စစ်ပြီးကာလ တိုးချဲ့မှုတွင် ပါဝင်ခွင့်ရ
ဘဝအတ္ထုပ္ပတ္တိ
စစ်ပြီးကာလ တိုးချဲ့မှုတွင် ပါဝင်ခွင့်ရ
ဖိလစ် အက်စ်. ဟော့ဖ်မန် ပြောပြသည်
၁၉၄၅ ခုနှစ် မေလမှာ ဒုတိယကမ္ဘာစစ် ပြီးရုံလေးပဲရှိသေးတယ်။ အဲ့ဒီ ဒီဇင်ဘာလမှာ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲရတဲ့ နေသန် အိပ်ခ်ျ. နောရ်ဟာ သူ့ရဲ့အတွင်းရေးမှူး၊ အသက် ၂၅ နှစ်အရွယ် မီလ်တန် ဂျီ. ဟဲန်ရှယ်လ်နဲ့အတူ ဒိန်းမတ်နိုင်ငံကို အလည်အပတ် ရောက်လာကြတယ်။ ထက်သန်စွာစောင့်မျှော်ခဲ့ရတဲ့ အဲဒီလည်ပတ်မှုအတွက် ခန်းမကြီးတစ်ခု ငှားရမ်းထားတယ်။ ကျွန်တော်တို့လူငယ်တွေအတွက် ညီအစ်ကိုဟဲန်ရှယ်လ်ရဲ့ ဟောပြောချက်ဟာ အထူးစိတ်ဝင်စားစရာကောင်းတယ်။ သူက ကျွန်တော်တို့နဲ့ ရွယ်တူဖြစ်ပြီး သူ့ခေါင်းစဉ်က “အသက်ပျိုစဉ်အခါ သင့်ဖန်ဆင်းရှင်ကို အောက်မေ့လော့” ဖြစ်လို့ပဲ။—ဒေ. ၁၂:၁။
ကမ္ဘာချီဟောပြောခြင်းလုပ်ငန်း တိုးတက်ဖို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ လုပ်ငန်းတွေ စီစဉ်နေတဲ့အကြောင်း၊ အဲ့ဒီအစီအစဉ်မှာ ကျွန်တော်တို့လည်း ပါဝင်နိုင်တယ်ဆိုတဲ့အကြောင်း သူတို့လည်ပတ်စဉ် ကျွန်တော်တို့သိလိုက်ရတယ်။ (မဿဲ ၂၄:၁၄) ဥပမာအနေနဲ့ ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွက် အမျိုးသားအမျိုးသမီးငယ်တွေကို လေ့ကျင့်ပေးဖို့ အမေရိကန်နိုင်ငံမှာ ကျောင်းသစ်တစ်ခုဖွင့်မယ်။ တကယ်လို့ ကျွန်တော်တို့ဖိတ်ခေါ်ခံရမယ်ဆိုရင် “အသွားလက်မှတ်ပဲ” ရမယ်၊ ဘယ်ကိုရောက်မယ်ဆိုတာကိုလည်း ကြိုတင်သိရမှာမဟုတ်ဘူးလို့ ညီအစ်ကိုနောရ်က အလေးအနက်ပြု ပြောကြားခဲ့တယ်။ ဒါတောင် ကျွန်တော်တို့ထဲက တချို့ လျှောက်လွှာတင်ကြတယ်။
ဒုတိယကမ္ဘာစစ်ပြီးနောက် ဖြစ်ပျက်ခဲ့တဲ့ တွေ့ ကြုံမှုတွေကို ကျွန်တော်မပြောခင် ကျွန်တော့်ကိုမွေးတဲ့ ၁၉၁၉ ခုနှစ်ကို ပြန်သွားကြည့်ကြပါစို့။ အဲ့ဒီစစ်မဖြစ်ခင်နဲ့ စစ်အတောအတွင်း အဖြစ်အပျက်အတော်များများက ကျွန်တော့်ဘဝကို အကြီးအကျယ် ဩဇာလွှမ်းမိုးခဲ့တယ်။
လူ့ ခွစာထံမှ ကျမ်းစာအမှန်တရားရ
အမေဟာ သားဦးဖြစ်တဲ့ ကျွန်တော့်ကို ကိုယ်ဝန်လွယ်ထားစဉ် သားယောက်ျားလေးဆိုရင် ခရစ်ယာန်သာသနာပြု ဖြစ်လာပါစေလို့ ဆုတောင်းခဲ့တယ်။ အမေ့အစ်ကိုက ယေဟောဝါသက်သေလို့ နောက်ပိုင်းမှာခေါ်ခဲ့ကြတဲ့ ကျမ်းစာကျောင်းသားတစ်ယောက်ဖြစ်တယ်၊ ဒါပေမဲ့ မိသားစုက သူ့ကို လူ့ခွစာလို့ သဘောထားတယ်။ ကျွန်တော်တို့ရဲ့အိမ်က ကိုပင်ဟေဂင်မြို့အနားမှာ၊ ဒါကြောင့် အဲဒီမြို့မှာ ကျမ်းစာကျောင်းသားတွေရဲ့ နှစ်ပတ်လည်စည်းဝေးကြီးတွေ ကျင်းပတိုင်း ရပ်ဝေးမှာနေတဲ့ သူ့အစ်ကို,ကို အမေက ကျွန်တော်တို့ဆီ လာတည်းခိုင်းတယ်။ အန်ကယ်လ်သောမတ်စ်ရဲ့ ကျမ်းစာအသိပညာနဲ့ ယုတ္တိရှိရှိရှင်းလင်းချက်တွေကြောင့် ၁၉၃၀ ပြည့်နှစ်လောက်မှာ အမေလည်း ကျမ်းစာကျောင်းသားတစ်ယောက်ဖြစ်လာတယ်။
အမေဟာ သမ္မာကျမ်းစာကို မြတ်နိုးခဲ့တယ်။ ဒါကြောင့် တရားဟောရာ ၆:၇ မှာပါတဲ့ ပညတ်ချက်အတိုင်း ကျွန်တော့်ရဲ့ညီမနဲ့ ကျွန်တော့်ကို ‘အိမ်မှာထိုင်နေတဲ့အခါ၊ လမ်းလျှောက်နေတဲ့အခါ၊ လှဲလျောင်းနေတဲ့အခါ၊ အိပ်ရာထတဲ့အခါ’ အမြဲသွန်သင်ပေးတယ်။ ကြာလာတော့ ကျွန်တော်လည်း တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းမှာ စပြီးပါဝင်လာတယ်။ ချာ့ခ်ျမှာသင်ပေးတဲ့ မသေနိုင်တဲ့စိုးလ်၊ မီးငရဲစတဲ့အကြောင်းတွေကို ဆွေးနွေးရတာ ကျွန်တော်တကယ်ပျော်တယ်။ အဲဒီသွန်သင်ချက်တွေ မှားတယ်ဆိုတာကို ကျမ်းစာကနေ ထိထိမိမိ ထောက်ပြနိုင်ခဲ့တယ်။—ဆာလံ ၁၄၆:၃၊ ၄; ဒေ. ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄။
ကျွန်တော်တို့မိသားစု စည်းလုံးလာ
၁၉၃၇ ခုနှစ်က ကိုပင်ဟေဂင်မြို့မှာ စည်းဝေးကြီးပြီးတာနဲ့ ယေဟောဝါသက်သေတွေရဲ့ ဒိန်းမတ်ဌာနခွဲရုံး၊ စာပေသိုလှောင်ရုံမှာ ယာယီအကူအညီလိုနေတယ်။ ကျွန်တော်လည်း စီးပွားရေးကောလိပ်တက်ပြီးလို့ အားနေတာနဲ့ ကူညီပေးခဲ့တယ်။ အဲ့ဒီနေရာမှာ အကူအညီမလိုတော့တဲ့အခါ ဌာနခွဲရုံးမှာ ကူညီပေးဖို့ ပြောတယ်။ ဒါနဲ့ပဲ ကျွန်တော် နှစ်ခြင်းမခံရသေးပေမဲ့ အိမ်ကနေထွက်လာပြီး ကိုပင်ဟေဂင်ဌာနခွဲရုံးမှာ သွားနေလိုက်တယ်။ ရင့်ကျက်တဲ့ညီအစ်ကိုတွေနဲ့ နေ့တိုင်းပေါင်းဖော်ရတဲ့အတွက် ဝိညာဉ်ရေးမှာ ကျွန်တော်တိုးတက်လာတယ်။ နောက်နှစ် ၁၉၃၈ ခု၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ယေဟောဝါဘုရားသခင်ဆီ ကျွန်တော့်ကိုယ်ကိုအပ်နှံပြီး နှစ်ခြင်းခံခဲ့တယ်။
၁၉၃၉ ခုနှစ်၊ စက်တင်ဘာလမှာ ဒုတိယကမ္ဘာစစ် စခဲ့တယ်။ အဲဒီနောက် ၁၉၄၀ ပြည့်နှစ် ဧပြီ ၉ ရက်နေ့မှာ ဒိန်းမတ်နိုင်ငံကို ဂျာမန်စစ်တပ်က သိမ်းပိုက်လိုက်တယ်။ ဒိန်းမတ်နိုင်ငံသားတွေကို လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ပေးထားတဲ့အတွက် ဟောပြောခြင်းလုပ်ငန်းကို ကျွန်တော်တို့ဆက်လုပ်ကိုင်နိုင်ခဲ့တယ်။
အဲဒီအချိန်မှာ ကျွန်တော်တို့အတွက် ဝမ်းသာစရာတစ်ခု ဖြစ်ပျက်ခဲ့တယ်။ အဖေလည်း တက်ကြွ၊ တည်ကြည်တဲ့ သက်သေခံတစ်ယောက်ဖြစ်လာလို့ ကျွန်တော်တို့မိသားစု အရမ်းကိုပျော်ကြတယ်။ ဒါကြောင့် ကျွန်တော်နဲ့အတူ အခြားဒိန်းမတ်နိုင်ငံသား လေးယောက်ဟာ အဋ္ဌမအကြိမ်မြောက် ဂိလဒ်ကျောင်းတက်ဖို့ ဖိတ်စာ
ရတဲ့အခါ ကျွန်တော့်မိသားစုတစ်စုလုံးက ကျွန်တော့်ကို အားပေးတယ်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလမှာစတင်တဲ့ ငါးလကြာသင်တန်းကို နယူးယောက်မြို့ပြင် နယူးယောက်ပြည်နယ်ရဲ့ တောပိုင်းဒေသ၊ တောင်လန်စင်းမြို့ငယ်အနီး လှပတဲ့ကျောင်းဝင်းထဲမှာ ကျင်းပခဲ့တယ်။ဂိလဒ်နှင့် ဂိလဒ်သင်တန်းပြီးကာလ
ဂိလဒ်သင်တန်းတက်တဲ့အခါ ကောင်းတဲ့မိတ်ဆွေသစ်တွေ ရခဲ့တယ်။ တစ်ညနေမှာ အင်္ဂလန်ကလာတဲ့ ဟယ်ရယ်လ်ဒ်ကင်းနဲ့ ကျောင်းဝင်းထဲ အပျင်းပြေလမ်းလျှောက်ရင်း သင်တန်းပြီးရင် ဘယ်ကိုများ အပို့ခံရကြမလဲဆိုတဲ့အကြောင်း ကျွန်တော်တို့ပြောခဲ့ကြတယ်။ “ကျွန်တော့်အနေနဲ့ ဒိုဗာ ကျောက်ဆောင်ဖြူကို ဒါနောက်ဆုံးတွေ့ ခြင်းမဟုတ်တန်ပါဘူး” လို့ ဟယ်ရယ်လ်ဒ်ပြောခဲ့တယ်။ သူပြောတာမှန်တယ်၊ ဒါပေမဲ့ ၁၇ နှစ်ကြာမှ အဲ့ဒီကျောက်ဆောင်တွေကို သူပြန်တွေ့ခဲ့တယ်၊ အဲဒီနှစ်တွေအတွင်း တရုတ်ပြည်ရဲ့အကျဉ်းထောင်တစ်ခုမှာ လေးနှစ်ခွဲ တိုက်ပိတ်ခံခဲ့ရရှာတယ်! *
ကျွန်တော်တို့ကျောင်းဆင်းပြီးနောက် ယေဟောဝါသက်သေတွေကို ဝိညာဉ်ရေးဘက် ကူညီပေးဖို့ အသင်းတော်တွေဆီလည်ပတ်ရတဲ့ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ယူ.အက်စ်.အေ., တက္ကဆက်ပြည်နယ်ကို ကျွန်တော်သွားခဲ့ရတယ်။ ကျွန်တော့်ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။ တက္ကဆက်ပြည်နယ်က ညီအစ်ကိုတွေက ဂိလဒ်ကျောင်းဆင်းခါစ ဥရောပတိုက်သား ညီအစ်ကိုလေးတစ်ယောက် ရောက်လာတာကို စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ တက္ကဆက်ပြည်နယ်မှာ ခုနစ်လလောက်ပဲနေပြီးနောက် နယူးယောက်၊ ဘရွတ်ကလင်က ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကိုလာဖို့ ဖိတ်ခေါ်လိုက်တယ်။ အဲဒီမှာ ညီအစ်ကိုနောရ်က ဌာနအသီးသီးက လုပ်ငန်းဆောင်တာတွေသင်ယူဖို့ ကျွန်တော့်ကိုတာဝန်ပေးခဲ့တယ်။ အဲဒီနောက် ဒိန်းမတ်နိုင်ငံကို ကျွန်တော်ပြန်သွားတဲ့အခါ ဘရွတ်ကလင်နဲ့ တစ်ပုံစံတည်း ပြုလုပ်ဖို့ဖြစ်တယ်။ ရည်ရွယ်ချက်ကတော့ တစ်ကမ္ဘာလုံးက ဌာနခွဲရုံးတွေကို တစ်ပုံစံတည်း လုပ်ဆောင်စေဖို့ပါပဲ။ နောက်ပိုင်းမှာ ညီအစ်ကိုနောရ်က ကျွန်တော့်ကို ဂျာမနီနိုင်ငံကို သွားခိုင်းတယ်။
ဌာနခွဲရုံးများတွင် လမ်းညွှန်ချက်များ ကျင့်သုံးခြင်း
၁၉၄၉ ခုနှစ် ဇူလိုင်လမှာ ဂျာမနီနိုင်ငံ၊ ဝီစ်ဘာဒင်မြို့ကို ကျွန်တော်ရောက်တဲ့အခါ ဂျာမနီနိုင်ငံမှာ မြို့အတော်များများ ပျက်စီးနေတုန်းပဲ။ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်နေတဲ့သူတွေက ၁၉၃၃ ခုနှစ်မှာ ဟစ်တလာအာဏာသိမ်းကတည်းက နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့သူတွေဖြစ်တယ်။ တချို့ဆိုရင် အကျဉ်းထောင်နဲ့ ချွေးတပ်စခန်းတွေမှာ ရှစ်နှစ်ကနေ ဆယ်နှစ်၊ ဒါမှမဟုတ် ဒီထက်မက အကျဉ်းကျခဲ့ကြတယ်! ဒီလိုညှဉ်းဆဲခံခဲ့ရတဲ့ ယေဟောဝါကျေးကျွန်တွေနဲ့ သုံးနှစ်ခွဲ အလုပ်လုပ်ခဲ့ရတယ်။ သူတို့ရဲ့ ပြိုင်စံရှားတဲ့ပုံသက်သေက “အမျိုးသားဆိုရှယ်လစ်အာဏာရှင်၏ လက်အောက်တွင် ဤကဲ့သို့တည်ကြည်မှုရှိခဲ့သော ခရစ်ယာန်အုပ်စု၏ ပုံနမူနာမရှိလျှင် အောက်စ်ဝိခ်ျအကျဉ်းထောင်နှင့် မီးလောင်တိုက်သွင်းခြင်းကိစ္စများဖြစ်ပြီးနောက် ယေရှု၏ ခရစ်ယာန်သွန်သင်ချက်များကို လိုက်နာဖို့ဆိုသည်မှာ ဖြစ်မှဖြစ်နိုင်ခဲ့ပါမည်လောဟု ကျွန်ုပ်တို့သံသယဝင်ရပါလိမ့်မည်” လို့ ရေးသားခဲ့တဲ့ ဂျာမန်သမိုင်းပညာရှင် ဂါဘရေးလီ ရိုနန်ရဲ့ ဝေဖန်ချက်ကို သတိရစေပါတယ်။
ဌာနခွဲမှာ ကျွန်တော့်အလုပ်က ဒိန်းမတ်နိုင်ငံမှာလိုပဲ၊ အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်တွေကို တစ်ပုံစံတည်းကိုင်တွယ်ဖို့ နည်းသစ်ကို သင်ပေးဖို့ဖြစ်တယ်။ ပြုပြင်ပြောင်းလဲချက်တွေဟာ သူတို့ရဲ့လုပ်ငန်းကို အပြစ်ရှာဝေဖန်တာမဟုတ်ဘဲ ဌာနခွဲအားလုံး ဌာနချုပ်နဲ့ အရင်ကထက် ပိုပူးပူးကပ်ကပ်ဆောင်ရွက်ဖို့ အချိန်တန်ပြီဆိုတာကို ဂျာမန်ညီအစ်ကိုတွေ သိလာတာနဲ့ သူတို့အားလုံး ပူးပေါင်းလုပ်ဆောင်ကြတော့တယ်။
၁၉၅၂ ခုနှစ်မှာ ဆွစ်ဇာလန်နိုင်ငံ ဘာန်မြို့ ဌာနခွဲကို ပြောင်းရွှေ့ဖို့ ညီအစ်ကိုနောရ်ဆီကနေ ညွှန်ကြားစာရောက်လာတယ်။ ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး အဲဒီမှာ ဌာနခွဲကြီးကြပ်မှူးအဖြစ် ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ရတယ်။
ဆွစ်ဇာလန်နိုင်ငံ၌ ပျော်ရွှင်မှုအသစ်များ
ဆွစ်ဇာလန်နိုင်ငံကိုရောက်ပြီး မကြာခင် စည်းဝေးကြီးတစ်ခုမှာ အက်စတာနဲ့ တွေ့ဆုံခဲ့တယ်၊ မကြာပါဘူး ကျွန်တော်တို့ စေ့စပ်လိုက်တယ်။ ၁၉၅၄ ခုနှစ် ဩဂုတ်လမှာ ညီအစ်ကိုနောရ်က ကျွန်တော့်ကို ဘရွတ်ကလင်ကိုလာခိုင်းတယ်၊ အဲ့ဒီမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ လုပ်ငန်းသစ်တစ်ခုအကြောင်း သိလာတယ်။ ကမ္ဘာတစ်ဝန်းမှာ ဌာနခွဲရုံးအရေအတွက်နဲ့ ပမာဏ တိုးတက်လာတဲ့အတွက် အစီအစဉ်သစ်တစ်ခုကို စတင်ပြုလုပ်ကြတော့မှာဖြစ်တယ်။ ကမ္ဘာမြေကြီးကို ဇုန်တွေအဖြစ်ခွဲလိုက်ပြီး ဇုန်တစ်ခုဆီမှာ ဇုန်ကြီးကြပ်မှူးတစ်ဦးဆီ တာဝန်ယူအမှုဆောင်ကြရမယ်။ ကျွန်တော်က ဥရောပတိုက်နဲ့ မြေထဲပင်လယ်ဒေသ ဇုန်နှစ်ခုမှာ တာဝန်ထမ်းဖို့ဖြစ်တယ်။
ဘရွတ်ကလင်ကို ခေတ္တရောက်ပြီးနောက် ဆွစ်ဇာလန်ကိုပြန်လာပြီး အဲ့ဒီဇုန်လုပ်ငန်းအတွက် ပြင်ဆင်ခဲ့တယ်။ အဲ့ဒီအချိန်မှာ အက်စတာနဲ့ကျွန်တော် လက်ထပ်ပြီးလို့ ဆွစ်ဇာလန်ဌာနခွဲရုံးမှာ ကျွန်တော်နဲ့အတူ သူအမှုထမ်းခဲ့တယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံးခရီးစဉ်မှာ အီတလီ၊ ဂရိ၊ ဆိုက်ပရက်စ်၊ အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိကကမ်းရိုးတန်းက နိုင်ငံတွေ၊ စပိန်နဲ့ ပေါ်တူဂီ၊ စုစုပေါင်း ၁၃ နိုင်ငံက ခရစ်ယာန်သာသနာပြုအိမ်တွေနဲ့ ဌာနခွဲရုံးတွေဆီရောက်ခဲ့တယ်။ ဘာန်မြို့ကို ခဏပြန်သွားပြီးနောက် ပိတ်ပင်ထားတဲ့ သံကန့်လန့်ကာနိုင်ငံရဲ့ အနောက်ပိုင်းရှိ တခြားဥရောပနိုင်ငံတွေအားလုံးဆီကို ဆက်ခရီးလှည့်လည်ခဲ့ရတယ်။ ကျွန်တော်တို့ အိမ်ထောင်ကျတဲ့ပထမနှစ်မှာပဲ ခြောက်လလောက်က အိမ်နဲ့ခွဲခွာပြီး ခရစ်ယာန်ညီအစ်ကိုတွေရဲ့အကျိုးဆောင်ခဲ့ရတယ်။
အခြေအနေများပြောင်းလဲ
၁၉၅၇ ခုနှစ်မှာ အက်စတာ ကိုယ်ဝန်ရှိလာတယ်၊ ဌာနခွဲဟာ ကလေးရှိသူတွေအတွက် တည်ထောင်ထားတာမဟုတ်တဲ့အတွက် ဒိန်းမတ်ကို ပြောင်းရွှေ့ဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော့်အဖေက သူနဲ့လာနေဖို့ဖိတ်ခေါ်တယ်။ အက်စတာက ကျွန်တော်တို့ရဲ့သမီးလေး ရာကယ်လ်နဲ့ ကျွန်တော့်အဖေကိုပါ ကြည့်ရှုစောင့်ရှောက်ခဲ့တယ်။ ကျွန်တော်ကျတော့ ဆောက်ပြီးခါစ ဌာနခွဲရုံးသစ်မှာ ကူညီပေးခဲ့တယ်။ အသင်းတော်ကြီးကြပ်မှူးတွေအတွက် နိုင်ငံတော်ဓမ္မအမှုကျောင်း ပို့ချသူအဖြစ်နဲ့ ဇုန်ကြီးကြပ်မှူးအဖြစ်ပါ ဆက်အမှုထမ်းခဲ့တယ်။
ဇုန်လုပ်ငန်းဟာ ခရီးအတန်ကြာထွက်ရတဲ့ လုပ်ငန်းဖြစ်တာကြောင့် သမီးနဲ့ အတော်ကြာကြာ ခွဲခွာနေခဲ့ရတယ်။ ဒါကြောင့် အကျိုးဆက်တွေ ရှိခဲ့တယ်။ တစ်ခါက ကျွန်တော်ဟာ ပုံနှိပ်တိုက်ငယ်တစ်ခု တည်ထောင်ထားတဲ့ ပဲရစ်မြို့မှာ အချိန်အတော်ကြာကြာ နေခဲ့တယ်။ အက်စတာနဲ့ ရာကယ်လ်တို့က ကျွန်တော်နဲ့တွေ့ဖို့ ရထားနဲ့ ဂါဒျူနောကို ရောက်လာကြတယ်။ သူတို့ကို ဌာနခွဲက လီယိုပိုလ်ဒ် ဇော်န်တာနဲ့ ကျွန်တော်တို့သွားကြိုကြတယ်။ ရာကယ်လ်က ရထားတွဲပေါ်ကနေ လီယိုပိုလ်ဒ်ကိုကြည့်လိုက် ကျွန်တော့်ကိုကြည့်လိုက်နဲ့၊ နောက်ဆုံး လီယိုပိုလ်ဒ်ကို ဖက်တွယ်လိုက်ရော!
ထူးခြားတဲ့ နောက်ပြောင်းလဲမှုကြီးတစ်ခုကတော့ အသက် ၄၅ နှစ်အရွယ်မှာ မိသားစုစားဝတ်နေရေးအတွက် အချိန်ပြည့်ဓမ္မအမှုကို စွန့်ပြီး လောက
အလုပ်လုပ်ခဲ့ရတဲ့အချိန်ပဲ။ ယေဟောဝါသက်သေတွေရဲ့ ဓမ္မအမှုဆောင်တစ်ဦးအဖြစ် ကျွန်တော့်မှာရှိတဲ့ အတွေ့အကြုံနဲ့ ထုတ်ကုန်မန်နေဂျာအလုပ်ကို ရခဲ့တယ်။ အဲ့ဒီကုမ္ပဏီမှာ ကိုးနှစ်လောက်အလုပ်လုပ်ပြီး ရာကယ်လ်လည်း ကျောင်းပြီးသွားတဲ့အခါ ဘုရားသခင့်နိုင်ငံတော်ဟောပြောသူများ ပိုလိုအပ်တဲ့နေရာ ပြောင်းရွှေ့ပါဆိုတဲ့ အားပေးချက်ကို ကျွန်တော်တို့လက်ခံဖို့ ဆုံးဖြတ်ခဲ့ကြတယ်။နော်ဝေးနိုင်ငံမှာ အခွင့်အလမ်းတွေကို သုံးသပ်ပြီး အေဂျင်စီတစ်ခုမှာ အလုပ်လျှောက်ခဲ့တယ်။ အဖြေကတော့ အားရစရာမရှိဘူး။ အသက် ၅၅ နှစ်အရွယ် လူကြီးတစ်ယောက်အတွက် အလုပ်ရဖို့ မျှော်လင့်ချက်မရှိဘူး။ ဒါပေမဲ့လည်း အော့စလိုမြို့မှာရှိတဲ့ ဌာနခွဲရုံးကို ကျွန်တော်ဆက်သွယ်ခဲ့ပြီး အလုပ်ရကိုရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဒရိုးဘာခ်မြို့အနီးမှာရှိတဲ့ အိမ်တစ်လုံးကို ငှားခဲ့တယ်။ အလုပ်ရပါတယ်၊ ဒါနဲ့ပဲ နော်ဝေးနိုင်ငံမှာ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို တကယ်ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်နိုင်ခဲ့တယ်။
ပျော်ရွှင်စရာ အကောင်းဆုံးအချိန်တွေကတော့ ကျွန်တော်တို့ အသင်းတော်လိုက်နီးပါး မြောက်ဘက်မှာရှိတဲ့ ခန့်အပ်မခံရသေးတဲ့ရပ်ကွက်မှာ အမှုဆောင်ထွက်တဲ့အချိန်တွေပဲ။ အပန်းဖြေစခန်းမှာ ကျွန်တော်တို့ အိမ်ငယ်လေးတွေ ငှားပြီးနေကြတယ်၊ အဲ့ဒီသာယာတဲ့တောင်တန်းဒေသမှာ ပြန့်ကျဲနေတဲ့ စိုက်ပျိုးရေးခြံတွေကို နေ့တိုင်း အမှုဆောင်ထွက်ခဲ့ကြတယ်။ သဘောကောင်းတဲ့ အဲ့ဒီကလူတွေကို ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောပြရတာ တကယ်အားရစရာပဲ။ စာအုပ်စာတမ်းတွေအများကြီး ဝေငှခဲ့ရပေမဲ့ ပြန်လည်ပတ်မှုလုပ်ဖို့ နောက်တစ်နှစ်အထိ စောင့်ခဲ့ရတယ်။ ဒါပေမဲ့ အဲ့ဒီလူတွေက ကျွန်တော်တို့ကို မမေ့ကြဘူး! တစ်ခါ ကျွန်တော်တို့ပြန်သွားတော့ ကြာရှည်ခွဲခွာခဲ့တဲ့ မိသားစုနဲ့ ပြန်တွေ့ဆုံသလိုပဲ ဖက်ယမ်းကြိုဆိုခံခဲ့ရတာကို အက်စတာနဲ့ ရာကယ်လ်တို့ မှတ်မိနေတုန်းပဲ။ နော်ဝေးနိုင်ငံမှာ သုံးနှစ်နေထိုင်ပြီးနောက် ဒိန်းမတ်နိုင်ငံကို ကျွန်တော်တို့ပြန်လာခဲ့ကြတယ်။
မိသားစုဘဝ၏ရွှင်လန်းမှုများ
မကြာမီမှာပဲ ရာကယ်လ်ဟာ စိတ်ထက်သန်တဲ့ အချိန်ပြည့်ဓမ္မအမှုဆောင် ရှေ့ဆောင်ဖြစ်တဲ့ နီးလ်စ်ဟဝိုင်ယောနဲ့ စေ့စပ်ကြောင်းလမ်းလိုက်တယ်။ သူတို့လက်ထပ်ပြီးတဲ့နောက် နီးလ်စ်နဲ့ ရာကယ်လ်တို့ဟာ သားသမီးမရခင်အထိ ရှေ့ဆောင်ဆက်လုပ်ခဲ့ကြတယ်။ နီးလ်စ်ဟာ မိသားစုအကျိုးကို တကယ်စိတ်ဝင်စားတဲ့ ခင်ပွန်းကောင်းဖြစ်သလို ဖခင်ကောင်းလည်းဖြစ်ပါတယ်။ တစ်မနက်စောစောမှာ နေထွက်တာကိုစောင့်ကြည့်ဖို့ သူ့သားကို စက်ဘီးပေါ်တင်ပြီး ကမ်းခြေဘက် ခေါ်သွားတယ်။ အိမ်နီးချင်းတစ်ယောက်က အဲဒီမှာ သူတို့ဘာလုပ်ခဲ့ကြသလဲလို့ ကလေးကိုမေးတော့ ကလေးက “သားတို့ ယေဟောဝါကို ဆုတောင်းခဲ့တယ်” လို့ဖြေဆိုတယ်။
နောက် နှစ်အတန်ကြာတော့ ဘင်ဂျမင်နဲ့ နက်ဒ်ယာလို့ခေါ်တဲ့ ကျွန်တော်တို့ရဲ့ မြေးအကြီးနှစ်ယောက် နှစ်ခြင်းခံတာကို အက်စတာနဲ့ ကျွန်တော်တွေ့လိုက်ရတယ်။ အဲ့ဒီအချိန်မှာ နီးလ်စ်က ကျွန်တော့်ရှေ့လာရပ်ပြီး “ယောက်ျားမှန်ရင် မငိုကြေး” လို့ပြောတယ်။ ဒါပေမဲ့လည်း တစ်အောင့်လောက်ကြာတော့ ကျွန်တော်တို့ နှစ်ယောက်စလုံးဖက်ပြီး ငိုကြရော။ အတူတူရယ်နိုင်၊ ငိုနိုင်တဲ့ သမက်တစ်ယောက်ရထားတာ တကယ်ဝမ်းသာဖို့ကောင်းတယ်!
ယခုထက်တိုင် အခြေအနေများနှင့် လိုက်လျောညီထွေနေရခြင်း
အက်စတာနဲ့ကျွန်တော် ဒိန်းမတ်ဌာနခွဲမှာ ပြန်ပြီးအမှုထမ်းဖို့ ဖိတ်ခေါ်ခံရတဲ့အခါ နောက်ထပ်ကောင်းချီးတစ်ခုရခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ပိုကြီးတဲ့ ဌာနခွဲအဆောက်အဦတစ်ခုကို ဟိုလ်ဘက်ခ်မြို့မှာ ဆောက်ဖို့စီစဉ်နေကြတယ်။ အခမယူဘဲလုပ်ဆောင်ကြတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ပဲ ဆောက်လုပ်ပြီးသွားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ကျွန်တော်ကြီးကြပ်ခွင့်ရခဲ့တယ်။ ပြင်းထန်တဲ့ဆောင်းရာသီဖြစ်ပေမဲ့ ၁၉၈၂ ခုနှစ်အကုန်မှာ အဲ့ဒီစီမံကိန်း ပြီးစီးခဲ့တယ်၊ ကျယ်ဝန်းပြီး ပိုကောင်းတဲ့ အဆောက်အဦအသစ်ထဲ ပြောင်းရွှေ့နေထိုင်ရလို့ ကျွန်တော်တို့အားလုံး ဝမ်းမြောက်ခဲ့ကြတယ်။
မကြာခင်မှာပဲ ရုံးမှာ အလုပ်များနေရလို့ ကျွန်တော်အားရကျေနပ်ခဲ့တယ်၊ အက်စတာကျတော့ တယ်လီဖုန်းအော်ပရေတာ တာဝန်ယူခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အက်စတာက တင်ပါးဆုံရိုးအစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး နောက်ထပ်တစ်နှစ်ခွဲအကြာမှာတော့ သည်းခြေအိတ်ခွဲစိတ်ကုသမှု ခံခဲ့ရပြန်တယ်။ ဌာနခွဲအမှုထမ်းတွေက ကြင်ကြင်နာနာနဲ့ ထောက်ထားစာနာမှုပြကြပေမဲ့ ဌာနခွဲကနေထွက်လိုက်ရင် ပတ်သက်နေရသူအားလုံးအတွက် ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်တို့ဆုံးဖြတ်လိုက်ကြတယ်။ ဒါနဲ့ ကျွန်တော်တို့ သမီးနဲ့ မိသားစုရှိတဲ့ အသင်းတော်ရပ်ကွက်ကို ပြောင်းရွှေ့သွားကြတယ်။
ကနေ့ အက်စတာရဲ့ကျန်းမာရေးက သိပ်မကောင်းလှဘူး။ ဒါပေမဲ့လည်း အခြေအနေတွေ ဒီလောက်ပြောင်းလဲခဲ့တဲ့ကြား ကျွန်တော်တို့အတူတူ အမှုထမ်းဆောင်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ အက်စတာဟာ တကယ်ကောင်းတဲ့ အထောက်အမ၊ အဖော်မွန်ဖြစ်တယ်လို့ ရဲရဲကြီးပြောနိုင်တယ်။ ကျန်းမာရေးချို့တဲ့လာပေမဲ့လည်း ကျွန်တော်တို့နှစ်ယောက်စလုံး ဟောပြောခြင်းလုပ်ငန်းမှာ အသင့်အတင့်ပါဝင်နေတုန်းပဲ။ ကျွန်တော့်ဘဝကို ပြန်ပြောင်းစဉ်းစားလိုက်တဲ့အခါ “အိုဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ” ဆိုတဲ့ ဆာလံဆရာရဲ့စကားကို မှတ်မိပြီး ကျေးဇူးတင်တယ်။—ဆာလံ ၇၁:၁၇။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 15 ၁၉၆၃၊ ဇူလိုင် ၁၅ ရက်နေ့ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၄၃၇-၄၂ ကိုရှု။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
၁၉၄၉ ခုနှစ်တွင် ဂျာမန်ဌာနခွဲ ဆောက်လုပ်နေစဉ် တင်ပို့လိုက်သည့် စာအုပ်စာတမ်းများကို သယ်ချနေခြင်း
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ကျွန်တော်၏အလုပ်လုပ်ဖော်များတွင် ချွေးတပ်စခန်းများမှ ပြန်လာကြသူ ဤသက်သေခံများပါဝင်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ယနေ့အက်စတာနှင့်အတူ၊ ၁၉၅၅ ခုနှစ် အောက်တိုဘာ၊ ဘာန်ဗေသလ၌ ကျွန်တော်တို့ လက်ထပ်သည့်နေ့