မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လန်းဆန်းစေသော ဆီးနှင်းပေါက်များနှင့်တူသည့် လူငယ်လူရွယ်များ

လန်းဆန်းစေသော ဆီးနှင်းပေါက်များနှင့်တူသည့် လူငယ်လူရွယ်များ

“ငါ့​ထံ​သို့​လာ​ကြလော့၊ ငါသည် လန်းဆန်း​စေမည်”

လန်းဆန်း​စေသော ဆီးနှင်း​ပေါက်​များနှင့်​တူ​သည့် လူငယ်​လူရွယ်​များ

ယေရှု​ခရစ်​က “ငါ့​ထံ​သို့​လာ​ကြလော့၊ ငါသည်​လန်းဆန်း​စေမည်” ဟု​ဆို​သောအခါ ကိုယ်တော်​သည် မိမိ၏​ငယ်ရွယ်​သော တပည့်​နောက်လိုက်​များ​ကို​ပါ ထည့်​ပြော​ခဲ့​ပေမည်။ (မဿဲ ၁၁:၂၈က​ဘ) ကိုယ်တော့်​ထံ မိမိတို့​ကလေးငယ်​များ​ကို လူ​တို့​ခေါ်ဆောင်​လာ​စ​ပြုသော​အခါ ကိုယ်တော်​၏​တပည့်​များ​က တားဆီး​ဖို့​ကြိုးစား​ခဲ့​ကြသည်။ သို့သော် ယေရှု​က “ထို​သူငယ်​တို့ကို ငါ့​ထံ​သို့​လာ​ပါ​လေ​စေ။ မ​ဆီးတား​ကြ​နှင့်” ဟု​မိန့်ဆိုခဲ့​၏။ ထို့နောက်​ယေရှုသည် “သူငယ်​တို့ကို​ချီပိုက်​၍ သူတို့​အပေါ်မှာ လက်တော်ကို​တင်​လျက် ကောင်းချီး” ပင်​ပေး​ခဲ့​သည်။ (မာကု ၁၀:၁၄-၁၆) လူငယ်​လူရွယ်​များ​ကို အဖိုးထိုက်​သော​သူများ​အဖြစ်  ယေရှု ရှုမြင်ခဲ့​သည်​မှာ  ယုံမှားဖွယ်​မရှိ​ချေ။

ဘုရားသခင်​၏​အမှုဆောင်ရာတွင် အထူး​ကောင်းမွန်သော ပုံသက်သေ​တင်ပြ​ခဲ့​ကြ​သည့် တည်ကြည်သော​လူပျို၊ အပျို​များ​အပြင် လူငယ်များနှင့် ကလေးငယ်​များ​အကြောင်းကိုပါ သမ္မာကျမ်းစာ​က ပြောပြ​သည်။ ဆာလံကျမ်း​တွင် ဆီးနှင်း​တ​မျှ လန်းဆန်း​စေသော “လူပျို​တော်​တို့” အကြောင်းကို ကြို​ဟောထား​သည်။ အဆိုပါ​ကျမ်း​က ယေဟောဝါ​၏​နာမတော်​ကို ချီးမွမ်း​သည့် “လူပျို​နှင့်​အပျို​များ” အကြောင်းကိုလည်း ဖော်ပြ​သည်။—ဆာလံ ၁၁၀:၃; ၁၄၈:၁၂၊ ၁၃

လူငယ်များ ဖွံ့ ဖြိုး​ကြီးထွား​ရာ​နေရာ

ဆီးနှင်း​ကို ပေါများ​ကြွယ်ဝခြင်း​အပြင် ကောင်းချီး​တို့​နှင့် ဆက်စပ်​ဖော်ပြ​ထား​သည်​ဖြစ်​ရာ ဆီးနှင်း​နှင့် ခိုင်းနှိုင်း​ဖော်ပြခြင်း​သည် သင့်လျော်​ပေ​၏။ (ကမ္ဘာဦး ၂၇:၂၈) ဆီးနှင်း​ပေါက်​များသည် ညင်သာ​ပြီး လန်းဆန်း​စေ​သည်။ ခရစ်တော်​ရောက်ရှိ​သည့် ဤ​အချိန်အတွင်း ခရစ်ယာန်​လူငယ်​မြောက်မြားစွာ​တို့သည် တလိုတလား​နှင့် စိတ်အား​ထက်သန်​စွာ မိမိတို့​ကိုယ်ကို​ပေးဆက်​ကြသည်။ လန်းဆန်း​စေသော​ဆီးနှင်း​ပေါက်​များ​ကဲ့သို့​ပင် လူငယ်​မောင်​မယ်​များစွာတို့သည် ဘုရားသခင်​၏​အမှုတော်ကို ကြည်လင်​ရွှင်​ပျ​စွာ အမှုထမ်း​ကြ​ပြီး ဝတ်ပြုသူချင်း​များ​ကို ထောက်မ​ကူညီပေး​နေကြ​သည်။—ဆာလံ ၇၁:၁၇

ခရစ်ယာန်​လူငယ်များသည် အခြား​သူများကို လန်းဆန်း​စေ​ရုံ​မကပါ; သူတို့၏​အမှုတော်​ဆောင်ခြင်း​တွင် သူတို့​ကိုယ်နှိုက် စိတ်​သစ်​လူသစ်​ဖြစ်လာ​ကြသည်။ ဘုရားသခင့်​အဖွဲ့အစည်း​က သူတို့ ဖွံ့ ဖြိုး​ကြီးထွား​နိုင်သော ဝန်းကျင်​ကို​စီမံ​ပေး​သည်။ မြင့်မားသော​ကိုယ်ကျင့်တရား​စံနှုန်း​များ ရှိ​ခြင်း​ဖြင့် ဤ​လူငယ်​မောင်​မယ်​များသည် ဘုရားသခင်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိကြသည်။ (ဆာလံ ၁၁၉:၉) အသင်းတော်​အတွင်း​တွင် အကျိုးရှိ​သော​လုပ်ငန်းများ​လည်း လုပ်ဆောင်ကြ​ကာ မိတ်ဆွေကောင်း​များ တွေ့ ရှိကြ​ပြီး ၎င်း​တို့​က ကျေနပ်ဖွယ်​ကောင်းပြီး အဓိပ္ပာယ်​ပြည့်ဝသော​ဘဝ​ရှိစေသည်။

‘ကုသမှု​နှင့် လန်းဆန်းမှု’

ဤ​ခရစ်ယာန်​လူငယ်များ​ကိုယ်တိုင်​က သူတို့သည် “ဆီးနှင်း” များနှင့်​တူ​သည်​ဟု ခံစား​ကြ​ရ​ပါသလော။ အသင်းတော်​လုပ်ငန်းဆောင်တာ​များ​၌​ပါဝင်​ပြီး ဓမ္မ​အမှု​တွင် တစ်လ​လျှင်​နာရီ ၇၀ ကျော် ပျော်ရွှင်စွာ​ပါဝင်​နေသော လုံမပျို​တာ​နီ​ယာ​ကို မိတ်ဆက်​ပေး​ပါ​မည်။ သူ​မည်သို့​ခံစားရ​သနည်း။ တာ​နီ​ယာ​က ဤသို့​ပြောပြ​သည်– “ကျွန်မ​ရဲ့​စိတ် လန်းဆန်း​ပြီး စိတ်အားတက်​ကြွ​တယ်။ ကျွန်မ​ရဲ့​ဘဝမှာ ယေဟောဝါ​နဲ့ ကိုယ်တော်​ရဲ့​အဖွဲ့အစည်း​ရှိ​ခြင်း​က ကျွန်မ​အတွက် ‘ကုစားမှု​နဲ့ လန်းဆန်းမှု’ တစ်ခု​ပဲ။”—သု. ၃:၈

အချိန်ပြည့်​ဓမ္မ​အမှုဆောင် လူငယ်​နောက်​တစ်ဦး​ဖြစ်သူ အေ​ရီ​ရ​ယ်လ်​သည် အသင်းတော်တွင် သူ​ရရှိသော​ဝိညာဉ်​ရေး​အာဟာရကို တန်ဖိုး​ထား​လေးမြတ်​သည်။ သူ​ဤသို့​ထုတ်ဖော်​ပြောဆို​သည်– “ခရစ်ယာန် အပတ်စဉ်​အစည်းအဝေးတွေ၊ စည်းဝေးကြီး​တွေ​နဲ့ စည်းဝေးပွဲ​တွေ​ကို​သွား​တက်ပြီး ယေဟောဝါ​ရဲ့​ဝိညာဉ်​ရေး​စားပွဲ​မှာ စားသုံး​နိုင်​တဲ့​အခါ ကျွန်မ ဝိညာဉ်​ရေး​ဘက် တကယ်​လန်းဆန်း​ပြီး အားတက်​မိတယ်။ နောက်ပြီး​တော့ ကမ္ဘာ​တစ်ဝန်းလုံး​မှာ ကျွန်မ​ရဲ့​လုပ်ဖော်ဆောင်ဖက်တွေ ရှိတယ်ဆိုတာ​ကို​သိရလို့ ကျွန်မ အားမငယ်​တော့​ဘူး။” လန်းဆန်းမှု​၏​ပင်ရင်း​ကို​ဖော်ပြ​ရာ​တွင် သူက​ဤသို့​ဆို​၏– “အထူးသဖြင့် ဒီ​အစီအစဉ်​စနစ်​က လူတွေ​အပေါ် ဆိုးကျိုး​ကျရောက်​စေ​တာ​ကို ကျွန်မ​ကြား​ရ၊ မြင်ရ​တဲ့​အခါ ယေဟောဝါ​ကို မိတ်ဆွေ​တစ်ဦး​အဖြစ်​ရရှိ​ထား​လို့ တကယ်​အားရှိ​တယ်။”—ယာကုပ် ၂:၂၃

အဘိရှဲ​သည် အသက် ၂၀ အရွယ်​တွင် အချိန်ပြည့်​ဧဝံဂေလိ​ဟောပြောသူ​တစ်ဦး​အဖြစ်​သာမက အသင်းတော်၌ ဓမ္မ​အမှုထမ်း​တစ်ဦး​အဖြစ် အမှုဆောင်​နေပါ​သည်။ သူ၏​တွေ့ ကြုံ​မှု​ကို ဤသို့​ဖော်ပြ​သည်– “ဒီ​က​နေ့ လူငယ်တွေ​ရင်ဆိုင်​နေရ​တဲ့ ပြဿနာ​တွေ​ကို ကျွန်တော်​ဘယ်လို​ဖြေရှင်း​ရမယ်ဆိုတာ သိထားတဲ့​အတွက် ကျွန်တော့်​စိတ်​လန်းဆန်း​တယ်။ ယေဟောဝါ​အမှုတော်ကို စိုးလ်​အကြွင်းမဲ့​ထမ်းဆောင်​နိုင်​ဖို့ သမ္မာကျမ်းစာ​အမှန်တရားက ကျွန်တော့်​ကို အာရုံမထွေပြား​စေ​ဘူး။”

မြီး​ကောင်​ပေါက်​အရွယ်​ဝင်​ခါ​စ​တွင် အန်​ထွ​မ်း​သည် စိတ်​တို​တတ်​သည်။ တစ်ကြိမ်​က သူသည် ကျောင်းနေ​ဖက်​တစ်ဦး​ကို ထိုင်ခုံ​နှင့်​ရိုက်​ပြီး နောက်​တစ်ဦး​ကို ခဲတံ​နှင့်​ထိုး​ခဲ့​သည်။ အန်​ထွ​မ်း​သည် လန်းဆန်း​စေ​သူ​တစ်ဦး လုံးဝ​မဖြစ်ခဲ့​ချေ! သို့သော် သမ္မာကျမ်းစာ​အသိပညာက သူ၏​အမူအကျင့်ကို လုံးလုံး​ပြောင်းလဲ​စေ​ခဲ့​သည်။ ယခု အသက် ၁၉ နှစ်​ရှိပြီ​ဖြစ်၍ အသင်းတော်တွင် ဓမ္မ​အမှုထမ်း​တစ်ဦး​အဖြစ်​ထမ်းဆောင်​ရုံ​မ​က အချိန်ပြည့်​ဓမ္မ​အမှုဆောင်​တစ်ဦး​လည်း​ဖြစ်သည်၊ သူ​ဤသို့​ဆို​၏– “ယေဟောဝါ​ကို သိကျွမ်းခွင့်​ရပြီး စိတ်​ချုပ်တည်း​ဖို့ ကျွန်တော့်​လမ်းစဉ်​ကို ပြောင်းလဲ​ရမယ်ဆိုတာ သဘောပေါက်​စေ​ခဲ့​တဲ့​အတွက် ကိုယ်တော့်​ကို​ကျေးဇူး​တင်​လို့​မဆုံး​ဘူး။ ဒီ​နည်းနဲ့ ပြဿနာ​အတော်များများ ကျွန်တော်​ရှောင်နိုင်​ခဲ့တယ်။”

အခြားသူများ​က​လည်း ခရစ်ယာန်​လူငယ်များ​၏ လန်းဆန်း​စေသော​သဘောထားကို သတိပြုမိ​ကြသည်။ မက်​တီ​ယို​သည် အီတလီ​နိုင်ငံ​မှ သက်သေခံ​လူငယ်​တစ်ဦး​ဖြစ်သည်။ သူ၏​ဆရာမ​က အတန်း​ထဲ​တွင် ဆဲရေး​တိုင်းထွာ​သော​စကားလုံး​သုံး​သူ မည်သူ​မဆို​သည် ဒဏ်ငွေ​အနည်းငယ်​ပေး​ရမည်ဟု ဆုံးဖြတ်​ခဲ့​သည်။ နောက်ပိုင်း​တွင် ကလေး​များ​က ၎င်း​စည်းကမ်း​ကို​ပယ်ဖျက်​ပေး​ပါ​ရန် တောင်းဆို​ခဲ့​ကြသည်၊ အကြောင်း​မှာ “ညစ်ညမ်း​တဲ့​စကား​မ​သုံး​ဘဲ​နေလို့ မဖြစ်​နိုင်ဘူး” ဟု​သူတို့​ဆို​ကြ​၏။ “ဒါပေမဲ့ ဆရာမ​က ဖြစ်​နိုင်တယ်​လို့​ပြော​တယ်၊ ပြီး​တော့ ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်​တဲ့ ကျွန်တော့်​ကို နမူနာ​အဖြစ်​တင်ပြ​ပြီး ညစ်ညမ်း​တဲ့​စကား လုံးလုံး​မ​သုံးတဲ့​အတွက် အတန်း​တစ်ခုလုံး​ရှေ့မှာ ကျွန်တော့်​ကို​ချီးမွမ်း​ခဲ့တယ်” ဟု မက်​တီ​ယို ရှင်းပြ​ခဲ့​သည်။

ထိုင်း​နိုင်ငံ​မှ​ဆုံးမ​ရ​ခက်​သော အတန်း​တစ်တန်း​တွင် ဆရာမ​သည် ၁၁ နှစ်​သား ရာ​ချာ​ကို အတန်း​ရှေ့​ထွက်​စေပြီး သူ၏​အမူအကျင့်ကို ဤသို့ ချီးမွမ်း​ပြောဆို​ခဲ့​သည်– “မင်းတို့​အားလုံး သူ့ကို ဘာကြောင့်​အတု​မယူ​ကြ​တာလဲ။ သူဟာ စာ​လည်း ကြိုးစား​တယ်၊ အကျင့်​လည်းကောင်း​တယ်။” ထို့နောက် ဆရာမ​က ကျောင်းသား​အားလုံး​ကို ဤသို့​ပြော​သည်– “မင်းတို့​လေး​တွေ ရာ​ချာ​လို​အကျင့်ကောင်း​လာဖို့ ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်​ဖို့​လို​လိမ့်မယ်။”

ခရစ်ယာန်​လူငယ် ထောင်ပေါင်း​များစွာတို့သည် ယေဟောဝါ​ကို ပိုမို​သိကျွမ်း​လာကြပြီး ကိုယ်တော်​၏​အလိုတော်ကို​ဆောင်​နေကြ​သည်ကို တွေ့ မြင်ရ​ခြင်း​မှာ စိတ်​ကြည်နူး​စ​ရာ​ပင်​ဖြစ်၏။ အဆိုပါ ရည်​မွန်​သူ​လူငယ်များသည် သူတို့​အသက်အရွယ်​နှင့်​မလိုက်​အောင် ဉာဏ်ပညာ​ရှိကြသည်။ ဘုရားသခင်​သည် သူတို့၏​လက်ရှိ​အသက်တာကို အောင်မြင်​စေမည်​သာမက လာ​လတ္တံ့​သော​ကမ္ဘာသစ်​တွင် ဂုဏ်​အသရေရှိသော​အနာဂတ်​ရရှိ​စေနိုင်​ပါ​သည်။ (၁ တိမောသေ ၄:၈) မကျေမနပ်​ဖြစ်​ပြီး စိတ်​အလိုမကျ​သည့် လူငယ်များ​ပြည့်နှက်​လျက်​ရှိသော လက်ရှိ​အစီအစဉ်​စနစ်​၏ ဝိညာဉ်​ရေး​လွင်တီးခေါင်​တွင် ခရစ်ယာန်​လူငယ်များသည် အလွန်​ကွဲပြား​ခြားနား​ပြီး လန်းဆန်းမှု​များစွာ​ရှိစေ​ကြသည်။