ကြီးမြတ်သောဆရာကို တုပလော့
ကြီးမြတ်သောဆရာကို တုပလော့
“သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက် . . . ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမ [သွန်သင်] ပေးကြလော့။”—မဿဲ ၂၈:၁၉၊ ၂၀။
၁၊ ၂။ (က) တစ်နည်းဆိုရလျှင် ကျွန်ုပ်တို့အားလုံး မည်သို့အားဖြင့် သွန်သင်သူများ ဖြစ်ကြသနည်း။ (ခ) သွန်သင်ခြင်းနှင့်ပတ်သက်၍ စစ်မှန်သောခရစ်ယာန်များ၌ အဘယ်ထူးခြားသည့်တာဝန် ရှိသနည်း။
သင်သည် သွန်သင်သူတစ်ဦးလော။ တစ်နည်းနည်းဖြင့် ကျွန်ုပ်တို့အားလုံး သွန်သင်သူများဖြစ်ကြ၏။ သင်သည် လမ်းပျောက်နေသည့် ခရီးသည်တစ်ဦးအား လမ်းညွှန်ပေးသည့်အခါ၊ အလုပ်ဖော်တစ်ဦးအား တာဝန်တစ်ခု မည်သို့ထမ်းဆောင်ရမည်ကို ပြပေးသည့်အခါ၊ သို့မဟုတ် ကလေးတစ်ဦးအား ရှူးဖိနပ်ကြိုးစည်းပုံကို ရှင်းပြသည့်အခါတိုင်း သွန်သင်ပေးနေသည်။ ဤနည်းများဖြင့် အခြားသူများကို ကူညီပေးခြင်းမှ ကျေနပ်မှုအနည်းနှင့်အများ ရရှိသည်မဟုတ်ပေလော။
၂ သွန်သင်ပေးခြင်းနှင့်ပတ်သက်၍ စစ်မှန်သောခရစ်ယာန်များသည် ထူးခြားသည့်တာဝန် ရရှိထားကြသည်။ ကျွန်ုပ်တို့သည် “လူမျိုးတကာတို့ကို . . . တပည့်ဖြစ်စေလျက် . . . [သွန်သင်] ပေး” ရမည့်တာဝန်ရထားကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) အသင်းတော်တွင်လည်း ကျွန်ုပ်တို့သွန်သင်ပေးကြရသည့်အခါရှိသည်။ အသင်းတော်ကို တည်ဆောက်ပေးရန် အရည်အချင်းပြည့်မီသူ အမျိုးသားများအား “သိုးထိန်းများနှင့် သွန်သင်သူများ” အဖြစ် ခန့်အပ်ထားသည်။ (ဧဖက် ၄:၁၁-၁၃၊ ကဘ) ရင့်ကျက်သောအမျိုးသမီးများသည်လည်း ၎င်းတို့၏နေ့စဉ်ခရစ်ယာန်လုပ်ငန်းဆောင်တာများ၌ ငယ်ရွယ်သည့်အမျိုးသမီးများအား “ကောင်းသောအရာများကို သွန်သင်” ပေးကြရသည်။ (တိတု ၂:၃-၅၊ ကဘ) ကျွန်ုပ်တို့အားလုံးသည် ယုံကြည်သူချင်းများကို တိုက်တွန်းရန် အားပေးခံကြရရာ အခြားသူများအား တည်ဆောက်ပေးရန် ကျမ်းစာကို အသုံးပြုခြင်းဖြင့် ထိုအားပေးမှုကို နာယူနိုင်ကြ၏။ (၁ သက်သာလောနိတ် ၅:၁၁) ဘုရားသခင့်စကားတော်ကို သွန်သင်ပေးရသူတစ်ဦးဖြစ်ပြီး မြဲမြံသည့်အကျိုးကျေးဇူးပေးသည့် ဝိညာဉ်ရေးစံနှုန်းများကို ဝေမျှခွင့်ရထားခြင်းသည် ထူးကဲလှသည်တကား!
၃။ ထိရောက်သောသွန်သင်သူများအဖြစ် မည်သို့တိုးတက်စေနိုင်မည်နည်း။
၃ သို့သော် ကျွန်ုပ်တို့သည် ထိရောက်သောသွန်သင်သူများအဖြစ် မည်သို့တိုးတက်စေနိုင်သနည်း။ အဓိကအားဖြင့် ကြီးမြတ်သောဆရာယေရှုအား တုပခြင်းဖြင့်ဖြစ်သည်။ ‘သို့သော် ယေရှုကို ကျွန်ုပ်တို့ မည်သို့တုပနိုင်မည်နည်း။’ ‘ကိုယ်တော်က စုံလင်တဲ့လူပဲ’ ဟုတချို့တွေးကောင်းတွေးမည်။ မှန်ပါသည်၊ ကျွန်ုပ်တို့ စုံလင်သောသွန်သင်သူများ မဖြစ်နိုင်ကြပါ။ သို့တိုင် ကျွန်ုပ်တို့၏စွမ်းရည် မည်သို့ပင်ရှိပါစေ ယေရှုသွန်သင်နည်းကို အတတ်နိုင်ဆုံး တုပနိုင်ကြပါသည်။ ကိုယ်တော်အသုံးပြုသည့် နည်းလေးနည်းဖြစ်သော ရိုးရှင်းခြင်း၊ ထိရောက်သောမေးခွန်းများမေးခြင်း၊ ဆင်ခြင်တုံတရားနှင့်အညီ ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် လျောက်ပတ်သောပုံဥပမာများသုံးခြင်းကို ကျွန်ုပ်တို့ကိုယ်တိုင် မည်သို့အသုံးပြုနိုင်ကြောင်း ဆွေးနွေးကြည့်ကြစို့။
ရိုးရှင်းစေခြင်း
၄၊ ၅။ (က) ရိုးရှင်းခြင်းသည် ကျမ်းစာအမှန်တရား၏ အဓိကကြန်အင်လက္ခဏာတစ်ခု အဘယ်ကြောင့်ဖြစ်သနည်း။ (ခ) ရိုးရိုးရှင်းရှင်းသွန်သင်ရန် ကျွန်ုပ်တို့၏ဝေါဟာရကိုဂရုပြုဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၄ ဘုရားသခင့်စကားတော်၏ အခြေခံအမှန်တရားသည် မရှုပ်ထွေးပါ။ ယေရှု ဤသို့ဆုတောင်းခဲ့သည်– “အဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ထားလျက် သူငယ်တို့အားဖော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။” (မဿဲ ၁၁:၂၅) ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်များကို စိတ်ရိုးမှန် နှိမ့်ချသူများအား ဖော်ပြပေးခဲ့သည်။ (၁ ကောရိန္သု ၁:၂၆-၂၈) ထို့ကြောင့် ရိုးရှင်းခြင်းသည် ကျမ်းစာအမှန်တရား၏ အဓိကကြန်အင်လက္ခဏာတစ်ခုဖြစ်သည်။
၅ သင်သည် အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပသောအခါ၊ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သောအခါ ရိုးရိုးရှင်းရှင်း မည်သို့သွန်သင်ပေးနိုင်မည်နည်း။ ကြီးမြတ်သောဆရာထံမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိခဲ့ကြရသနည်း။ “လူတတ်မဟုတ်၊ လူသာမည” များဖြစ်ကြသည့် မိမိ၏ပရိသတ်များကိုထိမိဖို့ လူတို့နားလည်နိုင်သည့် ရိုးရှင်းလွယ်ကူသောစကားကို ပြောဆိုခဲ့သည်။ (တမန်တော် ၄:၁၃) ထို့ကြောင့် ရိုးရိုးရှင်းရှင်းသွန်သင်ရန် ပထမလိုအပ်ချက်မှာ ဝေါဟာရကို ဂရုစိုက်ခြင်း ဖြစ်သည်။ ဘုရားသခင့်စကားတော်အမှန်တရားကို အခြားသူများ ပို၍ဘဝင်ကျစေရန် ကြီးကျယ်သည့်စကားလုံးများ သုံးစရာမလိုချေ။ ထို “ထူးမြတ်သောစကား” သည် အထူးသဖြင့် ပညာအရည်အချင်းနည်းသူ၊ စွမ်းရည်အကန့်အသတ်သာရှိသူတို့အတွက် လန့်ဖျပ်သွားစရာဖြစ်နိုင်သည်။ (၁ ကောရိန္သု ၂:၁၊ ၂) ဂရုတစိုက်ရွေးချယ်အသုံးပြုသည့် ရိုးရှင်းသောစကားလုံးများသည် အမှန်တရားကို ပိုမိုထိရောက်စွာ ဖော်ပြနိုင်ကြောင်း ယေရှု၏ဥပမာက တင်ပြသည်။
၆။ ကျမ်းစာသင်သားတစ်ဦးအား အချက်အလက်များလွန်းစွာသွန်သင်ပေးခြင်းကို မည်သို့ရှောင်နိုင်မည်နည်း။
၆ ရိုးရိုးရှင်းရှင်းသွန်သင်ရန် ကျမ်းစာသင်သားတစ်ဦးအား အချက်အလက်များလွန်းစွာ သွန်သင်ပေးခြင်းကို သတိထားသင့်သည်။ ယေရှုသည် တပည့်များ၏ကန့်သတ်ချက်များကို ထည့်စဉ်းစားခဲ့သည်။ (ယောဟန် ၁၆:၁၂) ကျွန်ုပ်တို့လည်း သင်သားကို ထည့်စဉ်းစားရမည်။ ဥပမာ၊ ထာဝရအသက်ရစေသောအသိပညာစာအုပ်နှင့် သွန်သင်ပေးရာတွင် အသေးစိတ် ရှင်းပြဖို့လိုမည်မဟုတ်ချေ။ * အကြောင်းအရာ များများပြီးရန်လေ့လာခြင်းသည် အရေးကြီးသည့်သဖွယ် အလောတကြီးလေ့လာစရာလည်း မလိုချေ။ ယင်းအစား သင်သားလိုအပ်သည့်အကူအညီ၊ သူ၏လက်ခံနိုင်စွမ်းကိုထောက်ပြီး သင်အံမှုကိုကျင်းပခြင်းသည် ပညာရှိရာရောက်၏။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ သင်သားအား ခရစ်တော်၏တပည့်တစ်ဦး၊ ယေဟောဝါအားဝတ်ပြုသူတစ်ဦး ဖြစ်လာစေရန် ကူညီပေးခြင်းဖြစ်သည်။ လေ့လာနေသည့်အကြောင်းအရာကို ရှင်းလင်းစွာသဘောပေါက်စေရန် စိတ်ဝင်စားသူသင်သားအား အချိန်ပေးကူညီရမည်။ ဤနည်းဖြင့် အမှန်တရားသည် သူ၏နှလုံးကိုထိမိပြီး လုပ်ဆောင်ရန် လှုံ့ဆော်ပေးပေမည်။—ရောမ ၁၂:၂။
၇။ အသင်းတော်တွင် ဟောပြောချက်များပေးသောအခါ ရိုးရိုးရှင်းရှင်းသွန်သင်ပေးရန် အဘယ်အကြံပြုချက်များသည် အထောက်အကူဖြစ်နိုင်သနည်း။
၇ ကျွန်ုပ်တို့သည် အသင်းတော်တွင် ဟောပြောချက်များပေးသည့်အခါ၊ အထူးသဖြင့် ပရိသတ်တွင် လူသစ်များရှိမည်ဆိုလျှင် “နားလည်လွယ်သောစကား” ကိုမည်သို့ပြောဆိုနိုင်မည်နည်း။ (၁ ကောရိန္သု ၁၄:၉) အထောက်အကူပြုနိုင်သည့် အကြံပြုချက်သုံးခုကို သုံးသပ်ကြည့်ပါ။ ပထမ၊ သင်အသုံးပြုရမည့် အကျွမ်းတဝင်မရှိသော ဝေါဟာရမှန်သမျှကို ရှင်းပြပါ။ ဘုရားသခင့်စကားတော်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ခြင်းကြောင့် ထူးခြားသည့်ဝေါဟာရများကို သိရှိခဲ့ပြီ။ “သစ္စာနှင့်သတိပညာရှိကျွန်၊” “အခြားသိုး၊” “မဟာဗာဗုလုန်” အစရှိသောဝေါဟာရများကို ကျွန်ုပ်တို့အသုံးပြုမည်ဆိုလျှင် အဓိပ္ပာယ်ရှင်းလင်းစေမည့် ရိုးရှင်းသောစကားစုများဖြင့် ရှင်းပြပေးဖို့လိုပေမည်။ ဒုတိယ၊ စကားမဖောင်လွန်းပါနှင့်။ စကားလုံးများလွန်း၊ ချဲ့ကားပြောဆိုလွန်းခြင်းသည် ပရိသတ်စိတ်ဝင်စားမှု လျော့နည်းသွားစေနိုင်သည်။ မလိုအပ်သောစကားလုံးများနှင့် စကားစုများကို အသုံးမပြုခြင်းဖြင့် နားလည်ရပိုလွယ်ကူလာမည်။ တတိယ၊ အကြောင်းအရာ မများလွန်းပါစေနှင့်။ ကျွန်ုပ်တို့သုတေသနပြုရာတွင် စိတ်ဝင်စားစရာ အသေးစိတ်အချက်အလက်များစွာ သိရှိရပေမည်။ သို့သော် အကြောင်းအရာကို အဓိကအချက်အနည်းငယ်သို့စုစည်းပြီး ထိုအချက်များကို ထောက်ခံသည့်၊ ကန့်သတ်ထားချိန်အတွင်း ရှင်းလင်းစွာဖော်ပြနိုင်မည့် အချက်အလက်များကိုသာ အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။
မေးခွန်းများကို ထိထိရောက်ရောက်အသုံးပြုခြင်း
၈၊ ၉။ အိမ်ရှင်စိတ်ဝင်စားရာနှင့် အလိုက်သင့်သည့် မေးခွန်းတစ်ခုကို ကျွန်ုပ်တို့မည်သို့ရွေးချယ်နိုင်သနည်း။ ဥပမာများပေးပါ။
၈ ယေရှုသည် တပည့်များ၏စိတ်ထဲရှိအရာများကို ဖော်ပြစေရန်နှင့် သူတို့၏တွေးခေါ်မှုကို လှုံ့ဆော်လေ့ကျင့်ပေးရန် မေးခွန်းများ အသုံးပြုရာတွင် အလွန်ကျွမ်းကျင်ကြောင်း သတိရပါ။ မေးခွန်းများမေးခြင်းဖြင့် ကိုယ်တော်သည် သူတို့၏နှလုံးကို ထိမိနိုင်ခဲ့သည်။ (မဿဲ ၁၆:၁၃၊ ၁၅; ယောဟန် ၁၁:၂၆) ကျွန်ုပ်တို့လည်း ယေရှုနည်းတူ မေးခွန်းများကို မည်သို့ ထိထိရောက်ရောက် အသုံးပြုနိုင်မည်နည်း။
၉ ကျွန်ုပ်တို့သည် တစ်အိမ်မှတစ်အိမ်ဟောပြောသောအခါ စိတ်ဝင်စားမှုနှိုးဆွပေးရန် မေးခွန်းများအသုံးပြုနိုင်ပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောဖို့ လမ်းကြောင်းပေးနိုင်သည်။ အိမ်ရှင်၏စိတ်ဝင်စားမှုနှင့်ကိုက်ညီသည့် မေးခွန်းတစ်ခုကို မည်သို့ရွေးနိုင်မည်နည်း။ အကင်းပါးပါ။ အိမ်တစ်အိမ်သို့သွားသောအခါ ပတ်ဝန်းကျင်ကိုသတိပြုပါ။ ထိုအိမ်တွင် ကလေးများရှိမရှိသိနိုင်သည့် ကလေးကစားစရာများကို တွေ့သလော။ သို့ဆိုလျှင် ‘ခင်ဗျားရဲ့ကလေးတွေကြီးလာတဲ့အခါ ဒီလောကကြီး ဘယ်လိုဖြစ်မလဲဆိုတာကို စဉ်းစားဖူးသလား’ ဟူ၍ ကျွန်ုပ်တို့မေးနိုင်သည်။ (ဆာလံ ၃၇:၁၀-၁၂) တံခါးကို သော့အထပ်ထပ် ခတ်ထားသလော၊ သို့မဟုတ် လုံခြုံရေးစနစ်တစ်ခုရှိနေ သလော။ ‘ကျွန်တော်တို့အိမ်ထဲမှာ၊ လမ်းပေါ်မှာ လုံလုံခြုံခြုံရှိနိုင်မယ့်အချိန် တစ်နေ့နေ့ရောက်လာလိမ့်မယ်လို့ထင်သလား’ ဟုကျွန်ုပ်တို့မေးနိုင်သည်။ (မိက္ခာ ၄:၃၊ ၄) လူနာရှိသည့်ပုံပေါက်သလော။ ထိုအခါ ကျွန်ုပ်တို့က ‘အသက်ရှင်နေထိုင်သူအားလုံး ကျန်းမာနေကြမယ့်အချိန်ရှိလာနိုင်ပါ့မလား’ ဟူ၍မေးနိုင်သည်။ (ဟေရှာယ ၃၃:၂၄) အကြံပြုချက်များစွာကို ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်တွင် တွေ့ရှိနိုင်ပါသည်။ *
၁၀။ ကျွန်ုပ်တို့သည် ကျမ်းစာသင်သားတစ်ဦး၏ အတွေးအခေါ်နှင့် ခံစားချက်များကို “ခပ်ယူ” ရန်မေးခွန်းများ မည်သို့အသုံးပြုနိုင်သနည်း၊ သို့သော် အဘယ်အရာကို စိတ်ထဲစွဲမှတ်ထားသင့်သနည်း။
၁၀ ကျမ်းစာသင်အံမှုများ ကျင်းပချိန်တွင် မေးခွန်းများကို မည်သို့ကောင်းစွာ အသုံးပြုနိုင်သနည်း။ ကျွန်ုပ်တို့သည် ယေရှုကဲ့သို့ လူ့နှလုံးကိုမသိနိုင်ပါ။ သို့ရာတွင် လိမ္မာပါးနပ်ပြီး ပိုင်းခြားသိမြင်မှုရှိသောမေးခွန်းများမေးခြင်းဖြင့် သင်သား၏အတွေးအခေါ်နှင့် ခံစားချက်များကို “ခပ်ယူ” သကဲ့သို့ သိရှိနိုင်ပေသည်။ (သု. ၂၀:၅) ဥပမာ၊ အသိပညာစာအုပ်မှ “ဘုရားတရားကြည်ညိုသည့် အသက်တာဖြင့် နေထိုင်ခြင်းသည် အဘယ်ကြောင့် ပျော်ရွှင်ချမ်းမြေ့စေကြောင်း” အခန်းကို လေ့လာနေကြသည် ဆိုပါစို့။ ယင်းတွင် မရိုးသားမှု၊ မတရားမေထုန်နှင့် အခြားကိစ္စများနှင့်ပတ်သက်သည့် ဘုရားသခင့်အမြင်ကို ဆွေးနွေးထားသည်။ သင်သားသည် ပုံနှိပ်ထားသည့်မေးခွန်းများကို မှန်ကန်စွာဖြေဆိုပေမည်၊ သို့သော် သူသင်ယူနေသည့်အရာကို သဘောတူလက်ခံပါမည်လော။ ကျွန်ုပ်တို့ ဤသို့မေးကြပေမည်– ‘ဒီလိုကိစ္စတွေနဲ့ပတ်သက်လို့ ယေဟောဝါရဲ့အမြင်ဟာ ခင်ဗျားအတွက် အကျိုးသင့်အကြောင်းသင့်ရှိရဲ့လား။’ ‘ခင်ဗျားရဲ့အသက်တာမှာ ဒီကျမ်းစာမူတွေကို ဘယ်လိုကျင့်သုံးနိုင်မလဲ။’ သို့သော် သင်သား၏ဂုဏ်သိက္ခာနှင့်အညီ လေးစားမှုရှိရန်လိုကြောင်းကိုမူ စိတ်စွဲမှတ်ထားပါ။ ကျမ်းစာသင်သားကို အနေရခက်စေသည့် သို့မဟုတ် အသရေပျက်စေသည့် မေးခွန်းများကို မမေးလိုကြပါ။—သု. ၁၂:၁၈။
၁၁။ လူထုဟောပြောချက်ပေးသူများသည် မေးခွန်းများကို ထိရောက်စွာ မည်သို့အသုံးပြုနိုင်သနည်း။
၁၁ လူထုဟောပြောချက်ပေးသူများသည်လည်း မေးခွန်းများကို ထိထိရောက်ရောက် အသုံးပြုနိုင်သည်။ အဖြေမလိုသောမေးခွန်းများဖြစ်သည့် ပရိသတ် ဖြေစရာမလိုသည့်မေးခွန်းများသည် ပရိသတ်ကိုစဉ်းစားတွေးတောစေသည်။ ယေရှုသည် အခါအားလျော်စွာ ထိုသို့သောမေးခွန်းများကို အသုံးပြုခဲ့သည်။ (မဿဲ ၁၁:၇-၉) ထို့အပြင် ဟောပြောသူသည် နိဒါန်းပျိုးပြီးနောက် ဆွေးနွေးမည့် အဓိကအချက်များကိုဖော်ပြရန် မေးခွန်းများအသုံးပြုနိုင်သည်။ သူဤသို့ဆိုနိုင်သည်– “ဒီနေ့ ကျွန်တော်တို့ . . . မေးခွန်းတွေရဲ့အဖြေတွေကို သုံးသပ်သွားကြမယ်။” ထို့နောက် နိဂုံးတွင် အဓိကအချက်များကို ပြန်လည်သုံးသပ်ဖို့ ထိုမေးခွန်းများကို ပြန်ရည်ညွှန်းနိုင်သည်။
၁၂။ ခရစ်ယာန်အကြီးအကဲများသည် ယုံကြည်သူချင်းတစ်ဦးကို ဘုရားသခင့်စကားတော်မှ နှစ်သိမ့်မှုရယူရန် မေးခွန်းများ မည်သို့အသုံးပြုနိုင်ကြောင်း ဥပမာတစ်ခုပေးပါ။
၁၂ ခရစ်ယာန်အကြီးအကဲများသည် သူတို့၏သိုးထိန်းလုပ်ငန်းတွင် “စိတ်ငယ်သောသူ” တစ်ဦးအား ယေဟောဝါ၏စကားတော်မှ နှစ်သိမ့်မှုရစေရန် မေးခွန်းများ အသုံးပြုနိုင်သည်။ (၁ သက်သာလောနိတ် ၅:၁၄) ဥပမာ၊ မှိုင်တွေနေသူတစ်ဦးအား ကူညီပေးရန် အကြီးအကဲတစ်ဦးသည် ဆာလံ ၃၄:၁၈ ကိုအာရုံစိုက်စေနိုင်သည်။ ထိုတွင် ဤသို့ဆိုသည်– “ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။” စိတ်ဓာတ်ကျသူအနေနှင့် ယင်းသည် မိမိကိုယ်တိုင်နှင့် မည်သို့သက်ဆိုင်ကြောင်း မြင်ရန်သေချာစေဖို့ အကြီးအကဲက ဤသို့မေးနိုင်သည်– ‘ယေဟောဝါဟာ ဘယ်သူ့အနီးအနားမှာ ရှိသလဲ။ ခင်ဗျား ‘ကျိုးပဲ့တဲ့စိတ်၊’ ‘ကြေကွဲတဲ့နှလုံး’ ခံစားရတဲ့အခါရှိသလား။ ကျမ်းစာပြောတဲ့အတိုင်း ယေဟောဝါဟာ ဒီလိုလူတွေ့ရဲ့ အနီးမှာရှိတယ်ဆိုရင် ကိုယ်တော်ဟာ ခင်ဗျားအနီးမှာ ရှိတယ်လို့မဆိုလိုဘူးလား။’ ဤသို့ချစ်ခင်ကြင်နာစွာ အားပေးခြင်းသည် စိတ်ဓာတ်ကျသူကို တကယ်အားရှိစေပေမည်။—ဟေရှာယ ၅၇:၁၅။
ဆင်ခြင်တုံတရားနှင့်ညီသော ကျိုးကြောင်းဆင်ခြင်မှု
၁၃၊ ၁၄။ (က) မမြင်ရသောဘုရားသခင်ကို မယုံကြည်ဟုဆိုသူတစ်ဦးနှင့် မည်သို့ကျိုးကြောင်းဆင်ခြင်မည်နည်း။ (ခ) လူတိုင်းလက်ခံလိမ့်မည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့် မမျှော်လင့်သင့်သနည်း။
၁၃ ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုတွင် ခြေမြစ်၍ လက်ခံယုံကြည်နိုင်သည့် ကျိုးကြောင်းဆင်ခြင်မှုမျိုးဖြင့် လူတို့၏နှလုံးကို ထိမိလိုကြသည်။ (တမန်တော် ၁၉:၈; ၂၈:၂၃၊ ၂၄) ဤသို့ဆိုသဖြင့် ဘုရားသခင့်စကားတော်အမှန်တရားကို သူတစ်ပါး သဘောပေါက်လက်ခံ နိုင်ရန် ရှုပ်ထွေးပွေလီသောဆင်ခြင်တုံတရားကို အသုံးပြုတတ်ရမည်ဟု ဆိုလိုခြင်းလော။ မဟုတ်ပါ။ ခြေမြစ်သောကျိုးကြောင်းဆင်ခြင်မှုသည် ရှုပ်ထွေးစရာမလိုချေ။ ဆင်ခြင်တုံတရားနှင့်ညီသည့် အကြောင်းပြချက်တစ်ခုကို ရိုးရိုးရှင်းရှင်း ဖော်ပြခြင်းသည် အထိရောက်ဆုံးဖြစ်သည်။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။
၁၄ တစ်စုံတစ်ယောက်က မမြင်နိုင်သည့်ဘုရားသခင်ကို မယုံကြည်ဟုဆိုလျှင် ကျွန်ုပ်တို့မည်သို့ဖြေမည်နည်း။ အကြောင်းတရား၊ အကျိုးတရားဆိုင်ရာ သဘာဝတရားအပေါ်အခြေပြု၍ ကျွန်ုပ်တို့ဆင်ခြင်နိုင်ပါသည်။ အကျိုးတရားတစ်ခုကို ကျွန်ုပ်တို့တွေ့ရှိသောအခါ အကြောင်းတရားရှိရမည်ဟု ကျွန်ုပ်တို့လက်ခံကြသည်။ ကျွန်ုပ်တို့ ဤသို့ပြောကြပေမည်– ‘ခင်ဗျားသာ ဝေးလံသီခေါင်တဲ့ဒေသတစ်ခုမှာ ရောက်ရှိနေပြီး အစားအစာ (အကျိုးတရား) တွေသိုလှောင်ထားတဲ့ အိမ်ကောင်းကောင်းတစ်လုံးကို အမှတ်မထင်တွေ့လိုက်မယ်ဆိုရင် တစ်ယောက်ယောက်က (အကြောင်းတရား) အဲဒီအိမ်ကိုဆောက်ပြီး ကြောင်အိမ်ထဲမှာ အစားအသောက်တွေဖြည့်ထားတယ်ဆိုတာကို အလွယ်တကူလက်ခံမှာပဲမဟုတ်လား။ အဲသလိုပဲ ပင်ကိုအတိုင်းထင်ရှားနေတဲ့ဒီဇိုင်းနဲ့ မြေကြီး “ဘဏ္ဍာတိုက်” (အကျိုးတရား) ထဲမှာရှိနေတဲ့ အစားအစာအလျှံပယ်ကို တွေ့မြင်ရတဲ့အခါ တစ်ယောက်ယောက် (အကြောင်းတရား) ကြောင့်ဖြစ်မှန်း လက်မခံဘဲနေမလား။’ ယင်းကို ကျမ်းစာက အရိုးရှင်းဆုံး ဖော်ပြထားသည်– “အိမ်မည်သည်ကား၊ တစ်စုံတစ်ယောက်သောသူဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကိုတည်ဆောက်သောသူကား၊ ဘုရားသခင်ပေတည်း။” (ဟေဗြဲ ၃:၄) သို့ရာတွင် ကျွန်ုပ်တို့၏ကျိုးကြောင်းဆင်ခြင်မှုသည် မည်မျှပင်ခြေမြစ်ပါစေ လူတိုင်းလက်ခံယုံကြည်လိမ့်မည် မဟုတ်ချေ။ “စိတ်ထားမှန်ရှိသူ” တို့သာလျှင် ယုံကြည်သူများဖြစ်လာကြမည်ဟု ကျမ်းစာက သတိပေးထားသည်။—တမန်တော် ၁၃:၄၈၊ ကဘ; ၂ သက်သာလောနိတ် ၃:၂။
၁၅။ ယေဟောဝါ၏အရည်အသွေးများနှင့် နည်းလမ်းတော်များ ပေါ်လွင်စေရန် အဘယ်ကျိုးကြောင်းဆင်ခြင်မှုမျိုးကို အသုံးပြုနိုင်သနည်း၊ အဘယ်ဥပမာနှစ်ခုက ထိုသို့သောကျိုးကြောင်းဆင်ခြင်မှုမျိုးကို မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပေါ်စေသနည်း။
၁၅ ကျွန်ုပ်တို့သည် လယ်ကွင်းခရစ်ယာန်ဓမ္မအမှု၌ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေ သွန်သင်ရာတွင် ယေဟောဝါ၏အရည်အသွေးများနှင့် နည်းလမ်းတော်များကို ပေါ်လွင်စေရန် ဆင်ခြင်တုံတရားနှင့်အညီ ကျိုးကြောင်းဆင်ခြင်နိုင်သည်။ အထူးထိရောက်သည်မှာ ယေရှု မကြာခဏအသုံးပြုခဲ့သော ‘ထိုမျှမကသာ၍’ ဟူသည့် ကျိုးကြောင်းဆင်ခြင်နည်းဖြစ်သည်။ (လုကာ ၁၁:၁၃; ၁၂:၂၄) ကွဲပြားခြားနားမှုကိုအခြေခံ၍ ဤသို့ကျိုးကြောင်းဆင်ခြင်ခြင်းသည် အလွန်စွဲမှတ်စေနိုင်သည်။ မီးငရဲအယူဝါဒသည် လုံးဝသဘာဝမကျကြောင်းကို ဖော်ထုတ်ရန် ကျွန်ုပ်တို့ ဤသို့ဆိုနိုင်ပေသည်– ‘ဘယ်မေတ္တာရှိတဲ့ဖခင်မှ သားကိုဆုံးမတဲ့အနေနဲ့ သူ့ရဲ့လက်ကိုကိုင်ပြီး မီးထဲထည့်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့မေတ္တာရှင် ကောင်းကင်ခမည်းတော်က မီးငရဲအယူအဆကို အဲဒီထက်မက သာ၍တောင် ကြိုက်မှာမဟုတ်ဘူး!’ (ယေရမိ ၇:၃၁) ယေဟောဝါသည် မိမိ၏ကျွန်တစ်ဦးချင်းစီကို ဂရုစိုက်ကြောင်းသွန်သင်ပေးရန် ကျွန်ုပ်တို့ ဤသို့ပြောဆိုနိုင်သည်– ‘ယေဟောဝါဟာ ဘီလီယံနဲ့ချီတဲ့ကြယ်တွေကို နာမည်နဲ့တောင် သိထားတယ်ဆိုရင် ကိုယ်တော့်ကို ချစ်မြတ်နိုးတဲ့လူသားတွေ၊ သားတော်ရဲ့အဖိုးတန်လှတဲ့အသွေးနဲ့ဝယ်ထားတဲ့သူတွေကို ဒီထက်မက ဂရုစိုက်မှာပါ!’ (ဟေရှာယ ၄၀:၂၆; တမန်တော် ၂၀:၂၈) ဤမျှထိရောက်သည့်ကျိုးကြောင်းဆင်ခြင်မှုသည် အခြားသူများ၏နှလုံးကို ထိမိစေမည်။
လျော်ကန်သောပုံဥပမာများ
၁၆။ သွန်သင်ပေးရာတွင် ပုံဥပမာများသည် အဘယ်ကြောင့် အဖိုးတန်သနည်း။
၁၆ ထိရောက်သောပုံဥပမာများသည် ကျွန်ုပ်တို့၏သွန်သင်မှုကို အခြားသူများ ပိုခံတွင်းတွေ့စေသည့် ဟင်းခတ်အမွှေးအကြိုင်နှင့်တူသည်။ သွန်သင်ရာတွင် ပုံဥပမာများသည် အဘယ်ကြောင့် တန်ဖိုးရှိသနည်း။ ပညာပေးသူတစ်ဦးက ဤသို့ဆိုသည်– “စိတ်ကူးထဲမှာ ဘာပုံမှမပေါ်ပဲ တွေးတောဖို့ လူတွေအတွက် အခက်ဆုံးပဲ။” ပုံဥပမာများသည် အဓိပ္ပာယ်ပြည့်ဝသည့်ပုံများကို ကျွန်ုပ်တို့စိတ်ထဲတွင် စွဲမှတ်စေပြီး အယူအဆသစ်များကို ပို၍အပြည့်အဝ နားလည်သဘောပေါက်စေသည်။ ယေရှုသည် ပုံဥပမာများကို ထူးထူးခြားခြား အသုံးပြုခဲ့သည်။ (မာကု ၄:၃၃၊ ၃၄) ဤသွန်သင်နည်းကို ကျွန်ုပ်တို့မည်သို့အသုံးပြုနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။
၁၇။ ပုံဥပမာတစ်ခုကို ထိရောက်စေသော အချက်လေးချက်ကား အဘယ်နည်း။
၁၇ ပုံဥပမာတစ်ခုကို အဘယ်အရာက ထိရောက်စေသနည်း။ ပထမ၊ ပရိသတ် အလွယ်တကူသဘောပေါက်နိုင်သည့် အခြေအနေများပေါ်မူတည်သော လျော်ကန်သည့်ပုံဥပမာဖြစ်သင့်သည်။ ယေရှု၏ပုံဥပမာများစွာသည် ကိုယ်တော်၏ပရိသတ် နေ့စဉ်တွေ့ကြုံရသော အကြောင်းများပေါ်အခြေပြုသည်ကို ကျွန်ုပ်တို့သတိရနိုင်သည်။ ဒုတိယ၊ ပုံဥပမာတစ်ခုသည် ဖော်ပြနေသောဆိုလိုရင်းနှင့် အတော်ဆင်တူသင့်သည်။ နှိုင်းယှဉ်ချက်သည် မဆီလျော်လျှင် ထိုပုံဥပမာသည် ပရိသတ်၏အာရုံကိုသာ ပျံ့လွင့်သွားစေပေမည်။ တတိယ၊ ပုံဥပမာတစ်ခုသည် မလိုအပ်သောအသေးစိတ်အချက်အလက်များစွာ မပါဝင်သင့်ချေ။ ယေရှုသည် လိုအပ်သည့်သတ်သတ်မှတ်မှတ်အချက်များကို ဖော်ပြခဲ့သော်လည်း အရေးမပါရာများကိုမူ ချန်လှပ်ခဲ့ကြောင်း သတိရပါ။ စတုတ္ထ၊ ပုံဥပမာတစ်ခုကို ကျွန်ုပ်တို့အသုံးပြုသောအခါ သက်ဆိုင်ပုံသည် ရှင်းလင်းနေသင့်သည်။ သို့မဟုတ်လျှင် အချို့သူတို့သည် ဆိုလိုရင်းကို သဘောပေါက်လိမ့်မည်မဟုတ်ပေ။
၁၈။ လျော်ကန်သောပုံဥပမာများကို ကျွန်ုပ်တို့ မည်သို့စိတ်ကူးရနိုင်မည်နည်း။
တမန်တော် ၃:၂၀ ပါအချက်ကို ကျွန်ုပ်တို့ပုံဥပမာပြလိုသည် ဆိုပါစို့။ ထိုကျမ်းချက်ကိုယ်နှိုက်က ကွင်းကွင်းကွက်ကွက်ပေါ်သော တင်စားချက်ဖြစ်၏၊ သို့သော် ဆိုလိုရင်းကိုပေါ်လွင်စေရန် တကယ်ဖြစ်သော ခဲဖျက် သို့မဟုတ် ရေမြုပ်အစရှိသော အဘယ်အရာကို အသုံးပြုရှင်းပြနိုင်မည်နည်း။ ကျွန်ုပ်တို့ ဤသို့ဆိုနိုင်ပေမည်– ‘ကျွန်တော်တို့ရဲ့အပြစ်တွေကို ယေဟောဝါခွင့်လွှတ်တဲ့အခါ ရေမြုပ်တစ်ခု (ဒါမှမဟုတ် ခဲဖျက်) နဲ့ဖျက်ပစ်လိုက်သလိုပဲ ဖြစ်သွားတယ်။’ ဤမျှရိုးရှင်းသည့် ပုံဥပမာသည် ဆိုလိုရင်းကို အမှန်ပေါ်လွင်စေပါမည်။
၁၈ လျော်ကန်သောပုံဥပမာများကို ကျွန်ုပ်တို့ မည်သို့စိတ်ကူးရနိုင်မည်နည်း။ အကြောင်းအရာများကို ရှည်ရှည်ဝေးဝေး အကျယ်ချဲ့စဉ်းစားနေစရာမလိုချေ။ တိုတုတ်သောပုံဥပမာများသည် အလွန်ထိရောက်နိုင်သည်။ ဆွေးနွေးနေသည့်အချက်နှင့်သက်ဆိုင်သော ဥပမာများကိုသာ စဉ်းစားကြည့်ပါ။ ဥပမာ၊ ဘုရားသခင်သည်ခွင့်လွှတ်တတ်ကြောင်း ဆွေးနွေးနေကြ၍ ယေဟောဝါသည် ကျွန်ုပ်တို့၏အမှားများ၊ အပြစ်များကို ‘ပြေစေသည်’ သို့မဟုတ် ဖယ်ရှားပေးသည်ဟုဆိုသော၁၉၊ ၂၀။ (က) ပုံဥပမာကောင်းများကို အဘယ်နေရာတွင် ကျွန်ုပ်တို့တွေ့ရှိနိုင်သနည်း။ (ခ) ကျွန်ုပ်တို့၏စာပေများတွင် ပုံနှိပ်ထုတ်ဝေခဲ့သည့် ထိရောက်သော ပုံဥပမာတချို့ကား အဘယ်နည်း။ (လေးထောင့်ကွက်ကိုလည်းရှု။)
၁၉ ဘဝဖြစ်ရပ်မှန်ဥပမာများအပါအဝင် လျော်ကန်သောပုံဥပမာများကို အဘယ်နေရာတွင် ရှာတွေ့နိုင်မည်နည်း။ သင့်အသက်တာ သို့မဟုတ် ဘဝနောက်ခံအမျိုးမျိုး အတွေ့အကြုံအမျိုးမျိုးရှိသည့် ယုံကြည်သူချင်းတို့၏အသက်တာမှ ရှာဖွေကြည့်ပါ။ ပုံဥပမာများကို သက်ရှိသက်မဲ့များ၊ အိမ်တွင်းပစ္စည်းများ သို့မဟုတ် ရပ်ကွက်တွင် ကျော်ကြားနေသော လက်ရှိသတင်းဖြစ်ရပ်တစ်ခု အပါအဝင် အခြားရင်းမြစ်များစွာမှ ရွေးချယ်နိုင်ပါသည်။ ကောင်းသောပုံဥပမာများကို ရှာတွေ့ရန် သော့ချက်တစ်ခုမှာ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှ နေ့စဉ်အခြေအနေများကို နိုးနိုးကြားကြား ‘ဂရုတစိုက်အကဲခတ်ခြင်း’ ဖြစ်သည်။ (တမန်တော် ၁၇:၂၂၊ ၂၃၊ ကဘ) လူထုအား ဟောပြောခြင်းနှင့်ပတ်သက်၍ ရည်ညွှန်းချက်တစ်ခုက ဤသို့ရှင်းပြသည်– “လူ့ဘဝနှင့် ယင်း၏လုပ်ငန်းဆောင်တာအမျိုးမျိုးကို သတိပြုပြီး လူအမျိုးမျိုးနှင့် စကားပြောဆိုလျက် အရာများကို ဂရုတစိုက်လေ့လာ၍ နားလည်သည်အထိ မေးခွန်းများမေးသော ဟောပြောသူသည် လိုအပ်သည့်အခါ အသုံးပြုနိုင်မည့် ပုံဥပမာဆိုင်ရာ အကြောင်းအချက်မြောက်မြားစွာကို စုဆောင်းရရှိထားမည်ဖြစ်သည်။”
၂၀ ထိရောက်သော ပုံဥပမာများစွာရှိသည့် ရင်းမြစ်အခြားတစ်ခုရှိသေးသည်၊ ၎င်းကား ယေဟောဝါသက်သေများထုတ်ဝေသည့် ကင်းမျှော်စင်၊ နိုးလော့!နှင့် အခြားစာပေများဖြစ်သည်။ ဤစာစောင်များသည် ပုံဥပမာများကို မည်သို့အသုံးပြုထားကြောင်း သင်ယူနိုင်သည်။ * ဥပမာ၊ အသိပညာစာအုပ်မှ အခန်း ၁၇၊ စာပိုဒ် ၁၁ တွင်အသုံးပြုထားသည့် ပုံဥပမာကို သုံးသပ်ကြည့်ပါ။ အသင်းတော်ရှိ စိတ်နေစိတ်ထားကွဲပြားသူ အသီးသီးကို လမ်းပေါ် သွားလာနေသည့် ယာဉ်အမျိုးမျိုးနှင့် နှိုင်းယှဉ်ထား၏။ ယင်းဥပမာသည် ထိရောက်သောဥပမာ မည်သို့ဖြစ်သနည်း။ ၎င်းသည် နေ့စဉ်အဖြစ်အပျက်ပေါ် အခြေခံ၍ တင်ပြလိုသောဆိုလိုရင်းနှင့် အလားတူပြီး သက်ဆိုင်ပုံမှာလည်း ရှင်းလင်းပါသည်။ ကျွန်ုပ်တို့သည် သွန်သင်ပေးရာတွင် ပုံနှိပ်ထုတ်ဝေထားသော ပုံဥပမာများကို ပြုပြင်အသုံးပြုပြီး ကျမ်းစာသင်သားတစ်ဦး၏ လိုအပ်ရာနှင့်ကိုက်ညီစေနိုင်သည်၊ သို့မဟုတ် ဟောပြောချက်တစ်ခုတွင် အသုံးပြုရန်အတွက် ပြင်ဆင်နိုင်သည်။
၂၁။ ဘုရားသခင့်စကားတော်ကို ထိရောက်စွာသွန်သင်ပေးသူတစ်ဦးဖြစ်ခြင်းမှ အဘယ်ဆုကျေးဇူးများ ခံစားရသနည်း။
၂၁ ထိရောက်သော သွန်သင်ပေးသူတစ်ဦးဖြစ်ခြင်း၏ ဆုကျေးဇူးမှာ ကြီးမားလှ၏။ ကျွန်ုပ်တို့သွန်သင်ပေးသောအခါ တခြားသူများအား ဝေငှပေးကမ်းနေခြင်းဖြစ်၏; သူတို့ကိုကူညီပေးဖို့ ကိုယ့်ကိုယ်ကို ပေးဆက်ရာကျသည်။ ဤသို့ပေးကမ်းခြင်းသည် ပျော်ရွှင်မှုရရှိစေ၏၊ အကြောင်းမှာ ကျမ်းစာက “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍ [“ပျော်ရွှင်မှု၊” ကဘ] ရှိသည်” ဟုဆိုသည်။ (တမန်တော် ၂၀:၃၅) ဘုရားသခင့်စကားတော် သွန်သင်သူများအတွက် ထိုပျော်ရွှင်မှုသည် စစ်မှန်ပြီး တည်မြဲသည့် ယေဟောဝါ၏အမှန်တရားကို ဝေငှပေးနေကြောင်း သိရှိရသည့် ရွှင်လန်းမှုမျိုးဖြစ်သည်။ ကျွန်ုပ်တို့သည် ကြီးမြတ်သောဆရာ ယေရှုခရစ်အား တုပနေကြောင်း သိရှိခြင်းမှရသော ကျေနပ်မှုကိုလည်း ရရှိထားကြသည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 6 ယေဟောဝါသက်သေများ ထုတ်ဝေသည်။
^ အပိုဒ်၊ 9 စာမျက်နှာ ၉-၁၀ ပါ “လယ်ကွင်းဓမ္မအမှုတော်သုံး နိဒါန်းများ” အပိုင်းကိုရှု။—ယေဟောဝါသက်သေများထုတ်ဝေသည်။
^ အပိုဒ်၊ 20 ဥပမာများကိုရှာဖွေတွေ့ရှိရန် ကင်းမျှော်စင်စာပေအညွှန်း ၁၉၈၆-၂၀၀၀၊ “ပုံဥပမာများ” ခေါင်းစဉ်အောက်ရှု။—ဘာသာစကားများစွာဖြင့် ယေဟောဝါသက်သေများ ထုတ်ဝေထားသည်။
သင်မှတ်မိသလော
• အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပသောအခါ၊ အသင်းတော်၌ ဟောပြောချက်ပေးသောအခါ ရိုးရိုးရှင်းရှင်း မည်သို့သွန်သင်ပေးနိုင်သနည်း။
• တစ်အိမ်မှတစ်အိမ်ဟောပြောသောအခါ မေးခွန်းများကို မည်သို့ထိထိရောက်ရောက် အသုံးပြုနိုင်မည်နည်း။
• ယေဟောဝါ၏အရည်အသွေးများနှင့် နည်းလမ်းများကို ပေါ်လွင်စေရန် ဆင်ခြင်တုံတရားနှင့်အညီ မည်သို့ ကျိုးကြောင်းဆင်ခြင်နိုင်မည်နည်း။
• လျော်ကန်သောပုံပမာများကို အဘယ်နေရာတွင် ကျွန်ုပ်တို့တွေ့ရှိနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ဤပုံဥပမာများကို သင်မှတ်မိသလော
အောက်ပါပုံဥပမာများမှာ ထိရောက်သည့်ပုံဥပမာများမှ အနည်းငယ်မျှသာဖြစ်သည်။ ရည်ညွှန်းချက်တွင်ရှာဖွေပြီး ဖော်ပြသည့်ပုံဥပမာသည် ဆွေးနွေးချက် ကို မည်သို့လေးနက်စေကြောင်း မှတ်သားပါလေ။
• ကျွမ်းဘားသမားများ သို့မဟုတ် စကိတ်စီးစုံတွဲများနည်းတူ သာယာချမ်းမြေ့သည့်အိမ်ထောင်ရေး ရှိလိုသူတို့သည် အဖော်အဖက်ကောင်းတစ်ဦးအပေါ် များစွာမူတည်သည်။—ကင်းမျှော်စင်၊ မေ ၁၅၊ ၂၀၀၁၊ စာမျက်နှာ ၁၆။
• သင့်ခံစားချက်များကိုဖော်ပြခြင်းသည် ဘောလုံးတစ်လုံးပစ်ပေးခြင်းနှင့်တူသည်။ ယင်းကို ညင်ညင်သာသာ ပစ်ပေးနိုင်သလို ထိခိုက်စေလိုသည့်သဘောဖြင့် အားစိုက်ပစ်ပေးနိုင်သည်။—နိုးလော့!၊ ဇန်နဝါရီ ၈၊ ၂၀၀၂၊ စာမျက်နှာ ၁၀။
• ချစ်ခြင်းမေတ္တာကို တင်ပြရန်သင်ယူခြင်းသည် ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းနှင့်တူ၏။—ကင်းမျှော်စင်၊ ဖေဖော်ဝါရီ ၁၅၊ ၁၉၉၉၊ စာမျက်နှာ ၁၈၊ ၂၂-၃။
• အမွေရရှိထားသောအပြစ်ကို ဗိုင်းရပ်စ်ကြောင့် ကွန်ပျူတာဖိုင်များပျက်စီးသွားသည့်အခါ ဖြစ်ပျက်မှုများနှင့် နှိုင်းယှဉ်နိုင်သည်။—သင့်အား ဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါး ရှိသလော၊ [လိပ်] စာမျက်နှာ ၁၅၆။
• ထောင်ချောက်ရှိအစာသည် မုဆိုးများအတွက် အသုံးဝင်သကဲ့သို့ နတ်ဝိဇ္ဇာအတတ်သည် နတ်ဆိုးများအတွက် အသုံးဝင်၏။ ၎င်းသည် သားကောင်ကိုဆွဲဆောင်၏။—ထာဝရအသက်ရစေသော အသိပညာ၊ စာမျက်နှာ ၁၁၁။
• အာဒံ၏သားမြေးများအား ယေရှုကယ်တင်ပေးပုံကို ကြွယ်ဝသောအကျိုးဆောင်သူတစ်ဦး ရောက်လာကာ (မရိုးသားသည့်မန်နေဂျာတစ်ဦးကြောင့်တင်သည့်) ကုမ္ပဏီ၏အကြွေးများ ဆပ်ပေးလိုက်ပြီး စက်ရုံပြန်ဖွင့်ပေးလိုက်ခြင်းဖြင့် အလုပ်သမားများစွာတို့ ယင်း၏အကျိုးကိုခံစားကြပုံနှင့် နှိုင်းယှဉ်နိုင်သည်။—ကင်းမျှော်စင်၊ ဖေဖော်ဝါရီ ၁၅၊ ၁၉၉၁၊ စာမျက်နှာ ၁၃။
• အနုပညာလက်ရာကို မြတ်နိုးသူများသည် ဆိုးဆိုးရွားရွားပျက်စီးသွားသည့် အပြောင်မြောက်ဆုံးလက်ရာတစ်ခုကို ကြိုးစား၍အချိန်ယူပြုပြင် သကဲ့သို့ပင် ယေဟောဝါသည် ကျွန်ုပ်တို့၏မစုံလင်မှုများကိုကျော်လွန်၍ ကျွန်ုပ်တို့တွင်ရှိသည့်ကောင်းကွက်ကိုမြင်ပြီး နောက်ဆုံးတွင် အာဒံဆုံးရှုံးခဲ့သည့် စုံလင်သည့်အနေအထားသို့ ပြန်ရောက်ရှိစေသည်။—ကင်းမျှော်စင် နိုဝင်ဘာ ၁၊ ၁၉၉၁၊ စာမျက်နှာ ၂၉။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
စစ်မှန်သောခရစ်ယာန်များသည် ဘုရားသခင့်စကားတော် သွန်သင်သူများဖြစ်ကြ
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
အကြီးအကဲများသည် ယုံကြည်သူချင်းများအား ဘုရားသခင့်စကားတော်မှ နှစ်သိမ့်မှုရရှိရန် ကူညီပေးရာတွင် မေးခွန်းများ အသုံးပြုနိုင်