မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိန့်အစစ်အမှန်များ သင့်ကိုမည်သို့ကူညီပေးနိုင်သနည်း

စိန့်အစစ်အမှန်များ သင့်ကိုမည်သို့ကူညီပေးနိုင်သနည်း

စိန့်​အစစ်အမှန်များ သင့်ကို​မည်သို့​ကူညီပေး​နိုင်​သနည်း

သမ္မာကျမ်းစာ​ဘာသာပြန်​ကျမ်း​အချို့​၌ “စိန့်” ဟု​ဘာသာ​ပြန်ဆို​ထားသော ဂရိ​စကားလုံး​ကို “သန့်ရှင်းသူ” ဟု​ဘာသာပြန်​ဆိုနိုင်၏။ ၎င်း​စကားရပ်​သည် မည်သူ​တို့​နှင့်​သက်ဆိုင်​သနည်း။ “ဗဟုဝုစ်ကိန်း​ဖြင့် ယုံကြည်သူများ​ကို​ရည်ညွှန်းသော​အခါ ၎င်း​စကားရပ်​သည် အထူး​သန့်ရှင်း​စင်ကြယ်​သူများ၊ သန့်ရှင်း​စင်ကြယ်​သည့်​အပြု​အမူ​များ​ဖြင့် ထူးခြား​ထင်ရှား​ခဲ့​သော ကွယ်လွန်​သူများ​နှင့်​သာ ဆက်စပ်​၍ အသုံးပြု​သည်မဟုတ်​ဘဲ ယုံကြည်သူ​အားလုံး​ကို​ဆိုလို​သည်” ဟု ဓမ္မသစ်​ကျမ်း​စကားလုံး​များ​ဆိုင်ရာ ရှင်းလင်း​ဖော်ပြချက်​အဘိဓာန်​က​ဆို​သည်။

ထို့​ကြောင့် တမန်​တော်​ပေါလု​က ကနဦး​ခရစ်ယာန်​အားလုံး​ကို စိန့်​အစစ်အမှန်များ၊ သန့်ရှင်းသူ​များ​အဖြစ် သတ်မှတ်​ခဲ့​သည်။ ဥပမာ၊ စီ.အီး. ပထမ​ရာစု​၌​ရေးသားခဲ့​သော​စာ​တစ်စောင်​ကို သူက “ကောရိန္သု​မြို့၌​ရှိသော ဘုရားသခင်​၏​အသင်းတော်​မှ​စ၍၊ [ရောမ​လက်အောက်ခံ] အခါယပြည်​အရပ်ရပ်​တို့​၌​ရှိသော သန့်ရှင်းသူ​အပေါင်း​တို့” ထံ​လိပ်​တပ်​ခဲ့​သည်။ (၂ ကောရိန္သု ၁:၁) နောက်ပိုင်း​တွင် ပေါလု​သည် “ဘုရားသခင်​ချစ်တော်မူ​၍၊ သန့်ရှင်းသူ​အရာ​၌​ခန့်​ထားသော ရောမမြို့​သူ​မြို့သား​အပေါင်း​တို့” ထံ​စာ​တစ်စောင်​ရေး​ပြန်​သည်။ (ရောမ ၁:၅၊ ၆) ဤ​သန့်ရှင်းသူ​များသည် မ​ကွယ်လွန်​သေး​ချေ၊ ထူးခြား​ထင်ရှားသော မွန်မြတ်​သည့်​အကျင့်​ကြောင့် ကျန်​ယုံကြည်သူများ​မှ သီးသန့်​ခွဲထုတ်​ဖော်ပြခြင်း​လည်း မခံခဲ့​ရ​ပါ။ အဘယ်အရာ​ပေါ်​အခြေပြု​၍ ဤသူတို့ကို သန့်ရှင်းသူ​များ​အဖြစ် ခွဲခြား​ဖော်ပြ​ရသနည်း။

ဘုရားသခင်​က သီးသန့်​ဖြစ်စေ​တော်​မူ​ခဲ့

လူတစ်ဦးကို လူများ သို့​မဟုတ် အဖွဲ့အစည်း​တစ်ခု​က စိန့်​ဖြစ်စေ​သည်မဟုတ်​ကြောင်း သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ သမ္မာကျမ်းစာ​က “[ဘုရားသခင်]သည် ငါ​တို့​အပြု​အကျင့်​များ​အလျောက်​မဟုတ်၊ ကိုယ်တော်တိုင်​၏​ကြံစည်​တော်​မူ​ချက်​နှင့် မခံစားထိုက်သော​ကျေးဇူးတော်​နှင့်​အညီ ငါ​တို့ကို​ကယ်​တင်၍ သန့်ရှင်းသော​အဖြစ်သို့ ခေါ်ထား​တော်​မူ​၏” ဟု​ဆို​သည်။ (၂ တိမောသေ ၁:၉) သန့်ရှင်းသူ​တစ်ဦး​သည် ဘုရားသခင်​၏​မခံစားထိုက်သော သနား​ကြင်နာ​မှု​နှင့် ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​နှင့်​အညီ ယေဟောဝါ​၏​ခေါ်တော်မူ​ခြင်း​ကြောင့် သန့်ရှင်းခြင်း​အဖြစ်ကို​ရ၏။

ခရစ်ယာန်​အသင်းတော်​၏ သန့်ရှင်းသူ​များသည် “ပဋိညာဉ်​သစ်” တွင် ပါဝင်သူ​များ​ဖြစ်​ကြသည်။ ယေရှု​ခရစ်​၏​အသွေးတော်​က ဤ​ပဋိညာဉ်​ကို တရားဝင်​စေပြီး ၎င်း​၌​ပါဝင်သူ​များ​ကို သီးသန့်​ဖြစ်စေ​သည်။ (ဟေဗြဲ ၉:၁၅; ၁၀:၂၉; ၁၃:၂၀၊ ၂၄) ဘုရားသခင့်​ရှေ့တော်၌ သန့်စင်​သူများ​ဖြစ်​ကြ​ရာ သူတို့သည် ‘သန့်ရှင်းသော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​ပြီး ယေရှု​ခရစ်​အားဖြင့် ဘုရားသခင်​နှစ်သက်​တော်​မူ​ရာ​ဓမ္မ​ယဇ်ကို ပူဇော်​ရ’ ကြသည်။—၁ ပေတရု ၂:၅၊ ၉

စိန့်​များ​၏​ဆုတောင်းချက်​နှင့် သူတို့၏​ကြားဖျန်မှု

“စိန့်​များ” သည် ယုံကြည်သူများ​အား အထူး​တန်ခိုး​အာဏာ အပ်နှင်း​နိုင်​သည်​ဟူသော အယူအဆ​ကြောင့် သန်းပေါင်း​များစွာသော​သူတို့သည် ရုပ်ကြွင်း​များ​ကို​အသုံးပြုခြင်း၊ ကြားဖျန်​များ​အဖြစ် သူတို့​ထံ​ဆုပန်​ခြင်း​ဖြင့် သူတို့ကို​ကြည်ညို​လေးမြတ်​ကြသည်။ ယင်းသည် ကျမ်းစာ​သွန်သင်ချက်​ဖြစ်သလော။ တောင်ပေါ်​တရားတော်​၌ ယေရှု​က “ထို့​ကြောင့် သင်တို့​ဆုတောင်း​ရမည်​မှာ ‘ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော’” ဟု​ဆို​လျက် ဘုရားသခင်​ထံ​ချဉ်းကပ်​ရမည်ဟု မိမိ၏​နောက်လိုက်​များ​အား သွန်သင်​ပေး​ခဲ့​သည်။ (မဿဲ ၆:၉) ယေဟောဝါ​ဘုရားသခင် တစ်ပါး​တည်း​ထံ​သာ ဆုတောင်း​ဖို့ သင့်လျော်​ပါ​သည်။

ဓမ္မ​ပညာရှင်​အချို့​သည် “စိန့်​များ” ၏​ကြားဖျန်မှု​ကို ထောက်ခံဖို့​ကြိုးစား​ရာ​တွင် ရောမ ၁၅:၃၀ ကို​ထောက်ပြ​သည်၊ ထို​တွင်​ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “ညီအစ်ကို​တို့၊ သင်တို့သည် ငါ​နှင့်အတူ​ကြိုးစား​အားထုတ်​၍ ငါ့​အဖို့​အလို​ငှာ ဘုရားသခင်​ကို ဆုတောင်း . . . ကြလော့​ဟု ငါ​တို့​သခင်​ယေရှု​ခရစ်​နှင့် ဝိညာဉ်​တော်​၏​မေတ္တာ . . . ကို​အကြောင်းပြု၍ သင်တို့ကို ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။” (ရောမ ၁၅:၃၁) ဤ​တွင် ပေါလု​သည် မိမိ​ထံ​ဆုတောင်း​ရန် သို့​မဟုတ် ဘုရားသခင်​ထံ​ချဉ်းကပ်​ရာ​တွင် မိမိ၏​အမည်​ကို​အမှီပြု​ရန် ယုံကြည်သူများ​အား တိုက်တွန်း​နေခြင်း​လော။ မဟုတ်ပါ။ စိန့်​အစစ်အမှန်များ သို့​မဟုတ် သန့်ရှင်းသူ​များ​အဖို့​အလို​ငှာ ဆုတောင်း​ရန် သမ္မာကျမ်းစာ​က တိုက်တွန်း​ထား​သော်လည်း ဤ​သန့်ရှင်းသူ​များ​ထံ​သို့ သို့​မဟုတ် သူတို့ မှ​တစ်ဆင့်​ဆုတောင်း​ဖို့ တစ်ချိန်​တစ်ခါမျှ ဘုရားသခင်​မိန့်မှာ​တော်​မ​မူ​ချေ။—ဖိလိပ္ပိ ၁:၁၊ ၃၊ ၄

သို့ရာတွင် ကျွန်ုပ်​တို့​ဆုတောင်း​သည့်​အခါ ကျွန်ုပ်​တို့အတွက် ကြားဖျန်​ပေး​ရန် သူ​တစ်ဦး​ကို ဘုရားသခင်​ခန့်အပ်​ထား​တော်​မူ​ပြီ။ ယေရှု​က “ငါသည်​လမ်းခရီး​ဖြစ်၏။ [အမှန်]တရား​လည်း​ဖြစ်၏။ အသက်လည်း​ဖြစ်၏။ ငါ့ကို​အ​မှီ​မပြုလျှင် အဘယ်သူမျှ ခမည်းတော်​ထံ​သို့​မရောက်ရ” ဟု​မိန့်ဆိုခဲ့သည်။ ကိုယ်တော်​ဤသို့​လည်း​မိန့်တော်မူသည်– “သင်တို့သည် ငါ​၏​နာမကို​အမှီပြုလျက် ဆုတောင်း​သမျှ​အတိုင်း ငါ​ပြု​မည်။ အကြောင်း​မူ​ကား၊ ခမည်းတော်​သည် သားတော်​အားဖြင့် ဘုန်းထင်ရှား​တော်​မူ​ခြင်း​ရှိ​မည်​အကြောင်း​တည်း။ သင်တို့သည် ငါ​၏​နာမကို​အမှီပြု၍ တစ်စုံတစ်ခု​သော​ဆု​ကို​တောင်းလျှင်၊ တောင်း​သည်​အတိုင်း​ငါ​ပြု​မည်။” (ယောဟန် ၁၄:၆၊ ၁၃၊ ၁၄) ယေဟောဝါ​သည် ယေရှု၏​နာမ​ဖြင့်​တောင်း​သော ဆုတောင်းချက်​များ​ကို နားညောင်း​ဖို့​အသင့်ရှိ​မည်​ဟု ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ ယေရှု​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “ထို​သူတို့​အဖို့ အသနားတော်ခံ [“ကြားဝင်​အသနားခံ၊” က​ဘ] ရန် ကိုယ်တော်​သည် ကာလ​အစဉ်​အသက်ရှင်​သောကြောင့် သူတို့ကို​လုံးလုံး​ကယ်တင်ခြင်း​ငှာ တတ်နိုင်​တော်​မူ​၏။”—ဟေဗြဲ ၇:၂၅သမ္မာ။

ယေရှုသည် ကျွန်ုပ်​တို့​အကျိုးအတွက် ကြားဝင်​အသနားခံ​ဖို့​အသင့်ရှိ​သည်​ဆိုလျှင် ခရစ်ယာန်ဘောင်​ရှိ​ဝတ်ပြုသူ​များသည် “စိန့်​များ” ကို​အမှီပြု​ပြီး အဘယ်ကြောင့်​ဆုတောင်း​လေ့​ရှိ​သနည်း။ သမိုင်း​ဆရာ​ဝီလ်​ဒူး​ရဲ့​န်တ်​သည် ယုံကြည်ခြင်း​ခေတ်​ဟူသော သူ၏​စာအုပ်​တွင် ၎င်း​အကျင့်ဓလေ့​၏ မူလအစ​ကို ခြေရာ​ခံ​ဖော်ပြ​ထား​သည်။ အတိုင်းအဆမဲ့​တန်ခိုးရှင်​ဘုရားသခင်​အား ကြောက်ရွံ့​ရိုသေ​ခန့်ညား​ကြ​ကာ ယေရှု​ထံ​ချဉ်းကပ်​ဖို့ ပို​လွယ်ကူ​ဟန်​ရှိကြောင်း သတိပြု​မှတ်သား​ပြီး ဒူး​ရဲ့​န်တ်​က “လူတစ်ဦး​သည် ကိုယ်တော်​၏​မင်္ဂလာ​တရားတော်​ကို လုံးလုံး​မသိကျိုးကျွန်​ပြုပြီး​နောက် [ယေရှု]ထံ တိုက်ရိုက်​စကား​မပြောဝံ့​တော့​ပေ။ ထို​အခါ ကောင်းကင်​တွင်​ရှိသည်​ဟု အသိအမှတ်​ပြုခြင်း​ခံရ​သော စိန့်​တစ်ဦးထံ​ဆုတောင်း​ပြီး ခရစ်တော်​ရှေ့ ကြားဖျန်​ပေး​ပါ​ရန် အသနားခံခြင်း​က ပို​၍​အမြော်အမြင်​ရှိ​ပုံ​ရလေ​သည်” ဟု​ဆို​၏။ ဤ​စိုးရိမ်​ပူပန်မှု​များသည် ကျိုးကြောင်း​ခိုင်လုံ​ပါသလော။

ကျွန်ုပ်​တို့သည် ယေရှု​ခရစ်​မှ​တစ်ဆင့် ဘုရားသခင်​ထံ “ရဲရင့်​သော​စိတ်​နှင့်​တိုး​ဝင်၍ အသနားတော်ခံ” ဆုတောင်း​နိုင်​ကြောင်း သမ္မာကျမ်းစာ​က​သွန်သင်ပေး​သည်။ (ဧဖက် ၃:၁၁၊ ၁၂) အတိုင်းအဆမဲ့​တန်ခိုးရှင်​ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို နား​မ​ညောင်း​နိုင်​လောက်​အောင် လူသား​တို့​နှင့် အလှမ်းဝေး​လွန်း​သည်မဟုတ်​ပါ။ ဆာလံဆရာ​ဒါဝိဒ်က ယုံကြည်​စိတ်ချ​စွာ​ဖြင့် ဤသို့​ဆုတောင်း​ခဲ့​သည်– “[ဆုတောင်းခြင်း]ကို​နားထောင်​တော်​မူ​သော​ဘုရား[သခင်] ကိုယ်တော်​ထံ​သို့ လူသား​အပေါင်းတို့သည် ချဉ်းကပ်​ရ​ကြလိမ့်မည်။” (ဆာလံ ၆၅:၂) ယေဟောဝါ​သည် ကွယ်လွန်​သူ “စိန့်​များ” ၏​ရုပ်ကြွင်း​များ​မှ​တစ်ဆင့် တန်ခိုး​ပေး​မည့်​အစား ယုံကြည်ခြင်းဖြင့် တောင်းလျှောက်​သူများ​အပေါ် မိမိ၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သွန်းလောင်း​တော်​မူ​၏။ ယေရှု​က ဤသို့​ကျိုးကြောင်း​ဆင်ခြင်​၍ ဖော်ပြ​ခဲ့​သည်– “သင်တို့သည်​အဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သားတို့​အား ကောင်းသော​အရာ​ကို​ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ဆုတောင်း​သော​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သာ၍​ပေး​တော်​မူ​မည်​မဟုတ်လော။”—လုကာ ၁၁:၁၃

သန့်ရှင်းသူ​များ​၏​အခန်းကဏ္ဍ

ပေါလု​စာရေး​ခဲ့​သော သန့်ရှင်းသူ​များသည် ရာစုနှစ်များစွာ​ကတည်းက ကွယ်လွန်​ခဲ့​ကြ​ပြီး အချိန်တန်သော် ကောင်းကင်​သို့ ရှင်ပြန်ထမြောက်​ပြီး “အသက်​သရဖူ” ကို​ရရှိကြ​မည်​ဖြစ်သည်။ (ဗျာ. ၂:၁၀) ဤ​စိန့်​အစစ်အမှန်များ​ကို ကြည်ညို​လေးမြတ်ခြင်း​ဖြင့် ဖျားနာခြင်း၊ သဘာဝဘေးဒဏ်​များ၊ စီးပွားရေး​မငြိမ်သက်မှု၊ အသက်အရွယ်​ကြီးရင့်​ခြင်း သို့​မဟုတ် သေခြင်း​တို့​မှ ကာကွယ်​ခံရ​မည်​ဟု​အာမ,မခံနိုင်​ကြောင်း ဘုရားသခင်​အား အ​ကိုင်းရှိုင်း​ဆုံး​ဝတ်ပြုသူ​များ​ပင် ဝန်ခံ​ကြသည်။ သို့​ဖြစ်၍ သင်က ‘ဘုရားသခင်​၏​သန့်ရှင်းသူ​များသည် ကျွန်ုပ်​တို့ကို အမှန်ပင်​ဂရုစိုက်​သလော။ ကျွန်ုပ်​တို့​အကျိုးကို သယ်ပိုး​ပေး​မည်​ဟု မျှော်လင့်​နိုင်​မည်​လော’ ဟု​မေး​ကောင်း​မေး​ပေမည်။

ဒံယေလ​မှတ်တမ်းတင်​ခဲ့​သော ပရောဖက်ပြုချက်​တစ်ခု​တွင် သန့်ရှင်းသူ​များသည် အရေးပါသော​ကဏ္ဍ​၌ ပါဝင်​ခဲ့​ကြ​၏။ ဒံယေလ​သည် ဘီ.စီ.အီး. ခြောက်​ရာစု​တွင် ကျွန်ုပ်​တို့​ခေတ်​တိုင် ပြည့်စုံ​သက်ဆိုင်​သည့် စိတ်​လှုပ်ရှား​ဖွယ်​အဆင်းအာရုံ​တစ်ခု​ကို မြင်ခဲ့​၏။ လူသား​တို့၏​တကယ့်​လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​မပေးနိုင်​သော လူ့​အစိုးရ​များ​ကို ကိုယ်စား​ပြု​သည့် ကြောက်မက်​ဖွယ်​သားရဲ​လေးကောင်​သည် ပင်လယ်​ထဲ​မှ​တက်လာ​၏။ ထို​အခါ ဒံယေလ​ဤသို့​ပရောဖက်ပြု​သည်– “သို့သော်လည်း အမြင့်ဆုံး​သော​ဘုရား[သခင်]၏​သန့်ရှင်းသူ​တို့သည် နိုင်ငံ​ကို​သိမ်း​ယူ၍ ကမ္ဘာ​အဆက်ဆက်​စံစား​ကြ​လတ္တံ့။”—ဒံယေလ ၇:၁၇၊ ၁၈

ကောင်းကင်​တွင် ခရစ်တော်​၏​တွဲဖက်​အမွေခံများ​အဖြစ် “သန့်ရှင်းသူ​တို့ . . . ခံရ​သော​အမွေတော်” အကြောင်း ပေါလု​အခိုင်အမာ​ပြောဆို​ခဲ့​သည်။ (ဧဖက် ၁:၁၈-၂၁) ယေရှု၏​အသွေးတော်​သည် သန့်ရှင်းသူ ၁၄၄,၀၀၀ ကောင်းကင်​ဘုန်းဝင်စား​ရန် ရှင်ပြန်ထမြောက်​ဖို့​အတွက် လမ်းဖွင့်​ပေး​တော်​မူ​ခဲ့​သည်။ တမန်​တော်​ယောဟန်​က ဤသို့​ကြေညာ​သည်– “ပထမ​ထမြောက်ခြင်း​ကို​ဝင်စား​သော​သူသည် မင်္ဂလာ​ရှိသောသူ၊ သန့်ရှင်းသော​သူ​ဖြစ်၏။ ထိုသို့​သော​သူသည် ဒုတိယ​သေခြင်း​၏​လက်​နှင့် ကင်းလွတ်​လျက်၊ ဘုရားသခင်​၏​ယဇ်ပုရောဟိတ်၊ ခရစ်တော်​၏​ယဇ်ပုရောဟိတ်​ဖြစ်၍၊ အနှစ်​တစ်ထောင်​ပတ်လုံး ခရစ်တော်​နှင့်အတူ​စိုးစံ​ရ​လိမ့်​မည်။” (ဗျာ. ၂၀:၄၊ ၆; ၁၄:၁၊ ၃) ဘုန်းဝင်စား​သော​ယေရှု​ရှေ့မှောက်တော်​တွင် ကောင်းကင်​တပ်မဟာကြီး​က ဤသို့​သီဆို​သည်ကို အဆင်းအာရုံ​တွင် ယောဟန်​ကြား​ခဲ့​ရသည်– “ကိုယ်တော်​သည် . . . အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ အကျွန်ုပ်​တို့ကို​ယူ၍၊ အသွေးတော်​နှင့်​ဘုရားသခင်​အဖို့ ရွေးနုတ်​တော်​မူ​၏။ အကျွန်ုပ်​တို့၏​ဘုရားသခင်​ရှေ့မှာ၊ ရှင်ဘုရင်​အရာ​၌​လည်းကောင်း၊ ယဇ်ပုရောဟိတ်​အရာ​၌​လည်းကောင်း ခန့်​ထား​၍ မြေကြီး​ပေါ်မှာ​စိုးစံ​ရသော​အခွင့်​ကို ပေး​တော်​မူ​၏။” (ဗျာ. ၅:၉၊ ၁၀) အလွန်​အားရှိစရာ​ပါ​တကား! ယေဟောဝါ​ဘုရားသခင်​ကိုယ်တော်တိုင် ဤ​အမျိုးသား၊ အမျိုးသမီးများ​ကို အသေအချာ​ရွေးချယ်​တော်​မူ​ခဲ့ပြီ။ ထို့​အပြင် သူတို့သည် လူသား​တို့​ကြုံတွေ့​ခဲ့​ရသော အခက်အခဲ​ဟူသ၍​ကို ကိုယ်တိုင်​ကြုံ​တွေ့ခဲ့​ပြီး မြေကြီးပေါ် တည်ကြည်​စွာ​အမှုထမ်းခဲ့​ကြပြီ။ (၁ ကောရိန္သု ၁၀:၁၃) ထို့​ကြောင့် ရှင်ပြန်ထမြောက်​ပြီး​သော ဤ​သန့်ရှင်းသူ​များ သို့​မဟုတ် စိန့်​များသည် ကျွန်ုပ်​တို့၏​အားနည်းချက်များ​နှင့် အကန့်အသတ်​ဖြစ်မှု​များ​ကို ထည့်​စဉ်းစား​ပေး​မည့် သနား​ကြင်နာ​၍ စာနာ​တတ်သော​အုပ်စိုးသူ​များ​ဖြစ်​ကြလိမ့်မည်​ဟူ၍ ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။

ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​အောက် ကောင်းချီး​များ

မကြာမီ ဘုရားသခင့်​နိုင်ငံတော်​အစိုးရ​သည် ဆိုးသွမ်းမှု​နှင့် ဆင်းရဲခြင်း​ဝေဒနာ​အားလုံး​ကို မြေကြီးပေါ်​မှ ဖယ်ရှား​ပါ​တော့​မည်။ ထို​အချိန်တွင် လူသား​တို့သည် ဘုရားသခင်​ထံ ယခင်​က​ထက်​ပို​ချဉ်းကပ်​လာ​ကြ​ပါ​လိမ့်​မည်။ ယောဟန်​ဤသို့​ရေးသားခဲ့​သည်– “ကောင်းကင်​မှ​ကြီးသော​အသံ​ကား ‘ဘုရားသခင်​၏​တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်အတူ​ကျိန်းဝပ်​တော်​မူ​မည်။ သူတို့သည် ကိုယ်တော်​၏​လူ​ဖြစ်​ကြလိမ့်မည်။ ဘုရားသခင်​သည် ကိုယ်တော်တိုင်​သူတို့နှင့်​အတူ​ရှိ​နေ၍ သူတို့၏​ဘုရားသခင်​ဖြစ်​တော်​မူ​မည်။’” ယင်းက လူသားတို့အား ကောင်းချီး​များ မရေမတွက်​နိုင်အောင် ခံစား​စေမည်၊ အကြောင်း​မှာ ပရောဖက်ပြုချက်​က ဤသို့​ဆက်ဆို​၏– “ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။”—ဗျာ. ၂၁:၃၊ ၄

ပျော်ရွှင်စရာ​ကောင်း​လိုက်​မည်​ဖြစ်​ခြင်း! ယေရှု​ခရစ်​နှင့် သန့်ရှင်းသူ ၁၄၄,၀၀၀ တို့၏ စုံလင်သော​အုပ်ချုပ်မှု​၏ အကျိုးဆက်များ​ကို မိက္ခာ ၄:၃၊ ၄ ၌​ဤသို့​ထပ်ဆင့်​ဖော်ပြ​ထား​သည်– “[ယေဟောဝါ]သည် များပြား​သော​လူ​တို့​တွင် တရား​စီရင်၍ ဝေး​စွာ​နေ​လျက် အား​ကြီးသော​လူမျိုး​တို့ကို ဆုံးမ​တော်​မူ​သဖြင့် သူတို့​ဓား​လက်နက်များ​ကို ထွန်သွား​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း၊ လှံ​များ​ကို တံစဉ်​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း ထုလုပ်​ကြလိမ့်မည်။ တစ်​ပြည်​ကိုတစ်​ပြည်​စစ်​မ​တိုက်၊ စစ်​အတတ်ကို​လည်း နောက်​တစ်ဖန်​မသင်​ရ​ကြ။ လူအပေါင်း​တို့သည် ကိုယ်ပိုင်​သော စပျစ်​ပင်၊ ကိုယ်ပိုင်​သော​သင်္ဘောသဖန်း​ပင်​အောက်မှာ ထိုင်​ကြလိမ့်မည်။ ကြောက်​စေသော​သူ တစ်ယောက်မျှ​မရှိ​ရ။ ကောင်းကင်​ဗိုလ်ခြေ​အရှင်  ထာဝရ​ဘုရား​၏  နှုတ်​တော်​ထွက်​အမိန့်တော်​ရှိ၏။”

သန့်ရှင်းသူ​များ​က အဆိုပါ​ကောင်းချီး​များ​ကို မွေ့လျော်​ခံစား​ကြ​ရန် ဖိတ်ခေါ်​လျက်​ရှိသည်။ သတို့သမီး​တစ်ဦး​ဖြင့် ပုံဆောင်​ခံရ​သော စိန့်​အစစ်အမှန်များ​က “လာ​လော့” ဟု​ပြောဆို​လျက်​ရှိသည်။ ကျမ်းချက်​က ဤသို့​ဆက်​ပြော​သည်– “ကြား​ရသူ​တိုင်း​လည်း ‘လာ​လော့’ ဟု​ဆိုပါ​စေ။ ရေငတ်​သူ​တိုင်း လာပါစေ။ ဆန္ဒရှိ​သူ​တိုင်း အသက်ရေ​ကို အခမဲ့​ယူပါ​စေ။” (ဗျာ. ၂၂:၁၇က​ဘ) “အသက်ရေ” တွင်​အဘယ်အရာ​ပါဝင်​သနည်း။ အခြား​အရာများ​အပြင် ဘုရားသခင့်​ရည်ရွယ်တော်မူချက်​များ​ဆိုင်ရာ တိကျ​မှန်ကန်သော​အသိပညာ​ပါဝင်​သည်။ ဘုရားသခင်​ထံ​ဆုတောင်းရာ​တွင် ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) ဤ​အသိပညာကို သမ္မာကျမ်းစာ မှန်မှန်​လေ့လာခြင်း​ဖြင့် ရရှိနိုင်​ပါ​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကြောင့် မည်သူ​မည်ဝါ​တို့သည် သန့်ရှင်းသူ​အစစ်အမှန်များ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​ခွဲခြား​သိ​မြင်နိုင်​ပြီး လူသား​တို့ ထာဝရ​ကောင်းကျိုး​ခံစား​ကြ​ရဖို့ သူတို့ကို ဘုရားသခင်​မည်သို့​အသုံးပြု​တော်​မူ​မည်​အကြောင်း သိရှိ​ရသည့်​အတွက် ကျွန်ုပ်​တို့​အမှန်တကယ် ရွှင်လန်း​နိုင်​ကြသည်​တကား!

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ပေါလု​သည် မှုတ်သွင်းခံ​စာစောင်​များ​ကို စိန့်​အစစ်အမှန်​တို့​ထံ ရေးသားခဲ့

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယေရှု၏​တည်ကြည်သော​တမန်​တော်​များသည် စိန့်​အစစ်အမှန်များ သို့​မဟုတ် သန့် ရှင်း​သူများ​ဖြစ်လာ​ခဲ့​ကြ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် ယေရှု​ခရစ်​မှ​တစ်ဆင့် ဘုရားသခင်​ထံ ယုံကြည်​စိတ်ချ​စွာ ဆုတောင်း​နိုင်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ရှင်ပြန်ထမြောက်​ပြီး​သော​စိန့်​များ သို့​မဟုတ် သန့် ရှင်း​သူများ​သည် ထောက်ထား​စာနာ​တတ်သော မြေကြီး​အုပ်စိုးရှင်​များ​ဖြစ်​ကြ​ပါ​လိမ့်​မည်