စာဖတ်တတ်အောင် သင်ယူသူတို့ ဝမ်းမြောက်ခဲ့ကြ
စာဖတ်တတ်အောင် သင်ယူသူတို့ ဝမ်းမြောက်ခဲ့ကြ
စော်လမွန်ကျွန်းစု၏ ဒေသတချို့တွင် ယခုအခါ ယေဟောဝါသက်သေများဖြစ်နေသူ ၈၀ ရာခိုင်နှုန်းမှာ စာမတတ်သဖြင့် ကြိုးစားအားထုတ်ခဲ့ကြရသည်။ စာမတတ်ကြသောကြောင့် သူတို့သည် ပတ်စဉ် အသင်းတော်အစည်းအဝေးများ၌ အကန့်အသတ်မျှသာ ပါဝင်နိုင်ခဲ့သည်သာမက အခြားသူများကို ဘုရားသခင့်နိုင်ငံတော် အမှန်တရားများ သွန်သင်ပေးရန် အခက်အခဲတွေ့ခဲ့သည်။ တစ်ခါမျှပင် ခဲတံမကိုင်ခဲ့ဖူးသူ လူကြီးများ စာဖတ်တတ်ရန် သင်ယူခြင်းသည် ဖြစ်နိုင်ပါမည်လော။
ယေဟောဝါသက်သေများထုတ်ဝေသည့် ရေးတတ်ဖတ်တတ်ရန် ကိုယ်တိုင်လုံ့လထုတ်ဘရိုရှာကို စော်လမွန်ကျွန်းစုတစ်စုလုံးရှိ ယေဟောဝါသက်သေများ၏ အသင်းတော်အားလုံးနီးပါးသည် အရေးအဖတ်သင်တန်းများ၌ အသုံးပြုခဲ့ကြသည်။ ဤအစီအစဉ်ကြောင့် ရာနှင့်ချီသူများသည် စွမ်းရည်အသစ်တိုးလာရန် ကူညီပေးခံရပုံကို အောက်ပါတွေ့ကြုံမှုများက ဖော်ပြသည်။ သာ၍အရေးကြီးသည်ကား စာဖတ်တတ်လာခြင်းကြောင့် သူတို့၏ယုံကြည်ချက်ကို သာ၍ကောင်းစွာ သက်သေခံနိုင်လာကြသည်။—၁ ပေတရု ၃:၁၅။
ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူ တစ်ရာကျော်ရှိသော အသင်းတော်တစ်ခုတွင် တာဝန်ကျသူ ခရစ်ယာန်သာသနာပြုတစ်ဦးသည် ပတ်စဉ် ကင်းမျှော်စင် ကျမ်းစာသင်တန်းတွင် လူအနည်းငယ်၌သာ ကိုယ်ပိုင်မဂ္ဂဇင်းရှိပြီး ဖြေဆိုသူ ထိုထက်နည်းသည်ကို သတိပြုမိသည်။ အကြောင်းရင်းကားအဘယ်နည်း။ စာမတတ်ကြ၍ဖြစ်၏။ အရေးအဖတ်သင်တန်းဖွင့်မည်ဟု အသင်းတော်ကကြေညာသည့်အခါ ထို[ခရစ်ယာန်]သာသနာပြုသည် သွန်သင်ပို့ချပေးသူအဖြစ် ဝမ်းမြောက်စွာ စေတနာ့ဝန်ထမ်းခဲ့သည်။ အစပိုင်းတွင် သင်တန်းသားအနည်းငယ်သာရှိသော်လည်း မကြာမီ အသက်အရွယ်အသီးသီးရှိ လူ ၄၀ ကျော် စတင်တက်ရောက်လာကြသည်။
ရလဒ်များကား အဘယ်နည်း။ အဆိုပါခရစ်ယာန်သာသနာပြုက ဤသို့ ပြန်ပြောပြသည်– “အရေးအဖတ်သင်တန်း စပြီးနောက် မကြာမီမှာပဲ [ခရစ်ယာန်]သာသနာပြုအိမ်အတွက် စားစရာဝယ်ခြမ်းဖို့ မနက် ၆ နာရီမှာ ကျွန်မဈေးသွားတယ်။ အဲဒီမှာ သင်တန်းသားတချို့၊ တကယ့်ကို ငယ်သေးတဲ့ကလေးတွေတောင် အုန်းသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ရောင်းနေကြတာကို တွေ့လိုက်ရတယ်။ အကြောင်းကတော့ အရေးအဖတ်သင်တန်းမှာ အသုံးပြုဖို့
ဘောလ်ပင်နဲ့ မှတ်စုစာအုပ်ဝယ်ဖို့ ငွေရှာတာဖြစ်တယ်! ဒါ့အပြင် သင်တန်းတက်တဲ့အကျိုးတစ်ခုက သူတို့ကိုယ်ပိုင်ကင်းမျှော်စင်မဂ္ဂဇင်း တစ်စောင်စီရှိလာချင်ကြတယ်။” သူက ဤသို့ထပ်ဆင့်ဆိုသည်– “အခုဆိုရင် အသင်းတော် ကင်းမျှော်စင်သင်တန်းမှာ ကြီးကြီးငယ်ငယ် ပါဝင်နေကြပြီး ကျွန်မတို့ရဲ့ ဆွေးနွေးမှုတွေဟာ တကယ်အသက်ပါလာတယ်။” သင်တန်းသားလေးဦးက သူတို့ “မကြောက်တော့ဘူး” ဟုပြောကြပြီး ဟောပြောခြင်းလုပ်ငန်းမှာ သူတို့ပါဝင်လိုကြောင်း အခွင့်တောင်းသည့်အခါ ဤ[ခရစ်ယာန်]သာသနာပြုမှာ အထူးဝမ်းသာခဲ့ရသည်။အရေးအဖတ်သင်တန်းများ၏အကျိုးက ရေးတတ်ဖတ်တတ်ရုံမျှမကချေ။ ဥပမာ၊ သက်သေခံတစ်ဦး၏ မယုံကြည်သူဇနီးတစ်ဦးသည် အသင်းတော်အတွက်ကြောင့်ကြစရာဖြစ်ခဲ့သည်မှာ နှစ်ချီပြီဖြစ်၏။ သူ့အား မဆိုစလောက်စိတ်ဆိုးအောင်ပြုသူများကို ခဲနှင့်ပစ်ရုံမက အခြားအမျိုးသမီးများကိုပင် တုတ်နှင့် လိုက်ရိုက်ခဲ့ဖူးသည်။ တစ်ခါတစ်ရံ ခင်ပွန်းနှင့်အတူ ခရစ်ယာန်အစည်းအဝေးများ တက်သည့်အခါ ခင်ပွန်းကို မနာလိုဝန်တိုတတ်လွန်းသည့်အတွက် အခြားအမျိုးသမီးများကို ကြည့်နေသည်ဟု စွပ်စွဲမခံရရန် ခင်ပွန်းသည်မှာ နေကာမျက်မှန်တပ်ထားရလေသည်။
သို့သော် အရေးအဖတ်သင်တန်းများ စတင်ပြီး များမကြာမီ ထိုအမျိုးသမီးက “အဲဒီသင်တန်းကို ကျွန်မတက်ခွင့်ရမလား” ဟု မဝံ့မရဲမေးမြန်းလေသည်။ အဖြေမှာ တက်ခွင့်ရှိသည်ဖြစ်၏။ ထိုအချိန်မှစ၍ သူသည် သင်တန်းကိုဖြစ်စေ၊ အသင်းတော်အစည်းအဝေးကိုဖြစ်စေ မလွတ်တမ်း တက်လေတော့သည်။ စာဖတ်တတ်ရန် ကြိုးစားခဲ့သည့်အတွက် အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာခဲ့ရာ သူကိုယ်တိုင် အလွန်ပျော်ရွှင်မှုရ၏။ ထို့နောက် သူက “ကျမ်းစာသင်ခွင့်ရမလား” ဟုမေးသည်။ သူ၏ခင်ပွန်းကိုယ်တိုင် ဝမ်းသာအားရဖြင့် သူ့ကို ကျမ်းစာစသင်ပေးလေသည်၊ ယခုသူသည် အရေးအဖတ်စွမ်းရည်နှင့် ကျမ်းစာအသိပညာ ဆက်တိုးတက်နေပါသည်။
တစ်ခါမျှ ခဲတံမကိုင်ခဲ့ဖူးသည့် အသက် ၅၀ အရွယ်ရှိသူတစ်ဦးအတွက် ခဲတံကိုင်ခြင်း၊ အက္ခရာစာလုံးများကို ပုံစံကျအောင်ရေးသားခြင်းသည် တောင်ကြီးတမျှ ကြီးမားသော အခက်အခဲတစ်ခုဖြစ်နိုင်ပေသည်။ တချို့မှာ သင်ယူခါစအချိန်အတွင်း ခဲတံကို အားနှင့်ဖိရေးသည့်အတွက် သူတို့၏လက်ချောင်းများပေါ်တွင် အရေကြည်ဖုလေးများ ထွက်လာ၏။ ခဲတံကို ကိုင်တတ်၊ ထိန်းတတ်ရန် သီတင်းပတ်များစွာ ကြိုးစားအားထုတ်ခဲ့ကြပြီးနောက် သင်တန်းသားအချို့က ပြုံးရယ်စွာဖြင့် “ကျွန်တော် ခဲတံကို ပေါ့ပေါ့ပါးပါးကိုင်ပြီး ရေးတတ်လာပြီ!” ဟုဆိုသည်။ သင်တန်းသားများ၏ တိုးတက်မှုကို တွေ့မြင်ကြသည့်အတွက် သင်ပေးသူများလည်း ပျော်ရွှင်ကြသည်။ သင်ပေးသူတစ်ဦးက ဤသို့ဆိုသည်– “သင်ပေးရတာ တကယ်ပျော်စရာကောင်းတယ်၊ ယေဟောဝါရဲ့အစီအစဉ်အတွက် သင်တန်းသားများရဲ့ တန်ဖိုးထားမှုအမှန်ကို သင်တန်းပြီးဆုံးချိန်မှာ လက်ခုပ်သြဘာတီးပြီး ဖော်ပြကြတယ်လေ။”
ယခု အရေးအဖတ်တတ်မြောက်လာသော ဤသက်သေခံများသည် ခရစ်ယာန်သာသနာပြုများနှင့်အတူ အလွန်အားရရွှင်လန်းနေကြသည်။ အဘယ်ကြောင့်နည်း။ သူတို့သည် ယခု မိမိတို့၏အရေးအဖတ်စွမ်းရည်ကို အသုံးပြုကာ ယေဟောဝါကို ဂုဏ်တင်နိုင်ကြသောကြောင့်ဖြစ်သည်။
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
အသက်ငယ်သူရော အသက်ကြီးသူပါ အရေးအဖတ်သင်တန်းများကို လေးမြတ်တန်ဖိုးထားကြ