‘တစ်ယောက်ကိုတစ်ယောက် တလိုတလား ခွင့်လွှတ်ကြလော့’
‘တစ်ယောက်ကိုတစ်ယောက် တလိုတလား ခွင့်လွှတ်ကြလော့’
သင်တို့၏အပြစ်များကို ဘုရားသခင် ခွင့်လွှတ်ခဲ့ပြီဟု ယုံပါသလော။ အမေရိကန်ပြည်ထောင်စုမှ လူကြီးအများက ယုံကြည်ပုံရသည်။ မေးမြန်းခံရသူ အမေရိကန်နိုင်ငံသား ၁,၄၂၃ ဦးတွင် အသက် ၄၅ နှစ်ကျော်ရှိ လူကြီး ၈၀ ရာခိုင်နှုန်းခန့်က ဘုရားသခင်သည် မိမိတို့၏အပြစ်များကို ခွင့်လွှတ်ခဲ့ပြီဟုဆိုကြောင်း မီရှီဂန်လူမှုရေးသုတေသနတက္ကသိုလ်တွင် ပြုလုပ်သည့် လေ့လာမှုတစ်ခု၏ ထိပ်တန်းစာရေးဆရာ ဒေါက်တာလောရင်း သော့ဆင်က ဖော်ပြသည်။
သို့သော် စိတ်ဝင်စားဖွယ်မှာ မေးမြန်းခံရသူတို့ထဲမှ ၅၇ ရာခိုင်နှုန်းသာ သူတစ်ပါး၏အပြစ်ကို ခွင့်လွှတ်သည်ဟု ဆို၏။ ထိုစာရင်းက တောင်ပေါ်တရားတော်တွင် ယေရှုပြောခဲ့သည့် ဤစကားကို အမှတ်ရစေသည်– “သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကို လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကို မလွှတ်လျှင် သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။” (မဿဲ ၆:၁၄၊ ၁၅) မှန်ပါသည်၊ ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင် ခွင့်လွှတ်မှုသည် သူတစ်ပါး၏အပြစ်ကို ကျွန်ုပ်တို့ခွင့်လွှတ်ရန် အသင့်ရှိခြင်းအပေါ် တစ်စိတ်တစ်ပိုင်း မူတည်၏။
တမန်တော်ပေါလုသည် ကောလောသဲမြို့ရှိ ခရစ်ယာန်များကို ဤမူနှင့်ပတ်သက်၍ သတိပေးခဲ့သည်။ သူက “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့” ဟုသူတို့ကို တိုက်တွန်းခဲ့သည်။ (ကောလောသဲ ၃:၁၃) ထိုသို့ပြုရန် အမြဲလွယ်ကူမည်မဟုတ်ချေ။ ဥပမာ၊ သင်သည် မဆင်မခြင်၊ မညှာမတာအပြောခံရသောအခါ ယင်းတို့ကို လျစ်လျူရှုလိုက်ရန် ခက်ပေမည်။
သို့တိုင် ခွင့်လွှတ်မှု၏အကျိုးကျေးဇူး များစွာရှိ၏။ လူမှုရေးပညာရှင် ဒေါက်တာဒေးဗစ် အာရ်. ဝီလျမ်စ်က သူ၏သုတေသနပြုချက်နှင့်ပတ်သက်၍ ဤသို့ဆိုသည်– “လူလတ်ပိုင်းနှင့်လူကြီးပိုင်း အမေရိကန်လူမျိုးများအလယ် အခြားသူများ၏အပြစ်ကို ခွင့်လွှတ်ခြင်းနှင့် စိတ်ကျန်းမာခြင်းတို့သည် အထူးဆက်စပ်နေသည်ကို ကျွန်ုပ်တို့တွေ့ ရှိရသည်။” ၎င်းသည် လွန်ခဲ့သောအနှစ် ၃,၀၀၀ ခန့်က ရေးသားခဲ့သော ပညာရှိဘုရင်ရှောလမုန်၏ ဤစကားများနှင့် ကိုက်ညီသည်– “ကျန်းမာသောနှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း၊ ငြူစူသောသဘောမူကား အရိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏။” (သု. ၁၄:၃၀) ခွင့်လွှတ်စိတ်သည် ဘုရားသခင်နှင့်လည်းကောင်း၊ အိမ်နီးချင်းနှင့်လည်းကောင်း ကောင်းသောဆက်ဆံရေးကို တိုးမြှင့်ပေးရာ အချင်းချင်း အပြစ်ကို စိတ်နှလုံးမှ တလိုတလားခွင့်လွှတ်လိုစိတ်မွေးရန် အကြောင်းကောင်း ရှိပါသည်။—မဿဲ ၁၈:၃၅။