မည်သူ့အပေါ် တည်ကြည် ရမည်နည်း
မည်သူ့အပေါ် တည်ကြည် ရမည်နည်း
“ငါတို့နိုင်ငံ– . . . အမြဲမှန်ကန်ပါစေ; သို့သော် မှားမှားမှန်မှန် ငါတို့နိုင်ငံပင်ဖြစ်သည်။” —စတီဗင် ဒီကေတာ၊ ယူ.အက်စ်. ရေတပ်အရာရှိ၊ ၁၇၇၉-၁၈၂၀။
မမေးမမြန်းဘဲ မိမိနိုင်ငံကိုတည်ကြည်ခြင်းသည် မိမိတို့၏ အကြီးမားဆုံးတာဝန်ဖြစ်သည်ဟု အများကယူမှတ်ကြသည်။ အခြားသူများကမူ စတီဗင် ဒီကေတာ၏ စကားများကို ‘ငါ၏ဘာသာ၊ အမြဲမှန်ကန်ပါစေ; သို့သော် မှားမှားမှန်မှန် ငါ၏ဘာသာပင်ဖြစ်သည်’ ဟုပြုပြင်ပြောဆိုကြပေမည်။
အမှန်အားဖြင့်၊ ကျွန်ုပ်တို့သည် အဘယ်နိုင်ငံ၊ အဘယ်ဘာသာတရားအပေါ် တည်ကြည်မှုရှိရမည်ကို ကျွန်ုပ်တို့မွေးဖွားရာဒေသအရ ဆုံးဖြတ်လေ့ရှိကြသော်လည်း မည်သူ့ကို တည်ကြည်သင့်သည်ဟူသောကိစ္စကား အလွန်အရေးကြီးသည်ဖြစ်ရာ မတော်တဆဖြစ်မှုအပေါ်မူတည်၍ မဆုံးဖြတ်သင့်ပေ။ သို့ရာတွင် ကျွန်ုပ်တို့ကြီးပြင်းလာစဉ်က ပို့ချခံရသော စောင့်သိရိုသေမှုများကို စစ်ဆေးမေးမြန်းရန် သတ္တိရှိဖို့လိုမည်ဖြစ်ကာ စိန်ခေါ်ချက်များလည်း ဖြစ်ပေါ်စေသည်။
စောင့်သိရိုသေမှုများ စမ်းသပ်ခံရ
ဇမ်ဘီယာနိုင်ငံတွင် ကြီးပြင်းလာသည့် အမျိုးသမီးတစ်ဦးက ဤသို့ဆိုသည်– “ကျွန်မ ငယ်ငယ်ကတည်းက ဘာသာတရားကိုင်းရှိုင်းတယ်။ မိသားစုဘုရားခန်းမှာ နေ့တိုင်း ဘုရားရှိခိုးဝတ်ပြုတယ်၊ ဘာသာရေးနေ့တွေကို လိုက်နာစောင့်ထိန်းပြီး ဘုရားကျောင်းမှန်မှန်တက်တာ ကျွန်မတို့မိသားစုထုံးစံပဲ။ ကျွန်မရဲ့ဘာသာနဲ့ ဝတ်ပြုမှုဟာ
ကျွန်မတို့ရဲ့ယဉ်ကျေးမှု၊ ကျွန်မတို့လူစု၊ ကျွန်မတို့မိသားစုနဲ့ ဒွန်တွဲနေတယ်။”သို့တိုင်၊ သူသည် အသက် ၁၈၊ ၁၉ နှစ်အရွယ်ရောက်လာသောအခါ ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာခဲ့ရာ မကြာမီတွင် ဘာသာပြောင်းဖို့ ဆုံးဖြတ်ခဲ့၏။ ဤသို့ပြုခြင်းက စောင့်သိရိုသေရာမကျသည့် လုပ်ရပ်လော။
ဇလတ်ကိုသည် ဘော့စနီးယားတွင် ကြီးပြင်းလာ၏၊ သူ၏ဇာတိနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် သူခေတ္တပါဝင်တိုက်ခိုက်ခဲ့သည်။ ဤသူသည်လည်း ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာလေ၏။ ယခုဆိုလျှင် မည်သူကိုမျှ မတိုက်ခိုက်တော့ပါ။ သူသည် စောင့်သိရိုသေစိတ် ကင်းမဲ့သလော။
ထိုမေးခွန်းများကို သင်ဖြေဆိုပုံက သင့်ရှုထောင့်အပေါ် မူတည်သည်။ အစောပိုင်းကဖော်ပြခဲ့သည့် အမျိုးသမီးက ဤသို့ဆိုသည်– “ကျွန်မတို့အရပ်မှာ ဘာသာပြောင်းတာဟာ ခွင့်မလွှတ်နိုင်တဲ့ အမဲစက်တစ်ခုပဲ; အဲဒါကို စောင့်သိရိုသေရာမကျတဲ့လုပ်ရပ်အဖြစ် ယူမှတ်ကြတယ်၊ ကိုယ့်မိသားစု၊ ကိုယ့်လူမျိုးစုရဲ့စည်းကမ်းကို ချိုးဖောက်တယ်လို့ ယူမှတ်ကြတယ်။” အလားတူပင် ယခင်က ဇလတ်ကိုပေါင်းဖော်ခဲ့သော စစ်သားများက ၎င်းတို့ဘက်မှနေ၍ စစ်မတိုက်ကြသူ မည်သူမဆိုကို ဖောက်ပြန်သူများဟု ရှုမြင်ကြသည်။ သို့သော် အဆိုပါအမျိုးသမီးနှင့် ဇလတ်ကိုတို့ နှစ်ဦးစလုံးက သူတို့ကို ယခုတိုက်တွန်းလှုံ့ဆော်ပေးနေသည်မှာ ပိုမိုမြင့်မားသောအရှင်၊ ဘုရားသခင်အား စောင့်သိရိုသေမှုကိစ္စဖြစ်၏ဟု ယူမှတ်ကြသည်။ ထိုထက်အရေးကြီးသည်မှာ ဘုရားသခင်အား တည်ကြည်လိုသူတို့ကို ကိုယ်တော်မည်သို့ရှုမြင်သနည်းဟူ၍ဖြစ်သည်။
စစ်မှန်သောတည်ကြည်မှု—မေတ္တာ၏ပြယုဂ်
ဘုရင်ဒါဝိဒ်သည် ယေဟောဝါဘုရားသခင်အား ဤသို့ကြားလျှောက်သည်– “[တည်ကြည်] သူနှင့် ကိုယ်တော်သည် [တည်ကြည်] စွာစီရင်မည်။” (၂ ဓမ္မရာဇဝင် ၂၂:၂၆၊ ကဘ) ဤတွင် “တည်ကြည်မှု” ဟုဘာသာပြန်ဆိုထားသည့် ဟေဗြဲစကားလုံးသည် သနားကြင်နာမှုဟူ၍ အဓိပ္ပာယ်ရှိ၏၊ ယင်းက အကြောင်းအရာတစ်ခုနှင့်ဆက်စပ်၍ ၎င်း၏ရည်ရွယ်ချက် အထမမြောက်မခြင်း ထိုအကြောင်းအရာနှင့် မေတ္တာပါစွာ ပူးတွဲနေသည်။ ယေဟောဝါသည် နို့စို့သူငယ်တစ်ဦး၏မိခင်တွင်ရှိသည့် သဘောထားမျိုးဖြင့် ကိုယ်တော်အားတည်ကြည်သူတို့ကို တွယ်တာတော်မူ၏။ ရှေးဣသရေလအချိန်က မိမိအားတည်ကြည်သောကျေးကျွန်များကို ယေဟောဝါဤသို့မိန့်ဆိုတော်မူခဲ့သည်– “မိန်းမသည် မိမိဖွားသောသားကို မသနားသည့်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း သင့်ကို ငါမမေ့လျော့။” (ဟေရှာယ ၄၉:၁၅) အခြားအရာတို့ထက် ဘုရားသခင်အား တည်ကြည်လိုသူတို့ကို ကိုယ်တော်ဂရုစိုက်တော်မူမည်ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။
ယေဟောဝါအား တည်ကြည်မှုသည် မေတ္တာအပေါ်အခြေခံ၏။ ယင်းက ယေဟောဝါချစ်သည့်အရာကို ချစ်စေ၍ ယေဟောဝါမုန်းသည့်အရာကို မုန်းစေသည်။ (ဆာလံ ၉၇:၁၀) ယေဟောဝါ၏ထူးခြားသော အရည်အသွေးတော်သည် မေတ္တာဖြစ်သောကြောင့် ဘုရားသခင်အားတည်ကြည်ခြင်းက အခြားသူများနှင့် မေတ္တာကင်းမဲ့စွာ မဆက်ဆံစေပါ။ (၁ ယောဟန် ၄:၈) ထို့ကြောင့် လူတစ်ဦးသည် ဘုရားသခင်ကို တည်ကြည်လိုသောကြောင့် ဘာသာရေးခံယူချက်များကို ပြုပြင်ပြောင်းလဲမည်ဆိုလျှင် ထိုသူသည် မိမိ,မိသားစုကို မချစ်တော့ဟု လုံးဝမဆိုနိုင်ပါ။
ဘုရားသခင်အားတည်ကြည်ခြင်း —အကျိုးပြုစွမ်းအား
အစောပိုင်းကဖော်ပြခဲ့သည့် အမျိုးသမီးက မိမိပြုလုပ်ခဲ့သည့်အမှုကို ဤသို့ရှင်းပြသည်– “ကျမ်းစာကို ကျွန်မလေ့လာတော့ ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာ သိလာတယ်၊ အဲ့ဒီနောက် ကိုယ်တော်နဲ့ နှစ်ကိုယ်ကြားဆက်ဆံရေးရှိလာတယ်။ ယေဟောဝါဟာ အရင်ကကျွန်မကိုးကွယ်ခဲ့တဲ့ နတ်ဘုရားတွေနဲ့မတူဘူး; ကိုယ်တော်ရဲ့ချစ်ခြင်းမေတ္တာ၊ တရားမျှတမှု၊ ဉာဏ်ပညာနဲ့ တန်ခိုးတော်တွေဟာ လုံးဝဟန်ချက်ညီတယ်။ ယေဟောဝါက အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှု တောင်းဆိုတဲ့အတွက် တခြားနတ်ဘုရားတွေကို ကျွန်မကျောခိုင်းလိုက်တယ်။
“ကျွန်မရဲ့မိဘတွေက ကျွန်မကို အရမ်းဒေါသထွက်တယ်၊ သူတို့စိတ်ထိခိုက်တယ်လို့ ကျွန်မကိုခဏခဏပြောကြတယ်။ အဲ့ဒါက ကျွန်မအတွက် အရမ်းခံရခက်တယ်၊ မိဘစိတ်ဆင်းရဲမှာကို ကျွန်မအတော်စိုးရိမ်ခဲ့တာ။ ဒါပေမဲ့ ကျမ်းစာအမှန်တရားကို တဖြည်းဖြည်းပိုသိလာတဲ့အခါ ကျွန်မ ဘာကိုရွေးချယ်ရမယ်ဆိုတာ ထင်ရှားလာတယ်။ ယေဟောဝါကို ကျွန်မ မငြင်းပယ်နိုင်တော့ဘူး။
“ဘာသာရေးဓလေ့ထုံးစံတွေထက် ယေဟောဝါကိုတည်ကြည်ဖို့ ကျွန်မရွေးချယ်ခဲ့တဲ့အတွက် ကျွန်မရဲ့မိသားစုကို ကျွန်မ စောင့်သိရိုသေမှုမရှိတော့တာမဟုတ်ပါဘူး။ သူတို့ခံစားနေရပုံကို ကျွန်မနားလည်တဲ့အကြောင်း ကျွန်မရဲ့အပြုအမူ၊ အပြောအဆိုတွေနဲ့ပြသဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ယေဟောဝါအပေါ် ကျွန်မမတည်ကြည်ဘူးဆိုရင် ကျွန်မရဲ့မိသားစုဟာ ကိုယ်တော့်ကို သိကျွမ်းလာမှာမဟုတ်ဘူး၊ အဲဒါကမှ တကယ့်ကို သစ္စာဖောက်တာပါပဲ။”
အလားတူ၊ ဘုရားသခင်ကို တည်ကြည်သည့်အတွက် နိုင်ငံရေးတွင် ကြားနေပြီး မည်သူ့ကိုမျှစစ်မတိုက်ခြင်းသည် နိုင်ငံတော်ကို သစ္စာဖောက်ခြင်းမဟုတ်ပါ။ ဇလတ်ကိုက
သူ၏ပြုမူလုပ်ဆောင်မှုကို ဤသို့ရှင်းပြသည်– “ကျွန်တော်ဟာ အမည်ခံခရစ်ယာန်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပေမဲ့ အမည်ခံခရစ်ယာန်တစ်ယောက်မဟုတ်တဲ့သူနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ စစ်ဖြစ်လာတဲ့အခါ နှစ်ဖက်စလုံးက သူတို့ဘက်ပါရမယ်လို့ ကျွန်တော့်ကိုအတင်းအကျပ်ပြောတယ်။ ဒါနဲ့ပဲ ဘယ်ဘက်ကနေပါဝင်ပြီး စစ်တိုက်မယ်ဆိုတာကို ကျွန်တော်ရွေးချယ်လိုက်ရတယ်။ သုံးနှစ်ခွဲလုံးလုံး ကျွန်တော်စစ်တိုက်ခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ခရိုအေးရှားနိုင်ငံဘက်ကို ထွက်ပြေးလာကြတယ်၊ အဲဒီမှာ ယေဟောဝါသက်သေတွေနဲ့ ကျွန်တော်တို့တွေ့ဆုံခဲ့တယ်။“ကျမ်းစာလေ့လာလို့ ကျွန်တော်တို့ အဓိကတည်ကြည်ရမှာ ယေဟောဝါဖြစ်တယ်ဆိုတာကို နားလည်လာတယ်၊ နောက်တော့ ကိုယ့်အိမ်နီးချင်းဟာ ဘယ်ဘာသာပဲဖြစ်ဖြစ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် ကိုယ်တော်က အဲ့ဒီအိမ်နီးချင်းကို ချစ်စေလိုကြောင်း သိရှိလာတယ်။ အခု ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုနေကြတယ်၊ ပြီးတော့ ကျွန်တော့်ရဲ့အိမ်နီးချင်းကို တိုက်ခိုက်နေရင် ဘုရားသခင်ကို မတည်ကြည်နိုင်ဘူးဆိုတာကိုလည်း ကျွန်တော်သဘောပေါက်လာပြီ။”
တိကျမှန်ကန်သည့် အသိပညာဖြင့် ပုံသွင်းသည့် တည်ကြည်မှု
ယေဟောဝါသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့တည်ကြည်ရမည့် အရာအားလုံးတို့တွင် ကိုယ်တော့်အားတည်ကြည်မှုကို ဦးစားပေးရမည်။ (ဗျာ. ၄:၁၁) သို့သော် ဘုရားသခင်အားတည်ကြည်ခြင်းကို တစ်ယူသန်ဆန်ဆန် ဖျက်ဆီးတတ်သည့်စွမ်းအားမဖြစ်စေရန် ယင်းကို တိကျမှန်ကန်သော အသိပညာဖြင့် ပုံသွင်းရမည်ဖြစ်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့တိုက်တွန်းသည်– “စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း [တည်ကြည်ခြင်း] . . . အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင် [ပါ]။” (ဧဖက် ၄:၂၃၊ ၂၄) ထိုမှုတ်သွင်းခံစကားများကို ရေးသားခဲ့သည့် ထင်ပေါ်ကျော်ကြားသူသည် ကြီးပြင်းလာစဉ်က ပို့ချခံရသော တည်ကြည်ရာများကို စစ်ဆေးမေးမြန်းရန် သတ္တိရှိခဲ့၏။ ထိုသို့စစ်ဆေးမေးမြန်းခဲ့ခြင်းက အကျိုးရှိသောပြောင်းလဲမှု ဖြစ်ထွန်းစေခဲ့သည်။
မှန်ပါသည်၊ ရှောလုသည် ကျွန်ုပ်တို့ခေတ်မှ များစွာတို့ကဲ့သို့ တည်ကြည်ခြင်းများဆိုင်ရာ စမ်းသပ်မှုကို ခံခဲ့ရသည်။ ရှောလုသည် သူ့မိသားစု၏ တင်းကျပ်သော ဓလေ့ထုံးစံများကြား ကြီးပြင်းလာခဲ့သည်၊ သူ့မိဘများ၏ဘာသာတရားကို သူအထူးစွဲမြဲတည်ကြည်ခဲ့သည်။ သူ၏ဘာသာတရားအပေါ် တည်ကြည်သည့်အတွက် သူ၏အမြင်နှင့် သဘောချင်းမတူသူများကို အပြင်းအထန် ဆန့်ကျင်တိုက်ခိုက်သည်အထိ ပြုမူခဲ့သည်။ ရှောလုသည် ခရစ်ယာန်အိမ်များထဲသို့ ချင်းနင်းဝင်ရောက်ပြီး သူတို့ကို တရွတ်တိုက်ခေါ်ထုတ်သွားကာ ပြစ်ဒဏ်ပေးရုံမက သေဒဏ်ပင်ပေးသူအဖြစ် လူသိများခဲ့သည်။—တမန်တော် ၂၂:၃-၅; ဖိလိပ္ပိ ၃:၄-၆။
သို့တိုင်၊ ရှောလုသည် သမ္မာကျမ်းစာမှ တိကျမှန်ကန်သော အသိပညာကို ရရှိသည်နှင့်တစ်ပြိုင်နက် သူ၏အပေါင်းအဖော်များ စဉ်းစားမည်မဟုတ်သည့်အရာကို သူပြုလုပ်ခဲ့သည်။ သူဘာသာပြောင်းခဲ့သည်။ နောက်ပိုင်းတွင် တမန်တော်ပေါလုအမည်ဖြင့် ကျော်ကြားလာသူ ရှောလုသည် ဓလေ့ထုံးစံများထက် ဘုရားသခင်အားတည်ကြည်ဖို့ ရွေးချယ်ခဲ့လေသည်။ တိကျမှန်ကန်သောအသိပညာအပေါ် အခြေပြုသည့် ဘုရားသခင်အားတည်ကြည်ခြင်းသည် ရှောလုကို ဖျက်ဆီးတတ်သော တစ်ယူသန်အပြုအမူဟောင်းကိုစွန့်စေပြီး သည်းခံခြင်း၊ ချစ်ခြင်းနှင့် အားပေးတည်ဆောက်ခြင်းများ ရှိစေခဲ့သည်။
အဘယ်ကြောင့် တည်ကြည်ရ
ကျွန်ုပ်တို့၏တည်ကြည်မှုများကို ဘုရားသခင်၏စံများအတိုင်း ပုံသွင်းခံခြင်းသည် အကျိုးကျေးဇူးရှိစေ၏။ ဥပမာ၊ ၁၉၉၉ ခုနှစ် ဩစတြေးလျ မိသားစုလေ့လာရေးဌာနမှ ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်က ကြာရှည်တည်မြဲပြီး ကျေနပ်မှုရှိသော အိမ်ထောင်များရှိ အခြေခံရင်းမြစ်များမှာ “ယုံကြည်မှု၊ [တည်ကြည်မှု] . . . [နှင့်] ဝိညာဉ်ရေးသဘောထား” တို့ဖြစ်ကြောင်း ဖော်ပြ၏။ ထိုသို့လေ့လာခဲ့
ရာ “တည်ငြိမ်ပြီး ကျေနပ်မှုရှိသော အိမ်ထောင်များသည်” ပို၍ပျော်ရွှင်၊ ပို၍ကျန်းမာပြီး ပို၍အသက်ရှည်သော အမျိုးသားများ၊ အမျိုးသမီးများဖြစ်ထွန်းစေရုံမက ထိုတည်ငြိမ်သောအိမ်ထောင်တွင်းရှိ သားသမီးများသည်လည်း ပျော်ရွှင်သောဘဝအသက်တာရှိဖို့ အကြောင်းပိုများသည်။မသေချာမရေရာသည့် ဤလောကတွင် တည်ကြည်မှုသည် အကျောက်အကန် ရုန်းကန်နေသည့် ရေကူးနေသူတစ်ဦးကို အသက်ကယ်လှေနှင့် တွဲထားသည့် အသက်ကယ်ကြိုးတစ်ချောင်းနှင့်တူသည်။ အဆိုပါ “ရေကူးသူ” သည် စွဲမြဲတည်ကြည်မှုမရှိလျှင် လှိုင်းလေတိုက်၍ ဖရိုဖရဲလွင့်သွားရသကဲ့သို့ဖြစ်ပေမည်။ သို့သော် သူ၏စွဲမြဲတည်ကြည်မှုကို တလွဲနေရာတွင်ထားလျှင် သူ၏အသက်ကယ်ကြိုးကို နစ်မြုပ်နေသည့် သင်္ဘောနှင့် တွဲထားသကဲ့သို့ဖြစ်မည်။ ထိုအခါ ရှောလုကဲ့သို့ ပျက်စီးရာပျက်စီးကြောင်းထဲသို့ ဆွဲချခံရနိုင်သည်။ သို့ရာတွင်၊ တိကျမှန်ကန်သော အသိပညာအပေါ်အခြေပြုသည့် ယေဟောဝါအပေါ် တည်ကြည်မှုသည် ကျွန်ုပ်တို့အား တည်ငြိမ်မှုပေးပြီး ကယ်တင်သည့် အသက်ကယ်ကြိုးတစ်ချောင်းဖြစ်သည်။—ဧဖက် ၄:၁၃-၁၅။
ယေဟောဝါသည် ကိုယ်တော်အားတည်ကြည်သူတို့ကို ဤသို့ကတိပြုသည်– “ထာဝရဘုရား [ယေဟောဝါ] သည် တရား [မျှတမှု] ကိုနှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။” (ဆာလံ ၃၇:၂၈) မကြာမီ ယေဟောဝါအား တည်ကြည်သူမှန်သမျှသည် ဝမ်းနည်းမှုနှင့် နာကျင်မှုမရှိတော့မည့်နေရာ၊ ဘာသာရေး၊ နိုင်ငံရေးကွဲပြားမှုများနှင့် ကင်းလွတ်ပြီး တည်မြဲသောဆက်ဆံရေး၌ မွေ့လျော်ရမည့် မြေကြီးပရဒိသုထဲသို့ ပို့ဆောင်ခံရလိမ့်မည်။—ဗျာ. ၇:၉၊ ၁၄; ၂၁:၃၊ ၄။
ယခုပင်လျှင် ယေဟောဝါအပေါ်တည်ကြည်မှသာ စစ်မှန်သောပျော်ရွှင်မှု ရရှိနိုင်ကြောင်း ကမ္ဘာတစ်ဝန်းမှ သန်းပေါင်းများစွာသောသူတို့ သိရှိလာကြပြီ။ တည်ကြည်မှုနှင့်စပ်လျဉ်း၍ သင်၏ရှုမြင်ပုံကို သမ္မာကျမ်းစာအမှန်တရား၏အလင်းဖြင့် ဆန်းစစ်ကြည့်ရန် ယေဟောဝါသက်သေများ၏အကူအညီကို တောင်းဆိုပါ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သင်တို့သည် ယုံကြည်ခြင်း၌တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကိုကိုယ်စုံစမ်းကြလော့။”—၂ ကောရိန္သု ၁၃:၅။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဆန်းစစ်မေးမြန်းပြီး ၎င်းကို အဘယ်ကြောင့်ဆုပ်ကိုင်ထားကြောင်း ကိုယ့်ကိုယ်ကိုစစ်ဆေးမေးမြန်းရန် ရဲရင့်ဖို့လိုသည်၊ သို့သော် ထိုသို့ပြုခြင်း၏အကျိုးကား ယေဟောဝါဘုရားသခင်နှင့် ပိုမိုရင်းနှီးလာသည်ကိုတွေ့သည့်အခါ အကျိုးကြီးမားပေသည်။ အစောပိုင်းတွင်ဖော်ပြခဲ့သည့် အမျိုးသမီးက “ယေဟောဝါနဲ့ ကိုယ်တော့်စံနှုန်းတွေကို စောင့်သိရိုသေတဲ့အခါ မိသားစုနဲ့ဆက်ဆံရေးပိုသင့်မြတ်ပြီး ရပ်ကွက်သူရပ်ကွက်သားတွေနဲ့လည်း အသင့်အတင့်ရှိစေတယ်ဆိုတာ ကျွန်မတို့သိရှိခဲ့တယ်” ဟုဆိုရာတွင် လူအများ၏ ခံစားချက်များကို ဖော်ပြ၏။ စမ်းသပ်မှုများက မည်မျှပင်ခဲယဉ်းနေပါစေ ကျွန်ုပ်တို့သည် ယေဟောဝါကို တည်ကြည်မည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အပေါ် အမြဲတည်ကြည်ပါလိမ့်မည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
တိကျမှန်ကန်သောအသိပညာက ရှောလု စောင့်သိတည်ကြည်ရမည့်အရာကို ပြောင်းလဲစေခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သင်၏စောင့်သိတည်ကြည်မှုများကို သမ္မာကျမ်းစာအမှန်တရား၏ အလင်းတွင် စစ်ဆေးကြည့်ပါလေ
[Picture Credit Lines on page 4]
Churchill, upper left: U.S. National Archives photo; Joseph Göbbels, far right: Library of Congress