အိမ်နီးချင်းကောင်းများသည် အကျိုးပြု
အိမ်နီးချင်းကောင်းများသည် အကျိုးပြု
“နီးသောအိမ်နီးချင်းသည် ဝေးသောညီအစ်ကိုထက် သာ၍ကောင်း၏။”—သု. ၂၇:၁၀။
စီ.အီး. ပထမရာစုမှ ကျမ်းတတ်တစ်ဦးက “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူ [“အိမ်နီးချင်း၊” ကဘ] ဖြစ်ပါသနည်း” ဟုယေရှုကိုမေးလျှောက်ခဲ့သည်။ ယေရှုက အဘယ်သူသည် သူ၏အိမ်နီးချင်းဖြစ်သည်ဟုမဆိုဘဲ အဘယ်အရာက အိမ်နီးချင်းအစစ်ပီသစေကြောင်း ပြန်လည်မိန့်ကြားခဲ့သည်။ သင်သည် ယေရှု၏ပုံဥပမာနှင့် အကျွမ်းတဝင်ရှိကောင်းရှိပေမည်။ ယင်းကို အိမ်နီးချင်းကောင်းပီသသော ရှမာရိလူပုံဥပမာဟု လူသိများပြီး လုကာခရစ်ဝင်ကျမ်း၌ မှတ်တမ်းတင်ထားသည်။ ယေရှုသည် ဇာတ်လမ်းကို ဤသို့ခင်းပြခဲ့သည်–
“လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ဓားပြနှင့်တွေ့ကြုံလေ၏။ ဓားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ နာကျင်စွာရိုက်နှက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍သွားကြ၏။ ထိုလမ်းသို့ ယဇ်ပုရောဟိတ်တစ်ယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍သွားလေ၏။ ထိုနည်းတူ လေဝိလူတစ်ယောက်သည် ထိုအရပ်သို့ရောက်သောအခါ၊ လာ၍ကြည့်မြင်လျှင် လွှဲရှောင်၍သွားလေ၏။ ရှမာရိလူတစ်ယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက်၍ မြင်သောအခါ ကရုဏာစိတ်ရှိသည်နှင့်၊ ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်မှာတင်၍ ဇရပ်တစ်ခုသို့ဆောင်သွားပြုစုလေ၏။ နက်ဖြန်နေ့၌ထွက်သွားသောအခါ၊ ဒေနာရိနှစ်ပြားကိုထုတ်၍ ဇရပ်ရှင်အားပေးလျက်၊ ‘ဤသူကိုကြည့်ရှုပြုစုပါ။ ကုန်သမျှကိုငါပြန်လာလုကာ ၁၀:၂၉-၃၆။
သောအခါ ဆပ်ပေးမည်’ ဟုဆို၏။ သင်သည်အဘယ်သို့ထင်သနည်း။ ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ဓားပြလက်သို့ရောက်သောသူနှင့် စပ်ဆိုင်သောသူဖြစ် [“အိမ်နီးချင်းပီသ၊” ကဘ] သနည်း။”—လိုရင်းအချက်ကို ကျမ်းတတ်သဘောပေါက်ခဲ့ကြောင်း ထင်ရှားသည်။ တုံ့ဆိုင်းမနေဘဲ သူက “လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏” ဟုလူနာ၏အိမ်နီးချင်းကို မှန်ကန်စွာထောက်ပြခဲ့သည်။ ထိုအခါ ယေရှုက “သင်သည်သွား၍ ထိုနည်းတူပြုလော့” ဟုသူ့ကိုမိန့်ဆိုခဲ့သည်။ (လုကာ ၁၀:၃၇) အိမ်နီးချင်းပီသသူတစ်ဦးဖြစ်ခြင်းဟူသည် အဘယ်အရာကိုဆိုလိုကြောင်းဖော်ပြသည့် အားပါသော ပုံဥပမာပါတကား! ယေရှု၏ပုံဥပမာသည် ကျွန်ုပ်တို့ကိုယ်ကို ဤသို့သောမေးခွန်းထုတ်ဖို့ပင် လှုံ့ဆော်ပေးနိုင်သည်– ‘ငါဟာ ဘယ်လိုအိမ်နီးချင်းမျိုးလဲ။ ဘယ်သူတွေက ငါ့အိမ်နီးချင်းတွေဖြစ်တယ်ဆိုတာကို သတ်မှတ်တဲ့နေရာမှာ ငါ့လူမျိုး၊ ငါ့နိုင်ငံရဲ့နောက်ခံက ဩဇာလွှမ်းသလား။ အဲဒီအကြောင်းရင်းတွေက အခက်အခဲရောက်နေတဲ့ လူတစ်ယောက်ကို အကူအညီပေးရမယ့် ငါ့ရဲ့တာဝန်ကို ကန့်သတ်ထိန်းချုပ်သလား။ အိမ်နီးချင်းကောင်းတစ်ယောက်ပီသဖို့ ငါ့ဘက်ကနေ အထူးကြိုးစားအားထုတ်ပါသလား။’
အဘယ်နေရာမှစ
ဤကိစ္စ၌ တိုးတက်ဖို့လိုသည်ဟု ယူမှတ်လျှင် ကျွန်ုပ်တို့၏စိတ်နေသဘောထားမှ အစပြုရမည်။ အိမ်နီးချင်းကောင်းတစ်ဦးဖြစ်ရေးကို ကျွန်ုပ်တို့အလေးထားသင့်သည်။ ယင်းက အိမ်နီးချင်းကောင်းများရရှိလာရန် အထောက်အကူပေးနိုင်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်နီးပါးက ယေရှုသည် လူမှုဆက်ဆံရေးဆိုင်ရာ အရေးပါသောမူကို ကိုယ်တော်၏ကျော်ကြားသော တောင်ပေါ်တရားတော်၌ အလေးပေးဖော်ပြခဲ့သည်။ ကိုယ်တော်ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။” (မဿဲ ၇:၁၂) အခြားသူများကို လေးစား၊ ဂုဏ်တင်၍ ကြင်နာစွာဆက်ဆံခြင်းက သူတို့ဘက်မှ အလားတူနည်းဖြင့် သင့်အား ပြန်ဆက်ဆံစေပါသည်။
၁၈၆၅ ခုနှစ်မှအစပြုသည့်လူမျိုး ဟူသောမဂ္ဂဇင်း၌ “သင့်ရပ်ကွက်ကို ချစ်ခြင်း” ဆောင်းပါးတွင် သတင်းစာဆရာနှင့် စာရေးဆရာဖြစ်သူ လစ်ဇ် ဖန်တာဘာ့ဂ်က အိမ်နီးချင်းပီသစေဖို့ ပြုလုပ်နိုင်သော ရိုးရှင်းလွယ်ကူသောကိစ္စအချို့ကို ဖော်ပြထားသည်။ သူဤသို့ရေးသားခဲ့သည်– “သတင်းစာကောက်ပေးခြင်း၊ ကလေးဝိုင်းကြည့်ပေးခြင်း၊ စတိုးဆိုင်မှ တစ်ခုခုဝယ်ခြမ်းပေးခြင်းစသည့် ကျေးဇူးပြုမှုလေးများဖြင့် အိမ်နီးချင်းများ တစ်ဦးကိုတစ်ဦး အဆက်အသွယ်ပြုစေချင်ပါသည်။ လူ့အဖွဲ့အစည်းများသည် ကြောက်ရွံ့မှုနှင့် ရာဇဝတ်မှုတို့ကြောင့် အားအင်ဆုတ်ယုတ်လာသော၊ ပို၍ပို၍စိမ်းကားလာသည့်လောကတွင် ဤသို့သောနီးစပ်မှုမျိုးကို ကျွန်မရှိစေချင်ပါသည်။” ထို့နောက် သူဤသို့ထပ်ဆင့်သည်– “တစ်နေရာရာမှ သင်အစပြုရပေမည်။ သင့်အိမ်နှင့်ဘေးချင်းကပ်အိမ်မှ ဖြစ်မည်။”
ကနေဒီယံဂျီအိုဂရပ်ဖစ်မဂ္ဂဇင်းကလည်း အိမ်နီးချင်းအချင်းချင်း အကျိုးပြုသောသဘောထားရှိစေရာ၌ အထောက်အကူပြုနိုင်သော အချက်ကိုဖော်ပြခဲ့သည်။ စာရေးဆရာမ မာနီ ဂျက်ဆင်က ဤသို့ဖော်ပြခဲ့သည်– “မိသားစုမှာကဲ့သို့ပင် သင့်ဘဝတွင် မည်သို့သောအိမ်နီးချင်းမျိုးရလိုသည်ကို အမြဲရွေး၍မရပေ။ ဤဆက်ဆံရေးတွင် လိမ္မာပါးနပ်မှု၊ ရည်မွန်သောအပြုအမူနှင့် အနွံအတာခံမှုတို့ ရှိရန်လိုအပ်သည်။”
အိမ်နီးချင်းကောင်းများ—အပေးအကမ်းရက်ရောသူများ
မှန်ပါသည်၊ အိမ်နီးချင်းများထံချဉ်းကပ်ခြင်းသည် ကျွန်ုပ်တို့အများစုအတွက် လွယ်ကူမည်မဟုတ်ပါ။ အဆက်အသွယ်မလုပ်ဘဲ တစ်သီးပုဂ္ဂလနေခြင်းက ပို၍လွယ်ကူဟန်ရှိပေမည်။ သို့ရာတွင် “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏” ဟုသမ္မာကျမ်းစာကဆို၏။ (တမန်တော် ၂၀:၃၅၊ ကဘ) ထို့ကြောင့် အိမ်နီးချင်းကောင်းတစ်ဦးဟူသည် မိမိဝန်းကျင်ရှိလူတို့နှင့်သိကျွမ်းဖို့ ကြိုးပမ်းအားထုတ်တတ်သူဖြစ်သည်။ ဖက်လှဲတကင်း မိတ်ဆွေများဖြစ်လို၍မဟုတ်သော်လည်း မကြာခဏဆိုသလို စကားစမြည်ပြောဖို့ကြိုးစားခြင်း၊ ခင်မင်ရင်းနှီးသောအပြုံး သို့မဟုတ် ကိုယ်ဟန်အမူအရာဖြင့် အစပြုခြင်းဖြစ်ကောင်းဖြစ်မည်။
အထက်တွင်ဖော်ပြထားသည့်အတိုင်း အိမ်နီးချင်းများအချင်းချင်းပြုသည့် “ကျေးဇူးပြုမှုလေးများ” သည် အိမ်နီးချင်းဆက်ဆံရေးကို ထူထောင်ပြီး ထိန်းသိမ်းရာ၌ အမှန်ပင်အရေးပါသည်။ ထို့ကြောင့် အိမ်နီးချင်းတစ်ဦးကို ကြင်နာသောအပြုအမူ တင်ပြနိုင်စရာလေးများကို ရှာဖွေသင့်သည်၊ အကြောင်းမှာ ယင်းက ပူးပေါင်းဆောင်ရွက်လိုစိတ်နှင့် အပြန်အလှန်လေးစားမှုတို့ကို တိုးမြှင့်ပေး၍ဖြစ်သည်။ ၎င်းပြင် ထိုသို့ပြုခြင်းဖြင့် သမ္မာကျမ်းစာ၏ ဤတိုက်တွန်းချက်ကို ကျွန်ုပ်တို့လိုက်နာကြမည်– “ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေနှင့်။”—သု. ၃:၂၇; ယာကုပ် ၂:၁၄-၁၇။
အိမ်နီးချင်းကောင်းများ —ကျေးဇူးသိတတ်သောခံယူသူများ
အကူအညီနှင့် လက်ဆောင်ပစ္စည်းများကို လူတိုင်းကျေးဇူးတင်စိတ်ဖြင့် ခံယူကြသည်ဟုဆိုနိုင်လျှင် အကောင်းဆုံးဖြစ်မည်။ ထိုသို့အစဉ်မဟုတ်သည်မှာ ဝမ်းနည်းစရာပင်။ အကူအညီပေးမှုများ
နှင့် စေတနာဖြင့်ပေးသော လက်ဆောင်ပစ္စည်းများကို ကျေးဇူးမသိတတ်စွာ ခံယူကြရာ စိတ်ရင်းမှန်ဖြင့်ပေးကမ်းသူက ‘နောက်ဆို ဘယ်တော့မှမပေးတော့ဘူး!’ ဟုစဉ်းစားပေမည်။ တစ်ခါတစ်ရံ ရင်းနှီးသောနှုတ်ဆက်စကားနှင့် လက်ဝှေ့ယမ်းပြသော သင်၏ကြိုးပမ်းမှုများကို တစ်ဖက်အိမ်နီးချင်းက စိတ်မပါစွာ ခေါင်းဆတ်ပြရုံပြုပေမည်။သို့တိုင် ဖြစ်ရပ်များစွာ၌ ခံယူသူသည် အပေါ်ယံအားဖြင့် ကျေးဇူးမသိတတ်ဟုထင်ရသော်လည်း အမှန်မှာ ထိုသို့မဟုတ်ချေ။ သူ၏ယဉ်ကျေးမှုနောက်ခံကြောင့် တွန့်ဆုတ်နေတတ် သို့မဟုတ် အနေရခက်စေပြီး စိမ်းကားသည့်အပြုအမူဟုထင်မှတ်ရသော အရေးမစိုက်ပုံဖြင့် ပြုမူတတ်လေသည်။ တစ်ဖက်တွင်မူ ကျေးဇူးမသိတတ်သော ဤလောကကြီး၌ လူအချို့သည် သင်၏ခင်မင်မှုကို အထူးအဆန်းအဖြစ် ယူမှတ်ကြပေမည်၊ သို့မဟုတ် သင်၌ မည်သည့်ရည်ရွယ်ချက်များရှိနေသနည်းဟု သင်္ကာမကင်းပင်ဖြစ်နိုင်သည်။ သူတို့၏သံသယ အတော်အတန်ကင်းသွားဖို့လိုပေမည်။ ထို့ကြောင့် ခင်မင်ရင်းနှီးသောဆက်ဆံရေးကို ထူထောင်ရန် အချိန်နှင့် စိတ်ရှည်မှုလိုအပ်ပေမည်။ သို့ရာတွင် အပေးအကမ်းရက်ရောပြီး ကျေးဇူးသိတတ်စွာခံယူတတ်သော အိမ်နီးချင်းများသည် ငြိမ်သက်ပျော်ရွှင်သော အိမ်နီးချင်းကောင်းစိတ်ဓာတ်ကို ဖြစ်ထွန်းစေကြပါလိမ့်မည်။
ဘေးအန္တရာယ်ရောက်ချိန်ဝယ်
အိမ်နီးချင်းကောင်းတစ်ဦးသည် ဘေးအန္တရာယ်ရောက်ချိန်တွင် အထူးအကျိုးပြုသည်။ ဘေးအန္တရာယ်ရောက်စဉ် အိမ်နီးချင်းကောင်းစိတ်ဓာတ်ကို တွေ့မြင်ရတတ်သည်။ ထိုသို့သောအချိန်တွင် အိမ်နီးချင်းများ၏ ကိုယ်ကျိုးမဖက်သောအပြုအမူများဆိုင်ရာ မှတ်တမ်းများစွာရှိသည်။ အများ၌ဖြစ်တတ်သော ဝမ်းနည်းဖွယ်အဖြစ်ဆိုးသည် အိမ်နီးချင်းများကို အလိုလိုပူးပေါင်းဆောင်ရွက်စေပြီး အချင်းချင်းအတွက် မိမိတို့ကိုယ်ကိုပေးဆက်စေပုံရသည်။ အမြင်ချင်းမတူသူများကိုပင် အတူလုပ်ဆောင်စေပါလိမ့်မည်။
သာဓကအနေနှင့်၊ ၁၉၉၉ ခုနှစ်၊ တူရကီနိုင်ငံတွင် ပြင်းထန်သောငလျင်တစ်ခုလှုပ်သောအခါ အစဉ်အဆက်က ရန်သူများဖြစ်ခဲ့သူတို့သည် အိမ်နီးချင်းကောင်းပီသစွာ စည်းလုံးညီညွတ်မှုကိုတင်ပြခဲ့ကြကြောင်း သည်နယူးယောက်တိုင်းမ်စ်က ဖော်ပြခဲ့သည်။ ဂရိပင်တိုင်ဆောင်းပါးရှင် အယ်နာ စတာရီးယိုက အေသင်သတင်းစာတစ်စောင်၌ ဤသို့ရေးသားခဲ့သည်– “တူရကီလူမျိုးကိုမုန်းဖို့ ကျွန်မတို့သွန်သင်ခံလာခဲ့ရတယ်။ ဒါပေမဲ့ မယုံနိုင်လောက်အောင်ဖြစ်တဲ့ သူတို့ရဲ့နာကျင်မှုက ကျွန်မတို့ကို ဝမ်းမသာစေပါဘူး။ ကလေးငယ်လေးများသေတာကိုမြင်တဲ့အခါ နှစ်ချီပြီးရှိခဲ့တဲ့အမုန်းတရားတွေ ပျောက်လွင့်သွားတဲ့အလား ကျွန်မတို့စိတ်ထိခိုက်ပြီး ငိုကြွေးခဲ့ကြတယ်။” အစိုးရကယ်ဆယ်ရေးလုပ်ငန်းများကို တရားဝင်ရပ်စဲလိုက်သောအခါ ဂရိကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်ကျန်ရစ်သူများကို လက်မလျှော့ဘဲ ဆက်လက်ရှာဖွေခဲ့ကြသည်။
ဘေးအန္တရာယ်များကျရောက်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်း၌ပါဝင်ခြင်းသည် အမှန်ပင်မြင့်မြတ်၍ ရဲစွမ်းသတ္တိရှိသော အိမ်နီးချင်းကောင်းပီသသည့် လုပ်ရပ်တစ်ခုပင်။ သို့သော် အိမ်နီးချင်း၏အသက်ကိုကယ်ဖို့ ဘေးမကျရောက်မီ သတိပေးခြင်းသည် သာ၍ပင် အိမ်နီးချင်းကောင်းပီသသောလုပ်ရပ်ဟု ယူမှတ်နိုင်သည်။ ဝမ်းနည်းစရာမှာ၊ လာမည့်ဘေးများအတွက် သတိပေးသူများအား အိမ်နီးချင်းများသည် ဝမ်းသာအားရကြိုဆိုလက်ခံလေ့မရှိကြောင်း သမိုင်းကဖော်ပြသည်၊ အကြောင်းမှာ သတိပေးချိန်၌ ကျရောက်အံ့ဆဲဘေးကို သိမြင်ဖို့မလွယ်သောကြောင့်ဖြစ်သည်။ သတိပေးသူများမှာ မယုံသင်္ကာဖြစ်ခံရလေ့ရှိသည်။ စိုးရိမ်ဖွယ်အခြေအနေကို မသိသူများအား ကူညီပေးဖို့ကြိုးစားနေသူ မည်သူမဆိုသည် အတော်အတန်ဇွဲရှိပြီး ကိုယ်ကျိုးစွန့်ဖို့လိုပါသည်။
အိမ်နီးချင်းကောင်းပီသသည့် အကြီးမြတ်ဆုံးလုပ်ရပ်
ယနေ့၊ သဘာဝဘေးဒဏ်ထက် သာ၍အရေးပါသောဖြစ်ပျက်မှုတစ်ခု လူသားထုအပေါ် ကျရောက်လာတော့မည်။ ယင်းဖြစ်ရပ်မှာ ရာဇဝတ်မှု၊ ဆိုးသွမ်းမှုနှင့် ဆက်နွှယ်သောပြဿနာများကို မြေကြီးပေါ်မှဖယ်ရှားပစ်တော့မည့် အဆုံးမဲ့တန်ခိုးရှင်ဘုရားသခင်၏ တင်ကူးဟောကြားထားသော အရေးယူလုပ်ဆောင်မှုဖြစ်သည်။ (ဗျာ. ၁၆:၁၆; ၂၁:၃၊ ၄) ဤအရေးပါသောဖြစ်ရပ်သည် မရေမရာ မဟုတ်ဘဲ ဧကန်အမှန်ဖြစ်သည်! ယေဟောဝါသက်သေများသည် ကမ္ဘာကိုကိုင်လှုပ်မည့် ကျရောက်အံ့ဆဲ ဤအဖြစ်ဆိုးမှ လူများများကပ်ကျော်ဖို့ လိုအပ်သောအသိပညာကို စိတ်အားထက်သန်စွာ ဝေမျှပေးလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်း လူသိများသောဟောပြောခြင်းလုပ်ငန်း၌ သူတို့ဇွဲရှိရှိပါဝင်ကြခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၄) ဘုရားသခင်နှင့် အိမ်နီးချင်းကိုချစ်သောကြောင့် ယင်းကို သူတို့တလိုတလားလုပ်ဆောင်ကြသည်။
ထို့ကြောင့် သက်သေခံများ သင့်အိမ်သို့လာသောအခါ သို့မဟုတ် တစ်နေရာရာ၌ သင့်ထံချဉ်းကပ်သောအခါ စိတ်စွန်းကွက်မှု သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်မှုကြောင့် နားမထောင်ဘဲမနေပါနှင့်။ သူတို့သည် အိမ်နီးချင်းကောင်းများဖြစ်ဖို့ ကြိုးစားနေသူများဖြစ်သည်။ ထို့ကြောင့် သင်နှင့်အတူ ကျမ်းစာလေ့လာဖို့ကမ်းလှမ်းသည်ကို လက်ခံလိုက်ပါလေ။ အိမ်နီးချင်းများ ပျော်ရွှင်စွာ အတူနေရမည့်အနာဂတ်နီးပြီဖြစ်ကြောင်း ဘုရားသခင့်နှုတ်မြွက်စကားတော်က မည်သို့စိတ်ချစေသည်ကို သင်ယူလေ့လာပါ။ ထိုအခါ ကျွန်ုပ်တို့အများစု အမှန်လိုလားသော၊ ဖော်ရွေပျူငှာသည့်ဆက်ဆံရေးကို ပျက်စီးစေမည့် လူမျိုးရေး၊ ဘာသာရေး သို့မဟုတ် အတန်းအစားခွဲခြားမှုတို့ ရှိတော့မည်မဟုတ်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကြင်နာသောလုပ်ရပ်များကို သင့်ရပ်ကွက်တွင် လုပ်ဆောင်သင့်
[Credit Line]
Globe: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.