်။ ၁၉၃၂ ခုနှစ်မှာ စီးပွားရေးကပ်ကြီးကြောင့် ဩစတြေးလျနိုင်ငံ စီးပွားရေးကျသွားတဲ့အတွက် ကျွန်မတို့ဘဝကို ရိုးရိုးရှင်းရှင်းထားဖို့ ရွိုင်နဲ့ကျွန်မ ဆုံးဖြတ်ခဲ့ကြတယ်။ တစ်နည်းကတော့ အသင်းတော်အနား ပြောင်းရွှေ့လိုက်တော့ လမ်းစရိတ်အများကြီးသက်သာသွားတာပေါ့။ ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ ဒုတိယကမ္ဘာစစ်လည်းဖြစ်ရော စီးပွားရေးအခက်အခဲတွေက ဘာမှမဟုတ်တော့ဘူး။
ဒီလောကနဲ့မဆက်ဆံရဘူးဆိုတဲ့ ယေရှုရဲ့မိန့်မှာချက်ကို နာခံကြလို့ ယေဟောဝါသက်သေတွေဟာ ပစ်မှတ်ဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာ ဩစတြေးလျနိုင်ငံမှာလည်း အဲ့ဒီအတိုင်းပဲ။ စစ်အတွင်းဒေါသပေါက်ကွဲချိန်မှာ တချို့က ကျွန်မတို့ကို ကွန်မြူနစ်တွေလို့တောင် သမုတ်ခဲ့ကြတယ်။ ယေဟောဝါသက်သေတွေဟာ ဩစတြေးလျနိုင်ငံမှာ သူတို့ပိုင်တဲ့ အသံလွှင့်ရုံလေးရုံကနေ ဂျပန်စစ်တပ်ကို သတင်းပို့နေတယ်လို့ အဲ့ဒီဆန့်ကျင်သူတွေက မဟုတ်မမှန်သတင်းလွှင့်ကြတယ်။
စစ်တပ်ထဲဝင်ဖို့ ဆင့်ခေါ်ခံရတဲ့ လူငယ်ညီအစ်ကိုတွေဟာ အလျှော့ပေးလိုက်လျောဖို့ အတော်လေးကို ဖိအားပေးခံခဲ့ကြရတယ်။ ကျွန်မတို့သားသုံးယောက်စလုံးက သူတို့ရဲ့ယုံကြည်ခြင်းအတွက် အခိုင်အမာရပ်တည်ပြီး ကြားနေမှုကို ထိန်းသိမ်းခဲ့တယ်လို့ အားရပါးရပြောနိုင်တယ်။ သားကြီး ရစ်ချက်က ၁၈ လထောင်ချခံခဲ့ရတယ်။ ဒုတိယသား ကယ်ဗင်က စစ်မှုထမ်းဖို့ငြင်းပယ်သူအဖြစ် မှတ်ပုံတင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဝမ်းနည်းစရာက သားထွေး စတူအာ့တ်ကတော့ ကြားနေမှုနဲ့ပတ်သက်ပြီး တရားရုံးမှာချေပဖို့အသွား မော်တော်ဆိုင်ကယ်မှောက်ပြီး ဆုံးသွားရှာတယ်။ ဝမ်းနည်းစရာကောင်းတဲ့ ဒီအဖြစ်အပျက်ကြောင့် ဝမ်းနည်းကြေကွဲခဲ့ရတယ်။ ဒါပေမဲ့လည်း ဘုရားသခင့်နိုင်ငံတော်နဲ့ ယေဟောဝါရဲ့ ရှင်ပြန်ထမြောက်ခြင်းကတိတော်အပေါ် အာရုံစိုက်ထားလို့ ကျွန်မတို့ ခံနိုင်ရည်ရှိခဲ့ကြတယ်။
တကယ်ဖမ်းဆီးရမည့်ပစ္စည်းကို သူတို့မတွေ့လိုက်
၁၉၄၁၊ ဇန်နဝါရီလမှာ ဩစတြေးလျနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ပိတ်ပင်ခဲ့တယ်။ ဒါပေမဲ့ ယေရှုရဲ့တမန်တော်တွေလိုပဲ ရွိုင်နဲ့ကျွန်မဟာ လူ့စကားထက် အုပ်စိုးရှင်ဘုရားသခင်ရဲ့စကားကို နားထောင်ခဲ့ကြပြီး နှစ်နှစ်ခွဲအထိ မြေအောက်လှုပ်ရှားခဲ့ကြတယ်။ အဲ့ဒီအချိန်မှာပေါ့၊ အစပိုင်းမှာ ကျွန်မပြောခဲ့တဲ့ အရပ်ဝတ်အရပ်စားနဲ့ ရဲနှစ်ယောက် ကျွန်မရဲ့တံခါးကို လာခေါက်တာ။ ဘာဆက်ဖြစ်ခဲ့သလဲ။
သူတို့ကို အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်တယ်။ သူတို့ အိမ်ထဲဝင်လာတဲ့အခါ ကျွန်မက “ရှင်တို့ အိမ်ကိုမရှာခင် ကျွန်မ လက်ဖက်ရည်ကုန်အောင် သောက်လို့ရမလား” ဆိုပြီး မေးခဲ့တယ်။ အံ့ဩစရာက သူတို့ခွင့်ပြုတယ်၊ ဒါနဲ့ မီးဖိုချောင်ထဲ ကျွန်မဝင်သွားပြီး စိတ်ငြိမ်အောင် ယေဟောဝါကို ဆုတောင်းတယ်။ ကျွန်မပြန်ထွက်လာတော့ ရဲတစ်ယောက်က ကျွန်မတို့ရဲ့ စာကြည့်ခန်းထဲဝင်သွားပြီး ကျွန်မရဲ့သက်သေခံလွယ်အိတ်ထဲက စာပေတွေနဲ့ ကျမ်းစာအုပ်အပါအဝင် ကင်းမျှော်စင်အသင်းတံဆိပ်ပါတဲ့ တွေ့သမျှအရာအားလုံးကို သိမ်းသွားတယ်။
“ကတ်ထူသေတ္တာတွေထဲမှာ ဖွက်ထားတဲ့ တခြားစာအုပ်တွေ တကယ်မရှိဘူးလား” လို့သူမေးတယ်။ “ဒီလမ်းထိပ်က ခန်းမမှာ
ကျင်းပတဲ့ ပတ်စဉ်အစည်းအဝေးကို ခင်ဗျားသွားတက်တိုင်း အဲ့ဒီကို စာအုပ်တွေယူသွားတယ်လို့ ကျွန်တော်တို့ သတင်းရထားတယ်။”“မှန်ပါတယ်၊ ဒါပေမဲ့ အခုတော့ အဲ့ဒီမှာမရှိတော့ဘူး” ဆိုပြီး ကျွန်မဖြေလိုက်တယ်။
“ကျွန်တော်တို့သိပါတယ် မစ္စစ်စမစ်။ စာအုပ်တွေကို ဒီနယ်တစ်ဝိုက်က လူတွေရဲ့အိမ်တွေမှာ သိမ်းထားတယ်ဆိုတာလည်း ကျွန်တော်တို့သိတယ်” ဆိုပြီး သူပြောခဲ့တယ်။
သားရဲ့အိပ်ခန်းထဲမှာ လွတ်လပ်မှု သို့မဟုတ် ရိုမန်အယူဝါဒ စာအုပ်ငယ်တွေ ထည့်ထားတဲ့ ကတ်ထူသေတ္တာငါးပုံးကို သူတို့တွေ့သွားတယ်။
“ကားဂိုဒေါင်ထဲမှာ တခြားဘာမှမရှိတာ သေချာလား” လို့သူမေးခဲ့တယ်။
“ဘာမှမရှိပါဘူး” ဆိုပြီး ကျွန်မဖြေခဲ့တယ်။
နောက်တော့ ထမင်းစားခန်းထဲက ဗီရိုတစ်လုံးကို သူဖွင့်ကြည့်လိုက်တယ်။ အသင်းတော်မှတ်တမ်းသွင်းဖို့ အသုံးပြုတဲ့ ပုံစံစာရွက်အလွတ်တွေကို သူတွေ့သွားတယ်။ အဲ့ဒီစာရွက်တွေကိုလည်း သူယူသွားပြီး ကားဂိုဒေါင်ထဲသွားရှာမယ်လို့ မရမကပြောတယ်။
“ဒီလိုဆိုရင် ဒီဘက်ကိုလာပါ” လို့ကျွန်မပြောခဲ့တယ်။
ကျွန်မနောက်ကနေ သူတို့လိုက်လာကြပြီး ကားဂိုဒေါင်ထဲကို အသေအချာစစ်ဆေးတယ်၊ အဲ့ဒီနောက် သူတို့ထွက်သွားကြတယ်။
ကတ်ထူသေတ္တာငါးပုံးရသွားလို့ အဲ့ဒီရဲနှစ်ယောက်က တကယ်ဟုတ်လှပြီလို့ ထင်ခဲ့ကြတာ! ဒါပေမဲ့ တကယ်ဖမ်းရမယ့်ပစ္စည်းကို သူတို့ချန်ထားခဲ့တယ်။ ဒီလိုလေ၊ အဲ့ဒီတုန်းက ကျွန်မဟာ အသင်းတော်အတွင်းရေးမှူး၊ ဒါကြောင့် ကျွန်မအိမ်ထဲမှာ အသင်းတော်ကြေညာသူ စာရင်းတွေနဲ့ တခြားအရေးကြီးတဲ့ သတင်းအချက်အလက်တွေရှိတယ်။ ဒီလိုလာရှာမယ့် အချိန်မတိုင်ခင် ကြိုတင်ပြင်ဆင်ထားကြဖို့ ညီအစ်ကိုတွေက ကျွန်မတို့ကို သတိပေးထားတာအတော်ပဲ။ အဲ့ဒီစာရွက်စာတမ်းတွေကို စာအိတ်တွေထဲထည့်ပြီး လက်ဖက်ခြောက်ဘူး၊ သကြားဘူးနဲ့ ဂျုံမှုန့်ဘူးတွေအောက်မှာ အသေအချာသိမ်းထားလို့ တော်ပါသေးတယ်။ တချို့ကို ကားဂိုဒေါင်နားက ငှက်ရုံထဲမှာလည်း ဝှက်ထားတယ်။ ဒါကြောင့် ရဲတွေက သူတို့လိုချင်တဲ့ သတင်းအချက်အလက်တွေအနားက ဖြတ်လျှောက်သွားပြီး မရသွားကြဘူး။
အချိန်ပြည့်လုပ်ငန်းတော်မှာ ပါဝင်ခြင်း
၁၉၄၇ ခုနှစ်မှာ ကျွန်မတို့ရဲ့သားကြီးတွေက အိမ်ထောင်ပြုကုန်ကြပြီ။ အဲ့ဒီအချိန်မှာ အချိန်ပြည့်ဓမ္မအမှုမှာပါဝင်ဖို့ ရွိုင်နဲ့ကျွန်မ ဆုံးဖြတ်ခဲ့ကြတယ်။ ဩစတြေးလျတောင်ဘက်မှာ အကူအညီလိုနေတဲ့အတွက် ကျွန်မတို့အိမ်ကို ရောင်းပြီး နောက်တွဲယာဉ်တစ်စီး ဝယ်တယ်၊ အဲ့ဒီနောက်တွဲယာဉ်ကို “ကင်းမျှော်စင်” လို့အဓိပ္ပာယ်ရတဲ့ မိဇပါလို့ ကျွန်မတို့ နာမည်တပ်ခဲ့ကြတယ်။ ဒီဘဝပုံစံကြောင့် ဝေးခေါင်တဲ့ဒေသတွေဆီ ကျွန်မတို့ သွားဟောပြောနိုင်ခဲ့ကြတာပေါ့။ မဟောပြောရသေးတဲ့ ကျေးလက်ဒေသတွေဆီကို မကြာခဏရောက်သွားကြတယ်။ အဲ့ဒီအချိန်က မမေ့နိုင်တဲ့အမှတ်ရစရာတွေ အများကြီးပဲ။ ဗက်ဗလီဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ကျွန်မကျမ်းစာသင်ပေးခဲ့တယ်။ နှစ်ခြင်းမခံခင်မှာပဲ သူပြောင်းရွှေ့သွားတယ်။ နှစ်အတော်ကြာမှ စည်းဝေးကြီးတစ်ခုမှာ ညီအစ်မတစ်ယောက်က ကျွန်မဆီလာပြီး ဗက်ဗလီပါလို့ မိတ်ဆက်တဲ့အခါ ကျွန်မ ဘယ်လောက်ပျော်လိုက်မလဲဆိုတာကို စဉ်းစားကြည့်ပါ! ဒီလောက်ကြာပြီးမှ သူ့ရဲ့ခင်ပွန်း၊ သူ့ရဲ့သားသမီးတွေနဲ့အတူ ယေဟောဝါကို သူဝတ်ပြုကိုးကွယ်နေတာ တွေ့ရတော့ ကျွန်မ တကယ်ပဲပျော်ရွှင်ခဲ့ရပါတယ်။
၁၉၇၉ ခုနှစ်မှာ ရှေ့ဆောင်လုပ်ငန်းကျောင်းကို ကျွန်မတက်ခွင့်ရခဲ့တယ်။ အဲ့ဒီကျောင်းမှာ အလေးအနက်ပြောသွားတဲ့ အချက်တစ်ချက်ကတော့ ရှေ့ဆောင်ဓမ္မအမှုမှာ ခံနိုင်ရည်ရှိဖို့ ကိုယ်ပိုင်လေ့လာမှုအစီအစဉ်ကောင်း ရှိရမယ်ဆိုတဲ့ အကြောင်းပဲ။ အဲ့ဒါ တကယ်မှန်တယ်။ လေ့လာတာ၊ အစည်းအဝေးတွေတက်တာ၊ ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်တာတွေဟာ ကျွန်မဘဝတစ်လျှောက်လုံးမှာ ရှိခဲ့တယ်။ အနှစ် ၅၀ ကျော် မှန်မှန်ရှေ့ဆောင်နိုင်ခဲ့တာ အခွင့်အရေးတစ်ခုပဲလို့ ကျွန်မယူမှတ်တယ်။
ကျန်းမာရေးပြဿနာများကို ဖြေရှင်းခြင်း
ဒါပေမဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်က အထူးစိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ၁၉၆၂ ခုနှစ်မှာ ရေတိမ်ရောဂါရှိမှန်း သိခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက ကုသနည်းတွေ သိပ်မရှိတဲ့အတွက် ကျွန်မမျက်လုံးက တဖြည်းဖြည်း ဆိုးသထက်ဆိုးလာတယ်။ ရွိုင်လည်း ကျန်းမာရေးကျဆင်းလာတယ်၊ ၁၉၈၃ ခုနှစ်မှာ သူအကြီးအကျယ်လေဖြတ်သွားပြီး စကားမပြောနိုင်တော့ဘူး။ ၁၉၈၆ ခုနှစ်မှာ သူဆုံးသွားရှာတယ်။ ကျွန်မရဲ့ အချိန်ပြည့်လုပ်ငန်းမှာ သူအများကြီးကူညီပေးခဲ့လို့ သူ့ကို တကယ်ပဲ လွမ်းဆွတ်သတိရနေတယ်။
အဲ့ဒီအခက်အခဲတွေကြားမှာ ဝိညာဉ်ရေးအတွက် အစီအစဉ်ကောင်းရှိဖို့ ကျွန်မဆက်ကြိုးစားတယ်။ တောပိုင်းမကျတကျဒေသမှာ အမှုဆောင်နိုင်ဖို့ သင့်တော်မယ့် အကြမ်းခံကားတစ်စီး ဝယ်ပြီး သမီးဂျိုက်စ်ရဲ့အကူအညီနဲ့ ရှေ့ဆောင်ဆက်လုပ်နိုင်ခဲ့တယ်။ ကျွန်မရဲ့အမြင်အာရုံက တဖြည်းဖြည်းမှုန်လာပြီး နောက်ဆုံး မျက်လုံးတစ်ဖက် ကွယ်သွားတယ်။ ဆရာဝန်တွေက ကျောက်မျက်လုံးတပ်ပေးတယ်။ ကျန်တဲ့မျက်လုံးတစ်ဖက်နဲ့ တစ်နေ့ကို သုံးနာရီကနေ ငါးနာရီအထိ မှန်ဘီလူးသုံးပြီး စာလုံးကြီးကြီးတွေကို ဖတ်နိုင်ခဲ့တယ်။
လေ့လာချိန်ကို ကျွန်မအမြဲတမ်းတန်ဖိုးထားတယ်။ ဒါကြောင့် နေ့လယ်ခင်းတစ်ခုမှာ ကျွန်မစာဖတ်နေရင်း ရုတ်တရက် ဘာမှမမြင်ရတော့တဲ့အခါ ဘယ်လောက်တုန်လှုပ်ချောက်ချားသွားတယ်ဆိုတာကို သင်မြင်ယောင်ကြည့်နိုင်ပါတယ်။ တစ်ယောက်ယောက်က မီးပိတ်လိုက်သလိုပါပဲ။ အခုဆိုရင် ကျွန်မမျက်စိ လုံးဝကွယ်သွားပါပြီ။ ကျွန်မ ဘယ်လိုဆက်လေ့လာသလဲ။ နားလည်း တော်တော်လေးနေပြီဆိုတော့ ဝိညာဉ်ရေးဘက်မှာ ဆက်လက်သန်မာနေနိုင်ဖို့ ကက်ဆက်ခွေတွေနဲ့ မိသားစုရဲ့မေတ္တာပါတဲ့ ထောက်ပံ့ကူညီမှုကို အားကိုးနေရတယ်။
အဆုံးတိုင် ခံနိုင်ရည်ရှိခြင်း
အခုဆိုရင် ကျွန်မအသက် တစ်ရာကျော်နေပြီဆိုတော့ ကျန်းမာရေးချို့တဲ့လာပြီ၊ အတော်လေးကို နှေးကွေးလာတယ်။ တစ်ခါတလေ၊ မေ့မေ့လျော့လျော့ ဖြစ်နေတတ်တယ်။ အခုဆိုရင် ဘာမှမမြင်ရတော့ တစ်ခါတလေ တကယ်ကိုပဲ ယောင်တိယောင်ကန်းဖြစ်နေပါလား! ကျမ်းစာသင်အံမှုတွေ လိုချင်သေးပေမဲ့ ကျွန်မရဲ့ကျန်းမာရေးကြောင့် အပြင်ထွက် မရှာနိုင်တော့ဘူး။ ဒါကြောင့် အစပိုင်းမှာ ကျွန်မ စိတ်ဓာတ်ကျခဲ့တာ။ ကိုယ့်အားနည်းချက်ကို အသိအမှတ်ပြုပြီး လုပ်ကိုင်နိုင်သလောက်ပဲ လုပ်ရတယ်။ လွယ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ကြီးမြတ်တဲ့ဘုရားသခင် ယေဟောဝါအကြောင်း ဟောပြောပြီး လတိုင်း မှတ်တမ်းသွင်းနိုင်တာဟာ အခွင့်အရေးပဲ။ ကျွန်မအိမ်ကို သူနာပြုတွေ၊ ဈေးသည်တွေ၊ တခြားသူတွေ ရောက်လာတဲ့အခါ သူတို့ကို လိမ္မာပါးနပ်စွာနဲ့ ကျမ်းစာအကြောင်းပြောဖို့ အမိအရ အခွင့်အရေးရှာယူရတယ်။
ကျွန်မမိသားစုရဲ့ လူမျိုးဆက်လေးဆက်ဟာ ယေဟောဝါကို တည်တည်ကြည်ကြည် ကိုးကွယ်နေကြတဲ့အတွက် ကျေနပ်အားရတယ်။ တချို့က အကူအညီလိုနေတဲ့ နေရာတွေမှာ ရှေ့ဆောင်ဓမ္မအမှုဆောင်တွေအနေနဲ့၊ အကြီးအကဲတွေအနေနဲ့၊ ဓမ္မအမှုထမ်းတွေအနေနဲ့ ဗေသလအိမ်သားတွေအနေနဲ့ အမှုထမ်းဆောင်နေကြတယ်။ ကျွန်မရဲ့သက်တမ်းက လူတွေအတော်များများလိုပဲ ဒီအစီအစဉ်စနစ်ကုန်ဆုံးတော့မယ်လို့ မျှော်လင့်ခဲ့တာကြာပြီ။ ဒါပေမဲ့လည်း ကျွန်မအမှုတော်ဆောင်ခဲ့တဲ့ အနှစ်ခုနစ်ဆယ်အတွင်းမှာ အကြီးအကျယ်တိုးတက်လာတာကို တွေ့ခဲ့ရတယ်! ဒီလောက်ကြီးမားတဲ့လုပ်ငန်းကြီးမှာ ပါဝင်ခွင့်ရလို့ ကျွန်မအရမ်းကျေနပ်တယ်။
ကျွန်မ အခုထိ ဆက်အသက်ရှင်နေတာ ကျွန်မရဲ့ယုံကြည်ချက်ကြောင့် ဖြစ်ရမယ်လို့ ကျွန်မကိုလာပြုစုတဲ့ သူနာပြုတွေက ပြောကြတယ်။ သူတို့ပြောတာ မှန်တယ်။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ တက်တက်ကြွကြွပါဝင်ရတာဟာ အကောင်းဆုံးအသက်တာပဲ။ ဘုရင်ဒါဝိဒ်ပြောသလိုပဲ ကျွန်မလည်း အိုမင်းကြီးရင့်ပြီး ကျေနပ်ဖွယ်နှစ်ကာလဖြစ်ခဲ့တယ်လို့ တကယ့်ကိုပြောနိုင်ပါတယ်။—၁ ရာဇဝင်ချုပ် ၂၉:၂၈။
(ဤဆောင်းပါးကို အပြီးသတ်နေစဉ် ၂၀၀၂၊ ဧပြီ ၁ ရက်နေ့တွင် ညီအစ်မမြူရီရဲလ် စမစ် ကွယ်လွန်သွားရှာသည်။ သူသည် အသက် ၁၀၂ နှစ်ပြည့်ရန် တစ်လအလိုအထိ တည်တည်ကြည်ကြည်နှင့် ခံနိုင်ရည်ရှိသွားခြင်းတို့က အမှန်ပင်စံထားလောက်ပေသည်။)
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ကျွန်မအသက် ငါးနှစ်ခန့်အရွယ်ကပုံနှင့် ကျွန်မခင်ပွန်း ရွိုင်နှင့်တွေ့ဆုံချိန် အသက် ၁၉ အရွယ်ကပုံ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကျွန်မတို့၏ကားနှင့် မိဇပါဟု အမည်တပ်ခဲ့သည့် နောက်တွဲယာဉ်
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
၁၉၇၁ ခုနှစ်တွင် ကျွန်မခင်ပွန်းရွိုင်နှင့်အတူ