မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင် စာစောင်​များ​ကို ဖတ်ရှု​ရ​၍ တန်ဖိုး​ထား​လေးမြတ်​ခဲ့​ပါသလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

ကိုယ်ချင်းစာ​နာ​စိတ်​ဟူသည် အဘယ်နည်း၊ ခရစ်ယာန်​များ ယင်းကို အဘယ်ကြောင့် ပျိုးထောင်​သင့်​သနည်း။

ယင်းသည် ကျွန်ုပ်​တို့၏​နှလုံး​တွင် အခြားသူ​၏​ကြေကွဲမှု​ကို ခံစား​တတ်​ခြင်း​ဖြစ်၍ အခြားသူ​၏​နေရာတွင် ကိုယ်တိုင်​အစားထိုး ခံစား​နိုင်စွမ်း​ဖြစ်သည်။ ‘ကိုယ်ချင်းစာ​နာ​ခြင်း၊ ညီအစ်ကို​ချင်း​ကဲ့သို့​ချစ်ခြင်း၊ သနားစုံမက်​ခြင်း’ ရှိကြ​ရန် ခရစ်ယာန်​များ​အား ဆုံးမ​ခဲ့​သည်။ (၁ ပေတရု ၃:၈) ကိုယ်ချင်းစာ​နာ​စိတ်​ပြ​ခြင်း​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​လိုက်လျှောက်​နိုင်သော စံနမူနာ​ကို ယေဟောဝါ​ချမှတ်​ပေး​တော်​မူ​သည်။ (ဆာလံ ၁၀၃:၁၄; ဇာခရိ ၂:၈) ယင်း​ကိစ္စ​တွင် နားထောင်ခြင်း၊ အကဲခတ်​ခြင်း​နှင့် မှန်းဆ​ခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် ပိုမို​အကင်းပါး​လာနိုင်​သည်။—၄/၁၅၊ စာမျက်နှာ ၂၄-၆။

စစ်မှန်သော​ပျော်ရွှင်မှု ရရှိရန် မသန်မစွမ်းမှုများ​ကို အပြီးသတ်​မ​ကုသ​ပေး​မီ ဝိညာဉ်​ရေး​ကုသမှု အဘယ်ကြောင့်​လို​သနည်း

ကျန်းမာ​ရေး​ကောင်း​သူများစွာ​သည် ပြဿနာ​များစွာ​ရှိသဖြင့် မပျော်ရွှင်​နိုင်​ကြ​ချေ။ အခြား​တစ်ဖက်​တွင်​မူ ယနေ့ မသန်မစွမ်း​သော ခရစ်ယာန်​များစွာ​သည် ယေဟောဝါ​၏​အမှုတော်​ဆောင်ခြင်း​၌ အလွန်​ပျော်ရွှင်​နေကြ​သည်။ ယခု ဝိညာဉ်​ရေး​ကုသမှု​ခံရ​၍ အကျိုး​ခံစား​နေကြ​ရသူ​များသည် ကမ္ဘာသစ်​တွင် မသန်မစွမ်းမှုများ​ပပျောက်​သွား​သည့် အခွင့်အရေး​ရရှိကြ​ပါ​လိမ့်​မည်။—၅/၁၊ စာမျက်နှာ ၆-၇။

ဟေဗြဲ ၁၂:၁၆ တွင် ဧသော​ကို မတရားမေထုန်​ပြုသူ​နှင့် တစ်တန်း​တစ်စားတည်း အဘယ်ကြောင့်​ထား​သနည်း။

ဧသော​သည် လတ်တလော​အကျိုးကို အာရုံစိုက်​ပြီး မြင့်မြတ်​သော​အရာများ​ကို လျစ်လျူရှု​သည့် စိတ်ထား​ရှိကြောင်း သမ္မာကျမ်းစာ​မှတ်တမ်းက ဖော်ပြ​သည်။ ယနေ့ တစ်ဦး​တစ်ယောက်​သည် ထို​စိတ်ထား​မျိုး​မွေး​မည်​ဆိုလျှင် မတရားမေထုန် အစ​ရှိသော ကြီး​လေး​သည့်​အပြစ် ပြု​မိ​နိုင်​သည်။—၅/၁၊ စာမျက်နှာ ၁၀-၁၁။

• တာတူလျန်​ကား  အဘယ်သူ​နည်း၊  အဘယ်​အတွက်  သူ​ကျော်ကြား​ခဲ့​သနည်း။

သူသည် စီ.အီး. ဒုတိယ​နှင့် တတိယ​ရာစု​တွင် အသက်ရှင်ခဲ့​သော စာရေး​ဆရာ၊ ဓမ္မ​ပညာရှင်​တစ်ဦး​ဖြစ်သည်။ အမည်ခံ​ခရစ်ယာန်​ဘာသာ​ကို ချေပ​ရန် စာပေ​အမြောက်အမြား ထုတ်ဝေ​ခဲ့​သောကြောင့် ကျော်ကြား​လာ​သည်။ သူသည် ခုခံ​ချေပ​စဉ် သုံးပါး​ပေါင်း​တစ်ဆူ အစ​ရှိသော အယူဝါဒ​ဆိုင်ရာ​လွဲမှား​မှုများ​အတွက် အခြေခံ​ဖြစ်သည့် အယူအဆ​များနှင့် အတွေးအခေါ်​ပညာ​ပိုင်း​ဆိုင်ရာ အမြင်​များ​ကို သွတ်သွင်း​ပေး​ခဲ့​သည်။—၅/၁၅၊ စာမျက်နှာ ၂၉-၃၁။

• လူတို့၏ ရောဂါ​များ၊ အမူအကျင့်များ​နှင့် သေရ​ခြင်း​သည် မျိုးရိုး​ဗီဇ​ကြောင့်​ဟု အဘယ်ကြောင့် လုံးလုံး​အပြစ်​ပုံချ​၍ မရ​သနည်း။

မျိုးရိုး​ဗီဇ​ကြောင့် လူ့​ရောဂါ​အမျိုးမျိုး​ဖြစ်​ရသည်​ဟု သိပ္ပံ​ပညာရှင်​များ​က ကောက်ချက်​ချ​ခဲ့​ကြ​ပြီး အချို့​က အမူအကျင့်​သည် ကျွန်ုပ်​တို့၏​မျိုးရိုး​ကြောင့်​ဖြစ်သည်ဟု ယူမှတ်​ကြ​၏။ သို့​တိုင် သမ္မာကျမ်းစာ​က အပြစ်​နှင့် မစုံလင်မှု​သည် လူသားကို မည်သို့​ထိခိုက်​နစ်နာ​ခဲ့​ခြင်း​အပါအဝင် လူ့​ဇာစ်​မြစ်ကို​ပါ ထိုးထွင်း​သိမြင်​စေ​သည်။ မျိုးရိုး​ဗီဇ​သည် ပင်ကိုစရိုက်​များ​ကို ပုံသွင်း​ရာ​၌ အပိုင်းကဏ္ဍ​တစ်ခု ပါဝင်​နိုင်​သော်လည်း ကျွန်ုပ်​တို့၏​မစုံလင်မှု​နှင့် ဝန်းကျင်​အခြေအနေ​တို့သည်​လည်း အဓိက​သြဇာလွှမ်း​မိုး​ရာ​ဖြစ်သည်။—၆/၁၊ စာမျက်နှာ ၉-၁၁။

• အီဂျစ်​ပြည်၊ အော့​က္က​စီ​ရင်း​န်​ကပ်​စ်​မြို့တွင် တွေ့ ရှိခဲ့​သော ကျူစာ​အပိုင်းအစ​သည် ဘုရားသခင်​၏​နာမတော်​ကို အသုံးပြုခြင်း​အပေါ် မည်သို့​မီး​မောင်း​ထိုး​ပြသ​နည်း။

ဂရိ​စက်ပ်တွားဂျင့်​ကျမ်း​မှ​ဖြစ်သော ယောဘ ၄၂:၁၁၊ ၁၂ အပိုင်းအစ​တွင် တက်တြာဂရမ်မီတန် (ဘုရားသခင့်​နာမတော်​၏ ဟေဗြဲ​အက္ခရာ​လေးလုံး) ပါရှိ​သည်။ ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​ကို ရေးသားသူ​များ ကိုးကား​ဖော်ပြ​လေ့​ရှိသော စက်ပ်တွားဂျင့်​ကျမ်း​တွင် ဟေဗြဲ​ဘာသာ​စကား​ဖြင့် ဘုရားသခင့်​နာမတော်​ပါ​ကြောင်း ထို​အပိုင်းအစ​သည် ထပ်ဆင့်​သာဓက​တစ်ခု​ဖြစ်၏။—၆/၁၊ စာမျက်နှာ ၃၀။

• ရောမ​အင်ပါယာ​၏ အကြမ်းဖက်၊ သေ​လောက်​သည့်​အထိ ဂလက်ဒီယေတာ သတ်ပုတ်​ပွဲ​များ​ကို မျက်မှောက်ခေတ် ပရိသတ်​၏ အဘယ်​အားကစား​များနှင့် နှိုင်းယှဉ်ခဲ့​သနည်း။

အီတလီ​နိုင်ငံ၊ ရောမမြို့​ရှိ ကော်​လော​စီ​ယမ်​တွင် မကြာသေးမီ​က ခင်းကျင်း​ပြသမှု​တစ်ခု​သည် လူ​နှင့်​နွား​ရိုင်း​သတ်​ပွဲ၊ ကြေးစား​လက်ဝှေ့​ပွဲ၊ ကား​နှင့် မော်တော်​ဆိုင်ကယ် ပြိုင်ပွဲ​များနှင့် မျက်မှောက်ခေတ် အခြား​အားကစားပွဲ​စဉ်​များ​အတွင်း ပွဲ​ကြည့်​ပရိသတ်​၏ ရန်ပွဲ​များ အစ​ရှိသည့် ဗီဒီယို​ပြကွက်​များ​အပါအဝင် မျက်မှောက်ခေတ် ဆင်တူချက်​များ​ကို အမှတ်ရ​စေ​၏။ အစောပိုင်း​ခရစ်ယာန်​များသည် အကြမ်းဖက်မှု​နှင့် အကြမ်းဖက်​သူများကို ယေဟောဝါ​မုန်းတော်မူ​ကြောင်းကို နှလုံး​သွင်း​သကဲ့သို့ မျက်မှောက်ခေတ် ခရစ်ယာန်​များသည်​လည်း အလားတူ​နှလုံး​သွင်း​သင့်​သည်။ (ဆာလံ ၁၁:၅)—၆/၁၅၊ စာမျက်နှာ ၂၉။

ကျွန်ုပ်​တို့သည် ထိရောက်​သော ဆရာသမား​များ​ဖြစ်လာ​ရန် ကြိုးစား​ကြသောအခါ ဧဇရ​၏​ပုံသက်သေ​မှ အဘယ်​သင်ခန်းစာ​ရယူ​နိုင်​သနည်း။

ဧဇရ​ပြုလုပ်​ခဲ့​သော အချက်လေး​ချက်​ကို ဧဇရ ၇:၁၀ တွင်​ဖော်ပြ​ထား​သည်၊ ၎င်းတို့ကို ကျွန်ုပ်​တို့ ကြိုးစား​တုပ​နိုင်​သည်။ ယင်း​ကျမ်းချက်​တွင် ဤသို့​ဆို​သည်– “ဧဇရ​သည် [၁] ထာဝရ​ဘုရား​၏​တရားတော်​ကို စစ်ဆေး [၂] စောင့်ရှောက်ခြင်း​ငှာ​လည်းကောင်း၊ [၃] စီရင်ထုံး​ဖွဲ့​တော်​မူ​ချက်​တို့ကို ဣသရေလ​အမျိုး​၌ သွန်သင်ခြင်း​ငှာ​လည်းကောင်း [၄] သဘောကျ​သော​သူ​ဖြစ် [“သူ၏​နှလုံးကို အသင့်ပြင်​ဆင်​ခဲ့၊” က​ဘ] ၏။”—၇/၁၊ စာမျက်နှာ ၂၀။

• ခရစ်ယာန်​အမျိုးသမီး​သည် အဘယ်​လုပ်ဆောင်မှု​နယ်ပယ်​နှစ်ခု​တွင် ခေါင်းအုပ်​ထား​သင့်​သနည်း။

တစ်ခု​မှာ မိသားစု​အသိုင်းအဝိုင်း​တွင် ဖြစ်သည်။ ခေါင်းအုပ်​ထားခြင်း​ဖြင့် မိမိ၏​ခင်ပွန်း​၌ ဆုတောင်း​ရန်​နှင့် ကျမ်းစာ​သွန်သင်ချက်ပေး​ရန် တာဝန်​ရှိကြောင်း သူ​အသိအမှတ်ပြု​ရာ​ရောက်​သည်။ အခြား​တစ်​နေရာမှာ အသင်းတော်​လုပ်ငန်းများ​နှင့်​ဆိုင်​သည်၊ ထို​တွင် နှစ်ခြင်း​ခံ​ပြီး​သော အမျိုးသားများသည် သွန်သင်​ရန်​နှင့် ညွှန်ကြား​ရန် ကျမ်းစာ​မှ​အမိန့်​ရထား​ကြောင်း သူ​အသိအမှတ်ပြု​ရ၏။ (၁ ကောရိန္သု ၁၁:၃-၁၀)—၇/၁၅၊ စာမျက်နှာ ၂၆-၇။