စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
မိဘတစ်ဦးက ယေဟောဝါသက်သေဖြစ်ပြီး အခြားတစ်ဦးက မဟုတ်သည့်အခါ သားသမီးလေ့ကျင့်ခြင်းကိစ္စနှင့်ပတ်သက်၍ အဘယ်ကျမ်းစာလမ်းညွှန်ချက် ပေးထားသနည်း။
သားသမီးလေ့ကျင့်ခြင်းနှင့်ပတ်သက်၍ သက်သေခံမဟုတ်သူ အိမ်ထောင်ဖက်ရှိသော သက်သေခံမိဘတစ်ဦးကို လမ်းညွှန်ပေးသော အဓိကကျမ်းစာမူနှစ်ခုရှိသည်။ တစ်ခုမှာ– “လူထက်ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် ကျွန်ုပ်တို့သာ၍နာခံရမည်။” (တမန်တော် ၅:၂၉၊ ကဘ) အခြားတစ်ခုမှာ– “ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။” (ဧဖက် ၅:၂၃) ဒုတိယတစ်ခုသည် သက်သေခံလင်ယောက်ျားရှိသူ ဇနီးသည်များရော သက်သေခံမဟုတ်သည့် အိမ်ထောင်ဖက်ရှိသူ ဇနီးသည်များနှင့်ပါ သက်ဆိုင်ပေသည်။ (၁ ပေတရု ၃:၁) သက်သေခံမိဘတစ်ဦးသည် မိမိ၏သားသမီးများကို သွန်သင်ပေးသည့်အခါ ထိုမူများကို မည်သို့ဟန်ချက်ညီစေနိုင်မည်နည်း။
လင်ယောက်ျားသည် ယေဟောဝါသက်သေတစ်ဦး ဖြစ်မည်ဆိုလျှင် မိသားစု၏ ဝိညာဉ်ရေးနှင့် ကာယရေး နှစ်ခုစလုံးကို တာဝန်ယူရပေမည်။ (၁ တိမောသေ ၅:၈) မယုံကြည်သူမိခင်သည် သားသမီးများနှင့် အချိန်များများရှိမည်ဖြစ်သော်လည်း သက်သေခံဖခင်သည် အိမ်တွင် ဝိညာဉ်ရေးရာလေ့ကျင့်ပေးမှုကိုလည်းကောင်း၊ စာရိတ္တဆိုင်ရာ ပို့ချမှုနှင့် တည်ဆောက်မှုရှိသော ပေါင်းသင်းမှုမှ အကျိုးခံစားရမည့် ခရစ်ယာန်အစည်းအဝေးများသို့ သူတို့လေးများအား ခေါ်ဆောင်သွားခြင်းကိုလည်းကောင်း ပြုသင့်သည်။
မယုံကြည်သူဇနီးသည်က သားသမီးများကို မိမိဝတ်ပြုရာနေရာသို့ ခေါ်ဆောင်သွားဖို့ သို့မဟုတ် မိမိ၏ယုံကြည်ချက်များကို သွန်သင်ပေးဖို့ ဇွတ်တရွတ်ပြုလျှင်ကော အသို့နည်း။ နိုင်ငံ့ဥပဒေက သူ့အား ထိုသို့လုပ်ပိုင်ခွင့်ပေးပေမည်။ ထိုနေရာများတွင် ပြုလုပ်လေ့ရှိသည့် ဝတ်ပြုကိုးကွယ်ပုံများကို သားသမီးများ ပြုမပြုဆိုသည်မှာ ဖခင်၏ ဝိညာဉ်ရေးရာသွန်သင်မှု အရည်အချင်းပေါ် များစွာမူတည်သည်။ သားသမီးများ ကြီးပြင်းလာသည်နှင့်အမျှ ကျမ်းစာအမှန်တရားကို လိုက်နာရန် ဖခင်၏သွန်သင်မှုက သူတို့အတွက် အထောက်အကူဖြစ်ပေလိမ့်မည်။ သားသမီးများသည် အမှန်တရားဘက် ရပ်တည်ကြမည်ဆိုလျှင် ယုံကြည်သူလင်ယောက်ျား မည်မျှပျော်ရွှင်လိုက်မည်ဖြစ်ခြင်း!
မိခင်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်လျှင် သားသမီးများ၏ ထာဝရကောင်းကျိုးကို ထောက်ထားကြိုးပမ်းစဉ် ဦးစီးမှုမူဝါဒကိုလည်း လေးစားရမည်။ (၁ ကောရိန္သု ၁၁:၃) များသောအားဖြင့် သက်သေခံဇနီးသည်က အကျင့်စာရိတ္တနှင့် ဝိညာဉ်ရေးဆိုင်ရာ သွန်သင်မှုများပေးမည်ဆိုလျှင် မယုံကြည်သူခင်ပွန်းသည်က မကန့်ကွက်ပါ။ မိခင်သည် ထိုသို့သောပညာရေးဆိုင်ရာအကူအညီကို ယေဟောဝါသက်သေများ၏ အစည်းအဝေးများ၌ရရှိသည်။ မိခင်သည် ယေဟောဝါ၏အဖွဲ့အစည်းမှတစ်ဆင့် သားသမီးများရရှိနေသည့် တည်ဆောက်မှုဖြစ်စေသောပညာရေး၏ အကျိုးကျေးဇူးများကို မယုံကြည်သူခင်ပွန်းသည်အား တွေ့မြင်စေနိုင်ပါသည်။ သားသမီးများသည် ကိုယ်ကျင့်တရား ယိုယွင်းပျက်စီးနေသောလောကတွင် အသက်ရှင်နေရသည့်အတွက် သမ္မာကျမ်းစာ၏ ကိုယ်ကျင့်တရားစံနှုန်းများကို သူတို့အားသွန်သင်ပေးခြင်း၏ အကျိုးကျေးဇူးကို လိမ္မာပါးနပ်စွာ တင်ပြနိုင်ပါသည်။
သို့ရာတွင် မယုံကြည်သူလင်ယောက်ျားက မိမိ၏သားသမီးများသည် မိမိ၏ဘာသာအယူဝါဒကိုကျင့်သုံးရမည်၊ မိမိဝတ်ပြုရာအရပ်သို့ခေါ်ဆောင်သွားမည်၊ မိမိ၏ဘာသာရေးယုံကြည်ချက်များကို သွန်သင်ပေးရမည်ဟု အတင်းအကျပ် ပြောဆိုပြုမူပေမည်။ သို့မဟုတ် လင်ယောက်ျားသည် ဘာသာတရားအားလုံးကို အတိုက်အခံပြုပြီး သားသမီးများအား ဘာသာရေးပညာ လုံးဝမပေးရဟုဆိုပေမည်။ သူသည် မိသားစု၏ ဦးစီးဖြစ်ရာ အဓိကတာဝန်ယူဆုံးဖြတ်ရသူဖြစ်၏။ *
လင်ယောက်ျား၏ ဦးစီးမှုကို လေးစားစဉ် ဆက်ကပ်အပ်နှံထားသည့် ခရစ်ယာန်တစ်ဦးအနေနှင့် ယုံကြည်သူဇနီးသည်,သည် တမန်တော်ပေတရုနှင့် ယောဟန်တို့၏ ဤသဘောထားကို စွဲမှတ်ထားပေမည်– “ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်။” တမန်တော် ၄:၁၉၊ ၂၀) သားသမီး၏ ဝိညာဉ်ရေးကိုထောက်ထားပြီး သက်သေခံမိခင်တစ်ဦးသည် သူတို့လေးများကို ကိုယ်ကျင့်တရားလမ်းညွှန်မှုပေးရန် အခွင့်အရေးများ ရှာယူမည်ဖြစ်သည်။ မိမိသိရှိထားသည့် မှန်ကန်ရာများကို အခြားသူများအား သွန်သင်ပေးရန် ယေဟောဝါရှေ့ တာဝန်ရှိသည်ဖြစ်ရာ သူ၏သားသမီးများကိုလည်း မသွန်သင်ပေးဘဲ မနေသင့်ချေ။ (သု. ၁:၈; မဿဲ ၂၈:၁၉၊ ၂၀) ထိုအခက်အခဲကို သက်သေခံမိခင်တစ်ဦးသည် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။
(ဥပမာအနေနှင့် ဘုရားသခင်အားယုံကြည်ခြင်းကိစ္စကို သုံးသပ်ကြည့်ပါ။ သက်သေခံဇနီးသည်,သည် ခင်ပွန်းသည်၏ ကန့်သတ်ချုပ်ချယ်မှုများကြောင့် ကလေးများကို နည်းလမ်းတကျ ကျမ်းစာမသင်ပေးနိုင်ဘဲဖြစ်မည်။ ယင်းကြောင့် ကလေးများအား ယေဟောဝါအကြောင်း လုံးဝမပြောပြဘဲနေသင့်သလော။ မနေသင့်ပါ။ သူ၏အပြောအဆို၊ အပြုအမူများက ဖန်ဆင်းရှင်အားယုံကြည်ကြောင်း အလိုလို ရောင်ပြန်ဟပ်နေပေလိမ့်မည်။ သူ၏ကလေးများကလည်း ထိုအကြောင်းနှင့်ပတ်သက်၍ မေးခွန်းများရှိနေပေမည်။ သူသည် ဘာသာရေးလွတ်လပ်မှုရှိသဖြင့် ဖန်ဆင်းရှင်ကိုယုံကြည်ကြောင်း သားသမီးများအပါအဝင် လူတိုင်းအား လွတ်လပ်စွာပြောဆိုသင့်ပေသည်။ ကလေးများနှင့် ကျမ်းစာသင်အံမှုပြုခွင့်မရှိ၊ အစည်းအဝေးများသို့ မှန်မှန်ခေါ်သွားနိုင်ခွင့်မရသည့်တိုင် ယေဟောဝါဘုရားသခင်နှင့်စပ်လျဉ်းသော အသိပညာကို သားသမီးများအား ပြောပြပေးနိုင်သည်။—တရားဟောရာ ၆:၇။
သက်သေခံနှင့် မယုံကြည်သူအိမ်ထောင်ဖက်စပ်ကြား၏ ဆက်ဆံရေးနှင့်စပ်လျဉ်း၍ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “မယုံကြည်သောလင်သည် မိမိမယားအဖို့စင်ကြယ်၏။ မယုံကြည်သောမယားသည်လည်း မိမိလင်အဖို့စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏သားသမီးသည် မစင်ကြယ်။ ယခုတွင်စင်ကြယ်ကြ၏။” (၁ ကောရိန္သု ၇:၁၄) ယေဟောဝါသည် ယုံကြည်သူအိမ်ထောင်ဖက်ကြောင့် အိမ်ထောင်ရေးကို သန့်ရှင်းသည်ဟု ရှုမြင်တော်မူ၏၊ သားသမီးများသည်လည်း ယေဟောဝါ၏အမြင်တွင် သန့်ရှင်း၏။ သက်သေခံဇနီးသည်,သည် သားသမီးများအား အမှန်တရားကိုနားလည်စေရန် အတတ်နိုင်ဆုံးကူညီပေးသင့်သည်၊ နောက်ဆုံးရလဒ်ကိုကား ယေဟောဝါ၏လက်တော်တွင် အပ်ထားသင့်သည်။
ကလေးများကြီးပြင်းလာသောအခါ မိဘများထံမှ သိရှိခဲ့ရသည့် အကြောင်းအရာအပေါ်အခြေပြု၍ မည်သို့ခံယူမည်ကို ကိုယ်တိုင်ဆုံးဖြတ်ကြရမည်။ ယေရှုမိန့်တော်မူခဲ့သည့်အတိုင်း “အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်မတန်” ဟူသောစကားနှင့်အညီ သူတို့လုပ်ဆောင်ဖို့ ဆုံးဖြတ်ပေမည်။ (မဿဲ ၁၀:၃၇) ထို့ပြင် “သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့” ဟူ၍လည်း သူတို့တိုက်တွန်းခံရကြသည်။ (ဧဖက် ၆:၁) လူငယ်များစွာတို့သည် သက်သေခံမဟုတ်သည့်မိဘ၏ အနှောင့်အယှက်ကိုခံရလင့်ကစား သူ၏စကားထက် ‘ဘုရားသခင်ကို အုပ်ချုပ်သူအဖြစ် နာခံ’ ဖို့ရွေးချယ်ခဲ့ကြပြီ။ သားသမီးများသည် အတိုက်အခံကြား ယေဟောဝါ၏အမှုတော်ဆောင်ရန် ဆုံးဖြတ်သည်ကို တွေ့မြင်ရသည့်အတွက် သက်သေခံမိဘ အလွန်အားရကျေနပ်ပါလိမ့်မည်!
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ဇနီး၏ လွတ်လပ်စွာကိုးကွယ်ခွင့်တွင် ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းပါဝင်သည်။ အခြေအနေတချို့တွင် လင်ယောက်ျားသည် ဇနီးအစည်းအဝေးတက်ချိန်တွင် အရွယ်မရောက်သေးသော သားသမီးများကို မကြည့်ရှုလိုသောကြောင့် မေတ္တာရှိမိခင်သည် သားသမီးများကို မိမိနှင့်အတူ အစည်းအဝေးများသို့ ခေါ်ဆောင်သွားရသည်။