မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏ တိကျမှန်ကန်သော အသိပညာက နှစ်သိမ့်မှုဖြစ်စေ

ဘုရားသခင်၏ တိကျမှန်ကန်သော အသိပညာက နှစ်သိမ့်မှုဖြစ်စေ

ဘုရားသခင်​၏ တိကျ​မှန်ကန်သော အသိပညာက နှစ်သိမ့်မှု​ဖြစ်စေ

ဘုရားသခင်​၏ မေတ္တာ​နှင့် သနား​ကြင်နာ​ခြင်း​အကြောင်း သမ္မာကျမ်းစာ​၏​ဖော်ပြချက်​က လူ​အချို့​အတွက် စိတ်ရှုပ်​ထွေး​စ​ရာ​မေးခွန်းများ ပေါ်ပေါက်​စေ​သည်။ သူတို့က ဘုရားသခင်​သည် မကောင်းမှုကို ဖယ်ရှား​လို​ပြီး မည်သို့​ဖယ်ရှား​ရမည်ကို သိရှိ​သည့်​အပြင် ဖယ်ရှား​နိုင်​သည့် တန်ခိုး​လည်း​ရှိ​လျက်​ကယ် မကောင်းမှု​များ အဘယ်ကြောင့် ဆက်​ရှိနေ​ရသနည်း​ဟု မေးခွန်းထုတ်​ကြသည်။ သူတို့​အတွက် ပြဿနာ​ကား (၁) ဘုရားသခင်​သည် တန်ခိုး​အကြီးဆုံး​အရှင်ဖြစ်​သည်; (၂) ဘုရားသခင်​သည် မေတ္တာ​ရှိပြီး ကောင်းမြတ်​တော်​မူ​သည်; (၃) ဆင်းရဲ​ခက်ခဲ​မှုများ ဆက်​ဖြစ်ပွား​နေသည်​ဟူသော အချက်​သုံးချက်​ကို သဟဇာတ​ဖြစ်စေ​ရန်ဖြစ်​၏။ နောက်ဆုံး​အချက်​ကို သိသာ​ထင်ရှား​စွာ​တွေ့မြင်​နေရ​ရာ ကျန်​နှစ်ချက်​မှ အနည်းဆုံး​တစ်ချက်​သည် မမှန်ကန်​နိုင်​ဟု သူတို့​ဆင်ခြေပေး​ကြသည်။ သူတို့က ဘုရားသခင်​သည် မကောင်းမှုကို မတားဆီး​နိုင်​၍​ဖြစ်​မည် သို့​မဟုတ် ဂရုမစိုက်​၍​ဖြစ်​မည်​ဟု ထင်မြင်​ကြ​၏။

နယူးယောက်​မြို့ရှိ ကမ္ဘာ့​ကုန်သွယ်​ရေး​ဗဟို​ဌာန ပျက်စီး​ပြီး​နောက် ရက်​အတန်ကြာ​တွင် အမေရိကန်​ပြည်ထောင်စု​မှ အထင်ကရ​ခရစ်ယာန်​ဘာသာရေး​ခေါင်းဆောင်​တစ်ဦး​က ဤသို့​ပြော​ခဲ့​သည်– “ဝမ်းနည်း​ကြေကွဲမှု​နဲ့ ဆင်းရဲ​ခက်ခဲ​မှု​ကို ဘုရားသခင် ဘာကြောင့် ခွင့်ပြု​ထား​ရသလဲ​ဆိုပြီး ကျွန်တော့်​ကို . . . ခဏ​ခဏ​မေးကြတယ်။ ကျွန်တော်​ကိုယ်တိုင် ကျေနပ်​လောက်​တဲ့ အဖြေကို အပြည့်အစုံ​မသိ​ဘူးလို့ အမှန်အတိုင်း ဝန်ခံ​ရမယ်။”

ဤသို့​ဖြေဆိုခြင်း​နှင့်​ပတ်သက်​၍ ခရစ်ယာန်​ဓမ္မ​ပညာ ပါမောက္ခ​တစ်ဦး​က ထို​ခရစ်ယာန်​ဘာသာရေး​ခေါင်းဆောင် ဟောပြော​သည့် “ခြေမြစ်​ခိုင်လုံ​သော ဓမ္မ​ပညာရပ်” ကို​သဘောကျ​သည်​ဟု ရေးသားခဲ့​၏။ ထို့​ပြင် “ဆင်းရဲ​ခက်ခဲ​မှု​ဖြစ်​ရခြင်း​ကို နားမလည်​နိုင်​ခြင်း​သည် ဘုရားသခင်​ကို နားမလည်​နိုင်သော အကြောင်း​တစ်​ကြောင်း​ဖြစ်သည်” ဟူ၍​ရေးသားခဲ့​သည့် ပညာရှင်​တစ်ဦး၏​အမြင်ကို​လည်း သူ​ထောက်ခံ​ခဲ့​သည်။ သို့သော် မကောင်းမှုကို ဘုရားသခင် ခွင့်ပြု​ထား​ရသည့် အကြောင်းရင်းကို တကယ်​နားမလည်​နိုင်ပြီ​လော။

မကောင်းမှု​၏​ရင်းမြစ်

ခရစ်ယာန်​ဘာသာရေး​ခေါင်းဆောင်​များ ပြောဆို​သည့်​စကား​နှင့်​မတူဘဲ သမ္မာကျမ်းစာ​က မကောင်းမှုကို ဘုရားသခင်​ခွင့်ပြု​ရခြင်း​ကို နားမလည်​နိုင်​ဟူ၍ မဖော်​ပြ​ချေ။ မကောင်းမှု​အကြောင်းကို နားလည်​ရန် အဓိက​အချက်​တစ်ချက်​မှာ ယေဟောဝါ​သည် ဆိုးညစ်သော​လောကကို မဖန်ဆင်း​ခဲ့​ကြောင်း အသိအမှတ်ပြု​ရန်ဖြစ်​သည်။ ကိုယ်တော်​သည် အပြစ်​မပါဘဲ စုံလင်သော ပထမ​လူသား​မောင်နှံ​ကို ဖန်ဆင်း​တော်​မူ​ခဲ့​၏။ ယေဟောဝါ​သည် မိမိ၏​ဖန်ဆင်း​ခြင်း​လက်ရာတော်​ကို ကြည့်ရှု​၍ “အလွန်​ကောင်း​သည်” ကို​တွေ့မြင်​ခဲ့​သည်။ (ကမ္ဘာဦး ၁:၂၆၊ ၃၁) အာဒံ​နှင့် ဧဝ​တို့အတွက် ကိုယ်တော်​၏​ရည်ရွယ်ချက်မှာ မြေတစ်ပြင်လုံး​ကို ဧဒင်​ပရဒိသု​အဖြစ် တိုးချဲ့​သွား​ရန်​နှင့် ကိုယ်တော်​၏​မေတ္တာပါ စကြဝဠာ​ပိုင်သ​အုပ်စိုးမှု​၏ ကာကွယ်​မှု​အောက်တွင် ပျော်ရွှင်သူ​များ နေထိုင်သွား​ရန်ဖြစ်​သည်။—ဟေရှာယ ၄၅:၁၈

မူလအစ​က ဘုရားသခင်​အပေါ် တည်ကြည်​ခဲ့​သော်လည်း နောက်ပိုင်း​တွင် ဝတ်ပြု​ကိုးကွယ်​ခံ​လို​စိတ် တဖြည်းဖြည်း​ပေါ်ပေါက်​လာ​သည့် . . . ဝိညာဉ်​သတ္တဝါ​တစ်ပါး​ကြောင့် မကောင်းမှု စတင်​ဖြစ်ပေါ်​လာ​လေ​သည်။ (ယာကုပ် ၁:၁၄၊ ၁၅) ကမ္ဘာ​ပေါ်​တွင် သူ၏​ပုန်ကန်မှု​သည် ဘုရားသခင်​ကို သူနှင့်​အတူ​ဆန့်ကျင်​ရန် ပထမ​လူသား​မောင်နှံ​ကို ဩဇာ​လွှမ်းမိုးချိန်​က ပေါ်လွင်​ထင်ရှား​ခဲ့​၏။ အာဒံ​နှင့်​ဧဝ​တို့သည် ကောင်း​မကောင်း​သိကျွမ်းရာ​အပင်​၏​အသီးကို မစား​ရ​ဟူသော ဘုရားသခင်​၏​ရှင်းလင်း​ပြတ်သား​သော​အမိန့်​ကို နာခံ​မည့်​အစား ခူးစား​ကြ​လေ​သည်။ (ကမ္ဘာဦး ၃:၁-၆) ထိုသို့​ပြုလုပ်ခြင်း​အားဖြင့် သူတို့သည် ဘုရားသခင်​ကို အာခံ​ရုံ​မ​က ကိုယ်တော်​၏​လက်အောက်ခံ​ဘဝ​မှ လွတ်မြောက်​လို​စိတ်​ရှိကြောင်း ဖော်ပြ​သည်။

ကိုယ်ကျင့်တရား​ကိစ္စ ပေါ်ပေါက်​ခဲ့

ဧဒင်​အရပ်​တွင် ဤ​ပုန်ကန်မှု​ကြောင့် ကိုယ်ကျင့်တရား​ကိစ္စ​ဖြစ်သည့် စကြဝဠာ​နှင့်​ချီ​၍ အရေးပါသော​စိန်ခေါ်ချက်​တစ်ရပ် ပေါ်ပေါက်​လာ​ခဲ့​သည်။ လူ့​ပုန်ကန်မှု​ကြောင့် ယေဟောဝါ​သည် ဖန်ဆင်း​ထားသော သတ္တဝါများ​အပေါ် လျောက်ပတ်​စွာ​အုပ်ချုပ်​သည်၊ မ​အုပ်ချုပ်​သည်​နှင့်​ပတ်သက်​၍ မေးခွန်း​ပေါ်ပေါက်​ခဲ့​၏။ ဖန်ဆင်း​ရှင်​သည် လူသားများ​ထံ​မှ အပြည့်အဝ​နာခံမှု တောင်းဆို​ခွင့်​ရှိသလော။ လူတို့သည် လွတ်လပ်​စွာ​ပြုမူ​လျှင် သာ၍​ကောင်းစား​မည်​လော။

ယေဟောဝါ​သည် ချစ်ခြင်း၊ တရား​မျှတခြင်း၊ ဉာဏ်ပညာ​နှင့် တန်ခိုးတော်​ကို အပြစ်ဆိုဖွယ်​မရှိ ဟန်ချက်ညီ​ညီ ထင်ရှားစေ​သည့်​နည်းဖြင့် ကိုယ်တော်​၏​အုပ်ချုပ်မှု​နှင့်​ဆိုင်သော ဤ​စိန်ခေါ်ချက်​ကို ကိုင်တွယ်​ဖြေရှင်း​ခဲ့​သည်။ ကိုယ်တော်​၏​တန်ခိုး​ကို အသုံးပြု၍ ထို​ပုန်ကန်မှု​ကို ချက်ချင်း ချေမှုန်း​နိုင်​ခွင့်​ရှိရာ ထိုသို့​ပြုမူခြင်း​သည် တရား​မျှတ​ပုံ​ပေါက်​ပေမည်။ သို့သော် ထိုသို့​ပြု​ခဲ့​ပါ​မူ ပေါ်ပေါက်​လာ​သည့် ကိုယ်ကျင့်တရား​မေးခွန်းများကို ဖြေဆို​ရာ​ရောက်မည်​မဟုတ်​ချေ။ အခြား​တစ်ဖက်​တွင်​မူ၊ ဘုရားသခင်​သည် ထို​အပြစ်ကို လျစ်လျူရှု​ထား​လိုက်​လျှင်​လည်း ရသည်။ ယနေ့ လူ​အချို့​က ထိုသို့​ပြုခြင်း​သည် မေတ္တာ​ရှိ​လမ်းစဉ်​ဖြစ်သည်ဟု ယူမှတ်​ပေ​လိမ့်​မည်။ သို့​တိုင် ယင်း​သို့​ပြုခြင်း​သည်လည်း လူ​တို့​ဘာသာ​အုပ်ချုပ်​ခြင်း​က သာ၍​ကောင်း​မည်​ဟူသော စာတန်​၏​အဆိုကို ချေဖျက်​နိုင်​မည်​မဟုတ်​ချေ။ ထို့​ပြင် ဤသို့​ပြုလုပ်ခြင်း​သည် အခြား​သူများကို​ပင် ယေဟောဝါ​၏​လမ်းစဉ်​မှ သွေဖည်​သွားစေရန် အားပေး​ရာ​ကျ​မည်​မဟုတ်ပေ​လော။ ယင်း​၏​အကျိုးဆက်​သည် ဆင်းရဲ​ခက်ခဲ​မှု​ကို အဆုံးတိုင်​စေ​တော့​မည်​မဟုတ်ပေ။

ယေဟောဝါ​သည် ကိုယ်တော်​၏​ဉာဏ်ပညာ​ဖြင့် လူ​တို့ကို အတန်ကြာ​အထိ ကိုယ့်​လမ်း​ကိုယ် လျှောက်​ခွင့်ပြု​ခဲ့ပြီ။ ဤသို့​ပြုခြင်း​ကြောင့် မကောင်းမှုကို ယာယီ​တည်ရှိ​ခွင့်ပြု​ထား​သည်​မှန်​သော်လည်း လူသားများ​သည် အဘယ်အရာ​မှန်သည်၊ မှား​သည်ကို ကိုယ်ပိုင်​စံနှုန်း​များ​အတိုင်း ဆုံးဖြတ်ပြီး အသက်ရှင်ခြင်း​အားဖြင့် ဘုရားသခင်​ထံ​မှ သီးခြား​နေ၍ မိမိတို့​ဘာသာ အောင်မြင်စွာ​အုပ်ချုပ်​နိုင်​သည်၊ မ​အုပ်ချုပ်​နိုင်​သည်ကို ဖော်ပြ​ရန် အခွင့်အရေး​ရရှိခဲ့​ကြသည်။ ရလဒ်​ကား​အဘယ်နည်း။ စစ်မှု၊ မတရားမှု၊ နှိပ်စက်​ကလူ​ပြု​မှု​နှင့် ဆင်းရဲမှု​တို့​က လူ့​သမိုင်း​ကို တစ်သမတ်တည်း​ဖော်ပြ​ခဲ့​ကြသည်။ ယေဟောဝါ​အား ပုန်ကန်မှု မအောင်မြင်​ကြောင်း လုံးလုံး​ထင်ရှား​သည့်​အချိန်တွင် ဧဒင်ဥယျာဉ်​၌​ပေါ်ပေါက်​ခဲ့​သော အရေးကိစ္စ​သည် တစ်ကြိမ်​တည်း​နှင့်​အပြီး ဖြေရှင်း​ပြီး​သား​ဖြစ်သွား​မည်။

ကြားကာလ​တွင် ဘုရားသခင်​သည် မိမိ၏​သားတော်​ယေရှု​ခရစ်​အားဖြင့် ရွေးနုတ်ဖိုး​ပြင်ဆင်​ပေးခြင်း​ဖြင့် မေတ္တာတော်ကို​ပြသ​ခဲ့​သည်၊ ဤ​သားတော်​က​လည်း ရွေးနုတ်ဖိုး​ယဇ်​အဖြစ် မိမိ၏​လူ့​အသက်ကို စွန့်လွှတ်​ခဲ့​သည်။ ယင်းက အာဒံ​၏​နာမခံ​မှု​ကြောင့် ဖြစ်ပေါ်​လာ​သည့် အပြစ်​နှင့်​သေခြင်း​အောက်​မှ နာခံမှု​ရှိသော လူသားများ​ကို လွတ်မြောက်​စေနိုင်​၏။ ရွေးနုတ်ဖိုး​က ယေရှု​အား ယုံကြည်သူ​အပေါင်းကို ထာဝရ​အသက်​ရရှိစေရန် လမ်းဖွင့်​ပေး​ခဲ့​သည်။—ယောဟန် ၃:၁၆

လူ့​ဆင်းရဲ​ခက်ခဲ​မှု​သည် ခေတ္တ​ယာယီ​မျှ​ဖြစ်​ကြောင်း ယေဟောဝါ​၏​အာမခံချက်ကို ရရှိ​ထား​ကြ​သဖြင့် နှစ်သိမ့်မှု​ရနိုင်​သည်။ “ခဏ​ကြာပြီး​မှ မတရားသော​သူသည်​မရှိ​ရ။ သူ၏​နေရာကို စေ့စေ့​ရှာ၍​မ​တွေ့ရ။ စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်” ဟု​ဆာလံဆရာ​ရေးသားခဲ့​၏။—ဆာလံ ၃၇:၁၀၊ ၁၁

လုံခြုံမှု​နှင့် ပျော်ရွှင်မှု​ရှိ အနာဂတ်

သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​များ ပြည့်စုံ​လာ​ခြင်း​က ဖျားနာခြင်း၊ ဝမ်းနည်းခြင်း​နှင့် သေခြင်း​တို့ကို ဘုရားသခင် အဆုံးတိုင်​စေရန် လက်တစ်ကမ်း​သာ​လို​တော့​ကြောင်း ဖော်ပြ​၏။ အဆင်းအာရုံ​တစ်ခု​တွင် တမန်​တော်​ယောဟန်​မြင်တွေ့ခဲ့​ရသည့် အံ့ချီးဖွယ်​မြင်ကွင်း​ကို သတိပြုပါ။ “ကောင်းကင်သစ်​နှင့် မြေကြီး​သစ်​ကိုလည်း ငါ​မြင်​၏။ အဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ရှေး​ကောင်းကင်​နှင့် ရှေး​မြေကြီး​သည် ရွေ့သွား​ကြပြီ။ ထို​အခါ​မှ​စ၍ သမုဒ္ဒရာ​မရှိ။ . . . ဘုရားသခင်​သည် ကိုယ်တော်တိုင် [လူသား] တို့​နှင့်အတူ​ရှိ​နေ၍ သူတို့၏​ဘုရားသခင်​ဖြစ်​တော်​မူ​မည်။ ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ” ဟု​သူ​ရေးသားခဲ့​သည်။ ဤ​ကတိတော်​ကို ယုံကြည်​စိတ်ချ​ရ​ကြောင်း အလေးအနက်​ဖော်ပြ​လို​၍ ယောဟန်​အား “တစ်ဖန်​တုံ​ရေးထား​လော့။ ဤ​စကား​သည် သစ္စာ​စကား၊ ဟုတ်မှန်​သော​စကား​ဖြစ်၏” ဟု​ကြား​ပြော​ခဲ့​သည်။—ဗျာ. ၂၁:၁-၅

ဧဒင်​အရပ်​တွင် ပုန်ကန်မှု​ကြောင့် သေဆုံး​ခဲ့​ကြ​ရသည့် သန်းပေါင်း​များစွာသော အပြစ်မဲ့​သူများ​ကော အသို့နည်း။ ယခု သေခြင်း​၌ အိပ်ပျော်​နေကြ​သူများကို ပြန်လည်​အသက်ရှင်​စေမည်​ဟု ယေဟောဝါ ကတိ​ထား​တော်​မူ​သည်။ တမန်​တော်​ပေါလု​က “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ ထမြောက်​ကြလိမ့်မည်​ဟူ၍ . . . ဘုရားသခင်​ကို​အမှီပြု၍ မျှော်လင့်​ပါ​၏” ဟု​ပြော​ခဲ့​သည်။ (တမန်​တော် ၂၄:၁၅) ဤ​သူများ​သည် “ဖြောင့်မတ်ခြင်း​တရား​တည်နေရာ” ကမ္ဘာ​ပေါ်​တွင် အသက်ရှင်ခွင့်​ရရှိကြလိမ့်မည်။—၂ ပေတရု ၃:၁၃

မေတ္တာ​ရှိသော ဖခင်​တစ်ဦး​သည် ရေရှည်​အကျိုးကို​သိရှိ​ထား​၍ မိမိ၏​ကလေး​အား နာကျင်​သော​ခွဲစိတ်​ကုသမှု ခံယူ​ခွင့်ပြု​သကဲ့သို့ ယေဟောဝါ​သည်လည်း လူသားများ​အား ကမ္ဘာ​ပေါ်​တွင် မကောင်းမှုကို ခေတ္တ​ယာယီ ကြုံတွေ့​စေ​ခွင့်ပြု​ခဲ့​၏။ သို့သော် ဘုရားသခင်​၏​အလိုတော်ကို ကြိုးစား​လုပ်ဆောင်​သူများ​အတွက် ထာဝရ​ကောင်းချီး​များ အရန်​သင့်​ရှိသည်။ ပေါလု​ဤသို့​ရှင်းပြသည်– “ဤ​လောကသည် အနိစ္စ [မတည်မြဲ​သော]နိုင်ငံ​သို့ အလိုလို​လိုက်​သည်မဟုတ်။ ဘုရားသခင်​သားတို့​၏ ထူးမြတ်​သော​လွတ်ခြင်း​ချမ်းသာ​တည်း​ဟူသော ဖောက်ပြန်​ပျက်စီးခြင်း အနှောင်အဖွဲ့​မှ ကယ်လွှတ်​ခြင်း​ချမ်းသာ​ကို ဝင်စား​မည်​ဟု မျှော်လင့်​ရသော​အခွင့်​ကို​ပေး​၍ အနိစ္စ [မတည်မြဲ​သော]နိုင်ငံ​သို့ လိုက်​စေတော်မူ​သော​သူ၏ အလိုတော်​ကြောင့်​သာ လိုက်ရ​၏။”—ရောမ ၈:၂၀၊ ၂၁

ဤ​သတင်း​သည် ရုပ်မြင်သံကြား​မှ တွေ့မြင်​ရသော၊ သတင်းစာ​တွင် ဖတ်ရှု​ရသော သတင်း​များနှင့်​မတူဘဲ တကယ်​သတင်းကောင်း​ဖြစ်​ပေ​သည်။ ကျွန်ုပ်​တို့ကို အမှန်တကယ်​ဂရုစိုက်​တော်​မူ​သော “သက်သာခြင်း [“နှစ်သိမ့်ခြင်း၊” က​ဘ] အမျိုးမျိုး​တို့၏​အရှင်” ထံ​မှ​လာသော အကောင်းတကာ့​အကောင်းဆုံး​သတင်း​ဖြစ်​သတည်း။—၂ ကောရိန္သု ၁:၃

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

လူတို့သည် ဘုရားသခင်​နှင့်​သီးခြားနေ​ပြီး မိမိတို့​ဘာသာ အောင်မြင်စွာ​မ​အုပ်ချုပ်​နိုင်​ကြောင်း အချိန်​က​ဖော်ပြ​ခဲ့

[Credit Lines]

Somalian family: UN PHOTO 159849/M. GRANT; atom bomb: USAF photo; concentration camp: U.S. National Archives photo