မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စမ်းသပ်မှုများကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်သနည်း

စမ်းသပ်မှုများကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်သနည်း

စမ်းသပ်မှု​များ​ကို ကျွန်ုပ်​တို့ မည်သို့​ရှုမြင်​သင့်​သနည်း

စမ်းသပ်မှု​များ! စမ်းသပ်မှု​များ​ကို လူတိုင်း ကြုံတွေ့​ကြ​ရ၏။ ယင်း​တို့​မှာ ပုဂ္ဂိုလ်ရေး​ပဋိပက္ခ​များ၊ စီးပွားရေး​အခက်အခဲ​များ၊ ကျန်းမာ​ရေး​ချို့တဲ့မှု၊ သွေးဆောင်မှုများ၊ အမှား​ပြုလုပ်​ရန် ရွယ်တူချင်း​ဖိအား၊ ညှဉ်းပန်း​နှိပ်စက်မှု၊ ကြားနေ​မှု​အပေါ် သို့​မဟုတ် . . . ကိုးကွယ်​မှု​အပေါ် ကျွန်ုပ်​တို့၏​ရပ်တည်ချက်​အတွက် စိန်ခေါ်မှု​များနှင့် အခြား​အရာများ​စွာ​ဖြစ်​ပေမည်။ မည်သည့်​စမ်းသပ်မှု​ပုံစံ​မျိုး​မဆို အလွန်အကျွံ​စိုးရိမ်​ပူပန်မှု​ကို ဖြစ်ပေါ်​စေ​တတ်​သည်။ စမ်းသပ်မှု​များ​ကို မည်သို့​အောင်မြင်စွာ ဖြေရှင်း​နိုင်​မည်​နည်း။ ကျွန်ုပ်​တို့ကို တစ်နည်း​နည်းဖြင့် အကျိုးပြု​သလော။

အကောင်းဆုံး​အထောက်အပံ့

ရှေးခေတ်​မှ​ဒါဝိဒ်​သည် သူ၏​ဘဝ​တစ်လျှောက် စမ်းသပ်မှု​များစွာ ကြုံတွေ့​ရ​သော်လည်း သစ္စာရှိ​ရှိ​သေဆုံး​ခဲ့​သည်။ သူသည် ခံနိုင်ရည် မည်သို့​ရှိ​နိုင်​ခဲ့​သနည်း။ သူက “ထာဝရ​ဘုရား​သည် ငါ​၏​သိုးထိန်း​ဖြစ်​တော်​မူ​၏။ ငါသည် ဆင်းရဲ​မခံရ” ဟု​ဆို​လျက် သူ၏​ခွန်အား​ရင်းမြစ်ကို ဖော်ပြ​ခဲ့​သည်။ ထို့နောက် ဤသို့​ဆက်​ပြော​သည်– “အကယ်၍ သေ​မင်း​၏​အရိပ်​လွှမ်းမိုး​သော ချိုင့်​ထဲ​သို့ လျှောက်​သွား​ရ​သော်လည်း ဘေးအန္တရာယ်​ကို မကြောက်​ပါ။ အကြောင်း​မူ​ကား ကိုယ်တော်​သည် အကျွန်ုပ်​နှင့်အတူ ရှိ​တော်​မူ​သည်​ဖြစ်၍ လှံတံ​တော်​နှင့် တောင်ဝှေး​တော်​သည် အကျွန်ုပ်​ကို ချမ်းသာ​စေပါ​၏။” (ဆာလံ ၂၃:၁၊ ၄) မှန်ပါသည်၊ ယေဟောဝါ​သည် အကန့်အသတ်မဲ့ ထောက်ပံ့​ပေးရှင် ဖြစ်​တော်​မူ​သည်။ ဒါဝိဒ် ဖိစီးမှုများ အပြင်းအထန်​ခံ​ခဲ့​ရချိန်တွင် ကိုယ်တော်​သည် သူ့ကို​လမ်းပြ​ပေး​ခဲ့​ပြီး ကျွန်ုပ်​တို့ကို​လည်း လိုအပ်​သည့်​အခါ ထို့​အတူ​လမ်းပြ​ပေး​ရန် အသင့်ရှိ​တော်​မူ​၏။

ယေဟောဝါ​၏​ထောက်ပံ့​ကူညီ​မှု​ကို ကျွန်ုပ်​တို့ မည်သို့​ရရှိနိုင်​မည်​နည်း။ သမ္မာကျမ်းစာ​က “ထာဝရ​ဘုရား​သည် ကောင်းမြတ်​တော်​မူ​သည်​အကြောင်းကို မြည်းစမ်း​၍ သိမှတ်​ကြလော့” ဟု​ဆို​၍ အကူအညီ​ရနိုင်​မည့်​နည်းလမ်းကို ဖော်ပြ​သည်။ (ဆာလံ ၃၄:၈) ၎င်း​သည် လှိုက်လှဲသော​ဖိတ်ခေါ်ချက်​တစ်ခု​ဖြစ်သည်၊ သို့သော် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ ယေဟောဝါ​၏​အမှုတော်ကို ထမ်းဆောင်​ရန်​နှင့် ကိုယ်တော်​၏​အလိုတော်အတိုင်း အသက်ရှင်နေ​ထိုင်​ရန် အားပေးမှု​ဖြစ်သည်။ ဤသို့​သော​လမ်းစဉ်​ကို​လိုက်ခြင်း​သည် ကျွန်ုပ်​တို့၏​လွတ်လပ်မှုကို အနည်း​နှင့်​အများ​စွန့်လွှတ်​ပြီး အနစ်နာခံ​ခြင်း​ကို ဆိုလို​၏။ တစ်ခါတစ်ရံ ညှဉ်းပန်း​နှိပ်စက်ခြင်း​နှင့် ဆင်းရဲခြင်း​အစ​ရှိသည့် စမ်းသပ်မှု​များ​ကို​ပင် ခံရ​စ​ရာ​အကြောင်း​ရှိ​နိုင်​သည်။ သို့​တိုင် ယေဟောဝါ​၏​ဖိတ်ခေါ်ချက်​ကို စိတ်နှလုံး​အကြွင်းမဲ့​လက်ခံသူ​များသည် ထိုသို့​လက်ခံ​လိုက်​သည့်​အတွက် ဘယ်​သောအခါ​မျှ ဝမ်းနည်းစရာ​အကြောင်း​မရှိပေ။ ယေဟောဝါ​သည် သူတို့ကို အလွန်​ချစ်ခင်​ကြင်နာ​တော်​မူ​လိမ့်​မည်။ ဝိညာဉ်​ရေး​အရ သူတို့ကို ကိုယ်တော်​လမ်းပြ​ညွှန်ကြား​ပြီး ကြည့်ရှု​စောင့်ရှောက်​တော်​မူ​လိမ့်​မည်။ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​အားဖြင့်၊ ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့်၊ ခရစ်ယာန်​အသင်းတော်​အားဖြင့် သူတို့​စမ်းသပ်မှု​ခံရ​စဉ်​တစ်လျှောက် ထောက်မ​လိမ့်​မည်။ နောက်ဆုံး​တွင် သူတို့ကို ထာဝရ​အသက်ဆု​ချ​တော်​မူ​လိမ့်​မည်။—ဆာလံ ၂၃:၆; ၂၅:၉; ဟေရှာယ ၃၀:၂၁; ရောမ ၁၅:၅

ယေဟောဝါ​ကို​ဝတ်ပြု​ရန် ဘဝကို​ပြုပြင်​ပြောင်းလဲ​ဖို့ ဆုံးဖြတ်ချက်​ချ​ပြီး ထို​ဆုံးဖြတ်ချက်​အတိုင်း အသက်ရှင်နေ​ထိုင်​ကြ​သူများ​သည် ယေဟောဝါ ကတိတည်​တော်​မူ​ကြောင်း တွေ့ရှိ​ကြ​၏။ ယောရှု​နောက်​လိုက်၍ ကတိထားရာ​ပြည်တော်​သို့ ဝင်​ခဲ့​ကြသော ဣသရေလလူ​တို့သည် ထိုသို့​တွေ့ကြုံ​ခဲ့​ကြ​ရ၏။ သူတို့သည် ယော်ဒန်​မြစ်ကို ဖြတ်ကျော်​ခဲ့​ကြသည်​နှင့် စမ်းသပ်မှု​အမျိုးမျိုး​ခံ​ခဲ့​ကြ​ရ၏၊ တိုက်ပွဲ​များစွာ ဆင်နွှဲ​ခဲ့​ကြ​ရ၏၊ ခက်ခဲ​သော​သင်ခန်းစာ​များစွာ သင်ယူ​ခဲ့​ကြ​ရ၏။ သို့သော် ထို​လူမျိုးဆက်​သည် အီဂျစ်​ပြည်​မှ​ထွက်​လာပြီး တောကန္တာရ​တွင် သေဆုံး​ခဲ့​ကြသော သူတို့၏​ဖခင်​များ​ထက် တည်ကြည်မှု​ပို​ရှိကြောင်း သက်သေထူ​ခဲ့​ကြသည်။ သို့ဖြင့် တည်ကြည်သူ​များ​ကို ယေဟောဝါ​ထောက်မ​တော်​မူ​ခဲ့​ပြီး ယောရှု​သေဆုံး​ခါနီး​တွင် သူတို့၏​အခြေအနေ​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​မှတ်တမ်းက ဤသို့​ဆို​သည်– “ဘိုးဘေး​တို့အား ကျိန်ဆို​တော်​မူသမျှ​အတိုင်း ပတ်ဝန်းကျင်​အရပ်​တို့​၌ ငြိမ်​ဝပ်​ရာ​အခွင့်​ကို ပေး​တော်​မူ[၏] . . . ထာဝရ​ဘုရား​သည် ဣသရေလ​အမျိုး​အဖို့ မိန့်တော်မူသော ကောင်းကျိုး​တစ်စုံ​တစ်ပါး​မျှ​မလျှော့၊ ရှိသမျှ​တို့သည် ပြည့်စုံ​ကြ​၏။” (ယောရှု ၂၁:၄၄၊ ၄၅) ကျွန်ုပ်​တို့​လည်း စမ်းသပ်မှု​ခံရ​ချိန်​နှင့် အခြား​အချိန်​အခါ​များ​တွင် ယေဟောဝါ​ကို လုံးလုံးလျားလျား မှီခို​အားထား​မည်​ဆိုလျှင် ထိုသို့​ကြုံတွေ့​နိုင်​သည်။

ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​ကို အဘယ်အရာက လျော့နည်း​သွား​စေနိုင်​သနည်း။ ယေရှု​က “အဘယ်သူမျှ သခင်​နှစ်ဦး​အစေ​ကို မခံနိုင်။ . . . သင်တို့သည် ဘုရားသခင်​၏​အစေ​ကိုလည်း​ကောင်း၊ လော[က]စည်းစိမ်​၏​အစေ​ကိုလည်း​ကောင်း မခံနိုင်​ကြ” ဟု​မိန့်ဆို​စဉ်​တွင် အချက်​တစ်ချက်​ကို ထောက်ပြ​တော်​မူ​ခဲ့​သည်။ (မဿဲ ၆:၂၄) ယေဟောဝါ​ကို ကျွန်ုပ်​တို့​ယုံကြည်​ကိုးစား​မည်​ဆိုလျှင် လောက​မှ​လူအများစု ရှာဖွေ​နေကြ​သော လုံခြုံမှု၊ ရုပ်ပစ္စည်း​ကို ကျွန်ုပ်​တို့အား​ထား​ကြ​မည်​မဟုတ်ပေ။ ယေရှု​က မိမိ၏​နောက်လိုက်​များ​ကို ဤသို့​အကြံပြု​ခဲ့​သည်– “ဘုရားသခင်​၏ နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့​ဦးစွာရှာ​ကြလော့။ နောက်​မှ ထို​အရာများ​ကို​ထပ်၍ ပေး​တော်​မူ​လတ္တံ့။” (မဿဲ ၆:၃၃) ရုပ်ပစ္စည်း​အပေါ် မျှတသော​အမြင် ဆက်​ရှိပြီး မိမိ၏​ဘဝတွင် ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​သည့် ခရစ်ယာန်​တစ်ဦး​သည် မှန်ကန်​ရာ​ကို​ရွေးချယ်​သည်။ (ဒေ. ၇:၁၂) ယင်းကြောင့် သူသည် တန်​ရာ​တန်ကြေး​ပေး​ရ​ပေမည်။ ဥစ္စာ​ပစ္စည်း​ဆိုင်ရာ ကိုယ်ကျိုး​စွန့်​အနစ်နာခံ​မှုများ​လည်း ရှိ​ကောင်း​ရှိ​ပေမည်။ သို့သော် သူသည် ဆုကျေးဇူး​များစွာ ရိတ်သိမ်း​ရ​လိမ့်​မည်။ ထို့​ပြင် ယေဟောဝါ​သည် သူ့ကို ထောက်မ​ကူညီ​လိမ့်​မည်။—ဟေရှာယ ၄၈:၁၇၊ ၁၈

စမ်းသပ်မှု​များ​မှ ကျွန်ုပ်​တို့ သင်ခန်းစာယူ​စ​ရာ

“ထာဝရ​ဘုရား​သည် ကောင်းမြတ်​တော်​မူ​သည်​အကြောင်းကို မြည်းစမ်း​၍ သိမှတ်” ရန်​ရွေးချယ်ခြင်း​ဖြင့် ဘဝတွင် ကြုံ​ရလေ​သမျှ​မှ ကာကွယ်​မှု​ရမည်ဟု မဆိုလို​ပါ; စာတန်​နှင့် သူ၏​လူ့​ကိုယ်စားလှယ်​များ​၏ တိုက်ခိုက်မှု​များ​မှ​လည်း လုံးလုံးလျားလျား ကာကွယ်​မှု​ရရှိ​လိမ့်​မည်​ဟု မဆိုလို​ပေ။ (ဒေ. ၉:၁၁) ယင်းကြောင့် ခရစ်ယာန်​တစ်ဦး၏​ရိုးသားမှု​နှင့် သူ၏​ဆုံးဖြတ်ချက်​ပင် စမ်းသပ်ခံ​ရ​ပေမည်။ ယေဟောဝါ​သည် ကိုယ်တော်​၏​လူမျိုးတော်ကို ဤသို့​သော​စမ်းသပ်မှု​များ အဘယ်ကြောင့် ကျရောက်​စေ​သနည်း။ တမန်​တော်​ပေတရု​က “အရည်ကျို​၍ စုံစမ်းခြင်း​ခံနိုင်​သော်လည်း ပျက်စီး​တတ်သော​ရွှေ​ကို စစ်ကြော​စုံစမ်းခြင်း​ထက် သင်တို့​ယုံကြည်ခြင်းကို စစ်ကြော​စုံစမ်းခြင်း​အရာ​သည် သာ၍​မြတ်​သည်​နှင့် ယေရှု​ခရစ် ပေါ်ထွန်း​တော်​မူ​သောအခါ အချီး​အ​မွမ်း၊ ဂုဏ်​အသရေ၊ ဘုန်း​အာနုဘော်​အ​လို့​ငှာ ဖြစ်​မည်​အကြောင်း၊ အထူးထူး​အပြားပြား​သော စုံစမ်း​နှောင့်ယှက်ခြင်း​ကို ခံရ​သော​အကြောင်း​ရှိလျှင် သင်တို့သည် ယခု​ခဏ​ခံရ​၍ ဝမ်းနည်း” ကြ​၏​ဟု ရေးသားသော​အခါ အကြောင်းရင်း​တစ်ချက်​ကို ဖော်ပြ​ခဲ့​၏။ (၁ ပေတရု ၁:၆၊ ၇) မှန်ပါသည်၊ စမ်းသပ်မှု​များသည် ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​နှင့် မေတ္တာ​၏​အရည်အသွေးကို ဖော်ပြ​စေ​သည်။ ထို့​ပြင် စာတန်​၏​ကဲ့ရဲ့​သော​စကား​များနှင့် စွပ်စွဲချက်​များ​ကို ချေပ​ပြောဆို​ရန် အခွင့်ကောင်း​ရသည်။—သု. ၂၇:၁၁; ဗျာ. ၁၂:၁၀

စမ်းသပ်မှု​များ​က တခြား​ခရစ်ယာန်​အရည်အသွေးများ​ကိုလည်း တိုးပွား​စေ​သည်။ ဥပမာတစ်ခု​အနေ​နှင့် ဆာလံဆရာ​၏ ဤ​စကား​ကို သုံးသပ်ကြည့်​ပါ– “ထာဝရ​ဘုရား​သည် . . . စိတ်​နှိမ့်ချသော​သူတို့ကို ကြည့်ရှု​တော်​မူ​၏။ စိတ်​မြင့်သော​သူတို့ကို​ကား အဝေးက သိတော်မူ၏။” (ဆာလံ ၁၃၈:၆) ကျွန်ုပ်​တို့​အများစု​သည် ပင်ကိုသဘော​အရ စိတ်​နှိမ့်ချမှု​မရှိကြ​သော်လည်း စမ်းသပ်မှု​များ​က လိုအပ်​သည့်​အရည်အသွေးကို တိုးတက်​ဖြစ်ပေါ်​စေရန် ကူညီပေး​နိုင်၏။ မောရှေ​ခေတ်​က ဣသရေလ​အချို့​သည် တစ်ပတ်​ပြီး​တစ်ပတ်၊ တစ်လ​ပြီး​တစ်လ မန္နမုန့်​စား​ရခြင်း​ကို ငြီးငွေ့​လာ​ကြ​သည့် အဖြစ်အပျက်​ကို သတိရပါ။ မန္န​မုန့်ကို အံ့ဖွယ်​နည်းဖြင့် ရရှိခဲ့​ကြသည်​မှန်​သော်လည်း ယင်းသည် သူတို့​အတွက် စမ်းသပ်မှု​တစ်ခု​ဖြစ်​ခဲ့​ကြောင်း ထင်ရှား​ပါ​သည်။ ထို​စမ်းသပ်မှု​၏​ရည်ရွယ်ချက်ကား အဘယ်နည်း။ မောရှေ​က “သင့်ကို နှိမ့်ချ​စုံစမ်း . . . လို​သော​ငှာ . . . မန္န​နှင့် တော​၌ ကျွေးမွေး​တော်​မူ[၏]” ဟု​သူတို့ကို ပြော​ခဲ့​သည်။—တရားဟောရာ ၈:၁၆

ထို​နည်းတူ ကျွန်ုပ်​တို့၏​နှိမ့်ချမှု​လည်း စမ်းသပ်ခံ​ရ​ပေမည်။ မည်သို့​အားဖြင့်​နည်း။ အဖွဲ့အစည်း​ဆိုင်ရာ ပြုပြင်​ပြောင်းလဲချက်​များကို ကျွန်ုပ်​တို့ မည်သို့​တုံ့ပြန်​ကြ​သနည်း။ (ဟေရှာယ ၆၀:၁၇) ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​ကို စိတ်နှလုံး​အကြွင်းမဲ့ ထောက်ခံ​အားပေးပါ​သလော။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ကျမ်းစာ​အမှန်တရား​ရှင်းပြချက်​များသည် ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ ထံ​မှ​ဖြစ်သည်ဟု အသိအမှတ်​ပြုပြီး တလိုတလား​လက်ခံ​ပါသလော။ (မဿဲ ၂၄:၄၅-၄၇; သု. ၄:၁၈) နောက်ဆုံး​ပေါ်​ကိရိယာ​များ၊ နောက်ဆုံး​ပေါ်​အဝတ်အစား​များ၊ အသစ်လွင်ဆုံး​မော်တော်ကား ရရှိ​လို​သည့်​ဆန္ဒ​ကို တွန်းလှန်​ပါသလော။ စိတ်​နှိမ့်ချသော​သူသည် ထို​မေးခွန်းများကို တွန်းလှန်​နိုင်​ပါ​သည်​ဟု ဖြေဆိုပါ​လိမ့်​မည်။—၁ ပေတရု ၁:၁၄-၁၆; ၂ ပေတရု ၃:၁၁

နောက်ထပ်​အရေးကြီး​သည့် အရည်အသွေး​တစ်ခု​ဖြစ်သော ခံနိုင်ရည်​ရှိစေဖို့ စမ်းသပ်မှု​များ​က ကူညီပေး​၏။ တပည့်တော်​ယာကုပ်​က ဤသို့​ပြော​ခဲ့​သည်– “ငါ့​ညီအစ်ကို​တို့၊ သင်တို့၏​ယုံကြည်ခြင်းကို စစ်ကြော​စုံစမ်းခြင်း​အရာ​သည် သည်းခံခြင်း [“ခံနိုင်ရည်၊” က​ဘ] ကို​ပွား​စေ​တတ်​သည်​ဟု သိမှတ်​လျက် အထူးထူး​အပြားပြား စုံစမ်း​နှောင့်ယှက်ခြင်း​နှင့် တွေ့ကြုံ​သောအခါ ဝမ်းမြောက်စရာ​အကြောင်း သက်​သက်​ဖြစ်သည်ဟု မှတ်​ကြလော့။” (ယာကုပ် ၁:၂၊ ၃) ယေဟောဝါ​အပေါ် အပြည့်အဝ​မှီခို​အားထား​၍ စမ်းသပ်မှု​များ​ကို တစ်ခု​ပြီး​တစ်ခု အောင်မြင်​ကျော်လွှား​ပြီး ခံနိုင်ရည်​ရှိ​ခြင်း​က ခိုင်ခံ့​မြဲမြံ​ခြင်း၊ တည်ကြည်​ခြင်း​နှင့် သမာဓိ​တို့ကို တိုးပွား​စေ​သည်။ ယင်းက ဤ​လောက​၏ အမျက်​ကြီးသော​ဘုရား​စာတန်​၏ အနာဂတ်​တိုက်ခိုက်မှု​များ​ကို တွန်းလှန်​နိုင်​ရန် ကျွန်ုပ်​တို့ကို ခွန်အား​ပေး​သည်။—၁ ပေတရု ၅:၈-၁၀; ၁ ယောဟန် ၅:၁၉; ဗျာ. ၁၂:၁၂

စမ်းသပ်မှု​များ​ကို လျောက်ပတ်​သော​အမြင်​ထား​ရှိ​လော့

ဘုရားသခင်​၏ စုံလင်သော​သားတော် ယေရှု​ခရစ်​သည် ကမ္ဘာ​ပေါ်​ရှိ​စဉ် စမ်းသပ်မှု​များစွာ ကြုံတွေ့​ခဲ့​ရပြီး ယင်း​တို့ကို ခံနိုင်ရည်​ရှိ​ရှိ​ခံရပ်​ခဲ့​သောကြောင့် ကြီးမားသော​အကျိုးကျေးဇူးများ ရိတ်သိမ်း​ခဲ့​ရ၏။ ယေရှုသည် “ဆင်းရဲ . . . ကို​ခံ​သော​အားဖြင့် နားထောင်ခြင်း​အကျိုးအကြောင်းကို သင်​တော်​မူ​၏” ဟု​ပေါလု​ရေးသားခဲ့​သည်။ (ဟေဗြဲ ၅:၈) သေ​သည့်​အထိ ယေရှု တည်ကြည်မှု​ရှိ​ခြင်း​ကြောင့် ယေဟောဝါ​၏​နာမတော် ဂုဏ်တင်​ချီးမွမ်း​ခံရ​ပြီး လူသားတို့​အတွက် ရွေးနုတ်ဖိုး​အဖြစ် ကိုယ်တော်​၏​စုံလင်သော​လူ့​အသက်တာ တန်ဖိုး​ကို ပေး​ဆပ်​နိုင်​ခဲ့​၏။ ယင်းက ယေရှုကို ယုံကြည်​ကြောင်း​တင်ပြ​ကြ​သူများ ထာဝရ​အသက်​ရရှိနိုင်​ရန် လမ်းဖွင့်​ပေး​ခဲ့​သည်။ (ယောဟန် ၃:၁၆) ယေရှုသည် စမ်းသပ်မှု​များ​ကြား တည်ကြည်မှု​ရှိခဲ့​သောကြောင့် ယခု ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​ယဇ်ပုရောဟိတ်​မင်းကြီး​နှင့် နန်းထိုင်​ဘုရင်​ဖြစ်နေ​ပေ​ပြီ။—ဟေဗြဲ ၇:၂၆-၂၈; ၁၂:၂

ကျွန်ုပ်​တို့​ကော အသို့နည်း။ စမ်းသပ်မှု​များ​ကြား ကျွန်ုပ်​တို့ တည်ကြည်မှု​ရှိလျှင် ကြီးမားသော​ကောင်းချီး​များ ခံစားရ​လိမ့်​မည်။ ကောင်းကင်​မျှော်လင့်ချက် ရှိကြ​သူများ​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “စုံစမ်း​နှောင့်ယှက်ခြင်း​ကို သည်းခံသော​သူသည် မင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား၊ စစ်ကြော​စုံစမ်းခြင်း​ကို​ခံ​ပြီး​မှ သခင်​ဘုရား​ကို ချစ်သော​သူတို့အား ကတိ​ထား​တော်​မူ​သော အသက်​သရဖူ​ကို ရ​လိမ့်​မည်။” (ယာကုပ် ၁:၁၂) မြေကြီး​မျှော်လင့်ချက်​ရှိသူ​များသည် တည်ကြည်​ကြ​မည်​ဆိုလျှင် မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်​ရရှိကြလိမ့်မည်​ဟု အာမခံ​ထား​သည်။ (ဗျာ. ၂၁:၃-၆) ထို​ထက်​အရေးကြီး​သည်​ကား၊ သူတို့၏​တည်ကြည်မှု​သည် ယေဟောဝါ​၏​နာမတော်​ကို ဂုဏ်တင်​ချီးမွမ်း​ခံရ​စေ​၏။

ယေရှု၏​ခြေရာ​ကို ကျွန်ုပ်​တို့​လိုက်လျှောက်​စဉ် ဤ​အစီအစဉ်​စနစ်​တွင် တွေ့ကြုံ​ရမည့် စမ်းသပ်မှု​အားလုံး​ကို အောင်မြင်စွာ​ကျော်လွှား​နိုင်​မည်​ဟု ယုံကြည်​စိတ်ချ​နိုင်၏။ (၁ ကောရိန္သု ၁၀:၁၃; ၁ ပေတရု ၂:၂၁) မည်သို့​အားဖြင့်​နည်း။ ယေဟောဝါ​အား ကိုးစား​သူများကို “သာမန်​ထက်​ထူးကဲ​သော တန်ခိုးတော်” ပေးသနား​တော်​မူ​သည့် ကိုယ်တော်​အား မှီခို​အားထားခြင်း​ဖြင့်​ဖြစ်သည်။ (၂ ကောရိန္သု ၄:၇) ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု​သည် ခက်ခဲ​ပြင်းထန်သော စမ်းသပ်မှု​များ​ကို ခံ​စဉ်​တွင်​ပင် ယုံကြည်​စိတ်ချ​စွာ​ဖြင့် ဤသို့​အခိုင်အမာ​ပြောဆို​ခဲ့​သော ယောဘ​ကဲ့သို့ ဖြစ်​နိုင်​ကြ​ပါစေ– “စစ်​တော်​မူ​ခြင်း​ကို​ခံ​ပြီး​မှ ရွှေ​ကဲ့သို့ ငါ​ပေါ်​လိမ့်​မည်။”—ယောဘ ၂၃:၁၀

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

စမ်းသပ်မှု​ကြား​မှ ယေရှု၏​တည်ကြည်​ခြင်း​သည် ယေဟောဝါ​၏​နာမတော်​အား ဂုဏ်တင်​ချီးမွမ်း​ခြင်း ဖြစ်စေ​ခဲ့​၏။ ကျွန်ုပ်​တို့​လည်း ထိုသို့​ပြု​နိုင်