မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်သမာဓိကို သင်စောင့်ထိန်းထားမည်လော

သင့်သမာဓိကို သင်စောင့်ထိန်းထားမည်လော

သင့်​သမာဓိကို သင်​စောင့်ထိန်း​ထား​မည်​လော

မ​နေ့​က စာ​ကလေး မည်မျှ​သေသွား​သနည်း။ မည်သူမျှ သိမည်​မဟုတ်​ချေ၊ ဤမျှ​များပြား​သည့် ငှက်​များ​ကို ဂရုစိုက်​သူ နည်း​၏။ သို့သော် ယေဟောဝါ​မူ​ကား ဂရုစိုက်​တော်​မူ​၏။ အမြင်​အားဖြင့် တန်ဖိုး​မရှိသော ဤ​ငှက်​များနှင့်​ပတ်သက်​၍ ယေရှု​က တပည့်​များ​ကို ဤသို့​မိန့်ဆိုခဲ့​၏– “သင်တို့​အဘ အခွင့်​မ​ရှိလျှင် ထို​စာငှက်​တစ်ကောင်​မျှ မြေ​သို့​မကျ​ရ။” ကိုယ်တော်​က ဤသို့​ထပ်ဆင့်​မိ​န့်​ခဲ့​၏– “မကြောက်​ကြ​နှင့်။ သင်တို့သည် စာငှက်​အများ​တို့​ထက် သာ၍​မြတ်​ကြ​၏။”—မဿဲ ၁၀:၂၉၊ ၃၁

တပည့်​များသည် မိမိတို့ကို ယေဟောဝါ မည်မျှ​တန်ဖိုး​ထား​ကြောင်း နောက်ပိုင်း​တွင် သဘောပေါက်​လာ​ခဲ့​ကြသည်။ တပည့်​တစ်ဦး​ဖြစ်သူ တမန်​တော်​ယောဟန်​က ဤသို့​ရေးသားခဲ့​သည်– “သားတော်​အားဖြင့် ငါ​တို့သည် အသက်ရှင်​စေခြင်း​ငှာ၊ ဘုရားသခင်​သည် တစ်ပါး​တည်း​သော သားတော်ကို ဤ​လောက​သို့ စေလွှတ်​တော်​မူ​သော​အရာ​၌ ငါ​တို့ကို ချစ်တော်မူ​သော မေတ္တာတော်​သည် ထင်ရှား​လျက်​ရှိ၏။” (၁ ယောဟန် ၄:၉) ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​ကို ရွေးနုတ်ဖိုး​ပြင်ဆင်​ပေး​သည့်​အပြင် “ငါသည် သင့်ကို​မစွန့်၊ သင့်ကို အလျှင်း​ပစ်​၍​မထား” ဟူ၍လည်း အာမခံ​တော်​မူ​၏။—ဟေဗြဲ ၁၃:၅

လူမျိုးတော်​အတွက် ယေဟောဝါ​၏​မေတ္တာတော်​သည် မပြောင်းလဲ​ကြောင်း ထင်ရှား​ပါ​သည်။ သို့ရာတွင် မေးစရာ​ကား ‘ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို ဘယ်တော့​မျှ မစွန့်ခွာ​သည့်​အထိ ကိုယ်တော့်​ကို အလွန်​ချစ်​မြတ်နိုး​သလော’ ဖြစ်သည်။

ကျွန်ုပ်​တို့၏​သမာဓိကို ချိုးဖျက်​ရန် စာတန်​၏ ကြိုးစား​မှုများ

ယေဟောဝါ​သည် ယောဘ​၏​သမာဓိကို စာတန်​အား ထောက်ပြ​သောအခါ စာတန်​က “ယောဘသည် အကျိုး​မရဘဲ ဘုရား[သခင်]ဝတ်​ကို ပြု​သလော” ဟု​ခွန်းတုံ့ပြန်​ခဲ့​သည်။ (ယောဘ ၁:၉) ‘ရရှိ​မည့် အကျိုးကျေးဇူးများ’ ကို​ထောက်၍ ဘုရားသခင်​အား လူ​တို့ တည်ကြည်​ကြ​ခြင်း​ဖြစ်သည်ဟု စာတန် ဆိုလို​နေခြင်း​ဖြစ်သည်။ ယင်းသည် မှန်ကန်​ခဲ့​သော် မက်မော​စ​ရာ​တစ်ခုခု ကမ်း​လှမ်း​ခံရ​သည့်​အခါ အဘယ်​ခရစ်ယာန်​မဆို​၏ သမာဓိကို ချိုးဖျက်​နိုင်​မည်​ဖြစ်သည်။

ယောဘ​၏​အဖြစ်အပျက်​တွင် စာတန်​က ယောဘသည် သူ​အမြတ်နိုးဆုံး​အရာများ ဆုံးရှုံး​သွား​လျှင် ဘုရားသခင်​အပေါ်​ထား​ရှိသည့် သူ၏​တည်ကြည်မှု​ကို စွန့်​လိမ့်​မည်​ဟု အစပိုင်း​တွင် ပြောဆို​ခဲ့​သည်။ (ယောဘ ၁:၁၀၊ ၁၁) ဤ​စွဲချက် မှား​ကြောင်း ထင်ရှားသော​အခါ စာတန်​က “လူသည် မိမိ​အသက်ဖို့ မိမိ​ဥစ္စာ​ရှိသမျှကို ပေး​ပါ​လိမ့်​မည်” ဟု​ယိုးစွပ်​ပြန်​သည်။ (ယောဘ ၂:၄) စာတန်​၏​အဆို​သည် လူ​အချို့​အတွက် မှန်​ကောင်း​မှန်​မည်​ဖြစ်သော်လည်း ယောဘ​မူ​ကား သူ၏​တည်ကြည်မှု​ကို လုံးဝ​မစွန့်​ခဲ့​ချေ။ ယင်းကို သမိုင်းက​ဖော်ပြ​သည်။ (ယောဘ ၂၇:၅; ၄၂:၁၀-၁၇) အလားတူ တည်ကြည်မှု​မျိုး သင်၌ ရှိပါ​သလော။ သင်၏​သမာဓိကို စာတန်​အား ချိုးဖျက်​ခွင့်ပြု​မည်​လော။ ခရစ်ယာန်​တိုင်း​နှင့်​ပတ်သက်​သည့် အမှန်တရား​အချို့​ကို ကျွန်ုပ်​တို့​ဆန်းစစ်​ကြည့်​ရာ​တွင် သင့်​အကြောင်း​သင် သုံးသပ်ကြည့်​ပါ။

စစ်မှန်သော ခရစ်ယာန်​တည်ကြည်မှု​သည် အမှန်တကယ်​ခိုင်ခံ့​မြဲမြံ​နိုင်​သည်​ဟု တမန်​တော်​ပေါလု ယုံကြည်ခဲ့​သည်။ သူက “‘သေခြင်း​ဖြစ်စေ၊ အသက်ရှင်ခြင်း​ဖြစ်စေ၊ . . . မျက်မှောက်​အရာ​ဖြစ်စေ၊ နောင်​လာ​လတ္တံ့​သော​အရာ​ဖြစ်စေ၊ . . . ဤ​အရာ​မှ​စ၍ အဘယ်​နိမ္မိ​တ​အရာ​မျှ​သည် ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့်​ခံရ​သော ဘုရားသခင်​၏ မေတ္တာတော်​နှင့် ငါ​တို့ကို မကွာစေ​နိုင်​ဟု ငါသည် သဘောကျ [“ယုံကြည်​စိတ်ချ၊” က​ဘ] လျက်​ရှိ၏’” ဟူ၍ ရေးသားခဲ့​သည်။ (ရောမ ၈:၃၈၊ ၃၉) ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့​မေတ္တာသည် ခိုင်ခံ့​မြဲမြံ​မည်​ဆိုလျှင် ထပ်တူ​ယုံကြည်​စိတ်ချမှု​မျိုး ရှိ​နိုင်​ကြ​ပါ​သည်။ ဤသို့​သော​မေတ္တာ​မျိုး​သည် သေခြင်း​ပင် အနိုင်​မ​ပိုင်း​နိုင်​သည့် ခိုင်မြဲ​သော​နှောင်ကြိုး​ဖြစ်၏။

ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​သည် ထိုသို့​ဖြစ်​မည်​ဆိုလျှင် ‘နောက်​နှစ်​အနည်းငယ်​မှာ ယေဟောဝါ​ကို ငါ​ဆက်​ပြီး​ကိုးကွယ်နေ​ဦး​မှာ​လား’ ဟု​ဘယ်​သောအခါ​မျှ မေး​ကြ​မည်​မဟုတ်ပေ။ ဤသို့​သောမ​ရေ​ရာ​မသေချာမှု​က ဘုရားသခင်​ကို ကျွန်ုပ်​တို့​တည်ကြည်​ခြင်း​သည် ကျွန်ုပ်​တို့၏​ဘဝ​အသက်တာ​အတွင်း ဖြစ်ပျက်​ရာ​များ​အပေါ် မူတည်​သည်​ဟု ဆို​နေ​ပုံ​ပေါက်​သည်။ စစ်မှန်သော​သမာဓိ​သည် ပြင်ပ​အခြေအနေ​များ​အပေါ် မ​မူတည်​ချေ။ ကျွန်ုပ်​တို့၏​အတွင်းလူ​အပေါ် မူတည်​သည်။ (၂ ကောရိန္သု ၄:၁၆-၁၈) ယေဟောဝါ​ကို ကျွန်ုပ်​တို့ စိတ်နှလုံး​အကြွင်းမဲ့ ချစ်​မြတ်နိုး​မည်​ဆိုလျှင် ကိုယ်တော့်​ကို ဘယ်တော့​မျှ စိတ်ထိခိုက်​စေမည်​မဟုတ်​ချေ။—မဿဲ ၂၂:၃၇; ၁ ကောရိန္သု ၁၃:၈

သို့သော် စာတန်​သည် ကျွန်ုပ်​တို့၏​သမာဓိကို ချိုးဖျက်​ရန် သဲ​သဲ​မဲ​မဲ​ကြိုးစား​နေကြောင်း သတိရ​ကြ​မည်။ သူသည် ကိုယ်ကာယ​တပ်မက်​ခြင်း၊ ရွယ်တူ​ခြင်း​ဖိအား​တို့ကို အလျှော့ပေး​လိုက်လျော​မိ​စေရန် သွေးဆောင်​၍ အမှန်တရားကို စွန့်လွှတ်​ရန် ဆင်းရဲခြင်း​တစ်မျိုး​မျိုး ကျရောက်​ခွင့် ပြု​မည်​ဖြစ်သည်။ ကျွန်ုပ်​တို့၏​မစုံလင်မှု​က စာတန်​၏​လုပ်ဆောင်မှုကို သာ၍​လွယ်ကူ​စေ​သော်လည်း ဤ​တိုက်ခိုက်မှု​တွင် စာတန်​အဓိက​အသုံးပြု​သော သူ၏​မဟာမိတ်​မှာ ဘုရားသခင်​နှင့် ဝေးကွာ​သွားသော လောက​ဖြစ်သည်။ (ရောမ ၇:၁၉၊ ၂၀; ၁ ယောဟန် ၂:၁၆) မည်သို့​ပင်​ဆို​စေ၊ ဤ​တိုက်ပွဲ​တွင် ကျွန်ုပ်​တို့ အခွင့်အရေး​သာ​ကြ​ပါ​သည်၊ အထူးသဖြင့် အခွင့်သာ​သည်​မှာ စာတန်​၏​အကြံအစည်​များ​ကို ကျွန်ုပ်​တို့ ကြိုသိ​ထားခြင်း​ဖြစ်သည်။—၂ ကောရိန္သု ၂:၁၁

စာတန်​၏​အကြံအစည်​များ​ကား အဘယ်နည်း။ ပေါလု​သည် ဧဖက်​မြို့သား​များ​ထံ ရေး​လိုက်​သော သူ၏​စာ​တွင် ယင်း​အကြံအစည်​များ​ကို “ပရိယာယ်” ဟု​ဖော်ပြ​ခဲ့​သည်။ * (ဧဖက် ၆:၁၁) စာတန်​သည် ကျွန်ုပ်​တို့၏​သမာဓိကို ချိုးဖျက်​ရန် လိမ္မာ​ပါးနပ်​သော​ပရိယာယ်​များ​ကို အကွက်​ဆင်​ထား​၏။ စာတန်​၏​နည်း​ပရိယာယ်​များ​ကို သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​ရာ အဆိုပါ​ဉာဏ်​နီ​ဉာဏ်​နက်​လုပ်ရပ်များ​ကို ကျွန်ုပ်​တို့​သိရှိ​နိုင်​ကြသည်။ ကျွန်ုပ်​တို့၏​ခရစ်ယာန်​သမာဓိကို ချိုးဖျက်​ရန် စာတန်​ရှာကြံ​သည့် နည်း​အချို့​ကို​သိရှိ​ရန် ယေရှု​နှင့် ယောဘ​တို့၏​သမာဓိကို ဖျက်ဆီး​ရန် စာတန် မည်သို့​ကြိုးစား​ခဲ့​ကြောင်း သတိပြုပါ။

ယေရှု၏​သမာဓိကို မချိုးဖျက်​နိုင်

ယေရှု၏​ဓမ္မ​အမှု​အစ​တွင် စာတန်​က ကျောက်ခဲ​ကို မုန့်​လုပ်​ခိုင်း​ခြင်း​အားဖြင့် ဘုရားသခင့်​သားတော်ကို ရဲ​ရဲတင်း​တင်း​သွေးဆောင်​ခဲ့​သည်။ ကောက်ကျစ်​စဉ်းလဲ​လိုက်​လေ​ခြင်း! ယေရှုသည် ရက်ပေါင်း ၄၀ အစာ​မစား​ခဲ့​သောကြောင့် အလွန်​ဆာလောင်​နေ​ပေမည်။ (လုကာ ၄:၂၊ ၃) ယေရှုသည် ယေဟောဝါ​၏​အလိုတော်နှင့် ဆန့်ကျင်​၍ ကိုယ်တော်​၏​ပင်ကို​ဆန္ဒ​ကို ချက်ချင်း​ဖြည့်ဆည်း​ရန် စာတန်​အကြံပြု​ခဲ့​သည်။ ထို​နည်းတူ ယနေ့လည်း ဤ​လောက​၏​ဝါဒဖြန့်မှု​က အကျိုးဆက်ကို ထည့်​မ​တွက်​ဘဲ လို​ဘ​ပြေ​ရန် ချက်ချင်း​ပြုမူ​ဆောင်ရွက်ဖို့ အားပေး​သည်။ ‘အခုပဲ ရထိုက်တယ်၊’ သို့​မဟုတ် ‘လုပ်လိုက်​ပါ​လား!’ ဟူ၍ပင်​ဖြစ်၏။

ယေရှုသည် ဖြစ်ပေါ်​လာ​မည့်​အကျိုးဆက်များ​ကို မစဉ်း​စား​ဘဲ ဆာလောင်မှု​ပြေစေ​ခဲ့​မည်​ဆိုလျှင် ကိုယ်တော်​၏​သမာဓိကို ချိုးဖျက်​ရာ​တွင် စာတန် အောင်မြင်​သွား​လိမ့်​မည်။ ယေရှုသည် ဝိညာဉ်​ရေးရာ​များ​ကို ရှေး​ရှု​၍ တိကျ​ပြတ်သား​စွာ​ဖြင့် “‘လူသည် မုန့်​အားဖြင့်​သာ အသက်ကို မွေး​ရမည်​မဟုတ်’ . . . ကျမ်းစာ​လာ​သည်” ဟု​ပြန်​ပြော​ခဲ့​၏။—လုကာ ၄:၄; မဿဲ ၄:၄

ထို့နောက် စာတန်​သည် သူ၏​နည်း​ဗျူဟာ​ကို ပြောင်း​လိုက်​သည်။ ယေရှု​ကိုးကား​တင်ပြ​သည့် ကျမ်းချက်​များ​ကို တလွဲ​အသုံးပြု၍ စာတန်​က ယေရှု​အား ဝတ်ပြုရာ​အိမ်တော်​၏ မြို့ရိုး​မှ ခုန်ချ​ခိုင်း​ခဲ့​သည်။ ‘ကောင်းကင်တမန်​တစ်ပါး​က သင့်ကို ကာကွယ်​လိမ့်​မည်’ ဟု​စာတန်​ပြော​ခဲ့​သည်။ ယေရှုသည် မိမိ​အား အာရုံစိုက်​စေရန် ခမည်းတော်​ထံ​မှ အံ့ဖွယ်​နည်းဖြင့် ကာကွယ်​ပေးဖို့ မ​တောင်း​လို​ခဲ့​ချေ။ “သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ကို သင်သည် အစုံ​အစမ်း​မပြုရ” ဟူ၍ ယေရှု​မိန့်တော်မူ​ခဲ့​သည်။—မဿဲ ၄:၅-၇; လုကာ ၄:၉-၁၂

စာတန်​အသုံးပြု​ခဲ့​သည့် နောက်ဆုံး​နည်း​ဗျူဟာ​သည် သာ၍​ပင်​တိုက်ရိုက်​ဖြစ်၏။ တစ်ကြိမ်​သာ ပျပ်ဝပ်​ကိုးကွယ်​လျှင် တစ်လောက​လုံး​နှင့် ၎င်း​၏​ဘုန်း​စည်းစိမ်​ရှိသမျှ​တို့ကို ပေး​မည်​ဟု ယေရှု​နှင့် အပေးအယူ​ပြုလုပ်​ရန် သူ​ကြိုးစား​ခဲ့​သည်။ စာတန်​၌​ရှိသော အရာအားလုံး​နီးပါး​မျှ​ကို ကမ်း​လှမ်း​လိုက်ခြင်း​ဖြစ်၏။ သို့ရာတွင် ယေရှုသည် မိမိ​ခမည်းတော်​၏ အဓိက​ရန်သူကြီး​ရှေ့ မည်သို့​ပျပ်ဝပ်​ကိုးကွယ်​နိုင်​မည်​နည်း။ စဉ်းစား၍​ပင် မရနိုင်​ချေ! ယေရှု​က “သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ကို ကိုးကွယ်​ရမည်။ ထို​ဘုရားသခင်​ကို​သာ ဝတ်ပြု​ရမည်” ဟု​ပြန်​ပြော​တော်​မူ​၏။—မဿဲ ၄:၈-၁၁;  လုကာ ၄:၅-၈

စာတန်​သည် အဆိုပါ​သွေးဆောင်မှု သုံးခု​စ​လုံး မအောင်မြင်​သောအခါ “ယေရှု​အထံတော်​မှ ထွက်သွား​၍ အခြား​အဆင်ပြေ​သော​အချိန် မရောက်မီ​တိုင်အောင် နေ​လေ​၏။” (လုကာ ၄:၁၃က​ဘ) ယင်းက စာတန်​သည် ယေရှု၏​သမာဓိကို စမ်းသပ်​ရန် အခွင့်ကောင်း​ကို အမြဲ​ရှာကြံ​နေကြောင်း ထင်ရှား​သည်။ နှစ်နှစ်ခွဲ​ခန့်အကြာ​တွင် ယေရှုသည် သက်ရောက်​အံ့​ဆဲ​ဆဲ မိမိ၏​သေခြင်း​အတွက် တပည့်​များ​ကို အသင့်ပြင်​ဆင်​ပေး​စဉ် ထို​အဆင်ပြေ​သည့်​အချိန် ရောက်​ခဲ့​သည်။ တမန်​တော်​ပေတရု​က “သခင်၊ ကိုယ်တော်၌ ဤသို့​မဖြစ်ပါစေ​နှင့်။ ဤ​အမှုသည် ကိုယ်တော်၌​မ​ရောက်​ရာ” ဟု​ပြော​ခဲ့​သည်။—မဿဲ ၁၆:၂၁၊ ၂၂

ယေရှု၏​တပည့်​တစ်ဦး​ကိုယ်တိုင်​က တလွဲ​ဖြစ်သည့် စေတနာ​နှင့်​ပေး​ခဲ့​သော ထို​အကြံပြုချက်ကို ကိုယ်တော်​နှစ်သက်​တော်​မူ​ခဲ့​သလော။ ထိုစကား​များသည် ယေဟောဝါ​၏​အလိုတော်​မဟုတ်ဘဲ စာတန်​၏​အလိုဆန္ဒ​အတိုင်း​ဖြစ်​ကြောင်း ယေရှု ချက်ချင်း​ရိပ်မိ​ခဲ့​သည်။ ထို​အခါ ခရစ်တော်​က “အချင်း​ရန်သူ၊ ငါ့​နောက်သို့ ဆုတ်​လော့။ သင်သည် ငါ​တိုက်မိ​၍ လဲစရာ​အကြောင်း​ဖြစ်၏။ သင်သည် ဘုရားသခင်​၏​အရာ​ကို စိတ်​မစွဲလမ်း၊ လူတို့၏​အရာ​ကို​သာ စွဲလမ်း​သည်” ဟု​အခိုင်အမာ​မိန့်ဆိုခဲ့​၏။—မဿဲ ၁၆:၂၃

ယေဟောဝါ​ကို ယေရှု​စွဲစွဲမြဲမြဲ​ချစ်သော​ကြောင့် စာတန်​သည် ကိုယ်တော်​၏​သမာဓိကို မချိုးဖျက်​နိုင်​ခဲ့​ချေ။ စာတန်​ပေး​နိုင်​သည့် အဘယ်အရာ​မဆို၊ မည်မျှ​ပြင်းထန်သော စမ်းသပ်မှု​ဖြစ်ပါစေ ကောင်းကင်​ခမည်းတော်​အပေါ် ထား​ရှိသည့် ယေရှု၏​တည်ကြည်မှု​ကို အားမပျော့​သွား​စေနိုင်​ပေ။ ကျွန်ုပ်​တို့​ကော၊ အခြေအနေ​က ကျွန်ုပ်​တို့၏​သမာဓိကို ဆက်​စောင့်ထိန်း​ရန် ခက်ခဲ​စေသော​အခါ အလားတူ​သန္နိ​ဋ္ဌာန်​မျိုး ချ​နိုင်​ပါ​မည်​လော။ ယောဘ​၏​အဖြစ်​က ကျွန်ုပ်​တို့​ရင်ဆိုင်​ရ​ဖွယ်​ရှိသည့် စိန်ခေါ်ချက်​များ​ကို သဘောပေါက်​စေပါ​လိမ့်​မည်။

ဆင်းရဲမှု​ခံရ​စဉ် တည်ကြည်​ခြင်း

ယောဘ ကြုံတွေ့​ခဲ့​ရသည့်​အတိုင်း​ပင် ဆင်းရဲခြင်း​အမျိုးမျိုးကို မည်သည့်​အချိန်၌​မဆို ကျွန်ုပ်​တို့​တွေ့ကြုံ​နိုင်​သည်။ သူသည် ကလေး​ဆယ်ယောက်​ရှိသည့် သာယာသော​အိမ်ထောင်သည်​တစ်ဦး​ဖြစ်​ပြီး ဝိညာဉ်​ရေးရာ လုပ်ရိုးလုပ်စဉ်​ကောင်း​ရှိခဲ့​သူ ဖြစ်၏။ (ယောဘ ၁:၅) သို့သော် ယောဘ​မသိ​သည်​မှာ ဘုရားသခင်​အပေါ် သူ​သမာဓိ​စောင့်သိ​ခြင်း​သည် ကောင်းကင်​တရားရုံး​တွင် အငြင်းပွား​စ​ရာ​ဖြစ်နေ​ပြီး စာတန်​က မည်သည့်​နည်းဖြင့်​မဆို သူ၏​သမာဓိကို ချိုးဖျက်​ရန် ဆုံးဖြတ်ထား​ခြင်း​ဖြစ်သည်။

ယောဘ​၏​ပစ္စည်းဥစ္စာ​များ မ​ရှေး​မ​နှောင်း​ပင် ဆုံးရှုံး​ခဲ့​ရသည်။ (ယောဘ ၁:၁၄-၁၇) သို့​ဖြစ်စေ​ကာ​မူ၊ ယောဘသည် ငွေကြေး​အပေါ် တစ်ခါမျှ ယုံကြည်​ကိုးစား​ခဲ့​ခြင်း​မရှိသော​ကြောင့် သူ၏​သမာဓိ​သည် ဤ​စမ်းသပ်မှု​ကို ကြံ့ကြံ့ခံ​နိုင်​ခဲ့​၏။ ချမ်းသာ​ကြွယ်ဝ​ခဲ့​ချိန်​ကို ယောဘ​ပြန်ပြောင်း​သတိရ​ကာ ဤသို့​ပြော​ခဲ့​သည်– “ငါသည် ရွှေ​ကို ကိုး​စား၍. . . ငါ​၌​စည်းစိမ်​ကြီး​၍ . . . ငါ​ဝါကြွား​ဝမ်းမြောက်​မိ​သော် . . . အပြစ်ရှိ​၏။ . . . အထက်​အရပ်၌ ရှိတော်မူသော ဘုရားသခင်​ကို ငြင်းပယ်​ရာ​ရောက်​၏။”—ယောဘ ၃၁:၂၄၊ ၂၅၊ ၂၈

ယနေ့လည်း ကျွန်ုပ်​တို့​ပိုင်ဆိုင်​သမျှ​ဆို​ရ​လောက်​အောင် ည​တွင်း​ချင်း ဆုံးရှုံး​သွား​နိုင်​ဖွယ်​ရှိသည်။ ယေဟောဝါသက်သေ​ဖြစ်သူ လုပ်ငန်းရှင်​တစ်ဦး​သည် ငွေ​အမြောက်အမြား အ​လိမ်​ခံ​လိုက်ရ​၍ မွဲ​ပြာကျ​သွား​သလော​က်​ဖြစ်သွား​သည်။ သူက ဤသို့​ပွင့်ပွင့်လင်းလင်း​ဝန်ခံ​သည်– “ကျွန်တော် နှလုံး​ရပ်သွား​မတတ်​ပဲ။ တကယ်တော့၊ ဘုရားသခင်​နဲ့​ဆက်ဆံ​ရေး​သာ မကောင်း​ခဲ့​ဘူးဆို​ရင် အဲဒီအတိုင်း​ဖြစ်​မှာ။ ဘာပဲ​ဖြစ်ဖြစ်၊ ကျွန်တော့်​ဘဝမှာ ဝိညာဉ်​ရေးရာ​တွေ​ကို ရှေးဦး​မထား​ခဲ့​ဘူးဆို​တာ​ကို​တော့ ဒီ​အတွေ့အကြုံ​က ကျွန်တော့်​ကို သဘောပေါက်​သွားစေတယ်။ ငွေရှာ​လို့​ရတဲ့ ကျေနပ်​အားရ​မှု​က အခြား​အရာအားလုံးကို လွှမ်းမိုး​သွားတယ်။” ဤ​သက်သေခံ​သည် ယခု သူ၏​စီးပွားရေး​လုပ်ငန်း​ကို လျှော့ချ​လိုက်ပြီး ခရစ်ယာန်​ဓမ္မ​အမှု​တွင် တစ်လ​လျှင် နာရီ ၅၀၊ သို့​မဟုတ် ထို့​ထက်မက ပါဝင်​ရသော အရန်ရှေ့ဆောင်​တစ်ဦး​အဖြစ် မှန်မှန်​အမှုဆောင်​လျက်​ရှိသည်။ သို့ရာတွင် မိမိ​ပစ္စည်းဥစ္စာ​ဆုံးရှုံး​ခြင်း​ထက်​ပင် ပို​၍​ဝမ်းနည်း​ကြေကွဲ​နိုင်​စ​ရာ တခြား​ပြဿနာ​များ ရှိပါ​သေး​သည်။

ယောဘသည် မိမိ၏​ပစ္စည်းဥစ္စာ​ဆုံးရှုံး​သွားပြီ​ဟူသော သတင်းကို ကြား​၍​တွေဝေ​နေစဉ်​ပင် ကလေး​ဆယ်ဦး​စ​လုံး သေဆုံး​သွားပြီ​ဟူသော သတင်းကို ကြား​ရ​ပြန်​သည်။ သူက “ထာဝရ​ဘုရား​၏​နာမတော်​သည် မင်္ဂလာ​ရှိစေ​သတည်း” ဟု​အလေးအနက်​ပြောဆို​နေဆဲ​ပင်။ (ယောဘ ၁:၁၈-၂၁) အကယ်၍ ကျွန်ုပ်​တို့​မိသားစု​မှ​တစ်ဦးဦး ရုတ်တရက် သေဆုံး​သွား​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​သမာဓိကို ဆက်​စောင့်ထိန်း​နိုင်​ပါ​မည်​လော။ စပိန်​နိုင်ငံ​မှ ခရစ်ယာန်​ကြီးကြပ်မှူး​တစ်ဦး​ဖြစ်သူ ဖ​ရန်စ​စ္စ​ကို​သည် ဝမ်းနည်း​ကြေကွဲဖွယ် ဘတ်စကား​တိုက်မှု​တစ်ခု​တွင် သူ၏​ကလေး​နှစ်ဦး ဆုံးသွား​ရှာ​သည်။ သူသည် ယေဟောဝါ​ထံ ပိုမို​ရင်းနှီး​စွာ ချဉ်းကပ်​ပြီး ခရစ်ယာန်​ဓမ္မ​အမှု​တွင် အချိန်​တိုး၍ ပါဝင်ခြင်း​အားဖြင့် စိတ်သက်သာ​မှု ရရှိခဲ့​၏။

ယောဘသည် သူ၏​ကလေး​များ သေဆုံး​သွား​သည့် သတင်းဆိုး​ကို ကြား​ရပြီး​နောက်​၌​ပင် သူ၏​စိတ်​ချောက်ချား​ဖွယ် စမ်းသပ်မှု​များသည် မပြီး​ဆုံး​သေး​ချေ။ စာတန်​သည် သူ့​အား ရွံရှာဖွယ်​ကောင်းပြီး နာကျင်​သော​ရောဂါ ရစေ​ခဲ့​သည်။ ထို​အချိန်တွင် ဇနီး​က ယောဘ​ကို မကောင်းသော​အကြံပေး​ခဲ့​၏။ သူက “ဘုရားသခင်​ကို စွန့်ပယ်​၍ သေ​လော့” ဟု​တိုက်တွန်း​ခဲ့​သည်။ ယောဘသည် ဇနီး​၏​အကြံပြုချက်ကို လျစ်လျူရှုပြီး “နှုတ်ဖြင့်​မျှ မ​မှားယွင်း” ခဲ့​ချေ။ (ယောဘ ၂:၉၊ ၁၀) သူ၏​သမာဓိ​သည် မိသားစု​၏​ထောက်မမှု​အပေါ် မ​မူတည်​ဘဲ ယေဟောဝါ​နှင့် နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​အပေါ် မူတည်​ခဲ့​၏။

လွန်ခဲ့သော​ဆယ်နှစ်​ကျော်​က မိမိ၏​ခင်ပွန်း​နှင့် သားကြီး​သည် ခရစ်ယာန်​လမ်းစဉ်​ကို စွန့်ခွာ​ခဲ့​ရာ ဖလော်ရာ​အနေ​နှင့် ယောဘ​၏​ခံစားချက်​များ​ကို သဘောပေါက်​နားလည်​၏။ “မိသားစုရဲ့ အားပေး​ကူညီ​မှု ရုတ်တရက်​မရတော့​တဲ့​အခါ တကယ်​ပင်​စိတ်ထိခိုက်​တယ်” ဟု​သူ​ဝန်ခံ​၏။ “ဒါပေမဲ့ ယေဟောဝါ​အဖွဲ့အစည်း​ရဲ့​အပြင်မှာ ပျော်ရွှင်မှု​ရနိုင်​မှာ မဟုတ်ဘူးဆိုတာ ကျွန်မ​သိတယ်။ ဒါ​ကြောင့် ဇနီး​ကောင်း၊ မိခင်​ကောင်း​ဖြစ်​ဖို့ ဆက်​ကြိုးစား​နေရင်း အခိုင်အမာ​ရပ်တည်​ပြီး ယေဟောဝါ​ကို ရှေးဦး​ထားခဲ့​တယ်။ ကျွန်မ​အမြဲ​ဆုတောင်း​တယ်၊ ဒါ​ကြောင့်​လည်း ကျွန်မ​ကို ယေဟောဝါ ခွန်အား​ပေး​ခဲ့တယ်။ ကျွန်မ​ခင်ပွန်း​က အကြီးအကျယ်​အတိုက်အခံ​လုပ်တဲ့​ကြား​ကနေ ယေဟောဝါ​ကို ကျွန်မ လုံးလုံးလျားလျား​မှီခို​အားထားလို့ ကျွန်မ ပျော်​နိုင်တာ​ပေါ့။”

ယောဘ​၏​သမာဓိကို ချိုးဖျက်​ရန် စာတန်​၏​နောက်ထပ်​အကြံအစည်​တစ်ခု​မှာ ယောဘ​၏​သူငယ်ချင်း​သုံးဦး​နှင့် ပတ်သက်​သည်။ (ယောဘ ၂:၁၁-၁၃) ယောဘ​ကို သူတို့​စတင်​ဝေဖန်​အပြစ်တင်​သောအခါ တကယ်​ပင်​စိတ်​အနှောင့်အယှက်​ဖြစ်​ခဲ့​မည်။ သူတို့၏​အကြောင်းပြချက်​များ​ကို ယောဘ​သာ လက်ခံခဲ့​မည်​ဆိုလျှင် ယေဟောဝါ​ဘုရားသခင်​အပေါ် သူ၏​ယုံကြည်​စိတ်ချမှု ပျောက်ဆုံး​သွားပေ​မည်။ သူတို့၏​စိတ်ပျက်​စ​ရာ အကြံပြုချက်များ​သည် ယောဘ​၏​စိတ်ပိုင်း​နှင့် သမာဓိကို​ပါ ချိုးဖျက်​နိုင်​ပြီး သို့​နှင့် စာတန်​၏​အကြံအစည်​သည် အောင်မြင်​သွား​လိမ့်​မည်။

ထိုသို့​ဖြစ်​မည့်​အစား၊ ယောဘ​က “ငါ​မသေမီ​တိုင် ကိုယ့်​ကိုယ်နှိုက်​မှ ကိုယ့်​သမာဓိကို ငါ​ဖယ်ရှား​မည်​မဟုတ်” ဟု​အခိုင်အမာ​ပြော​ခဲ့​၏။ (ယောဘ ၂၇:၅က​ဘ) သူက ‘ငါ​၏​သမာဓိကို သင်တို့ ဖယ်ရှား​ခွင့်ပြု​မည်​မဟုတ်’ ဟု​မပြောခဲ့​ချေ။ မိမိ၏​သမာဓိ​သည် မိမိ​အပေါ်လည်း​ကောင်း၊ ယေဟောဝါ​ကို ချစ်​သည့် မေတ္တာ​အပေါ်လည်း​ကောင်း မူတည်​ကြောင်း ယောဘ​သိရှိ​ခဲ့​သည်။

သားကောင်​အသစ်​ကို ဖမ်းဆီး​ရန် ရှေး​ပရိယာယ်​ဟောင်း​တစ်ခု

မိတ်ဆွေများ​နှင့် ယုံကြည်သူချင်း​များ​ထံ​မှ မစဉ်း​စား​မဆင်​ခြင်​ပြောဆို​သည့် စကား​နှင့် တလွဲ​ညွှန်ကြား​သော ဆုံးမ​စကား​ကို စာတန်​အသုံးချ​နေ​သေး​သည်။ အသင်းတော်​အတွင်းမှ စိတ်ဓာတ်ကျ​စ​ရာ​သည် ပြင်ပ​မှ ညှဉ်းပန်း​နှိပ်စက်မှု​ထက်​ပင် ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​ကို သာ၍​လွယ်ကူ​စွာ အားလျော့​စိတ်ပျက်​သွား​စေနိုင်​သည်။ ယခင်​က စစ်တပ်​တွင် တိုက်ပွဲဝင်​ခဲ့​ဖူး​သူ ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​က ခရစ်ယာန်​ချင်း​အချို့​၏ မဆင်မခြင်​ပြောဆို​သော စကား​များနှင့် လုပ်ရပ်များ​ကြောင့် သူ​ခံစား​ခဲ့​ရသည့် စိတ်နာ​ကြည်း​မှု​ကို တိုက်ပွဲဝင်​ခြင်း​နှင့် နှိုင်းယှဉ်ခဲ့​၏။ ခံစား​ရသော​နာကြည်းမှု​တိုက်ပွဲ​နှင့်​ပတ်သက်​၍ သူက “အဲ့​ဒါကို ကျွန်တော်​ခံရ အခက်ဆုံး​ပဲ” ဟု​ပြော​ခဲ့​သည်။

အခြား​ရှုထောင့်​မှ​ကြည့်​လျှင် ယုံကြည်သူချင်း​များ​၏ မစုံလင်မှု​များ​ကြောင့် အလွန်​စိတ်​အနှောင့်အယှက်​ဖြစ်​ပြီး အချို့​သူများကို စကား​မပြော​သည့်​အထိ၊ သို့​မဟုတ် ခရစ်ယာန်​အစည်းအဝေး​များ​ကို​ပင် မ​တက်​တော့​သည့်​အထိ ဖြစ်သွား​နိုင်၏။ သို့​ပြုခြင်း​ဖြင့် ကျွန်ုပ်​တို့၏​နာကြည်းမှု​များ​ကို ပြေပျောက်​စေ​လို​ခြင်း​သည် အရေး​အကြီးဆုံး​ကိစ္စ ဖြစ်စေ​ပုံ​ရသည်။ သို့သော် ရေရှည်ကို​မကြည့်​ဘဲ အခြားသူများ​၏​လုပ်ရပ်​ကြောင့်၊ သူတို့၏​စကား​ကြောင့် ကျွန်ုပ်​တို့၏​တန်ဖိုး​အရှိဆုံး ပိုင်ဆိုင်ရာ​ဖြစ်သည့် ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး လျော့​ရဲ​သွား​စေခြင်း​သည် တကယ်​ဝမ်းနည်းစရာပင်။ ကျွန်ုပ်​တို့သည် ထိုသို့​သာ​ဖြစ်စေ​လျှင် စာတန်​၏​ရှေး​ပရိယာယ်​ဟောင်း​တစ်ခု​၏ သားကောင်​ဖြစ်သွား​လိမ့်​မည်။

ကျွန်ုပ်​တို့သည် ခရစ်ယာန်​အသင်းတော်တွင် မြင့်မားသော​စံနှုန်း​များ​တွေ့​မည်​ဟု မျှော်လင့်​ထိုက်​ပေ​သည်။ သို့သော် မစုံလင်​ကြ​သေး​သည့် ကျွန်ုပ်​တို့၏ ဝတ်ပြုသူချင်း​များ​ထံ​မှ အဆ​မတန်​မျှော်လင့်​ကြ​မည်​ဆိုလျှင် စိတ်ပျက်​ဖို့​သာ အကြောင်း​ရှိသည်။ ယေဟောဝါ​မူ​ကား ကိုယ်တော်​၏​ကျေးကျွန်​များ​ထံ​မှ လက်တွေ့ကျကျ မျှော်လင့်​တော်​မူ​၏။ ကိုယ်တော်​၏​ပုံသက်သေ​ကို ကျွန်ုပ်​တို့ တုပ​ကြ​မည်​ဆိုလျှင် သူတို့၏​မစုံလင်မှု​များ​ကို သည်းခံ​နိုင်​ကြ​မည်​ဖြစ်သည်။ (ဧဖက် ၄:၂၊ ၃၂) တမန်​တော်​ပေါလု​က ဤသို့​အကြံပြု​သည်– “အမျက်ထွက်​ရာ​တွင် အပြစ်​မရှိစေ​နှင့်။ အမျက်​မပြေ​ဘဲ နေ​မဝင်​စေ​နှင့်။ [စာတန်]ကို အခွင့်မပေး​ကြ​နှင့်။”—ဧဖက် ၄:၂၆၊ ၂၇

သမ္မာကျမ်းစာ​က ရှင်းရှင်းလင်းလင်း​ဖော်ပြ​ထား​သည့်​အတိုင်း စာတန်​သည် ခရစ်ယာန်​တစ်ဦး၏​သမာဓိကို ချိုးဖျက်​ရန် ကောက်ကျစ်​စဉ်းလဲ​သော နည်းလမ်း​အမျိုးမျိုးကို အသုံးပြု​သည်။ သူ၏​ပရိယာယ်​အချို့​သည် အားနည်း​သော သွေးသား​အတွက် မက်မော​စ​ရာ​ဖြစ်​ပြီး တခြား​ပရိယာယ်​များ​မှာ​မူ နာကျင်မှု​ပေး​သည်။ အထက်ပါ​ဆွေးနွေးချက်​မှ အမြဲ​သတိရှိ​သင့်​ကြောင်း သင်​တွေ့ရှိ​နိုင်​မည်။ ဘုရားသခင်​ကို​ချစ်​သည့်​စိတ် ခိုင်မြဲ​စွာ​ဖြင့် စာတန်​သည် မုသာကောင်​ဖြစ်​ကြောင်း သက်သေထူ​ရန် သန္နိ​ဋ္ဌာန်​ချ​ပြီး ယေဟောဝါ​၏​စိတ်တော်​ကို ရွှင်လန်း​စေပါ။ (သု. ၂၇:၁၁; ယောဟန် ၈:၄၄) ကျွန်ုပ်​တို့သည် မည်သည့်​စမ်းသပ်မှု​မဆို ခံရ​ပါစေ၊ စစ်မှန်သော​ခရစ်ယာန်​သမာဓိကို ဘယ်​သောအခါ​မျှ မချိုးဖျက်​သင့်​ကြောင်း အမြဲ​သတိရပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 မူရင်း​ဂရိ​စကားလုံး​ကို “လိမ္မာ​ပါးနပ်​သော​ပရိယာယ်” ဟု​လည်း ဘာသာပြန်​ဆိုနိုင်​ကြောင်း ကျမ်းစာ​ပညာရှင် ဒဗလျူ. အီး. ဗိုင်း​က​ဆို​၏။