“ရှင်တို့ငွေကို ကျွန်မဘာဖြစ်လို့ ပြန်ပေးတယ်ဆိုတာ သိသလား”
“ရှင်တို့ငွေကို ကျွန်မဘာဖြစ်လို့ ပြန်ပေးတယ်ဆိုတာ သိသလား”
ဂျော်ဂျီယာသမ္မတနိုင်ငံ၊ ကက်စ်ပီခရိုင်တွင်နေထိုင်သူ သားသုံးယောက်ရှိ ကြင်ဖော်မဲ့မိခင် နားနားက “အိုး၊ ကျွန်မ ငွေအရမ်းလိုတယ်” ဟုတွေး၏။ တစ်မနက်တွင် ငွေအချို့ တွေ့လိုက်ရသည့်အတွက် သူ၏ဆန္ဒပြည့်ဝသွား၏။ သူသည် လာရီ ၃၀၀ ကို ရဲစခန်းအနီးတွင် တွေ့ ရှိခဲ့သည်။ ထိုတွင် မည်သူမျှမရှိချေ။ ငွေအတော်များသည်။ အမှန်မှာ လာရီသည် နိုင်ငံသုံးငွေကြေးဖြစ်လာသည့် ငါးနှစ်အတွင်း လာရီ ၁၀၀ တန်ငွေစက္ကူတစ်ရွက်ကိုမျှ နားနားမတွေ့ ဖူးခဲ့ချေ။ ဒေသခံကုန်သည်များသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်တွင်ပင် ထိုမျှလောက် ငွေမရနိုင်ချေ။
‘ငါ့ရဲ့ယုံကြည်ချက်၊ ဘုရားသခင့်ရေးရာကြောက်ရွံ့မှုနဲ့ ဝိညာဉ်ရေးကို ငါလက်လွတ်ဆုံးရှုံးလိုက်မယ်ဆိုရင် ဒီငွေကို ငါဘာလုပ်တော့မှာလဲ’ ဟုသူတွေးသည်။ သူသည် သူ၏ယုံကြည်ခြင်းကြောင့် ကြမ်းတမ်းသော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ရိုက်နှက်မှုများကိုပင် ခံခဲ့သည်အထိ ထိုခရစ်ယာန်အရည်အသွေးများကို ပြုစုပျိုးထောင်ခဲ့ပေပြီ။
ရဲစခန်းသို့သွားသည့်အခါ ရဲသားငါးဦးသည် တစ်ခုခုကို အပူတပြင်းရှာဖွေနေကြကြောင်း နားနားတွေ့လိုက်ရသည်။ ထိုငွေကို သူတို့ ရှာနေကြခြင်းဖြစ်မည်ကို သူသိ၍ သူတို့ထံချဉ်းကပ်သွားကာ “တစ်ခုခုပျောက်သလား” ဟုမေးလိုက်သည်။
“ငွေကျပျောက်သွားတယ်” ဟုသူတို့ဖြေကြသည်။
“ဘယ်လောက်လဲ”
“လာရီ သုံးရာ!”
နားနားက “ရှင်တို့ငွေကို ကျွန်မတွေ့ထားတယ်” ဟုဆို၏။ ထို့နောက် နားနားက “ရှင်တို့ငွေကို ကျွန်မဘာဖြစ်လို့ပြန်ပေးတယ်ဆိုတာ သိသလား” ဟုမေးလိုက်သည်။ သူတို့မသိကြပါ။
“ကျွန်မဟာ ယေဟောဝါသက်သေဖြစ်လို့ပဲ၊ မဟုတ်ရင် ရှင်တို့ငွေကို ကျွန်မပြန်လာပေးမှာမဟုတ်ဘူး” ဟုသူဆက်ပြောသည်။
ငွေပျောက်ဆုံးသွားသူ ရဲအရာရှိက နားနား၏ ရိုးသားမှုအတွက် လာရီ ၂၀ ချီးမြှင့်လိုက်သည်။
ဤသတင်းသည် ကက်စ်ပီခရိုင်တစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ နောက်တစ်နေ့တွင် ရဲစခန်းမှ သန့်ရှင်းရေးအလုပ်သမတစ်ဦးထွက်လာပြီး နားနားကို ဤသို့ပြောလေသည်– “ရှင့်ရဲ့စာပေတွေကို [အရာရှိကြီး] က သူ့ရုံးခန်းထဲမှာ အမြဲထားတတ်တယ်။ အခုဆိုရင် အရင်ကထက် အဲ့ဒီစာစောင်တွေကို သူပိုတန်ဖိုးထားမှာပဲ။” အခြားရဲအရာရှိတစ်ဦးက “လူတွေအားလုံးသာ ယေဟောဝါသက်သေတွေဖြစ်မယ်ဆိုရင် ရာဇဝတ်မှု ကျူးလွန်တဲ့သူ ရှိတော့မှာမဟုတ်ဘူး” ဟုပင်ပြောဆိုခဲ့၏။