မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ”

“ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ”

“ထို​သူ​ဟောပြော​သကဲ့သို့ အဘယ်သူမျှ​မ​ဟော​စ​ဖူး​ပါ”

“ထို​သူအပေါင်း​တို့သည် ကိုယ်တော်​ကို​ဝန်ခံ​၍၊ တင့်တယ်​လျောက်ပတ်​သော​နှုတ်ထွက်​စကား​ကို အံ့သြ​ချီးမွမ်း . . . ကြ​၏။”လုကာ ၄:၂၂

၁၊ ၂။ (က) ယေရှု​အား ဖမ်းဆီး​ရန် စေလွှတ်​ခံရ​သည့် မင်းလုလင်​များသည် အဘယ်ကြောင့် လက်​ချည်း​သက်​သက် ပြန်လာ​ခဲ့​ကြသည်။ (ခ) မင်းလုလင်​များ​သာ ယေရှု၏​သွန်သင်ချက်​ကို စွဲမှတ်​ခဲ့​ကြ​ခြင်း​မဟုတ်​ကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။

မင်းလုလင်​တို့သည် သူတို့၏​တာဝန်​ကို ပျက်ကွက်​ခဲ့​ကြသည်။ ယေရှု​ခရစ်​အား ဖမ်းဆီး​ရန် စေလွှတ်​ခံရ​ကြသော်လည်း သူတို့​လက်​ချည်း​ပြန်လာ​ခဲ့​ကြ​၏။ ယဇ်ပုရောဟိတ်မင်း​တို့​နှင့် ဖာရိရှဲ​တို့​က “အဘယ်ကြောင့် သူ့ကို​မ​ဆောင်​ခဲ့​ကြ​သနည်း” ဟု​ရှင်းပြ​စေ​ခဲ့​ကြသည်။ မှန်ပါသည်၊ ကာယရေး​အရ​ခုခံ​ကာကွယ်​မှု မပြု​သည့် လူတစ်ဦးကို အဘယ်ကြောင့် မင်းလုလင်​တို့ မ​ဖမ်းဆီး​ခဲ့​ရသနည်း။ မင်းလုလင်​တို့​က “ထို​သူ​ဟောပြော​သကဲ့သို့ အဘယ်သူမျှ​မ​ဟော​စ​ဖူး​ပါ” ဟူ၍​ရှင်းပြသည်။ သူတို့သည် ယေရှု၏​သွန်သင်ချက်​ကို မည်မျှ​စွဲမှတ်​သွား​သနည်း​ဟူ​မူ ဤ​အေးဆေး​သော​သူအား ထိန်းသိမ်း​ချုပ်နှောင်​ဖို့ သူတို့​မတတ်နိုင်​ခဲ့​ကြ​ချေ။ *ယောဟန် ၇:၃၂၊ ၄၅၊ ၄၆

ထို​မင်းလုလင်​များ​သာ ယေရှု၏​သွန်သင်ချက်​ကို စွဲမှတ်​ခဲ့​ကြသည်​မဟုတ်​ချေ။ လူ​မြောက်မြားစွာ​သည် ကိုယ်တော့်​ဟောပြောချက်ကို ကြားနာရန် ကိုယ်တော့်​ထံ​စုဝေး​ခဲ့​ကြသည်​ဟု သမ္မာကျမ်းစာ​က ဆို​၏။ ကိုယ်တော့်​ဇာတိ​မြို့ရှိ​လူတို့သည် “တင့်တယ်​လျောက်ပတ်​သော​နှုတ်ထွက်​စကား​ကို အံ့သြ​ချီးမွမ်း” ခဲ့​ကြသည်။ (လုကာ ၄:၂၂) ကိုယ်တော်​သည် ဂါလိလဲ​ပင်လယ်​ကမ်းခြေ​တွင် စုဝေး​ခဲ့​ကြသော လူအုပ်ကြီး​ကို တစ်ကြိမ်​ထက်မက လှေပေါ်​မှ​ဟောပြောခဲ့​သည်။ (မာကု ၃:၉; မာကု ၄:၁; လုကာ ၅:၁-၃) တစ်ကြိမ်​တွင် ‘လူအုပ်ကြီး’ သည် အစာ​မစား​ဘဲ ကိုယ်တော်​နှင့်အတူ ရက်​နှင့်​ချီ​၍ နေခဲ့​ကြသည်။—မာကု ၈:၁၊ ၂

၃။ ယေရှုသည် ဤမျှ​ထူးခြား​ထင်ရှားသော​သွန်သင်သူ​ဖြစ်​ရသည့် အဓိက​အကြောင်းရင်း​ကား အဘယ်နည်း။

အဘယ်အရာက ယေရှု​အား ထူးခြား​ထင်ရှားသော​သွန်သင်သူ ဖြစ်စေ​ခဲ့​သနည်း။ အဓိက​အကြောင်းရင်း​မှာ ချစ်ခြင်း​မေတ္တာ​ဖြစ်သည်။ * ကိုယ်တော်​သည် မိမိ​ဟောပြော​သည့် အမှန်တရား​များ​ကို ချစ်​မြတ်နိုး​ပြီး မိမိ​သွန်သင်ပေး​သည့်​လူ​တို့ကို​ပါ ချစ်​ခဲ့​သည်။ ထို့​အပြင် ယေရှုသည် သွန်သင်နည်း​များ​ကို အံ့သြဖွယ်ကောင်း​လောက်​အောင် အမိ​အရ​အသုံးချ​နိုင်စွမ်း​လည်း​ရှိ​တော်​မူ​၏။ ဤ​လထုတ်​လေ့လာ​ရန်​ဆောင်းပါး​များ​တွင် ကိုယ်တော်​အသုံးပြု​ခဲ့​သည့် ထိရောက်​သော​နည်းလမ်း​တချို့​နှင့် ယင်း​တို့ကို မည်သို့​တုပ​နိုင်​ကြောင်း ကျွန်ုပ်​တို့​ဆွေးနွေး​သွားပါ​မည်။

ရိုးရှင်းမှု

၄၊ ၅။ (က) ယေရှုသည် သွန်သင်ရာ​တွင် ရိုး​စင်း​သော​အသုံးအနှုန်း​ကို အဘယ်ကြောင့် အသုံးပြု​ခဲ့​သနည်း၊ ထိုသို့​ကိုယ်တော်​ပြုခြင်း​သည် အဘယ်ကြောင့် ထူးခြား​သနည်း။ (ခ) ယေရှု​သွန်သင်ပုံ​နှင့်​ပတ်သက်​၍ တောင်ပေါ်​တရားတော်​သည် ရိုးရှင်း​သည့်​နမူနာ​တစ်ရပ် မည်သို့​ဖြစ်သနည်း။

ပညာတတ်​များသည် ပရိသတ်​လိုက်​မမီ​သည့် စကားလုံး​များ​ကို သုံးနှုန်း​တတ်ကြ​သည်​မှာ အဆန်း​မဟုတ်​ချေ။ သို့သော် ကျွန်ုပ်​တို့၏​စကား​ကို အခြားသူ​နားမလည်​နိုင်​လျှင် ကျွန်ုပ်​တို့၏​အသိပညာ​မှ သူတို့​မည်သို့​အကျိုး​ခံစား​နိုင်​ပါ​မည်​နည်း။ သွန်သင်သူ​တစ်ဦး​အနေ​နှင့် ယေရှုသည် အခြားသူများ လိုက်​မမီ​သည့်​စကား​များ​ကို ဘယ်​သောအခါ​မျှ မပြော​ဆို​ခဲ့​ချေ။ ကိုယ်တော် သဘော​ရှိ​အသုံးပြုနိုင်​ခဲ့​သည့် ဝေါဟာရ​အတိုင်းအတာကို စဉ်းစား​ကြည့်​ပါ။ ကိုယ်တော်​သည် အသိပညာ​အလွန်​ကြွယ်ဝ​လင့်​ကစား မိမိ​အတွက်​မဟုတ်ဘဲ ပရိသတ်​ကို​ထည့်တွက်ပေး​ခဲ့​သည်။ ထို​သူများစွာ​တို့သည် “လူ​တတ်​မဟုတ်၊ လူသာ​မ​ည​သာ​ဖြစ်” ကြ​ကြောင်းကို ကိုယ်တော်​သိတော်မူ၏။ (တမန်​တော် ၄:၁၃) ဤသူတို့ကို​ထိမိဖို့ နားလည်​နိုင်​သည့်​အသုံးအနှုန်း​ကို ကိုယ်တော်​သုံးစွဲ​ခဲ့​သည်။ စကားလုံး​များ​မှာ ရိုးရှင်း​၏၊ သို့သော် ယင်း​တို့​ဖော်ပြ​သော အမှန်တရား​များသည် အမြော်အမြင်​ကြီးမား​လှ​သည်။

ဥပမာ၊ မဿဲ ၅:၃–၇:၂၇ တွင်​မှတ်တမ်း​တင်ထားသော တောင်ပေါ်​တရားတော်​ကို သုံးသပ်ကြည့်​ပါ။ ထို​တရားကို ယေရှု​ဟော​ဖို့ မိနစ် ၂၀ ခန့်မျှ​သာ ကြာ​ခဲ့​ပေမည်။ သို့​တိုင် ယင်း​သွန်သင်ချက်​များသည် အလွန်​နက်ရှိုင်း​၍ သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း၊ ကွာရှင်း​ခြင်း​နှင့် ဥစ္စာ​ပစ္စည်း​ကို​အဓိက​ထားခြင်း အစ​ရှိသော​အကြောင်း​များ​၏​ရင်းမြစ်​ထိ​တိုင် ရောက်​သည်။ (မဿဲ ၅:၂၇-၃၂; မဿဲ ၆:၁၉-၃၄) သို့ရာတွင် ရှုပ်ထွေး​သည့် သို့​မဟုတ် ကြီးကျယ်​သည့် အသုံးအနှုန်း​များ မပါ​ရှိ​ချေ။ စင်စစ်​အားဖြင့် ကလေး​တစ်ယောက် အလွယ်တကူ​နားမလည်​နိုင်​သည့် စကားလုံး​တစ်လုံး​မျှ​ပင် မပါ​ရှိ​ချေ! ထို့​ကြောင့် ကိုယ်တော် ဟောပြောပြီး​နောက်—လယ်သမားများ၊ သိုးထိန်း​များနှင့် တံငါသည်​များစွာ​တို့ ပါဝင်​နိုင်​ဖွယ်​ရှိသော—လူအုပ်သည် “ဆုံးမ [သွန်သင်] ခြင်း​ကို အလွန်​အံ့သြ​ကြ​၏။”—မဿဲ ၇:၂၈

၆။ ရိုးရှင်း​သော်လည်း အဓိပ္ပာယ်​ကြွယ်ဝသော စကား​များ​ကို ယေရှု​ပြောဆို​ခဲ့​သည့် ဥပမာတစ်ခု​ဖော်ပြ​ပါ။

ရှင်းလင်း​တိုတုတ်​သည့် စကားစု​များ​ကို​အသုံးပြုလေ့​ရှိ​ကာ ရိုးရှင်း​သော်လည်း အဓိပ္ပာယ်​ကြွယ်ဝ​လှ​သော စကား​များ​ကို ယေရှု​မိန့်မြွက်​ခဲ့​သည်။ ပုံနှိပ်​စာအုပ်​များ​မပေါ်မီ​တွင် ကိုယ်တော်​သည် မိမိ၏​သတင်းတရားကို ပရိသတ်​၏​စိတ်နှလုံး​ထဲ ဖျောက်ဖျက်​မရအောင် ခတ်နှိပ်​ပေး​ခဲ့​၏။ ဥပမာ​အချို့​ကို သတိပြုပါ– “အဘယ်သူမျှ သခင်​နှစ်ဦး​အစေ​ကို မခံနိုင်။ . . . သင်တို့သည် ဘုရားသခင်​၏​အစေ​ကိုလည်း​ကောင်း၊ လော[က]စည်းစိမ်​အစေ​ကိုလည်း​ကောင်း မခံနိုင်​ကြ။” “သင်တို့သည် စစ်ကြော​ဆုံးဖြတ်ခြင်း​နှင့် ကင်းလွတ်​မည်​အကြောင်း သူတစ်ပါး​၏​အမှု၌ စစ်ကြော​ဆုံးဖြတ်ခြင်း​ကို မပြု​ကြ​နှင့်။” “[သူ] တို့၏​အကျင့်ကို​ထောက်​သော် သူတို့၏​သဘောကို သိရ​ကြလိမ့်မည်။” “ကျန်းမာ​သော​သူတို့သည် ဆေးသမား​ကို​အလို​မရှိကြ။ နာ​သော​သူတို့သာလျှင် အလိုရှိ​ကြ​၏။” “ဓားကို​ကိုင်​သော​သူ​ရှိသမျှ​တို့သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့​ရောက်​ကြလိမ့်မည်။” “ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အားဆက်​ပေး​ကြလော့။ ဘုရားသခင်​၏​ဥစ္စာ​ကို​ကား၊ ဘုရားသခင်​အားဆက်​ပေး​ကြလော့။” “ခံယူ​ခြင်း​ထက်​ပေးကမ်း​ခြင်း​၌ ပျော်ရွှင်မှု​သာ၍​ရှိ၏။” * (မဿဲ ၆:၂၄; ၇:၁၊ ၂၀; ၉:၁၂; ၂၆:၅၂; မာကု ၁၂:၁၇; တမန်​တော် ၂၀:၃၅က​ဘ) ယင်း​တို့ကို ယေရှု​မိန့်ဆိုခဲ့သည်​မှာ နှစ်ပေါင်း ၂၀၀၀ နီးပါး​ကြာညောင်း​ခဲ့ပြီ​ဖြစ်သည့် ယနေ့​အချိန်အထိ အဆိုပါ ထိမိ​လှ​သော​စကား​များ​ကို အလွယ်တကူ​မှတ်မိ​နိုင်​ဆဲ​ပင်။

မေးခွန်းများ​အသုံးပြုခြင်း

၇။ ယေရှုသည် အဘယ်ကြောင့် မေးခွန်းများ မေးခဲ့​သနည်း။

ယေရှုသည် မေးခွန်းများကို အထူးတလည် အသုံးပြု​ခဲ့​သည်။ လို​ရင်း​ပြောလိုက်​လျှင် အချိန်ကုန်​သက်သာ​မည်​ဖြစ်​လျက်​နှင့်​ပင် မေးခွန်းများ​ကို ကိုယ်တော်​မကြာခဏ အသုံးပြုလေ့​ရှိသည်။ သို့​ဖြစ်​လျှင် မေးခွန်းများကို ကိုယ်တော် အဘယ်ကြောင့် အသုံးပြု​ခဲ့​သနည်း။ ကိုယ်တော်​သည် ဆန့်ကျင်သူ​များ​၏ ရည်ရွယ်ချက်ကို​ထုတ်ဖော်​ရန် ထိုးနှက်​မေးခွန်းများကို အခါ​အား​လျော်​စွာ အသုံးပြု​ခဲ့​၏၊ ဤ​နည်း​အားဖြင့် သူတို့ကို နှုတ်ဆိတ်​စေ​ခဲ့​သည်။ (မဿဲ ၁၂:၂၄-၃၀; ၂၁:၂၃-၂၇; ၂၂:၄၁-၄၆) သို့ရာတွင် ကိစ္စ​အတော်များများ​၌ အမှန်တရားကို​ပြောပြ​ရန်၊ ပရိသတ်​၏​နှလုံး​တွင် အဘယ်အရာ​ရှိကြောင်းကို ဖော်ထုတ်​ရန်၊ တပည့်​များ​၏​တွေးတောမှု​ကို လေ့ကျင့်ပေး​ရန် အချိန်​ယူ၍ မေးခွန်းများ​မေးခဲ့​၏။ တမန်​တော်​ပေတရု​နှင့်​ပတ်သက်​သည့် ဥပမာ​နှစ်ခု​ကို ဆန်းစစ်​ကြည့်​ကြ​စို့။

၈၊ ၉။ ဝတ်ပြုရာ​အိမ်တော်​အခွန် ပေး​ရမည့်​ကိစ္စ​နှင့်​ပတ်သက်​၍ ပေတရု အဖြေ​မှန်​ရရှိရန် မေးခွန်းများကို ယေရှု​မည်သို့​အသုံးပြု​ခဲ့​သနည်း။

ပထမ​အနေ​နှင့် ဝတ်ပြုရာ​အိမ်တော်​အခွန်​ကို ယေရှု​ပေး​မပေး ပေတရု​အား အခွန်ခံ​များ​က မေးမြန်းခဲ့​ခြင်း​ကို ပြန်သတိရ​ပါ။ * ရံဖန်ရံခါ စိတ်​လိုက်​မာန်​ပါ​ပြုမူ​တတ်​သည့် ပေတရု​က “ပေး​ပါ​သည်” ဟု​ဖြေဆိုခဲ့သည်။ သို့ရာတွင် ခဏ​ကြာပြီးနောက် သူ့​အား ယေရှု​က ဤသို့​ကျိုးကြောင်း​ဆင်ခြင်​ပြ​ခဲ့​သည်– “‘အချင်း​ရှိမုန်၊ သင်သည် အဘယ်​သို့​ထင်​သနည်း။ လောကီ​ရှင်ဘုရင်​တို့သည် အဘယ်သူ​မှာ အခွန်​ကို​ခံ​ကြ​သနည်း။ မိမိ​သား​မှာ​ခံ​ကြ​သလော။ သူတစ်ပါး​မှာ​ခံ​ကြ​သလော’ ဟု​မေး​တော်​မူလျှင်၊ ပေတရု​က ‘သူတစ်ပါး​မှာ​ခံ​ကြ​ပါ​သည်’ ဟု​လျှောက်​သော်၊ ယေရှုကလည်း ‘သို့​ဖြစ်​လျှင် သား​မူ​ကား လွတ်​ရ၏။’” (မဿဲ ၁၇:၂၄-၂၇) ယေရှု​မေး​သည့်​မေးခွန်းများ​၏​ဆိုလိုရင်း​ကို ပေတရု နားလည်ခဲ့​ပေမည်။ အဘယ်ကြောင့်​နည်း။

ယေရှု​လက်ထက်​၌ ဧကရာဇ်မင်း​၏​မိသားစု​သည် အခွန်​ကင်းလွတ်ခွင့်​ရ​ကြောင်း သိရှိ​ကြသည်။ ထို့​ကြောင့် ဝတ်ပြုရာ​အိမ်တော်တွင် ကိုးကွယ်​ကြ​သည့် ကောင်းကင်ဘုရင်​၏ တစ်ပါး​တည်း​သော​သားတော်​အနေ​နှင့် ယေရှုသည် အခွန်​ပေး​စ​ရာ​မလို​ချေ။ ပေတရု​အား အဖြေ​မှန်​ကို​ပြောလိုက်​ရုံ​ပြု​မည့်​အစား အဖြေ​မှန်​ကို ပေတရု​သိရှိ​စေရန် ယေရှုသည် ထိရောက်​ညင်သာ​စွာ မေးခွန်းများ​အသုံးပြု​ခဲ့​ခြင်း​ဖြစ်​ကြောင်း သတိပြုပါ၊ သို့​နှင့် စကား​မပြော​ဆို​မီ ပို​၍​ဂရုတစိုက်​တွေးတော​ရန် လိုအပ်ကြောင်း သဘောပေါက်​စေ​ခဲ့​သည်။

၁၀၊ ၁၁။ စီ.အီး. ၃၃ ပသခါပွဲ​ည​တွင် လူတစ်ဦး​၏​နားရွက်​ကို ပေတရု ခုတ်ဖြတ်​လိုက်​သောအခါ ယေရှု​မည်သို့​တုံ့ပြန်​ခဲ့​သနည်း၊ မေးခွန်းများ​၏​တန်ဖိုး​ကို ယေရှု​သဘောပေါက်​ကြောင်း ယင်းက မည်သို့​ဖော်ပြ​သနည်း။

၁၀ ဒုတိယ​ဥပမာ​မှာ စီ.အီး. ၃၃ ပသခါပွဲ​ည​မှ အဖြစ်အပျက်​တစ်ခု​ဖြစ်သည်၊ ထို​အချိန်တွင် ယေရှုကို​ဖမ်းဆီး​ရန် လူအုပ်​ရောက်လာ​သည်။ တပည့်​များ​က ယေရှု​အတွက် ကာကွယ်​တိုက်ခိုက်​ပေး​သင့်​မသင့် ကိုယ်တော်​အား မေးမြန်းခဲ့​ကြသည်။ (လုကာ ၂၂:၄၉) အဖြေကို​စောင့်မ​နေ​ဘဲ ပေတရု​သည် လူတစ်ဦး​၏​နားရွက်​ကို ဓား​ဖြင့်​ခုတ်ဖြတ်​ခဲ့​သည် (ထို​ထက်မက သူ​ထိခိုက်​စေ​လို​ခဲ့​ပေမည်)။ ထို​အချိန်တွင် ပေတရု​သည် သူ၏​သခင်​အလိုတော်နှင့်​ဆန့်ကျင်​၍ ပြုမူ​ခဲ့​၏၊ အကြောင်း​မှာ ယေရှုသည် အဖမ်းခံရ​န် လုံးလုံး​ပြင်ဆင်​ထားပြီး​ဖြစ်သည်။ ယေရှု မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ ယေရှုသည် စိတ်ရှည်​မြဲ​ရှည်​စွာ ပေတရု​အား မေးခွန်း​သုံးခု​မေးခဲ့သည်– “ခမည်းတော်​သည် ငါ့​အားပေး​တော်​မူ​သော​ခွက်​ကို ငါ​မ​သောက်​ရာ​သလော။” “ယခု​ပင် ငါ့​အဘ​ကို​ငါ​တောင်း​နိုင်​သည်ကို​လည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်​တစ်ဆယ့်​နှစ်​တပ်​မ​က ငါ့​ထံ​သို့​စေလွှတ်​တော်​မူ​သည်ကို​လည်းကောင်း သင်သည်​မထင်​သလော။ သို့​ဖြစ်​လျှင် ဤသို့​သော​အမှုအရာ​တို့သည် ဖြစ်​ရမည်​ဟူသော​ကျမ်းစာ​အချက်​သည် အဘယ်​သို့​ပြည့်စုံ​အံ့​နည်း။”—ယောဟန် ၁၈:၁၁; မဿဲ ၂၆:၅၂-၅၄

၁၁ ထို​မှတ်တမ်း​ကို တစ်ခဏမျှ ပုံဖော်​ကြည့်​ပါ။ ဒေါသ​အမျက်​စူးရှ​နေသော လူအုပ်​၏ ဝန်းရံ​မှု​ခံ​နေရသူ ယေရှု​အနေ​ဖြင့် မကြာမီ မိမိ​သေရ​တော့​မည်​ဖြစ်​ပြီး ခမည်းတော်​၏​နာမတော် သံသယ​ကင်းရှင်း​ခြင်း​နှင့် လူ့​မိသားစု​၏ ကယ်တင်ခြင်း​တို့​မှာ မိမိ​အပေါ်​မူတည်​နေကြောင်း ကိုယ်တော်​သိတော်မူ​သည်။ သို့​တိုင် ကိုယ်တော်​သည် ထို​အချိန်​အခါ​တွင်​ပင် အချိန်​ယူပြီး အမှန်တရားကို ပေတရု​စွဲမှတ်​သွားစေရန် မေးခွန်းများ​မေးခဲ့သည်။ မေးခွန်း​မေး​ခြင်း​၏​တန်ဖိုး​ကို ယေရှု​သဘောပေါက်​ကြောင်း ထင်ရှား​သည်မဟုတ်​လော။

ကွင်းကွင်းကွက်ကွက်​ပေါ်သော တမင်​ရည်ရွယ်​ချဲ့ကား​ပြောဆိုခြင်း

၁၂၊ ၁၃။ (က) တမင်​ရည်ရွယ်​ချဲ့ကား​ပြောဆိုခြင်း​ဟူသည် အဘယ်နည်း။ (ခ) ယေရှုသည် ကျွန်ုပ်​တို့​ညီအစ်ကို​များ​၏ အသေးအမွှား​အမှား​များ​ကို ပြစ်တင်​ဝေဖန်ခြင်း​၏​မိုက်မဲမှု​ကို တမင်​ရည်ရွယ်​ချဲ့ကား​ပြောဆိုခြင်း​ဖြင့် မည်သို့​အလေးပေး​ဖော်ပြ​သနည်း။

၁၂ ယေရှုသည် မိမိ၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် အခြား​ထိရောက်​သော​သွန်သင်နည်း​ဖြစ်သည့် တမင်​ရည်ရွယ်​ချဲ့ကား​ပြောဆိုခြင်း​ကို အသုံးပြုလေ့​ရှိသည်။ ယင်းသည် လေးနက်​စေရန်​ရည်စူး၍ ချဲ့ကား​ပြောဆိုခြင်း​ဖြစ်၏။ ယေရှုသည် တမင်​ရည်ရွယ်​ချဲ့ကား​ပြောဆိုခြင်း​ဖြင့် မေ့​ရ​ခက်​သော​ရုပ်လုံး​များ​ကို စိတ်​တွင်​ပေါ်​စေ​ခဲ့​သည်။ ပုံ​ဥပမာ​အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

၁၃ သူတစ်ပါး​အား ‘စစ်ကြော​ဆုံးဖြတ်ခြင်း​မပြု’ ရ​ကြောင်းကို တောင်ပေါ်​တရားတော်​တွင် အလေးအနက်​ဖော်ပြ​သောအခါ ယေရှု​က ဤသို့​ဆို​ခဲ့​သည်– “ကိုယ်​မျက်စိ​၌​ရှိသော​တံကျင်​ကို​မ​အောက်မေ့​ဘဲ ညီအစ်ကို​မျက်စိ​၌​ရှိသော​ငြောင့်ငယ်​ကို အဘယ်ကြောင့်​ကြည့်ရှု​သနည်း။” (မဿဲ ၇:၁-၃) သင်​မြင်ယောင်​ကြည့်​နိုင်​သလော။ ပြစ်တင်​ဝေဖန်​တတ်​သူ​တစ်ဦး​သည် မိမိ​ညီအစ်ကို “မျက်စိ” မှ​ငြောင့်ငယ်​ကို ထုတ်ပေး​ရန်​အလိုရှိ၏။ မိမိ​ညီအစ်ကို​သည် လက်သင့်ခံ​နိုင်​ဖွယ်​စီရင်ချက်​များ​ချရန် အကြောင်း​ခြင်း​ရာ​များ​ကို ရှင်းလင်း​ပြတ်သား​စွာ​မမြင်​ဟု ပြစ်တင်​ဝေဖန်​တတ်​သူက ဆို​ပေမည်။ သို့သော် ပြစ်တင်​ဝေဖန်သူ​ကိုယ်တိုင်​၏ စီရင်​ဆုံးဖြတ်​နိုင်စွမ်း​မှာ “တံကျင်” တစ်ခု​ကြောင့် ပျက်ယွင်း​နေ​၏။ ကျွန်ုပ်​တို့​ကိုယ်တိုင် ကြီး​လေး​သော​အမှား​များ​ရှိ​လျက်​ပင် ညီအစ်ကို​များ​၏ အသေးအမွှား​အမှား​များ​ကို ပြစ်တင်​ဝေဖန်ခြင်း​သည် အမှန်ပင်​မိုက်မဲ​ကြောင်း အလေးအနက်​ပေါ်လွင်​စေသည့် မေ့ပျောက်​မရ​သော​နည်းပါ​တကား!

၁၄။ ခြင်​မပါ​စေခြင်း​ငှာ စစ်​လျက်​နှင့် ကုလားအုတ်​ကို​ကား မျိုချ​ကြ​၏​ဟူ​သည့် ယေရှု၏​စကား​များသည် အဘယ်ကြောင့် အလွန်​ထိရောက်​သည့် ချဲ့ကား​ပြောဆို​သည့်​အလင်္ကာ ဖြစ်သနည်း။

၁၄ နောက်​တစ်ကြိမ်​တွင် ယေရှုသည် ဖာရိရှဲ​များ​အား “လမ်းပြ​သော​လူ​ကန်း​တို့၊ သင်တို့သည် ခြင်​တစ်ကောင်​ကို​မျှ​မပါ​စေခြင်း​ငှာ ရေ​ကို​စစ်​လျက်​နှင့် ကုလားအုတ်​ကို​မျို​ကြ​၏” ဟု​ပြစ်တင်​ရှုတ်ချခဲ့​သည်။ (မဿဲ ၂၃:၂၄) ယင်းသည် အထူး​ထိရောက်​သည့် ချဲ့ကား​ပြောဆို​သည့်​အလင်္ကာ​ဖြစ်၏။ အဘယ်ကြောင့်​နည်း။ အလွန်​သေးငယ်သော​ခြင်​တစ်ကောင်​နှင့် အကြီးမားဆုံး​တိရစ္ဆာန်​အဖြစ် ယေရှု၏​ပရိသတ်​သိထား​သည့် ကုလားအုတ်​တစ်ကောင်​ကို နှိုင်းယှဉ်​ခြင်း​မှာ ထူးခြား​လှ​၏။ ပျမ်းမျှ​ကုလားအုတ်​တစ်ကောင်​၏ အလေးချိန်​နှင့်​ညီမျှ​ရန် ခြင်​အကောင်ပေါင်း​သန်း ၇၀ ခန့်​လိုအပ်​လိမ့်​မည်​ဟု ခန့်မှန်း​ကြသည်! ထို့​အပြင် ဖာရိရှဲ​များသည် ၎င်းတို့၏​စပျစ်​ရည်​ကို အဝတ်​ဖြင့်​စစ်​ကြ​ကြောင်း ယေရှု​သိထား​၏။ စည်းကမ်း​ကြီး​သည့် ထို​သူတို့သည် ခြင်​တစ်ကောင်​ကို​မျိုမိ​သောကြောင့် မ​စင်​မ​ကြယ်​ဖြစ်လာ​မည်​ကို​စိုးရိမ်​ကြ​၍ ထိုသို့​ပြု​ကြသည်။ သို့​တိုင် သူတို့သည် မစင်ကြယ်​သည့် ကုလားအုတ်​ကို ပုံဆောင်​သဘော​အရ မျို​ကြ​၏။ (ဝတ်ပြုရာ ၁၁:၄၊ ၂၁-၂၄) ယေရှု၏​ဆိုလိုရင်း​ကား ရှင်းနေပါသည်။ ဖာရိရှဲ​များသည် အသေးငယ်ဆုံး ပညတ်ချက် တောင်းဆိုရာ​ကို စိုးရိမ်​တ​ကြီး​လိုက်နာ​ကြသော်လည်း ပို​၍​ကြီး​လေး​သော​ကိစ္စ​များ​ဖြစ်သည့် “တရား​သဖြင့်​စီရင်ခြင်း၊ သူတစ်ပါးကို​သနားခြင်း၊ [တည်ကြည်] ခြင်း” တို့ကို​မူ​ကား လျစ်လျူရှု​ခဲ့​ကြသည်။ (မဿဲ ၂၃:၂၃) သူတို့သည် မည်သို့သော​လူစားမျိုး​ဖြစ်​ကြောင်းကို ယေရှု​ရှင်းရှင်းလင်းလင်း ဖော်ထုတ်​ခဲ့​သည်​တကား!

၁၅။ ချဲ့ကား​ပြောဆိုခြင်း​အလင်္ကာ​ကို အသုံးပြုခြင်း​ဖြင့် ယေရှု​သွန်သင်​ခဲ့​သည့် သင်ခန်းစာ​အချို့​ကား အဘယ်နည်း။

၁၅ ယေရှုသည် မိမိ၏​ခရစ်ယာန်​ဓမ္မ​အမှု​တစ်လျှောက် ချဲ့ကား​ပြောဆို​သည့်​အလင်္ကာ​ကို အသုံးပြု​ခဲ့​သည်။ ဥပမာ​တချို့​ကို သုံးသပ်ကြည့်​ပါ။ တောင်​တစ်​တောင်​ကို ရွှေ့နိုင်​သော “[သေးငယ်​လှ​သည့်] မုန်ညင်းစေ့​ခန့်မျှ​လောက်​သာ ယုံကြည်ခြင်း” အကြောင်း​ဖြင့် အနည်းငယ်​သော ယုံကြည်ခြင်း​သည်​ပင် များစွာ​အကျိုး​ရှိကြောင်း ယေရှု​ပေါ်လွင်​စေ​ခဲ့​ခြင်း​သည် အထိရောက်ဆုံး​ဥပမာ​ပင်​ဖြစ်​ပေမည်။ (မဿဲ ၁၇:၂၀) အပ်​န​ဖား​ထဲ လျှိုဝင်​ဖို့​ကြိုးစား​နေသည့် ကုလားအုတ်​ကြီး​တစ်ကောင်​ဥပမာ​သည် ပစ္စည်းဥစ္စာ​ကို​အဓိက​ထား​သည့် ဘဝ​ပုံစံ​ကို​စွဲကိုင်​ထား​လျက် ဘုရားသခင်​အား ဝတ်ပြု​ရန်​ကြိုးစား​သည့် သူကြွယ်​တစ်ဦး၏​အခက်အခဲ​ကို ကောင်းစွာ​ပုံဖော်​သည်​တကား! (မဿဲ ၁၉:၂၄) ယေရှု၏​ပြောင်မြောက်​လှ​သည့် တင်စားချက်​များနှင့် စကားလုံး​နည်းနည်း​ဖြင့် အကျိုး​အများဆုံး​သက်ရောက်​စေနိုင်​သည့် ကိုယ်တော့်​စွမ်းရည်​ကို သင်​မအံ့သြ​ပေ​လော။

ငြင်း​မရနိုင်​အောင် ဆင်ခြင်တုံ​တရား

၁၆။ ယေရှုသည် မိမိ၏​ထက်မြက်​သော​ဉာဏ်စွမ်း​များ​ကို အဘယ်​နည်းဖြင့် အမြဲ​အသုံးပြုလေ့​ရှိ​သနည်း။

၁၆ ယေရှုသည် မိမိ၏​စုံလင်သော​စိတ်​ကို အသုံးပြု​ကာ လူ​တို့​နှင့် အလွန်​ကျွမ်းကျင်​စွာ ကျိုးကြောင်း​ဆင်ခြင်​နိုင်​ခဲ့​သည်။ သို့သော်လည်း ဤ​စွမ်းရည်​ကို ဘယ်​သောအခါ​မျှ တလွဲ​အသုံးမပြု​ခဲ့​ချေ။ ကိုယ်တော်​သွန်သင်ပေး​ရာ​တွင် အမှန်တရား​တိုးပွား​စေရန် ထက်မြက်​သော​စိတ်စွမ်း​ရည်​များ​ကို အမြဲ​အသုံးချ​ခဲ့​သည်။ ကိုယ်တော်​သည် ဘာသာရေး​အတိုက်အခံပြု​သူများ​၏ မှားယွင်း​သည့်​စွဲချက်​များ ချေပ​ရာ​တွင် ထိရောက်​သော​ဆင်ခြင်တုံ​တရားကို ရံဖန်ရံခါ အသုံးပြု​ခဲ့​သည်။ တပည့်​များ​အား အရေးကြီး​သည့် သင်ခန်းစာများ သွန်သင်ပေး​ရာ​တွင် ဆင်ခြင်တုံ​တရား​နှင့်​အညီ ကြိမ်ဖန်​များစွာ ကျိုးကြောင်း​ဆင်ခြင်​ခဲ့​သည်။ ဆင်ခြင်တုံ​တရားကို ယေရှု​ပိုင်နိုင်​စွာ​အသုံးပြုနိုင်​ခဲ့​ခြင်း​ကို သုံးသပ်ကြည့်​ကြ​စို့။

၁၇၊ ၁၈။ ယေရှုသည် ဖာရိရှဲ​တို့၏​မှားယွင်းသော​စွဲချက်​ကို ဆင်ခြင်တုံ​တရား​နှင့်​အညီ မည်သို့​ထိရောက်​စွာ​ချေပ​ပြောဆို​ခဲ့​သနည်း။

၁၇ နတ်ဆိုးစွဲ​၍ မျက်စိ​မမြင်၊ စကား​အ​သူ​တစ်ဦး​အား ယေရှု​ကုသ​ပေး​ခဲ့​ချိန်​ကို သုံးသပ်ကြည့်​ပါ။ ယင်း​သတင်းကို ကြား​သည်​နှင့် ဖာရိရှဲများ​က “ဤ​သူသည် နတ်ဆိုး​မင်း ဗေလဇေဗုလ [စာတန်] ကို​အမှီပြု၍​သာ နတ်ဆိုး​တို့ကို​နှင်ထုတ်​သည်” ဟူ၍​ပြောဆို​ခဲ့​ကြသည်။ စာတန်​၏​နတ်ဆိုး​များ​ကို နှင်ထုတ်​ရန် သာမန်​လူ​ထက် စွမ်းရည်​သာလွန်​ဖို့​လို​ကြောင်း ဖာရိရှဲ​များ ဝန်ခံခဲ့​ကြသည်​ကို သတိပြုပါ။ သို့ရာတွင် ယေရှု​အား လူ​တို့​မယုံကြည်​စေရန် ကိုယ်တော့်​တန်ခိုး​သည် စာတန်​ထံ​မှ​ဖြစ်သည်ဟု ယိုးစွပ်​ခဲ့​ကြသည်။ ဆင်ခြင်တုံ​တရား​နှင့်​အညီ သူတို့​ကောက်ချက်​မချ​ကြောင်း​ဖော်ပြ​ရန် ယေရှု​က ဤသို့​ဖြေဆိုခဲ့သည်– “တိုင်းနိုင်ငံ​မည်​သည်​ကား၊ မိမိ​နှင့်​မသင့်မတင့်​ကွဲပြား​လျှင် ပျက်စီးခြင်း​သို့​ရောက်​လိမ့်​မည်။ မြို့ရွာ​ဖြစ်စေ၊ အိမ်​ဖြစ်စေ၊ မိမိ​နှင့်​မသင့်မတင့်​ကွဲပြား​လျှင် မတည်​နိုင်ရာ။ စာတန်​သည်လည်း စာတန်​ကို​နှင်ထုတ်​သည်​မှန်​လျှင်၊ သူသည်​မိမိ​နှင့်​ကွဲပြား​၏။ သူ၏​နိုင်ငံ​သည် အဘယ်​သို့​တည်​နိုင်​မည်​နည်း။” (မဿဲ ၁၂:၂၂-၂၆) စင်စစ်​အားဖြင့် ယေရှု​က ဤသို့​ဆို​ခြင်း​ဖြစ်သည်– ‘သင်တို့​ဆို​သကဲ့သို့ ငါသည် စာတန့်​လူ​ဖြစ်၍ စာတန့်​လုပ်ရပ်​ကို ချေဖျက်​သည်​မှန်​လျှင် စာတန်​သည် မိမိ၏​အကျိုး​စီးပွား​ကို ဖျက်ဆီး​နေရာ မကြာမီ ကွဲပြား​တော့​မည်​မဟုတ်​တုံ​လော။’ အမှန်တကယ်​ထိရောက်​သော ဆင်ခြင်တုံ​တရား မဟုတ်ပေ​လော။

၁၈ ထို့​အပြင် ယေရှုသည် ဤ​ကိစ္စ​ကို ထပ်၍​ကျိုးကြောင်း​ဆင်ခြင်​ခဲ့​သည်။ ဖာရိရှဲ​အချို့​သည် နတ်ဆိုး​များ​ကို​နှင်ထုတ်​ခဲ့​ကြောင်း ကိုယ်တော်​သိမှတ်​သည်။ ထို့​ကြောင့် ကိုယ်တော်​က ရိုးရှင်း​ပြီး ထိမိ​လှ​သည့် ဤ​မေးခွန်း​ကို​မေးခဲ့သည်– “ငါသည် ဗေလဇေဗုလ​ကို​အမှီပြု၍ နတ်ဆိုး​တို့ကို​နှင်ထုတ်​သည်​မှန်​လျှင်၊ သင်တို့၏​သား [သို့​မဟုတ် တပည့်] တို့သည် အဘယ်သူ​ကို​အမှီပြု၍ နှင်ထုတ်​ကြ​သနည်း။” (မဿဲ ၁၂:၂၇) တစ်နည်း​ဆို​ရ​လျှင် ယေရှု​က ဤသို့​ဆင်ခြေ​တက်​ခဲ့​သည်– ‘ငါသည် စာတန့်​တန်ခိုး​ကို​အမှီပြု၍ နတ်ဆိုး​တို့ကို နှင်ထုတ်​သည်​မှန်​လျှင် သင်တို့၏​တပည့်​များသည်​လည်း ဤ​တန်ခိုး​ကို​အမှီပြု၍ နှင်ထုတ်ခြင်း​ဖြစ်​ရမည်။’ ထို​အခါ ဖာရိရှဲ​များသည် အဘယ်​သို့​ဖြေဆို​နိုင်​မည်​နည်း။ သူတို့၏​တပည့်​များသည် စာတန့်​တန်ခိုး​ကို​အမှီပြု​၏​ဟု သူတို့​ဘယ်တော့​မျှ ဝန်ခံ​ကြလိမ့်မည်​မဟုတ်​ချေ။ ယေရှုသည် မငြင်းဆို​နိုင်​သည့်​ဆင်ခြင်တုံ​တရား​ဖြင့် သူတို့၏​စွဲချက်​ကို ရ​ယ်​စ​ရာ​ဖြစ်စေ​ခဲ့​သည်။

၁၉၊ ၂၀။ (က) ယေရှုသည် ဆင်ခြင်တုံ​တရားကို အဘယ်​အပြုသဘော​ပါ​သော​နည်းဖြင့် အသုံးပြု​ခဲ့​သနည်း။ (ခ) ဆုတောင်းနည်း​သင်ပေး​ရန် တပည့်​များ တောင်းဆို​သည့်​အခါ ‘ထို​မျှ​မ​က’ ကျိုးကြောင်း​ဆင်ခြင်​နည်းကို ယေရှု​မည်သို့​အသုံးပြု​ခဲ့​သနည်း။

၁၉ ယေရှုသည် အတိုက်အခံပြု​သူများကို နှုတ်ဆိတ်​သွားစေရန် ဆင်ခြင်တုံ​တရားကို အသုံးပြုသည့်​အပြင် ယေဟောဝါ​နှင့်​ပတ်သက်သော အားရှိဖွယ်၊ နှလုံး​နွေးထွေး​စေသော အမှန်တရားကို သွန်သင်ပေး​ရန် ဆင်ခြင်တုံ​တရား​နှင့်​ညီ​စွာ ကျေနပ်​လက်ခံ​လောက်​သော အချေ​တင်​ချက်​များ​ကိုလည်း အသုံးပြု​ခဲ့​သည်။ ‘ထို​မျှ​မ​က’ ဟူ​သည့် ကျိုးကြောင်း​ဆင်ခြင်​နည်းကို​လည်း ကိုယ်တော်​ကြိမ်ဖန်​များစွာ​သုံးပြီး တရား​နာ​သူများ အကျွမ်းတဝင်​ရှိ​ထား​သည့် အမှန်တရားကို သာ၍​ယုံကြည်​စိတ်ချ​စေ​ခဲ့​သည်။ ဥပမာ​နှစ်ခု​မျှ သုံးသပ်ကြည့်​ကြ​စို့။

၂၀ ဆုတောင်းနည်း​သင်ပေး​ရန် တပည့်​များ တောင်းဆို​သည့်​အခါ ယေရှု​က “အား​မ​လျော့​ဘဲ​တောင်း​၍​နေ” သောကြောင့် နောက်ဆုံး​တွင် တောင်းဆို​သည့်​အရာ​ကို မကြည်ဖြူ​သူ​မိတ်ဆွေ​တစ်ဦးထံ​မှ ရရှိခဲ့​သူ​တစ်ဦး၏ ပုံ​ဥပမာ​ကို ဖော်ပြ​ခဲ့​သည်။ ထို့​အပြင် မိမိတို့၏​သားသမီး​များ​အား “ကောင်းသော​အရာ​ကို​ပေး​တတ်​သည့်” မိဘများ​၏​စေတနာ​အကြောင်း ယေရှု​ဖော်ပြ​ခဲ့​သည်။ ထို့နောက် ကိုယ်တော်​က ဤသို့​နိဂုံး​ချုပ်​ခဲ့​သည်– “သင်တို့သည် အဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သားတို့​အား ကောင်းသော​အရာ​ကို​ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ဆုတောင်း​သော​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သာ၍​ပေး​တော်​မူ​မည်​မဟုတ်လော။” (လုကာ ၁၁:၁-၁၃) ယေရှု​တင်ပြ​ခဲ့​သော​အချက်​သည် ဆင်တူ​မှု​အပေါ်​မဟုတ်ဘဲ ကွဲပြား​ခြားနား​မှု​အပေါ် အခြေခံ​သည်။ မကြည်ဖြူ​သော​မိတ်ဆွေ​တစ်ဦး​သည် နောက်ဆုံး​တွင် မိမိ​အိမ်နီးချင်း တောင်းဆို​သည့်​အရာ​ကို​ပေး​ရန် သွေးဆောင်​ခံရ​လျှင်၊ သို့​မဟုတ် မစုံလင်​သော​လူသား​မိဘများသည် သားသမီး​များ​၏​လိုအပ်ရာ​များ​ကို ပြုစုပေး​လျှင် နှိမ့်ချစွာ ဆုတောင်း​သည့် တည်ကြည်သော​ကျေးကျွန်​များ​အား ကျွန်ုပ်​တို့၏​မေတ္တာရှင် ကောင်းကင်​ခမည်းတော်​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ထို​မျှ​မ​က သာ၍​အမှန်တကယ်​ပေး​တော်​မူ​မည်!

၂၁၊ ၂၂။ (က) ရုပ်ပစ္စည်း​များ​အတွက် စိုးရိမ်​ပူပန်မှု​နှင့်​စပ်လျဉ်း၍ ဆုံးမ​စကားပြော​ဆို​ရာ​တွင် အဘယ်​ကျိုးကြောင်း​ဆင်ခြင်မှု​ကို ယေရှု​အသုံးပြု​ခဲ့​သနည်း။ (ခ) ယေရှု၏​သွန်သင်နည်း​ပညာ​အချို့​ကို သုံးသပ်​ပြီး​နောက် အဘယ်​ကောက်ချက်​ချ​ကြ​သနည်း။

၂၁ ရုပ်ပစ္စည်း​များ​အတွက် စိုးရိမ်​ပူပန်မှု​နှင့်​စပ်လျဉ်း၍ ဆုံးမ​စကားပြော​ဆို​ရာ​တွင် ယေရှုသည် အလားတူ​ကျိုးကြောင်း​ဆင်ခြင်မှု​ကို အသုံးပြု​ခဲ့​သည်။ ကိုယ်တော်​က ဤသို့​ဆို​ခဲ့​သည်– “ကျီးကန်းများ​ကို ကြည့်ရှု​ဆင်ခြင်​ကြလော့။ ထို​ငှက်​တို့သည် မျိုးစေ့ကို​မစိုက်​မ​ကြဲ၊ စပါး​ကို​မ​ရိတ်၊ စပါး​ကျီ​မရှိ၊ ဘဏ္ဍာတိုက်​မရှိ။ သို့သော်လည်း ဘုရားသခင်​သည် သူတို့ကို​ကျွေးမွေး​တော်​မူ​၏။ ထို​ငှက်​တို့​ထက် သင်တို့သည် အလွန်​မြတ်​သည်မဟုတ်​လော။ နှင်း​ပင်​တို့သည် အဘယ်​သို့​သော​အားဖြင့်​ကြီးပွား​သည်ကို ကြည့်ရှု​ဆင်ခြင်​ကြလော့။ ထို​အပင်​တို့သည် အလုပ်​လည်း​မ​လုပ်၊ ချည်​ဖြစ်စေ​ခြင်း​ငှာ မ​င​င်​မ​ဝ​င့်။ . . . ယုံကြည်​အားနည်း​သော​သူတို့၊ ယနေ့​အသက်ရှင်​လျက်၊ နက်ဖြန်​မီးဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်ကို ဘုရားသခင်​သည် ထိုသို့​သော​အဝတ်​နှင့် ဖုံးလွှမ်း​တော်​မူလျှင်၊ ထို​မျှ​မ​က သင်တို့ကို အဝတ်​နှင့်​ဖုံးလွှမ်း​တော်​မူ​မည် မဟုတ်လော။” (လုကာ ၁၂:၂၄၊ ၂၇၊ ၂၈) မှန်ပါသည်၊ ယေဟောဝါ​သည် ငှက်​များနှင့် ပန်း​များ​ကို​ကြည့်ရှု​စောင့်ရှောက်​လျှင် မိမိ၏​ကျေးကျွန်​များ​ကို ထို​မျှ​မ​က​ဂရုစိုက်​ပေ​လိမ့်​မည်​တကား! ယင်း​သို့​သော ညင်သာ​ထိရောက်​သည့် ကျိုးကြောင်း​ဆင်ခြင်မှု​သည် ယေရှု​ပရိသတ်​၏​နှလုံးကို ထိမိ​ခဲ့​မည်​မှာ ဧကန်​မုချ​ပင်။

၂၂ ယေရှု၏​သွန်သင်နည်း​ပညာ​အချို့​ကို သုံးသပ်​ပြီး​နောက် “ထို​သူ​ဟောပြော​သကဲ့သို့ အဘယ်သူမျှ​မ​ဟော​စ​ဖူး​ပါ” ဟု​ပြောဆို​ခဲ့​သည့် မင်းလုလင်​တို့၏​စကား​သည် ချဲ့ကား​ပြောဆိုခြင်း​မဟုတ်​ကြောင်း ကျွန်ုပ်​တို့​အလွယ်တကူ ကောက်ချက်​ချ​နိုင်​ကြ​ပါ​သည်။ သို့သော် ယေရှု​အသုံးပြု​ခဲ့​သော​သွန်သင်နည်း​တွင် ပုံ​ဥပမာ သို့​မဟုတ် ပုံဆောင်ချက်​များ​ကို အသုံးပြုခြင်း​သည် အကျော်ကြားဆုံး​ဖြစ်​နိုင်​ဖွယ်​ရှိ၏။ ဤ​နည်းကို အဘယ်ကြောင့် ကိုယ်တော်​အသုံးပြု​ရသနည်း။ ကိုယ်တော့်​ဥပမာ​များ​ကို အဘယ်အရာက အလွန်​ထိရောက်​စေ​ခဲ့​သနည်း။ ဤ​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ပါ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 1 ထို​မင်းလုလင်​တို့သည် ဆဲန်ဟီဒရင်​ရုံး​မှ​ကိုယ်စားလှယ်​များ​ဖြစ်​ပြီး ယဇ်ပုရောဟိတ်မင်း​များ​၏​သြဇာ​ခံ​သူများ ဖြစ်​နိုင်​ဖွယ်​ရှိသည်။

^ အပိုဒ်၊ 3 ၂၀၀၂၊ ဩဂုတ် ၁၅ ရက်ထုတ်​ကင်းမျှော်စင်​မှ “ငါသည် . . . ပုံသက်သေ​ကို​ပြ​ခဲ့ပြီ” နှင့် “ငါ့​နောက်သို့ အဆက်မပြတ်​လိုက်​လော့” ဆောင်းပါး​များ​ကို​ရှု။

^ အပိုဒ်၊ 6 နောက်ဆုံး​ကောက်နုတ်​ချက်​ဖြစ်သည့် တမန်​တော် ၂၀:၃၅ ကို​တမန်​တော်​ပေါလု​တစ်ဦးတည်း​က​သာ ကိုးကား​ခဲ့​သော်လည်း ဤ​စကားလုံး​၏​သဘောတရား​ကို ခရစ်ဝင်​ကျမ်း​များ​တွင် တွေ့ရှိ​ရသည်။ ထိုစကား​ကို (ယေရှု​မိန့်ဆိုခဲ့​စဉ် ကြားနာ​ခဲ့​သည့် တပည့်​တစ်ဦးထံ​မှ​လည်းကောင်း၊ ရှင်ပြန်ထမြောက်​သည့်​ယေရှု​ထံ​မှ​လည်းကောင်း) ပေါလု​ကြား​ခဲ့​ပေမည်၊ သို့​မဟုတ် ဘုရားသခင်​ဖွင့်ပြခဲ့​၍ သိရှိ​ခဲ့​ပေမည်။—တမန်​တော် ၂၂:၆-၁၅; ၁ ကောရိန္သု ၁၅:၆၊ ၈

^ အပိုဒ်၊ 8 ဂျူး​များသည် ဝတ်ပြုရာ​အိမ်တော်​အခွန်​အဖြစ် (နှစ်​ရက်​စာ​လုပ်အားခ​လောက်​ရှိ) ဒိဒြမ္မ​ကို နှစ်စဉ် ပေးဆက်​ရသည်။ ထို​အခွန်ငွေ​ကို​အသုံးပြု​ကာ ဝတ်ပြုရာ​အိမ်တော်ကို ပြုပြင်​ထိန်းသိမ်း​၍ ထို​တွင်​ဆောင်ရွက်​ရသည့် လုပ်ငန်းဆောင်တာ​နှင့် ထို​လူမျိုး​တို့အတွက် နေ့စဉ်​ပူဇော်ရာ​ယဇ်များ ပူဇော်​ကြသည်။

သင်​မှတ်မိ​သလော

• ယေရှုသည် ရှင်းလင်း​ပြတ်သား​စွာ သွန်သင်​ပေး​ခဲ့​ကြောင်း အဘယ်​ဥပမာ​များ​က ဖော်ပြ​သနည်း။

• ယေရှုသည် သွန်သင်ရာ​တွင် မေးခွန်းများကို အဘယ်ကြောင့် အသုံးပြု​ခဲ့​သနည်း။

• တမင်​ရည်ရွယ်​ချဲ့ကား​ပြောဆိုခြင်း​ဟူသည် အဘယ်နည်း၊ ဤ​သွန်သင်နည်း​ကို ယေရှု​မည်သို့​အသုံးပြု​ခဲ့​သနည်း။

• ယေဟောဝါ​နှင့်​ဆိုင်သော နှစ်လိုဖွယ်​အမှန်တရားကို တပည့်​များ​အား သွန်သင်ပေး​ရာ​တွင် ထိရောက်​သော​ဆင်ခြင်တုံ​တရားကို ယေရှု​မည်သို့​အသုံးပြု​ခဲ့​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ယေရှုသည် သာမန်​လူ​တို့​နားလည်​နိုင်​သည့် ရိုး​စင်း​သော​စကား​များ​ကို ပြောဆို​ခဲ့​သည်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဖာရိရှဲ​များသည် ‘ခြင်​မပါ​စေခြင်း​ငှာ စစ်​ကြသော်လည်း ကုလားအုတ်​ကို မျို​ခဲ့​ကြ​၏’