မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တည်ကြည်မှုကို ကပြောင်းကပြန်ရှုမြင်သည့် လောက

တည်ကြည်မှုကို ကပြောင်းကပြန်ရှုမြင်သည့် လောက

တည်ကြည်မှု​ကို ကပြောင်းကပြန်​ရှုမြင်သည့် လောက

အစ္စရေး​နိုင်ငံ၊ တဲလ်အဗစ်​မြို့တွင်​ဖြစ်သည်၊ ပူအိုက်​သော သောကြာ​နေ့​တစ်​ညနေခင်း​တွင် လူရွယ်​တစ်ဦး​သည် ည​ကလပ်​အပြင်ဘက်​၌ ရပ်နေ​ကြသော လူငယ်​တစ်စု​နှင့်​စုရုံး​ခဲ့​သည်။ တစ်ခဏ​အကြာတွင် လူအုပ်​အကြား​မှ ကျယ်လောင်​သော​ပေါက်ကွဲ​သံ​ကြီး​ကို ကြား​လိုက်ရ​၏။ နောက်ထပ်​အသေခံ​ဗုံးခွဲ​သူ​တစ်ဦး​သည် အခြား​လူငယ် ၁၉ ဦး​တို့၏​အသက်ကိုပါ ရက်ရက်စက်စက်​ခြွေယူ​လိုက်​သည်။ “ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တွေ နေရာတကာမှာ​ပဲ၊ အားလုံး​က​လည်း လူငယ်လေး​တွေ​ချည်း​ပဲ၊ အတော်​ငယ်​သေး​တာ။ ကျွန်တော်​တွေ့ဖူး​ခဲ့​သမျှ​မှာ အဆိုးဆုံး​ပဲ” ဟု​ဆရာဝန်​တစ်ဦး​က သတင်းထောက်​များ​အား​ပြောပြ​ခဲ့​၏။

“တည်ကြည်မှု​ကဲ့သို့​သော လူတိုင်း​အထင်ကြီး​သည့် အရည်အသွေးများ​သည် . . . စစ်ပွဲ​များ​ကို စတင်​နိုင်​ပြီး အဆုံးသတ်ဖို့ ပို​ခက်ခဲ​စေ​သည်” ဟု သာ​စ​တန် ဘ​ရူ​ဝင်​က လ​န်​ဆက်​တွင် ရေးသားခဲ့​သည်။ မှန်ပါသည်၊ ခရစ်ယာန်ဘောင်​၏ ခရူးဆိတ်စစ်​ပွဲ​များ​မှ​အစ နာဇီ​ဂျာမနီ​၏ သိမ်း​ရုံး​သတ်ဖြတ်​ခြင်း​များ​အထိ လူ့​သမိုင်း​တစ်လျှောက် တည်ကြည်မှု​ကို​အမည်ခံ​ကာ များစွာ​သွေးစွန်း သေကျေပျက်စီး​စေ​ခဲ့ပြီ။

တည်ကြည်မှု​မဲ့​ခြင်း​ကြောင့် အသေအပျောက်​တိုးများ​လာ

တစ်ယူသန်​သော တည်ကြည်မှု​သည် ပျက်စီး​စေ​တတ်​သကဲ့သို့ တည်ကြည်မှု​မဲ့​လျှင်​လည်း လူ့​ဘောင်​အဖွဲ့အစည်း ပြိုကွဲ​နိုင်​ခြင်း​သည် အမှန်တကယ်​ပင်​ဖြစ်သည်။ တည်ကြည်မှု​ဟူသည် ပုဂ္ဂိုလ်​တစ်ဦး သို့​မဟုတ် အကြောင်း​တစ်ခု​ကို သစ္စာ​စောင့်သိ​ခြင်း​ဖြစ်​ပြီး ထွက်ပြေး​ရန် သို့​မဟုတ် သစ္စာဖောက်​ရန် သွေးဆောင်​ခံရ​သည့်​အခါ စွဲစွဲမြဲမြဲ တည်ကြည်​ခြင်း​ကို ဆိုလို​သည်။ လူအများစုက ဤ​ကဲ့သို့​သော​တည်ကြည်မှု​မျိုးကို မိမိတို့ အထင်ကြီး​သည်​ဟု​ဆို​ကြသော်လည်း လူ့​ဘောင်​အဖွဲ့အစည်း​သည် အခြေခံ​အ​ကျဆုံး​အဆင့်​ဖြစ်သည့် မိသားစု​အသိုင်းအဝိုင်း​အတွင်း​၌​ပင် အကြီးအကျယ်​တည်ကြည်မှု​ကင်းမဲ့​နေသည်​ကို တွေ့ ကြုံနေ​ကြ​ရသည်။ ကွာရှင်းမှု​နှုန်း​သည် ကိုယ့်​အလိုဆန္ဒ ဖြည့်ဆည်း​မှု​ကို အလေးထား​ခြင်း၊ နေ့စဉ်​ဘဝ​အသက်တာ​၏ ဖိစီးမှုများ​နှင့် ပျံ့နှံ့​နေသည့် လိင်ဆိုင်ရာ ဖောက်ပြန်မှု​၏​အကျိုးဆက်​တို့​ကြောင့် တစ်ဟုန်ထိုး တိုးမြှင့်​လာ​ခဲ့ပြီ။ တဲလ်အဗစ်​မှ ဗုံး​ပေါက်ကွဲ​မှု​နည်းတူ သေကျေပျက်စီး​ရသူ​အများ​မှာ များသောအားဖြင့် အပြစ်မဲ့​လူငယ်များ​ဖြစ်လေ့​ရှိသည်။

သတင်း​တစ်ပုဒ်​က “ကွာရှင်းမှု၊ ခွဲနေ​မှု​နှင့် ကြင်ဖော်​မဲ့​မိဘ,ဘဝ​ကြောင့် တိုးများ​လာ​သည့် မိသားစု​မတည်ငြိမ်မှု​၏​ဆိုးကျိုး​မှာ ကလေး​၏​ပညာရေး ထိခိုက်​သွားခြင်း​ဖြစ်သည်” ဟု​ဆို​၏။ ကြင်ဖော်​မဲ့​မိခင်​အုပ်ထိန်းမှု​အောက် မိသားစု​များ​ရှိ ယောက်ျား​ကလေး​များသည် အထူးသဖြင့် ပညာရေး​ချို့ငဲ့​ခြင်း၊ မိမိကိုယ်ကို သတ်​သေခြင်းနှင့် လူငယ်​ရာဇဝတ်မှု​ပြုခြင်း အန္တရာယ်​ရှိ​ပုံ​ရသည်။ နှစ်စဉ် ယူနိုက်တက်​စ​တိတ်​ရှိ ကလေး​တစ်သန်း​သည် မိဘများ​ကွာရှင်းမှု​ကို တွေ့ကြုံ​နေကြ​ရပြီး၊ မည်သည့်​နှစ်​တွင်​မဆို ထို​နိုင်ငံ​ရှိ ထိမ်းမြား​ထားသော​မိဘများ​မှ မွေးဖွား​လာ​သည့် ကလေး​ထက်ဝက်​သည် အသက် ၁၈ နှစ်​မတိုင်မီ မိဘများ​ကွာရှင်း​ဖွယ်​ရှိသည်။ ကမ္ဘာ့​အခြား​ဒေသ​များ​မှ လူငယ်များစွာ​အတွက်​လည်း အလားတူ ကြေကွဲဖွယ်​ဆုံးရှုံးမှုကြီး ဖြစ်စရာ​အကြောင်း​ရှိသည်​ဟု စာရင်း​ဇယား​များ​က ဖော်ပြ​သည်။

တည်ကြည်မှု—မြင့်မား​လွန်း​သော စံနှုန်း​လော

ယခု မိရိုးဖလာ သစ္စာ​တည်ကြည်မှု​များ မရှိတော့​ခြင်း​ကြောင့် ဘုရင်​ဒါဝိဒ်​၏ ဤ​စကား​များ တစ်ခါ​နှင့်​မျှ​မတူ​အောင် သက်ဆိုင်​နေ​ပုံပေါက်​သည်– “အို​ထာဝရ​ဘုရား [ယေဟောဝါ] ကယ်တင်​တော်​မူ​ပါ။ သူတော်ကောင်း​မျိုး​သည်​ပြတ်​၍ သစ္စာ​ရှိသော​လူမျိုး​သည် လူသား​တို့​တွင်​ကွယ်ပျောက်​ပါ​၏။” (ဆာလံ ၁၂:၁) တည်ကြည်မှု​မဲ့​ခြင်း အဘယ်ကြောင့်​ပျံ့နှံ့​နေရ​သနည်း။ တိုင်းမ်​မဂ္ဂဇင်း​တွင် ရော​ဂျာ ရို​စ​န်​ဘ​လတ် ဤသို့​ရေးသားခဲ့​သည်– “တည်ကြည်မှု​သည် မြင့်မားသော​စံနှုန်း​ဖြစ်သော်လည်း အားနည်း​သော လူသား​မျိုးနွယ်​ဖြစ်သည့် ကျွန်ုပ်​တို့သည် အကြောက်​လွန်​မှု၊ မိမိကိုယ်ကို​ယုံကြည်​စိတ်ချမှု​မဲ့​ခြင်း၊ ကိုယ်ကျိုးရှာ​အမြတ်​ထုတ်​မှု​နှင့် ရည်မှန်းချက်​ကြီး​မှု​တို့​ကြောင့် ယင်းကို စွဲကိုင်​ထား​ရန် မဖြစ်​နိုင်​ချေ။” ကျွန်ုပ်​တို့​အသက်ရှင်​သည့် အချိန်ကာလ​ကို ဖော်ပြ​ရာ​တွင် သမ္မာကျမ်းစာ​က ဤသို့​ပွင့်ပွင့်လင်းလင်း​ဆို​သည်– “လူတို့သည် ကိုယ်ကို​ကိုယ်​ချစ်သော​သူ၊ . . . [တည်ကြည်မှု] ကို​ဖျက်​တတ်သော​သူ၊ ပကတိ​ကြင်နာ​စုံမက်ခြင်း​နှင့်​ကင်း​သော​သူ . . . ဖြစ်​ကြလိမ့်မည်။”—၂ တိမောသေ ၃:၁-၅

လူတစ်ဦး​၏ အတွေးအခေါ်​နှင့် အပြု​အမူ​များ​ကို ဩဇာ​ညောင်း​သည့် တည်ကြည်မှု​ရှိ​ခြင်း၊ သို့​မဟုတ် မရှိခြင်း​ကို ထည့်သွင်း​စဉ်းစား​ရာ​တွင် မိမိကိုယ်ကို ဤသို့​မေးမြန်း​နိုင်​ပေ​သည်– ‘ကျွန်ုပ်​တို့၏​တည်ကြည်မှု​ကို မည်သူ​အမှန်​ရထိုက်​သနည်း။’ ဤ​မေးခွန်း​နှင့်​ပတ်သက်​၍ နောက်​ဆောင်းပါး​က မည်သို့​တင်ပြ​သည်ကို သုံးသပ်ကြည့်​ပါ။

[Picture Credit Line on page 3]

Photo above: © AFP/CORBIS