“ဥပမာကင်း၍ ဟောပြောတော်မမူ”
“ဥပမာကင်း၍ ဟောပြောတော်မမူ”
“ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ။”—မဿဲ ၁၃:၃၄။
၁၊ ၂။ (က) ထိရောက်သောပုံဥပမာများကို အဘယ်ကြောင့် လွယ်လွယ်နှင့်မမေ့နိုင်သနည်း။ (ခ) ယေရှုသည် အဘယ်ပုံဥပမာမျိုးကို အသုံးပြုခဲ့သနည်း၊ ပုံဥပမာများ ကိုယ်တော် အသုံးပြုခြင်းနှင့်ပတ်သက်၍ အဘယ်မေးခွန်းများ ပေါ်လာသနည်း။ (အောက်ခြေမှတ်ချက်ကိုလည်းရှု။)
လွန်ခဲ့သောနှစ်ပေါင်းများစွာက လူထုဟောပြောချက်တစ်ခုမှ ဖြစ်ကောင်းဖြစ်မည့် သင်ကြားဖူးခဲ့သည့် ပုံဥပမာတစ်ခုကို မှတ်မိသလော။ ထိရောက်သောပုံဥပမာများကို ချက်ချင်း မမေ့နိုင်ပါ။ ပုံဥပမာများသည် “ကြားသောစကားကို ပရိသတ်၏စိတ်ထဲတွင် ပုံပေါ်စေ” သည်ဟု စာရေးဆရာတစ်ဦးက ဖော်ပြခဲ့သည်။ ပုံဖော်ကြည့်ခြင်းသည် သဘောပေါက်လွယ်စေသည့် အကောင်းဆုံးနည်းဖြစ်သောကြောင့် ပုံဥပမာများသည် အယူအဆများကို ပို၍နားလည်လွယ်ကူစေနိုင်သည်။ ပုံဥပမာများသည် စကားလုံးများကို ကွင်းကွင်းကွက်ကွက်သဘောပေါက်စေနိုင်၏၊ ကျွန်ုပ်တို့စိတ်ထဲ စွဲမှတ်သွားစေသည့်သင်ခန်းစာများကို သွန်သင်ပေး၏။
၂ ပုံဥပမာများအသုံးပြုရာတွင် ယေရှုခရစ်လောက် ကျွမ်းကျင်သည့်ဆရာဟူ၍ ကမ္ဘာပေါ်တွင် မရှိချေ။ ယေရှု၏ပုံဆောင်ချက်များစွာတို့ကို နှစ်ပေါင်းနှစ်ထောင်နီးပါးက မိန့်မြွက်ခဲ့သော်လည်း အလွယ်တကူ အမှတ်ရနိုင်ကြသည်။ * ယေရှုသည် ဤသွန်သင်နည်းကို အဘယ်ကြောင့် ဤမျှအသုံးပြုခဲ့ရသနည်း။ ကိုယ်တော်၏ပုံဥပမာများကို အဘယ်အရာက အလွန်ထိရောက်စေခဲ့သနည်း။
ပုံဥပမာများဖြင့် ယေရှုသွန်သင်ခဲ့ရသည့်အကြောင်း
၃။ (က) မဿဲ ၁၃:၃၄၊ ၃၅ အရ ပုံဥပမာများကို ယေရှုအသုံးပြုရသည့် အကြောင်းရင်းတစ်ခုကား အဘယ်နည်း။ (ခ) ယေဟောဝါသည် ဤသွန်သင်နည်းကို တန်ဖိုးထားကြောင်း အဘယ်အရာက ဖော်ပြသနည်း။
၃ ပုံဥပမာများကို ယေရှုအသုံးပြုရသည့် မှတ်သားဖွယ်အကြောင်းရင်းနှစ်ခုကို သမ္မာကျမ်းစာက ဖော်ပြသည်။ ပထမ၊ ၎င်းတို့ကို ကိုယ်တော်အသုံးပြုခြင်းက ပရောဖက်ပြုချက်ကို ပြည့်စုံစေ၏။ တမန်တော်မဿဲက ဤသို့ရေးသားခဲ့သည်– “ယေရှုသည် ဤဥပမာမဿဲ ၁၃:၃၄၊ ၃၅) မဿဲကိုးကားခဲ့သော “ပရောဖက်” သည် ဆာလံ ၇၈:၂ ကိုစပ်ဆိုသူဖြစ်သည်။ ထိုဆာလံဆရာသည် ယေရှုမမွေးဖွားမီ ရာစုနှစ်များစွာတင်ကြို၍ ဘုရားသခင့်ဝိညာဉ်တော်မှုတ်သွင်းမှုဖြင့် ရေးသားခဲ့သည်။ ယေဟောဝါ၏သားတော်သည် ပုံဥပမာများဖြင့် သွန်သင်မည်ဟု နှစ်ပေါင်းရာနှင့်ချီ ကိုယ်တော်တင်ကြိုဟောထားခြင်းသည် မထူးခြားလှပေလော။ ယေဟောဝါသည် ဤသွန်သင်နည်းကို တန်ဖိုးထားကြောင်း သေချာပါသည်!
များတို့ကိုဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ။ ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား ‘ငါသည် နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆိုပေအံ့။’” (၄။ ပုံဥပမာများ ယေရှုအသုံးပြုရသည့်အကြောင်းရင်းကို ကိုယ်တော်မည်သို့ရှင်းပြခဲ့သနည်း။
၄ ဒုတိယအနေနှင့် လက်သင့်ခံတုံ့ပြန်မှုမရှိသူတို့ကို စစ်ထုတ်ဖို့ ပုံဥပမာများကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ယေရှုကိုယ်တိုင် ရှင်းပြသည်။ “များစွာသောလူအပေါင်းတို့” အား ပျိုးကြဲသူပုံဆောင်ချက်ကို ကိုယ်တော်ပြောဆိုပြီးနောက် ကိုယ်တော့်တပည့်များက ဤသို့မေးမြန်းခဲ့ကြသည်– “ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာကိုဆောင်၍ ဤလူတို့အား ဟောပြောတော်မူသနည်း။” ယေရှုက ဤသို့ဖြေဆိုခဲ့သည်– “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ။ ထို့ကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်းနားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။ ဟေရှာယဟောဖူးသော အနာဂတ်စကားဟူမူကား၊ ‘သင်တို့သည်ကြားလျက်ပင် အနက်ကိုနားမလည်ဘဲ ကြားကြလိမ့်မည်။ အကြောင်းမူကား၊ ဤလူမျိုး . . . စိတ်နှလုံးသည် မိုက်လျက် . . . ရှိကြ၏’ ဟူသောစကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ရောက်သတည်း။”—မဿဲ ၁၃:၂၊ ၁၀၊ ၁၁၊ ၁၃-၁၅; ဟေရှာယ ၆:၉၊ ၁၀။
၅။ ယေရှု၏ပုံဥပမာများသည် ပရိသတ်ရှိ စိတ်နှိမ့်ချသူများကို မာနထောင်လွှားသူတို့မှ မည်သို့စစ်ထုတ်သနည်း။
၅ ယေရှု၏ပုံဥပမာများကြောင့် လူတို့ကို တသီးတခြားဖြစ်သွားစေသည့်အရာကား အဘယ်နည်း။ တစ်ခါတစ်ရံ ကိုယ်တော့်ပရိသတ်များသည် ကိုယ်တော့်စကားကို အပြည့်အဝနားလည်ဖို့ နှိုက်နှိုက်ချွတ်ချွတ်ဆန်းစစ်ခဲ့ကြရ၏။ နှိမ့်ချသူတို့သည် ပိုမိုသိရှိရန် မေးမြန်းစူးစမ်းလိုကြသည်။ (မဿဲ ၁၃:၃၆; မာကု ၄:၃၄) ယေရှု၏ပုံဥပမာများသည် အမှန်တရားကို ငတ်မွတ်သူတို့အား အမှန်တရားကိုဖော်ပြပေး၏; တစ်ချိန်တည်းတွင် မာနထောင်လွှားသူတို့ထံမှ အမှန်တရားကို ထိမ်ဝှက်ထားသည်။ ယေရှုသည် အမှန်ပင်ပြောင်မြောက်သည့် ဆရာတစ်ပါးပါတကား! ကိုယ်တော့်ပုံဥပမာများကို အလွန်ထိရောက်စေသည့် အချက်အလက်တချို့ ယခုသုံးသပ်ကြည့်ကြစို့။
အသေးစိတ်အချက်အလက်များကို စိစစ်ရွေးချယ်အသုံးပြုခြင်း
၆-၈။ (က) ပထမရာစုမှ ယေရှု၏ပရိသတ်များသည် အဘယ်အကျိုးကျေးဇူးကို မခံစားခဲ့ကြရသနည်း။ (ခ) ယေရှုသည် အသေးစိတ်အချက်အလက်များကိုအသုံးပြုရာ၌ စိစစ်ရွေးချယ်ခဲ့ကြောင်း အဘယ်ဥပမာများက ဖော်ပြသနည်း။
၆ ယေရှု၏သွန်သင်ချက်ကို ကိုယ်တိုင်ကြားသိခဲ့ရသည့် ပထမရာစုမှ တပည့်များ မည်သို့ခံစားခဲ့ကြရမည်ကို စဉ်းစားကြည့်ဖူးသလော။ ယေရှု၏စကားသံကို သူတို့ကြားရသည့် အခွင့်ထူးရှိသည်မှန်သော်လည်း ကိုယ်တော်ပြောဆိုသမျှကို ပြန်သတိရရန် မှတ်တမ်းတင်ရေးသားထားသည် စာစောင်တစ်ခုကို လေ့လာဆန်းစစ်ခွင့် မရှိခဲ့ကြချေ။ ယင်းအစား ယေရှု၏စကားများကို သူတို့၏စိတ်နှလုံးထဲတွင် သိမ်းဆည်းခဲ့ကြရ၏။ ပုံဥပမာများကို ယေရှုကျွမ်းကျွမ်းကျင်ကျင် အသုံးပြုခြင်းဖြင့် ကိုယ်တော်၏သွန်သင်ချက်များကို သူတို့အား အလွယ်တကူမှတ်မိစေခဲ့၏။ အဘယ်နည်းဖြင့်နည်း။
၇ ယေရှုသည် အသေးစိတ်အချက်အလက်များကို စိစစ်ရွေးချယ်အသုံးပြုခဲ့သည်။ ပုံပြင်တစ်ပုဒ်နှင့်သက်ဆိုင်သော သို့မဟုတ် လေးနက်စေမည့် အသေးစိတ်အချက်အလက်များကို ကိုယ်တော်ဂရုတစိုက်အသုံးပြု ဖော်ပြတော်မူ၏။ ထို့ကြောင့် လမ်းပျောက်သွားသောသိုးကို ပိုင်ရှင်ရှာနေချိန်တွင် သိုးဘယ်နှစ်ကောင်ကျန်ခဲ့ကြောင်း၊ စပျစ်ဥယျာဉ်တွင် လုပ်သားများ နာရီမည်မျှအလုပ်လုပ်ကြကြောင်းနှင့် ငွေအခွက် မည်မျှအပ်နှင်းခံရကြောင်းတို့ကို အတိအကျဖော်ပြခဲ့သည်။—မဿဲ ၁၈:၁၂-၁၄; ၂၀:၁-၁၆; ၂၅:၁၄-၃၀။
၈ တစ်ချိန်တည်းတွင် ယေရှုသည် ပုံဥပမာများ၏အဓိပ္ပာယ်ကို နားလည်မှုလွဲသွားစေနိုင်သည့် အရေးမပါသော အသေးစိတ်အချက်အလက်များကို ချန်လှပ်ခဲ့သည်။ ဥပမာ၊ ကြင်နာမှုမရှိသောကျွန် ပုံဆောင်ချက်တွင် ထိုကျွန်သည် ဒေနာရိ ၆၀,၀၀၀,၀၀၀ မည်သို့အကြွေးတင်ခဲ့ကြောင်း မဖော်ပြပါ။ ယေရှုသည် ခွင့်လွှတ်ဖို့လိုကြောင်း အလေးပေးခဲ့ခြင်းဖြစ်သည်။ အရေးကြီးသည်မှာ ကျွန်ဖြစ်သူ မည်သို့မည်ပုံကြွေးတင်ခဲ့သည်မဟုတ်ဘဲ သူ၏ကြွေး မည်သို့မည်ပုံလွှတ်ခံရသည်၊ ထို့နောက် မိမိအပေါ် အကြွေးအနည်းငယ်တင်သည့် ကျွန်ချင်းတစ်ဦးကို ထိုသူ မည်သို့မည်ပုံဆက်ဆံခဲ့သည်ဖြစ်၏။ (မဿဲ ၁၈:၂၃-၃၅) အလားတူစွာ သားမိုက်ပုံဥပမာတွင် သားငယ်ဖြစ်သူသည် မိမိ၏အမွေကို အဘယ်ကြောင့် ရုတ်တရက်တောင်းဆိုခဲ့ကြောင်းနှင့် ယင်းကိုအဘယ်ကြောင့် ဖြုန်းတီးခဲ့ကြောင်း ယေရှုမရှင်းပြခဲ့ချေ။ သို့သော် သားဖြစ်သူ နှလုံးပြောင်းလဲသွားပြီး အိမ်ပြန်လာသောအခါ ဖခင်ဖြစ်သူ၏ခံစားချက်နှင့် သူ၏တုံ့ပြန်မှုကိုမူ ယေရှုအသေးစိတ်ဖော်ပြခဲ့သည်။ ဖခင်ဖြစ်သူ၏ တုံ့ပြန်မှုနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များသည် ယေရှုတင်ပြလိုသော ယေဟောဝါသည် “အထူးသဖြင့်” ခွင့်လွှတ်တတ်သည် ဟူသည့်အချက်အတွက် မရှိမဖြစ်ချေ။—ဟေရှာယ ၅၅:၇; လုကာ ၁၅:၁၁-၃၂။
၉၊ ၁၀။ (က) ယေရှု၏ပုံဥပမာများပါ ဇာတ်ကောင်များကို ဖော်ပြရာတွင် အဘယ်အရာကို ကိုယ်တော်အာရုံစိုက်ခဲ့သနည်း။ (ခ) ယေရှုသည် မိမိ၏ပုံဥပမာများကို ပရိသတ်များနှင့် တခြားသူများအလွယ်တကူမှတ်မိစေရန် မည်သို့ပြုခဲ့သနည်း။
၉ ယေရှုသည် မိမိ၏ပုံဆောင်ချက်များတွင်ပါရှိသည့် ဇာတ်ကောင်များကို ဖော်ပြရာ၌လည်း အထူးသတိထားခဲ့သည်။ ဇာတ်ကောင်များ၏သွင်ပြင်ကို အသေးစိတ်ဖော်ပြမည့်အစား သူတို့အဘယ်အရာပြုမူခဲ့သည်၊ သို့မဟုတ် ကိုယ်တော်ပြောပြသောဖြစ်ရပ်များကို သူတို့ မည်သို့တုံ့ပြန်ခဲ့သည်ကို အာရုံစိုက် ဖော်ပြလေ့ရှိသည်။ ထို့ကြောင့် အိမ်နီးချင်းပီသသူ ရှမာရိအမျိုးသား၏ သွင်ပြင်ကို ဖော်ပြမည့်အစား ပို၍အရေးပါသည့်အကြောင်းဖြစ်သော လမ်းပေါ်တွင် ဒဏ်ရာရပြီးလဲနေသူ ဂျူးတစ်ဦးကို သနားကြင်နာမှု မည်သို့ပြသခဲ့ကြောင်းကိုဖော်ပြသည်။ အိမ်နီးချင်းမေတ္တာကို မိမိတို့၏လူမျိုးအပေါ်သာမက အခြားသူများကိုလည်း တင်ပြသင့်ကြောင်း သွန်သင်ပေးရန် လိုအပ်သည့်အသေးစိတ်အချက်အလက်များကို ယေရှုဖော်ပြခဲ့သည်။—လုကာ ၁၀:၂၉၊ ၃၃-၃၇။
၁၀ ယေရှုသည် အသေးစိတ်အချက်အလက်များကို ဂရုတစိုက်အသုံးပြုခြင်းက ကိုယ်တော့်ပုံဥပမာများအား ကျစ်လျစ်ပြီး အသေးစိတ်အချက်အလက် မများလွန်းစေပါ။ သို့ဖြင့် ကိုယ်တော်သည် ပထမရာစုမှမိမိ၏ ပရိသတ်များသာမက နောက်ပိုင်းတွင် မှုတ်သွင်းခံခရစ်ဝင်ကျမ်းများကိုဖတ်ရှုမည့် မရေမတွက်နိုင်သောတခြားသူတို့ကိုပါ ကိုယ်တော်၏ပုံဥပမာများနှင့် ၎င်းတို့သွန်သင်သော အဖိုးတန်သင်ခန်းစာများကို မှတ်မိရလွယ်ကူစေခဲ့သည်။
နေ့စဉ်အသက်တာမှ ထုတ်နုတ်ခဲ့
၁၁။ ယေရှု၏ပုံဆောင်ချက်များစွာသည် ဂါလိလဲနယ်တွင် ကိုယ်တော်ကြီးပြင်းလာစဉ် တွေ့ရှိခဲ့ရာများဖြစ်ကြောင်း ဥပမာများကို ဖော်ပြပါ။
၁၁ ယေရှုသည် လူတို့၏ဘဝနှင့်သက်ဆိုင်သည့် ပုံဥပမာများကိုအသုံးပြုရာတွင် အလွန်ကျွမ်းကျင်တော်မူခဲ့သည်။ ကိုယ်တော်၏ပုံဆောင်ချက်များစွာသည် ဂါလိလဲနယ်၌ ကိုယ်တော်ကြီးပြင်းလာစဉ် တွေ့ရှိခဲ့ရာများဖြစ်ပေမည်။ ကိုယ်တော့်ငယ်စဉ်ဘဝအကြောင်းကို ခေတ္တစဉ်းစားကြည့်ပါ။ သူ၏မိခင်သည် ယခင် မုန့်ဖုတ်ချိန်မှသိမ်းထားသော တဆေးကိုယူပြီး မုန့်ညက်၌ထည့်ကာ မုန့်ဖုတ်သည်ကို ကိုယ်တော်အကြိမ်ကြိမ် တွေ့မြင်ခဲ့ပေမည်။ (မဿဲ ၁၃:၃၃) ကြည်လင်သောဂါလိလဲပင်လယ်ပြာထဲသို့ တံငါသည်များ ပိုက်ကွန်ချသည်ကို ကိုယ်တော်အကြိမ်ကြိမ်တွေ့ခဲ့မည်။ (မဿဲ ၁၃:၄၇) ဈေး၌ ကလေးများ ကစားနေသည်ကိုလည်း ကိုယ်တော်မကြာခဏတွေ့ခဲ့ပေမည်။ (မဿဲ ၁၁:၁၆) ယေရှု၏ပုံဥပမာများတွင်ပါသော မျိုးစေ့ကြဲခြင်း၊ ရွှင်လန်းဖွယ်မင်္ဂလာပွဲများနှင့် နေရောင်အောက် ရင့်မှည့်နေသည့် လယ်မှသီးနှံများဖြစ်သည့် သာမန်ဖြစ်ရပ်များကိုလည်း ကိုယ်တော်သတိပြုခဲ့ပေမည်။—မဿဲ ၁၃:၃-၈; ၂၅:၁-၁၂; မာကု ၄:၂၆-၂၉။
၁၂၊ ၁၃။ ဂျုံနှင့်တောမျိုးစေ့ဆိုင်ရာ ယေရှု၏ပုံဆောင်ချက်သည် ဒေသအခြေအနေများနှင့် ကိုယ်တော်အကျွမ်းတဝင်ရှိကြောင်း မည်သို့ဖော်ပြသနည်း။
၁၂ ထို့ကြောင့် ယေရှု၏ပုံဥပမာများစွာတွင် နေ့စဉ်အသက်တာမှ အခြေအနေများ ဟိုဟိုသည်သည်တွေ့ရခြင်းသည် အံ့ဩစရာ
မဟုတ်ချေ။ ထို့ကြောင့် ဤသွန်သင်နည်းကို ကျွမ်းကျွမ်းကျင်ကျင် ကိုယ်တော်အသုံးပြုခဲ့ခြင်းအကြောင်း အပြည့်အဝနားလည်သဘောပေါက်ရန် ဂျူးပရိသတ်များအတွက် ကိုယ်တော့်စကားများသည် အဘယ်အရာဆိုလိုကြောင်းကို သုံးသပ်ခြင်းက အထောက်အကူပြုမည်။ ဥပမာနှစ်ခုကို သုံးသပ်ကြည့်ကြစို့။၁၃ ပထမ၊ ဂျုံနှင့် တောမျိုးစေ့ပုံဆောင်ချက်တွင် လူတစ်ဦးသည် မိမိ၏လယ်၌ ကောင်းသောဂျုံကိုကြဲသော်လည်း “ရန်သူ” သည်ကျူးကျော်ဝင်လာ၍ တောမျိုးစေ့ကိုထပ်ကြဲခဲ့ကြောင်း ယေရှုပြောဆိုခဲ့သည်။ ယေရှုသည် ထိုရန်လိုသည့်ဖြစ်ရပ်ကို အဘယ်ကြောင့် ရွေးချယ်အသုံးပြုခဲ့ရသနည်း။ ထိုပုံဥပမာကို ဂါလိလဲပင်လယ်အနီးတစ်ဝိုက်တွင် ကိုယ်တော်မိန့်ဆိုခဲ့၍ ဂါလိလဲသားများ၏ အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးဖြစ်ကြောင်း စိတ်စွဲမှတ်ထားပါ။ လယ်သမားတစ်ဦး၏လယ်ထဲ ရန်သူတစ်ဦး တိတ်တဆိတ်ဝင်လာပြီး တောမျိုးစေ့ကြဲလိုက်ခြင်းလောက် ထိခိုက်နစ်နာသည့် အဘယ်အရာရှိနိုင်ဦးမည်နည်း။ ထိုအချိန်တွင် တည်ရှိခဲ့သောတရားဥပဒေများက ထိုသို့သောရန်လိုမှုများဖြစ်ပျက်ခဲ့ကြောင်း ဖော်ပြသည်။ ယေရှုသည် မိမိ၏ပရိသတ်များ နားလည်နိုင်မည့် အခြေအနေတစ်ခုကို အသုံးပြုခဲ့ကြောင်း မထင်ရှားပေလော။—မဿဲ ၁၃:၁၊ ၂၊ ၂၄-၃၀။
၁၄။ အိမ်နီးချင်းပီသသူ ရှမာရိအမျိုးသားပုံဆောင်ချက်တွင် ဆိုလိုရင်းကိုပေါ်လွင်စေရန် “ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့” သွားရာလမ်းကို ယေရှုအသုံးပြုခြင်းသည် အဘယ်ကြောင့် အထူးအဓိပ္ပာယ်ရှိသနည်း။
၁၄ ဒုတိယ၊ အိမ်နီးချင်းပီသသည့် ရှမာရိအမျိုးသား ပုံဆောင်ချက်ကို ပြန်တွေးကြည့်ပါ။ ယေရှုက ယင်းကို ဤသို့အစပြုခဲ့သည်– “လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့ (“ဆင်း၊” ကဘ) သွားရာတွင် ဓားပြနှင့်တွေ့ကြုံလေ၏။ ဓားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ နာကျင်စွာရိုက်နှက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍သွားကြ၏။” (လုကာ ၁၀:၃၀) ယေရှုသည် ဆိုလိုရင်းကိုပေါ်လွင်စေရန် “ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့” သွားရာလမ်းကို အသုံးပြုခဲ့ခြင်းမှာ အထူးအဓိပ္ပာယ်ရှိ၏။ ဤပုံဆောင်ချက်ကို ဖော်ပြချိန်တွင် ကိုယ်တော်သည် ယေရုရှလင်မြို့နှင့် မဝေးလှသည့် ယုဒနယ်တွင် ရှိနေသည်; သို့ဖြစ်၍ ကိုယ်တော့်ပရိသတ်များသည် ပုံဥပမာပါလမ်းကြောင်းကို သိထားကြပေမည်။ ထိုလမ်းသည် အထူးသဖြင့် တစ်ဦးတည်း ခရီးသွားသူအတွက် အန္တရာယ်ထူပြောသည်။ လူသူအရောက်အပေါက်နည်းပြီး အကွေ့အကောက်များသည်၊ သို့ဖြင့် ဓားပြများ ချောင်းမြောင်းစောင့်ဆိုင်းနိုင်သည့်နေရာ များစွာရှိစေသည်။
၁၅။ အိမ်နီးချင်းပီသသည် ရှမာရိအမျိုးသားပုံဥပမာပါ ယဇ်ပုရောဟိတ်နှင့် လေဝိသား၏ ဥပေက္ခာပြုမှုကို မည်သူကမျှ အဘယ်ကြောင့်ဆင်ခြေမပေးနိုင်သနည်း။
၁၅ “ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့ဆင်း” သွားရာလမ်းကို ယေရှုရည်ညွှန်းရခြင်းနှင့်ပတ်သက်၍ သတိပြုစရာတစ်ခုရှိသေးသည်။ ထိုပုံဆောင်ချက်အရ ဦးဆုံး ယဇ်ပုရောဟိတ်တစ်ဦး၊ ထို့နောက် လေဝိသားတစ်ဦးသည် ထိုလမ်းပေါ် သွားခဲ့သော်လည်း ဓားပြတိုက်ခံရသူကို ရပ်၍မကူညီခဲ့ချေ။ (လုကာ ၁၀:၃၁၊ ၃၂၊ ကဘ) ယဇ်ပုရောဟိတ်များသည် ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်တွင် အမှုထမ်းကြပြီး လေဝိသားများက သူတို့ကို ကူညီပေးခဲ့ကြရသည်။ ယဇ်ပုရောဟိတ်နှင့် လေဝိသားများစွာတို့သည် ဝတ်ပြုရာအိမ်တော်တွင် အမှုမထမ်းချိန်တွင် ၁၄ မိုင်သာဝေးသည့် ယေရိခေါမြို့တွင် နေထိုင်ကြသည်။ သို့ဖြစ်၍ သူတို့သည် ထိုလမ်းပေါ် အမှန်သွားလာလေ့ရှိကြသည်။ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် “ယေရုရှလင်မြို့မှ” လာကြသဖြင့် ဝတ်ပြုရာအိမ်တော်မှ ထွက်လာခဲ့ ကြသည်ကိုလည်း သတိပြုပါ။ * ထို့ကြောင့် ဤသူတို့၏ဥပေက္ခာပြုမှုကို မည်သူကမျှ ‘သေနေပုံပေါက်တဲ့ ဒဏ်ရာရသူကို သူတို့ရှောင်မှာပေါ့၊ လူသေအလောင်းကို သူတို့ထိလိုက်ရင် ဝတ်ပြုရာအိမ်တော်မှာ အမှုထမ်းဆောင်ဖို့ အခိုက်အတန့်မစင်ကြယ်ဖြစ်သွားမှာ’ ဟူ၍ ဆင်ခြေပေးနိုင်မည် မဟုတ်ချေ။ (ဝတ်ပြုရာ ၂၁:၁; တောလည်ရာ ၁၉:၁၁၊ ၁၆) ယေရှု၏ပုံဥပမာသည် ပရိသတ်များ အကျွမ်းတဝင်ရှိထားရာကို ဖော်ပြကြောင်း ရှင်းမနေပေလော။
ဖန်ဆင်းရာများမှထုတ်နုတ်ခဲ့
၁၆။ ယေရှုသည် ဖန်ဆင်းရာနှင့် အလွန်အကျွမ်းတဝင်ဖြစ်ခြင်းသည် အဘယ်ကြောင့် အံ့ဩစရာမဟုတ်သနည်း။
၁၆ ယေရှု၏ပုံဥပမာများနှင့် ပုံဆောင်ချက်များစွာက အပင်များ၊ တိရစ္ဆာန်များ၊ အရာဝတ္ထုများနှင့် ကိုယ်တော်အကျွမ်းတဝင်ရှိကြောင်း ဖော်ပြသည်။ (မဿဲ ၆:၂၆၊ ၂၈-၃၀; ၁၆:၂၊ ၃) ထိုအသိပညာကို ကိုယ်တော်မည်သို့ရရှိထားသနည်း။ ဂါလိလဲနယ်တွင် ကြီးပြင်းလာစဉ် ယေဟောဝါ၏ဖန်ဆင်းရာများကို သတိပြုရန် အခွင့်အလမ်းများစွာရှိခဲ့မည်မှာ သေချာသည်။ ထို့ထက်မက ယေရှုသည် “သတ္တဝါအပေါင်းတို့တွင်လည်း သားဦး” ဖြစ်ပြီး အရာခပ်သိမ်းကိုဖန်ဆင်းရာတွင် “လုပ်သားချုပ်” အဖြစ် ကိုယ်တော်အား ယေဟောဝါအသုံးပြုတော်မူခဲ့သည်။ (ကောလောသဲ ၁:၁၅၊ ၁၆; သု. ၈:၃၀၊ ၃၁၊ ကဘ) ထို့ကြောင့် ဖန်ဆင်းရာများနှင့် ယေရှုအလွန်အကျွမ်းတဝင်ဖြစ်ရခြင်းကို အံ့ဩစရာရှိသလော။ ဤအသိပညာကို သွန်သင်ခြင်း၌ ကိုယ်တော်မည်သို့ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။
၁၇၊ ၁၈။ (က) ယောဟန်အခန်းကြီး ၁၀ တွင်မှတ်တမ်းတင်ထားသည့် ယေရှု၏စကားများသည် သိုးများ၏စရိုက်ကို ကိုယ်တော်ကောင်းစွာသိရှိကြောင်း မည်သို့ဖော်ပြသနည်း။ (ခ) ကျမ်းစာနယ်မြေသို့ လည်ပတ်ရောက်ရှိခဲ့ကြသူများသည် သိုးထိန်းများနှင့် သိုးများစပ်ကြားရှိ နှောင်ကြိုးအကြောင်း အဘယ်အရာသတိပြုမိခဲ့ကြသနည်း။
၁၇ ယေရှု၏ အကြင်နာဆုံး ပုံဥပမာများအနက်တစ်ခုမှာ ယောဟန်အခန်းကြီး ၁၀ တွင်မှတ်တမ်းတင်ထားသည့် ပုံဥပမာဖြစ်သည်၊ ထိုတွင် မိမိနှင့် မိမိနောက်လိုက်များ၏ဆက်ဆံရေးကို သိုးထိန်းနှင့် သိုးများစပ်ကြားရှိ ဆက်ဆံရေးနှင့် ကိုယ်တော်နှိုင်းယှဉ်ထားသည်။ ယေရှုသည် အိမ်မွေးသိုးများ၏စရိုက်ကို ကောင်းစွာသိရှိကြောင်း ကိုယ်တော့်စကားများက ဖော်ပြသည်။ သိုးများသည် လိုလိုလားလားလမ်းညွှန်ခံကြကြောင်းနှင့် သိုးထိန်းနောက်သို့ တစ်သဝေမတိမ်းလိုက်တတ်ကြောင်း ကိုယ်တော်ဖော်ပြခဲ့သည်။ (ယောဟန် ၁၀:၂-၄) သိုးထိန်းများနှင့် သိုးများစပ်ကြား ထူးခြားသည့်နှောင်ကြိုးရှိကြောင်းကို ကျမ်းစာနယ်မြေများသို့ လည်ပတ်ရောက်ရှိသူများ သတိပြုမိခဲ့ကြပြီ။ ၁၉ ရာစုမှ သဘာဝလောက ပညာရှင် အိပ်ခ်ျ. ဘီ. ထရစ္စထရမ်က ဤသို့ဖော်ပြသည်– “သိုးထိန်းတစ်ယောက် သူ့ရဲ့သိုးအုပ်နဲ့ ကစားနေတာကို တစ်ခါက ကျွန်တော် စိတ်ဝင်တစားကြည့်ခဲ့တယ်။ သူက ဟန်ဆောင်ထွက်ပြေးခဲ့တယ်; သိုးတွေက သူ့နောက်လိုက်လာပြီး ဝိုင်းထားလေရော။ . . . နောက်ဆုံး သိုးအားလုံးက သူ့ပတ်ပတ်လည်မှာဝိုင်းရံပြီး မြူးထူးခုန်ပေါက် ကစားနေကြတော့တယ်။”
၁၈ သိုးများသည် ၎င်းတို့၏သိုးထိန်းနောက် အဘယ်ကြောင့်လိုက်ကြသနည်း။ ‘သူ၏စကားသံကိုသိကျွမ်းကြသောကြောင့်’ ဟုယေရှုဖော်ပြသည်။ (ယောဟန် ၁၀:၄) သိုးများသည် ၎င်းတို့၏သိုးထိန်း အသံကို အမှန်တကယ်သိသလော။ ကိုယ်တိုင်လေ့လာတွေ့ရှိချက်အရ ဂျော့ဂျ် အေ. စမစ်သ်က သန့်ရှင်းရာမြေမှ သမိုင်းဝင်ပထဝီဟူသည့် သူ၏စာအုပ်တွင် ဤသို့ရေးသားခဲ့သည်– “တစ်ခါတစ်ရံ ယုဒနယ်ရှိရေတွင်းများမှ ရေတွင်းတစ်ခုခုအနီးတွင် ကျွန်ုပ်တို့ နေ့လယ်အနားယူလေ့ရှိကြသည်၊ ရေတွင်းသို့ သိုးထိန်းသုံးလေးဦးသည် ၎င်းတို့၏သိုးများနှင့်အတူ ရောက်လာလေ့ရှိကြ၏။ ထိုအခါ သိုးအုပ်များ ရောထွေးသွားကြရာ သိုးထိန်းတစ်ဦးစီသည် မိမိတို့သိုးများကို မည်သို့ခွဲခြားသိရှိနိုင်မည်နည်းဟု တွေးပူမိခဲ့ကြ၏။ သို့သော် သိုးများသည် ရေသောက်၍ ကစားပြီးကြသောအခါ သိုးထိန်းများက ချိုင့်ဝှမ်းတစ်ဖက်တစ်ချက်စီသို့ ထွက်ခွာသွားကြစဉ် မိမိတို့၏သိုးများကို သီးသန့်ခြားနားသောခေါ်သံများဖြင့် ခေါ်လိုက်ကြရာ သိုးများသည် အုပ်စုခွဲပြီး တစ်ကောင်ချင်းစီ မိမိတို့၏သိုးထိန်းရှိရာနောက် လိုက်သွားကြကာ မိမိတို့လာရာလမ်းအတိုင်း စနစ်တကျပြန်ထွက်သွားကြသည်။” ယေရှုသည် မိမိ၏ဆိုလိုရင်းကို အကောင်းဆုံးနည်းဖြင့် ဖော်ပြခဲ့သည်။ ကိုယ်တော့်သွန်သင်ချက်များကို ကျွန်ုပ်တို့အသိအမှတ်ပြုနာခံကြပြီး ကိုယ်တော်၏ဦးဆောင်မှုနောက် လိုက်ကြမည်ဆိုလျှင် “ကောင်းသောသိုးထိန်း” ၏ကြင်နာ၍ မေတ္တာပါသည့်စောင့်ကြပ်မှုအောက် ရှိနိုင်ကြမည်ဖြစ်သည်။—ယောဟန် ၁၀:၁၁။
ပရိသတ်များသိထားသည့် ဖြစ်ရပ်များမှ ထုတ်နုတ်ခဲ့
၁၉။ မှားယွင်းသောအယူအဆတစ်ခုကို ချေဖျက်ရန် ဒေသဆိုင်ရာဝမ်းနည်းဖွယ်အဖြစ်ဆိုးတစ်ခုကို ယေရှုမည်သို့ ထိရောက်စွာ အသုံးပြုခဲ့သနည်း။
၁၉ ထိရောက်သောပုံဥပမာများသည် သင်ခန်းစာရနိုင်သည့် အတွေ့အကြုံများ သို့မဟုတ် ဥပမာများပုံစံရှိနိုင်သည်။ ဝမ်းနည်းဖွယ်ဖြစ်ရပ်သည် ခံထိုက်သူများအပေါ် ကျရောက်တတ်၏ဟူသည့် မှားယွင်းသောအယူအဆကို ဖျောက်ဖျက်ပေးရန် မကြာမီက အဖြစ်အပျက်တစ်ခုကို တစ်ကြိမ်တွင် ယေရှုအသုံးပြုခဲ့သည်။ ကိုယ်တော်က ဤသို့မိန့်ဆိုခဲ့သည်– “ရှိလောင်ပြအိုးလဲ၍ ပိသောသူတစ်ကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သားအပေါင်းတို့ထက် သာ၍အပြစ်ရှိသည်ဟု ထင်ကြသလော။” (လုကာ ၁၃:၄) ယေရှုသည် တင်ကူးပြဋ္ဌာန်းခြင်းအယူဝါဒကို ပြောင်မြောက်စွာ ကျိုးကြောင်းဆင်ခြင် ငြင်းဆိုခဲ့သည်။ သေဆုံးခဲ့သူထို ၁၈ ဦးသည် ဘုရားသခင်၏စီရင်မှုခံထိုက်သည့် အပြစ်တစ်စုံတစ်ရာကြောင့် သေရခြင်းမဟုတ်ချေ။ ယင်းအစား သူတို့သည် အချိန်နှင့် ကြိုတင်မမြင်နိုင်မှုကြောင့် ဝမ်းနည်းဖွယ် သေဆုံးခဲ့ရကြခြင်းဖြစ်သည်။ (ဒေ. ၉:၁၁) ဤနည်းဖြင့် မိမိ၏ပရိသတ်များ သိကျွမ်းသည့် ဖြစ်ရပ်တစ်ခုကိုရည်ညွှန်းပြီး မှားယွင်းသောသွန်သင်ချက်တစ်ခုကို ကိုယ်တော်ချေပခဲ့သည်။
၂၀၊ ၂၁။ (က) ဖာရိရှဲများသည် ယေရှု၏တပည့်များကို အဘယ်ကြောင့် အပြစ်တင်ခဲ့ကြသနည်း။ (ခ) ဥပုသ်ပညတ်ကို တင်းတင်းကြပ်ကြပ်လိုက်နာစေရန် ယေဟောဝါမရည်ရွယ်ခဲ့ကြောင်း ဖော်ပြရန် အဘယ်ကျမ်းစာမှတ်တမ်းကို ယေရှုအသုံးပြုခဲ့သနည်း။ (ဂ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကို ဆွေးနွေးကြမည်နည်း။
၂၀ ယေရှုသည် သွန်သင်ပေးရာတွင် ကျမ်းစာဥပမာများကိုလည်း အသုံးပြုခဲ့သည်။ ကိုယ်တော့်တပည့်များသည် ဥပုသ်နေ့တွင် စပါးဆွတ်ခူး၍ စားခဲ့ကြခြင်းကြောင့် ဖာရိရှဲတို့၏ပြစ်တင်မှုကို ခံခဲ့ရချိန်ကို သတိရပါ။ စင်စစ်အားဖြင့် တပည့်များသည် ဘုရားသခင့်ပညတ်ကို ချိုးဖောက်ခဲ့ကြခြင်းမဟုတ်ဘဲ ဥပုသ်နေ့တွင် မပြုလုပ်အပ်ဟု ဖာရိရှဲများ အတင်းအကျပ်အနက်ဖွင့်ထားသော ပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့ကြခြင်းသာဖြစ်သည်။ ဘုရားသခင်သည် မိမိ၏ဥပုသ်ပညတ်ကို ထိုသို့တရားလွန် တင်းတင်းကြပ်ကြပ်လိုက်နာစေရန် တစ်ခါမျှမရည်ရွယ်ကြောင်း ဖော်ပြရန် ၁ ဓမ္မရာဇဝင် ၂၁:၃-၆ မှအဖြစ်အပျက်ကို ယေရှုရည်ညွှန်းခဲ့သည်။ ဒါဝိဒ်နှင့် သူ၏လူတို့သည် ဆာလောင်ကြသောအခါ တဲတော်ထဲဝင်၍ လဲပြီးသား ရှေ့တော်မုန့်ကို စားသုံးခဲ့ကြသည်။ ဤမုန့်ဟောင်းကို သာမန်အားဖြင့် ယဇ်ပုရောဟိတ်များသာ စားသုံးရလေ့ရှိ၏။ သို့တိုင် အခြေအနေအရ ထိုမုန့်ကို ဒါဝိဒ်နှင့် သူ၏လူတို့ စားသုံးခဲ့ကြသည့်အတွက် ပြစ်တင်ရှုတ်ချမခံခဲ့ကြရချေ။ မှတ်သားလောက်သည်မှာ ရှေ့တော်မုန့်ဟောင်းကို ယဇ်ပုရောဟိတ်မဟုတ်သူများ စားသုံးခြင်းနှင့်စပ်လျဉ်းသည့် ဤမှတ်တမ်းသည် သမ္မာကျမ်းစာတွင် တစ်ကြိမ်တည်းသာပါရှိသည်။ ယေရှုသည် အသုံးပြုရမည့် အံကိုက်မှတ်တမ်းကို သိရှိခဲ့ပြီး ၎င်းကို သူ၏ဂျူးပရိသတ်များ အမှန်ပင် အကျွမ်းတဝင်ရှိခဲ့ကြပေမည်။—မဿဲ ၁၂:၁-၈။
၂၁ ယေရှုသည် အမှန်တကယ်ပင် ကြီးမြတ်သောဆရာဖြစ်တော်မူသည်တကား! ကိုယ်တော်၏ပရိသတ်၏စိတ်နှလုံးကို ထိမိသည့်နည်းဖြင့် အရေးကြီးသောအမှန်တရားကို ဖော်ပြနိုင်သော ကိုယ်တော်၏တုနှိုင်း၍မရသောစွမ်းရည်ကို ကျွန်ုပ်တို့အမှန်ပင် အံ့သြချီးမွမ်းကြသည်။ သို့သော် ကျွန်ုပ်တို့ သွန်သင်ပေးရာတွင် ကိုယ်တော်ကို မည်သို့တုပနိုင်မည်နည်း။ ယင်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 2 ယေရှု၏ပုံဥပမာများသည် ဥပမာများ၊ နှိုင်းယှဉ်ချက်များ၊ ဥပစာများအစရှိသည်တို့ အပါအဝင် ပုံစံအမျိုးမျိုးဖြစ်နိုင်သည်။ ကိုယ်တော်သည် ပုံဆောင်ချက်ကို အသုံးပြုကြောင်း လူသိများ၏၊ ၎င်းကို “ကျင့်ဝတ် သို့မဟုတ် ဝိညာဉ်ရေးအမှန်တရားကို ပေါ်လွင်စေသည့် တိုတုတ်သော၊ အများအားဖြင့် စိတ်ကူးယဉ်ဖန်တီးမှုမျှဖြစ်သည်” ဟု အနက်ဖွင့်ဆိုထားသည်။
^ အပိုဒ်၊ 15 ယေရုရှလင်မြို့သည် ယေရိခေါမြို့ထက်ပိုမြင့်သောနေရာတွင် တည်ရှိသည်။ ထို့ကြောင့် ပုံဆောင်ချက်တွင် ဖော်ပြထားသည့်အတိုင်း “ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့” ခရီးသွားရာတွင် ခရီးသည်တစ်ဦးသည် “ဆင်း” သွားရမည်ဖြစ်သည်။
သင်မှတ်မိသလော
• ယေရှုသည် ပုံဥပမာများဖြင့် အဘယ်ကြောင့် သွန်သင်ခဲ့သနည်း။
• ယေရှုသည် မိမိ၏ပထမရာစုမှပရိသတ်များ နားလည်သည့် ပုံဥပမာများကို အသုံးပြုခဲ့ကြောင်း အဘယ်ဥပမာက ဖော်ပြသနည်း။
• ယေရှုသည် ကိုယ်တော်၏ပုံဥပမာများတွင် မိမိ၌ရှိသော ဖန်ဆင်းခြင်းဆိုင်ရာအသိပညာကို ကျွမ်းကျင်စွာ မည်သို့အသုံးပြုခဲ့သနည်း။
• ယေရှုသည် မိမိ၏ပရိသတ်များ သိကျွမ်းထားသည့် ဖြစ်ရပ်များကို အဘယ်နည်းများဖြင့် အသုံးပြုခဲ့သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အနည်းငယ်သာကြွေးတင်သူကို ခွင့်လွှတ်ရန်ငြင်းဆန်ခဲ့သည့်ကျွန်တစ်ဦးအကြောင်းနှင့် မိမိ၏အမွေအားလုံးကို ယူဆောင်သွားခဲ့သည့်သားမိုက်ကို ခွင့်လွှတ်ခဲ့သော ဖခင်တစ်ဦးအကြောင်း ယေရှုပြောဆိုခဲ့
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အိမ်နီးချင်းပီသသည့် ရှမာရိအမျိုးသားနှင့်ပတ်သက်သော ယေရှု၏ပုံဆောင်ချက်၏ ဆိုလိုရင်းကား အဘယ်နည်း
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
သိုးများသည် ၎င်းတို့၏သိုးထိန်းအသံကို အမှန်တကယ်သိကျွမ်းကြသလော