အိမ်နီးချင်းများ ဘယ်ရောက်ကုန် ပြီနည်း
အိမ်နီးချင်းများ ဘယ်ရောက်ကုန် ပြီနည်း
“မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းသည် အိမ်နီးချင်းကို အသိအမှတ်မပြုချေ။”—ဘင်ဂျမင် ဒစ္စရေးလီ၊ ၁၉ ရာစုမှအင်္ဂလိပ်နိုင်ငံရေးခေါင်းဆောင်။
အသက်အရွယ်ကြီးရင့်သည့် ကျူးဘားကျွန်းသူကျွန်းသားများသည် အိမ်နီးချင်းကွန်ရက် သို့မဟုတ် ဘိုးဘွားအုပ်စုများဟု သူတို့ခေါ်သည့် ဆန်းသစ်သောနည်းဖြင့် ကောင်းကျိုးချမ်းသာ တိုးပွားစေကြသည်။ ၁၉၉၇ ခုနှစ်မှတ်တမ်းတစ်ခုအရ အသက်ကြီးသူ ၅ ဦးလျှင် ၁ ဦးမျှသည် အဆိုပါအုပ်စု၌ပါဝင်ပြီး ထိုတွင် အပေါင်းအသင်း၊ အားပေးထောက်မမှုနှင့် ကျန်းမာရေးညီညွတ်သောဘဝပုံစံကို ဆက်လက်ထိန်းသိမ်းထားရန် လက်တွေ့ကျအထောက်အကူများ ရရှိကြသည်။ “ရပ်ကွက်တွင်ရှိ မိသားစုဆရာဝန်များ ကာကွယ်ဆေးထိုးရာ၌ အကူအညီလိုသည့်အခါတိုင်း ၎င်းဘိုးဘွားအုပ်စုများသည် တတ်နိုင်သမျှရိုင်းပင်းကူညီရန် အသင့်ရှိကြသည်” ဟု ကမ္ဘာ့ကျန်းမာရေးမဂ္ဂဇင်းကဖော်ပြသည်။
သို့သော်၊ ဝမ်းနည်းစရာမှာ ကမ္ဘာ့ဒေသများစွာတွင် ရပ်ကွက်အများ၌ ယင်းသို့ဂရုစိုက်တတ်သော လူစုများမရှိတော့၍ဖြစ်သည်။ ဥပမာ၊ အနောက်ဥရောပရှိ တိုက်ခန်းတွဲအဆောက်အအုံတစ်ခုတွင် နေထိုင်သော ဝပ်လ်ဖ်ဂန်း ဒတ်ခ်၏ ကြေကွဲဖွယ်အဖြစ်ကို သုံးသပ်ကြည့်ပါ။ ထိုတိုက်ခန်းတွဲတွင် ဝပ်လ်ဖ်ဂန်းနှင့်အတူနေသော အိမ်ထောင်စု ၁၇ စုသည် သူ့ကိုမတွေ့သည်မှာ ကြာပြီဖြစ်ကြောင်း သတိပြုမိကြသော်လည်း “သူ၏တံခါးခေါင်းလောင်းကို သွားတီးရန် မည်သူမျှမစဉ်းစားမိကြချေ” ဟု ကန်ဘဲရာ တိုင်းမ် သတင်းစာက လွန်ခဲ့သောနှစ်အနည်းငယ်က အစီရင်ခံခဲ့၏။ နောက်ဆုံး ၎င်းအဆောက်အအုံပိုင်ရှင် ရောက်လာသောအခါ “ရုပ်မြင်သံကြားစက်အရှေ့ ထိုင်လျက်သားအရိုးစုကို သူတွေ့ရှိခဲ့သည်။” ထိုအရိုးစု၏ပေါင်ခွင်ပေါ်တွင် ၁၉၉၃၊ ဒီဇင်ဘာ ၅ ရက်နေ့ရက်စွဲဖြင့် ရုပ်သံအစီအစဉ်စာရင်း ဖြန့်ထားသည်။ ဝပ်လ်ဖ်ဂန်းသေဆုံးသည်မှာ ငါးနှစ်ရှိပေပြီ။ အိမ်နီးနားချင်း စိတ်ဝင်စားမှုနှင့် ဂရုစိုက်မှုမရှိတော့ခြင်း၏ ဝမ်းနည်းဖွယ်သာဓကပါတကား! မိမိနေထိုင်သောရပ်ကွက်သည် အခြားရပ်ကွက်များကဲ့သို့ပင် “သူစိမ်းရပ်ကွက်” ဖြစ်လာခဲ့ပြီဟု စာတမ်းပြုစုသူတစ်ဦးက သည်နယူးယောက်တိုင်းမ်စ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်းသည် အံ့အားသင့်စရာ မဟုတ်ပေ။ သင့်ရပ်ကွက်လည်း အလားတူဖြစ်နေသလော။
အချို့သောကျေးလက်တောရွာရှိ ရပ်ကွက်များတွင် အိမ်နီးချင်းရိုင်းပင်းခင်မင်မှုရှိဆဲဖြစ်ပြီး အချို့မြို့ပြရပ်ကွက်များသည် အိမ်နီးချင်းကို ပိုမိုစိတ်ဝင်စားမှုပြသကြရန် ကြိုးစားနေသည်မှာ မှန်ပါသည်။ သို့ရာတွင် မြို့ကြီးသားများစွာတို့သည် မိမိတို့ရပ်ကွက်၌ အထီးကျန်နေ၍ လုံခြုံမှုမရှိဟု ခံစားကြရသည်။ သူတို့သည် သိကျွမ်းမှုမဲ့ခြင်းတည်းဟူသော အတားအဆီးနောက်ဝယ် စိတ်ပျက်အားလျော့စွာ နေထိုင်ကြသည်။ မည်သို့အားဖြင့်နည်း။
သိကျွမ်းမှုမဲ့ခြင်းတည်းဟူသော အတားအဆီးနောက်ဝယ်
ကျွန်ုပ်တို့အများစု၌ အိမ်နီးပါးချင်းများရှိကြသည်မှာ မှန်ပါသည်။ ရုပ်မြင်သံကြားစက်၏ တဖျပ်ဖျပ်အလင်းရောင်၊ ပြတင်းပေါက်မှ တွေ့မြင်ရသည့် လှုပ်ရှားသွားလာသောအရိပ်များ၊ ဖွင့်လိုက် ပိတ်လိုက် မီးအလင်းရောင်များ၊ အဝင်အထွက်ကားသံများ၊ စင်္ကြံလမ်းမှခြေသံများ၊ တံခါးသော့ဖွင့်သံ၊ ပိတ်သံအားလုံးတို့သည် အိမ်နီးချင်းများ “လှုပ်လှုပ်ရွရွ” ရှိသည့် လက္ခဏာများဖြစ်သည်။ သို့သော် အိမ်နီးချင်းများသည် သိကျွမ်းမှုမဲ့ခြင်းတည်းဟူသော အတားအဆီးနောက် ပုန်းအောင်းနေကြသောအခါ သို့မဟုတ် အလွန်အလုပ်ရှုပ်၍ ဗျာများလှသောဘဝပုံစံတွင် တစ်ယောက်နှင့်တစ်ယောက် အမှုမဲ့အမှတ်မဲ့ဖြစ်နေကြသောအခါ အချင်းချင်း ရိုင်းပင်းခင်မင်စိတ် ပျောက်လွင့်သွားကြလေသည်။ အိမ်နီးချင်းများနှင့် ပတ်သက်စရာမလို၊ သို့မဟုတ် တစ်နည်းနည်းဖြင့် ကျေးဇူးမကင်းဖြစ်စရာအကြောင်း ရှိဖို့မလိုဟု ယူမှတ်ကြပေမည်။ ဩစတြေးလျသတင်းစာ ဟာရယ်လ်ဒ် ဆန်း ကဤသို့ဝန်ခံသည်– “လူတို့သည် မိမိတို့နှင့်ကပ်လျက်ရှိဝန်းကျင်မှ သူများကို မသိကြသည်ကားများ၏၊ ဤနည်းဖြင့် လူမှုရေးတာဝန်များ ပိုနည်းသွားလေသည်။ ယခုအခါ လူမှုရေးခေါင်းပါးသူများကို မသိကျိုးကျွန်ပြုရန် သို့မဟုတ် ဝိုင်းပယ်ရန် လွယ်ကူသည်။”
ဤအဖြစ်အပျက်သည် အံ့အားသင့်စရာမဟုတ်ပါ။ “ကိုယ်ကိုကိုယ်ချစ်သောသူ” များရှိသည့် ဤလောကတွင် ရပ်ကွက်များစွာသည် တစ်ကိုယ်ကောင်းဆန်သောဘဝပုံစံ၏ အကျိုးဆက်ကို ရိတ်သိမ်းလျက်ရှိကြသည်။ (၂ တိမောသေ ၃:၂) အကျိုးဆက်မှာ အထီးကျန်ခြင်းနှင့် စိမ်းကားခြင်းတို့ အနှံ့အပြားရှိခြင်းဖြစ်သည်။ အထူးသဖြင့် အကြမ်းဖက်မှုနှင့် ရာဇဝတ်မှု များသောရပ်ကွက်တွင် စိမ်းကားခြင်းသည် မယုံသင်္ကာဖြစ်စေတတ်သည်။ မယုံသင်္ကာဖြစ်ခြင်းက တစ်ဖန် လူသားချင်း စာနာရိုင်းပင်းမှုမရှိဘဲဖြစ်စေသည်။
သင့်ရပ်ကွက်အခြေအနေ မည်သို့ပင်ရှိပါစေ အိမ်နီးချင်းကောင်းများသည့် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသူများဖြစ်ကြောင်း သင်အမှန်သဘောတူပေမည်။ ပန်းတိုင်တစ်ခုတည်းထား၍ ကြိုးစားလုပ်ဆောင်ကြသောအခါ ပြီးမြောက်အောင်မြင်မှုပိုများသည်။ အိမ်နီးချင်းကောင်းများသည် ကောင်းချီးတစ်ရပ်လည်းဖြစ်နိုင်သည်။ ယင်းကို နောက်ဆောင်းပါးက ဖော်ပြပါမည်။