“ကျွန်မ ဘာကိုမှပြောင်းလဲမှာ မဟုတ်ဘူး!”
ဘဝအတ္ထုပ္ပတ္တိ
“ကျွန်မ ဘာကိုမှပြောင်းလဲမှာ မဟုတ်ဘူး!”
ဂလက်ဒီစ် အယ်လင် ပြောပြသည်
“သင့်ဘဝကို ပြန်စလို့ရရင် ဘာကိုပြောင်းလဲမလဲ” ဆိုပြီး ကျွန်မကို မကြာခဏမေးကြတယ်။ အမှန်အတိုင်းပြောရရင် “ဘာကိုမှပြောင်းလဲမှာ မဟုတ်ဘူး!” ဘာဖြစ်လို့ ဒီလိုပြောရတယ်ဆိုတာ ရှင်းပြပါရစေ။
ကျွန်မအသက်နှစ်နှစ်အရွယ် ၁၉၂၉၊ နွေရာသီမှာ ကျွန်မအဖေ မက်သရူး အယ်လင်အတွက် အံ့ဩစရာတစ်ခု ဖြစ်ပျက်ခဲ့တယ်။ အဲ့ဒီတုန်းက အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားတွေလို့ လူသိများခဲ့တဲ့ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ယနေ့ အသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မျှမသေတော့ စာအုပ်ငယ်ကို အဖေရခဲ့တယ်။ စာမျက်နှာအနည်းငယ်ကို အငမ်းမရဖတ်ပြီးတဲ့နောက်မှာ အဖေက “ငါဖတ်ခဲ့သမျှမှာ ဒီစာအုပ်က အကောင်းဆုံးပဲ!” ဆိုပြီး ဟစ်ကြွေးခဲ့တယ်။
အဲ့ဒီနောက် မကြာခင်မှာ ကျမ်းစာကျောင်းသားတွေထုတ်ဝေတဲ့ တခြားစာအုပ်တွေကိုလည်း အဖေရခဲ့တယ်။ အိမ်နီးချင်းအားလုံးကို အဲ့ဒီအကြောင်းတွေ အဖေ ချက်ချင်းပြောပြပါလေရော။ ဒါပေမဲ့ ကျွန်မတို့ကျေးလက်ဒေသမှာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်မရှိဘူး။ ခရစ်ယာန်ပေါင်းသင်းမှု မှန်မှန်ပြုလုပ်ဖို့လိုတယ်ဆိုတာ အဖေ သိတဲ့အတွက် ကနေဒါနိုင်ငံ၊ အွန်တဲရီးယိုပြည်နယ်၊ အော့အင်ဗီလ်မြို့မှာ အသင်းတော်ရှိတာကြောင့် ၁၉၃၅ ခုနှစ်မှာ အဲ့ဒီကို မိသားစုလိုက်ပြောင်းခဲ့ကြတယ်။
အဲ့ဒီတုန်းက ကလေးတွေကို အသင်းတော်အစည်းအဝေးတွေတက်ဖို့ အမြဲမတိုက်တွန်းခဲ့ဘူး; ဒါကြောင့် လူကြီးတွေ စည်းဝေးတက်ပြီးတဲ့အထိ ကလေးတွေဟာ အပြင်မှာ ကစားနေတတ်ကြတယ်။ ဒါကို အဖေ သဘောမကျဘူး။ “အစည်းအဝေးတွေက ငါ့အတွက် အကျိုးရှိတယ်ဆိုရင် ငါ့ကလေးတွေအတွက်လည်း အကျိုးရှိမှာပဲ” ဆိုပြီး အဖေယူဆခဲ့တယ်။ ဒါကြောင့် ပေါင်းသင်းခါစရှိသေးပေမဲ့ အဖေဟာ ကျွန်မအစ်ကို ဘော့ဘ်၊ အစ်မအဲလာ၊ ရူဘီနဲ့ ကျွန်မတို့ကို လူကြီးတွေနဲ့အတူ အစည်းအဝေးတွေ တက်ခိုင်းခဲ့တယ်။ မကြာခင် တခြားသက်သေခံတွေရဲ့ ကလေးတွေလည်းပဲ အစည်းအဝေးတက်လာကြတယ်။ အစည်းအဝေးတက်ပြီး
အဖြေပေးတာဟာ ကျွန်မတို့ဘဝမှာ အရေးကြီးဆုံးကဏ္ဍတစ်ခု ဖြစ်လာတယ်။အဖေက ကျမ်းစာကို မြတ်နိုးတယ်၊ ကျမ်းစာအဖြစ်အပျက်တွေကို ကောင်းကောင်းသရုပ်ဆောင်ပြခဲ့တယ်။ အဲ့ဒီလိုနည်းနဲ့ ကျွန်မတို့လူငယ်တွေရဲ့နှလုံးထဲ ရိုက်သွင်းပေးခဲ့တဲ့အတွက် အရေးကြီးသင်ခန်းစာတွေကို ခုထိ ကျွန်မကောင်းကောင်းမှတ်မိသေးတယ်။ ကျွန်မမှတ်မိတာ တစ်ခုကတော့ ယေဟောဝါဟာ နာခံတဲ့သူတွေကို ကောင်းချီးပေးတယ်ဆိုတာပါပဲ။
ကျွန်မတို့ရဲ့ယုံကြည်ခြင်းကို ခုခံကာကွယ်တဲ့အခါ သမ္မာကျမ်းစာကို အသုံးပြုတတ်ဖို့လည်း အဖေသင်ပေးတယ်။ ကျမ်းစာကစားနည်းတွေလည်း ကစားကြတယ်။ အဖေက “အဖေသေတဲ့အခါ ကောင်းကင်သွားမယ်လို့ ယုံကြည်တယ်။ အဲ့ဒါမဟုတ်ဘူးဆိုတာ အခု သမီးတို့က အဖေကို ရှင်းပြကြ” ဆိုပြီး လေ့ကျင့်ပေးတယ်။ မှားတယ်ဆိုတာ ချေပနိုင်ဖို့ ကျမ်းချက်တွေကို မှန်ပြမာတိကာထဲမှာ ရူဘီနဲ့ကျွန်မ ရှာကြတယ်။ ကျွန်မတို့ရှာတွေ့တဲ့ ကျမ်းချက်တွေကို ဖတ်ပြပြီးတဲ့အခါ အဖေက “စိတ်ဝင်စားစရာပဲ၊ ဒါပေမဲ့ လက်မခံနိုင်သေးဘူး” လို့ပြောတတ်တယ်။ ဒါနဲ့ မှန်ပြမာတိကာမှာ ကျွန်မတို့ ပြန်ရှာကြရတာပေါ့။ အဖေမကျေနပ်မချင်း နာရီနဲ့ချီပြီး ကျမ်းချက်တွေကို ဆက်ရှာခဲ့ကြရတယ်။ ရလဒ်ကတော့၊ ရူဘီနဲ့ကျွန်မဟာ ကျွန်မတို့ရဲ့ယုံကြည်ချက်တွေကို ကောင်းကောင်းရှင်းပြပြီး ယုံကြည်ခြင်းကို ခုခံကာကွယ်လာနိုင်ကြတယ်။
လူကြောက်ခြင်းကို အောင်မြင်ကျော်လွှားခြင်း
အိမ်မှာရော၊ အသင်းတော်အစည်းအဝေးတွေမှာပါ လေ့ကျင့်မှုကောင်းကောင်းရခဲ့ပေမဲ့ ခရစ်ယာန်တစ်ယောက်ရဲ့ အချို့အခန်းကဏ္ဍတွေဟာ ကျွန်မအတွက် စိန်ခေါ်ချက်ဖြစ်တယ်လို့ ဝန်ခံရမယ်။ တခြားလူငယ်တွေလိုပဲ ကျွန်မလည်း တခြားသူတွေ၊ အထူးသဖြင့် အတန်းဖော်တွေနဲ့ မတူတာကို မကြိုက်ဘူး။ ကျွန်မရဲ့ယုံကြည်ခြင်းအတွက် အစောပိုင်းက စမ်းသပ်မှုဖြစ်ခဲ့တာဟာ ကျွန်မတို့ခေါ်ခဲ့ကြတဲ့ ကြော်ငြာချီတက်ပွဲတွေနဲ့ ပတ်သက်နေတယ်။
အဲ့ဒီအချိန်မှာ ဆောင်ပုဒ်တွေရေးထားတဲ့ ဆိုင်းဘုတ်တွေကို ညီအစ်ကို၊ ညီအစ်မတစ်စုက သယ်ဆောင်ပြီး မြို့လမ်းမကြီးတွေပေါ်မှာ ဖြည်းဖြည်းလျှောက်သွားကြဖို့ဖြစ်တယ်။ လူဦးရေ ၃,၀၀၀ လောက်ပဲရှိတဲ့ ကျွန်မတို့မြို့မှာ အားလုံးက တစ်ယောက်နဲ့တစ်ယောက် သိနေကြတယ်။ အဲ့ဒီကြော်ငြာချီတက်ပွဲတစ်ခုမှာ “ဘာသာတရားသည် ထောင်ချောက်တစ်ခုနှင့် မသမာနည်းဖြင့် စီးပွားရှာမှုတစ်ခုဖြစ်သည်” ဆိုတဲ့ဆောင်ပုဒ်ကို သယ်ဆောင်ပြီး တန်းစီးလျှောက်နေတဲ့အထဲမှာ ကျွန်မက နောက်ဆုံးမှာရှိနေတယ်။ ကျွန်မရဲ့ကျောင်းနေဖက်တချို့က ကျွန်မကို မြင်လိုက်တာနဲ့ ကျွန်မနောက်ကနေ “ဘုရင်ကို ဘုရားသခင် ကယ်တော်မူပါ” သီချင်းကိုဆိုပြီး လိုက်လာကြပါလေရော။ ကျွန်မ ဘာလုပ်ခဲ့သလဲ။ ဆက်သွားနိုင်ဖို့ ခွန်အားပေးပါလို့ စိတ်အားထက်သန်စွာ ဆုတောင်းလိုက်တယ်။ ချီတက်ပွဲပြီးတာနဲ့ ဆိုင်းဘုတ်ကို ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ အမြန်ပြန်အပ်ပြီး အိမ်ပြန်ဖို့ပဲ။ ဒါပေမဲ့ တာဝန်ခံက ချီတက်ပွဲနောက်တစ်ခုရှိသေးတယ်၊ ဆိုင်းဘုတ်တစ်ခုသယ်ဆောင်ဖို့ လူတစ်ယောက်လိုနေတယ်လို့ ကျွန်မကိုပြောတယ်။ ဒါနဲ့ပဲ အရင်ကထက် ပိုအားစိုက်ဆုတောင်းပြီး ကျွန်မလိုက်သွားခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်မရဲ့အတန်းဖော်တွေက မောပြီး အိမ်ပြန်သွားကြပြီ။ ဒါနဲ့ ခွန်အားပေးပါလို့တောင်းခဲ့တဲ့ ကျွန်မရဲ့ဆုတောင်းချက်တွေဟာ ကျေးဇူးတင်တယ်ဆိုတဲ့ ဆုတောင်းချက်တွေ ဖြစ်သွားတာပေါ့!—သု. ၃:၅။
ကျွန်မတို့အိမ်မှာ အချိန်ပြည့်အမှုဆောင်တွေ အမြဲတမ်း ဝင်ထွက်သွားလာကြတယ်။ သူတို့တွေဟာ တကယ်ပျော်ရွှင်တဲ့သူတွေဖြစ်ကြပြီး သူတို့ကို ဧည့်ခံရတာ ပျော်စရာကောင်းတယ်။ ကျွန်မမှတ်မိသလောက်ပြောရရင်တော့ ကျွန်မတို့မိဘတွေက အချိန်ပြည့်ဓမ္မအမှုဆောင်တာကို အကောင်းဆုံးအလုပ်ဖြစ်တယ်ဆိုတာ ပြောပြပြီး အဲ့ဒီအလုပ်ကို ရွေးချယ်ကြဖို့ သားသမီးတွေကို အမြဲတမ်းအားပေးခဲ့တယ်။
မိဘတွေရဲ့အားပေးမှုကို လက်ခံပြီး ၁၉၄၅ ခုနှစ်မှာ အချိန်ပြည့်ဓမ္မအမှုမှာ ကျွန်မစတင်ပါဝင်ခဲ့တယ်။ နောက်ပိုင်းမှာ အွန်တဲရီးယိုပြည်နယ်၊ လန်ဒန်မြို့မှာ အမှုဆောင်နေတဲ့ ကျွန်မအစ်မအဲလာနဲ့အတူ ပူးပေါင်းခဲ့တယ်။ အဲဒီမှာ ကျွန်မ ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူးလို့ထင်ခဲ့တဲ့ လုပ်ငန်းတော်ကဏ္ဍတစ်ခုအကြောင်း ကြား
သိခဲ့ရတယ်။ ညီအစ်ကိုတွေက ဒေသန္တရအရက်ဆိုင်မှာ စားပွဲတစ်ခုကနေတစ်ခုကိုသွားပြီး သောက်သုံးနေသူတွေကို ကင်းမျှော်စင်နဲ့ နှစ်သိမ့်မှု (အခု နိုးလော့!) စာစောင်တွေ ဝေငှကြတယ်။ စနေ,နေ့လယ်ခင်းတွေမှာပဲသွားလို့ တော်သေးတယ်၊ အဲ့ဒီကိုသွားဖို့ သတ္တိပေးပါဆိုပြီး တစ်ပတ်လုံးဆုတောင်းခဲ့ရတယ်! အဲ့ဒီအလုပ်က ကျွန်မအတွက် မလွယ်ပေမဲ့ အကျိုးရှိခဲ့တယ်။နာဇီချွေးတပ်စခန်းတွေမှာရှိတဲ့ ညီအစ်ကိုတွေရဲ့ ညှဉ်းပန်းမှုအကြောင်းပါတဲ့ အထူးထုတ် နှစ်သိမ့်မှု စာစောင်တွေကို အထူးသဖြင့် ကော်ပိုရေးရှင်းကြီးတွေရဲ့ ဥက္ကဋ္ဌတွေအပါအဝင် အရေးပါတဲ့ ကနေဒါစီးပွားရေးသမားတွေဆီသွားပြီး ဝေငှခဲ့ရသေးတယ်။ ခွန်အားရှိဖို့ ယေဟောဝါကို အားထားမယ်ဆိုရင် ကိုယ်တော် အမြဲတမ်းထောက်ပံ့ပေးတယ်ဆိုတာကို နှစ်တွေတစ်လျှောက် ကျွန်မသိခဲ့ရတယ်။ အဖေ ပြောသလိုပဲ၊ ယေဟောဝါဟာ ကိုယ်တော့်အပေါ် နာခံမှုရှိသူတွေကို ကောင်းချီးပေးတယ်။
ကွိဘက်ပြည်နယ်မှာအမှုဆောင်ရန် ဖိတ်ခေါ်ချက်ကို လက်ခံခြင်း
၁၉၄၀၊ ဇူလိုင် ၄ ရက်နေ့မှာ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ကနေဒါနိုင်ငံမှာ ပိတ်ပင်လိုက်တယ်။ နောက်ပိုင်းမှာ ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ပေမဲ့ ကွိဘက်ပြည်နယ်က ရိုမန်ကက်သလစ်ပိုင်နက်မှာ ကျွန်မတို့ နှိပ်စက်ခံနေရတုန်းပဲ။ ပြင်းထန်တဲ့စကားလုံးတွေပါတဲ့ ဘုရားသခင်နှင့် ခရစ်တော်ကို ကွိဘက် အပြင်းအထန်မုန်းတီးခြင်းနှင့် လွတ်လပ်မှုသည် ကနေဒါလူမျိုးအတွက် ရှက်ဖွယ်ဖြစ် ဆိုတဲ့ ဝေစာကို အသုံးပြုပြီး အဲ့ဒီမှာရှိတဲ့ ညီအစ်ကိုတွေကို ညှဉ်းပန်းနှိပ်စက်နေတာကို အာရုံစိုက်လာအောင် အထူးကင်ပိန်းတစ်ခု လုပ်ဆောင်ခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် နေသန် အိပ်ခ်ျ. နောရ်က မွန်တရီရောလ်မြို့က ရာနဲ့ချီရှေ့ဆောင်တွေနဲ့ တွေ့ဆုံပြီး ကျွန်မတို့ပြုလုပ်ကြတော့မယ့် လုပ်ငန်းအကြောင်း ရှင်းပြခဲ့တယ်။ တကယ်လို့ အဲ့ဒီကင်ပိန်းမှာ ကျွန်မတို့ပါဝင်ဖို့ သဘောတူကြမယ်ဆိုရင် အဖမ်းခံရပြီး ထောင်ကျနိုင်တယ်လို့ ညီအစ်ကိုနောရ်က ပြောပြတယ်။ အဲ့ဒီအတိုင်း ဖြစ်ပျက်လာတာပဲ! အတော်လေးကြာတော့ ၁၅ ခါတောင် ကျွန်မ အဖမ်းခံခဲ့ရတယ်။ လယ်ကွင်းအမှုဆောင်ထွက်တိုင်း တကယ်လို့ ထောင်ကျမယ်ဆိုရင် အသုံးပြုဖို့ သွားပွတ်တံနဲ့ဘီးကို လိုလိုမည်မည်ယူသွားကြတယ်။
အစပိုင်းမှာတော့ ကျွန်မတို့ကို ဖြစ်နိုင်သရွေ့ အာရုံမစိုက်လာအောင် အများအားဖြင့် ညပိုင်းမှာ အမှုဆောင်ထွက်ကြတယ်။ ဝေစာအပြည့်ပါတဲ့ လွယ်အိတ်တစ်လုံးကို လည်ပင်းမှာချိတ်၊ အပေါ်ကနေ ကုတ်အင်္ကျီဝတ်ပြီး ကျွန်မယူသွားတတ်တယ်။ ဝေစာအပြည့်ပါတဲ့ လွယ်အိတ်က ကြီးလွန်းလို့ ကျွန်မကိုကြည့်ရင် ကိုယ်ဝန်ဆောင်နဲ့တူတယ်။ အဲဒါက အမှုဆောင်ရပ်ကွက်သွားဖို့ ပြည့်ကျပ်နေတဲ့ ဓာတ်ရထားစီးတဲ့အခါ ကျွန်မအတွက် အကျိုးရှိတယ်။ ရည်မွန်တဲ့အမျိုးသားတွေက “ကိုယ်ဝန်ဆောင်” အမျိုးသမီးအတွက် သူတို့ထိုင်ခုံကနေ ထပေးတတ်တယ်။
အချိန်ကြာလာတော့ နေ့ပိုင်းမှာ အဲဒီဝေငှခြင်းလုပ်ငန်းကို လုပ်ဆောင်လာခဲ့ကြတယ်။ အိမ်သုံးလေးလုံးရဲ့တံခါးဝမှာ ဝေစာတွေထားပြီးတဲ့နောက် တခြားရပ်ကွက်ကို ဆက်သွားကြတယ်။ အဲ့ဒီလိုလုပ်တာ အများအားဖြင့် အောင်မြင်မှုရခဲ့ကြတယ်။ ဒါပေမဲ့ ခရစ်ယာန်သာသနာနယ်ပယ် ဘုန်းကြီးတစ်ပါးကသာ သူ့ပိုင်နက်မှာ ကျွန်မတို့ရောက်နေမှန်း သိသွားရင် မလွယ်ဘူးဆိုတာမှတ်တော့။ တစ်ခါကဆိုရင် ခရစ်ယာန်ဘုန်းကြီးတစ်ပါးက ကလေး၊ လူကြီးအယောက် ၅၀၊ ၆၀ ရှိတဲ့ လူအုပ်ကို သွေးထိုးပေးလို့ ကျွန်မတို့ကို ခရမ်းချဉ်သီးတွေ၊ ဥတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်။ ခရစ်ယာန်ညီအစ်မတစ်ယောက်ရဲ့အိမ်ကို ကျွန်မတို့ထွက်ပြေးခိုလှုံပြီး အဲ့ဒီည ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ကြရတယ်။
ကွိဘက်မှာရှိတဲ့ ပြင်သစ်စကားပြောသူတွေကို ဟောပြောဖို့ ရှေ့ဆောင်တွေအများကြီးလိုလို့ ၁၉၅၈၊ ဒီဇင်ဘာလမှာ ကျွန်မရဲ့အစ်မ ရူဘီနဲ့အတူ ပြင်သစ်စကားကို စလေ့လာကြတယ်။ ပြီးတော့ အဲ့ဒီပြည်နယ်က ပြင်သစ်စကားပြောဒေသတွေမှာ ကျွန်မတို့ကို တာဝန်ချခဲ့တယ်။ တာဝန်ကျတဲ့နေရာတစ်ခုစီမှာ အတွေ့အကြုံထူးတွေ ကြုံခဲ့ရတယ်။ တစ်နေရာမှာဆိုရင် နှစ်နှစ်တိတိ တစ်နေ့ ရှစ်နာရီ တစ်အိမ်မှတစ်အိမ်သွားခဲ့ကြပေမဲ့ ဘယ်သူမှတံခါးမဖွင့်ပေးခဲ့ဘူး! အိမ်ရှင်တွေက တရုတ်ကတ်မှန်ကနေကြည့်ပြီး ပြန်ပိတ်သွားကြတယ်။ ဒါပေမဲ့လည်း ကျွန်မတို့ လက်မလျှော့ခဲ့ကြဘူး။ အခုဆိုရင် အဲ့ဒီမြို့မှာ တိုးတက်တဲ့ အသင်းတော်နှစ်ခုရှိနေပြီ။
နည်းလမ်းအသွယ်သွယ်ဖြင့် ယေဟောဝါထောက်ပံ့ခဲ့
၁၉၆၅ ခုနှစ်မှာ ကျွန်မတို့ အထူးရှေ့ဆောင်တွေဖြစ်လာကြတယ်။ အထူးရှေ့ဆောင်အဖြစ် တာဝန်ကျတဲ့နေရာတစ်နေရာမှာ ၁ တိမောသေ ၆:၈ မှာမှတ်တမ်းတင်ထားတဲ့ “စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့” ဆိုတဲ့ ပေါလုစကားရဲ့အဓိပ္ပာယ်ကို အပြည့်အဝနားလည်လာခဲ့ကြတယ်။ ကျွန်မတို့ရဲ့ကုန်ကျစရိတ်တွေ မများရအောင် ခြစ်ခြစ်ခြုတ်ခြုတ် သုံးခဲ့ကြရတယ်။ ဒါကြောင့် အနွေးဓာတ်၊ အိမ်လခ၊ လျှပ်စစ်မီးနဲ့ အစားအသောက်တွေအတွက် ပိုက်ဆံကို သတ်သတ်ဖယ်ထားရတယ်။ ကျွန်မတို့လိုချင်တာဝယ်ဖို့ တစ်လကို ၂၅ ဆင့်ပဲကျန်တော့တယ်။
ပိုက်ဆံကနည်းတော့ ညဆိုရင် နာရီအနည်းငယ်လောက်ပဲ အိမ်ထဲမှာ အနွေးဓာတ်ပေးနိုင်တယ်။ ဒါကြောင့် ကျွန်မတို့အိပ်ခန်းဟာ အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်ထက် ဘယ်တော့မှမကျော်ဘူး၊ အဲဒီဆာလံ ၃၇:၂၅ မှာပါတဲ့ “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်း . . . မမြင်စဖူး” ဆိုတဲ့စကားဟာ တကယ်ကိုမှန်တာပဲ!
ထက်တောင် ပိုအေးလေ့ရှိတယ်။ တစ်နေ့ကျတော့ ရူဘီရဲ့ကျမ်းစာသင်သားရဲ့ သားတစ်ယောက် ကျွန်မတို့ဆီ လာလည်တယ်။ ကျွန်မတို့အိမ်ထဲမှာ အေးစက်နေတာပဲလို့ သူ့အမေကို ပြန်ပြောပြပါလိမ့်မယ်၊ အဲဒီနောက် သူ့အမေက ဆီဝယ်ဖို့ လတိုင်း ဆယ်ဒေါ်လာပို့ပေးလို့ တစ်ညလုံး အနွေးဓာတ်လွှတ်နိုင်ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်မတို့ ဆင်းရဲ့ချို့တဲ့တယ်လို့ မခံစားခဲ့ရပါဘူး။ ကျွန်မတို့ မချမ်းသာကြပေမဲ့ လိုအပ်တာတွေ အမြဲရှိခဲ့တယ်။ အပိုအလျှံရှိရင် ဒါကောင်းချီးပဲလို့ ကျွန်မတို့ခံစားခဲ့ကြတယ်။ကျွန်မတို့ အတိုက်အခံရင်ဆိုင်ရပေမဲ့ ကျွန်မနဲ့ ကျမ်းစာသင်ခဲ့တဲ့သူ အတော်များများ အမှန်တရားရလာကြတာကို မြင်ရလို့ ကျေနပ်အားရခဲ့ပါတယ်။ တချို့က အချိန်ပြည့်ဓမ္မအမှုဆောင်တွေ ဖြစ်လာကြလို့ ကျွန်မ အထူးပျော်ရွှင်ခဲ့ရတာပေါ့။
စိန်ခေါ်ချက်အသစ်များကို အောင်မြင်စွာရင်ဆိုင်ခြင်း
၁၉၇၀ ပြည့်နှစ်မှာ ကျွန်မတို့တာဝန်ကျတဲ့ နေရာအသစ်ဖြစ်တဲ့ အွန်တဲရီးယိုပြည်နယ်၊ ကွန်ဝေါလ်မြို့ကို ရောက်ပြီး တစ်နှစ်လောက်အကြာမှာ အမေရဲ့ကျန်းမာရေး ချို့တဲ့လာတယ်။ ၁၉၅၇ ခုနှစ်မှာ အဖေဆုံးပြီးတဲ့နောက် ကျွန်မတို့ညီအစ်မသုံးယောက်က ၁၉၇၂ ခုနှစ်မှာ အမေဆုံးသွားတဲ့အထိ တစ်ယောက်တစ်လှည့် ကြည့်ရှုစောင့်ရှောက်ခဲ့ကြတယ်။ အဲ့ဒီအချိန်အတောအတွင်းမှာ ကျွန်မတို့ရဲ့အထူးရှေ့ဆောင်အဖော်တွေဖြစ်ကြတဲ့ အဲလာ လစ်ဇစ်ဆာနဲ့ အဲန် ကိုဝါလဲန်ကိုဟာ ကျွန်မတို့ ကြံ့ကြံ့ခံနိုင်ဖို့ ကူညီပေးပြီး မေတ္တာပါပါထောက်ပံ့ပေးခဲ့ကြတယ်။ ကျွန်မတို့မရှိခိုက်မှာ ကျွန်မတို့ရဲ့ ကျမ်းစာသင်အံမှုတွေနဲ့ တခြားတာဝန်တွေကို သူတို့ ကြည့်ရှုလုပ်ဆောင်ပေးခဲ့ကြတယ်။ နယပုံပြင် ၁၈:၂၄ မှာပါတဲ့ “မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏” လို့ဆိုတဲ့ စကားတွေဟာ တကယ်မှန်လိုက်တာ!
ဘဝမှာ စိန်ခေါ်ချက်တွေနဲ့ ပြည့်နှက်နေတာပဲ။ ယေဟောဝါရဲ့မေတ္တာပါထောက်ပံ့မှုနဲ့ အဲ့ဒီစိန်ခေါ်ချက်တွေကို ကျွန်မရင်ဆိုင်နိုင်ခဲ့တယ်။ အချိန်ပြည့်လုပ်ငန်းတော်မှာ အခုထိ ကျွန်မ ပျော်ပျော်ရွှင်ရွှင် ပါဝင်နိုင်တုန်းပဲ။ ၁၉၉၃ ခုနှစ်မှာ ဆုံးသွားရှာတဲ့ ဘော့ဘ်ဟာ သူ့ဇနီး ဒေါလ်နဲ့အတူ ၁၀ နှစ်ရှေ့ဆောင်တာကိုထည့်တွက်ရင် ရှေ့ဆောင်လုပ်ငန်းမှာ အနှစ် ၂၀ ကျော်ပါဝင်ခဲ့တယ်။ ၁၉၉၈၊ အောက်တိုဘာမှာ ဆုံးသွားရှာတဲ့ အစ်မကြီးအဲလာက အနှစ် ၃၀ ကျော်အထိ ရှေ့ဆောင်ခဲ့ပြီး ရှေ့ဆောင်စိတ်ဓာတ်ကို အမြဲထိန်းထားခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ နောက်အစ်မတစ်ယောက် ရူဘီမှာ ကင်ဆာရောဂါရှိတယ်လို့သိခဲ့ရတယ်။ ဒါတောင် အစ်မဟာ အားပြတ်နေတဲ့ကြားက သတင်းကောင်းဟောပြောခဲ့တယ်။ အစ်မကွယ်လွန်ခဲ့တဲ့ ၁၉၉၉၊ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းအထိ ပျော်ပျော်ပဲ။ အခုဆိုရင် ကျွန်မရဲ့အစ်မတွေမရှိကြတော့ပေမဲ့
ကျွန်မ ဆက်ပြီးပျော်ရွှင်နိုင်အောင် ကူညီပေးတဲ့ ဝိညာဉ်ရေး ညီအစ်ကို၊ ညီအစ်မတွေရဲ့ မိသားစုရှိပါသေးတယ်။ကျွန်မရဲ့အသက်တာကို ပြန်ပြောင်းကြည့်လိုက်တဲ့အခါ ဘာတွေကို ပြောင်းလဲချင်သလဲ။ ကျွန်မ တစ်ခါမှ အိမ်ထောင်မပြုခဲ့ပေမဲ့ အမှန်တရားကို ရှေးဦးထားခဲ့ကြတဲ့ မေတ္တာရှိမိဘတွေ၊ အစ်ကိုတစ်ယောက်နဲ့ အစ်မတွေရှိခဲ့တယ်။ သူတို့မကြာခင် ထမြောက်လာကြတဲ့အခါ အားလုံးနဲ့ ပြန်ဆုံတွေ့ဖို့ ကျွန်မစောင့်မျှော်နေပါတယ်။ အဖေက ကျွန်မကိုဖက်ထားပြီး အမေနဲ့ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ဖက်ကြတဲ့အခါ အမေ့ရဲ့မျက်ရည်တွေကျလာတာကို အခုတောင် မြင်ယောင်ခံစားရတယ်။ အဲလာ၊ ရူဘီနဲ့ ဘော့ဘ်တို့လည်း အားရပါးရ ထခုန်ကြမှာ။
ဒီအချိန်အတောအတွင်းမှာ ယေဟောဝါကို ချီးမွမ်းပြီး ဂုဏ်တင်ဖို့ ကျွန်မမှာကျန်ရှိတဲ့ ကျန်းမာရေးနဲ့ ခွန်အားကို ဆက်အသုံးပြုသွားမယ်။ အချိန်ပြည့်ရှေ့ဆောင်လုပ်ငန်းဟာ တကယ်ပျော်စရာကောင်းပြီး အကျိုးကျေးဇူးလည်းရှိတယ်။ ယေဟောဝါရဲ့လမ်းစဉ်မှာ လျှောက်လှမ်းနေသူတွေဟာ ဆာလံဆရာပြောသလိုပဲ “မင်္ဂလာရှိ၍ ကောင်းချီးခံစားရလိမ့်မည်။”—ဆာလံ ၁၂၈:၁၊ ၂။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာကို အဖေမြတ်နိုးခဲ့။ ကျွန်မတို့၏ယုံကြည်ခြင်းကို ခုခံကာကွယ်ဖို့ ကျမ်းစာကိုအသုံးပြုရန် သူသင်ပေးခဲ့
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
လက်ဝဲမှ လက်ယာ– ၁၉၄၇ ခုနှစ်က ရူဘီ၊ ကျွန်မ၊ ဘော့ဘ်၊ အဲလာ၊ အမေနှင့် အဖေ
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ရှေ့တန်း၊ လက်ဝဲမှ လက်ယာ– ၁၉၉၈ ခရိုင်စည်းဝေးကြီးတစ်ခုတွင် ကျွန်မ၊ ရူဘီနှင့် အဲလာ