‘ခါတိုင်းထက်ပို၍ အာရုံစိုက်ကြလော့’
‘ခါတိုင်းထက်ပို၍ အာရုံစိုက်ကြလော့’
‘ငါတို့သည် ကြားရသောတရားတော်ကို မမေ့မလျော့မည်အကြောင်း စိတ်နှလုံး၌ သာ၍မှတ်မိစွဲလမ်းခြင်းရှိရ [“ခါတိုင်းထက်ပို၍အာရုံစိုက်၊” ကဘ] ကြမည်။’—ဟေဗြဲ ၂:၁။
၁။ စိတ်ပျံ့လွင့်ခြင်းသည် မည်သို့ဘေးပြုနိုင်ကြောင်း ရှင်းပြပါ။
အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် ယာဉ်တိုက်မှုကြောင့် နှစ်စဉ် လူပေါင်း ၃၇,၀၀၀ ခန့်အသက်ဆုံးရှုံးကြရသည်။ ယာဉ်မောင်းများသာ လမ်းကို ပို၍အာရုံစိုက်ခဲ့ကြမည်ဆိုလျှင် အများစုသည် ဤအသက်ဆုံးရှုံးခြင်းကို ရှောင်နိုင်ခဲ့မည်ဟု ပညာရှင်အချို့ကဆို၏။ ယာဉ်မောင်းအချို့သည် သင်္ကေတဆိုင်းဘုတ်များ၊ ကြော်ငြာဆိုင်းဘုတ်ကြီးများ သို့မဟုတ် ဆဲလ်ဖုန်းများအသုံးပြုခြင်းကြောင့် အာရုံပျံ့လွင့်ကြသည်။ ကားမောင်းနေစဉ် စားသောက်ကြသူများလည်းရှိသည်။ အဆိုပါအခြေအနေအားလုံးတို့တွင် အာရုံပျံ့လွင့်ခြင်းကြောင့် ဘေးတွေ့နိုင်သည်။
၂၊ ၃။ ပေါလုသည် ဟေဗြဲခရစ်ယာန်များအား အဘယ်ဆုံးမစကား ပေးခဲ့သနည်း၊ သူ၏ဆုံးမစကားသည် အဘယ်ကြောင့်သင့်လျော်သနည်း။
၂ မော်တော်ကားကို မတီထွင်မီ နှစ်ပေါင်း ၂,၀၀၀ နီးပါးက တမန်တော်ပေါလုသည် ဟေဗြဲခရစ်ယာန်များကို ဘေးသင့်နေသော စိတ်ပျံ့လွင့်မှုတစ်မျိုးအကြောင်း ဖော်ပြခဲ့သည်။ ရှင်ပြန်ထမြောက်ပြီးဖြစ်သော ယေရှုခရစ်သည် ဘုရားသခင့်လက်ယာဘက်တွင် ထိုင်နေတော်မူသောကြောင့် ကောင်းကင်တမန်အားလုံးတို့ထက် ရာထူးချီးမြှင့်ခံရ၏ဟု ပေါလုအလေးပေးဖော်ပြခဲ့သည်။ ထို့နောက် တမန်တော်က ဤသို့ဆက်ဆို၏– “ထိုကြောင့် ငါတို့သည် ကြားရသော[တရား]တော်ကို မမေ့မလျော့မည်အကြောင်း စိတ်နှလုံး၌ သာ၍မှတ်မိစွဲလမ်းခြင်းရှိရ [“ခါတိုင်းထက်ပို၍ အာရုံစိုက်၊” ကဘ] ကြမည်။”—ဟေဗြဲ ၂:၁။
၃ ဟေဗြဲခရစ်ယာန်များသည် ယေရှုနှင့်ပတ်သက်၍ ‘ကြားရသောတရားတော်ကို ခါတိုင်းထက်ပိုအာရုံစိုက်’ ရန်အဘယ်ကြောင့် လိုအပ်ခဲ့သနည်း။ အကြောင်းမှာ ကမ္ဘာ့ဇာတ်ခုံပေါ်မှ ယေရှုထွက်ခွာသွားခဲ့သည်မှာ အနှစ် ၃၀ နီးပါးခန့်ကြာခဲ့ပြီ။ မိမိတို့၏သခင်မရှိတော့ခြင်းကြောင့် ဟေဗြဲခရစ်ယာန်အချို့သည် စစ်မှန်သောယုံကြည်ခြင်းမှ တဖြည်းဖြည်း စတင်ရွေ့လျော့လာကြသည်။ ယခင်က သူတို့ ဝတ်ပြုကိုးကွယ်ခဲ့သော ယုဒဘာသာရေးနည်းလမ်းကြောင့် စိတ်ပျံ့လွင့်နေကြသည်။
သူတို့ ပို၍အာရုံစိုက်ရန်လိုအပ်
၄။ ဟေဗြဲခရစ်ယာန်အချို့သည် ယုဒဘာသာသို့ပြန်လှည့်ရန် အဘယ်ကြောင့် သွေးဆောင်ခံရနိုင်သနည်း။
၄ ခရစ်ယာန်တစ်ဦးသည် ယုဒဘာသာသို့ပြန်လှည့်ရန် အဘယ်ကြောင့် သွေးဆောင်ခံရနိုင်သနည်း။ ပညတ်တရားအောက်ရှိ ဝတ်ပြုရေးစနစ်သည် အကောင်အထည်ရှိသည်။ ယဇ်ပုရောဟိတ်များကို လူတို့တွေ့မြင်နိုင်ကြပြီး မီးရှို့ရာယဇ်အနံ့ကိုလည်းရနိုင်သည်။ သို့သော် ခရစ်ယာန်ဘာသာတရားမူ အချို့ကိစ္စရပ်များတွင် လုံးလုံးကွဲပြားခြားနားသည်။ ခရစ်ယာန်များ၏ ယဇ်ပုရောဟိတ်မင်းကြီး၊ ယေရှုခရစ်ကို မြေကြီးပေါ်တွင် မတွေ့ရသည်မှာ နှစ်ပေါင်းသုံးဆယ်ရှိပြီ။ (ဟေဗြဲ ၄:၁၄) သူတို့ဝတ်ပြုရာအိမ်တော်၏ အသန့်ရှင်းဆုံးအခန်းသည်လည်း ကောင်းကင်ကိုယ်နှိုက်ဖြစ်သည်။ (ဟေဗြဲ ) ခရစ်ယာန်များသည် ပညတ်တရားအတိုင်း ပကတိအရေဖျားလှီးခြင်းမခံဘဲ “ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံး” အရေဖျားလှီးခြင်းခံကြသည်။ ( ၉:၂၄ရောမ ၂:၂၉) ထို့ကြောင့် ဟေဗြဲခရစ်ယာန်များအတွက် ခရစ်ယာန်ဘာသာသည် အကောင်အထည်မရှိ စိတ်ကူးသက်သက်မျှဖြစ်ပုံရနေပေမည်။
၅။ ယေရှုတည်ထောင်ခဲ့သော ဝတ်ပြုရေးစနစ်သည် ပညတ်တရားအောက်ရှိ ဝတ်ပြုရေးစနစ်ထက် သာလွန်ထူးမြတ်ကြောင်း ပေါလုမည်သို့ ရှင်းပြခဲ့သနည်း။
၅ ထိုဟေဗြဲခရစ်ယာန်များသည် ခရစ်တော်တည်ထောင်ခဲ့သော ဝတ်ပြုရေးစနစ်၏ အရေးကြီးသည့်အချက်တစ်ချက်ကို နားလည်ရန် လိုအပ်ခဲ့သည်။ ယင်းသည် မြင်တွေ့ရသည့်အရာထက် ယုံကြည်ခြင်းအပေါ် အခြေပြုသော်လည်း ပရောဖက်မောရှေမှတစ်ဆင့်ပေးခဲ့သည့် ပညတ်တရားထက် သာလွန်ထူးမြတ်သည်။ ပေါလု ဤသို့ရေးခဲ့၏– “အညစ်အကြေးရှိသော သူတို့အပေါ်၌ဖျန်းသော နွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ပြာသည် သူတို့ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကိုပြုနိုင်သည်မှန်လျှင် ထိုမျှမက၊ အပြစ်ကင်းသောကိုယ်တော်ကို ထာဝရဝိညာဉ်တော်အားဖြင့် ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည် သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း သင်တို့၌ ကိုယ်ကိုကိုယ်သိသောစိတ်ကို စင်ကြယ်စေခြင်းငှာ သာ၍တတ်နိုင်တော်မူသည် မဟုတ်လော။” (ဟေဗြဲ ၉:၁၃၊ ၁၄) မှန်ပါသည်၊ ယေရှုခရစ်တော်၏ ရွေးနုတ်ဖိုးပူဇော်ရာယဇ်တွင် ယုံကြည်ခြင်းအားဖြင့်ရရှိသော အပြစ်လွှတ်ခြင်းသည် ပညတ်တရားအောက်ရှိ ယဇ်ပူဇော်ခြင်းတို့ထက် သာလွန်ထူးမြတ်သည်။—ဟေဗြဲ ၇:၂၆-၂၈။
၆၊ ၇။ (က) ဟေဗြဲခရစ်ယာန်များသည် “ကြားရသော[တရား]တော်ကို ခါတိုင်းထက်ပို၍အာရုံစိုက်” ရန် အဘယ်အခြေအနေက အရေးတကြီးဖြစ်စေသနည်း။ (ခ) ဟေဗြဲသြဝါဒစာကို ပေါလုရေးသားချိန်တွင် ယေရုရှလင်မြို့အတွက် အချိန်မည်မျှကျန်ရှိသနည်း။ (အောက်ခြေမှတ်ချက်ရှု။)
၆ ဟေဗြဲခရစ်ယာန်များသည် ယေရှုနှင့်ပတ်သက်၍ မိမိတို့ကြားခဲ့ရာများကို အထူးအာရုံစိုက်ဖို့လိုသည့် နောက်ထပ်အကြောင်းတစ်ခုရှိသေးသည်။ ယေရုရှလင်မြို့ ဖျက်ဆီးခံရမည့်အကြောင်း ကိုယ်တော်ကြိုဟောတော်မူခဲ့သည်။ ယေရှုက “သင့်ကို ကြည့်ရှုပြုစုတော်မူသောကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့် သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင်တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊ သင်၏ကိုယ်မှစ၍ သင်၏သားသမီးတို့ကို မြေနှင့်တညီတည်းညှိသဖြင့် သင်၌ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်” ဟုမိန့်တော်မူခဲ့၏။—လုကာ ၁၉:၄၃၊ ၄၄။
၇ အဘယ်အချိန်တွင် ထိုသို့ ဖြစ်ပျက်မည်နည်း။ နေ့ရက်အချိန်နာရီကို ယေရှုမဖော်ပြခဲ့ပါ။ ယင်းအစား ဤညွှန်ကြားချက်ကို ကိုယ်တော်ပေးခဲ့၏– “ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့။ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့မဝင်ကြစေနှင့်။” (လုကာ ၂၁:၂၀၊ ၂၁) ထိုစကားကို ယေရှုမိန့်တော်မူပြီး နှစ်ပေါင်း ၃၀ အတွင်း ယေရုရှလင်မြို့တွင်ရှိသော ခရစ်ယာန်အချို့သည် သူတို့၏ အရေးတကြီးသဘောထား ပျောက်လွင့်ပြီး အာရုံပျံ့လွင့်ခဲ့ကြသည်။ ကားလမ်းပေါ်မှ သူတို့မျက်စိလွှဲလိုက်ဘိသကဲ့သို့ဖြစ်သည်။ သူတို့၏အတွေးအခေါ်ကို မပြုပြင်ဘဲနေမည်ဆိုလျှင် ဘေးသင့်မည်သေချာသည်။ သူတို့ ထိုသို့ယူမှတ်သည်ဖြစ်စေ၊ မယူ မှတ်သည်ဖြစ်စေ ယေရုရှလင်မြို့ ပျက်စီးတော့မည်ဖြစ်သည်! * ပေါလု၏ဆုံးမစကားသည် ယေရုရှလင်မြို့ရှိ ခရစ်ယာန်များကို ဝိညာဉ်ရေးငိုက်မျဉ်းနေရာမှ ပြန်လည်နိုးထစေခဲ့ပေမည်။
ယနေ့အချိန်တွင် “ခါတိုင်းထက်ပို၍အာရုံစိုက်” ခြင်း
၈။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော် အမှန်တရားကို “ခါတိုင်းထက်ပို၍အာရုံစိုက်” ရန် အဘယ်ကြောင့်လိုသနည်း။
၈ ပထမရာစုခရစ်ယာန်များကဲ့သို့ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော် အမှန်တရားကို “ခါတိုင်းထက်ပို၍အာရုံစိုက်” ရန်လိုသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည်လည်း လူတစ်မျိုးတည်း၊ တစ်နိုင်ငံတည်းသာမဟုတ် အစီအစဉ်စနစ်တစ်ခုလုံး၏ ကျရောက်အံ့ဆဲဆဲပျက်စီးခြင်းဘေးကို တွေ့ကြရတော့မည်ဖြစ်သည်။ (ဗျာ. ၁၁:၁၈; ၁၆:၁၄၊ ၁၆) ယေဟောဝါသည် အဘယ်နေ့ရက်နာရီအတိအကျတွင် ထိုသို့အရေးယူလုပ်ဆောင်မည်ကို ကျွန်ုပ်တို့မသိကြသည်မှာ မှန်ပါသည်။ (မဿဲ ၂၄:၃၆) သို့သော် “နောက်ဆုံးသောနေ့ရက်များတွင်” ကျွန်ုပ်တို့အသက်ရှင်နေရကြောင်း ရှင်းလင်းစွာဖော်ပြထားသည့် ကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံနေသည်ကို တွေ့မြင်နေကြရသည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ) ထို့ကြောင့် ကျွန်ုပ်တို့ကို အာရုံပျံ့လွင့်စေမည့် မည်သည့်အရာကိုမဆို သတိထားသင့်သည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့အာရုံစိုက်ပြီး အရေးတကြီးသဘောထားကို ထိန်းသိမ်းထားရမည်။ ထိုသို့ပြုမှသာ ကျွန်ုပ်တို့သည် “ဖြစ်လတ္တံ့သောအမှုအရာတို့[မှ] ကင်းလွတ်” မည်ဖြစ်သည်။—လုကာ ၂၁:၃၆။
၉၊ ၁၀။ (က) ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာများကို အာရုံစိုက်ကြောင်း မည်သို့တင်ပြနိုင်သနည်း။ (ခ) ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ‘ကျွန်ုပ်တို့ခြေရှေ့ရှိမီးခွက်’ နှင့် ‘ကျွန်ုပ်တို့လမ်းခရီးအလင်း’ မည်သို့ဖြစ်သနည်း။
၉ ဤအရေးပါသောအချိန်တွင် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာများကို “ခါတိုင်းထက်ပို၍အာရုံစိုက်” နေကြောင်း မည်သို့တင်ပြနိုင်သနည်း။ တစ်နည်းမှာ ပတ်စဉ်အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများကို မှန်မှန်တက်ရောက်ခြင်းအားဖြင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို စိတ်အားထက်သန်စွာ လေ့လာသူများ ဖြစ်သင့်သည်၊ သို့မှသာ ကျမ်းစာ၏အာဘော်ရှင်၊ ယေဟောဝါနှင့် ပိုရင်းနှီးလာမည်ဖြစ်သည်။ (ယာကုပ် ၄:၈) ကျွန်ုပ်တို့သည် ကိုယ်ပိုင်လေ့လာမှုပြုပြီး အစည်းအဝေးများ တက်ခြင်းအားဖြင့် ယေဟောဝါ၏ အသိပညာကိုဆည်းပူးပါက ဘုရားသခင်အား ဤသို့ပြောဆိုခဲ့သူ ဆာလံဆရာနှင့် တူကြပေမည်– “နှုတ်[မြွက်စကား]တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။”—ဆာလံ ၁၁၉:၁၀၅။
၁၀ သမ္မာကျမ်းစာသည် အနာဂတ်နှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်များကို ဖော်ပြသည့်အတွက် ၎င်းသည် ‘ကျွန်ုပ်တို့၏ လမ်းခရီးအလင်း’ ဖြစ်သည်။ ထို့ပြင် ‘ကျွန်ုပ်တို့၏ ခြေရှေ့မှာ မီးခွက်’ လည်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘဝပြဿနာ၊ စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်ရသည့်အခါ ကျွန်ုပ်တို့ထပ်ဆင့်ပြုလုပ်အပ်သည့်အရာကို ထောက်ပြသည်။ ထို့ကြောင့် ယုံကြည်သူချင်းများနှင့်အတူ စုဝေး၍ သွန်သင်ချက်ခံယူသည့်အခါတွင်ဖြစ်စေ၊ ဘုရားသခင့်စကားတော်ကို ကိုယ်တိုင်ဖတ်ရှုသည့်အခါတွင်ဖြစ်စေ “ခါတိုင်းထက်ပို၍အာရုံစိုက်ရန်” အရေးကြီးသည်။ ကျွန်ုပ်တို့လက်ခံရရှိသော အကြောင်းအရာများက ယေဟောဝါစိတ်တော်နှင့်တွေ့ပြီး ကိုယ်တော်၏နှလုံးကို ရွှင်လန်းစေမည့် ပညာရှိ၊ အကျိုးဖြစ်ထွန်းသည့် ဆုံးဖြတ်ချက်များချရန် အကူအညီပေးပါမည်။ (သု. ၂၇:၁၁; ဟေရှာယ ၄၈:၁၇) ကျွန်ုပ်တို့သည် ဘုရားသခင့် ဝိညာဉ်ရေးပြင်ဆင်ပေးချက်များမှ အကျိုးအပြည့်အဝရရှိရန် အစည်းအဝေးများတွင်ဖြစ်စေ၊ ကိုယ်ပိုင်လေ့လာမှုပြုချိန်များတွင်ဖြစ်စေ ကျွန်ုပ်တို့၏အာရုံစိုက်နိုင်စွမ်းကို မည်သို့တိုးတက်စေနိုင်မည်နည်း။
အစည်းအဝေးများတွင် ကျွန်ုပ်တို့၏အာရုံစိုက်မှုကို တိုးတက်စေခြင်း
၁၁။ ခရစ်ယာန်အစည်းအဝေးများတွင် အာရုံစိုက်ရန် တစ်ခါတစ်ရံ အဘယ်ကြောင့်မလွယ်ကူသနည်း။
၁၁ တစ်ခါတစ်ရံ အစည်းအဝေးများတွင် အာရုံစိုက်ရန် မလွယ်ကူပါ။ ကလေးငယ်တစ်ဦးအော်ငိုသံ သို့မဟုတ် နောက်ကျသူတစ်ဦး ထိုင်ခုံရှာနေခြင်း စသည်တို့ကြောင့် စိတ်အာရုံ အလွယ်တကူပျံ့လွင့်သွားနိုင်သည်။ တစ်နေ့လုံးအလုပ်လုပ်ပြီးနောက် ကျွန်ုပ်တို့မောပန်းနေနိုင်သည်။ စင်မြင့်ပေါ်မှ ဟောပြောနေသူသည် စိတ်အာရုံကို မဖမ်းစားနိုင်ဘဲဖြစ်နေ၍ ကျွန်ုပ်တို့သည် သတိမပြုမိမီ စိတ်ကူးယဉ်နေပေမည်၊ အိပ်ငိုက်၍ပင် ဖြစ်နေပေမည်! အသင်းတော်အစည်းအဝေးများတွင် အရေးကြီးသည့် အကြောင်းအရာများကို တင်ဆက်သည့်အတွက် ကျွန်ုပ်တို့၏ အာရုံစိုက်နိုင်စွမ်းကို ကြိုးစားတိုးတက်စေသင့်သည်။ သို့သော် ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်သနည်း။
၁၂။ အစည်းအဝေးများတွင် ကျွန်ုပ်တို့အာရုံစိုက်နိုင်ရန် အဘယ်အရာက လွယ်ကူစေနိုင်သနည်း။
၁၂ ကျွန်ုပ်တို့သည် ကောင်းစွာပြင်ဆင်ထားမည်ဆိုလျှင် အစည်းအဝေးများတွင် အာရုံစိုက်ရန် များသောအားဖြင့် လွယ်ကူသည်။ သို့ဖြစ်၍ ဆွေးနွေးသုံးသပ်မည့် အကြောင်းအရာကို ကြိုတင်လေ့လာထားရန် အချိန်ပေးလျှင် မကောင်းပေလော။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအတွက် သတ်မှတ်ပေးထားသော ကျမ်းပိုဒ်များကိုဖတ်ရန်နှင့်
တွေးတောဆင်ခြင်ရန် နေ့စဉ် မိနစ်အနည်းငယ်သာ အချိန်ပေးဖို့လိုသည်။ အနည်းအကျဉ်းစီစဉ်လိုက်ခြင်းဖြင့် အသင်းတော်စာအုပ်ကြီးသင်တန်းနှင့် ကင်းမျှော်စင်သင်တန်းအတွက် ကြိုတင်ပြင်ဆင်ရန်လည်း အချိန်ရနိုင်ပါသည်။ ကျွန်ုပ်တို့သည် အဘယ်အစီအစဉ်ကိုပင် ရွေးချယ်စေကာမူ တစ်ခုသေချာသည်မှာ– ကြိုတင်ပြင်ဆင်ခြင်းသည် အသင်းတော်အစည်းအဝေးများတွင် ဆင်ခြင်သုံးသပ်သည့် အကြောင်းအရာများကို အာရုံစိုက်နိုင်ရန် အထောက်အကူပြုပါမည်။၁၃။ အစည်းအဝေးများတွင် ဆွေးနွေးသည့် အကြောင်းအရာကို အာရုံစိုက်ရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။
၁၃ ကောင်းစွာကြိုတင်ပြင်ဆင်ခြင်းအပြင် ဘုရားသခင့်နိုင်ငံတော်ခန်းမအရှေ့ခုံများတွင် ထိုင်ခြင်းက အစည်းအဝေးများတွင် ပို၍အာရုံစိုက်စေကြောင်း အချို့သူတို့ တွေ့ရှိခဲ့ကြသည်။ ဟောပြောသူကိုကြည့်ခြင်း၊ ကျမ်းချက်ဖတ်သည့်အခါ ကျမ်းစာဖွင့်၍လိုက်ဖတ်ခြင်း၊ မှတ်စုယူခြင်းတို့က အာရုံပျံ့လွင့်မှုမှ ကာကွယ်ပေးသည်။ သို့ရာတွင် အသင့်ပြင်ဆင်ထားသောနှလုံးရှိခြင်းက အာရုံစိုက်နည်းတစ်ခုခုထက် ပိုအရေးကြီးသည်။ အတူတကွစုဝေးခြင်း၏ ရည်ရွယ်ချက်ကို ကျွန်ုပ်တို့နားလည်ရန်လိုသည်။ ကျွန်ုပ်တို့သည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် ယုံကြည်သူချင်းများနှင့် အတူတကွစုဝေးကြခြင်းဖြစ်သည်။ (ဆာလံ ၂၆:၁၂; လုကာ ၂:၃၆၊ ၃၇) အစည်းအဝေးများအားဖြင့် ကျွန်ုပ်တို့ကို ဝိညာဉ်အစာ အဓိကကျွေးမွေးသည်။ (မဿဲ ၂၄:၄၅-၄၇) ထို့ပြင် ‘မေတ္တာစိတ်ရှိရန်၊ ကောင်းသောအကျင့်,ကျင့်ရန် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တိုက်တွန်းအားပေး’ ခွင့်ရရှိစေသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၁၄။ အဘယ်အရာက အောင်မြင်၍ စိတ်ဝင်စားစရာကောင်းသည့် အစည်းအဝေးတစ်ခုဖြစ်စေသနည်း။
၁၄ အချို့သူများသည် အစီအစဉ်တွင်ပါဝင်သူများ၏ သွန်သင်ခြင်းစွမ်းရည်ကိုကြည့်ကာ အစည်းအဝေးတစ်ခု၏ အရည်အသွေးကို စီရင်ဆုံးဖြတ်တတ်ကြသည်။ ဟောပြောသူများသည် အရည်အချင်းရှိသူများဖြစ်ကြလျှင် စိတ်ဝင်စားစရာကောင်းသော အစည်းအဝေးတစ်ခုအဖြစ် သတ်မှတ်ကြပေမည်။ သို့သော် ထိရောက်သောသွန်သင်မှု မရှိပုံရသည့်အခါ ဆန့်ကျင်ဘက်သဘောဖြင့် ရှုမြင်ကြပေမည်။ အစီအစဉ်တွင် ပါဝင်သူများသည် အထူးသဖြင့် နှလုံးထိမိစေရန် သူတို့၏ သွန်သင်ခြင်းနည်းပညာကို အစွမ်းကုန်အသုံးပြုသင့်သည်မှာမှန်ပါ၏။ (၁ တိမောသေ ၄:၁၆) သို့သော် နားထောင်သူ ကျွန်ုပ်တို့သည် တရားလွန်အပြစ်မရှာသင့်ပါ။ ပါဝင်သူများ၏ သွန်သင်ခြင်းစွမ်းရည်သည် အရေးကြီးသည်မှန်သော်လည်း စိတ်ဝင်စားစရာကောင်းသော အစည်းအဝေးတစ်ခုဖြစ်စေရန် ယင်းသည် တစ်ခုတည်းသောအကြောင်းရင်း မဟုတ်ပါ။ ကျွန်ုပ်တို့ အဓိကစိတ်စွဲမှတ်ရမည်မှာ ဟောပြောသူသည် ဟောပြောချက်ကို မည်သို့ကောင်းစွာပေးသည်မဟုတ်ဘဲ ကျွန်ုပ်တို့ မည်မျှကောင်းစွာနားထောင်သည် ဟူသည့်အချက်ဖြစ်သည်ကို သင်သဘောတူပေမည်။ ကျွန်ုပ်တို့သည် အစည်းအဝေးများကိုတက်ရောက်ကြပြီး တင်ဆက်သည့်အကြောင်းအရာကို အာရုံစိုက်သည့်အခါ ကိုယ်တော်၏အလိုတော်နှင့်အညီ ဘုရားသခင်ကို ဝတ်ပြုနေကြသည်။ ယင်းက အောင်မြင်၍ စိတ်ဝင်စားစရာကောင်းသည့် အစည်းအဝေးဖြစ်စေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်အသိပညာကို စိတ်အားထက်သန်စွာ ဆည်းပူးမည်ဆိုလျှင် ဟောပြောသူ၏စွမ်းရည် မည်သို့ပင်ရှိပါစေ အစည်းအဝေးများမှ အကျိုးခံစားရပေမည်။ (သု. ၂:၁-၅) သို့ဖြစ်၍ အစည်းအဝေးများတွင် “ခါတိုင်းထက်ပို၍ အာရုံစိုက်” ရန်ဆုံးဖြတ်ကြစို့။
ကိုယ်ပိုင်လေ့လာမှုမှ အကျိုးအပြည့်အဝရ
၁၅။ လေ့လာခြင်းနှင့် ဆင်ခြင်တွေးတောခြင်းသည် ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုနိုင်သနည်း။
၁၅ ကျွန်ုပ်တို့သည် ကိုယ်ပိုင်လေ့လာမှုပြုချိန်နှင့် တွေးတောဆင်ခြင်ချိန်များအတွင်း “ခါတိုင်းထက်ပို၍ အာရုံစိုက်ခြင်း” အားဖြင့် အကျိုးများစွာရရှိနိုင်ကြသည်။ သမ္မာကျမ်းစာနှင့် ခရစ်ယာန်စာပေများကို ဖတ်ရှုလေ့လာ၊ စဉ်းစားဆင်ခြင်ခြင်းသည် ကျွန်ုပ်တို့နှလုံးထဲ ဘုရားသခင့်စကားတော်မှ အမှန်တရားကို စွဲမြဲစေမည်။ ယင်းကတစ်ဖန်၊ ကျွန်ုပ်တို့၏ စဉ်းစားတွေးခေါ် လုပ်ဆောင်မှုကို များစွာအကျိုးသက်ရောက်မည်။ ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ရာတွင် ပျော်ရွှင်မှုရှိစေမည်။ (ဆာလံ ၁:၂; ၄၀:၈) ထို့ကြောင့် ကျွန်ုပ်တို့လေ့လာမှုပြုသည့်အခါ အကျိုးရရှိနိုင်ရန် အာရုံစူးစိုက်နိုင်စွမ်းကို တိုးမြှင့်ပေးရန်လိုသည်။ အာရုံပျံ့လွင့်သွားရန် အလွန်လွယ်ကူပေသည်! အသေးအဖွဲအနှောင့်အယှက်များဖြစ်သည့် ဖုန်းသံ သို့မဟုတ် အသံတစ်ခုခုသည် ကျွန်ုပ်တို့၏အာရုံကို ပျံ့လွင့်သွားစေမည်။ သို့မဟုတ် ကျွန်ုပ်တို့သည် ကြာရှည် အာရုံမစိုက်နိုင်သူဖြစ်ပေမည်။ ဝိညာဉ်အစာစားသုံးမည်ဟူသော ရည်ရွယ်ချက်ကောင်းဖြင့် ထိုင်လိုက်သော်လည်း မကြာမီ ကျွန်ုပ်တို့၏စိတ်အာရုံ ပျံ့လွင့်သွားသည်ကို တွေ့ခဲ့ရပေမည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကိုယ်ပိုင်လေ့လာမှုပြုစဉ် “ခါတိုင်းထက်ပို၍” မည်သို့ “အာရုံစိုက်” နိုင်ကြမည်နည်း။
၁၆။ (က) ကိုယ်ပိုင်လေ့လာမှုပြုဖို့ အချိန်ဇယားဆွဲရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ဘုရားသခင့် နှုတ်မြွက်စကားတော် လေ့လာရန်အချိန်အတွက် သင်မည်သို့လုပ်ဆောင်ခဲ့သနည်း။
၁၆ ဇယားဆွဲပြီး လေ့လာမှုပြုရန် အကောင်းဆုံးအခြေအနေ၊ အချိန်အခါကို ရွေးချယ်သင့်သည်။ ကျွန်ုပ်တို့အများစုအတွက် အချိန်နှင့် တစ်ယောက်တည်း အေးအေးဆေးဆေးရှိခြင်းတို့သည် ရှားပါးပစ္စည်းဖြစ်သည်။ ကျွန်ုပ်တို့သည် ရေစီးသန်သောချောင်းတစ်ခုတွင်ရှိ သစ်ခက်ပမာ အပူတပြင်းဆောင်ရွက်နေရသော နေ့စဉ်လုပ်ငန်းဆောင်တာများက မိမိတို့အား အရှိန်အဟုန်နှင့် တိုက်ချသွားနေသည့်အလား ခံစားရပေမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရေစီးကြောင်းကိုဆန်ပြီး ငြိမ်သက်သောကျွန်းငယ်ကို ရှာဖွေဘိသကဲ့သို့ပြုရန် လိုသည်။ လေ့လာမှုပြုရန်အချိန် အလိုအလျောက်ပေါ်လာလိမ့်မည်ဟု စောင့်မျှော်နေ၍ မရပါ။ ယင်းအစား လေ့လာမှုပြုရန်အချိန် ရှာဖွေခြင်းဖြင့် မိမိအခြေအနေကို ဖန်တီးပေးရမည်။ (ဧဖက် ၅:၁၅၊ ၁၆) အချို့က မိမိတို့အတွက် အာရုံပျံ့လွင့်မှုနည်းသော နံနက်ပိုင်းအချိန်ကို သီးသန့်ဖယ်ထားကြသည်။ အခြားသူများမှာမူ ညနေပိုင်းအချိန်သည် ပို၍သင့်တော်၏ဟု တွေ့ရှိကြသည်။ အရေးကြီးသည်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကိုယ်တော်၏သားတော်တို့၏ တိကျမှန်ကန်သော အသိပညာ ဆည်းပူးရန်လိုသည်ကို လျစ်လျူမရှုခြင်းဖြစ်သည်။ (ယောဟန် ၁၇:၃) ထို့ကြောင့် ကိုယ်ပိုင်လေ့လာမှုပြုရန် အချိန်ဇယားဆွဲပြီး ထိုဇယားအတိုင်း စွဲစွဲမြဲမြဲလုပ်ဆောင်ကြစို့။
၁၇။ တွေးတောဆင်ခြင်ခြင်းဟူသည် အဘယ်နည်း၊ ယင်းသည် ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုနိုင်သနည်း။
၁၇ လေ့လာခဲ့ရာများကို တွေးတောဆင်ခြင်ခြင်းသည် တန်ဖိုးမဖြတ်နိုင်ပါ။ ယင်းသို့ပြုခြင်းသည် ပုံနှိပ်စာမျက်နှာပေါ်မှ ဘုရားသခင်၏စိတ်သဘောထားကို ကျွန်ုပ်တို့စိတ်နှလုံးထဲ ရောက်စေသည်။ တွေးတောဆင်ခြင်ခြင်းသည် “[နှုတ်မြွက်တရားတော်ကို] နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်” လာစေရန် ကျမ်းစာဆုံးမစကားကို လက်တွေ့ကျင်သုံးစေသည်။ (ယာကုပ် ၁:၂၂-၂၅) ထို့ပြင် တွေးတောဆင်ခြင်ခြင်းသည် ယေဟောဝါနှင့် ပိုမိုရင်းနှီးလာစေသည်၊ အကြောင်းမှာ လေ့လာရာအကြောင်းတွင် ကိုယ်တော်၏အရည်အချင်းများနှင့် ၎င်းတို့ကို ပေါ်လွင်စွာမည်သို့ဖော်ပြထားသည်ကို ကျွန်ုပ်တို့အား ပြန်လည်စဉ်းစားစေသည်။
၁၈။ အကျိုးရှိရှိ တွေးတောဆင်ခြင်မှုပြုရန် အဘယ်အခြေအနေများ လိုအပ်သနည်း။
၁၈ လေ့လာခြင်းနှင့် တွေးတောဆင်ခြင်ခြင်းမှ အကျိုးအပြည့်အဝရရှိရန် ကျွန်ုပ်တို့အာရုံမပျံ့လွင့်အောင် ထိန်းသိမ်းထားရမည်။ တွေးတောဆင်ခြင်ရာတွင် အကြောင်းအချက်သစ်ကို လက်ခံနိုင်ရန် လက်ရှိအသက်တာ၏ အာရုံပျံ့လွင့်မှုများကို ဆီးတားဖို့လိုသည်။ ယင်းသို့
ပြုလုပ်ရာတွင် အချိန်ကုန်ပြီး တစ်ကိုယ်တည်းဖြစ်သော်လည်း၊ ဘုရားသခင့် နှုတ်မြွက်တော်တွင်ပါသည့် ဝိညာဉ်အစာနှင့် အမှန်တရားရေကို သုံးဆောင်ခြင်းသည် ရွှင်လန်းမှုများစွာဖြစ်စေသည်!၁၉။ (က) ကိုယ်ပိုင်လေ့လာမှုနှင့်ပတ်သက်၍ အဘယ်အရာက အချို့သူတို့၏အာရုံစိုက်နိုင်စွမ်းကို တိုးမြှင့်ပေးခဲ့ပြီနည်း။ (ခ) ကိုယ်ပိုင်လေ့လာမှုအပေါ် ကျွန်ုပ်တို့ အဘယ်သဘောထား ရှိသင့်သနည်း၊ ဤအရေးကြီးသော လုပ်ဆောင်မှုမှ အဘယ်အကျိုးကျေးဇူးများ ရရှိနိုင်သနည်း။
၁၉ ကျွန်ုပ်တို့သည် အချိန်တိုသာ အာရုံစိုက်နိုင်ပြီး လေ့လာမှုခဏသာပြုပြီးနောက် အာရုံပျံ့လွင့်လေ့ရှိလျှင် မည်သို့နည်း။ အစပိုင်းတွင် အချိန်တိုသာ လေ့လာပြီး တဖြည်းဖြည်းအချိန်တိုးပေးခြင်းဖြင့် မိမိတို့၏အာရုံစိုက်နိုင်စွမ်းကို တိုးတက်စေနိုင်ကြောင်း အချို့သူများ တွေ့မြင်ခဲ့သည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ အလျင်အမြန်ဖတ်ရှုလေ့လာသွားခြင်းမဟုတ်ဘဲ အချိန်ပေးလေ့လာမှုပြုခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဆွေးနွေးသုံးသပ်မည့်အကြောင်းအရာကို အလွန်စိတ်ဝင်စားမှုရှိရန်လိုသည်။ ထို့ပြင် သစ္စာနှင့်သတိပညာရှိကျွန်အတန်းအစား ပြင်ဆင်ထားပေးသော အကြောင်းအရာများစွာကို အသုံးပြုကာ ထပ်ဆင့်သုတေသန ပြုလုပ်နိုင်ပါသည်။ “ဘုရားသခင်၏ နက်နဲသောအရာ” တို့ကို စူးစိုက်လေ့လာခြင်းသည် အကျိုးများစွာရှိသည်။ (၁ ကောရိန္သု ၂:၁၀) ယင်းသို့ပြုခြင်းဖြင့် ဘုရားသခင်နှင့်ဆိုင်သော အသိပညာ တိုးပွားစေပြီး ကျွန်ုပ်တို့၏ ပိုင်းခြားသိမြင်နိုင်စွမ်းကို ထက်မြက်စေသည်။ (ဟေဗြဲ ၅:၁၄) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့ ဝီရိယရှိရှိ လေ့လာမည်ဆိုလျှင် ကျွန်ုပ်တို့သည် “သူတစ်ပါးတို့ကိုသွန်သင်ခြင်းငှာ တတ်စွမ်းနိုင်သောသူ” များဖြစ်လာမည်။—၂ တိမောသေ ၂:၂။
၂၀။ ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေး ရှိစေရုံမက မည်သို့ထိန်းသိမ်းထားနိုင်မည်နည်း။
၂၀ ခရစ်ယာန်အစည်းအဝေးများကို တက်ခြင်း၊ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းတို့သည် ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေး ရှိစေရုံမက ယင်းကိုထိန်းသိမ်းထားရန် များစွာအထောက်အကူပြုသည်။ “ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက်နေပါ၏” ဟုဘုရားသခင်အား ပြောဆိုခဲ့သူ ဆာလံဆရာအတွက် ထိုသို့အမှန်ဖြစ်ခဲ့ပုံရသည်။ (ဆာလံ ၁၁၉:၉၇) သို့ဖြစ်၍ ပတ်စဉ်အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများကို ကျွန်ုပ်တို့မှန်မှန်တက်ရောက်ကြစို့။ ကျမ်းစာလေ့လာမှုနှင့် တွေးတောဆင်ခြင်ခြင်းအတွက် အချိန်ကို ရွေးနုတ်နိုင်ကြပါစေ။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဤသို့ “ခါတိုင်းထက်ပို၍ အာရုံစိုက်” ခြင်းဖြင့် ကျွန်ုပ်တို့သည် ကြွယ်ဝသောကောင်းချီးများ ခံစားကြရမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ဟေဗြဲသြဝါဒစာကို စီ.အီး. ၆၁ ခုနှစ်တွင် ရေးသားခဲ့ပုံရသည်။ သို့ဖြစ်လျှင် ငါးနှစ်မျှကြာသောအခါ ယေရုရှလင်မြို့ကို စက်စ်တီးယပ်စ် ဂဲလပ်စ်၏စစ်တပ် ဝိုင်းရံခဲ့သည်။ မကြာမီ ထိုစစ်တပ် ဆုတ်ခွာသွားသောကြောင့် သတိဝီရိယရှိ ခရစ်ယာန်များ ထွက်ပြေးခွင့်ရခဲ့ကြသည်။ လေးနှစ်ကြာပြီးနောက် ထိုမြို့တော်ကို ဗိုလ်ချုပ်တိတု၏ ရောမစစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့သည်။
သင်မှတ်မိသလော
• ဟေဗြဲခရစ်ယာန်အချို့သည် စစ်မှန်သောယုံကြည်ခြင်းမှ အဘယ်ကြောင့်ရွေ့လျောခဲ့ကြသနည်း။
• ခရစ်ယာန်အစည်းအဝေးများတွင် ကျွန်ုပ်တို့ မည်သို့ အာရုံစိုက်နိုင်သနည်း။
• ကိုယ်ပိုင်လေ့လာမှုနှင့် တွေးတောဆင်ခြင်ခြင်းမှ အကျိုးရရှိရန် အဘယ်အရာက ကျွန်ုပ်တို့ကို အထောက်အကူပြုမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ယေရုရှလင်မြို့ ပျက်စီးအံ့ဆဲဆဲရှိသည်ကို ဟေဗြဲခရစ်ယာန်များ သတိရှိခဲ့ရ
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ခရစ်ယာန်အစည်းအဝေးများမှ မိမိတို့၏သားသမီးများ အကျိုးရရှိစေရန် မိဘများကူညီပေးနိုင်