သင့်ကို စဉ်းစားတွေးခေါ်နိုင်စွမ်းက မည်သို့ကာကွယ်စောင့်ရှောက်နိုင်သနည်း
သင့်ကို စဉ်းစားတွေးခေါ်နိုင်စွမ်းက မည်သို့ကာကွယ်စောင့်ရှောက်နိုင်သနည်း
မြင့်မားသောလှိုင်းလုံးကြီးများသည် ရင်သပ်ရှုမောဖွယ်မြင်ကွင်းဖြစ်၏၊ သို့သော် သင်္ဘောသားများအတွက် ထိုသို့သောလှိုင်းလုံးကြီးများသည် အန္တရာယ်လက္ခဏာပင်။ ထိုသို့လှိုင်းထန်နေခြင်းက အသက်ဘေး ကြုံရစရာအကြောင်းရှိ၏။
ထိုနည်းအတိုင်းပင်၊ ဘုရားသခင့်ကျေးကျွန်များသည် မိမိတို့ကိုလွှမ်းမိုးနစ်မြုပ်သွားစေနိုင်သော ဖိစီးမှု များသည်ထက်များလာသည်ကို တွေ့ရကြပေမည်။ ခရစ်ယာန်များအပေါ် စုပြုံလာတတ်သည့် စုံစမ်းမှုနှင့် သွေးဆောင်မှုလှိုင်းလုံး တစ်လုံးပြီးတစ်လုံး အိကျလာနေသည်ကို သင်သိမြင်ပေမည်။ ထိုအခါ သင်သည် ဝိညာဉ်ရေးသင်္ဘော မပျက်စေရဟုစိတ်ပိုင်းဖြတ်ကာ ယင်းတို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်တွန်းလှန်လိုပေမည်။ (၁ တိမောသေ ၁:၁၉) ယင်းကို သင်ခုခံကာကွယ်ရာ၌ စဉ်းစားတွေးခေါ်နိုင်စွမ်းသည် အရေးပါသည်။ ၎င်းကား အဘယ်နည်း၊ ၎င်းကို မည်သို့ရရှိနိုင်မည်နည်း။
“စဉ်းစားတွေးခေါ်နိုင်စွမ်း” ဟုဘာသာပြန်ဆိုထားသော မဇီမာဟူသည့် ဟေဗြဲစကားလုံး၏ရင်းမြစ်သည် “ကြိုတင်စီစဉ်သည် သို့မဟုတ် အကြံထုတ်သည်” ဟုအဓိပ္ပာယ်ရှိ၏။ (သု. ၁:၄) ထို့ကြောင့် ဘာသာပြန်ကျမ်းအချို့က မဇီမာကို “အမြော်အမြင်ရှိခြင်း” သို့မဟုတ် “တင်ကူးသိမြင်ခြင်း” ဟုဘာသာပြန်ဆိုသည်။ ကျမ်းပညာရှင်များဖြစ်သော ဂျေမေစင်၊ ဖောစက်နှင့် ဘရောင်းတို့က မဇီမာကို “အဆိုးကိုတိမ်းရှောင်၍ အကောင်းကိုတွေ့ရှိဖို့ သတိဝီရိယရှိခြင်း” ဟုဖော်ပြသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့အပြုအမူများ၏ ရေရှည်အကျိုးဆက်သာမက လတ်တလောအကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်။ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိခြင်းကြောင့် ပြုချင်ရာများကိုမပြုမီ အသေအချာစဉ်းစားမည်၊ အထူးသဖြင့် အရေးပါသောဆုံးဖြတ်ချက်များချချိန်တွင်ဖြစ်သည်။
စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသူတစ်ဦးသည် အနာဂတ်အတွက်ဖြစ်စေ၊ လက်ရှိအခြေအနေနှင့်ပတ်သက်၍ဖြစ်စေ ဆုံးဖြတ်ချက်များချရာတွင် ကျရောက်နိုင်ဖွယ်အန္တရာယ်များကို ဦးဆုံးဆန်းစစ်ကြည့်သည်။ ဖြစ်နိုင်ခြေရှိသောအန္တရာယ်များကို သိမြင်သည်နှင့်တစ်ပြိုင်နက် သူ၏ပတ်ဝန်းကျင်နှင့် အပေါင်းအသင်းများ၏ အကျိုးသက်ရောက်မှုကို ထည့်တွက်ပြီး ၎င်းတို့ကို မည်သို့ရှောင်နိုင်ကြောင်း အဖြေရှာကြည့်သည်။ ဤနည်းဖြင့် ရလဒ်ကောင်းသာမက ဘုရားသခင့်ကောင်းချီးများကိုပင် ခံစားစေမည့်လမ်းစဉ်ကို သူစီစဉ်ပေမည်။ ဤဖြစ်စဉ်ကို ရုပ်လုံးဖော်သည့် လက်တွေ့ကျပုံနမူနာအချို့ကို သုံးသပ်ကြည့်ကြပါစို့။
လိင်အကျင့်ယိုယွင်းခြင်းထောင်ချောက်ကိုရှောင်
လေသည် လှိုင်းလုံးကြီးများကို သင်္ဘောဦးပိုင်းသို့ ဦးတည်ရိုက်ခတ်စေသောအခါ ဦးတိုက်လှိုင်းဟုဆို၏။ သင်္ဘောသားများသည် လှိုင်းလုံးများကို ဦးတည်၍ မခုတ်မောင်းလျှင် သင်္ဘောမှောက်နိုင်သည်။
ကျွန်ုပ်တို့သည် လိင်ကိုစိတ်စွဲလမ်းသောလောက၌ အသက်ရှင်နေကြရာ ထပ်တူအခြေအနေမျိုးကို ရင်ဆိုင်ရကြသည်။ ကာမဂုဏ်ဆိုင်ရာအတွေးများ၊ ပုံရိပ်များသည် လှိုင်းလုံးများပမာ ကျွန်ုပ်တို့ထံ နေ့စဉ်ဦးတည်ရိုက်ခတ်လာသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏သာမန်သွေးသားဆန္ဒများအပေါ် အကျိုးသက်ရောက်နိုင်သည်ကို လျစ်လျူရှုမထားနိုင်ပေ။ ထို့ကြောင့် အန္တရာယ်ရှိအခြေအနေထဲ မသိမသာရွေ့သွားမည့်အစား သွေးဆောင်မှုကို ပြတ်ပြတ်သားသား ခုခံတားဆီးနိုင်ရန် စဉ်းစားတွေးခေါ်နိုင်စွမ်းကို အသုံးပြုကြရမည်။
ဥပမာ၊ အမျိုးသမီးများအား ကာမသားကောင်ဟုသာယူမှတ်၍ သူတို့ကို လုံးဝမလေးစားသူများနှင့် ခရစ်ယာန်အမျိုးသားများသည် တွဲဖက်အလုပ်လုပ်ကိုင်ရလေ့ရှိသည်။ ထိုလုပ်ဖော်ကိုင်ဖက်များသည် သူတို့၏စကားဝိုင်းများတွင် ရိုင်းပျသောပြက်လုံးများ၊ လိင်နှင့်ပတ်သက်ပြီး စောင်းချိတ်ပြောဆိုသည့်စကားလုံးများကို တရစပ်ပြောဆိုလေ့ရှိသည်။ ဤအသိုင်းအဝိုင်းမျိုးသည် ခရစ်ယာန်တစ်ဦး၏စိတ်ထဲ ညစ်ညမ်းသောအတွေးများ တဖြည်းဖြည်းမျိုးကြဲပေးနိုင်ပါသည်။
အလားတူ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် အလုပ်လုပ်ကိုင်ရသဖြင့် အခက်အခဲများကြုံတွေ့နိုင်ပေသည်။ သူသည် ကိုယ်ကျင့်တရားစံနှုန်းချင်းမတူသူ အမျိုးသား၊ အမျိုးသမီးများနှင့် တွဲဖက်အလုပ်လုပ်ကိုင်ရပေမည်။ အမျိုးသားလုပ်ဖော်ကိုင်ဖက်တစ်ဦးက သူ့ကိုစိတ်ဝင်စားနေပေမည်။ အစပိုင်းတွင် သူ့ကိုထောက်ထားစာနာပေမည်၊ သူ၏ဘာသာရေးရှုမြင်ချက်များကိုပင် လေးစားပေမည်။ ဇွဲကောင်းသည့်သူ၏ဂရုစိုက်မှုနှင့် အနေနီးစပ်ခြင်းတို့ကြောင့် သူတို့နှစ်ဦးသည် ပို၍ခင်မင်ရင်းနှီးလာလိုပေမည်။
ခရစ်ယာန်များအနေဖြင့် ဤသို့သောအခြေအနေမျိုးတွင် စဉ်းစားတွေးခေါ်နိုင်စွမ်းသည် မည်သို့ကူညီပေးနိုင်မည်နည်း။ ဦးဆုံးအနေနှင့် ယင်းက ဝိညာဉ်ရေးအန္တရာယ်များကို သတိရှိစေနိုင်သည်၊ ဒုတိယမှာ သင့်လျော်စွာပြုမူဆောင်ရွက်ဖို့ ကြိုတင်စီစဉ်ရန် လှုံ့ဆော်ပေးနိုင်သည်။ (သု. ၃:၂၁-၂၃) ဤသို့သောကိစ္စမျိုးတွင် ကျွန်ုပ်တို့၏ကျမ်းဆိုင်ရာ ယုံကြည်ချက်များကြောင့် ကျွန်ုပ်တို့၏စံနှုန်းများသည် အခြားလုပ်ဖော်ကိုင်ဖက်များနှင့်မတူကြောင်း ရှင်းရှင်းသိစေဖို့လိုပေမည်။ (၁ ကောရိန္သု ၆:၁၈) ကျွန်ုပ်တို့၏အပြောအဆိုနှင့် အမူအကျင့်တို့က ယင်းကိုပိုမိုခိုင်မာစေနိုင်သည်။ ထို့အပြင် တစ်စုံတစ်ရာသောလုပ်ဖော်ကိုင်ဖက်တို့နှင့် ပေါင်းသင်းမှုကိုကန့်သတ်ဖို့ လိုပေမည်။
သို့ရာတွင် အကျင့်ယိုယွင်းခြင်းနှင့်ဆိုင်သော ဖိအားပေးမှုများသည် အလုပ်ခွင်၌သာရှိသည်မဟုတ်ပါ။ အိမ်ထောင်သည်မောင်နှံစုံတစ်စုံသည် ပြဿနာများကြောင့် သူတို့၏စည်းလုံးမှုကို ပြိုကွဲသွားစေလျှင် ထိုအဖြစ်မျိုးကြုံနိုင်သည်။ နယ်လှည့်ဓမ္မအမှုဆောင်တစ်ဦးက ဤသို့ဖော်ပြခဲ့သည်– “အိမ်ထောင်ပြိုကွဲမှုသည် ချက်ချင်းလက်ငင်းဖြစ်ပေါ်လာသည်မဟုတ်။ မောင်နှံစုံတစ်စုံသည် တဖြည်းဖြည်းအနေဝေးလာမည်၊ အချင်းချင်းစကားအပြောအဆို နည်းလာမည်၊ အတူနေချိန်လည်း နည်းလာမည်။ ထိုအခါ သူတို့အိမ်ထောင်ရေး၏ အနှစ်သာရကင်းမဲ့မှုကိုဖာထေးရန် ဥစ္စာစုဆောင်းကြပေမည်။ သူတို့သည် တစ်ဦးကိုတစ်ဦး အားရဝမ်းသာချီးမွမ်းပြောဆိုခြင်း မပြုကြသောကြောင့် အခြားလိင်ခြားသူများကို စိတ်ဝင်စားသွားနိုင်သည်။”
အတွေ့အကြုံများသော ဤဓမ္မအမှုဆောင်က ဤသို့ဆက်ပြောသည်– “အိမ်ထောင်သည် မောင်နှံစုံများသည် မိမိတို့၏ဆက်ဆံရေးကို အန္တရာယ်ပြုနေသောအရာ တစ်စုံတစ်ခုရှိမရှိ အခါအားလျော်စွာ အတူထိုင်ပြီး ဆင်ခြင်သုံးသပ်သင့်သည်။ အတူတကွ လေ့လာဆုတောင်းပြီး ဟောပြောနိုင်သည့်နည်းများကို သူတို့ကြိုတင်စီစဉ်သင့်သည်။ သူတို့သည် မိဘနှင့် သားသမီးများ ပြုလုပ်ကြရသကဲ့သို့ ‘အိမ်၌ဖြစ်စေ၊ ခရီး၌ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ’ အချင်းချင်းစကားပြောဆိုကြခြင်းဖြင့် အကျိုးများစွာရှိမည်။”—တရားဟောရာ ၆:၇-၉။
ခရစ်ယာန်မဆန်သော အမူအကျင့်ကို နိုင်နင်းခြင်း
စဉ်းစားတွေးခေါ်နိုင်စွမ်းသည် ကိုယ်ကျင့်တရားဆိုင်ရာ သွေးဆောင်မှုများကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကူညီပေးမည့်အပြင် ခရစ်ယာန်ချင်းများနှင့်ဖြစ်သော ပြဿနာများကို ဖြေရှင်းနိုင်ဖို့လည်း ကူညီပေးနိုင်သည်။ လေသည် လှိုင်းလုံးများကို သင်္ဘောပဲ့ပိုင်းသို့ ဦးတည်တိုက်ခတ်သည့်အခါ သင်္ဘောဦးတည်ရာဘက်သို့ရွေ့လျားသည့် လှိုင်းလုံးများကိုဖြစ်ပေါ်စေသည်။ ဤအချိန်အခါမျိုးတွင် လှိုင်းလုံးများသည် သင်္ဘောပဲ့ပိုင်းကို ပင့်တင်ပြီး ဘေးတိုက်ဖြစ်သွားစေနိုင်၏။ ယင်းကြောင့် သင်္ဘောသည် လှိုင်းနှင့်ဘေးတိုက်အနေအထားသို့ ရောက်သွားပြီး လှိုင်းလုံးများကို ခုခံကာကွယ်နိုင်စွမ်းမရှိတော့ချေ။
ကျွန်ုပ်တို့လည်း မမျှော်လင့်သောအရပ်မှပေါ်လာသော အန္တရာယ်ကို ကြုံရနိုင်သည်။ ကျွန်ုပ်တို့သည် တည်ကြည်သောခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများနှင့်အတူ “ပခုံးချင်းယှဉ်၍” ယေဟောဝါအမှုတော်ထမ်းကြသည်။ (ဇေဖနိ ၃:၉) သူတို့အထဲမှတစ်ဦးတစ်ယောက်က ခရစ်ယာန်မဆန်သောအပြုအမူကို ပြုမူလိုက်မည်ဆိုလျှင် ယုံကြည်စိတ်ချမှု ပျက်ပြားသွားစေမည်ဖြစ်ရာ အကြီးအကျယ်စိတ်နာကြည်းသွားနိုင်သည်။ စဉ်းစားတွေးခေါ်နိုင်စွမ်းသည် ကျွန်ုပ်တို့၏ဟန်ချက် ပျက်ပြားသွားခြင်း၊ အလွန်အကျွံထိခိုက်နာကျင်သွားခြင်း မဖြစ်စေရန် မည်သို့တားဆီးပေးနိုင်သနည်း။
“မပြစ်မှားတတ်သောလူ တစ်ယောက်မျှမရှိ” သည်ကို ပြန်သတိရပါ။ (၃ ဓမ္မရာဇဝင် ၈:၄၆) ထို့ကြောင့် ခရစ်ယာန်ညီအစ်ကိုတစ်ဦးတစ်ယောက်သည် ကျွန်ုပ်တို့ကို တစ်ခါတစ်ရံ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်၊ စိတ်ထိခိုက်စေနိုင်သည်ကို မအံ့သြသင့်ချေ။ ယင်းကိုကြိုတင်သိထားခြင်းဖြင့် ဖြစ်နိုင်ခြေရှိသောထိုကိစ္စအတွက် အသင့်ရှိနိုင်၏၊ ထိုအခါ မည်သို့တုံ့ပြန်သင့်ကြောင်း ကြိုတင်စဉ်းစားထားနိုင်သည်။ ခရစ်ယာန်ညီအစ်ကိုအချို့က တမန်တော်ပေါလုကို မထီမဲ့မြင်ပြုလျက် စိတ်နာအောင်ပြောဆိုသောအခါ သူမည်သို့တုံ့ပြန်ခဲ့သနည်း။ ဝိညာဉ်ရေးဟန်ချက်ကို ပျက်သွားစေမည့်အစား လူ့မျက်နှာသာရခြင်းထက် ယေဟောဝါ၏မျက်နှာသာတော်ရခြင်းသည် သာ၍အရေးပါသည်ဟု ပေါလုကောက်ချက်ချခဲ့သည်။ (၂ ကောရိန္သု ၁၀:၁၀-၁၈) ဤသဘောထားမျိုးရှိခြင်းက စိတ်ဆိုးစရာအကြောင်း ပေါ်လာသောအခါ စိတ်လိုက်မာန်ပါ တုံ့ပြန်ခြင်းကိုရှောင်စေသည်။
ယင်းသည် ခလုတ်တိုက်မိခြင်းနှင့် အလားသဏ္ဌာန်တူသည်။ ထိုသို့ခလုတ်တိုက်မိသောအခါ တစ်မိနစ်၊ နှစ်မိနစ်ခန့် စိတ်တည်ငြိမ်စွာ စဉ်းစားနိုင်မည်မဟုတ်ပါ။ သို့သော် အနာသက်သာသွားပြီးနောက် ပုံမှန်အတိုင်းဆင်ခြင်၍ ပြုမူနိုင်၏။ အလားတူ ကြင်နာမှုကင်းမဲ့သောအပြောအဆို သို့မဟုတ် အပြုအမူကို ကျွန်ုပ်တို့ချက်ချင်းမတုံ့ပြန်သင့်ပါ။ ယင်းအစား မဆင်မခြင်လက်တုံ့ပြန်ခြင်း၏ အကျိုးဆက်များကို ရပ်တန့်၍စဉ်းစားပါ။
နှစ်ရှည်[ခရစ်ယာန်]သာသနာပြုတစ်ဦးဖြစ်သူ မယ်လ်ကမ်သည် ပြစ်မှားခံရသောအခါ မည်သို့ပြုမူကြောင်း ရှင်းပြခဲ့သည်။ “ပထမဦးဆုံး ဒီလိုမေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုမေးတယ်– ဒီညီအစ်ကိုကို ငါစိတ်ဆိုးတာ သူနဲ့ငါမတည့်လို့လား။ သူပြောတာတွေဟာ တကယ်အရေးယူစရာလား။ ငှက်ဖျားမိဖူးလို့များ ငါ့စိတ်ကို မထိန်းနိုင်တာလား။ နာရီအနည်းငယ်ကြာရင် ငါ့အမြင် တမျိုးဖြစ်သွားမလား။” မယ်လ်ကမ်တွေ့ရှိခဲ့သည့်အတိုင်း သဘောထားကွဲလွဲမှုများသည် အများအားဖြင့် အရေးမကြီးဘဲ မေ့ပျောက်လိုက်နိုင်ပါသည်။မယ်လ်ကမ်က ဤသို့ထပ်ဆင့်ဆိုသည်– “တစ်ခါတလေ ရှင်းပြဖို့ ကျွန်တော်ဘယ်လိုပဲကြိုးစားကြိုးစား အဲဒီညီအစ်ကိုက စိမ်းကားနေတုန်းပဲ။ ဒီအတွက် ကျွန်တော်စိတ်အနှောင့်အယှက် မဖြစ်ဖို့ကြိုးစားတယ်။ အတတ်နိုင်ဆုံးကြိုးစားပြီးတဲ့နောက် ဒါကို တခြားရှုထောင့်က ရှုမြင်လိုက်တယ်။ ဒီကိစ္စကို ကိုယ့်ပြဿနာလို့သဘောမထားဘဲ ‘ဆိုင်း’ ထားလိုက်တယ်။ ဒီကိစ္စကြောင့် ကျွန်တော့်ရဲ့ဝိညာဉ်ရေးကို မကျစေဘူး၊ ယေဟောဝါနဲ့ ညီအစ်ကိုတွေနဲ့ဆက်ဆံရေးကိုလည်း မထိခိုက်စေဘူး။”
မယ်လ်ကမ်ကဲ့သို့ ကျွန်ုပ်တို့သည် လူတစ်ဦး၏မကောင်းသောအမူအကျင့်ကြောင့် အလွန်အမင်းစိတ်အနှောင့်အယှက် ဖြစ်မနေသင့်ပါ။ အသင်းတော်တိုင်းတွင် ခင်မင်စရာကောင်းသော တည်ကြည်သည့်ညီအစ်ကို၊ ညီအစ်မများစွာရှိပါသည်။ ခရစ်ယာန်လမ်းစဉ်ကို သူတို့နှင့် “တညီတညွတ်တည်း” လျှောက်လှမ်းရခြင်းသည် နှစ်ထောင်းအားရစရာပင်။ (ဖိလိပ္ပိ ၁:၂၇) ကျွန်ုပ်တို့ကောင်းကင်ခမည်းတော်၏ မေတ္တာပါသောထောက်မကူညီမှုကို ပြန်သတိရခြင်းကလည်း ကိစ္စရပ်များကို အရှိအတိုင်း သုံးသပ်ရှုမြင်စေပါလိမ့်မည်။—ဆာလံ ၂၃:၁-၃; သု. ၅:၁၊ ၂; ၈:၁၂။
ဤလောကရှိ အရာတို့ကို မချစ်ခြင်း
စဉ်းစားတွေးခေါ်နိုင်စွမ်းသည် မသိသာသော အခြားဖိအားပေးမှုတစ်ခုကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အထောက်အကူပြုနိုင်သည်။ လေသည် လှိုင်းလုံးများကို သင်္ဘော၏ဗြက်သို့ သို့မဟုတ် နံဘေးသို့ ဦးတည်တိုက်ခတ်သည့်အခါ ယင်းသည် ဘေးတိုက်လှိုင်းဖြစ်သည်။ သာမန်အခြေအနေမျိုးတွင် ဤသို့သောပင်လယ်လှိုင်းသည် သင်္ဘောကို တဖြည်းဖြည်း လမ်းကြောင်းမှသွေဖည်သွားစေနိုင်သည်။ မုန်တိုင်းတိုက်နေစဉ်မူ ဘေးတိုက် ရိုက်ခတ်သောလှိုင်းသည် သင်္ဘောကိုမှောက်စေနိုင်၏။
၂ တိမောသေ ၄:၁၀) ဤလောကကိုချစ်သည့်စိတ်ကို ကျွန်ုပ်တို့မထိန်းသိမ်းပါက နောက်ဆုံးတွင် ကျွန်ုပ်တို့၏ ခရစ်ယာန်လမ်းစဉ်ကို လုံးလုံးစွန့်ခွာသွားစေနိုင်သည်။ (၁ ယောဟန် ၂:၁၅) စဉ်းစားတွေးခေါ်နိုင်စွမ်းက ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်သနည်း။
ထိုနည်းတူ၊ ဤဆိုးသွမ်းသောလောကကြီး ကမ်းလှမ်းသည့်အရာအားလုံး၌ပျော်မွေ့ရန် ကျွန်ုပ်တို့ဖိအားပေးခံမည်ဆိုလျှင် စည်းစိမ်ဥစ္စာကိုအဓိကထားသော ဤဘဝပုံစံက ဝိညာဉ်ရေးလမ်းလွဲသွားစေနိုင်သည်။ (ဦးဆုံး၊ ကျွန်ုပ်တို့သည် အဘယ်အန္တရာယ်များ ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း ၎င်းဖြင့်ခန့်မှန်းနိုင်ပါလိမ့်မည်။ ဤလောကသည် ကျွန်ုပ်တို့ကို သွေးဆောင်ဖြားယောင်းရန် စိတ်ကူး၍ရနိုင်သမျှ ရောင်းဝယ်ခြင်းနည်းပရိယာယ်ကိုအသုံးပြုသည်။ ၎င်းသည် လူတိုင်းလိုက်စားသင့်သည်ဟု ယူဆစေသော ဘဝပုံစံဖြစ်သည့် ချမ်းသာကြွယ်ဝသော၊ မက်မောဖွယ်ကောင်း၍ “အောင်မြင်သော” ဝါကြွားသည့်ဘဝပုံစံကို အမြဲအားပေးအားမြှောက်ပြုသည်။ (၁ ယောဟန် ၂:၁၆) လူတိုင်း အထူးသဖြင့် သက်တူရွယ်တူများနှင့် အိမ်နီးချင်းများ၏ အားကျနှစ်သက်မှုရရှိမည်ဟု ကတိပြုသည်။ စဉ်းစားတွေးခေါ်နိုင်စွမ်းသည် ဤဝါဒဖြန့်မှုကို တိုက်ဖျက်ပေးပါလိမ့်မည်၊ ယေဟောဝါသည် ‘ကျွန်ုပ်တို့ကိုမစွန့်’ ဟုကတိထားတော်မူသည်ဖြစ်ရာ ‘ငွေကိုတပ်မက်ခြင်းနှင့်ကင်းလွတ်နေ’ ဖို့အရေးကြီးကြောင်း ကျွန်ုပ်တို့ကိုသတိရစေသည်။—ဟေဗြဲ ၁၃:၅။
ဒုတိယမှာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းသည် “[အမှန်]တရားလမ်းမှလွဲသွား” ကြသူများနောက်သို့မလိုက်ဖို့ ကျွန်ုပ်တို့ကိုတားဆီးပေးပါလိမ့်မည်။ (၂ တိမောသေ ၂:၁၈) ကျွန်ုပ်တို့ကြိုက်နှစ်သက်ပြီး ယုံကြည်အားထားသူများကို ဆန့်ကျင်ရန် မလွယ်ကူပေ။ (၁ ကောရိန္သု ၁၅:၁၂၊ ၃၂-၃၄) ခရစ်ယာန်လမ်းစဉ်ကို စွန့်ခွာခဲ့သူများ၏လွှမ်းမိုးမှု အနည်းငယ်မျှခံရလျှင်ပင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးတိုးတက်မှုကို ဟန့်တားနိုင်ပြီး အဆုံးတွင် အန္တရာယ်ကျရောက်စေနိုင်သည်။ ဦးတည်ရာခရီးလမ်းကြောင်းမှ တစ်ဒီကရီသာ သွေဖည်သွားသောသင်္ဘောနှင့် ကျွန်ုပ်တို့တူနိုင်သည်။ ခရီးရှည်သွားပြီးနောက်တွင် ၎င်းသင်္ဘောသည် လိုရာခရီးမရောက်ဘဲ အလွန်ဝေးကွာနေကြောင်း တွေ့ရှိရပေမည်။—ဟေဗြဲ ၃:၁၂။
ဝိညာဉ်ရေးသဘောအရ ကျွန်ုပ်တို့အဘယ်အခြေအနေ၌ရှိပြီး အဘယ်သို့ဦးတည်သွားနေကြောင်း စဉ်းစားတွေးခေါ်နိုင်စွမ်းက အဆုံးအဖြတ်ပေးနိုင်သည်။ ခရစ်ယာန်လုပ်ငန်းဆောင်တာများတွင် ကျွန်ုပ်တို့ပို၍ပါဝင်ဖို့လိုသည်ဟု တွေ့ရှိကောင်းတွေ့ရှိပေမည်။ (ဟေဗြဲ ၆:၁၁၊ ၁၂) သက်သေခံလူငယ်တစ်ဦးသည် ဝိညာဉ်ရေးပန်းတိုင်များကိုမီအောင်လိုက်ဖို့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မည်သို့အသုံးပြုခဲ့ကြောင်း သတိပြုပါ– “သတင်းစာဆရာတစ်ယောက်ဖြစ်ဖို့ ကျွန်တော် အခွင့်အလမ်းရရှိထားတယ်။ ဒီအလုပ်ကို ကျွန်တော် တကယ်သဘောကျတယ်၊ ဒါပေမဲ့ ဒီ ‘လောက ရွေ့သွားကွယ်ပျောက်’ ပြီး ‘ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူ’ တွေကျတော့ ‘ထာဝရတည်မည်’ ဆိုတဲ့ကျမ်းချက်ကိုလည်း ပြန်သတိရမိတယ်။ (၁ ယောဟန် ၂:၁၇) ဒါကြောင့် ကျွန်တော်အသက်ရှင်နေထိုင်ပုံက ကျွန်တော့်ရဲ့ယုံကြည်ချက်တွေကို ထင်ဟပ်ပြသင့်တယ်လို့ စဉ်းစားမိတယ်။ ကျွန်တော့်မိဘတွေလို ခရစ်ယာန်လမ်းစဉ်ကို ကျွန်တော် မစွန့်ခွာချင်ဘူး။ ဒါကြောင့် ရည်ရွယ်ချက်ရှိတဲ့ဘဝနဲ့ အသက်ရှင်ပြီး မှန်မှန်ရှေ့ဆောင်အဖြစ် အချိန်ပြည့်ဓမ္မအမှုဆောင်မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။ အားရကျေနပ်စရာကောင်းတဲ့ လေးနှစ်တာကုန်လွန်ခဲ့တာကိုထောက်ပြီး ကျွန်တော့်ရွေးချယ်မှု မှန်ကန်တယ်လို့ ကျွန်တော်ပြောနိုင်တယ်။”
ဝိညာဉ်ရေးမုန်တိုင်းများကို အောင်မြင်စွာရင်ဆိုင်ခြင်း
ယနေ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို အသုံးပြုရန် အဘယ်ကြောင့် ဤမျှအရေးတကြီးဖြစ်ရသနည်း။ သင်္ဘောသားများသည် အထူးသဖြင့် မုန်တိုင်းဆင်နေသောအခါ အန္တရာယ်သင်္ကေတများကို သတိထားရကြသည်။ အပူချိန်ကျသွားပြီး လေပြင်းထန်လာလျှင် သင်္ဘောကုန်းပတ်ပေါက်များကို အဖုံးပိတ်သည့်ကန့်လန့်ကျင်ချ ဇလီသတ်ပြီး အဆိုးဆုံးအခြေအနေအတွက် အသင့်ပြင်ဆင်ကြသည်။ ထိုနည်းတူ၊ ဤအစီအစဉ်စနစ်အဆုံးနီးလာသည်နှင့် ကျွန်ုပ်တို့သည် ကြီးမားပြင်းထန်သော ဖိအားပေးမှုများကို ရင်ဆိုင်ခံရပ်နိုင်ဖို့ ပြင်ဆင်ကြရမည်။ လူ့ဘောင်အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားသည် ဖရိုဖရဲပြိုကွဲနေပြီး ‘ဆိုးညစ်သူတို့သည် ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွား’ လျက်ရှိသည်။ (၂ တိမောသေ ၃:၁၃) သင်္ဘောသားများသည် မိုးလေဝသကြိုတင်ခန့်မှန်းချက်များကို မှန်မှန်နားထောင်ကြရသကဲ့သို့ ဘုရားသခင့်မှုတ်သွင်းခံစကားတော်၏ ပရောဖက်ပြုသတိပေးချက်များကို ကျွန်ုပ်တို့အာရုံစိုက်ကြရမည်။—ဆာလံ ၁၉:၇-၁၁။
စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကျွန်ုပ်တို့အသုံးပြုကြသောအခါ ထာဝရအသက်သို့ပို့ဆောင်သော အသိပညာကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးကြ၏။ (ယောဟန် ၁၇:၃) ပြဿနာများကြုံရမည်ကို ကျွန်ုပ်တို့မျှော်လင့်ထားပြီး ၎င်းတို့ကို မည်သို့ဖြေရှင်းရကြောင်း ကြိုတင်ဆုံးဖြတ်နိုင်သည်။ ဤနည်းဖြင့် ခရစ်ယာန်လမ်းစဉ်မှ သွေဖည်မသွားဖို့ ကျွန်ုပ်တို့အသင့်ပြင်ဆင်ထားကြမည်၊ ထို့ပြင် ဝိညာဉ်ရေးပန်းတိုင်များချမှတ်ပြီး မီအောင်လိုက်ခြင်းအားဖြင့် ‘အနာဂတ်အတွက် အုတ်မြစ်ကောင်း’ ချနိုင်ကြသည်။—၁ တိမောသေ ၆:၁၉။
ကျွန်ုပ်တို့သည် လက်တွေ့ကျဉာဏ်ပညာနှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းကို စောင့်ရှောက်ကြမည်ဆိုလျှင် “ရုတ်တရက်ရောက်သော . . . ဘေးကို ကြောက်စရာ” မလိုပါ။ (သု. ၃:၂၁၊ ၂၅၊ ၂၆၊ သမ္မာ) ယင်းအစား ဘုရားသခင်၏ဤကတိတော်မှ နှစ်သိမ့်မှုရယူနိုင်ကြသည်– “ဉာဏ်ပညာသည် သင့်နှလုံးထဲဝင်၍ အသိပညာကိုလည်း သင့်စိုးလ်ကနှစ်သက်သောအခါ စဉ်းစားတွေးတောနိုင်သည့်အရည်အချင်းသည် သင့်ကိုကာကွယ်စောင့်ထိန်း . . . လိမ့်မည်။”—သု. ၂:၁၀၊ ၁၁၊ ကဘ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 19 ခရစ်ယာန်များသည် မဿဲ ၅:၂၃၊ ၂၄ ပါအကြံပေးချက်နှင့်အညီ အသင့်အတင့်နေဖို့ကြိုးစားသင့်သည်။ ကြီးလေးသောအပြစ်များ ဖြစ်မည်ဆိုလျှင် မဿဲ ၁၈:၁၅-၁၇ တွင်ဖော်ပြထားသည့်အတိုင်း သူတို့၏ညီအစ်ကိုကို ပြန်ရဖို့ကြိုးစားသင့်သည်။ ကင်းမျှော်စင်၊ ၁၉၉၉၊ အောက်တိုဘာ ၁၅၊ စာမျက်နှာ ၁၇-၂၂ ကိုရှု။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
မှန်မှန်ဆက်သွယ်ခြင်းက အိမ်ထောင်ရေးကို တည်ဆောက်ပေး