မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် နာခံမှုရှိသူများကို ကောင်းချီးပေး၍ ကာကွယ်တော်မူ၏

ယေဟောဝါသည် နာခံမှုရှိသူများကို ကောင်းချီးပေး၍ ကာကွယ်တော်မူ၏

ယေဟောဝါ​သည် နာခံမှု​ရှိသူ​များ​ကို ကောင်းချီး​ပေး​၍ ကာကွယ်​တော်​မူ​၏

“ငါ့​စကား​ကို​နားထောင်​သော​သူ​မူ​ကား လုံခြုံစွာ​နေ၍ ဘေး​ကို​မကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်။”—သု. ၁:၃၃

၁၊ ၂။ ဘုရားသခင်​အား နာခံခြင်း​သည် အဘယ်ကြောင့်​အရေးကြီး​သနည်း။ ဥပမာ​ပေး​ပါ။

အမွေးပွ​ပွ၊ အဝါရောင်​ကြက်ပေါက်စ​လေး​များသည် ဝေ​ဟ​င်​ထက် သိမ်းငှက်​တစ်ကောင် ပျံဝဲ​နေသည်​ကို လုံးလုံး​သတိမမူ​ဘဲ မြက်​ပင်​တို​များ​ကြား အစာ​ရှာဖွေ​စား​ရင်း အလုပ်​ရှုပ်​နေကြ​သည်။ မိခင်​ကြက်မ​ကြီး​သည် အထိတ်တလန့်​ဖြင့် ရုတ်တရက် အချက်ပေး​ခေါ်​လိုက်ပြီး သူ၏​တောင်ပံ​ကို ဖြန့်​လိုက်​လေ​သည်။ ကြက်ပေါက်စ​လေး​များသည် သူ့​ထံ​အပြေးအလွှား ရောက်လာ​ကြ​ပြီး စက္ကန့်​ပိုင်း​အတွင်း အတောင်များ​အောက် လုံခြုံစွာ​ပုန်း​နေကြ​သည်။ ထို​အခါ သိမ်းငှက်​သည် တိုက်ခိုက်​ရန်​အကြံ​ကို ဖျက်သိမ်း​လိုက်​သည်။ * အဘယ်​သင်ခန်းစာ​ရသနည်း။ နာခံမှု​သည် အသက်ချမ်းသာ​ရာ​ရစေ၏!

၎င်း​သင်ခန်းစာ​သည် အထူးသဖြင့် မျက်မှောက်ခေတ်​ခရစ်ယာန်​များ​အတွက် အရေးပါ​၏၊ အကြောင်း​မှာ စာတန်​သည် ဘုရားသခင့်​လူမျိုးတော်ကို ဖမ်းစား​ဖို့ အစွမ်းကုန်​ကြိုးစား​လျက်​ရှိသောကြောင့်​ဖြစ်သည်။ (ဗျာ. ၁၂:၉၊ ၁၂၊ ၁၇) သူ၏​ပန်းတိုင်​မှာ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို ဖျက်ဆီး​ပစ်​ပြီး ယေဟောဝါ​၏​မျက်နှာသာတော်​နှင့် ထာဝရ​အသက်​ရနိုင်​ခွင့် ဆုံးရှုံး​သွားစေရန်​ဖြစ်သည်။ (၁ ပေတရု ၅:၈) သို့သော် ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့် အနီးကပ်​နေပြီး ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​နှင့် အဖွဲ့အစည်း​မှ​တစ်ဆင့်​ရရှိသော ညွှန်ကြားချက်​ကို ချက်ချင်း​တုံ့ပြန်​မည်​ဆိုလျှင် ကိုယ်တော်​၏​ကာကွယ်​စောင်မ​မှု​ခံရ​မည်​ကို စိတ်ချ​နိုင်​ကြသည်။ “အတောင်​တော်​အမွေး​နှင့်​ဖုံးအုပ်​တော်​မူ​၍ အတောင်​တော်​အောက်​၌ သင်သည်​လုံခြုံစွာ​နေရ​လိမ့်​မည်” ဟု​ဆာလံဆရာ​ရေးသားခဲ့​သည်။—ဆာလံ ၉၁:၄

နာခံမှု​မရှိသော​လူမျိုး တိုက်ခိုက်​လုယူ​ခံရ

၃။ ဣသရေလ​လူမျိုး​သည် ထပ်ခါတလဲ မနာခံ​ခဲ့​သည့်​အတွက် အကျိုးဆက်​ကား အဘယ်နည်း။

ဣသရေလ​လူမျိုး​သည် ယေဟောဝါ​ကို နာခံ​ခဲ့​စဉ် ကိုယ်တော်​သည် သူတို့ကို အမြဲ​ဂရုစိုက်​စောင့်ကြည့်​တော်​မူ​ခဲ့​သည်။ သို့သော်လည်း ထို​လူမျိုး​သည် သူတို့၏​ဖန်ဆင်း​ရှင်​ကို ကြိမ်ဖန်​များစွာ စွန့်ပြီး “ကျေးဇူး​မပြု မ​ကယ်တင်​နိုင်၊ အချည်းနှီး​ဖြစ်သော​အရာ​တို့” . . . ကို ကိုးကွယ်​လေ့​ရှိကြသည်။ (၁ ဓမ္မ​ရာဇဝင် ၁၂:၂၁) သူတို့သည် ရာစုနှစ်​ပေါင်း​များစွာ ဤသို့​ပုန်ကန်​ကြ​ပြီး​နောက် လူမျိုးတစ်မျိုး​အနေ​ဖြင့် ပြန်၍​မ​လှည့်လာ​နိုင်​တော့​သည့်​အထိ အယူဖောက်ပြန်​သွားလေသည်။ ထို့​ကြောင့် ယေရှု​ဤသို့​မြည်တမ်း​ခဲ့​ခြင်း​ဖြစ်သည်– “အို ယေရုရှလင်​မြို့၊ ယေရုရှလင်​မြို့၊ သင်သည် ပရောဖက်​တို့ကို​သတ်​မြဲ​ရှိ၏။ သင်​ရှိရာသို့​စေလွှတ်​သော​သူကိုလည်း ကျောက်ခဲ​နှင့်​ပစ်မြဲ​ရှိ၏။ ကြက်မ​သည် မိမိ​သားငယ်​တို့ကို အတောင်​အောက်​၌​စုရုံး​သကဲ့သို့ သင်၏​သားတို့​ကို​စုရုံး​စေခြင်း​ငှာ ကြိမ်ဖန်​များစွာ​ငါ​အလိုရှိ​ပြီ။ သင်တို့​မူ​ကား​အလို​မရှိ။ သင်တို့​နေသော​အိမ်သည် သင်တို့၌ လူဆိတ်ညံ​လျက်​ရှိ၏။”—မဿဲ ၂၃:၃၇၊ ၃၈

၄။ ယေရုရှလင်​မြို့ကို ယေဟောဝါ​စွန့်ပယ်​ခြင်း​သည် စီ.အီး. ၇၀ ၌ မည်သို့​ထင်ရှား​လာ​ခဲ့​သနည်း။

ဖောက်ပြန်သော​ဣသရေလ​လူမျိုး​ကို ယေဟောဝါ​စွန့်ပယ်​တော်​မူ​ကြောင်း စီ.အီး. ၇၀ တွင် ဝမ်းနည်းဖွယ်​ကောင်း​လောက်​အောင် သိသာ​ထင်ရှား​ခဲ့​သည်။ ၎င်း​နှစ်​တွင် ရောမ​စစ်တပ်​သည် လင်းယုန်​ငှက်​ရုပ် ရေးဆွဲ​ထားသော သူတို့၏​အောင်​လံ​များ​ကိုင်​ကာ ယေရုရှလင်​မြို့ထဲ ချင်းနင်းဝင်ရောက်​ပြီး ရက်ရက်စက်စက် သိမ်း​ရုံး​သတ်ဖြတ်​ခဲ့​သည်။ ထို​အချိန်တွင် မြို့ထဲ​၌ ပသခါပွဲ​ကျင်းပ​ဖို့ လူ​မြောက်မြားစွာ ရောက်ရှိ​နေကြ​သည်။ ဤသူတို့​၏ မြောက်မြား​လှ​သော ပူဇော်ရာ​ယဇ်များ​က ဘုရားသခင့်​မျက်နှာသာ မရ​စေ​ခဲ့​ချေ။ ၎င်း​သည် နာခံမှု​မရှိသော ရှောလုမင်း​အား ရှမွေလ​ပြောဆို​ခဲ့​သည့်​စကား​ကို သတိ​ရစေသည်– “ထာဝရ​ဘုရား​၏​အမိန့်တော်ကို​နားထောင်ခြင်း​၌ အားရ​တော်​မူ​သကဲ့သို့၊ မီးရှို့​ရာ​ယဇ်​အစ​ရှိသော ယဇ်မျိုး​တို့ကို​ပူဇော်​ခြင်း​၌ အားရ​တော်​မူ​မည်​လော။ အလိုတော်​သို့​လိုက်ခြင်း​သည် ယဇ်မျိုး​ထက်​သာ၍​ကောင်း​၏။ နားထောင်ခြင်း​သည် သိုးထီး​ဆီ​ဥ​ထက်​သာ၍​ကောင်း​၏။”—၁ ဓမ္မ​ရာဇဝင် ၁၅:၂၂

၅။ အဘယ်​နာခံမှု​မျိုးကို ယေဟောဝါ​တောင်းဆို​တော်​မူ​သနည်း၊ ယင်း​သို့​သော​နာခံမှု​မျိုးကို တင်ပြ​နိုင်​ကြောင်း ကျွန်ုပ်​တို့ မည်သို့​သိရ​သနည်း။

ယေဟောဝါ​သည် နာခံမှု​ကို အမြဲ​တောင်းဆို​တော်​မူ​သော်လည်း မစုံလင်​သော​လူသားများ​၌ ကန့်သတ်မှု​များ​ရှိကြောင်း ကိုယ်တော်​ကောင်းစွာ​သိတော်မူ၏။ (ဆာလံ ၁၃၀:၃၊ ၄) ကိုယ်တော်​တောင်းဆို​သည်​ကား ယုံကြည်ခြင်း၊ ချစ်ခြင်း​မေတ္တာ​နှင့် ကိုယ်တော်​မနှစ်သက်​ရာ ပြု​မိ​မည်​ကို စိုးရိမ်ခြင်း​တို့​အပေါ် အခြေပြု​သော စိတ်ရင်းမှန်​ဖြင့် နာခံမှု​ပြ​ခြင်း​ဖြစ်သည်။ (တရားဟောရာ ၁၀:၁၂၊ ၁၃; သု. ၁၆:၆; ဟေရှာယ ၄၃:၁၀; မိက္ခာ ၆:၈; ရောမ ၆:၁၇) ထိုသို့​သော​နာခံမှု​မျိုး ရှိ​နိုင်​ကြောင်း သေ​သည့်​တိုင်အောင် ကြီးမား​ခက်ခဲ​သော​စမ်းသပ်မှု​များ ရင်ဆိုင်​ကြ​ရာ​တွင် သမာဓိ​စောင့်သိ​ခဲ့​ကြ​သူ ‘ခရစ်ယာန်​ခေတ်​မတိုင်မီ​က သက်သေ​အမြောက်အမြား’ တင်ပြ​ခဲ့​ကြ​ပါ​ပြီ။ (ဟေဗြဲ ၁၁:၃၆၊ ၃၇; ၁၂:၁) ထို​သူတို့သည် ယေဟောဝါ​၏​နှလုံးကို အမှန်ပင် ရွှင်ပြုံး​စေ​ခဲ့​ကြသည်​တကား! (သု. ၂၇:၁၁) အခြားသူများ​မှာ​မူ အစပိုင်း​တွင် တည်ကြည်မှု​ရှိကြ​သော်လည်း နာခံမှု​ကို အဆုံးတိုင်​မပြ​ခဲ့​ကြ​ချေ။ ဤသူတို့​တွင် တစ်ဦး​မှာ ရှေးခေတ်​ယုဒဘုရင် ယောရှ​ဖြစ်သည်။

မကောင်းသော​အပေါင်းအသင်း​များ​ကြောင့် ပျက်စီး​ခဲ့​သော​ရှင်ဘုရင်​တစ်ပါး

၆၊ ၇။ ယောယဒ​အသက်ရှင်စဉ် ယောရှ​သည် မည်သို့သော​ရှင်ဘုရင်​ဖြစ်​ခဲ့​သနည်း။

ယောရှ​မင်း​သည် ကလေး​ဘဝတွင် အသက်ဘေး​မှ သီ​သီ​ကလေး​လွတ်​ခဲ့​သည်။ ယောရှ အသက်​ခု​နစ်​နှစ်​စေ့​သော် ယဇ်ပုရောဟိတ်မင်း ယောယဒ​သည် သူ့ကို​ဝှက်ထား​ရာ​မှ​ထုတ်ပြီး သတ္တိရှိရှိ​ဖြင့် မင်းမြှောက်​လေ​၏။ ဘုရားသခင်​ကို​ကြောက်ရွံ့​သော ယောယဒ​သည် ယောရှ​၏​ဖခင်​နှင့် အကြံပေး​သူ​သဖွယ် ဖြစ်​ခဲ့​သောကြောင့် ဘုရင်ငယ်​သည် “ယဇ်ပုရောဟိတ် ယောယဒ​လက်ထက်​ကာလပတ်လုံး . . . ထာဝရ​ဘုရား​ရှေ့တော်၌ တရားသော​အမှုကိုပြု​၏။”—၂ ရာဇဝင်ချုပ် ၂၂:၁၀–၂၃:၁၊၁၁; ၂၄:၁၊ ၂

ယောရှ​၏​ကောင်းမှု​များ​တွင် ‘ယောရှ​အလွန်​စိတ်ပါ​ဝင်စား​သော’ ယေဟောဝါ​၏​ဝတ်ပြုရာ​အိမ်တော်ကို ပြုပြင်​မွမ်းမံခြင်း​ပါဝင်​သည်။ ပြုပြင်ရေး​လုပ်ငန်း​အတွက် ထောက်ပံ့​ငွေ​ရှိ​ရန်၊ “မောရှေ . . . ပြု​သည်​နည်းတူ” ယုဒပြည်​နှင့် ယေရုရှလင်​မြို့မှ ဗိမာန်တော်​အခွန်ကောက်​ဖို့ ယဇ်ပုရောဟိတ်မင်း​ယောယဒ​ကို သူ​သတိပေး​ခဲ့​သည်။ ထို​ဘုရင်ငယ်​အား ဘုရားသခင်​၏​ပညတ်တော်​ကို လေ့လာ​၍ နာခံ​ရန် ယောယဒ​တိုက်တွန်း​ခဲ့​ခြင်း​သည် အောင်မြင်​ပုံ​ရသည်။ ယင်းကြောင့် ဝတ်ပြုရာ​အိမ်တော်​နှင့် အိမ်တော်​တန်ဆာ​များ​ကို ပြုပြင်ခြင်း​လုပ်ငန်း အလျင်အမြန်​ပြီးစီး​သွားခဲ့သည်။—၂ ရာဇဝင်ချုပ် ၂၄:၄၊ ၆၊ ၁၃၊ ၁၄; တရားဟောရာ ၁၇:၁၈

၈။ (က) ယောရှ​၏​ဝိညာဉ်​ရေး ကျရှုံး​ခဲ့​ရသည့် အဓိက​အကြောင်း​ကား အဘယ်နည်း။ (ခ) ရှင်ဘုရင်​၏​မနာခံမှုက နောက်ဆုံး​တွင် သူ့ကို အဘယ်အရာ​ပြု​စေ​ခဲ့​သနည်း။

ဝမ်းနည်းစရာမှာ၊ ယောရှ​သည် ယေဟောဝါ​ကို အဆုံးတိုင် နာခံမှု​မပြ​ခဲ့​ပါ။ အဘယ်ကြောင့်​နည်း။ ကျမ်းစာ​က ဤသို့​ပြောပြ​သည်– “ယောယဒ​သေ​သော​နောက် ယုဒ​မင်းတို့​သည် ရှင်ဘုရင်​ထံ​တော်​သို့​လာ၍ ရှိခိုး [“ဦးညွှတ်၊” က​ဘ] ကြ​၏။ သူတို့​စကား​ကို ရှင်ဘုရင်​နားထောင်​သဖြင့်၊ သူတို့သည် ဘိုးဘေး​တို့၏​ဘုရားသခင် ထာဝရ​ဘုရား​၏​အိမ်တော်ကို​စွန့်​၍ အာရှရပင်​နှင့် ရုပ်[ပုံ]တို့ကို​ဝတ်ပြု​ကြ​၏။ ထို​အပြစ်​ကြောင့် အမျက်တော်​သည် ယုဒပြည်​နှင့် ယေရုရှလင်​မြို့​အပေါ်မှာ သက်ရောက်​လေ​၏။” ယုဒ​မင်း​ညီ​မင်းသား​တို့၏ မကောင်းသော​သြဇာလွှမ်း​မှု​ကြောင့်​လည်း ရှင်ဘုရင်​သည် ဘုရားသခင့်​ပရောဖက်​များ​ကို နားမထောင်​ခဲ့​ချေ၊ ထို​ပရောဖက်​တစ်ဦး​မှာ ယောရှ​နှင့် လူများ​တို့၏​မနာခံမှု​ကို သတ္တိရှိရှိ​ဖော်ထုတ်​၍ ပြစ်တင်​ဆုံးမ​ခဲ့​သူ၊ ယောယဒ​၏​သား​ဇာခရိ​ဖြစ်သည်။ ယောရှ​သည် နောင်တ​ယူ​မည့်​အစား ဇာခရိ​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​စေ​ခဲ့​သည်။ ယောရှ​သည် အမှန်ပင်​ရက်စက်​၍ နာခံမှု​မရှိသူ​တစ်ဦး ဖြစ်လာ​ခဲ့​သည်—ယင်း​သို့​ဖြစ်လာ​ရခြင်း​မှာ မကောင်းသော​အပေါင်းအသင်း​၏ ဩဇာ​လွှမ်း​မှု​ကို​ခံ​ခဲ့​သောကြောင့်​ပင်​တည်း!—၂ ရာဇဝင်ချုပ် ၂၄:၁၇-၂၂; ၁ ကောရိန္သု ၁၅:၃၃

၉။ ယောရှ​နှင့် မင်း​ညီ​မင်းသားများ​၏ နောက်ဆုံး​ဖြစ်အင်​က မနာခံခြင်း​၏​မိုက်မဲမှု​ကို မည်သို့​အလေးပေး​ဖော်ပြ​သနည်း။

ယေဟောဝါ​အား​စွန့်ပယ်​ခဲ့​ကြ​ရာ ယောရှ​နှင့် သူ၏​ဆိုးသွမ်း​သော​အပေါင်းအဖော် မင်း​ညီ​မင်းသား​တို့ မည်သို့​ဖြစ်သွား​ကြ​သနည်း။ “နည်းသော . . . အလုံးအရင်း” မျှ​သာ​ရှိသော ရှုရိ​စစ်တပ်​သည် ယုဒပြည်​ကို ဝင်ရောက်​တိုက်ခိုက်​ပြီး “မှူးမတ်​အရာရှိ​အပေါင်း​တို့ကို သုတ်သင်​ပယ်ရှင်း” လေ​၏။ ဝင်ရောက်​ကျူးကျော်သူ​တို့​က ရှင်ဘုရင်​၏​ပိုင်ဆိုင်ရာ​များ​သာမက သန့်ရှင်း​ရာ​ဌာန​မှ ရွှေ၊ ငွေ​ကို​ပါ ပေးအပ်​ရန် အနိုင်အထက်ပြု​ကြ​လေ​သည်။ ယောရှ​သည် အသက်ချမ်းသာ​ရာ​ရ​သော်လည်း အားနည်း​လာပြီး အနာ​ရောဂါစွဲ​ခဲ့​၏။ ထို့နောက် များ​မကြာမီ သူ၏​ကျွန်​တို့သည် သင်း​ဖွဲ့​၍ သူ့ကို​လုပ်ကြံ​ကြ​၏။ (၂ ရာဇဝင်ချုပ် ၂၄:၂၃-၂၅; ၄ ဓမ္မ​ရာဇဝင် ၁၂:၁၇၊ ၁၈) ဣသရေလ​လူမျိုး​ကို ယေဟောဝါ​မိန့်တော်မူ​ခဲ့​သော ဤ​စကား​များ မှန်​လိုက်​လေ​ခြင်း– “သင်၏​ဘုရားသခင်​ထာဝရ​ဘုရား စီရင်ထုံး​ဖွဲ့​တော်​မူ​ချက်​အလုံးစုံ​တို့ကို ကျင့်​စောင့်​ခြင်း​ငှာ စကားတော်​ကို​နားမထောင်​လျှင် သင့်​အပေါ်မှာ [ကျိန်ခြင်း​အမင်္ဂလာ​များ] သက်ရောက်​လတ္တံ့။”—တရားဟောရာ ၂၈:၁၅

နာခံမှု​ကြောင့် အသက်ချမ်းသာ​ရသော အတွင်းရေးမှူး

၁၀၊ ၁၁။ (က) ဗာရုတ်​အား ယေဟောဝါ​ပေး​ခဲ့​သော ဆုံးမ​စကား​ကို ပြန်​သုံးသပ်ခြင်း​သည် အဘယ်ကြောင့်​အထောက်အကူ​ဖြစ်သနည်း။ (ခ) ယေဟောဝါ​သည် ဗာရုတ်​ကို မည်သို့​ဆုံးမ​ခဲ့​သနည်း။

၁၀ ခရစ်ယာန်​ဓမ္မ​အမှုဆောင်ရာတွင် သတင်းကောင်းကို​စိတ်မဝင်စား​သူ များသော​ကြောင့် တစ်ခါတစ်ရံ သင်​စိတ်ပျက်​အားလျော့​ပါသလော။ ချမ်းသာ​ကြွယ်ဝသူ​နှင့် သူတို့၏​ဇိမ်ကျ​သော​ဘဝ​ပုံစံ​ကို တစ်ခါတစ်ရံ အနည်းငယ်​မနာလို​ဖြစ်သလော။ ထိုသို့​ဖြစ်​မည်​ဆိုလျှင် ယေရမိ​၏​အတွင်းရေးမှူး​ဗာရုတ်​နှင့် သူ့​အား ယေဟောဝါ​ပေး​ခဲ့​သော မေတ္တာပါ​သည့်​အကြံပေး​ချက်​ကို ပြန်လည်​သုံးသပ်ကြည့်​ပါ။

၁၁ ပရောဖက်ပြု​သတင်း​တစ်ရပ်​ကို ဗာရုတ်​ရေးမှတ်​နေချိန်​တွင် ဗာရုတ်​ကို ယေဟောဝါ အာရုံစိုက်​ဖို့ အကြောင်း​ပေါ်​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ဗာရုတ်​သည် သူ့​ဘဝ​အခြေအနေ​ကို​သူ ညည်းတွား​၍ ဘုရားသခင့်​အမှုတော်ထမ်း​ရသည့်​အခွင့်ထူး​ထက် သာ၍​ကောင်းမွန်​ရာ​ကို လိုချင်​တောင့်တ​စ ပြု​လာသော​ကြောင့်​ဖြစ်သည်။ ယေဟောဝါ​သည် ဗာရုတ်​၏​သဘော ပြောင်းလဲ​သွား​ကြောင်း သတိပြုမိ​သောအခါ ဤ​ရှင်းလင်း​ပြတ်သား​ပြီး ကြင်နာ​သည့်​အကြံပေး​ချက်​ကို သူ့​အား ပေး​ခဲ့​သည်– “သင်သည် ကြီးစွာ​သော​အရာ​တို့ကို ကိုယ်​အဖို့​ရှာ​သလော။ မ​ရှာ​နှင့်။ အကြောင်း​မူ​ကား ငါသည် ခပ်သိမ်း​သော​သတ္တဝါ​တို့​အပေါ်​သို့ ဘေးရောက်​စေမည်။ သို့ရာတွင် သင်​ရောက်​လေ​ရာ​ရာ​အရပ်​တို့​၌ သင်၏​အသက်ကို လက်ရဥစ္စာ​ကဲ့သို့ သင့်​အား​ငါ​ပေး​မည်။”—ယေရမိ ၃၆:၄; ၄၅:၅

၁၂။ လက်ရှိ​အစီအစဉ်​စနစ်​တွင် ကျွန်ုပ်​တို့​အဖို့ “ကြီးစွာ​သော​အရာ​တို့” ရှာဖွေခြင်း​ကို အဘယ်ကြောင့်​ရှောင်သင့်​သနည်း။

၁၂ ယေရမိ​နှင့်အတူ တည်ကြည်​စွာ၊ သတ္တိ​ရှိ​စွာ​အမှုထမ်းခဲ့​သူ၊ လူကောင်း​ဗာရုတ်​အတွက် ယေဟောဝါ စိုးရိမ်မကင်း​ဖြစ်​ကြောင်း သင်​သတိပြုမိ​ပါသလော။ အလားတူ၊ ယနေ့လည်း ဤ​အစီအစဉ်​စနစ်​၌ စီးပွားရေး​အကွက်​ကောင်း​သည်​ဟု မိမိတို့​ယူမှတ်​ရာ​နောက်လိုက်​ရန် သွေးဆောင်​ခံရ​သူတို့​အတွက် ယေဟောဝါ​အလွန်​စိုးရိမ်​တော်​မူ​၏။ ထို​သူ​အများစု​သည် ဗာရုတ်​ကဲ့သို့​ပင် တာဝန်​ရှိ ဝိညာဉ်​ရေး​ညီအစ်ကို​များ​၏ မေတ္တာပါ​သော​တည့်မတ်​ပေး​မှု​ကို တုံ့ပြန်​ခဲ့​ကြ​ခြင်း​သည် ဝမ်းသာစရာ​ပင်။ (လုကာ ၁၅:၄-၇) ဤ​အစီအစဉ်​စနစ်​တွင် မိမိတို့​အဖို့ “ကြီးစွာ​သော​အရာ​တို့” ကို​ရှာဖွေသူ​များ​အတွက် အနာဂတ်​မရှိကြောင်း ကျွန်ုပ်​တို့အားလုံး ပိုင်းခြား​သိမြင်ကြပါ​စို့။ ထိုသို့​သော​သူများ​သည် စစ်မှန်သော​ပျော်ရွှင်မှု​ကို ရှာမတွေ့​ကြ​ရုံ​မ​က အဆိုးဆုံး​မှာ ဤ​လောက​နှင့် ၎င်း​၏​အတ္တ​သဘော​တို့​နှင့်အတူ သူတို့​မကြာမီ ရွေ့သွား​ကွယ်ပျောက်​တော့​မည်။—မဿဲ ၆:၁၉၊ ၂၀; ၁ ယောဟန် ၂:၁၅-၁၇

၁၃။ ဗာရုတ်​၏​အကြောင်း​သည် နှိမ့်ချမှု​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ကို အဘယ်​သင်ခန်းစာပေး​သနည်း။

၁၃ ဗာရုတ်​၏​အကြောင်း​က ကျွန်ုပ်​တို့ကို နှိမ့်ချဖို့​လည်း သင်ခန်းစာပေး​သည်။ ယေဟောဝါ​သည် ဗာရုတ်​အား တိုက်ရိုက်​မဆုံးမ​ဘဲ၊ ယေရမိ​၏​မစုံလင်မှု​များနှင့် ဆန်းပြား​သော​အမူအကျင့်များ​ကို ကောင်းစွာ​သိနိုင်​ဖွယ်​ဖြစ်သူ ဗာရုတ်​ကို ယေရမိ​မှ​တစ်ဆင့်​ဆုံးမ​ခဲ့​ကြောင်း သတိပြုပါ။ (ယေရမိ ၄၅:၁၊ ၂) သို့​တိုင် ဗာရုတ်​သည် မာန်​မာနကြီး​စွာ မပြုမူ​ခဲ့​ပါ; တကယ်​ဆုံးမချက်​၏​အရင်းအမြစ်​မှာ ယေဟောဝါ​ဖြစ်​ကြောင်း နှိမ့်ချစွာ သူသိ​မြင်​နားလည်ခဲ့​သည်။ (၂ ရာဇဝင်ချုပ် ၂၆:၃၊ ၄၊ ၁၆; သု. ၁၈:၁၂; ၁၉:၂၀) ထို့​ကြောင့် ကျွန်ုပ်​တို့သည် ‘သတိလစ်၍ တစ်စုံတစ်ခု​သောမ​ကောင်းမှု​ကို​ပြု​မိ’ ပြီး သမ္မာကျမ်းစာ​မှ လိုအပ်သော​ဆုံးမ​စကား​ကို​ရရှိပါ​က ဗာရုတ်​၏​ရင့်ကျက်မှု၊ ဝိညာဉ်​ရေး​ပိုင်းခြား​သိမြင်မှု​နှင့် နှိမ့်ချမှု​တို့ကို အတုယူ​ကြ​စို့။—ဂလာတိ ၆:၁

၁၄။ ကျွန်ုပ်​တို့ကို ဦးဆောင်​နေကြ​သူများ​အား နာခံမှု​သည် ကျွန်ုပ်​တို့အတွက် အဘယ်ကြောင့်​အကျိုးရှိ​သနည်း။

၁၄ ကျွန်ုပ်​တို့​ဘက်​မှ ဤသို့​နှိမ့်ချမှု​တင်ပြခြင်း​သည် ဆုံးမ​ပေး​ရသူ​အတွက်​လည်း အကူအညီ​ဖြစ်သည်။ ဟေဗြဲ ၁၃:၁၇ က​ဤသို့​ဆို​၏– “သင်တို့ကို​အုပ်​သော​သူတို့၏​စကား​ကို နားထောင်​၍ နှိမ့်ချလျက်​နေကြ​လော့၊ သူတို့သည် ကိုယ်တိုင်​စစ်ကြော​ခြင်း​ကို​ခံရ​သော​သူ​ကဲ့သို့၊ သင်တို့​စိတ်​ဝိညာဉ်​၏​အကျိုး​အ​လို့​ငှာ စောင့်နေ​ကြ​၏။ သင်တို့​အကျိုးကို​မဖြစ်စေ​တတ်သော ဝမ်းနည်းခြင်း​မရှိ၊ ဝမ်းမြောက်ခြင်း​ရှိ၍၊ သူတို့သည် စစ်ကြော​ခြင်း​ကို​ခံရ​မည်​အကြောင်း သတိပြု​လျက်​နေကြ​လော့။” အကြီးအကဲ​များသည် သိုးထိန်း​လုပ်ငန်း​၏ ဤ​ခက်ခဲ​သော​တာဝန်​ကို ကျေပွန်​စွာ​ဆောင်ရွက်​နိုင်​ဖို့ လိုအပ်သော​သတ္တိ၊ ဉာဏ်ပညာ​နှင့် လိမ္မာပါးနပ်မှု​ပေး​ပါ​ရန် ယေဟောဝါ​ထံ ကြိမ်ဖန်​များစွာ လှိုက်လှိုက်လှဲလှဲ​ဆုတောင်း​ခဲ့​ကြ​ပေ​ပြီ! ကျွန်ုပ်​တို့သည် “ထိုသို့​သော​သူတို့ကို သိမှတ်​ကြ” ပါ​စို့။—၁ ကောရိန္သု ၁၆:၁၈သမ္မာ။

၁၅။ (က) ယေရမိ​သည် ဗာရုတ်​ကို​ယုံကြည်​စိတ်ချကြောင်း မည်သို့​တင်ပြ​ခဲ့​သနည်း။ (ခ) ဗာရုတ်​သည် နှိမ့်ချစွာ​နာခံမှု​ပြ​ခဲ့​သည့်​အတွက် မည်သို့​ဆုချ​ခံ​ခဲ့​ရသနည်း။

၁၅ ဗာရုတ်​သည် သူ၏​အတွေးအခေါ်ကို ပြုပြင်​ပြောင်းလဲ​ခဲ့​ကြောင်း​ထင်ရှား​သည်၊ အကြောင်း​မှာ သူကိုယ်တိုင်​ရေးချ​ရသော ယေရမိ​မြွက်ဆို​သည့် တရား​စီရင်ခြင်း​သတင်းကို ဝတ်ပြုရာ​အိမ်​၌ အသံ​ကျယ်ကျယ်​ဖြင့် သူကိုယ်တိုင်​ဖတ်ပြ​ရမည့် အခက်ခဲဆုံး​တာဝန်​နောက်တစ်ခု​ကို ယေရမိ​ပေး​ခဲ့​သည်။ ဗာရုတ်​နာခံ​ခဲ့​သလော။ နာခံ​ခဲ့​ပါ​သည်၊ သူသည် “ပရောဖက်​ယေရမိ​မှာ​ထား​သမျှ​အတိုင်း . . . ပြု” ခဲ့​သည်။ အမှန်​မှာ ထို​သတင်းကို ယေရုရှလင်​မြို့ရှိ မင်း​ညီ​မင်းသားများ​ရှေ့၌​ပင် သူ​ဖတ်ပြ​ခဲ့​ရာ သို့​ပြု​ရန် ရဲစွမ်းသတ္တိ​အတော်အတန်​လို​ခဲ့​မည်​မှာ သေချာ​သည်။ (ယေရမိ ၃၆:၁-၆၊ ၈၊ ၁၄၊ ၁၅) နောင် ၁၈ နှစ်​လွန်ပြီး​နောက် ဗာဗုလုန်​လက်​သို့ မြို့တော်​ကျရှုံး​သွားသော​အခါ ယေဟောဝါ​၏​သတိပေး​ချက်​ကို သူ​နာခံ​၍ “ကြီးစွာ​သော​အရာ​တို့” ကို​မ​ရှာဖွေ​တော့​သည့်​အတွက် အသက်ချမ်းသာ​ရာ​ရခဲ့​သောကြောင့် ဗာရုတ်  မည်မျှ​ကျေးဇူး​တင်​လိုက်​မည်​ဖြစ်​ခြင်း!—ယေရမိ ၃၉:၁၊ ၂၊ ၁၁၊ ၁၂; ၄၃:၆

ဝိုင်းရံ​ခံရ​ချိန်​တွင် နာခံမှု​ပြ​ခြင်း​က အသက်ချမ်းသာ​ရစေ​ခဲ့

၁၆။ ဘီ.စီ.အီး. ၆၀၇ ခု​တွင် ဗာဗုလုန်​တို့၏​ဝိုင်းရံ​ပိတ်ဆို့​မှု​ခံရ​ချိန်​တွင် ယေရုရှလင်​မြို့ရှိ​ဂျူး​များ​အား ယေဟောဝါ​မည်သို့​ထောက်ထား​စာနာမှု​ပြ​ခဲ့​သနည်း။

၁၆ ဘီ.စီ.အီး. ၆၀၇ ခုနှစ်​တွင် ယေရုရှလင်​မြို့​ဆုံးခန်းတိုင်​သောအခါ နာခံမှု​ရှိသူတို့​ကို ဘုရားသခင် တစ်ဖန် ထောက်ထား​စာနာ​ကြောင်း ထင်ရှား​ပြန်​သည်။ ဝိုင်းရံ​ပိတ်ဆို့​မှု အပြင်းထန်ဆုံး​အချိန်တွင် ဂျူး​များ​ကို ယေဟောဝါ​ဤသို့​မိန့်ဆိုခဲ့သည်– “အသက်ရှင်​ရာ​လမ်း၊ သေ​ရာ​လမ်း​တို့ကို သင်တို့​ရှေ့မှာ​ငါ​ဖွင့်​ထား​၏။ ဤ​မြို့ထဲမှာ​နေသော​သူသည် ဓား​ဘေး၊ မွတ်သိပ်ခြင်း​ဘေး၊ နာ​ခြင်း​ဘေး​ဖြင့် သေ​လိမ့်​မည်။ မြို့ပြင်​သို့​ထွက်၍ မြို့ပြင်မှာ​တပ်​စွဲ​လျက်​နေသော ခါလဒဲ​လူ​တို့​ဘက်​သို့ ဝင်စား​သော​သူသည် အသက်ချမ်းသာ​၍ လုယူ​သော​ဥစ္စာ​ကဲ့သို့ ကိုယ်​အသက်ကို​ရ​လိမ့်​မည်။” (ယေရမိ ၂၁:၈၊ ၉) ယေရုရှလင်​မြို့သူ​မြို့သား​များသည် ဖျက်ဆီး​ခံထိုက်​သော်လည်း အထူး​အရေးကြုံ​နေသော၊ ထို​နောက်ဆုံး​အချိန်၌​ပင် မိမိ​အား​နာခံ​သူများကို ယေဟောဝါ​သည် ထောက်ထား​စာနာမှု​ပြ​ခဲ့​သည်။ *

၁၇။ (က) “ခါလဒဲ​လူ​တို့​ဘက်​သို့​ကူးသွား” ရန် ဝိုင်းရံ​ပိတ်ဆို့​ခံရ​သော​ဂျူး​များ​ကို​ပြော​ဖို့ ယေရမိကို ယေဟောဝါ​ညွှန်ကြား​သောအခါ အဘယ်နည်း​နှစ်နည်း​ဖြင့် သူ၏​နာခံမှု စမ်းသပ်ခံ​ခဲ့​ရသနည်း။ (ခ) ရဲစွမ်းသတ္တိ​ရှိ​ရှိ နာခံမှု​ပြ​ခဲ့​သော ယေရမိ​၏​ပုံသက်သေ​မှ ကျွန်ုပ်​တို့​အဘယ်​အကျိုး​ရရှိနိုင်​သနည်း။

၁၇ လက်နက်​ချ​အညံ့​ခံရန် ဂျူး​များ​ကို​ပြော​ခြင်း​သည် ယေရမိ​၏​နာခံမှု​ကို​ပါ စမ်းသပ်မှု​ဖြစ်​ခဲ့​မည်​မှာ သေချာ​သည်။ အကြောင်းရင်း​တစ်ခု​မှာ သူသည် ဘုရားသခင့်​နာမတော်​အတွက် စိတ်အား​ထက်သန်​သူ​တစ်ဦး​ဖြစ်သည်။ မိမိတို့​အောင်ပွဲ​သည် သက်မဲ့​ရုပ်ပုံများ​ကြောင့်​ဟု မှတ်ယူ​ကြ​မည့် ရန်သူများ​အားဖြင့် ဘုရားသခင့်​နာမတော် ရှုတ်ချ​ခံရ​မည်​ကို သူ​မလိုလား​ခဲ့​ချေ။ (ယေရမိ ၅၀:၂၊ ၁၁; မြည်တမ်းစကား ၂:၁၆) ထို့​အပြင်၊ အညံ့​ခံ​အရှုံးပေး​ရန် ပြော​ရာ​တွင် မိမိ၏​စကား​ကို ပုန်ကန်​ရန်​လှုံ့ဆော်​သည့်​စကား​အဖြစ် အများ​က အဓိပ္ပာယ်​ကောက်ကြ​မည်​ဖြစ်​ရာ မိမိ​အသက်​အန္တရာယ်​တွေ့​နိုင်​ကြောင်း ယေရမိ​သိထား​သည်။ သို့သော် ကြောက်ရွံ့​တွန့်ဆုတ်​ခြင်း​မရှိဘဲ ယေဟောဝါ​၏ကြေညာ​ချက်​များ​ကို နာခံမှု​ရှိ​ရှိ ယေရမိ​ပြောကြား​ခဲ့​သည်။ (ယေရမိ ၃၈:၄၊ ၁၇၊ ၁၈) ယေရမိ​ကဲ့သို့​ပင် ကျွန်ုပ်​တို့​လည်း လူ​တို့​မကြိုက်​သော​သတင်းစကားကို ပြောကြား​ကြသည်။ အဆိုပါ​သတင်း​စကား​ကြောင့်​ပင် ယေရှုလည်း မထီမဲ့မြင်​ပြု​ခံ​ခဲ့​ရသည်။ (ဟေရှာယ ၅၃:၃; မဿဲ ၂၄:၉) ထို့​ကြောင့် “လူကို​ကြောက်ရွံ့​ခြင်း” မရှိဘဲ ယေရမိ​ကဲ့သို့ ယေဟောဝါ​၌ အကြွင်းမဲ့ယုံ​ကြည်​ကိုးစား​လျက် ကိုယ်တော်​အား ရဲစွမ်းသတ္တိ​ရှိ​ရှိ နာခံ​ကြပါစို့။—သု. ၂၉:၂၅

ဂေါဂ​၏​တိုက်ခိုက်မှု​ခံရ​ချိန်​တွင် နာခံမှု​တင်ပြခြင်း

၁၈။ ယေဟောဝါ​၏​ကျေးကျွန်​များသည် အနာဂတ်​တွင် နာခံမှု​နှင့်​ပတ်သက်​၍ အဘယ်​စမ်းသပ်မှု​များ​ကို​ခံ​ကြ​ရမည်​နည်း။

၁၈ မကြာမီ၊ စာတန်​၏​စနစ်ဆိုး​တစ်ခုလုံး​သည် မကြုံစဖူး​သော ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ တွင် ဖျက်ဆီး​ခံရ​ပါ​လိမ့်​မည်။ (မဿဲ ၂၄:၂၁) ထို​အချိန်​မတိုင်မီ​နှင့် ထို​အချိန်​အတောအတွင်း ဘုရားသခင့်​လူမျိုးတော်​၏ ယုံကြည်ခြင်း​နှင့် နာခံမှု​သည် အကြီးအကျယ်​စမ်းသပ်ခံ​ရမည်​ဖြစ်သည်။ ဥပမာ၊ စာတန်​သည် “မာဂေါဂ​ပြည်သား ဂေါဂ​မင်း” အဖြစ် “အား​ကြီးသော​စစ်သူရဲ​အပေါင်း​တို့​နှင့် . . . ပြည်​ကို​မိုးအုံ့​သကဲ့သို့” အင်အားစု​ရုံး​ကာ ယေဟောဝါ​၏​ကျေးကျွန်​များ​ကို မီးကုန်ယမ်းကုန်​တိုက်ခိုက်​လိမ့်​မည်​ဟု သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ (ယေဇကျေလ ၃၈:၂၊ ၁၄-၁၆) ထို​အခါ ဘုရားသခင့်​လူမျိုးတော်သည် ရန်သူ​တို့​ထက်​အရေအတွက်​နည်း​ပြီး လက်နက်​မဲ့​သူများ​ဖြစ်​ကြ​ရာ နာခံမှု​ရှိသူ​များ​ကို​ကာကွယ်​ပေး​ရန် ယေဟောဝါ​ဆန့်​ထုတ်​ထားသော “အတောင်​တော်​အမွေး” အောက်​၌ ခိုလှုံ​ကြ​ပါ​လိမ့်​မည်။

၁၉၊ ၂၀။ (က) ဣသရေလ​လူမျိုး​သည် ပင်လယ်နီ​အရပ်​တွင်​ရှိ​စဉ် နာခံမှု​ရှိဖို့ အဘယ်ကြောင့်​အလွန်​အရေးပါ​ခဲ့​သနည်း။ (ခ) ပင်လယ်နီ​၌​အဖြစ်အပျက်​ကို ဆုတောင်း၍​ဆင်ခြင်​သုံးသပ်ခြင်း​သည် ယနေ့ ကျွန်ုပ်​တို့ကို မည်သို့​အကျိုးပြု​နိုင်​သနည်း။

၁၉ ဤ​အခြေအနေ​က အီဂျစ်​ပြည်​မှ ဣသရေလ​လူမျိုး​ထွက်​လာ​ခဲ့​ချိန်​ကို ပြန်သတိရ​စေ​သည်။ ယေဟောဝါ​သည် အီဂျစ်​ပြည်​အပေါ် သိမ်း​ရုံး​ပျက်စီး​စေသော ကပ်ဘေး​ဆယ်ပါး ကျရောက်​စေပြီး​နောက် မိမိ၏​လူမျိုးတော်ကို ကတိထားရာပြည်​သို့ အတိုဆုံး​လမ်းဖြင့်​မဟုတ်ဘဲ၊ အလွယ်တကူ​ချောင်ပိတ်​မိ​ပြီး တိုက်ခိုက်​ခံရ​နိုင်သော ပင်လယ်နီ​သို့ ဦးဆောင်​ခေါ်သွား​ခဲ့​သည်။ စစ်ရေး​ရှုထောင့်​မှ​ကြည့်​လျှင် ယင်းသည် ဘေးသင့်​မည့်​ချီတက်မှု​ဖြစ်​ဟန်​တူ​သည်။ ထို​အချိန်​အခါ​တွင် သင်​ရှိခဲ့​မည်​ဆိုလျှင် မောရှေ​မှ​တစ်ဆင့်​လာသော ယေဟောဝါ​၏​စကား​ကို သင်​နာခံ​မည်​လော၊ ကတိထားရာပြည်​သည် အခြား​တစ်​နေရာ​ရာ​၌​ရှိကြောင်း သင်​သိထား​လျက် ယုံကြည်​စိတ်ချမှု​ဖြင့် ပင်လယ်နီ​ထဲ​သို့ ချီတက်​သွား​မည်​လော။—ထွက်မြောက်ရာ ၁၄:၁-၄

၂၀ ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၄ ကို ကျွန်ုပ်​တို့​ဆက်​ဖတ်​သည့်​အခါ ယေဟောဝါ​သည် စိုးရွံ့​ထိတ်လန့်ဖွယ်​ကောင်းစွာ တန်ခိုးတော်​ပြပြီး မိမိ၏​လူမျိုးတော်ကို ကယ်လွှတ်​ခဲ့​ကြောင်း​သိရှိ​ရသည်။ ဤသို့​သော​အဖြစ်အပျက်​များ​ကို အချိန်​ယူ​ဖတ်ရှု​လေ့လာ​ပြီး ဆင်ခြင်​တွေးတော​သည့်​အခါ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း ပိုမို​ခိုင်ခံ့​လာ​ပါ​သည်! (၂ ပေတရု ၂:၉) ခိုင်ခံ့​သော​ယုံကြည်ခြင်းက တစ်ဖန် ယေဟောဝါ​၏​စကား​ကို​နာခံ​ရန် ခွန်အား​ပေး​သည်၊ ကိုယ်တော်​၏​တောင်းဆိုချက်​များသည် လူ့​အတွေးအခေါ်​နှင့် ဆန့်ကျင်​ပုံ​ရသည့်​အခါ​တွင်​ပင် နာခံမှု​ရှိစေသည်။ (သု. ၃:၅၊ ၆) ထို့​ကြောင့် မိမိကိုယ်ကို ဤသို့​မေးကြည့်ပါ– ‘ဝီရိယ​ရှိ​ရှိ ကျမ်းစာ​လေ့လာခြင်း၊ ဆုတောင်းခြင်း၊ ဆင်ခြင်​တွေးတောခြင်း​တို့ကို​ပြု​သည့်​အပြင် ဘုရားသခင့်​လူမျိုးတော်​နှင့် မှန်မှန်​ပေါင်းသင်း​ခြင်း​အားဖြင့် မိမိ​ယုံကြည်ခြင်းကို​တိုးပွား​စေဖို့ ကျွန်ုပ်​ကြိုးစား​နေ​သလော။’—ဟေဗြဲ ၁၀:၂၄၊ ၂၅; ၁၂:၁-၃

နာခံမှု​က မျှော်လင့်ချက်​ရှိစေ

၂၁။ ယေဟောဝါ​အား နာခံ​သူများ​သည် လောလောဆယ်​နှင့် အနာဂတ်​တွင် အဘယ်​အကျိုးကျေးဇူးများ ခံစား​ကြ​ရမည်​နည်း။

၂၁ ယေဟောဝါ​အား နာခံမှု​ရှိ​ခြင်း​ကို မိမိတို့​ဘဝ​လမ်းစဉ်​ဖြစ်စေ​သူများ​သည် နယပုံပြင် ၁:၃၃ ပါ​ဤ​စကား​များ​ပြည့်စုံခြင်း​ကို ယခု​ပင်​ခံစားရ​ကြသည်– “ငါ့​စကား​ကို [နာခံမှု​ရှိ​စွာ] နားထောင်​သော​သူ​မူ​ကား လုံခြုံစွာ​နေ၍ ဘေး​ကို​မကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်။” ဤ​နှစ်သိမ့်​ဖွယ်​စကား​များသည် ရောက်လာ​တော့​မည့် ယေဟောဝါ​အပြစ်စီရင်​ရာ​နေ့​အတွင်း အမှန်ပင်​သက်ဆိုင်​ပါ​လိမ့်​မည်! တပည့်​များ​အား ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “ထို​အမှုအရာ​တို့သည် ဖြစ်​စ​ရှိသော​အခါ၊ သင်တို့ကို​ရွေးနုတ်သော​အချိန်ကာလ ရောက်လု​နီးသည်ကို​ထောက်​သဖြင့်၊ မျှော်ကြည့်၍ ခေါင်း​ကို​ကြွ​ကြလော့။” (လုကာ ၂၁:၂၈) ဘုရားသခင်​အား နာခံ​သူများ​သာ​လျှင် ဤ​စကား​ကို ယုံကြည်​စိတ်ချ​စွာ လိုက်နာ​ကြ​ပါ​လိမ့်​မည်။—မဿဲ ၇:၂၁

၂၂။ (က) ယေဟောဝါ​၏​လူမျိုးတော်သည် ယုံကြည်​စိတ်ချ​စ​ရာ အဘယ်​အကြောင်းရင်း​ရှိ​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း​များ​ကို ဆွေးနွေး​ကြ​မည်​နည်း။

၂၂ ယုံကြည်​စိတ်ချ​နိုင်​သည့် အကြောင်းရင်း​နောက်တစ်ခု​မှာ “အရှင်​ထာဝရ​ဘုရား​သည် မိမိ​ကျွန်​ပရောဖက်​တို့အား မဖော်ပြဘဲ အဘယ်​အမှုကို​မျှ​စီရင်​တော်​မ​မူ” ကြောင်း​ဖြစ်သည်။ (အာမုတ် ၃:၇) မျက်မှောက်ခေတ်တွင် ယေဟောဝါ​သည် အတိတ်​က​ကဲ့သို့ ပရောဖက်​များ​အား မှုတ်သွင်း​တော်​မ​မူ​ချေ; ယင်းအစား မိမိ၏​အိမ်သူအိမ်သား​များ​အား အချိန်တန်​ဝိညာဉ်​အစာ​ကျွေးမွေး​ဖို့ သစ္စာရှိ​ကျေးကျွန်​အတန်းအစား​ကို တာဝန်​ပေး​ထား​တော်​မူ​ပြီ။ (မဿဲ ၂၄:၄၅-၄၇) ထို့​ကြောင့် ထို “ကျွန်” အား နာခံမှု​ပြဖို့ အရေးကြီး​လှ​သည်​တကား! ထိုသို့​နာခံမှု​ရှိ​ခြင်း​သည် ‘ကျွန်​၏’ သခင်၊ ယေရှု​အပေါ် ကျွန်ုပ်​တို့၏​သဘောထားကို​ပါ ထင်ရှားစေ​ကြောင်း နောက်​ဆောင်းပါး​က ဖော်ပြ​ပါ​မည်။ “လူမျိုး​တို့၏​နာခံမှု​ကို . . . ပိုင်ဆိုင်” သူ​ကား ကိုယ်တော်​ပင်​ဖြစ်​သတည်း။—ကမ္ဘာဦး ၄၉:၁၀က​ဘ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 1 ကြောက်​တတ်သော​သတ္တဝါ​အဖြစ် ပုံဖော်​ခံ​ရလေ့​ရှိသော်လည်း “မိခင်​ကြက်မ​သည် မိမိ၏​ကြက်​ကလေး​များ​ကို ဘေးအန္တရာယ်​မှ ကာကွယ်​ပေးဖို့ သေ​သည့်​တိုင် ခုခံ​တိုက်ခိုက်​မည်​ဖြစ်သည်” ဟု တိရစ္ဆာန်​ကာကွယ်​ရေး​အဖွဲ့​တစ်ဖွဲ့​၏ စာပေ​တစ်စောင်​က​ဆို​သည်။

^ အပိုဒ်၊ 16 ခါလဒဲ​လူ​တို့​ဘက်​သို့ “ကူးသွား” ၍​အသက်​မသေ​သော်လည်း ပြည်နှင်ခံ​ခဲ့​ရသော ဂျူး​အချို့​ရှိကြောင်း ယေရမိ ၃၈:၁၉ က​ဖော်ပြ​သည်။ သူတို့သည် ယေရမိ​၏​စကား​ကို လက်ခံ​တုံ့ပြန်​သည့်​အနေ​နှင့် လက်နက်​ချ​အညံ့​ခံ​ခဲ့​ခြင်း​ဟုတ်၊ မဟုတ် ကျွန်ုပ်​တို့​မသိ​ရ​ပါ။ သို့သော် သူတို့​အသက်ချမ်းသာ​ရခြင်း​က ပရောဖက်​၏​စကား​များ မှန်ကန်ကြောင်း​ဖော်ပြ​သည်။

သင်​မှတ်မိ​သလော

• ဣသရေလ​လူမျိုး​သည် ထပ်ခါတလဲ မနာခံ​ခဲ့​သည့်​အတွက် အကျိုးဆက်​ကား အဘယ်နည်း။

• ယောရှ​မင်း​သည် မိမိ၏​အပေါင်းအသင်း​များ​ကြောင့် သူ​ငယ်ရွယ်စဉ်​နှင့် ဘဝ​နှောင်းပိုင်း​အပေါ် မည်သို့သော သက်ရောက်မှု​ရှိခဲ့​သနည်း။

• ဗာရုတ်​ထံ​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရနိုင်​သနည်း။

• လက်ရှိ​အစီအစဉ်​စနစ် ဆုံးခန်း​နီးလာသည်နှင့်​အမျှ ယေဟောဝါ​၏​နာခံမှု​ရှိသော​လူမျိုးတော်သည် အဘယ်ကြောင့် ကြောက်စရာ​အကြောင်း​မရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယောယဒ​၏​လမ်းညွှန်မှု​အောက်တွင် လူငယ်​ယောရှ​သည် ယေဟောဝါ​အား နာခံ​ခဲ့

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဘုရားသခင်​၏​ပရောဖက်​ကို​သတ်ပစ်​ရန် မကောင်းသော​အပေါင်းအသင်း​များ​က ယောရှ​ကို​သြဇာလွှမ်း​မိုး​ခဲ့

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အသင်​သည် ယေဟောဝါ​အား နာခံ​ပြီး ကိုယ်တော်​၏​စိုးရွံ့ဖွယ် ကယ်တင်ခြင်း​တန်ခိုးတော်​ကို မြင်တွေ့​သူ ဖြစ်​ခဲ့​မည်​လော